အခန်း ၁၅၉၃
Vol. 107 Ch. 1593
အပိုင်း ( 1593 ) တစ်ဦးတည်း ထွက်ခွာသည်။
သူ့ခန္ဓာကိုယ်မှ နောက်ထပ် အလင်းစက်များ ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင်၊ အလင်းစက်ဆယ်ခုက တပြိုင်နက်တည်း ပေါ်လာခဲ့၏။ အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာဆယ်ခုလည်း ထွက်ပေါ်လာတော့သည်။
အုပ်ချုပ်သူအဆင့် လက်နက် ဆယ့်ခုနစ်ခုက လေထဲတွင် လွင့်မျောနေခဲ့သည်။ လက်နက်များ၏စွမ်းအားက ပေါင်းစပ်ပြီး ပုဆိန်ပေါ်တွင် စုစည်းသွား၏။ ၎င်းက လူငယ်လေး၏ အရှိန်အဝါကို အလွန်အမင်း အားကောင်းလာစေခဲ့သည်။
"သတ်၊ သတ်၊ သတ်"
ခရမ်းရောင်ဝတ် လူငယ်က အော်လိုက်။ သူ့မျက်လုံးများက အေးစက်သော သတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။ သူက မျက်နှာသာအတွက် လုမင်ကို သတ်ချင်နေပြီ။
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပုဆိန်ခုတ်ချက် ထုတ်ဖော်လိုက်သည်။ ပုဆိန်အင်အားကလည်း ကောင်းကင်ကို ခွဲခြမ်းတော့မည်ကဲ့သို့ ထွက်ပေါ်လာတော့သည်။
'မင်းက ငါ့ကို သတ်ချင်နေတာလား'
လုမင်၏ မျက်လုံးများက စူးရှသော အလင်းရောင်တစ်ချက် လက်သွားသည်။ သူက လျိုယွမ်လက်အိတ်အတွင်းသို့ ယွမ်ချီစွမ်းအင်ကို ပိုမို ပို့လွှတ်လိုက်၏။ လျိုယွမ်လက်အိတ်က နေအသေးစားတစ်ခုပမာ တောက်ပလာတော့သည်။
"ဝုန်း"
လုမင်က အရာအားလုံးကို ချေမှုန်းနိုင်သည့် လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။
"ဝုန်း၊ ဝုန်း၊ ဝုန်း"
လုမင်နှင့် ခရမ်းရောင်ဝတ်လူငယ်က သုံးကြိမ်တိတိ ရင်ဆိုင်လိုက်၏။ ထိပ်တိုက်ရင်ဆိုင်လိုက်တိုင်း တစ်ဖက်လူမှာ ခြေသုံးလှမ်းစီ ဆုတ်သွားရသည်။
သုံးကြိမ် ရင်ဆိုင်ပြီးနောက်မှာတော့ တစ်ဖက်လူမှာ ခြေလှမ်း ကိုးလှမ်းတိတိ ဆုတ်သွားရတော့သည်။
"သတ်"
လုမင် ဟိန်းဟောက်လိုက်သည်။ နတ်ဘုရားဓားကျင့်စဉ်က ပေါက်ကွဲထွက်လာသည်။ လုမင်၏ မျက်လုံးများမှ ဓားအလင်းနှစ်ခု ပြေးထွက်သွား၏။ ဓားအလင်းက ခရမ်းရောင်ဝတ်လူငယ်၏ မျက်ခုံးနှစ်ခုကြားသို့ ပြေးဝင်သွားတော့သည်။
လူငယ်လေး၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး မျက်လုံးများမှာလည်း ခဏတာ အသိစိတ်မဲ့သွားပုံရသည်။
"ဝုန်း"
ထိုအချိန်တွင်၊ လုမင်က နောက်ထပ် လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ဤလက်သီးအင်အားက အလွန်ကြီးမား၏။ အရေးကြီးသောအခိုက်အတန့်တွင် တစ်ဖက်လူက ၎င်း၏ပုဆိန်ဖြင့် ပိတ်ဆို့ရန် အသုံးပြုခဲ့သည်။ သို့သော်လည်း အလျင်စလိုဖြင့် သူစုဆောင်းနိုင်သည့် စွမ်းအင်ပမာဏက ကန့်သတ်ချက် ရှိပေသည်။ လုမင်၏ လက်သီးချက်ဖြင့် ပုဆိန်က လွင့်စဉ်သွားသည်။ သူကိုယ်တိုင်လည်း သွေးအန်ပြီး ဒယီးဒယိုင်ဖြင့် ဆုတ်သွားရတော့သည်။
"ဝှစ်"
လုမင်က ပြိုင်ဘက်ကို တိုက်ရိုက်ချေမှုန်းရန် ရှေ့သို့ ခြေလှမ်းလိုက်သည်။
"တော်လောက်ပြီ"
မြင့်မြတ်သောလူငယ်လေးက မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။
"ဝုန်း"
ဤခြေလှမ်းက ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခါသွားစေပုံရသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက လုမင်ဆီသို့ ပြေးဝင်လာခဲ့သည်။ လုမင်၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။ သူက လက်သီးချက် ထုတ်ဖော်လိုက်သော်လည်း အသုံးမဝင်ပေ။ ထိုအင်အားကို မဖြတ်နိုင်ဘဲ၊ သူ့ခန္ဓာက်ိုယ်က မီတာထောင်ချီကာ နောက်သို့ လျှောထွက်သွားရသည်။
"ဘာလဲ၊ အလှည့်ကျ တိုက်ခိုက်ချင်တာလား။ တစ်ယောက်နဲ့ မရတော့ နှစ်ယောက်လာချင်တာလား"
လုမင်က လှောင်ပြောင်လိုက်သည်။
"အလှည့်ကျ တိုက်ခိုက်ရမှာလား၊ ဟားဟားဟား"
မြင့်မြတ်သောလူငယ်လေးက ရယ်မောလိုက်သည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ပြီး လေထဲတွင် ရပ်နေ၏။ သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုလည်း ထွက်ပေါ်နေကာ လုမင်အား ဖိနှိပ်နေခဲ့သည်။ ယင်းက ကောင်းကင်နှင့်မြေပြင်ကို ခွဲထုတ်ချင်သည့် နတ်ဘုရားလက်နက်တစ်ခုကဲ့သို့ပင်။
လုမင်လည်း သူ့ခန္ဓာကိုယ်ကို ကစဉ့်ကလျားတာအိုနယ်မြေဖြင့် လွှမ်းခြုံကာ၊ ဖိအားကို အစွမ်းကုန် တွန်းလှန်ခဲ့သည်။
"မင်းရဲ့ အင်အားက မဆိုးပါဘူး၊ ဒါပေမဲ့ ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူတစ်ပါးက ငါ တိုက်ခိုက်ဖို့ မထိုက်တန်ဘူး"
မြင့်မြတ်သော လူငယ်က လျစ်လျူရှုစွာ ပြောလိုက်သည်။ သူ့လေသံက ယုံကြည်မှုအပြည့်ရှိ၏။ ထို့အပြင် လုမင်ကို အထင်မြင်သေးမှုတို့ ပြည့်နှက်နေခဲ့သည်။
လုမင်က သူနှင့် တိုက်ခိုက်ရန် မထိုက်တန်ပါ။
ဤသို့ပြောပြီးနောက် မြင့်မြတ်သောလူငယ်က လုမင်ကြောင့် ဒဏ်ရာရသွားသော လူငယ်ကိုကြည့်ကာ ပြောလိုက်သည်။
"အနာဂတ်မှာ ကောင်းကောင်းလေ့ကျင့်ပြီး အဆင့်တက်နိုင်အောင် ကြိုးစားပါ။ နောက်တစ်ကြိမ် ဒီလူကိုတွေ့ရင် မင်းကိုယ်တိုင် သတ်ပစ်ရမယ်၊ နားလည်လား"
"နားလည်ပါပြီ သခင်လေး"
ခရမ်းရောင်ဝတ် လူငယ်လေးက ဦးညွှတ်ကာ ပြောလိုက်သည်။ ထို့နောက် အေးစက်နေသော သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် လုမင်ကို လှမ်းကြည့်လိုက်၏။
"သွားကြရအောင်"
မြင့်မြတ်သောလူငယ်လည်း သူ၏ အရှိန်အဝါကို ရုတ်သိမ်းကာ ကောင်းကင်သို့ ပျံတက်သွားတော့သည်။
သူပြောခဲ့သည့်အတိုင်း၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက သူ့အတွက် အားနည်းလွန်းသည်။ ထိုအတွက် တိုက်ခိုက်ရန်ပင် စိတ်ကူးမရှိပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြင့်မြတ်သောလူငယ်နှင့် ခရမ်းရောင်ဝတ် လူငယ်နှစ်ဦးတို့က မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။
ထိုအချိန်တွင် ယွင်ခိုင်၊ ယွင်ဖုန်းနှင့် အခြားသူများက လုမင်အား ကြောက်လန့်တကြား စိုက်ကြည့်နေသည်။
လုမင်က ဝမ်မျိုးနွယ်မှ အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ပါရမီရှင်တစ်ဦးကို အနိုင်ယူနိုင်ခဲ့၏။ လုမင်၏ခွန်အားက သူတို့၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့ပြီ။
ယွင်ခိုင်၏ ကျင့်ကြံခြင်းက အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေသော်လည်း၊ ဝမ်မျိုးနွယ်မှ ပါရမီရှင်နှင့် ရင်ဆိုင်ရပါက အခွင့်အရေး မရှိပြီဟု သူထင်သည်။ သို့သော်လည်း၊ လုမင်၏ အင်အားက သူမျှော်လင့်ထားသည်ထက် များစွာသာလွန်ပြီး တစ်ဖက်လူအား အနိုင်ယူခဲ့ပေသည်။
ယွင်ရှီမှာလည်း စိတ်ရှုပ်ထွေးသောအမူအရာဖြင့် လုမင်ကို စိုက်ကြည့်နေသည်။
သူမက ဝမ်မျိုးနွယ်မှ သူမနှင့်အဆင့်တူ ပါရမီရှင်ကို မယှဉ်နိုင်သော်လည်း၊ လုမင်မူကား အဆင့်နှစ်ဆင့် ခုန်ကျော်ကာ ဝမ်မျိုးနွယ်၏ပါရမီရှင်ကို အနိုင်ယူခဲ့ပေသည်။ သူ့ခွန်အားက မယုံနိုင်စရာ ဖြစ်သည်။
"နှုတ်ဆက်ပါတယ်"
ထိုအချိန်တွင် လုမင်က ထွက်သွားရန်စိတ်ကူးပြီး ယွင်ရှီကို လက်ယှက်ကာ ပြောလိုက်သည်။
သူတစ်ဦးတည်း လှုပ်ရှားပါက ပို၍ပင် အဆင်ပြေဦးမည်။
"လုမင်... သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ကို သတ်ဖြတ်ခြင်းတစ်သောင်းဧကရာဇ်က တည်ထောင်ထားခဲ့တာ။ သူတို့မှာ ကျွမ်းကျင်သူတွေ မရေမတွက်နိုင်ဘူး။ အထူးသဖြင့် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်မှာ သူတို့ရဲ့လူတွေက အရမ်းများတယ်။ နင် သတိထားပါ"
ယွင်ရှီက လုမင်ကို သတိပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ငါသတိထားပါ့မယ်"
လုမင် ပြောလိုက်သည်။
"လုမင်... မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှာ ဒေသခံတွေ တည်ဆောက်ထားတဲ့ မြို့တွေ ရှိတယ်။ နင် မြို့တွေထဲကို ဝင်နေမယ်ဆိုရင်တော့ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ လူတွေ သတိထားရပြီး အလွယ်တကူ လှုပ်ရှားဝံ့မှာ မဟုတ်ဘူး"
ယွင်ရှီက ထပ်မံပြောသည်။
လုမင် ခေါင်းညိတ်လိုက်၏။
မျိုးနွယ်စုတစ်ရာစစ်မြေပြင်တွင် လူတိုင်းက သူတို့ကဲ့သို့အပြင်လူများ မဟုတ်ပေ။ ဒေသခံများလည်း ရှိသည်။
အမှန်တော့ ဒေသခံတိုင်းဟာ စစ်မှန်သည့် ဒေသခံများ မဟုတ်ပေ။ ၎င်းတို့အားလုံးက ဝေးကွာသော အတိတ်ကာလတွင် မျိုးနွယ်စုတစ်ရာစစ်မြေပြင်သို့ ဝင်ရောက်ခဲ့ကြသူများဖြစ်သည်။ သူတို့ထဲမှ တချို့က မျိုးနွယ်စုတစ်ရာစစ်မြေပြင်တွင် ထာဝရ နေထိုင်ခဲ့ကာ အပြင်သို့ မထွက်ကြတော့ပေ။ ၎င်းတို့က မျိုးနွယ်စုတစ်ရာစစ်မြေပြင်တွင် အခြေချကာ ပွားများလာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ၊ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် နေထိုင်သူများ ပိုများလာခဲ့ပေသည်။ ထိုလူများကို ဒေသခံများဟု ခေါ်သည်။
ထို့အပြင်၊ ဒေသခံမျိုးနွယ်ဝင်များက ငယ်စဉ်ကတည်းက မျိုးနွယ်စုတစ်ရာစစ်မြေပြင်တွင် နေထိုင်ခဲ့ကြသည်။ ၎င်းတို့က ကသောင်းကနင်းနိယာမများဖြင့် ကျင့်သားရနေပြီဖြစ်ပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ။ ထို့ကြောင့်ပင်၊ အရည်အချင်းမြင့်မားသည့် ဒေသခံတချို့က ကသောင်းကနင်း နိယာမများကြောင့် သေဆုံးခြင်း သို့မဟုတ် ရူးသွပ်ခြင်းမရှိဘဲ မျိုးနွယ်စုတစ်ရာစစ်မြေပြင်တွင် သူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်နိုင်ခဲ့ကြသည်။
သို့သော်လည်း မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှ ကန့်သတ်ချက်များက ကြီးမားသည်။ ထို့ကြောင့် ဒေသခံတို့တွင် အသန်မာဆုံး တောက်ပသော သူတော်စင်အဆင့်ထိသာ လေ့ကျင့်နိုင်ကြသည်။ သူတို့အတွက် မဟာသူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဤဒေသခံ သူတော်စင်နယ်ပယ် အကျော်အမော်များက မြို့များကိုတည်ဆောက်ကာ မျိုးနွယ်စုတစ်ရာစစ်မြေပြင်တွင် အင်အားစုများ ထူထောင်ခဲ့ကြသည်။
ဤမြို့များတွင် သတ်ဖြတ်ခြင်းကို ယေဘုယျအားဖြင့် တားမြစ်ထားသည်။ ထို့ကြောင့် မည်သူမဆို စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်ပါက၊ ဒေသခံ သူတော်စင်နယ်ပယ် အကျော်အမော်များမှ ချိုးဖောက်သူကို သတ်ပစ်ကြလိမ့်မည်။
ဤသို့ဖြင့်၊ မျိုးနွယ်စုတစ်ရာစစ်မြေပြင်တွင် စည်းကမ်းမရှိသော်လည်း ထိုမြို့များမှာတော့ စည်းကမ်းအချို့ ရှိနေဆဲ ဖြစ်သည်။
ဟုတ်ပေသည်၊ အခြေအနေများက အကြွင်းမဲ့တော့ မဟုတ်ပေ။ လူတစ်ယောက်က လုံလုံလောက်လောက် အားကောင်းလျှင် မြို့ထဲတွင် တခြားသူများကိုသတ်ပြီး မြို့ထဲမှ အမြန်ပြေးနိုင်သည်။ သူတော်စင်များပင်လျှင် ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှ လုပ်နိုင်ကြမည် မဟုတ်ပေ။
သို့သော်လည်း အနည်းဆုံးတော့ မြို့ပြင်ထက် ပို၍ လုံခြုံသည်။ ထို့ကြောင့်ပင် ယွင်ရှီက လုမင်အား မြို့တွင်းသို့သွားရန် အကြံပြုခဲ့သည်။
လုမင်လည်း ဘာမျှထပ်မပြောတော့ပေ။ သူက နောက်သို့လှည့်ပြီး လေထဲသို့ လှမ်းဝင်ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
"ဟမ့်၊ သတ်ဖြတ်ခြင်းအမှတ်အသားနဲ့ဆိုရင် သူ အနီးဆုံးမြို့ကိုတောင် အရောက်လှမ်းနိုင်မှာ မဟုတ်ဘူး။ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ လူသတ်သမားတွေက သေချာပေါက် သူ့ကိုရှာတွေ့ပြီး သတ်ပစ်ကြလိမ့်မယ်"
ယွင်ခုန်းက လှောင်ပြောင်လိုက်သည်။
ယွင်ရှီလည်း ယွင်ခိုင်အား ရွံရှာစွာဖြင့် ကြည့်ကာ လှည့်ထွက်သွားတော့သည်။
...........
"ဝှစ်..."
လုမင်က အနက်ရောင်တောင်ပံများကို ထိန်းချုပ်ပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ ပျံသန်းသွားနေသည်။ မကြာမီ၊ မိုင်ပေါင်းသောင်းချီ ပျံသန်းခဲ့၏။
'မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှာ ဧကရာဇ်အဆင့် အင်အားစုအများကြီးရဲ့ ပါရမီရှင်တွေ အများကြီးရှိတယ်။ သူတို့အားလုံးနီးပါးကလည်း အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာနဲ့ ပါရမီရှင်တွေပဲလေ။ မျိုးနွယ်စုတစ်ရာစစ်မြေပြင်ရဲ့ နက်နဲတဲ့နေရာတွေမှာ ကောင်းကင်ဝိညာဉ်ခန္ဓာကို လေ့ကျင့်ခဲ့တဲ့ ပါရမီရှင်တွေတောင်မှ ရှိသေးတယ်။ ပါရမီရှင်တွေက များလွန်းပေမဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံကတော့ သိပ်ပြီး အားနည်းနေသေးတယ်'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
လုမင်အတွက် အားနည်းချက်က သူ၏ ကျင့်ကြံခြင်းအခြေခံသာ။ ဝေးလံခေါင်သီသော ကျွန်းတစ်ကျွန်းမှ လာခဲ့သူအနေဖြင့် သူ၏ ကျင့်ကြံမှုပတ်ဝန်းကျင်က မကောင်းခဲ့ပေ။ ထို့ကြောင့် ယွမ်လုရှိ ပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အမြဲတမ်း အားနည်းမှုရှိခဲ့သည်။
သို့ရာတွင်၊ သူက ကစဉ့်ကလျားတာအိုနယ်မြေကို နားလည်ထား၏။ တူညီသောအဆင့်တွင် သူက မည်သူ့ကိုမျှ မကြောက်ပါ။
'နေရာရှာပြီး အဆင့်တက်ဖို့ အချိန်တန်ပြီ'
လုမင်က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။
မိုင်ထောင်ပေါင်းများစွာ ပျံသန်းပြီးနောက် လုမင်က တောင်ကြီးတစ်ခုဆီသို့ ပျံသန်းသွားခဲ့သည်။ ထို့နောက် ကစဉ့်ကလျားတာအိုနယ်မြေက မြေတာအိုနယ်မြေအဖြစ်သို့ ပြောင်းလဲသွား၏။ လုမင်လည်း တောင်ပေါ်သို့ တိုက်ရိုက်ပြေးဝင်သွားတော့သည်။ မြေတာအိုနယ်မြေက မြေလျှိိုးခြင်းကျင့်စဉ်ကဲ့သို့ ဖြစ်သည်။ သူ ဝင်ရောက်သွားသော်လည်း တောင်၏မျက်နှာပြင်က ပြောင်းလဲခြင်းမရှိခဲ့ပေ။
တောင်၏အလယ်ဗဟိုသို့ရောက်သောအခါ၊ လုမင်က ဂူတစ်လုံးတူးဖော်ပြီး တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်ခဲ့သည်။