← Chapters

အခန်း ၁၆၀၆

Vol. 108 Ch. 1606

အခန်း ၁၆၀၆

Vol. 108 Ch. 1606

အပိုင်း ( 1606 ) အသူရာကြိုးဝိုင်း။

သူတော်စင်လက်နက်ကို အောင်မြင်စွာ တံဆိပ်ခတ်ပြီးနောက် လုမင်မှာ ပို၍ ယုံကြည်မှုရှိလာခဲ့သည်။ ထို့နောက် အနက်ရောင်တောင်ပံများ ကို ထုတ်ဖော်လိုက်၏။ လုမင်က လက်နက်တစ်သောင်း တာအိုကျမ်းကို အသက်သွင်းလိုက်သောအခါ သူ့ကျောရိုးပေါ်တွင် အလင်းစက်တစ်ခု ပေါ်လာသည်။ လုမင်က အနက်ရောင်တောင်ပံများကို ကျောရိုးမှ အပ်စိုက်မှတ်တွင် တံဆိပ်ခတ်လိုက်တော့သည်။

သူတော်စင်ရတနာနှစ်ခုကို တံဆိပ်ခတ်ပြီးနောက် အိပ်စိုက်မှတ်နှစ်ခုသည် သွေးကြောများမှတစ်ဆင့် ချိတ်ဆက်သွားပုံရသည်။ လက်နက်စွမ်းအင်များက ကြိုးတစ်ချောင်းကဲ့သို့ ‌သွေးကြောများတစ်လျှောက် စီးဆင်းသွား၏။

ထို့နောက် လုမင်က ဓားတစ်ချောင်းကို ထပ်မံ ထုတ်ယူလိုက်သည်။ ထိုဓားကလည်း သူတော်စင်ရတနာတစ်ခုဖြစ်ပြီး လုမင်၏ ဘယ်ဘက်လက်ဖဝါးတွင် တံဆိပ်ခတ်ထားလိုက်တော့သည်။

အဆိုပါ အပ်စိုက်မှတ်သုံးခုကလည်း သွေးကြောများမှ တဆင့် ချိတ်ဆက်သွားကြသည်။

ထို့နောက် လုမင်က စတုတ္ထမြောက် သူတော်စင်လက်နက်ကို စတင်တံဆိပ်ခတ်ခဲ့လေသည်။

သူတော်စင်လက်နက်များကို ပို၍များများ တံဆိပ်ခတ်ထားလေလေ၊ လက်နက်စွမ်းအင်က ပို၍ အားကောင်းလေ ဖြစ်သည်။ ထို့အတူ၊ အပ်စ်ုမှတ်များအပေါ် ကျရောက်နေသော ဖိအားများက ပို၍ အားကောင်းလာ၏။ သူတော်စင်လက်နက်တစ်ခုကို တံဆိပ်ခတ်လိုက်တိုင်း၊ လုမင်၏ ခန္ဓာကိုယ်က ကွဲအက်တော့မည်ကဲ့သို့ ပြင်းပြသော နာကျင်မှုကို ခံစားခဲ့ရသည်။

သို့သော်လည်း လုမင်က အံကိုတင်းတင်းကြိတ်ပြီး သည်းခံခဲ့ပေသည်။

နောက်ဆုံးတွင် လုမင်က သူတော်စင်လက်နက် ဆယ်ခုကို တစ်ဆက်တည်း တံဆိပ်ခတ်လိုက်သည်။

သူတော်စင်လက်နက်ဆယ်ခုကို အပ်စိုက်မှတ်ဆယ်ခုတွင် တံဆိပ်ခတ်ထား၏။ ၎င်းတို့က သွေးကြောများမှတဆင့် ချိတ်ဆက်ထားပြီး စွမ်းအားမှာ အနှိုင်းမဲ့ ကြီးမားလာတော့သည်။

ထိုအချိန်တွင်၊ နောက်ဆုံးမှာတော့ လုမင်၏ အကန့်အသတ်သို့ ရောက်သွားသည်။ အကယ်၍ ဆက်လက် တံဆိပ်ခတ်ပါက၊ လုမင်၏ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိတော့မည် မဟုတ်ဘဲ လက်နက်စွမ်းအင်များကြောင့် ပေါက်ကွဲသွားမည်ဟု ခံစားခဲ့ရသည်။

အကယ်၍... သူတော်စင်လက်နက်များကို ပို၍ တံဆိပ်ခတ်လိုပါက၊ သူ၏ ကျင့်ကြံခြင်းအခြေခံ တိုးတက်လာရန် သို့မဟုတ် သူ၏ ဝိညာဉ်ခန္ဓာကို ဖွံ့ဖြိုးလာစေရန် လိုလိမ့်မည်။

"ဝှစ်"

လုမင်က ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ အတွေးတစ်ခုဖြင့် သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်းဆယ်ခု လင်းလက်လာသည်။ သူတော်စင်လက်နက်ဆယ်ခု ပေါ်လာပြီး လုမင် အနီးတစ်ဝိုက်တွင် မျောလွင့်နေ၏။ လုမင်က နဂါးနက်လှံဖြင့် ထိုးသွင်းလိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော လှံအလင်းက ပျောက်ကွယ်မသွားမီ မိုင်တစ်ထောင်ကျော်အထိ ဟင်းလင်းပြင်ကို ထိုးဖောက်ဝင်ရောက်သွားတော့သည်။

"ဒီစွမ်းအားက... တကယ်ကို အံ့မခန်းပါပဲလား။ လက်နက်တစ်သောင်း တာအိုကျမ်းတဲ့... တကယ်လို့ လက်နက်တစ်သောင်းကိုသာ တံဆိပ်ခတ်နိုင်ရင် သူ့ရဲ့စွမ်းအားက မိုးနဲ့မြေကိုတောင် ဖြိုခွဲနိုင်လိမ့်မယ်။ မဟာသူတော်စင်ရတနာ၊ အန္တိမသူတော်စင်ရတနာ ဒါမှမဟုတ် ဧကရာဇ်လက်နက်တို့လို ပိုအဆင့်မြင့်တဲ့ လက်နက်တွေကိုသာ တံဆိပ်ခတ်နိုင်ရင် သူ့ရဲ့စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ"

လုမင်၏မျက်နှာက အံ့သြခြင်းများဖြင့် ပြည့်နေခဲ့သည်။

လက်နက်တစ်သောင်း တာအိုကျမ်းက တကယ်ကို ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်ကျင့်စဉ်တစ်မျိုးပင်။

အကယ်၍ လက်နက်တစ်သောင်း တာအိုနယ်မြေကိုသာ လက်နက်တစ်သောင်း နိယာမအဖြစ် မြှင့်တင်နိုင်ပါက၊ ဤလျှို့ဝှက်ကျင့်စဉ်ကလည်း ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းရည်တစ်မျိုး ဖြစ်လာလိမ့်မည်။

လုမင်၏ အတွေးတစ်ခုဖြင့် သူတော်စင်လက်နက်ဆယ်ခုက အပ်စိုက်မှတ်များအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။

'သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်က ငါ့ရဲ့ မူလခန္ဓာအပေါ်မှာ သတ်ဖြတ်ခြင်း အမှတ်အသားတစ်ခု ထားခဲ့တယ်။ သူတို့က ဒီအမှတ်အသားကိုသုံးပြီး ငါ့ကိုရှာနိုင်တယ်ဆိုမှတော့ ဒုတိယခန္ဓာကိုပဲ အပြင်မှာထားပြီး မြို့တွေကို ရှာခိုင်းရတော့မှာပဲ။ မူလခန္ဓာကတော့ တောင်နဲ့မြစ်ပန်းချီကားအတွင်းမှာပဲနေပြီး မိစ္ဆာနတ်ဆိုးကျောက်တွေနဲ့ စိတ်ဝိညာဉ်စွမ်းအား မြှင့်တင်ရမယ်။ ဘာပဲဖြစ်ဖြစ် ငါ့အတွက် ပိုတောင်ကောင်းသေးတယ်လေ။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်တာပဲ'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်နေပြီးနောက်၊ သတ်ဖြတ်ခြင်းအမှတ်အသားမှတဆင့် မူလခန္ဓာကို ဆက်လက် အာရုံခံမိကြဦးမည်ဟု သူ မယုံပေ။

ထိုသို့တွေးမိပြီးနောက် ဒုတိယခန္ဓာ လုမင်က တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ ထွက်ခဲ့သည်။ ထို့နောက်မှာတော့ တောင်ပေါ်မှ ထွက်ကာ မျိုးနွယ်စုတစ်ရာစစ်မြေပြင်၏ နက်နဲရာဆီ ဦးတည်သွားသွားတော့သည်။

ထိုအချိန်တွင် တောင်နှင့်မြစ်ပန်းချီကားအတွင်း၌ မူလခန္ဓာ လုမင်က ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် မိစ္ဆာနတ်ဆိုးကျောက်တစ်လုံးကို ထုတ်ယူကာ စတင်သန့်စင်ခဲ့သည်။

မိစ္ဆာနတ်ဆိုးကျောက်၏ စွမ်းအင်များက သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီးနောက်၊ သူ့ဒန်တျန်အတွင်းသို့ စီးဆင်းကာ ဒြပ်ထုကြီးအဖြစ် နတ်ဘုရားဝိညာဉ်ကို လွှမ်းခြုံသွားလိမ့်မည်။ လုမင်လည်း သူ့စိတ်ထဲမှ ယားယံခြင်းအပြင် နာကျင်ကိုက်ခဲမှုကိုပါ ခံစားလိုက်ရသည်။

ယင်းက မိစ္ဆာနတ်ဆိုးကျောက်၏ စွမ်းရည်တစ်မျိုးဖြစ်ပြီး၊ ၎င်းက သူ၏ စိတ်စွမ်းအင်ကို ပို၍ တိုးတက်လာစေရန် လှုံ့ဆော်ပေးလိမ့်မည်။

နာရီအနည်းငယ်ကြာပြီးနောက် ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် မိစ္ဆာနတ်ဆိုးကျောက်ကို လုံးဝ သန့်စင်ပြီးသွားသည်။ လုမင်၏ စိတ်ဝိညာဉ်စွမ်းအင်ကလည်း အနည်းငယ် တိုးတက်လာပြီ။ တိုးတက်မှုက အနည်းငယ်သာဖြစ်သော်လည်း၊ နတ်ဘုရားဓားကျင့်စဉ်ကို လေ့ကျင့်ကာ သူ၏ စိတ်စွမ်းအင်ကို မြှင့်တင်ခြင်းထက် အဆအနည်းငယ် ပိုမြန်သည်။

ယင်းနောက်တွင်၊ လုမင်က နောက်ထပ် ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် မိစ္ဆာနတ်ဆိုးကျောက်တစ်လုံးကို ထုတ်ယူကာ ဆက်လက် သန့်စင်ခဲ့သည်။

ဒုတိယခန္ဓာ လုမင်ကတော့ သူ့အရှိန်အဝါကို ဖုံးကွယ်ပြီး မျိုးနွယ်စုတစ်ရာစစ်မြေပြင် နက်နဲရာသို့ ဦးတည်သွားနေလေ၏။

လမ်းတစ်လျှောက်တွင်လည်း အစွမ်းထက် ပါရမီရှင်များကြားမှ တိုက်ပွဲများစွာကို သူတွေ့ခဲ့ရသည်။ တိုက်ပွဲတိုင်းတွင် နှစ်ဖက်စလုံးက ပြင်းထန်စွာ ဒဏ်ရာရကြသည်၊ တစ်ဦးမှာလည်း သေသည့်အခါ သေရသေးသည်။

သို့သော်လည်း လုမင်က ဝင်စွတ်ဖက်ရန် စိတ်ကူးမရှိပါ။ ထိုပါရမီရှင်များကို မြင်သောအခါတိုင်း ရှောင်လွှဲသွားခဲ့သည်။ သူက နောက်ထပ် မလှုပ်ရှားခင်၊ မြို့တစ်မြို့ကို ဦးစွာရှာဖွေရန် စိတ်ကူးထားပေသည်။

မျှော်လင့်ထားသည့်အတိုင်း၊ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်မှ လုပ်ကြံသတ်ဖြတ်သူများက မူလခန္ဓာ လုမင်ကို ထပ်မံရှာမတွေ့တော့ပါ။ ဒုတိယခန္ဓာ လုမင်ထံလည်း ရောက်မလာတော့ပေ။

ရက်အနည်းငယ်ကြာပြီးနောက် သူ့ရှေ့တွင် မြို့ကြီးတစ်ခု ပေါ်လာသည်။

မြို့တော်က အလွန်ခမ်းနားပြီး နံရံများမှာလည်း မီတာရာချီ မြင့်မား၏။ မြို့အဝင်အထွက်ကိုတော့ စစ်သည်များက စောင့်ကြပ်နေကြသည်။

၎င်းတို့က မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် ကြီးပြင်းလာခဲ့ကြသော ဒေသခံများ ဖြစ်ချေသည်။

လုမင်လည်း မြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။ မမြို့တွင်းပိုင်းတွင် ဆိုင်များစွာရှိပြီး အလွန် စည်ကားသက်ဝင်သည်။ လူများစွာတို့ကလည်း ဟိုဟိုသည်သည် သွားလာလှုပ်ရှားနေ၏။

လမ်းများပေါ်တွင် လူငယ်ပညာရှင်များကို အခါအားလျော်စွာ မြင်တွေ့နိုင်သည်။ သူတို့တစ်ဦးစီမှ အားကောင်းသော အရှိန်အဝါများလည်း ထွက်ပေါ်နေ၏။ လုမင်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သောအခါ အများစုမှာ အဋ္ဌမအလွှာ သို့မဟုတ် နဝမအလွှာ သိုင်းအုပ်ချုပ်သူများဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ တခါတရံ သူတော်စင်တစ်ပိုင်း ပညာရှင်များကိုပင် တွေ့ရသေးသည်။

ထိုလူငယ်အများစုက လုမင်ကဲ့သို့ လေ့ကျင့်ရန် မျိုးနွယ်စုတစ်ရာစစ်မြေပြင်သို့ ဝင်ရောက်ခဲ့သူများ ဖြစ်သည်။

သို့သော်လည်း ထိုလူများက အနားယူရန် မြို့ထဲသို့ ရံဖန်ရံခါမှ ဝင်လာတတ်ပေသည်။

အမှန်တော့ မြို့ထဲတွင် ဒေသခံ သူတော်စင်နယ်ပယ် အကျော်အမော်များ ရှိသည်။ သူတို့က မြို့ထဲတွင် သတ်ဖြတ်ခွင့်မပေးသောကြောင့် အေးအေးဆေးဆေး ညှိနှိုင်းနိုင်ပေသည်။ ထို့ပြင်၊ မြို့ထဲတွင် ပါရမီရှင်များ အချင်းချင်း ရတနာများကို လဲလှယ်နိုင်သည့် အထူးဈေးတစ်ခု ရှိသည်။

မျိုးနွယ်စုတစ်ရာစစ်မြေပြင်က အန္တရာယ်များနှင့် အခွင့်အလမ်းများ ပြည့်နေသည်။ ရှေးဟောင်းစစ်ပွဲများအပြီးတွင် မရေမတွက်နိုင်သော ရတနာများ ကျန်ရစ်ခဲ့၏။ အချို့သူများက အသက်စွန့်ပြီး ရတနာတချို့ကို ရယူလာတတ်သည်။

မြို့ထဲတွင် လျှောက်ကြည့်ရင်း တည်းခိုခန်းတစ်ခုကို တွေ့လိုက်ရသည်။ လုမင်လည်း အခန်းတစ်ခန်း ငှားယူလိုက်လေသည်။

အခန်းထဲသို့ရောက်သောအခါ ဒုတိယခန္ဓာ လုမင်က တင်ပျဉ်ခွေထိုင်ပြီး စတင်လေ့ကျင့်လိုက်သည်။

နောက်ရက်အနည်းငယ်တွင်း၌ မူလခန္ဓာလုမင်ဟာ တောင်နှင့်မြစ်ပန်းချီကားတွင် မိစ္ဆာနတ်ဆိုးကျောက်များကို သန့်စင်နေခဲ့သည်။ သူ၏ နတ်ဘုရားဝိညာဉ်ကလည်း ပို၍ သန်မာလာပြီ။ ယခုအခါတွင်၊ သူ၏ ဝိညာဉ်စွမ်းအားက သူတော်စင်တစ်ပိုင်း ပထမအဆင့်သို့ ရောက်ရှိသွားပြီး သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်နှင့် နီးကပ်နေပြီ ဖြစ်သည်။

သို့သော်လည်း လုမင်က မရပ်တန့်ပါ။ သူက မိစ္ဆာနတ်ဆိုးကျောက်များကို ဆက်လက် သန့်စင်နေဆဲ ဖြစ်သည်။

လုမင် မြို့ထဲသို့ဝင်လာပြီး ဆယ်ရက်အကြာတွင် သူ၏ ဝိညာဉ်စွမ်းအားက အဆင့်တက်ပြီး သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ဤအဆင့်တွင် လုမင်၏ ဝိညာဉ်စွမ်းအားဖြင့် နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုပါက၊ ဒုတိယအဆင့် သူတော်စင်တစ်ပိုင်း အကျော်အမော်၏ နတ်ဘုရားဝိညာဉ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပြီ ဖြစ်သည်။

ထိုအချိန်တွင်မှ လုမင်က မိစ္ဆာနတ်ဆိုးကျောက်များ သန့်စင်ခြင်းကို ရပ်တန့်လိုက်လေသည်။

"အသူရာကြိုးဝိုင်းကို သွားရအောင်"

အတွေးတစ်ခုဖြင့် ဒုတိယခန္ဓာလုမင်က တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်ခဲ့သည်။ မူလခန္ဓာ လုမင်ကတော့ တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ထွက်ခဲ့၏။

ဤအတောအတွင်း၌၊ ဒုတိယခန္ဓာလုမင်ဟာ မြို့ထဲသို့ထွက်ရင်း သတင်းအမြောက်အမြားကို သိရှိခဲ့ရသည်။

တိုက်ခိုက်ရေးစင်မြင့်ဖြစ်သော အသူရာကြိုးဝိုင်းက မြို့တွင်း၌ တိုက်ခိုက်နိုင်သည့် တစ်ခုတည်းသော နေရာပင်။

အပြင်မှဝင်လာသော ပါရမီရှင်အများစုက အသူရာကြိုးဝိုင်းသို့သွားကာ ပြိုင်ဘက်များကို ရှာဖွေသည်။ သေခြင်းရှင်ခြင်း တိုက်ပွဲများကို ရင်ဆိုင်ကြ၏။ သေခြင်းရှင်ခြင်း၏ အစွန်းနှစ်ဖက်ကြားတွင် လျှောက်လှမ်းရင်း သူတို့၏အလားအလာများကို လှုံ့ဆော်ကာ တိုးတက်စေကြပေသည်။

လုမင်လည်း တိုက်ခိုက် လေ့ကျင့်ရန်အတွက် အသူရာကြိုးဝိုင်းသို့ လာခဲ့ခြင်း ဖြစ်သည်။

မကြာမီ၊ လုမင်၏ရှေ့တွင် အဆောက်အအုံတစ်ခု ပေါ်လာသည်။

အဆောက်အအုံက ကြီးတော့ မကြီးပေ။ လုမင်လည်း ဝင်လာပြီးနောက် တိုက်ပွဲစင်မြင့်တစ်ခုကို တွေ့လိုက်ရသည်။ စင်မြင့်ပတ်ပတ်လည်မှာတော့ ထိုင်ခုံမရှိပေ။ မတ်တပ်ရပ်လျက် ဝိုင်းကြည့်နေကြသော လူငယ်များသာ ရှိသည်။

စုစုပေါင်း လူရာဂဏန်းခန့် ရှိ၏။

တိုက်ပွဲစင်မြင့်ပေါ်မှာတော့ လူငယ်နှစ်ဦးက အပြင်းအထန် တိုက်ခိုက်နေကြသည်။

လူငယ်နှစ်ဦးစလုံးက အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီ။ သူတို့နှစ်ဦးစလုံးက မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာပိုင်ရှင်များ ဖြစ်သည်။ သူတို့နှစ်ဦးက တိုက်ကွက်ရာချီကာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြသော်လည်း အနိုင်ရသူကို ဆုံးဖြတ်ရန် ခက်ခဲနေသေးသည်။

"ဝှစ်... ဝှစ်"

သူတို့နှစ်ဦးက တိုက်ပွဲစင်မြင့်၏ အစွန်းနှစ်ဖက်တွင် ဒဏ်ရာကိုယ်စီဖြင့် ရပ်နေခဲ့ကြသည်။ နှစ်ဦးစလုံး ဒဏ်ရာရရှိနေကြပြီ။

သို့သော်လည်း တိုက်ပွဲစင်မြင့်ကို အလင်းအလွှာတစ်ခုက ဖုံးလွှမ်းထားသောကြောင့်၊ တိုက်ပွဲအတွင်းမှ ထွက်ခွာရန် ခက်ခဲသည်။

ဒုတိယခန္ဓာလုမင်၏ စုံစမ်းမှုဖြင့်၊ ဤတိုက်ခိုက်ရေးကွင်းကို အသူရာကြိုးဝိုင်းဟုခေါ်ကြောင်း သိရှိထားပြီး ဖြစ်သည်။ တိုက်ပွဲစင်မြင့်သို့ တက်ရောက်ပြီးနောက် အတားအဆီးအလွှာတစ်ခု ပေါ်လာလိမ့်မည်။ တိုက်ပွဲစင်မြင့်မှ ထွက်ခွာလိုပါက နည်းလမ်းနှစ်ခုသာ ရှိသည်။

ပထမအချက်မှာ ပြိုင်ဘက်ကိုသတ်ပြီး တိုက်ပွဲကို အဆုံးသတ်ရန် ဖြစ်သည်။

ဒုတိယအချက်ကတော့ နာရီဝက်အထိ တောင်ခံထားခြင်းပင်။ နာရီဝက်ကြာပြီးနောက်၊ အလင်းအတားအဆီးက ပျောက်ကွယ်သွားပြီး တိုက်ပွဲစင်မြင့်မှ ထွက်ခွာသွားနိုင်မည် ဖြစ်သည်။

အသူရာကြိုးဝိုင်းတွင် အရှုံးပေးပိုင်ခွင့် မရှိပေ။

ထို့ကြောင့် အသူရာကြိုးဝိုင်းသို့ တက်လာပြီးနောက်၊ မိမိထက် များစွာ သန်မာသော ပြိုင်ဘက်ကို ရင်ဆိုင်မိပါက အဆုံးသတ်မှာ သေလမ်းတစ်ခုသာ ရှိသည်။

ထို့ကြောင့် ဤနေရာတွင် လူအများစုက မိမိနှင့် ကျင့်ကြံခြင်း အဆင့်တူသူ သို့မဟုတ် သူတို့ထက် အဆင့်အနည်းငယ်မြင့်မားသော ပြိုင်ဘက်များကိုသာ တိုက်ခိုက်ရန် ရွေးချယ်တတ်ပေသည်။

All Chapters