အခန်း ၁၆၁၃
Vol. 108 Ch. 1613
အပိုင်း ( 1613 ) တစ်ယောက် တစ်ဝက်စီ။
"ဝုန်း"
ရုပ်သေးတစ်ကောင်က လက်သီးဖြင့် ထိုးချလိုက်သည်။ ကြောက်စရာကောင်းအောင် လေတိုးသံ ထွက်ပေါ်လာ၏။ ထိုရုပ်သေး၏ စွမ်းအားက ကြီးမားလွန်းလှသည်။
လုမင်လည်း အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုပြီး ရုပ်သေးကို ပြန်လည်ထိုးနှက်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လုမင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွား၏။ သူ့လက်သည်ပင် ထုံကျင်သွားသည်ကို ခံစားလိုက်ရတော့သည်။
"အင်အားကြီးလှချေလား"
လုမင်ဟာ ရုပ်သေး၏ စွမ်းအားက ရွီယန်နှင့် ယှဉ်နိုင်သည်ဟု ခံစားလိုက်မိသည်။
ရွီယန်သည် ဒုတိအဆင့် သူတော်စင်တစ်ပိုင်းဖြစ်သော်လည်း မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာဖြင့် ပါရမီရှင်တစ်ဦး ဖြစ်၏။ သူက သူ့အဆင့်ထက်ကျော်လွန်ကာ တိုက်ခိုက်နိုင်ပြီး တတိယအဆင့် သူတော်စင်တစ်ပိုင်းနှင့် နှိုင်းယှဉ်နိုင်သည်။
"သတ်၊ သတ်၊ သတ်"
နောက်ပိုင်းတွင်၊ ရုပ်သေး ဆယ်ရုပ်ထက်မနည်း လုမင်ကို တိုက်ခိုက်လာကြသည်။ တတိယအဆင့် သူတော်စင်တစ်ပိုင်းနှင့် ယှဉ်နိုင်သော ရုပ်သေးများစွာက တပြိုင်နက်တည်း တိုက်ခိုက်သောအခါ စွမ်းအား အလွန်ကြီးမားသွား၏။ ဝမ်ထျန်းချန်နှင့် အခြားသူများက တွန်းထုတ်ခံခဲ့ရသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
ဤရုပ်သေးများက အလွန်မာကျောပြီး သေမှာမကြောက်သောကြောင့် အဆင့်တူ ကျင့်ကြံသူများထက်ပင် ပို၍ ကိုင်တွယ်ရခက်သည်။ ထို့ပြင် သူတို့တစ်ဦးစီ၏ တိုက်ခိုက်ရေးအင်အားကလည်း အလွန်ကြီးမားသေးသည်။
ရူပ်သေးများစွာနှင့် ရင်ဆိုင်ရသောအခါ လုမင် ထိပ်တိုက် မတိုးဝံ့တော့ပေ။ ပူဖောင်းလေး၏ အကူအညီဖြင့် သူ့ခန္ဓာကိုယ်က ယိမ်းနွဲ့ကာ ဤရုပ်သေးများကို ရှောင်ရှားနေခဲ့သည်။
သူ့နောက်ဘက်မှ ဂူပေါက်ဝတွင်လည်း ဝမ်ထျန်းချန်က အပြေးအလွှား ဝင်ရောက်လာသည့်တိုင် ရုပ်သေးများစွာ၏ ဝိုင်းရံခံထားခဲ့ရပေသည်။
ဤရုပ်သေးများက တစ်ရုပ်ချင်းဆိုလျှင် စွမ်းအားမှာ အကန့်အသတ် ရှိသည်။ သို့သော်လည်း ရုပ်သေး တစ်ဒါဇင်ခန့်က အတူတကွ လုပ်ဆောင်သောအခါ ၎င်းတို့၏ စွမ်းအားက အံ့မခန်း ဖြစ်၏။ ဝမ်ထျန်းချန်ကဲ့သို့ ပါရမီရှင်တစ်ယောက်ပင်လျှင် အရေးနိမ့်နေတော့သည်။
အဆုံးတွင်၊ သူက နောက်ပြန်ဆုတ်သွားခဲ့ရသည်။
တစ်ဖက်မှာလည်း ပူဖောင်းလေး၏ အကူအညီဖြင့်ပင် လုမင်က အခက်ကြုံနေရသေးသည်။
အခြားတစ်ဖက်မှာတော့ ဟွမ်လင်က ဖီးနစ်မီးတောက်များဖြင့် ရုပ်သေးများကို ဖြတ်ကျော်ပြီး ဆမ်ဆာရာဧကရာဇ်၏ မြေပုံနှင့် သော့ကို ရယူရန် အကြိတ်အနယ် တိုက်ခိုက်နေသည်။
'အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာက တကယ်ကို ထူးကဲတာပဲ။ သူ့မှာ အင်မော်တယ်တစ်ပါးလို အံ့မခန်း အသက်ဓာတ်ရှိတယ်'
လုမင် သူ့စိတ်ထဲမှ မှတ်ချက်ချလိုက်မိသည်။
ဟွမ်လင်၏ တိုက်ခိုက်နိုင်စွမ်းက ဝမ်ထျန်းချန်၊ အခြားသူများနှင့် တန်းတူဖြစ်နိုင်သော်လည်း သူမ၏ ရှင်သန်နိုင်စွမ်းကတော့ အခြားသူများထက် သာလွန်ပေသည်။
ဟွမ်လင်ကို ဖီးနစ်မီးတောက်များက လွှမ်းခြုံထားသည်။ သူမကို ရုပ်သေးများက အဆက်မပြတ် ရိုက်နှက်ခဲ့သော်လည်း ခေါင်းမာမာဖြင့် ရှေ့ကိုဆက်သွားနေဆဲပင်။
'မဟုတ်သေးဘူး၊ ဒီရုပ်သေးတွေကို ဝင်္ကပါတစ်ခုလို စီစဉ်ထားပုံရတယ်'
ရုတ်တရက်၊ လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။
လှိုဏ်ဂူက ကြီးမားပြီး အနည်းဆုံး ရုပ်သေး ရာဂဏန်းခန့် ပြန့်ကျဲနေပေသည်။
သို့သော်လည်း လုမင်ကို ဝန်းရံတိုက်ခိုက်နေသည်မှာ ရုပ်သေး တစ်ဒါဇင်ခန့်သာ ရှိသည်။ ကျန်သော ရုပ်သေးများက ကိုယ့်နေရာတွင်ရပ်ကာ လုံးဝ မလှုပ်ရှားကြပေ။
ဥပမာအားဖြင့် အချို့နေရာများကို လုမင် ရောက်သွားသောအခါ၊ အချို့သော ရုပ်သေးများက တိုက်ခိုက်ခြင်းကို ရပ်သွားသည်။ သို့သော်လည်း ရုပ်သေးအသစ်များက လှုပ်ရှားလာပြီး သူ့ကို ဝိုင်းထားလိုက်ပေသည်။
လှုပ်ရှားကာ တိုက်ခိုက်နေသော ရုပ်သေးများကတော့ အမြဲတမ်း တစ်ဒါဇင်ခန့်သာ ရှိခဲ့သည်။
လုမင်၏ မျက်လုံးများက တောက်ပသွားသည်။ ဤရုပ်သေးများကို ဝင်္ကပါအတိုင်း စီစဉ်ထားပုံရပေသည်။
အတွေးတစ်ခုဖြင့် ဒုတိယခန္ဓာ လုမင်က ပေါ်လာခဲ့သည်။ ထိုက်ကျိအစီရင်ချပ်ပြားက သူ့ဦးခေါင်းထက်တွင် မျောလွင့်နေ၏။ ထိုက်ကျိအင်းကွက်များစွာ ပေါ်လာပြီး မြေပြင်ပေါ်ကို ကျရောက်သွားတော့သည်။
"ဝမ်"
ရုတ်တရက်၊ မြေပြင်က တောက်ပပြီး သွေးကြောများ ပေါ်ထွက်ကာ ကြီးမားသော ဝင်္ကပါအင်းကွက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"တကယ်ကို ဝင်္ကပါတစ်ခုပဲ"
လုမင် ရေရွတ်လိုက်သည်။
ရုပ်သေးများအားလုံးက ဝင်္ကပါ၏ အဓိကအချက်များတွင် ရပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ရုပ်သေးတစ်ဒါဇင်က အမြဲတမ်း တိုက်ခိုက်နိုင်ခြင်းပင်။ မည်သည့်နေရာသို့ သွားသည်ဖြစ် ရုပ်သေးတစ်ဒါဇင်၏ တပြိုင်နက်တည်း တိုက်ခိုက်ခံရမည် ဖြစ်သည်။ ထို့အပြင် ဝင်္ကပါ၏ ပံ့ပိုးမှုကြောင့် ရုပ်သေးများ၏ စွမ်းအားက အံ့မခန်း ဖြစ်ခဲ့ရပေသည်။
အကယ်၍ သာမန် သူတော်စင်တစ်ပိုင်း တတိယအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ခန့်ဖြစ်ပါက ဝမ်ထျန်းချန်ကဲ့သို့ ပါရမီရှင်တစ်ဦးကို တားဆီးနိုင်မည် မဟုတ်ပေ။ သူတို့ကို ပြန်သတ်တာတောင် ခံရနိုင်သည်။ သို့ရာတွင် ယခုတော့၊ သူတော်စင်တစ်ပိုင်း တတိယအဆင့် ရုပ်သေးများ တစ်ဒါဇင်ခန့်က ဝမ်ထျန်းချန်၊ ကျောက်ခွမ်းနှင့် အခြားသူများကို ဖိနှိပ်နိုင်သည့်အပြင် ဒဏ်ရာများပင် ရရှိစေနိုင်ခဲ့ပေသည်။
ဝင်္ကပါ အကူအညီဖြင့် ရုပ်သေးများက အလွန် အစွမ်းထက်ခဲ့သည်။
တစ်ဖက်တွင်၊ ဟွမ်လင်က မြေပြင်ပေါ်ရှိ ဝင်္ကပါအင်းကွက်ကိုတွေ့တော့ လုမင်ကို လှမ်းကြည့်လိုက်သည်။ လုမင်နှစ်ယောက်ကို တွေ့လိုက်ရတော့ သူ့မျက်လုံးထဲတွင် အံ့ဩမှုတို့ ပေါ်လာခဲ့၏။
ဤအခိုက်တွင်၊ ဒုတိယခန္ဓာက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။ တစ်ဖက်တွင် မူလခန္ဓာလုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ ရှေ့တစ်လှမ်းတိုးလိုက်သောအခါ ရုပ်သေးများ၏ တိုက်ခိုက်မှုများက လေကိုသာထိမှန်သွားတော့သည်။
ထို့နောက် လုမင်က ခြေတစ်လှမ်း ထပ်မံလှမ်းလိုက်သည်။ ယခင်ကဲ့သို့၊ ရုပ်သေးများ၏ တိုက်ခိုက်မှုက လုမင်၏ အဝတ်အစားထောင့်စွန်းကိုပင် မထိနိုင်ခဲ့ပေ။
လုမင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဤဝင်္ကပါ၏ အားနည်းချက်ကို သူ ဖော်ထုတ်နိုင်သွားပြီ။ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ဤဝင်္ကပါ၏ အားနည်းချက်သို့ ရောက်သွားသည်။ သူက ဤအစီရင်၏ မျက်ကွယ်ရာသို့ ဆင်းသက်သွားသည်ဟုလည်း ဆိုနိုင်ပေသည်။ ရလဒ်အနေဖြင့် ရုပ်သေးများ၏ တိုက်ခိုက်မှုအားလုံး လွဲချော်ခဲ့ရသည်။
"ဝှစ်... ဝှစ်"
လုမင်ကို ကြည့်ရသည်မှာ အေးအေးလူလူ လမ်းလျှောက်နေသကဲ့သို့ပင်။ ရှေ့လှမ်းသည်၊ နောက်ဆုတ်သည်၊ ဘယ်ယိမ်း၏။ ရုပ်သေးများ၏ တိုက်ခိုက်မှုအားလုံးက လုမင်ကို ဖြတ်သန်းသွားသော်လည်း တစ်ခုမျှ မထိမှန်ခဲ့ပေ။
လုမင်က ဆမ်ဆာရာဧကရာဇ်၏ ဂူသင်္ချိုင်း မြေပုံနှင့် သော့ဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားခဲ့သည်။
တစ်ဖက်တွင် ဟွမ်လင်၏ အမူအရာက အနည်းငယ် စိုးရိမ်ပူပန်မှုတို့ ပေါ်လာသည်။ သူမ၏ ဒဏ်ရာများကို လျစ်လျူရှုကာ အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ ပြေးသွား၏။
သူတို့နှစ်ဦးသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ကျောက်တိုင်နှစ်တိုင်ထံ ချဉ်းကပ်သွားတော့သည်။
တစ်မိနစ်ခန့်အကြာတွင် သူတို့နှစ်ဦးက ရုပ်သေးများကို ကျော်ဖြတ်ပြီး ကျောက်တိုင်နှစ်တိုင်ဆီသို့ ပြေးသွားကြသည်။
ကျောက်တိုင်နှစ်တိုင်၏ ပတ်ပတ်လည်မှာတော့ ရုပ်သေးရုပ်များ မတွေ့ရတော့ပါ။ ထို့ပြင် ရုပ်သေးများကို ဖြတ်ကျော်ပြီး ဤနေရာသို့ ရောက်လာသောအခါ၊ ထိုရုပ်သေးများက သူတို့နောက်သို့ မလိုက်ကြတော့ပေ။ သူတို့အားလုံးက မူလနေရာသို့ ပြန်သွားပြီး မလှုပ်မယှက် ရပ်နေလိုက်ကြသည်။
"ဝှစ်"
လုမင်က ကျောက်စိမ်းပြားကို ဖမ်းယူသွားပြီး အနက်ရောင်သော့ကတော့ ဟွမ်လင်၏လက်ထဲသို့ ကျရောက်ခဲ့လေသည်။ ထို့နောက် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စူးစူးစိုက်စိုက် ကြည့်လိုက်ကြသည်။
"ကောင်လေး၊ နင့်လက်ထဲက ကျောက်စိမ်းပြားက မြေပုံဖြစ်သင့်တယ်။ အဲဒီမြေပုံကို ဘာဖြစ်လို့ ငါ့မပေးတာလဲ။ မြေပုံနဲ့ သော့ကို ပေါင်းစပ်လိုက်မှရမယ်၊ မဟုတ်ရင် ငါတို့နှစ်ယောက်လုံးအတွက် အသုံးမဝင်ဘူး"
ဟွမ်လင်က ချိုသာသော လေသံဖြင့် ပြောလိုက်သည်။ တချိန်တည်းမှာပင် အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး လုမင်အပေါ် ကျရောက်သွား၏။
"တကယ်ပါပဲ၊ တစ်ခုချင်းဆိုရင် ငါတို့နှစ်ယောက်လုံးအတွက် အသုံးမဝင်ဘူး။ မင်းမှာသော့ရှိပေမဲ့ မြေပုံမရှိရင် ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းကို ရှာမတွေ့နိုင်ဘူး။ ငါ့မှာ မြေပုံရှိတယ်... ဒါပေမဲ့ သော့မရှိလို့ သင်္ချိုင်းကို ရှာတွေ့ရင်တောင် မဝင်နိုင်ဘူး။ ဒီလိုဆိုမှတော့ မင်းရဲ့မြေပုံကို ဘာဖြစ်လို့ ငါ့ကိုပေးပြီး မြေပုံနဲ့သော့ကို မပေါင်းစပ်စေရမှာလဲ"
လုမင်က ပြုံးပြီး ပြောလိုက်သည်။ သူက သတိထားပြီး နောက်သို့ ဖြည်းညှင်းစွာ ဆုတ်သွား၏။
"လုမင်၊ မင်း သေသင့်တဲ့ကောင်"
"သူတို့မှာ ဆမ်ဆာရာဧကရာဇ်ရဲ့ မြေပုံနဲ့သော့ ရှိနေပြီ"
ထိုအချိန်တွင် ဒေါသတကြီး အော်သံတချို့ကို ကြားလိုက်ရသည်။ ဝမ်ထျန်းချန်၊ ကျောက်ခွမ်းနှင့် စစ်မာလျန်တို့ အပြေးအလွှားဝင်လာကြသည်ကို တွေ့ရ၏။ ဤအခိုက်တွင် မြေပုံနှင့်သော့က လုမင်နှင့် ဟွမ်လင်တို့၏လက်ထဲတွင် ရှိနေသည်ကို သဘာဝအတိုင်း သူတို့ မြင်သွားခဲ့ကြသည်။
သို့သော်လည်း ရုပ်သေးများ၏ ဝိုင်းရံခံရခြင်းကြောင့် ဘာမျှမတတ်နိုင်ခဲ့ပေ။ သူတို့တွင် ဟွမ်လင်ကဲ့သို့ အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာမရှိသလို ရုပ်သေးများ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်လည်း မရှိပါ။ ခဏအကြာတွင် မကျေမနပ်ဖြင့် ဂူထဲမှ ဆုတ်ခွာသွားရသည်။
"နင့်နာမည်က လုမင်လား"
ဟွမ်လင်က မျက်လုံးကို မှေးစင်းကြည့်ကာ မေးလိုက်သည်။
"အင်း"
လုမင် ခေါင်းညိတ်လိုက်၏။ ဟွမ်လင် ရုတ်တရက် တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် သူက သတိထားနေဆဲ ဖြစ်သည်။
"လုမင်၊ ငါသာ တကယ်တိုက်ခိုက်ရင် ဆမ်ဆာရာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းမြေပုံကို နင် မထိန်းသိမ်းနိုင်မှာ ကြောက်ရတယ်"
ဟွမ်လင်က ပြောလိုက်သည်။
"အိုး... တကယ်ပဲလား၊ ငါတော့ ဒီလိုမထင်ဘူး"
လုမင် ပြုံးလိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားမှ တောက်ပသွားပြီး ဒုတိယခန္ဓာလုမင်က မူလခန္ဓာလုမင်နှင့် ပခုံးချင်းယှဉ် ရပ်လိုက်၏။ ထိုက်ကျိအစီရင်ချပ်ပြားကလည်း သူ့ခေါင်းထက်တွင် မျောလွင့်နေပြီး အားကောင်းသော ရောင်ဝါတစ်ခု ပျံ့နှံ့သွားတော့သည်။
"အဲဒါက ကိုယ်ပွားလား၊ မဟုတ်သေးဘူး... သူက လူတစ်ယောက်တည်းလိုပဲ။ အံ့ဩစရာ... တကယ်ကို အံ့သြစရာကောင်းတယ်"
ဟွမ်လင်က လုမင်၏ မူလခန္ဓာနှင့် ဒုတိယခန္ဓာကို အပြန်ပြန်အလှန်လှန် ကြည့်လိုက်သည်။ ထို့နောက် တအံ့တဩဖြင့် ဆိုလေသည်။
"ဟွမ်လင်၊ မင်းမှာ အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာရှိပေမဲ့ 'အင်မော်တယ်'ဆိုတဲ့ စကားလုံးလို မသေမျိုးတော့ မဟုတ်သေးဘူး။ မင်းက အားကောင်းတဲ့ အသက်ဓာတ်ကို ပိုင်ဆိုင်ထားပေမဲ့ အခုလေးတင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားမှာ ငါကြောက်တယ်။ ဒါကြောင့် မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း အများကြီး လျော့ကျနေလောက်ပြီ။ တကယ်လို့ တိုက်ခိုက်ကြမယ်ဆိုရင် မင်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး"
လုမင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။