အခန်း ၁၆၁၁
Vol. 108 Ch. 1611
အပိုင်း ( 1611 ) ဆမ်ဆာရာ ဧကရာဇ်၏ ဂူသင်္ချိုင်း။
စစ်မာလျန်နှင့် ကျောက်ခွမ်းတို့၏ တိုက်ခိုက်မှုများက ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်ကာ ဒဲ့ဒိုးဆန်သည်။
သူတို့နှစ်ဦးက အဆက်မပြတ် တိုက်ခိုက်နေပြီး တစ်မြို့လုံး တုန်လှုပ်နေခဲ့ရ၏။ တိုက်ပွဲက ပြင်းထန်သလို သူတို့ နှစ်ယောက်၏ အပေါ်မှ ကောင်းကင်ယံမှာလည်း ထူးခြားသော သဘာဝရူပါရုံနှစ်ခု ပေါ်လာတော့သည်။
ဝိညာဉ်ခန္ဓာ၏ အခြေခံအုတ်မြစ်မှာ သွေးမျိုးဖြစ်သည်။ သွေးမျိုးဆက်မှ ဝိညာဉ်ခန္ဓာအဖြစ် အသွင်ပြောင်းခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် တစ်နည်းအားဖြင့် ယင်းဖြစ်စဉ်သည် သွေးမျိုးဆက်၏ နိမိတ်ပုံရိပ်တစ်ခုဆိုလျှင် မှားမည် မဟုတ်ပေ။
ဥပမာအားဖြင့်၊ လုမင်၏ သဘာဝရူပါရုံမှာ ကောင်းကင်ယံ၌ ကခုန်နေသော နဝမနဂါး ဖြစ်သည်။ သူ၏ ဝိညာဉ်ခန္ဓာ၏ သွေးမျိုးဆက်က နဝမနဂါးပင် မဟုတ်ပါလား။
ကောင်းကင်တွင် လူလေးယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။ တိုက်ကွက်တစ်ရာကျော်လာသော်လည်း အနိုင်အရှုံးကို ခွဲခြားမရသေးပေ။
နောက်ပိုင်းတွင် ကျောက်ခွမ်းက ရူးသွပ်စွာဖြင့် ဟွမ်လင်နှင့် ဝမ်ထျန်းချန်ကိုပါ ဆွဲခေါ်သွား၍ လေးဦးသား ဖရိုဖရဲ တိုက်ပွဲကြီးအဖြစ် ပြောင်းလဲသွားရသည်။
ဤသည်မှာ မျိုးနွယ်စုတစ်ရာ စစ်မြေပြင် ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ရန်အတွက် အကြောင်းပြချက် မလိုပေ။ အဓိက က မိမိကိုယ်ကို လေ့ကျင့်ရန်သာ ဖြစ်သည်။
သူတို့လေးယောက်၏ ဖရိုဖရဲတိုက်ပွဲက ပို၍ပင် ပြင်းထန်လာသည်။ သို့သော်လည်း အကြိမ်တစ်ရာကျော် လှုပ်ရှားပြီးသည့်တိုင် အားသာသူ အားနည်းသူ မခွဲနိုင်သေးပါ။ နောက်ဆုံးမှာတော့ သူတို့လေးယောက်က ထောင့်လေးထောင့်သို့ အသီးသီး ဆုတ်ခွာသွားကာ တိုက်ပွဲကို ရပ်လိုက်ကြသည်။
"ဟားဟားဟား၊ ဒီနေ့ တကယ်ကို ပျော်စရာကောင်းတာပဲ။ နောက်တစ်ရက်မှ ထပ်တိုက်ကြရအောင်"
ကျောက်ခွမ်းက အားပါးတရ ရယ်မောလိုက်သည်။ ထို့နောက်တွင် သူ လှည့်ထွက်သွား၏။
ထို့နောက် စစ်မာလျန်လည်း ထွက်သွားသည်။
အဆုံးတွင် ဝမ်ထျန်းချန်နှင့် ဟွမ်လင်တို့က တစ်ယောက်ကိုတစ်ယောက် အေးစက်စက်ဖြင့် ကြည့်လိုက်ကြသည်။ ထို့နောက်မှာတော့ နောက်သို့လှည့်ပြီး မြို့ထဲကို ဝင်ရောက်သွားကြတော့သည်။
အထွတ်အထိပ်တိုက်ပွဲက ပြီးဆုံးသွားသော်လည်း မုန်တိုင်းမှာ ပြီးဆုံးရန် ဝေးနေဆဲ ဖြစ်သည်။
လူအများက ထိုပါရမီရှင်များ ဤနေရာသို့ ရောက်လာရခြင်း အကြောင်းရင်းကို ခန့်မှန်းပြောဆိုနေကြ၏။ အနီးတဝိုက်တွင် ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သည် သို့မဟုတ် ရတနာအချို့ ပေါ်လာတော့မည် ဖြစ်ကောင်းဖြစ်လိမ့်မည်။
ပုံမှန်အားဖြင့်တော့ ထိပ်သီး ရတနာများကသာ ဤပါရမီရှင်များကို မျိုးနွယ်စုတစ်ရာ စစ်မြေပြင်၏ အစွန်အဖျားဒေသသို့ ဆွဲဆောင်နိုင်မည် ဖြစ်သည်။
လုမင်ကတော့ တည်းခိုခန်းမှ သူ့အခန်းထဲသို့ ပြန်ရောက်နေပြီ။
ဝမ်ထျန်းချန်နှင့် အခြားသူများ၏ တိုက်ခိုက်ရေးအင်အားက အမှန်တကယ် ကြောက်စရာကောင်းလှသည်။ ယင်းက လုမင်ကို ဖိအားများစွာပေးခဲ့ပေသည်။
ရွှီယန်၊ ဝမ်ထျန်းချန်၊ ဟွမ်လင်နှင့် အခြားလူငယ်အားလုံးက ဒုတိယအဆင့် သူတော်စင်တစ်ပိုင်း ပညာရှင်များ ဖြစ်ကြသည်။ သို့သော်လည်း သူတို့အားလုံး၏ တိုက်ခိုက်နိုင်စွမ်းက ရွှီယန်ထက် များစွာ ပိုအားကောင်း၏။ ယခုအချိန်တွင် လုမင်က အစွမ်းကုန်ထုတ်သုံးမည်ဆိုလျှင်ပင်၊ သူတို့ကို ယှဉ်နိုင်ဦးမည် မဟုတ်ပေ။
သူ မြန်မြန်တိုးတက်ပြီး အဆင့်တက်နိုင်ရမည် ဖြစ်သည်။ သို့မှသာ ထိုပါရမီရှင်များကို ရင်ဆိုင်နိုင်လိမ့်မည်။
လုမင်က ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူက ကောင်းကင်တာအိုကျောက်များကိုပင် အသုံးပြုထားပြီး တာအိုကို နားလည်ဆင်ခြင်ရန် အာရုံစိုက်ခဲ့၏။
ဤကာလအတွင်းမှာတော့ သူသည် အသူရာကြိုးဝိုင်းတွင် တိုက်ခိုက်ရန် အစီအစဉ် မရှိပေ။ ယခုဆိုလျှင် ဝမ်ထျန်းချန်က ဤမြို့တွင်ရှိနေပြီ ဖြစ်သည်။ သူ သွားရောက်တိုက်ခိုက်ပါက သူ့ကို သိသွားပေလိမ့်မည်။
နောက်ပိုင်းတွင် လုမင်၏ မူလခန္ဓာက တာအိုကို နားလည်ရန် အာရုံစိုက်ခဲ့သည်။ ဒုတိယခန္ဓာကတော့ ရံဖန်ရံခါတွင် သူ့ကိုယ်သူ ပုံဖျက်ကာ သတင်းစုဆောင်းရန် အပြင်ထွက်လေ့ ရှိ၏။
သုံးရက်အကြာတွင် သတင်းတစ်ခုက တစ်မြို့လုံးသို့ ပျံ့နှံ့သွားသည်။
သတင်းအရ ဟွမ်လင်၊ ကျောက်ခွမ်းနှင့် အခြားသူများသည် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်၏ နက်နဲရာအရပ်မှ အစွန်အဖျားဒေသသို့ ရောက်လာခြင်းမှာ၊ ဆမ်ဆာရာဧကရာဇ်၏ သင်္ချိုင်းမြေပုံနှင့် သော့သည် အနီးအနားတွင် ရှိနေနိုင်သောကြောင့် ဟူ၏။
ထိုသတင်းထွက်လာသည်နှင့် တစ်မြို့လုံး ရုတ်ရုတ်ရက်ရက် ဖြစ်ကုန်သည်။
မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် ဒဏ္ဍာရီတစ်ခု အမြဲရှိခဲ့သည်။
ဒဏ္ဍာရီများအရ၊ ရှေးခေတ် မျိုးနွယ်စုတစ်ရာ စစ်ပွဲသည် တုနှိုင်းမရလောက်အောင် ကြေကွဲဖွယ်ကောင်း၏။ မြောက်များစွာသော တန်ခိုးရှင်ကြီးများ ပါဝင်ကြပြီး မရေမတွက်နိုင်သော သူတော်စင်များ ကျဆုံးခဲ့သည်။ ဧကရာဇ်အဆင့် တန်ခိုးရှင်များစွာသည်ပင် ကျဆုံးခဲ့ကြရသေးသည်။
စစ်ပွဲကြီး ပြီးသွားသောအခါတွင်၊ ထိပ်သီး တန်ခိုးရှင်ကြီးများက ဤနေရာသို့ ဝင်ရောက်ကာ ကျဆုံးခဲ့သော ဧကရာဇ်ကိုးပါးအတွက် သင်္ချိုင်းများတည်ဆောက်ပေးခဲ့သည်။
ဤသင်္ချိုင်းကိုးခုကို နောက်ပိုင်းမျိုးဆက်များက ဧကရာဇ်ကိုးပါး ဂူသင်္ချိုင်းများဟု ခေါ်ဆိုကြပေသည်။
ဧကရာဇ်ကိုးပါး၏ ဂူသင်္ချိုင်းများတွင် သိုင်းဧကရာဇ်များ၏ အမွေအနှစ် ပါ၀င်သည်ဟု ဆိုကြသည်။
နှစ်ပေါင်းများစွာအတွင်း မရေမတွက်နိုင်သော အင်အားစုကြီးများမှ ပါရမီရှင်များက ဧကရာဇ်ကိုးပါး ဂူသင်္ချိုင်းများကို ရှာတွေ့ရန် မျှော်လင့်လျက် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်သို့ ဝင်ရောက်လာခဲ့ကြသည်။ သို့သော်လည်း ဧကရာဇ်ကိုးပါး ဂူသင်္ချိုင်းများ မည်သည့်နေရာတွင်ရှိသည်ကို မည်သူမျှ မသိကြပေ။
မရေမတွက်နိုင်သော နှစ်များအတွင်း ဧကရာဇ်ကိုးပါး၏ သင်္ချိုင်းတစ်ခုသာ ပေါ်ထွက်ခဲ့ပြီး ၎င်းကို ပါရမီရှင်တစ်ဦးမှ ရရှိခဲ့သည်။ ထိုပါရမီရှင်က လက်ရှိ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်၏ ဧကရာဇ်ကြီး ဖြစ်ချေသည်။
သတ်ဖြတ်ခြင်းတစ်သောင်း ဧကရာဇ်က ဧကရာဇ်ကိုးပါး ဂူသင်္ချိုင်းမှ အမွေကိုဆက်ခံပြီးမှ ဧကရာဇ်အဆင့်သို့ ရောက်ရှိလာပြီး သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ကို တည်ထောင်ခဲ့ခြင်းဟု ဆိုကြသည်။
ဧကရာဇ်သင်္ချိုင်းတစ်ခုက ဧကရာဇ်အဆင့် အင်အားစုကြီးတစ်ခုကို ဖန်တီးနိုင်သည်။ ယင်းက မည်မျှ ဆွဲဆောင်မှုရှိသည်ကို တွေးကြည့်ရန်ပင် မလိုပေ။
ယခုတော့ ဧကရာဇ်ကိုးပါး၏ သင်္ချိုင်းဂူများအနက် တစ်ခုဖြစ်သည့် ဆမ်ဆာရာဧကရာဇ်၏ သင်္ချိုင်းဂူ ပေါ်လာတော့မည်ဟု ဆိုနေသည်။ ဆမ်ဆာရာဧကရာဇ်၏ သင်္ချိုင်းမြေပုံနှင့် သော့က အနီးတဝိုက်တွင် ပေါ်လာတော့မည်ဖြစ်ရာ သဘာဝအတိုင်း လူများစွာကို တုန်လှုပ်စေခဲ့ပေသည်။
ထိုသတင်းက မှန်ကန်ကြောင်းလည်း သိလာခဲ့ရသည်။ နောက်ပိုင်းတွင် ဝမ်ထျန်းချန်၊ ဟွမ်လင်၊ ကျောက်ခွမ်းနှင့် အခြားသူများက သူတို့၏ လက်အောက်ငယ်သားများကို အနီးနားကိုရှာဖွေရန် စေလွှတ်ခဲ့သည်။
ဒဏ္ဍာရီများအရ ဆမ်ဆာရာဧကရာဇ်၏ သင်္ချိုင်းမြေပုံ သို့မဟုတ် သော့ ပေါ်လာသည်ဖြစ်စေ ဆမ်ဆာရာ အလင်း တောက်ပလာလိမ့်မည်။
ထို့ကြောင့် ပါရမီရှင်များ၏ လက်အောက်ငယ်သားများသာမက၊ မြို့တွင်းရှိ မရေမတွက်နိုင်သော ပါရမီရှင်များက ဆမ်ဆာရာဧကရာဇ်၏ သင်္ချိုင်းမြေပုံနှင့် သော့ကို ရှာဖွေရန် ပြေးထွက်လာခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်ကျော်သွားပြီ။
မျိုးနွယ်စုတစ်ရာစစ်မြေပြင်သို့ လုမင် ဝင်ရောက်ခဲ့သည်မှာ နှစ်လနီးပါးရှိနေပြီ ဖြစ်သည်။ လုမင်၏ ကျင့်ကြံခြင်းကလည်း နေ့စဉ်နှင့်အမျှ တိုးတက်နေ၏။ ယခုအခါ သူ၏ ကျင့်ကြံခြင်းအခြေခံက အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပေပြီ။
ထိုအချိန်မှာပဲ မြို့ထဲတွင် သတင်းတစ်ခု ပျံ့နှံ့သွားသည်။ တစ်စုံတစ်ယောက်က ဆမ်ဆာရာအလင်း ပေါ်လာရန် သံသယဖြစ်ဖွယ်နေရာကို ရှာဖွေတွေ့ရှိခဲ့၏။ ၎င်းက မျိုးနွယ်စုတစ်ရာစစ်မြေပြင်၏ အစွန်အဖျား တစ်နေရာတွင် ဖြစ်သည်။
မရေမတွက်နိုင်သော လူများလည်း ထိုနေရာဆီသို့ ပြေးသွားခဲ့ကြသည်။
လုမင်၏ ဒုတိယခန္ဓာလုမင်လည်း လူအုပ်ကြီးနောက်သို့ ရောနှောပြီး လိုက်သွားခဲ့လေသည်။
ဝေးကွာသော အရပ်ဒေသကို ဖြတ်ကျော်ပြီးနောက် တောင်ကြီးတစ်လုံးဆီသို့ ရောက်သွားသည်။ ထို့နောက် အက်ကွဲကြောင်းတစ်ခုကို တွေ့ရပြီး ခုန်ဝင်သွား၏။
'တကယ်ကြီး ဒီမှာလား'
လုမင် အံ့အားသင့်သွားသည်။
စင်စစ်တွင် ဤနေရာက မိစ္ဆာနတ်ဆိုးကျောက်များကို လိုက်ရှာခဲ့ရသော နေရာ ဖြစ်နေသည်။
ဆမ်ဆရာဧကရာဇ်၏ ဂူသင်္ချိုင်းအတွက် မြေပုံနှင့်သော့က ဤနေရာတွင် အမှန်တကယ် ရှိနေပါသလော။
လုမင်လည်း စိတ်ထဲမှ အံ့ဩနေမိရင်း လူအုပ်နောက်ကို လိုက်ကာ အက်ကြောင်းထဲသို့ ခုန်ဆင်းသွားခဲ့သည်။
"ဒီနေရာက နတ်ဆိုးသတ္တဝါတွေမှာ မိစ္ဆာနတ်ဆိုးကျောက်တွေ တကယ်ကြီး ရှိနေတယ်ဟေ့"
"ဒါက တကယ်ကို မိစ္ဆာနတ်ဆိုးကျောက်ဟ၊ ဒီလို ရတနာနယ်မြေမျိုး အရင်က မတွေ့ဖူးသေးဘူး"
သူတို့ဝင်လာပြီး မကြာမီပင် လူတော်တော်များများက အခြေအနေကို သိလိုက်ရသည်။ ဤနေရာရှိ နတ်ဆိုးသတ္တဝါများတွင် မိစ္ဆာနတ်ဆိုးကျောက်များ အမှန်တကယ် ရှိ၏။
ချက်ချင်းဆိုသလိုပင်၊ လူများစွာက မိစ္ဆာနတ်ဆိုးကျောက်များ ရှာဖွေရန် နတ်ဆိုးသတ္တဝါများကို စတင် အမဲလိုက်ကြတော့သည်။
"ဟင်၊ ဟိုနေရာမှာ တကယ်ပဲ အလင်းတန်းတစ်ခု ရှိနေတယ်"
လုမင်က ဦးတည်ရာတစ်ခုကို ကြည့်လိုက်သည်။ ထိုအရပ်တွင် ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်လာ၏။ ထိုအလင်းတွင် ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်သွယ်ကဲ့သို့ အဆက်မပြတ်ပြောင်းလဲနေသော အရောင်ခြောက်မျိုး ရှိပုံရသည်။
ယင်းက ပြန်လည်ဝင်စားခြင်း၏ ဆမ်ဆာရာအလင်းပင်။
'ဒါကို အရင်တုန်းက ငါ မတွေ့ဖူးဘူး။ မကြာသေးခင်ကမှ ပေါ်လာခဲ့တာများလား'
လုမင်လည်း အတော်လည်း အံ့ဩသွားမိသည်။
"ဝှစ်... ဝှစ်..."
အဝတ်အစား လေတိုးသံများ ထွက်ပေါ်လာခဲ့သည်။ လုမင် မော့ကြည့်လိုက်တော့ ဟွမ်လင်၊ ဝမ်ထျန်းချန်နှင့် အခြားသူများက ထိုအရပ်သို့ အမြန်ဆုံး ပျံသန်းသွားကြောင်း မြင်လိုက်ရ၏။
ထို့နောက် အခြားပါရမီရှင်များကလည်း ထိုလမ်းကြောင်းအတိုင်း ပျံသန်းသွားနေကြတော့သည်။
'သွားကြည့်လိုက်ရအောင်'
လုမင်လည်း လူအုပ်နောက်သို့ လိုက်သွားသည်။ မကြာမီ၊ ချိုင့်ဝှမ်းတစ်ခုရှေ့ကို ရောက်လာ၏။
'တိုက်ဆိုင်လှချေလားဟ၊ ဒီနေရာမှာ တကယ်ကြီး ရှိတာလား'
လုမင်မှာ ပို၍ပင် အံ့ဩလာမိသည်။
အကြောင်းမူ၊ ဤနေရာမှာ သူ ယခင်က ဝမ်ထျန်းချန်ကို လှည့်စားကာ ဆွဲဆောင်လာခဲ့သော ချိုင့်ဝှမ်းဖြစ်နေသောကြောင့်ပင်။ အတွင်းတွင် နဂါးအရိုးများကို တွေ့ရသောကြောင့်လည်း သူ၏ နဝမနဂါးတိုက်ခိုက်ရေးခန္ဓာကိုပင် ကောင်းကင်ဝိညာဉ်ခန္ဓာအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့သည်။
ယခုတော့ ဆမ်ဆာရာအလင်းက ဤချိုင့်ဝှမ်း၏ နက်နဲသောနေရာမှ အမှန်တကယ် ထုတ်လွှတ်နေပြီ။ ယခင် သူ ဤနေရာတွင် ရှိနေစဉ်က ထိုအလင်းတန်း မရှိသေးပေ။
"ဂါး... ဂရား"
ချိုင့်ဝှမ်းတွင်းမှ နတ်ဆိုးသတ္တဝါများ၏ ဟိန်းဟောက်သံများကို ကြားရသည်။ သူတို့၏ ဟိန်းဟောက်သံများက ကောင်းကင်ကိုပင် တုန်ခါစေခဲ့၏။
လူများစွာ ရုတ်တရက် ရောက်လာခြင်းက နတ်ဆိုးသတ္တဝါများကို ထိတ်လန့်စေခဲ့ကြောင်း ထင်ရှားသည်။
"မကောင်းတော့ဘူး၊ စွမ်းအားကြီးတဲ့ နတ်ဆိုးတွေ အများကြီးရှိနေတယ်။ သူတို့ထဲမှာ အများစုက သူတော်စင်တစ်ပိုင်း အဆင့်မှာ ရှိကြတယ်ကွ၊ သူတော်စင်နယ်ပယ်က နတ်ဆိုးသတ္တဝါတွေတောင် ရှိသေးတယ်"
"ဒုက္ခပါပဲကွာ၊ မြန်မြန်ပြန်ဆုတ်ကြ"
ချိုင့်ဝှမ်းထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ လူများစွာက အသည်းအသန် ပြေးထွက်လာကြ၏။ သို့သော်လည်း ရှေ့သို့ ဇွတ်တရွတ် တိုးဝင်နေကြသူများ ရှိဆဲပင်။ လူအများအပြားလည်း နတ်ဆိုးများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည်။
"သေလိုက်ပါတော့ကွာ၊ ဒီချိုင့်ဝှမ်းထဲမှာရှိတဲ့ နတ်ဆိုးသတ္တဝါတွေက သိပ်ပြီး သန်မာလွန်းနေတယ်။ ငါတို့ ဘယ်လိုမှ ဝင်လို့မရဘူး"
လူများစွာက သက်ပြင်းချလိုက်ကြသည်။ သူတို့က လက်မခံလိုသော်လည်း အကူအညီမဲ့ခဲ့ကြလေသည်။