အခန်း ၁၅၈၇
Vol. 106 Ch. 1587
အပိုင်း ( 1587 ) ဧကရာဇ်အဆင့် အင်အားစုများနှင့် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်။
"ဧကရာဇ်အဆင့် အင်အားစုလား"
လုမင်၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့သည်။
ဧကရာဇ်အဆင့် အင်အားစုတစ်ခုတွင် ဧကရာဇ်ကြီးတစ်ပါးက ကြီးကြပ်ကွပ်ကဲသည်။ ၎င်းက စန်းပြည်နယ်ရှိ မည်သည့်ဂိုဏ်းများထက်မဆို ပိုအားကောင်း၏။ စန်းပြည်နယ်ရှိ ဂိုဏ်းများအားလုံး ပေါင်းစပ်ထားသည်ထက်ပင် ပို၍ အားကောင်းသေးသည်။
ကြီးမြတ်သော ဧကရာဇ်တစ်ပါးရှိခြင်းနှင့် မရှိမှာ လုံးဝ ကွဲပြားခြားနားသော အရာနှစ်ခု ဖြစ်သည်။
သို့သော်လည်း ယခင်က လုမင်ဖတ်ဖူးသော စာအုပ်များတွင် စန်းပြည်နယ်အကြောင်းကိုသာ မိတ်ဆက်ပေးခဲ့သည်။ စန်းပြည်နယ်ပြင်ပမှ သတင်းအချက်အလက်များက အနည်းငယ်သာ ရှိခဲ့လေသည်။
"ယွမ်လုတိုက်ကြီးက အရမ်း ကျယ်ပြောပြီး အကန့်အသတ်မရှိဘူး။ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတိုင်းက နယ်မြေကြီးတစ်ခုကို သိမ်းပိုက်ပြီး အင်အားတစ်ခုကို ထူထောင်နိုင်တယ်။ အဲဒီနယ်မြေက ပြည်နယ်တစ်ခုဖြစ်လာပြီး အဲဒီဧကရာဇ်ကြီးရဲ့ နာမည်အတိုင်းပဲ ခေါ်ဆိုလိမ့်မယ်"
"အခု ငါတို့သွားမဲ့ တိမ်ဧကရာဇ်တောင်ရဲ့ ဧကရာဇ်ကြီးကို ယွင်ဧကရာဇ်(တိမ်ဧကရာဇ်)လို့ ခေါ်တယ်။ အဲဒါကြောင့် ယွင်ဧကရာဇ်တည်ရှိရာနယ်မြေကို ယွင်ပြည်နယ်လို့ ခေါ်တာ၊ စန်းပြည်နယ်ကတော့ စန်းဧကရာဇ်ကနေ ဆင်းသက်လာခဲ့တာလေ။ နောက်ပိုင်း စန်းပြည်နယ်မှာ ဧကရာဇ်အသစ်တစ်ပါး မွေးဖွားလာတဲ့အခါ ပြည်နယ်ရဲ့ နာမည်ကို အသစ်ပြောင်းလိမ့်မယ်"
တိမ်နဂါးတောင်ကြားသခင်က ရှင်းပြလိုက်သည်။
"ဧကရာဇ်ကြီးတစ်ပါးက ပြည်နယ်တစ်ခုကို ထူထောင်နိုင်တာလား"
လုမင်လည်း ယင်းကို မတောင့်တမိဘဲ မနေနိုင်တော့ပေ။
စန်းပြည်နယ်က အလွန်ကျယ်ပြောသော်လည်း စန်းဧကရာဇ် သိမ်းပိုက်ထားသော နယ်မြေတစ်ခုသာ ဖြစ်သည်။
"ဆရာ၊ ယွမ်လုတိုက်ကြီးမှာ ပြည်နယ်ဘယ်လောက်တောင် ရှိလဲ"
လုမင် စိတ်ဝင်တစား မေးလိုက်သည်။
တိမ်နဂါးတောင်ကြားသခင်က ခေါင်းကိုခါယမ်းလိုက်၏။
"ယွမ်လုတိုက်ကြီးက အင်မတန်ကျယ်ပြောပြီး မရေမတွက်နိုင်တဲ့ ပြည်နယ်တွေ ရှိတယ်။ ငါလည်း အတိအကျ မသိဘူး"
"မရေမတွက်နိုင်တဲ့ ပြည်နယ်တွေလား"
လုမင် အံသြသွားမိသည်။
ပြည်နယ်တစ်ခုစီက ဧကရာဇ်တစ်ပါးကို ကိုယ်စားပြုသည်။ သို့ဖြစ်လျှင်၊ ယွမ်လုတိုက်ကြီးမှာ ဧကရာဇ်များက ထိုမျှများများ ရှိနေပါသလော။
"မင်အာ၊ ငါ့မှာ မြေပုံတစ်ခုရှိတယ်။ အဲဒါက စန်းပြည်နယ်နားက နယ်မြေတချို့ကို ဖော်ပြပေးထားတာ၊ လမ်းမှာ ကောင်းကောင်းကြည့်ထားပါ"
တိမ်နဂါးတောင်ကြားသခင်၏ လက်ထဲတွင် ကျောက်စိမ်းအဆောင်တစ်ခုပေါ်လာပြီး လုမင်ကို ပေးလိုက်သည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းပြီး လုမင်အား နဂါးနတ်ဘုရားတောင်ကြားအပြင်ဘက် ကောင်းကင်ယံသို့ ခေါ်ဆောင်သွား၏။ ထို့နောက်တွင် သူ့လက်ကို ထပ်မံဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံ၌ လွန်းပျံယာဉ်တစ်ခု ပေါ်လာတော့သည်။
ဤလွန်းပျံယဉ်က ခရမ်းရွေရောင် ဖြစ်သည်။ သူ့တွင် ချောမွေ့ပြီး လျှို့ဝှက်ဆန်းကျယ်သော အမှတ်အသား ကမ္ပည်းများ ရေးထွင်းထားပြီး အလွန်လှပလေသည်။
တစ်ချက်ကြည့်ရုံဖြင့် လုမင်၏ လွန်းပျံယဉ်ထက် များစွာသာလွန်ကြောင်း ပြောနိုင်သည်။
"မင်အာ၊ လာ... တက်ခဲ့"
တိမ်နဂါးတောင်ကြားသခင်က လွန်းပျံယဉ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ လုမင်လည်း နောက်မှ လိုက်သွားခဲ့လေသည်။
"ဝှစ်"
တိမ်နဂါးတောင်ကြားသခင်က လွန်းပျံယာဉ်ကို ထိန်းချုပ်လိုက်ရာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
'မြန်လိုက်တာ'
လုမင်က ကြည်လင်သော ဖန်သားပြင်ကို လှမ်းကြည့်လိုက်သည်။ သူတို့က တောင်တန်းများနှင့် မြစ်များကို မယုံနိုင်စရာ အရှိန်ဖြင့် မျက်စိတစ်မှိတ်အတွင်း ဖြတ်သွားကြ၏။ ၎င်းက သူ၏ ကောင်းကင်ခွင်းလွန်းပျံထက် အနည်းဆုံး အဆများစွာ ပိုမြန်သည်။
ယင်းက ထိပ်တန်းယဉ်တစ်ခုဖြစ်မည်မှာ သေချာလှပေသည်။
လုမင်လည်း တင်ပျဉ်ခွေထိုင်ရင်း ပတ်ဝန်းကျင်ကို ခဏမျှ ကြည့်နေခဲ့သည်။ ထို့နောက် တိမ်နဂါးတောင်ကြားသခင်ပေးထားသော ကျောက်စိမ်းအဆောင်ကို ထုတ်ယူလိုက်၏။
သူက ဝိညာဉ်အသိ ပို့လွှတ်လိုက်ရာ လုမင်၏စိတ်ထဲတွင် မြေပုံတစ်ခု ပေါ်လာတော့သည်။
ဤမြေပုံကို မတူညီသောဒေသများအဖြစ် ပိုင်းခြားထားပြီး ဒေသတစ်ခုစီက ကြီးမားသောပြည်နယ်တစ်ခု ဖြစ်သည်။ စုစုပေါင်း ပြည်နယ်ကြီး ဒါဇင်များစွာရှိပြီး ၎င်းတို့အားလုံးက စန်းပြည်နယ်အနီးရှိ ပြည်နယ်များပင်။
စန်းပြည်နယ်က မြေပုံ၏ အရှေ့တောင်ဘက်ရှိ အကန့်အသတ်မဲ့ပင်လယ်နှင့် နီးကပ်သည်။ တိမ်ဧကရာဇ်တောင် တည်ရှိရာ ယွင်ပြည်နယ်ကတော့ စန်းပြည်နယ်နှင့် နီးကပ်ပြီး၊ စန်းပြည်နယ်၏ အနောက်မြောက်ဘက်တွင် ရှိပေသည်။
'ဒါက... တိပြည်နယ်ရဲ့ တိမိသားစုပဲ'
ရုတ်တရက်၊ လုမင်၏ မျက်လုံးများက ကျဉ်းသွားသည်။
စန်းပြည်နယ်၏ မြောက်ဘက်တွင် တိပြည်နယ်ဟုခေါ်သော အခြားပြည်နယ်တစ်ခု ရှိခဲ့သည်။ တိပြည်နယ်က တိမိသားစု၏ ထိန်းချုပ်မှုအောက်တွင်ရှိကြောင်း ဖော်ပြထားပေသည်။
'ဒါက တိရီတို့ဖြစ်နိုင်မလား။ တိရှန်းရဲ့မိသားစု...၊ တိမိသားစုမှာ ဧကရာဇ်ကြီးတစ်ယောက် တကယ်ရှိနေတာပဲ'
လုမင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
'အရင်တုန်းက တိရှန်းဟာ ရှန်းရွှီတိုက်အဖွဲ့အစည်းမှာ ငါ့ကြောင့် ဒဏ်ရာရခဲ့တယ်။ သူက ဒီကိစ္စကို လွယ်လွယ်နဲ့ အလွတ်မပေးမှာ ကြောက်ရတယ်။ နောင်ဖြစ်လာမဲ့ ပြဿနာတွေကို တားဆီးဖို့ အနာဂတ်မှာ အခွင့်အရေးရှာပြီး သူ့ကို ဖယ်ရှားရလိမ့်မယ်'
လုမင်လည်း သူ့စိတ်ထဲမှ တွေးလိုက်သည်။
ထို့နောက် လုမင်က သူ့စိတ်ထဲမှ မြေပုံကို အသေအချာ မှတ်သားထားလိုက်လေသည်။
တိမ်နဂါးတောင်ကြားသခင်၏ ကောင်းကင်ခွင်းလွန်းပျံက မြန်ဆန်လွန်းလှသည်။ နှစ်ရက်အတွင်းမှာပင် သူတို့က စန်းပြည်နယ်တစ်ခုလုံးကို ဖြတ်ကျော်သွား၏။ သူတို့က ယွင်ပြည်နယ်ထဲသို့ ဝင်ရောက်ကာ ကြီးမားသောတောင်တစ်ခုသို့ ရောက်ရှိလာတော့သည်။
ထို့နောက်တွင် နှစ်ယောက်သား ကောင်းကင်ခွင်းလွန်းပျံပေါ်မှ ဆင်းခဲ့ကြလေသည်။
"ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ တောင်ကြီးလဲ"
သူ့ရှေ့မှ တောင်ကြီးကိုကြည့်ရင်း လုမင် အော်လိုက်မိသည်။
စန်းတောင်က ကြီးကျယ်ခမ်းနားနေပြီဖြစ်သော်လည်း၊ ၎င်းနှင့် သူ့ရှေ့မှ တောင်ကြားတွင် ကွာဟချက်ကြီးတစ်ခု ရှိနေသေးသည်။
'ဒါက ယွင်ဧကရာဇ်တောင်ပေါ့'
အဝေးမှ ယွင်ဧကရာဇ်တောင်ကြီးကိုကြည့်ရင်း လုမင်လည်း တောင်မှ ဖြာထွက်နေသော အရှိန်အဝါများကို ခံစားလိုက်ရသည်။ ကမ္ဘာလောက၏ အထွတ်အထိပ်တွင် ရပ်နေသကဲ့သို့ ရောင်ဝါက လူတိုင်းကို ဦးညွှတ်လိုစိတ် ဖြစ်ပေါ်စေပေသည်။
ဤသည်မှာ သိုင်းဧကရာဇ်တစ်ပါး၏ အရှိန်အဝါ လွှမ်းမိုးမှု ဖြစ်သည်။
တောင်ပေါ်တွင် ဧကရာဇ်ကြီးတစ်ပါး အမှန်တကယ် ရှိနေပေသည်။
တိမ်နဂါးတောင်ကြားသခင်က အသံလွှင့်ကျောက်စိမ်းအဆောင်ကို ထုတ်ယူကာ မက်ဆေ့ချ်ပို့လိုက်သည်။
မကြာလိုက်ပေ။ အဖြူရောင်ဝတ်စုံဖြင့် အဘိုးအိုတစ်ယောက် တိမ်ဧကရာဇ်တောင်ပေါ်မှ ဆင်းသက်လာခဲ့သည်။
"ညီနောင်ယွင်၊ ဒီနေ့ ငါ့တိမ်ဧကရာဇ်တောင်ကို ဘာအတွက်နဲ့ ရောက်လာတာလဲ"
ဝတ်ရုံဖြူဝတ် အဘိုးကြီးက ပြုံးကာ ပြောလိုက်သည်။
"ထွေထွေထူးထူး မဟုတ်ပါဘူး၊ ငါ့တပည့်ကို မျိုးနွယ်စုတစ်ရာစစ်မြေပြင်ကိုပို့ရင်း မင်း မိတ်ဆွေဟောင်းတွေနဲ့တွေ့ရအောင် လာခဲ့တာ"
တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်၏။
"ဟားဟားဟား၊ ငါသိတာပေါ့။ မင်း ငါ့ဆီကို အကြောင်းမဲ့တော့ လာမှာမဟုတ်ဘူးလို့၊ လက်စသတ်တော့ မင်းရဲ့တပည့်ကို မျိုးနွယ်စုတစ်ရာစစ်မြေပြင်ဆီပို့ဖို့ ရောက်လာတာကိုး"
ဝတ်ရုံဖြူဝတ် အဘိုးအိုက ရယ်မောပြီး လုမင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ညီနောင်ယွင်၊ မင်းတပည့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဆဋ္ဌမအလွှာ သိုင်းအုပ််ချုပ်သူနယ်ပယ်ရဲ့ အထွတ်အထိပ်မှာပဲ ရှိသေးတယ်။ ဒီအဆင့်နဲ့ ဝင်ဖို့က နည်းနည်းတော့ နိမ့်ကျသေးတယ် မဟုတ်လား။ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်မှာ ခြေလှမ်းတိုင်းက အန္တရာယ်တွေနဲ့ ပြည့်နေတာ"
"ကိစ္စမရှိပါဘူး၊ အန္တရာယ်တွေ အခက်အခဲတွေက သူ့ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်းပဲ"
တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။
"ကောင်းပါပြီ၊ ငါနဲ့လိုက်ခဲ့။ တိမ်ဧကရာဇ်တောင်ကလည်း ပါရမီရှင်လူငယ်တစ်ဖွဲ့ကို လေ့ကျင့်ပေးဖို့ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ထဲကိုပို့ဖို့ စီစဉ်နေတယ်။ မင်းတို့ အတူတူသွားပြီး တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်လို့ရတယ်"
ဝတ်ရုံဖြူဝတ် အဘိုးအိုက ပြောသည်။ ထို့နောက် တွင် သူက တိမ်နဂါးတောင်ကြားသခင်အား တိမ်တိုက်ဧကရာဇ်တောင်သို့ ခေါ်ဆောင်သွားပြီး သူတို့နေထိုင်ရန် နေအိမ်ကို စီစဉ်ပေးခဲ့လေသည်။
"ညီနောင်ယွင်၊ ဒီနေရာမှာ နှစ်ရက်လောက်နေပါဦး။ နှစ်ရက်အတွင်း ဒီကောင်လေးကို မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ကို ပို့ဆောင်ပေးမယ်"
ထိုသို့ ပြောဆိုပြီးနောက် ဝတ်ရုံဖြူဝတ်အဘိုးကြီးက ပြန်ထွက်သွားခဲ့သည်။
"မင်အာ၊ မင်း မျိုးနွယ်စုတစ်ရာစစ်မြေပြင်က ဘယ်လိုနေရာမျိုးလဲဆိုတာ သိချင်နေတယ်မဟုတ်လား"
ထိုအချိန်တွင် တိမ်နဂါးတောင်ကြားသခင်က လုမင်ကို ကြည့်လာသည်။
လုမင် ခေါင်းညိတ်သည်။ သူ အမှန်တကယ် သိချင်မိ၏။
"ဒဏ္ဍာရီအရတော့ ရှေးခေတ်က ရာနဲ့ချီတဲ့ မျိုးနွယ်စုတွေဟာ အဲဒီဒေသမှာ စစ်ပွဲကြီး ဖြစ်ပွားခဲ့ကြတယ်။ အဲဒီစစ်ပွဲက ကောင်းကင်ပြိုကျပြီး မြေပြင်ကို အက်ကွဲစေတယ်တဲ့။ အရမ်းပြင်းထန်လွန်းလို့ ဒဏ္ဍာရီအရတော့ ဧကရာဇ်အဆင့် တန်ခိုးရှင်ကြီးတွေတောင် အများကြီး သေဆုံးခဲ့ရတယ်။ ဒီလိုနဲ့ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ရယ်လို့ ဖြစ်လာခဲ့ရတာ"
"အထူးသဖြင့် ဧကရာဇ်အဆင့် တန်ခိုးရှင်ကြီးတွေက များပြားလွန်းတာကြောင့် အဲဒီဒေသက ကောင်းကင်နဲ့မြေပြင်ရဲ့ နိယာမတွေ ရှုပ်ထွေးသွားရတယ်။ သူတော်စင်နယ်ပယ် အကျော်အမော်တွေက မိုးနဲ့မြေရဲ့ နိယာမတွေကို နားလည်ထားတာကြောင့် အဲဒီအထဲကို မဝင်ရောက်နိုင်တော့ဘူး။ သူတို့ ဝင်ရောက်လိုက်တာနဲ့ မိုးနဲ့မြေရဲ့ နိယာမတွေရဲ့ ဖိနှိပ်ခံရလိမ့်မယ်။ အသက်သာဆုံးက နိယာမ ပြတ်တောက်သွားပြီး၊ ရူးသွပ်တာကနေ ကျင့်ကြံခြင်းအခြေခံ လုံးဝ ပျက်ဆီးသွားတာအထိ ဖြစ်နိုင်တယ်"
တိမ်နဂါးတောင်ကြားသခင်က ရှင်းပြလိုက်သည်။
"ဒီလောက်တောင် ကြောက်စရာတာလား"
လုမင် အံ့သြသွားခဲ့သည်။
"အမှန်ပဲ၊ ဒါကြောင့် သူတော်စင်နယ်ပယ်အထက် ပညာရှင်တွေက မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ကို မဝင်ဝံ့ကြဘူး။ သူ့အောက်က ကျင့်ကြံသူတွေပဲ ဝင်လို့ရတယ်။ သူတော်စင်တစ်ပိုင်းတွေကလည်း မိုးနဲ့မြေရဲ့ နိယာမတချို့ကို နားလည်ထားပေမဲ့ မပြည့်စုံဘဲ မသန်မာသေးလို့ သူတို့လည်း ဝင်လို့ရပါတယ်"
"နောက်ပြီးတော့ မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှာ ပါဝင်ခဲ့တဲ့ အကျော်အမော်တွေက အရမ်းများတယ်လေ။ အတော်များများလည်း သေဆုံးခဲ့ကြတယ်။ ဒါကြောင့် အဲဒီနယ်မြေက မရေမတွက်နိုင်တဲ့ ရတနာတွေနဲ့ ပြည့်နှက်နေပြီး ကြီးမားတဲ့ ရတနာသိုက်တစ်ခုလို ဖြစ်လာခဲ့ရတယ်။ ဒီအတွက်ပဲ ဧကရာဇ်အဆင့် အင်အားစုများစွာက ကျွမ်းကျင်သူတွေကို ပုံမှန် စေလွှတ်ခဲ့ကြတာ။ အချိန်ကြာလာတာနဲ့အမျှ၊ အဲဒါက ပါရမီရှင်တွေအတွက် လေ့ကျင့်ရေးနယ်မြေအဖြစ် ပြောင်းလဲလာခဲ့ရတယ်။ ဒီနေ့ခေတ်မှာတော့ အဲဒါက ဧကရာဇ်အဆင့် အင်အားစုတွေရဲ့ ပါရမီရှင်တွေကို လေ့ကျင့်စေဖို့ ထိပ်တန်းရွေးချယ်မှုတစ်ခု ဖြစ်လာခဲ့ပြီ"
"ဧကရာဇ်အဆင့် အင်အားစုတွေရဲ့ ထူးကဲတဲ့ ပါရမီရှင်တွေက သေဆုံးခြင်းနဲ့ရှင်သန်ခြင်း အခြေအနေတွေကို ကျော်ဖြတ်ရင်း လေ့ကျင့်ရလိမ့်မယ်။ ဒါကြောင့် အဲဒါက အခွင့်အလမ်းနဲ့ အန္တရာယ် ဒွန်တွဲနေတဲ့ နေရာတစ်ခုပဲ။ ပါရမီရှင်တွေက ရတနာရှာဖို့နဲ့ လေ့ကျင့်ဖို့အတွက် ဝင်ရောက်လာခဲ့ကြတာဖြစ်လို့ အဲဒီနေရာမှာ လူတစ်ယောက်ကို တိုက်ခိုက်သတ်ဖြတ်ဖို့အတွက် အကြောင်းပြချက် မလိုဘူး။ မင်းကို တိုက်ခိုက်ဖို့ ထိုက်တန်တယ်လို့ တွေးမိတာနဲ့ မင်းကိုတိုက်ခိုက်ကြမှာပဲ"
တိမ်နဂါးတောင်ကြားသခင်က ရှည်လျားစွာ ရှင်းပြလိုက်၏။
ထို့နောက် လုမင်ကိုကြည့်ပြီး ဆက်မေးလိုက်သည်။
"မင်အာ၊ ဒီလိုနေရာမျိုးကို မင်းသွားဝံ့ရဲ့လား"