အခန်း ၁၆၀၅
Vol. 107 Ch. 1605
အပိုင်း ( 1605 ) လက်နက်တစ်သောင်း တာအိုကျမ်း။
"ဝုန်း"
တောင်တစ်လုံးကဲ့သို့ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က လုပ်ကြံသတ်ဖြတ်သူပေါ်သို့ ဖိကျသွားသည်။
"မဟုတ်ဘူး"
လုပ်ကြံသတ်ဖြတ်သူက ဟိန်းဟောက်ပြီး အသည်းအသန် ခုခံရန် ကြိုးစားလိုက်သော်လည်း မအောင်မြင်ခဲ့ပေ။ ဧရာမတံဆိပ်တော်က လုပ်ကြံသတ်ဖြတ်သူ၏ ခန္ဓာကိုယ်ကို ချေမှုန်းခဲ့ပြီး သူ၏ နတ်ဘုရားဝိညာဉ်ကိုပင် ဖျက်ဆီးပစ်တော့သည်။
အခြားလူသတ်သမားလည်း မျက်နှာပျက်သွားသည်။ သူက ထိုက်ကျိအင်းကွက်အတွင်းမှ ရုန်းထွက်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း ဘာမျှမတတ်နိုင်ဘဲ ဖြစ်နေသည်။ ထိုက်ကျိအစီရင်ချပ်ပြားက ဧကရာဇ်အဆင့်တူ ရတနာတစ်ခု ဖြစ်ချေသည်။ ၎င်းတွင် လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော မိုးနှင့်မြေအစီရင်လည်း ပါ၀င်ပြီး ဒုတိယခန္ဓာကို သန့်စင်စေခဲ့သည်။
၎င်းကို ပို၍ ကျွမ်းကျင်ပိုင်နိုင်လေ၊ စွမ်းအားက ပို၍ ကြီးမားလေလေပင်။
လုပ်ကြံသတ်ဖြတ်သူက အားမနည်းသော်လည်း ထိုက်ကျိအစီရင်ချပ်ပြားအောက်တွင် သူ့ကိုယ်သူ ကာကွယ်နိုင်ရုံမျှသာ ဖြစ်ခဲ့သည်။ ရုန်းထွက်နိုင်ရန် မဆိုထားဘိ၊ သူကိုယ်တိုင်ပင် ဒဏ်ရာရနေပြီ။
လူသတ်သမားတစ်ဦးကို သတ်ပြီးနောက် လုမင်က ကျန်လူသတ်သမားဆီသို့ ဦးတည်သွားခဲ့သည်။
"ဝုန်း"
ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ဖြင့် ထပ်မံ ထုနှက်လိုက်၏။ ရလဒ်က ထူးထူးခြားခြား မရှိတော့ပေ။
"သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်က မင်းကို ဘယ်တော့မှ အလွတ်မပေးဘူးကွ"
လူသတ်သမားက သေခါနီး အော်ဟစ် ကြိမ်းမောင်းလိုက်သည်။ ထို့နောက်တော့ သူ၏ ဝိညာဉ်ပါမကျန်အောင် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ဖြင့် ချေမှုန်းခံလိုက်ရတော့သည်။
လုမင်က သူ့လက်ကို ဝှေ့ယမ်းကာ လူသတ်သမားနှစ်ယောက်၏ သိုလှောင်လက်စွပ်များကို ဖမ်းယူလိုက်သည်။
"ငါ့ရဲ့ ကစဉ့်ကလျားတာအိုနယ်မြေက အဋ္ဌမအဆင့်ကို ရောက်သွားပြီ... ငါလည်း နေရာတစ်ခုရှာပြီး အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ကို အဆင့်တက်သင့်ပြီ"
လုမင် ရေရွတ်လိုက်သည်။ သူက လက်ဖျစ်တစ်ခတ်တီးလိုက်ရာ မီးတောက်နှစ်ခု ပြေးထွက်သွား၏။ လူသတ်သမားနှစ်ဦး၏ ရုပ်အလောင်းများက ပြာကျသည်အထိ လောင်ကျွမ်းခံလိုက်ရတော့သည်။ ထို့နောက်တွင်၊ သူ၏ အနက်ရောင်အတောင်ပံများကို ဖြန့်ကာ အက်ကြောင်းထဲမှ ထွက်သွားသည်။ အချိန်အတော်ကြာ ပျံသန်းပြီးနောက် လုမင်က တောင်တစ်လုံးပေါ်သို့ ပြေးဆင်းကာ တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်ရောက်ခဲ့သည်။
ထို့နောက်တွင် လုမင်က ကျောက်ကြမ်းများကို ထုတ်ယူပြီး အဆင့်တက်ရန် စတင်သန့်စင်လိုက်လေသည်။
ရက်အနည်းငယ်ကြာပြီးနောက်၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အစောပိုင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့သည်။
"သူတို့ရဲ့ သိုလှောင်လက်စွပ်တွေထဲမှာ ကောင်းကောင်းကန်းကန်း ဘာတွေများရှိမလဲ။ ကြည့်စမ်းမယ်၊ မှန်း..."
လုမင်က ဝမ်မျိုးနွယ်မှ ခရမ်းရောင် ဝတ်စုံဝတ် လူငယ်နှစ်ဦးနှင့် သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်မှ လုပ်ကြံသတ်ဖြတ်သူများ၏ သိုလှောင်ကွင်းများကို ထုတ်ယူလိုက်သည်။
ပထမဦးစွာ၊ လုမင်က သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်မှ လုပ်ကြံသတ်ဖြတ်သူများ၏ သိုလှောင်လက်စွပ်များကို စစ်ဆေးခဲ့သည်။
"အိုး... ရတနာတွေ အများကြီးပါလား။ ကံမကောင်းချင်တော့ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ လျှို့ဝှက်ပညာရပ်တွေ မရှိဘူး"
စစ်ဆေးကြည့်ပြီးနောက် လုမင်မှာ စိတ်လှုပ်ရှားသွားသော်လည်း၊ အနည်းငယ် စိတ်ပျက်သွားမိသည်။
သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်၏ လုပ်ကြံသတ်ဖြတ်သူများက ရတနာအတော်များများ ပိုင်ဆိုင်ကြပေသည်။ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်မှ သူတော်စင်တစ်ပိုင်း ပညာရှင်နှစ်ဦး၏ သိုလှောင်လက်စွပ်များတွင် သူတော်စင်ရတနာ ဆယ့်ငါးခုကျော် အမှန်တကယ် ရှိနေသည်။
နဂါးနန်းတော်၏ ဘဏ္ဍာတိုက်မှ လုမင်တို့ ရရှိခဲ့သော သူတော်စင်ရတနာများထက်ပင် ပို၍ ပေများသေးသည်။
သို့သော်လည်း တွေးကြည်မည်ဆိုလျှင် ပုံမှန်သာ ဖြစ်သည်။ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်မှ ဤလုပ်ကြံသတ်ဖြတ်သူနှစ်ဦးက မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် မရေမတွက်နိုင်သော ပါရမီရှင်များကို သတ်ခဲ့သည်။ ထို့ပြင်၊ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်သို့ ဝင်ရောက်လာသူများက ဧကရာဇ်အဆင့် အင်အားစုအသီးသီးမှ ထိပ်သီး ပါရမီရှင်များ ဖြစ်၏။ သူတို့တစ်ဦးစီတွင် သူတော်စင်ရတနာ အနည်းနှင့်အများ ရှိကြသည်။ သို့ဖြစ်ပေရာ... သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်မှ ဤလုပ်ကြံသတ်ဖြတ်သူ နှစ်ဦးတွင် သူတော်စင်ရတနာ အများအပြား ရှိနေခြင်းက မထူးဆန်းပါချေ။
သို့သော်လည်း လုမင်ဟာ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်၏ ကျင့်စဉ်များကို ပို၍ စိတ်ဝင်စားမိသည်။ သူတို့၏ လုပ်ကြံသတ်ဖြတ်မှု ပညာရပ်များက လွန်စွာ အစွမ်းထက်၏။ အသံတစ်ချက်မထွက်ဘဲ လူများကို တခဏချင်း သတ်နိုင်သည်။ ကံမကောင်းစွာဖြင့်၊ ၎င်းတို့ကို သူ မတွေ့ခဲ့ရပေ။
ထို့နောက်တွင် လုမင်က ဝမ်မျိုးနွယ်မှ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်လေး၏ သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်သည်။
ဝမ်မျိုးနွယ်မှ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်လေး၏ သိုလှောင်လက်စွပ်ထဲတွင်လည်း သူတော်စင်ရတနာ နှစ်ခု ရှိ၏။ ထို့ထက်၊ လုမင်၏နှလုံးသားကို လှုပ်ခတ်သွားစေသည့် အရာမှာ သေတ္တာငယ်တစ်လုံးထဲမှ ကျောက်စိမ်းပြားတစ်ခု ဖြစ်တော့သည်။
"လက်နက်တစ်သောင်း တာအိုကျမ်း"
လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။
ဝမ်မျိုးနွယ်မှ ဤကျင့်စဉ်က ပို၍ အံ့ဖွယ်ကောင်း၏။ ၎င်းက သူတော်စင်ရတနာနှင့် ဝိညာဉ်ရတနာများကို လူတစ်ယောက်၏ ခန္ဓာကိုယ်အတွင်း၌ အမှန်တကယ် တံဆိပ်ခတ်နိုင်သည်။ ထိုရတနာလက်နက်များ၏ စွမ်းအင်များကို ပေါင်းစည်းသောအခါ၊ စွမ်းအားက အနှိုင်းမဲ့ပြီး ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ ယင်းက လုမင်ကို ကောင်းစွာ အမှတ်ရစေခဲ့သည်။
လုမင်၏ အမူအရာက ချက်ချင်း လေးနက်လာပြီး အာရုံစိုက်လိုက်တော့သည်။
"အံ့သြစရာ... အံ့သြစရ... တကယ်ကို အံ့သြစရာပဲ"
အချိန်အတော်ကြာပြီးနောက် လုမင် သက်ပြင်းချလိုက်သည်။
ဝမ်မျိုးနွယ်၏ လက်နက်တစ်သောင်း တာအိုကျမ်းက တကယ်ကို အံ့မခန်းပင်။ ၎င်းက ဝိညာဉ်လက်နက်များကို လူတစ်ဦး၏ ခန္ဓာကိုယ်တွင် တံဆိပ်ခတ်နိုင်သည်။ လက်နက်များ ခန္ဓာကိုယ်ထဲတွင် ရှိနေသောအခါ၊ လက်နက်စွမ်းအင်များကို စုစည်းပြီး ကြောက်မက်ဖွယ် စွမ်းအားဖြင့် ပေါက်ကွဲနိုင်လိမ့်မည်။
ထို့ပြင်၊ လက်နက်တစ်ခုကို တံဆိပ်ခတ်လိုက်တိုင်း စွမ်းအားများက ပို၍ ကြီးမားလာမည် ဖြစ်သည်။
လူတစ်ဦး၏ ခန္ဓာကိုယ်တွင် အဓိက အပ်စိုက်မှတ်ပေါင်း သုံးရာ့ခြောက်ဆယ်နှင့် မရေမတွက်နိုင်သော အပ်စိုက်မှတ်လေးများ ရှိသည်။ အပ်စိုက်မှတ်အားလုံးတွင် လက်နက်များကို တံဆိပ်ခတ်နိုင်ပါက၊ စွမ်းအားမှာ မည်မျှ ကြောက်စရာကောင်းမည်နည်း။
ထို့ပြင်၊ တံဆိပ်ခတ်ထားသော လက်နက်အဆင့်က မြင့်မားလေလေ... စွမ်းအားက ပို၍ ကြီးမားလေ ဖြစ်သည်။
ဟုတ်ပေသည်၊ လက်နက်များကို အပ်စိုက်မှတ်များထဲသို့ တံဆိပ်ခတ်ရန်အတွက် လူတစ်ဦး၏ ရုပ်ခန္ဓာမှာ မြင့်မားသော လိုအပ်ချက် ရှိသည်။ ဝိညာဉ်ခန္ဓာက အစွမ်းထက်ပြီး ကျင့်ကြံခြင်းအခြေခံက မြင့်မားလေလေ၊ အစွမ်းထက် လက်နက်များကို ပို၍ တံဆိပ်ခတ်နိုင်လေဖြစ်၍ စွမ်းအားပိုကြိးလေလေပင်။
ယခင် ဝမ်မျိုးနွယ်မှ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်လေးနှစ်ဦးမှာ အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်များကိုသာ တံဆိပ်ခတ်နိုင်သည်။ သူတို့ထဲမှ တစ်ဦးက အုပ်ချုပ်သူဝိညာဉ်လက် ဆယ့်ရှစ်ခုကို တံဆိပ်ခတ်ထား၏။ သို့သော်လည်း သူတော်စင်ရတနာ တစ်ခုမျှပင် မပါဝင်ပေ။
ခရမ်းရောင်ဝတ်စုံဝတ် လူငယ်လေးများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက မလုံလောက်သေးကြောင်း ထင်ရှားသည်။ အကယ်၍ သူတော်စင်လက်များကို အတင်းအကြပ် တံဆိပ်ခတ်ထားလျှင်၊ သူတော်စင်လက်နက်၏ စွမ်းအားက သူတို့၏ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေလိမ့်မည်။
သို့တိုင်၊ အုပ်ချုပ်သူလက်နက် ဆယ့်ရှစ်ခုကို တံဆိပ်ခတ်လိုက်ရုံဖြင့် ကြောက်စရာကောင်းနေပြီ ဖြစ်သည်။ သူတော်စင်လက်နက်ကို အသုံးပြုထားသော ယွင်ရှီပင်လျှင် သူ၏ပြိုင်ဘက် မဟုတ်ခဲ့ပေ။
မြင့်မြတ်သောလူငယ်ဆိုလျှင် ပို၍ပင် ကြောက်စရာကောင်းသည်။ သူသည် သူတော်စင်လက်နက် ဆယ်ခုကို တိုက်ရိုက် တံဆိပ်ခတ်ထား၏။ သူ့တွင် နောက်ထပ်ရှိမရှိကို မည်သူမျှ မသိနိုင်ပေ။
သို့ရာတွင် မြင့်မြတ်သော လူငယ်လေးက ကောင်းကင်ဝိညာဉ်ခန္ဓာပိုင်ရှင် ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ ရောက်နေပြီ။ သူက သူတော်စင်လက်နက် ဆယ်ခုကို တံဆိပ်ခတ်နိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။
ထို့ပြင်၊ လက်နက်တစ်သောင်း တာအိုကျမ်းကို လေ့ကျင့်ရန် အလွန်ခက်ခဲသော အခြေအနေတစ်ရပ် ရှိခဲ့သည်။ လက်နက်တစ်သောင်း တာအိုကျမ်းကို လေ့ကျင့်လိုပါက လက်နက်တစ်သောင်း တာအိုနယ်မြေကို ဦးစွာ နားလည်ဆင်ခြရလိမ့်မည်။
လက်နက်တစ်သောင်း တာအိုနယ်မြေမှာ ကြောက်မက်ဖွယ်ကောင်းသော တာအိုနယ်မြေတစ်ခု ဖြစ်သည်။ ဤတာအိုနယ်မြေက ဓား၊ လှံ စသည်ဖြင့် အမျိုးမျိုးသော လက်နက်များ၏ တာအိုနယ်မြေအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိ၏။
မဟုတ်ပါက အမျိုးမျိုးသော လက်နက်များကို ပေါင်းစည်းရန် မဖြစ်နိုင်ပေ။
အကယ်၍ လက်နက်တစ်သောင်း တာအိုနယ်မြေကို လေ့ကျင့်ထားသူမဟုတ်ပါက၊ လက်နက်တစ်သောင်း တာအိုကျမ်းကို လေ့ကျင့်နိုင်မည် မဟုတ်ချေ။
ဝမ်မျိုးနွယ်မှ လူများက လက်နက်တစ်သောင်း တာအိုကျမ်းကို သူတို့နှင့်အတူ သယ်ဆောင်သွားနိုင်သည်မှာ အံ့ဩစရာ မဟုတ်တော့ပါ။ လူအများစုအတွက်တော့ ကျင့်စဥ်ကို ရရှိခဲ့လျှင်ပင် လေ့ကျင့်နိုင်မည် မဟုတ်ပေ။
သို့ရာတွင်... လုမင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
လက်နက်တစ်သောင်း တာအိုနယ်မြေလား။
လုမင်က ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေကို လေ့ကျင့်ထားသူ ဖြစ်သည်။ အမြင့်ဆုံးသော တာအိုနယ်မြေတချို့မှလွဲ၍... မည်သည့် တာအိုနယ်မြေအသွင်မဆို ပြောင်းလဲနိုင်ပေသည်။
သဘာဝအတိုင်း၊ သူက အမျိုးမျိုးသော လက်နက် တာအိုနယ်မြေများကို ပြောင်းလဲနိုင်သည်။ လက်နက်တစ်သောင်း တာအိုကျမ်းက လုမင်အတွက်တော့ ရိုးရှင်းလွန်းလှသည်။
လုမင်လည်း ချက်ချင်းဆိုသလိုပင် အာရုံစိုက်ပြီး နားလည်ဆင်ခြင်လိုက်လေသည်။ လက်နက်တစ်သောင်း တာအိုကျမ်းကို အောင်မြင်ပြီးနောက် လုမင်တွင် နောက်ထပ် အစွမ်းထက် နည်းလမ်းတစ်ခု ရှိလာမည် ဖြစ်သည်။
နှစ်ရက်အကြာတွင်၊ လုမင်၏ နားလည်ဆင်ခြင်မှု ပြီးသွားသည်။ နဂါးနက်လှံက သူ့လက်ထဲတွင် ပေါ်လာ၏။
လုမင်လည်း သူတော်စင်လက်နက်ကို အပ်စိုက်မှတ်များတွင် စတင် တံဆိပ်ခတ်တော့သည်။
လက်ရှိတွင်၊ လုမင်၏ ဝိညာဉ်ခန္ဓာက ကောင်းကင်ဝိညာဉ်ခန္ဓာ ဖြစ်သည်။ ထို့ပြင်၊ တူညီသောအဆင့်ရှိ ကောင်းကင်ဝိညာဉ်ခန္ဓာထက် ပိုမိုအားကောင်းသည့် ကစဉ့်ကလျားစွမ်းအင် အရိပ်အယောင်များ ရှိ၏။ သူတော်စင်လက်နက်နှင့် ပေါင်းစည်းခြင်းက သူ့အတွက် ပြဿနာမဟုတ်ကြောင်း ယုံကြည်မှုရှိခဲ့သည်။
"အပ်စိုက်မှတ်၊ ဖွင့်..."
ချက်ချင်းဆိုသလိုပင်၊ လုမင်က လက်နက်တစ်သောင်း တာအိုကျမ်းကို အသက်သွင်းလိုက်သည်။
သူ၏ ညာဖက်လက်ဖဝါးပေါ်တွင် တောက်ပသော အလင်းအစက်တစ်ခု ရှိနေသည်။ ၎င်းက သူ့ညာဖက်လက်ဖဝါးမှ အဓိက အပ်စိုက်မှတ်တစ်ခု ဖြစ်၏။
လူ့ခန္ဓာကိုယ်တွင် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် အဓိက အပ်စိုက်မှတ်ပေါင်း သုံးရာခြောက်ဆယ် ရှိသည်။ လက်ဖဝါးရှိ အပ်စိုက်မှတ်က ထိုအထဲမှ တစ်ခုပင်။
"တံဆိပ်ခတ်လော့"
လုမင် ဟိန်းဟောက်လိုက်သည်။ နဂါးနက်လှံက လျင်မြန်စွာ ကျုံ့သွားပြီး လုမင်၏ လက်ဖဝါးပေါ်မှ အပ်စိုက်မှတ်ထဲသို့ ဝင်ရောက်သွား၏။ ချက်ခြင်းပင်၊ ကြီးမားသော လက်နက်စွမ်းအင်ကို ခံစားလိုက်ရကာ သူ၏ အပ်စိုက်မှတ်များမှ ထိုးနှက်နေသကဲ့သို့ ပြင်းထန်သော နာကျင်မှုကိုလည်း ခံစားလိုက်ရတော့သည်။
သူ့ခန္ဓာကိုယ်သာ လုံလောက်အောင် ကြံ့ခိုင်မှုမရှိပါက၊ သူ၏ ကျင့်ကြံခြင်းအခြေခံသာ မမြင့်မားပါက၊ လက်နက်စွမ်းအင်များကြောင့် သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားနိုင်သည်။
သို့သော်လည်း လုမင်တွင် ကောင်းကင်ဝိညာဉ်ခန္ဓာ ရှိသည်။ သူ့ခန္ဓာကိုယ်က လွန်စွာ သန်မာ၏။ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသော်လည်း ချက်ချင်း ဖိနှိပ်ထားနိုင်ခဲ့သည်။ ခဏအကြာတွင် နဂါးနက်လှံက အပ်စိုက်မှတ်အတွင်း၌ ငြိမ်သက်သွားတော့သည်။
လုမင်က အသိစိတ်ပို့လွှတ်လိုက်သောအခါ သူ့လက်ဖဝါးမှ အပ်စိုက်မှတ်က ကမ္ဘာတစ်ခုကဲ့သို့ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ နဂါးနက်လှံက ထိုနေရာတွင် ငြိမ်သက်စွာ တည်နေ၏။ လုမင်၏ အတွေးတစ်ခုဖြင့်၊ နဂါးနက်လှံက သူ့လက်ဝါးထဲတွင် ပေါ်လာလိမ့်မည်။