← Chapters

အခန်း ၁၆၀၉

Vol. 108 Ch. 1609

အခန်း ၁၆၀၉

Vol. 108 Ch. 1609

အပိုင်း ( 1609 ) ဖိအားအောက်တွင် တိုးတက်ခြင်း။

"ဝုန်း"

ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူငယ်က ရှေ့သို့ လှမ်းလိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာ၏။ သွေးနီရောင် အလင်းတန်းတစ်ခုကလည်း ကောင်းကင်သို့ ထိုးတက်သွားပြီးနောက် သူ့ခန္ဓာကိုယ်တဝိုက်တွင် လှည့်ပတ်နေတော့သည်။

"သွေးနတ်ဘုရား ပိုင်းဖြတ်ခြင်း"

သွေးနီရောင်အလင်းတန်းက နတ်ဘုရားဓားတစ်လက်ကဲ့သို့ လုမင်ကို ခုတ်ပိုင်းချလိုက်သည်။

ဤသွေးနီရောင်အလင်းတန်းက လုမင်အား ကြီးမားသော အန္တရာယ်ကို ခံစားရစေသည်။

လုမင်၏ ခန္ဓာကိုယ်အတွင်းမှ နဂါးဟိန်းသံကို ကြားလိုက်ရသည်။ သူ့ဦးခေါင်းအထက် လေထဲတွင် ကခုန်နေသော နဝမနဂါးပုံရိပ်က ဝိုးတဝါး ပေါ်လာ၏။

မိုးနှင့်မြေ၏ သဘာဝရူပါရုံ။

လုမင်က နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာကို အဆုံးစွန်ထိ ထုတ်ဖော်လိုက်သောကြောင့် မိုးနှင့်မြေ၏ သဘာဝရူပါရုံ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် လုမင်က ပြင်းပြင်းထန်ထန် ခြေဆောင့်လိုက်၏။ သူ့ခန္ဓာကိုယ်က နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားလာပြီးနောက် လှံရှည်ဖြင့် ထိုးသွင်းလိုက်တော့သည်။

"ချွမ်"

နဂါးနက်လှံက သွေးနီရောင်အလင်းတန်းနှင့် တိုက်မိသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက လုမင်ကို ထက်ခြမ်းခွဲလိုဟန်ဖြင့် နဂါးနက်လှံကို ဖြတ်သန်းစီးဆင်းလာ၏။

လုမင်၏ ခန္ဓာကိုယ်က တုန်ခါပြီး နောက်ကိုဆုတ်သွားရတော့သည်။

'သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်က ပထမအဆင့်ထက် တကယ်ကို ပိုအားကောင်းတာပဲ။ နိယာမစွမ်းအားက ဖျက်ဆီးမရသလို တားဆီးလို့လည်း မရဘူး'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူငယ်လေးက ဝမ်မျိုးနွယ်မှ မြင့်မြတ်သောလူငယ်လေးနှင့် တူညီသော ကျင့်ကြံခြင်းအခြေခံ ရှိသည်။ သို့သော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းက ဝမ်မျိုးနွယ်မှ မြင့်မြတ်သော လူငယ်များထက် များစွာ ပိုအားနည်း၏။ ဝမ်မျိုးနွယ်မှ မြင့်မြတ်သောလူငယ်လေးက ကောင်းကင်ဝိညာဉ်ခန္ဓာဖြင့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

သို့ပေ‌သော်ငြား၊ ထိုလူငယ်က ဝမ်မျိုးနွယ်မှ မြင့်မြတ်သောလူငယ်လေးထက် အဆများစွာ အားနည်းလျှင်ပင်၊ သူ၏အင်အားက အလွန်တရာ အားကောင်းနေဆဲပင်။ နောက်ဆုံးတွင်၊ သူက နိယာမ၏စွမ်းအားကို ထိန်းချုပ်နိုင်သည်။

နိယာမက ဤလောက၏ အခြေခံအုတ်မြစ် ဖြစ်ချေသည်။

"မင်းက ငါ့ရဲ့ တိုက်ခိုက်မှုနှစ်ခုကို တားဆီးနိုင်တာပဲ၊ မဆိုးဘူး။ ဒါပေမဲ့... ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်"

ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူငယ်က အေးစက်စက် ပြောလိုက်သည်။ သူက နိယာမစွမ်းအားကို ထိန်းချုပ်ပြီး လုမင်ကို ဆက်လက်တိုက်ခိုက်လိုက်သည်။

"ဟုတ်လား"

လုမင်၏ မျက်လုံးများမှ တိုက်ခိုက်လိုစိတ်က ပို၍ ပြင်းထန်လာ၏။ သူ့ခန္ဓာကိုယ်က လင်းလက်ပြီး သူတော်စင်ရတနာများ ပေါ်လာကာ သူ့ခန္ဓာကိုယ်တဝိုက်တွင် လွင့်မျောနေတော့သည်။

စုစုပေါင်း သူတော်စင်ရတနာ ဆယ်ခုရှိသည်။ ထိုသူတော်စင်ရတနာများ၏ စွမ်းအားက လုမင်၏ အရှိန်အဝါကို ပို၍ အားကောင်းစေသည်။

"လက်နက်တစ်သောင်း တာအိုကျမ်း၊ မင်းက ဝမ်မျိုးနွယ်ကပဲ"

ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူငယ်လေး၏ မျက်ပေါက်များ ကျဉ်းမြောင်းသွားသည်။

လုမင်ကတော့ ပြုံးရုံသာပြုံးပြီး ဘာမျှမပြောပေ။

"ဝမ်မျိုးနွယ်က နောက်ထပ် ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးလိုက်ပုံရတယ်။ မင်းသေသင့်ပြီ"

ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူငယ်လေးက အေးစက်စက် ပြောလိုက်သည်။ သွေးနီရောင်အလင်းက လုမင်ထံသို့ တိုးဝင်သွား၏။

"ဝုန်း"

နဂါးနက်လှံဖြင့် ထိုးသွင်းလိုက်ရာ၊ လှံက တုန်ခါသွားပြီး နဂါးဟိန်းသံကို ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင်၊ လုမင်၏ ဘယ်ဘက်က သူတော်စင်ရတနာဓားကိုကိုင်ပြီး လွှဲခုတ်လိုက်တော့သည်။

"ဝုန်း၊ ဝုန်း"

ဤတစ်ကြိမ် ပေါက်ကွဲသံနှစ်ခုအပြီးမှာလည်း လုမင် နောက်ပြန်ဆုတ်သွားရပြန်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် ယခင်ကနှင့်မတူဘဲ ခြေလှမ်းအနည်းငယ်သာ ဆုတ်ခဲ့ရပေသည်။

"သတ်... သတ်... သတ်"

ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူငယ်လေးက မာန်သွင်းပြီး သွေးနီရောင်အလင်းများနှင့် အဆက်မပြတ် ခုတ်ချလိုက်သည်။

လုမင်ကလည်း လုံးဝ နောက်မတွန့်ပေ။ သူက ရှေ့သို့ ပြေးတက်သွားသည်။ သူ့မျက်လုံးများမှ အနက်ရောင်အလင်းနှစ်ခုလည်း လှစ်ခနဲ ပြေးထွက်သွား၏။

နတ်ဘုရားဓားကျင့်စဉ်ကို ထုတ်ဖော်လိုက်သောအခါ ပြင်း‌ထန်သော နာကျင်မှုတို့ ခံစားနေရသကဲ့သို့ ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူငယ်လေး၏ မျက်လုံးများက တုန်ယင်သွားသည်။

သို့သော်လည်း အံကြိတ်သည်းခံပြီး နိယာမစွမ်းအားဖြင့် လုမင်အား ဆက်လက်တိုက်ခိုက်ခဲ့ပေသည်။

သို့ရာတွင်၊ လုမင်၏ စိတ်ဝိညာဉ်စွမ်းအားက ဒုတိယအဆင့် သူတော်စင်တစ်ပိုင်း ပညာရှင်၏ စိတ်ဝိညာဉ်စွမ်းအားထက် အားနည်းမှုမရှိပါ။ တစ်ဖက်လူငယ်က တိုက်ခိုက်မှုကို သည်းခံနိုင်သော်လည်း၊ သူ၏ တိုက်ခိုက်မှုမှာ သိသိသာသာ လျော့ကျသွားခဲ့သည်။

"ဝုန်း... ဝုန်း"

သူတို့နှစ်ဦးက အင်အားအပြည့်ဖြင့် တိုက်ကွက်အနည်းငယ် ထပ်မံ ရင်ဆိုင်ခဲ့ကြသည်။

ဤတစ်ကြိမ်တွင် လုမင်က နောက်တစ်ကြိမ် ဆုတ်သွားသော်လည်း ခြေလှမ်းအနည်းငယ်မျှသာ ဖြစ်သည်။ သူက အားနည်းမှု မရှိသလောက် ဖြစ်နေပြီ။

တိုက်ပွဲစင်မြင့်အောက်မှ လူအားလုံး တုန်လှုပ်သွားကြသည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်း၏။ သူသည် အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်တွင်သာ ရှိနေဆဲဖြစ်သော်လည်း၊ ဒုတိယအဆင့် သူတော်စင်တစ်ပိုင်း ပါရမီရှင်ကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်သည်။

"မကောင်းဆိုးရွား ပါရမီရှင်ပဲ"

တစ်ယောက်ယောက်က မနေနိုင်တော့ဘဲ အော်လိုက်သည်။

"ဧကရာဇ်အဆင့် အင်အားစုတစ်ခုရဲ့ အသန်မာဆုံး ပါရမီရှင်တောင် ဒီလို တိုက်ခိုက်နိုင်စွမ်းမျိုး မရှိနိုင်ဘူး။ ရှေးကျပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အင်အားစုကြီးတွေမှာသာ ဒီလို ပါရမီရှင်မျိုး ရှိလောက်တယ်"

"အမှန်ပါပဲ၊ ဝမ်မျိုးနွယ်ကတော့ ဒီလိုပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးခဲ့ပြီ"

ပါရမီရှင်များစွာက ဆွေးနွေးပြောဆိုလိုက်ကြသည်။

တိုက်ပွဲစင်မြင့်မှာတော့ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့သည်။

နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုပြီးနောက်၊ နောက်ဆုံးတွင် လုမင်က ပြိုင်ဘက်နှင့် ရင်ဆိုင်နိုင်ခဲ့ပြီ။ မကြာမီ၊ သူတို့နှစ်ဦးက တိုက်ကွက် ဒါဇင်နှင့်ချီကာ ရင်ဆိုင်ခဲ့ကြသည်။

"​ကောင်းတယ်​... ကောင်းတယ်ဟေ့"

လုမင်က ကျေနပ်အားရစွာ‌ အော်ဟစ်လိုက်သည်။ နဝမနဂါးပုံရိပ်ကလည်း ကောင်းကင်ကိုမော့ကာ ဟိန်းဟောက်၏။ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်မှတပါး၊ လုမင်က အစွမ်းကုန်သုံးကာ တိုက်ခိုက်နေတော့သည်။

နှစ်ယောက်သား ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများက ပတ်ဝန်းကျင်ကို ဖြာထွက်နေ၏။ စွမ်းအင်လှိုင်းများက အတားအဆီး အလင်းမျက်နှာပြင်ကို အဆက်မပြတ် ရိုက်ခတ်နေခဲ့သည်။

"မင်းက ငါ့ကို ဓားသွေးကျောက်အဖြစ် သုံးနေတာလား"

ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူငယ်လေး၏ မျက်လုံးအကြည့်များက အေးစက်သွားသည်။

လုမင်က သူ့ကိုယ်သူလေ့ကျင့်ရန်အတွက် သူမကို ဓားသွေးကျောက်အဖြစ် အသုံးပြုနေမှန်း သူ သိ၏။

သို့သော်လည်း သူကိုယ်တိုင် အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်တွင်သာရှိသော လုမင်ထံမှ ဖိအားများစွာကို ခံနေရသည်။ ယင်းက သူ့ကို တိုးတက်လာစေရန် တွန်းအားပေးနိုင်ပေသည်။

တိုက်ပွဲက မရပ်တန့်ဘဲ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူငယ်လေးက သိသိသာသာ အားကောင်းသည်။ သို့ရာတွင်၊ လုမင်ကလည်း နည်းလမ်းများစွာကို ပိုင်ဆိုင်ထား၏။ နတ်ဘုရားဓားကျင့်စဉ်တစ်ခုတည်းက တစ်ဖက်လူကို ခြိမ်းခြောက်ရန် လုံလောက်သည်။ ထို့ပြင်၊ နဂါးနတ်ဘုရားတိုက်ခိုက်ရေးခန္ဓာက ကြွယ်ဝသော အသက်ဓာတ်နှင့် ကြံ့ခိုင်သော သက်လုံရှိသည့် ကောင်းကင်ဝိညာဉ်ခန္ဓာ ဖြစ်သည်။ သူက ဘယ်သောအခါမှ မောပန်းလိမ့်မည် မဟုတ်သလိုပင်။

တစ်ဖက်လူက သန်မာသော်လည်း လုမင်ကို သတ်ချင်လျှင်တော့ လွယ်ကူမည် မဟုတ်ချေ။

တိုက်ပွဲက အလွန်ပြင်းထန်ပြီး ရှည်ကြာခဲ့သည်။ နာရီဝက်ကြာပြီးနောက် တိုက်ပွဲစင်မြင့် ပတ်ဝန်းကျင်မှ အလင်းမျက်နှာပြင်က ပျောက်ကွယ်သွား၏။

"ဝုန်း"

သူတို့နှစ်ဦးလည်း နောက်ဆုံး ထိုးနှက်ချက်တစ်ခုကို ဖလှယ်ပြီးနောက် တိုက်ပွဲစင်မြင့် တစ်ဖက်စီသို့ ဆုတ်ခွာသွားတော့သည်။

"ဖူး"

လုမင်က သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။ ဤမျှကြာရှည်စွာ တိုက်ခိုက်ပြီးနောက် နိယာမစွမ်းအားကြောင့် သူ ဒဏ်ရာရရှိခဲ့ပေသည်။

သို့ရာတွင်၊ သူ့ပြိုင်ဘက်မှာလည်း အသက်ကို ခက်ခက်ခဲခဲရှူရင်း မောဟိုက်နေသည်။ ဤတိုက်ပွဲတွင် သူ၏ စွမ်းအင်များစွာကို သုံးစွဲခဲ့ရပေသည်။

"နောက်တစ်ခါမှ ထပ်တိုက်ကြရအောင်"

ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူငယ်လေးက ထိုသို့ပြောဆိုပြီးနောက် နေရာမှ ထွက်ခွာသွားခဲ့သည်။

"မင်းရဲ့တိုက်ပွဲကို ငါစောင့်နေမယ်"

လုမင် ပြောလိုက်သည်။ ထို့နောက် တိုက်ပွဲစင်မြင့်မှ ခုန်ဆင်းကာ ထွက်ခွာသွား၏။ မကြာမီ သူက တည်းခိုခန်းသို့ ပြန်လာပြီး တောင်နှင့်မြစ်ပန်းချီကားအတွင်း ဝင်ရောက်သွားတော့သည်။

လုမင်က ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်နေသည်။ ကောင်းကင်တာအိုကျောက်တုံးကလည်း လေထဲတွင် မျောလွင့်နေ၏။ သူက တိတ်တဆိတ် နားလည်ဆင်ခြင်လိုက်လေသည်။

ထိုတိုက်ပွဲတွင် သူ့ပြိုင်ဘက်၏ အပြည့်အဝ ဖိနှိပ်ခံခဲ့ရသည်။ သူဆိုလျှင် သေခြင်းရှင်ခြင်း အခြေအနေသို့ပင် ရောက်ခဲ့ရသေးသည်။ သို့သော်လည်း ယင်းက သူ၏ ပုန်းကွယ်နေသေးသော စွမ်းရည်များကို နိုးထစေကာ အကျိုးအမြတ် များခဲ့သည်။

သို့သော်ငြားလည်း သေခြင်းရှင်ခြင်း အစွန်းရောက်ဘုံကိုတော့ မဝင်နိုင်ခဲ့ပေ။ သေခြင်းရှင်ခြင်း အစွန်းရောက်ဘုံက ဝင်ရောက်နိုင်ရန် အလွန်တရာ ခက်ခဲပုံရသည်။ နောက်ဆုံးအကြိမ် သူ ဝင်ရောက်ခဲ့တာကလည်း ကံကောင်းခြင်းတစ်ခုပင်။

နှစ်ရက်အကြာတွင် လုမင်က လေ့ကျင့်ခြင်းကို အဆုံးသတ်ပြီး မျက်လုံးဖွင့်လိုက်သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ တိုက်ပွဲမှာဆိုရင် ငါ ပိုပြီးတော့ မြန်မြန်ဆန်ဆန် တိုးတက်အောင် လုပ်နိုင်တယ်"

လုမင် ပြုံးလိုက်သည်။

နှစ်ရက်အကြာတွင် သူ၏ဒဏ်ရာများက လုံးဝပျောက်ကင်းသွားခဲ့သည်။ ထို့ပြင်၊ သူ၏ ကစဉ့်ကလျားတာအိုနယ်မြေက တိုးတက်ကောင်းမွန်လာပြီး အဋ္ဌမအဆင့်၏ အလယ်အလတ်အဆင့်သို့ ရောက်လုနီးနေပြီ။

သူ ပုံမှန်အတိုင်း လေ့ကျင့်ခဲ့မည်ဆိုလျှင်၊ ထိုသို့သော ရလဒ်များရရှိရန် လပေါင်းများစွာ ကြိုးစားအားထုတ်ရပေလိမ့်မည်။

"ဆက်လုပ်မယ်"

လုမင်က တောင်နှင့်မြစ်ပန်းချီကားမှ ထွက်လာပြီး အသူရာကြိုးဝိုင်းသို့ ထပ်မံရောက်ရှိလာခဲ့သည်။

အသူရာကြိုးဝိုင်းကို ရောက်လာသောအခါ လူများစွာ ကြောက်ရွံ့ဟန်ဖြင့် လုမင်အား လှမ်းကြည့်ကြ၏။

လုမင်က အသူရာကြိုးဝိုင်းတွင် နာမည်ကြီးနေပြီ ဖြစ်သည်။

"နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီပေါ့... ဆက်ပြီး တိုက်ခိုက်ကြရအောင်"

ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူငယ်လေးက ကြိုရောက်နေနှင့်ပြီး လုမင်ကို‌ စေ့စေ့ကြည့်လိုက်သည်။

"ဒါက ငါလိုချင်တဲ့အတိုင်း အတိအကျပဲ"

လုမင် ပြန်ပြောလိုက်၏။

လုမင်နှင့် ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူငယ်လေးက တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်သွားခဲ့သည်။ ထို့နောက်မှာတော့ အပိုစကားများ မပြောတော့ဘဲ တိုက်ပွဲကို ချက်ချင်း စတင်လိုက်တော့သည်။

ဤတစ်ကြိမ်မှာလည်း နာရီဝက်ကြာ တိုက်ခိုက်ပြီးနောက် တစ်ဖက်စီသို့ ခုန်ဆုတ်သွားကြသည်။ ယခုတစ်ခေါက်မှာတော့ လုမင်က သွေးမအန်တော့ပေ။ သူ့ဒဏ်ရာများကလည်း ယခင်ကထက် သက်သာမှုရှိခဲ့သည်။

"ငါက ရွှီယန်"

ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူငယ်လေးက ပြောလိုက်သည်။

"လုမင်"

လုမင် ပြန်ပြောလိုက်၏။

"ငါတို့ နောက်တစ်ရက်မှ တိုက်ခိုက်မယ်"

"နောက်တစ်ရက်မှ ထပ်တိုက်ကြတာပေါ့"

နှစ်ယောက်သား စကားတစ်ခွန်းကို အသီးသီးပြောလိုက်သည်။ ထို့နောက်မှာတော့ တိုက်ပွဲစင်မြင့်ပေါ်မှ ခုန်ဆင်းကာ ဤနေရာမှ ထွက်ခွာသွားတော့သည်။

All Chapters