အခန်း ၁၅၉၈
Vol. 107 Ch. 1598
အပိုင်း ( 1598 ) လုမင်ကို လိုက်ဖမ်းခြင်း။
နောက်ဆုံးတွင်၊ ယွင်ရှီနှင့် အခြားသူများလည်း မိစ္ဆာနတ်ဆိုးကျောက်အားလုံးကို တုံ့ဆိုင်းစွာဖြင့် ထုတ်ယူပြီး ခရမ်းရောင်ဝတ်စုံဝတ် လူငယ်လေးထံသို့ ပေးအပ်လိုက်ရသည်။
ခရမ်းရောင်ဝတ်စုံဝတ် လူငယ်လေးက မိစ္ဆာနတ်ဆိုးကျောက်များကို မြင့်မြတ်သော လူငယ်လေးထံ လေးလေးစားစား ပြန်အပ်လိုက်လေသည်။
မြင့်မြတ်သော လူငယ်လေးလည်း ကျေနပ်စွာဖြင့် ထွက်သွားရန် ဟန်ပြင်လိုက်သည်။
"ခဏနေပါဦး"
ရုတ်တရက်... ယွင်ခိုင်က လှမ်းအော်လိုက်သည်။
မြင့်မြတ်သောလူငယ်လေးက ယွင်ခိုင်ကို ပြန်လှည့်ကြည့်လိုက်၏။
"ဘာလဲ... မင်း သေချင်လို့လား"
"မဟုတ်ပါဘူး၊ မင်းတို့ကို ငါ့ရဲ့ မိစ္ဆာနတ်ဆိုးကျောက်တွေ ပေးအပ်နိုင်တာက ငါ့အတွက် ဂုဏ်ယူစရာပါ။ အခုက မင်းတို့ကို အရေးကြီး သတင်းတစ်ခု ပြောပြချင်လို့... ဒီနေရာမှာ မိစ္ဆာနတ်ဆိုးကျောက်တွေ အနည်းဆုံး ရာဂဏန်း ဒါမှမဟုတ် ဒီထက်ပိုပြီး ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက် ရှိနေတယ်"
ယွင်ခိုင်က ကမန်းကတန်း ပြောလိုက်သည်။
"ရာဂဏန်းလား"
မြင့်မြတ်သောလူငယ်လေး၏ မျက်လုံးများက အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
"ကောင်လေး၊ မိစ္ဆာနတ်ဆိုးကျောက် ရာဂဏန်းကို ရနိုင်လောက်အောင် ဘယ်သူမို့လို့လဲ။ မင်း လိမ်ပြောနေတာဆိုရင်တော့ မင်းသေရမယ်ဆိုတာ သိမှာပါ"
ခရမ်းရောင်ဝတ်စုံဝတ် လူငယ်လေးတစ်ယောက်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ငါ မလိမ်ပါဘူး၊ အဲဒီလူက တံဆိပ်ခတ်နည်းကို ကျွမ်းကျင်တယ်။ သူက နတ်ဆိုးတွေကို ပိတ်လှောင်ပြီး မိစ္ဆာနတ်ဆိုးကျောက်တွေကို မြန်မြန်ဆန်ဆန် ဖမ်းယူနိုင်တယ်လေ။ ဒီနေရာမှာ နတ်ဆိုးအငွေ့အသက်တွေ ကျန်နေသေးတာကို မင်းတို့လည်း သတိပြုမိမှာပါ။ အဲဒါက သူ့ကြောင့်ပဲ"
ယွင်ခိုင် ပြောလိုက်၏။
"ယွင်ခိုင်၊ နင်... နင်..."
ယွင်ရှီက ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။
လုမင်ကို ဖယ်ရှားရန်အတွက် ထိုမျှ စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းကိုပင် အသုံးပြုလာမည်ဟု သူ မထင်ထားခဲ့ပေ။
ယွင်ခိုင်၏ မျက်လုံးများကတော့ ရက်စက်ကြမ်းကြုတ်မှု အလင်းများ လင်းလက်နေခဲ့သည်။ သူက ယွင်ရှီကို တစ်ချက်မျှပင် မကြည့်ပါ။
"အမှန်ပဲ... ဒီနေရာမှာ နတ်ဆိုးအငွေ့အသက်တွေက အရမ်း သိပ်သည်းနေသေးတယ်။ အဲဒီလူက ဘယ်သူလဲ"
မြင့်မြတ်သော လူငယ်လေးက ပြောလိုက်သည်။
"အဲဒီလူကို မင်းတို့အားလုံး မြင်ဖူးကြမှာပါ။ သူဟာ အရင်က ငါတို့နဲ့ အတူရှိခဲ့ပြီး မင်းတို့ထဲက တစ်ယောက်ကိုတောင် ကံကောင်းထောက်မလို့ အနိုင်ရခဲ့သးတယ်။ သူ့နာမည်က လုမင်တဲ့"
ယွင်ခိုင်က ခပ်မြန်မြန် ပြောလိုက်၏။
"ဒါဆို သူပဲ"
မြင့်မြတ်သော လူငယ်လေး၏ မျက်လုံးများက စူးရှစွာ တောက်ပလာတော့သည်။ သူ ဆက်ပြောလိုက်သည်။
"မင်း ငါ့ကို မလိမ်ရင် အကောင်းဆုံးပဲ၊ မဟုတ်ရင်...။ အခု ငါ့ကိုပြောစမ်း၊ သူ ဘယ်ဘက်ကိုသွားတာလဲ"
"အဲဒီဘက်ကို..."
ယွင်ခိုင်က လုမင် ထွက်ခွာသွားသော လမ်းကြောင်းကို ညွှန်ပြလိုက်၏။
"သွားကြစို့"
မြင့်မြတ်သော လူငယ်လေးက ပြောလိုက်သည်။ သူက ခရမ်းရောင် ဝတ်စုံဝတ် လူငယ်နှစ်ဦးကို ခေါ်ဆောင်ကာ လုမင် ထွက်ခွာသွားသည့်လမ်းကြောင်းအတိုင်း လိုက်၍ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
"ယွင်ခိုင်၊ နင် တရားလွန်သွားပြီ။ လုမင်က ငါတို့နဲ့ ရန်ငြိုးမရှိပါဘူး... ငါတို့က အတူတူလာခဲ့တာ၊ ဒါပေမဲ့ သူ့ကို တစ်ယောက်တည်း ထားခဲ့ရတယ်။ အဲဒါတောင် အခုလို ထပ်လုပ်တာကတော့ လွန်လွန်းတာပေါ့"
ယွင်ရှီက ယွင်ခိုင်အား စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေသည်။
"ဟမ့်၊ မင်းက ဘာဆိုင်လို့ သူ့အတွက် စိတ်တွေပူနေရတာလဲ။ မင်းက အဲဒီကောင်လေးကို စိတ်ဝင်စားနေတာလား"
ယွင်ခိုင်က လှောင်ပြောင်လိုက်သည်။
"နင်... နင် မဟုတ်တမ်းတရားတွေ မပြောနဲ့"
ယွင်ရှီ ရှက်သွား၏။
"ဟမ့်...၊ ဒီကောင်က ကိုယ့်အဆင့်ကိုယ်မသိဘူး... မာနကြီးလွန်းတယ်၊ ငါ သူ့ကို သဘောမကျဘူး။ သူက စန်းပြည်နယ်ရဲ့ လူတစ်ယောက်ပဲလေ၊ ယွင်ဧကရာဇ်တောင်ရှေ့မှာ ရိုသေလေးစားမှုရှိနေရမယ်။ မဟုတ်ရင်တော့လား... သူ သေရမယ်"
ယွင်ခိုင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးများမှာတော့ မနာလိုစိတ်များဖြင့် ပြည့်နှက်နေ၏။
ယွင်ရှီ သက်ပြင်းချလိုက်သည်။ ယွင်ခိုင်ကိုလည်း လွန်စွာ ရွံရှာမိပေသည်။
ယွင်ခိုင်က သဘောထားသေးသိမ်လွန်းလှသည်။
..........
လုမင်က ထိုအကြောင်းများကို မသိပါ။ ဝမ်မျိုးနွယ်၏ ပါရမီရှင်များက သူ့ကို လိုက်ရှာနေပြီဖြစ်ကြောင်းကိုလည်း သဘာဝအတိုင်း မသိပေ။ သူက နတ်ဆိုးများကို ရှာဖွေရင်း မိစ္ဆာနတ်ဆိုးကျောက်များကို သိမ်းယူနေဆဲ ဖြစ်သည်။
လမ်းတစ်လျှောက်တွင် မိစ္ဆာနတ်ဆိုးကျောက် ဒါဇင်များစွာကို သိမ်းဆည်းရရှိခဲ့ပေသည်။
ယခုအချိန်မှာတော့ သူ့တွင် မိစ္ဆာနတ်ဆိုးကျောက် သုံးရာနီးပါး ရှိနေပြီ။
ဟုတ်သည်၊ သူတို့ထဲတွင် အများစုက သိုင်းအုပ်ချုပ်သူနယ်ပယ် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့်များ ဖြစ်ကြသည်။ အဋ္ဌမအလွှာနှင့် နဝမအလွှာ မိစ္ဆာနတ်ဆိုးကျောက်များပင် ရှိသေးသည်။
၎င်းတို့ကို သန့်စင်နိုင်ပါက သူ၏ စိတ်ဝိညာဉ်စွမ်းအားများ ခုန်ပျံကျော်လွှားကာ တိုးလာမည်မှာ သေချာသည်။
"ဂါး"
နတ်ဆိုးကျားသစ်တစ်ကောင်က ဟိန်းဟောက်ကာ ပြေးထွက်သွားသည်။ သူ့အရှိန်က အံ့ဖွယ်ကောင်းလောက်အောင် မြန်ဆန်နေ၏။ ၎င်းက လုမင်ကိုမယှဉ်နိုင်မှန်း သိရသည်နှင့် အမှန်တကယ် ထွက်ပြေးသွားတော့သည်။
သို့သော်လည်း ၎င်းက သိုင်းအုပ်ချုပ်သူနယ်ပယ် နဝမအလွှာ၏ အထွတ်အထိပ်မှ နတ်ဆိုးတစ်ကောင်သာ ဖြစ်သည်။ လုမင်၏ လက်မှ မည်သို့လွတ်မြောက်နိုင်မည်နည်း။
"ဘယ်ကိုသွားမှာလဲ"
လုမင်လည်း လေဓာတ်စွမ်းအင်တာအိုသိုင်းနှင့် အနက်ရောင်တောင်များကို အသုံးပြုကာ နတ်ဆိုးကျားသစ်နောက်သို့ တဟုန်ထိုး လိုက်တော့သည်။
သို့သော်လည်း နတ်ဆိုးကျားသစ်က အသက်လုပြေးသောအခါ အနက်ရောင်လျှပ်စီးကြောင်းကဲ့သို့ ဖြစ်နေသည်။ လုမင်လည်း အချိန်အတော်ကြာသည်အထိ လိုက်မမီနိုင်သေးပေ။
'ငါလည်း ကိုယ်ဖော့ကျမ်းကောင်းကောင်းလေး ရှာဖွေပြီးတော့ လေ့ကျင့်ရဦးမှ... လေဓာတ်စွမ်းအင်တာအိုသိုင်းက သိပ်ပြီး အထောက်အကူ မပေးနိုင်တော့ဘူး'
လုမင်လည်း သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံ တိုးတက်လာသည်နှင့်အမျှ လေဓာတ်စွမ်းအင် တာအိုသိုင်းက တဖြည်းဖြည်း မလုံလောက်တော့ပါ။ ပို၍ အဆင့်မြင့်မားသော ကျင့်စဉ်များကို လေ့ကျင့်ရမည် ဖြစ်သည်။
"ပူဖောင်းလေး"
လုမင်က ပူဖောင်းလေးကို အသံလွှင့်၍ ပြောလိုက်သည်။
"တွိ"
လုမင်၏ ဦးခေါင်းထက်ရှိ လွင့်မျောနေသော မျှော်စင်အတွင်းမှ ပူဖောင်းလေး၏အသံ ထွက်လာသည်။ ထို့နောက် ကြည်လင်သော ပူဖောင်းလေးတစ်ခု ရုတ်တရက် ပေါ်လာပြီး နတ်ဆိုးကျားသစ်ကို ဖုံးအုပ်သွား၏။
နတ်ဆိုးကျားသစ်လည်း ချက်ချင်း အေးခဲသွားတော့သည်။
"ဝှစ်"
လုမင်က လျင်မြန်စွာ ပြေးသွားသည်။ သူ့လက်ကို နဂါးလက်သည်းကဲ့သို့ သုံးပြီး ဖမ်းဆုပ်လိုက်၏။ သူက နတ်ဆိုးကျားသစ်၏ ဦးခေါင်းကို ဖမ်းကိုင်လိုက်ပြီး မိစ္ဆာနတ်ဆိုးကျောက်ကို နှုတ်ယူလိုက်တော့သည်။
ထိုအချိန်တွင် လုမင်က သူ့နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
လေတိုးသံနှင့်အတူ လုမင်၏ မြင်ကွင်းထဲသို့ လူရိပ်သုံးခု ရောက်လာကြ၏။
"ဒါက... သူတို့ပဲ"
လုမင် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူရိပ်သုံးခုက ဝမ်မျိုးနွယ်မှ ပါရမီရှင် သုံးဦးပင်။
"နောက်ဆုံးတော့ ဒီကောင်ကိုတွေ့ပြီ"
ခရမ်းရောင် ဝတ်စုံဝတ် လူငယ်တစ်ယောက်က ပြုံးလိုက်သည်။
အသက်ရှူချိန် အနည်းငယ်အတွင်း ဝမ်မျိုးနွယ်မှ လူငယ်သုံးဦးက လုမင်ရှေ့တွင် ပေါ်လာခဲ့ကြသည်။ ခရမ်းရောင် ဝတ်စုံဝတ် လူငယ်နှစ်ဦးက လုမင်ကို ညှပ်ဝိုင်းလိုက်၏။
"ဘာလဲ... အရင်က တစ်ယောက်ရှုံးနိမ့်ခဲ့တာကြောင့် အခု နှစ်ယောက် တိုက်ခိုက်တော့မှာလား"
လုမင် မျက်မှောင်ကြုတ်ပြီး အေးစက်စက် ပြောလိုက်သည်။
"ကောင်လေး... အဲဒီအချိန်က မင်း နိုင်သွားတာ ငါ သတိပေါ့လျော့ခဲ့လို့ပဲ"
လုမင်ကို ရှုံးနိမ့်သွားသော ခရမ်းရောင် ဝတ်စုံဝတ် လူငယ်က မျက်နှာမည်းခနဲဖြစ်သွားကာ ပြောလိုက်သည်။
"ကောင်လေး၊ မင်းလက်ထဲမှာ မိစ္ဆာနတ်ဆိုးကျောက်တွေ အများကြီးရှိနေတယ်လို့ ငါကြားတယ်။ မင်းမှာ ချိတ်ပိတ်တဲ့နည်းလမ်းလည်း ရှိတယ်တဲ့။ အခု မင်းရဲ့ မိစ္ဆာနတ်ဆိုးကျောက်တွေအားလုံးကို ငါတို့လက်ထဲအပ်လိုက်... ပြီးတော့ ငါတို့နောက်ကိုလိုက်ပြီးတော့ မိစ္ဆာနတ်ဆိုးကျောက်တွေ ကူညီရယူပေးမယ်ဆိုရင် မင်းရဲ့အသက်ကို ကယ်တင်နိုင်လိမ့်မယ်"
'ငါ့မှာ တံဆိပ်တော်နည်းလမ်းရှိလို့ မိစ္ဆာနတ်ဆိုးကျောက်တွေကို ဖမ်းယူနိုင်မှန်း သူတို့သိရင်လည်း ထားပါ။ ဒါပေမဲ့... ငါ့မှာ မိစ္ဆာနတ်ဆိုးကျောက်တွေ အများကြီးရှိမှန်း သူတို့က ဘယ်လိုလုပ်ပြီး သိနေတာလဲ'
လုမင်၏ မျက်လုံးများ အေးစက်သွားသည်။
သူက နတ်ဆိုးများစွာကို လိုက်ဖမ်းခဲ့သော်လည်း ထိုလူများကို မတွေ့ခဲ့ရပေ။
"မင်းမှားနေပြီထင်တယ်။ ငါတစ်ယောက်တည်းရှိတာ... မိစ္ဆာနတ်ဆိုးကျောက် အများကြီး ဘယ်လိုလုပ်ပြီး ရရှိနိုင်မှာလဲ။ ငါ ဝင်ရောက်လာပြီးကတည်းက မိစ္ဆာနတ်ဆိုးကျောက် နည်းနည်းပဲ ရသေးတယ်။ မင်းလိုချင်တယ်ဆိုရင် ပေးလိုက်မယ်။ နောက်ပြီးတော့ ဘယ်က ချိတ်ပိတ်တဲ့နည်းလမ်းလဲ၊ ငါမသိဘူး"
လုမင် ပြောလိုက်သည်။
"မင်း မငြင်းနဲ့၊ အရင်က မင်းနဲ့ အတူရှိခဲ့တဲ့ကောင် ကိုယ်တိုင်ပြောတာ... မင်းရဲ့လူပြောတာက ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ"
ခရမ်းရောင် ဝတ်စုံဝတ် လူငယ်တစ်ယောက်က လှောင်ပြောင်လိုက်၏။
'ငါနဲ့ အတူတူရှိခဲ့တဲ့သူ၊ ယွင်ခိုင်လား...'
လုမင် အံ့ဩသွားသည်။ ထိုစကားကို ပြောခဲ့သူမှာ ယွင်ခိုင်ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်မိသည်။
လုမင်၏ မျက်လုံးများက အေးစက်သော သတ်ဖြတ်လိုစိတ်တို့ လင်းလက်လာ၏။ ယွင်ခိုင်က သူ့ကို အမြဲတမ်း ဆန့်ကျင်ဘက်ပြုနေပုံရသည်။ အခွင့်အရေးရပါက သူ့ကို တိုက်ရိုက် သတ်ပစ်ရတော့မည်။
ယခင်ကတော့ သူဟာ ယွင်ဧကရာဇ်တောင်၏ အစီရင်ဖြင့် ဝင်ရောက်လာပြီး၊ ပြန်ထွက်လျှင်လည်း ယွင်ဧကရာဇ်တောင်၏ အစီရင်ကို အသုံးပြုရမည်ဖြစ်သောကြောင့် ယွင်ခိုင်၏ ပြဿနာရှာခြင်းတို့ကို လျစ်လျူရှုခဲ့သည်။ ယခုတော့ သက်ညှာနေခြင်းက အသုံးဝင်ပုံမရပေ။ သူက ပို၍ပင် သောင်းကျန်းလာနေပြီ ဖြစ်သည်။ ထို့ကြောင့် လုမင်လည်း အခွင့်အရေးရသည်နှင့် သူ့ကို သုတ်သင်ပစ်ရန် ဆုံးဖြတ်လိုက်တော့သည်။
"ကောင်လေး... အပိုစကားတွေ ထပ်ပြောနေစရာ မလိုတော့ဘူး။ အခု မိစ္ဆာနတ်ဆိုးကျောက်တွေကို မြန်မြန်အပ်ပါ၊ ပြီးရင် နတ်ဆိုးတွေကို အမဲလိုက်ဖို့ ငါတို့နဲ့အတူ လိုက်ခဲ့တော့"
ခရမ်းရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ၊ ငါပေးမယ်"
လုမင် ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် လုမင်၏လက်ထဲတွင် သိုလှောင်လက်စွပ်တစ်ကွင်း ပေါ်လာပြီး မြင့်မြတ်သော လူငယ်လေးဆီသို့ ပစ်ပေးလိုက်၏။
မြင့်မြတ်သောလူငယ်လေးက သိုလှောင်လက်စွပ်ကို ဖမ်းယူလိုက်သည့်အခိုက်တွင် လုမင် ရုတ်တရက် လှုပ်ရှားလာတော့သည်။
သူက သိုင်းအုပ်ချုပ်သူနယ်ပယ် အဋ္ဌမအဆင့် အထွတ်အထိပ်မှ ခရမ်းရောင် ဝတ်စုံဝတ် လူငယ်ဆီသို့ တိုက်ရိုက် ပြေးသွား၏။
"မင်း..."
ထိုလူငယ် တုန်လှုပ်သွားသည်။ လုမင်ကို ရုတ်တရက် တိုက်ခိုက်လာမည်ဟု သူ မမျှော်လင့်ထားပေ။ သူက အသည်းအသန် ခုခံရန် ကြိုးစားလိုက်သည်။
သို့သော်လည်း အငိုက်မိသွား၍ သူ ပေါက်ကွဲထုတ်နိုင်သော စွမ်းအားက သူ့အင်အား ထက်ဝက်ခန့်သာ ရှိခဲ့သည်။ လုမင်ကို မည်သို့ တားဆီးနိုင်မည်နည်း။ လုမင်၏ လက်သီးအောက်တွင် ခရမ်းရောင် ဝတ်စုံဝတ် လူငယ်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားတော့သည်။
"အတင့်ရဲလိုက်တာ၊ သေစမ်း"
ဤအခိုက်တွင် မြင့်မြတ်သော လူငယ်လေး သတိပြန်ဝင်လာပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။ အလွန်တရာ ကြောက်ဖွယ်ကောင်းသော စွမ်းအားမျိုးဖြင့် လုမင်ထံသို့ လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်တော့သည်။