အခန်း ၁၆၁၄
Vol. 108 Ch. 1614
အပိုင်း ( 1614 ) ပူးပေါင်းဆောင်ရွက်ရန်။
လုမင်၏ စကားက ဟွမ်လင်ကို အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။
ရုပ်သေးများကို အတင်းအကြပ် ထိုးဖောက်ခဲ့သောကြောင့် သူမ ဒဏ်ရာ ရခဲ့သည်ကတော့ အမှန်ပင်။ အင်မော်တယ် ကောင်းကင်ဖီးနစ်က မသေမျိုး မဟုတ်ပါ။ ၎င်းက သူမကို ပိုမို အားကောင်းသော အသက်စွမ်းအား ပေးရုံသာဖြစ်သည်။ သူမ၏ ခံနိုင်ရည်က အဆင့်တစ်ခုသို့ ရောက်သွားပါက သေဆုံးနေရဦးမည်သာ။
"နောက်ပြီးတော့ မင်း ငါ့ကို အနိုင်ယူနိုင်တယ်ထားဦး၊ ဆမ်ဆာရာဧကရာဇ်ရဲ့ မြေပုံနဲ့ သော့ကိုယူပြီး ဒီနေရာကနေ ထွက်သွားနိုင်မှာလား။ အပြင်မှာ စောင့်နေတဲ့ ကျွမ်းကျင်သူ သုံးဦးရှိနေတယ်ဆိုတာ သတိရပါဦးလေ"
လုမင်က အေးအေးဆေးဆေး ဆက်ပြောလိုက်၏။ ဟွမ်လင်၏ မျက်လုံးများမှာ ပို၍ တုန်ခါသွားရသည်။
ခဏအကြာတွင် ဟွမ်လင်၏ မျက်လုံးများက တောက်ပလာပြီး အပြုံးတစ်ခုကို ထုတ်ဖော်လိုက်လေသည်။ ထိုအပြုံးက ပျိုနီပန်းတစ်ပွင့်ကဲ့သို့ လှပလွန်းလှသည်။
စင်စစ်တွင် ဟွမ်လင်က အလွန်လှပသူတစ်ဦး ဖြစ်သည်။ လုမင် တွေ့ဖူးသမျှ မိန်းမလှလေးများထဲတွင် ရှဲ့နျန်ချင်းနှင့် လူအနည်းငယ်သာ သူမနှင့် နှိုင်းယှဉ်နိုင်လိမ့်မည်။
"လုမင်၊ ငါတို့ ဘာဖြစ်လို့ လက်မတွဲရတာလဲ"
ဟွမ်လင် ပြောလိုက်သည်။
"လက်တွဲမှာလား... ဘယ်လိုလဲ"
လုမင် မေးလိုက်၏။
"ငါတို့ ပူးပေါင်းပြီး ဒီနေရာကနေ အတူတူ ထွက်သွားကြမယ်လေ။ နင့်မှာ မြေပုံရှိပြီး ငါ့မှာတော့ သော့ရှိတယ်။ ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းကိုရှာတွေ့ပြီး အထဲက ရတနာတွေကိုရရင် တစ်ယောက်တစ်ဝက် ခွဲယူကြတာပေါ့။ ဘယ်လိုသဘောရလဲ"
ဟွမ်လင်က ပြောလိုက်သည်။
"အကြံကောင်းပါပဲ၊ ကောင်းပြီ... ငါ လက်ခံတယ်"
အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် လုမင် သဘောတူလိုက်သည်။
ယခုအချိန်မှာတော့ ထို့ထက်ပိုကောင်းသော နည်းလမ်း မရှိသေးပေ။
လုမင်တွင် မြေပုံရှိသော်လည်း သော့မရှိပါက အသုံးဝင်မည် မဟုတ်ပါ။ ထို့ပြင် သူ၏ ခွန်အားဖြင့်၊ ဟွမ်လင်ထံမှသော့ကို လုယူကာ ဝမ်ထျန်းချန်နှင့် အခြားလူများ၏ ဝန်းရံမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ဟွမ်လင်နှင့် လက်တွဲလိုက်ခြင်းက ပိုကောင်းသည်။
လှိုဏ်ဂူအပြင်ဘက်မှာတော့ ဝမ်ထျန်းချန်နှင့် အခြားသူများက မှုန်ကုပ်ကုပ်ဖြင့် ရပ်နေကြသည်။
"ဟွမ်လင်၊ လုမင်က ငါ့ရဲ့ ရန်သူပဲ။ မင်း သူ့ကိုသတ်ပြီး မြေပုံပေးရင် ငါတို့ အဖွဲ့ ဖွဲ့ပြီး ဒီနေရာကနေ အတူတူ ထွက်သွားမယ်။ မင်းဘယ်လိုထင်လဲ"
ဝမ်ထျန်းချန်က ရုတ်တရက် ပြောလိုက်သည်။ သူ့အသံက ဂူထဲမှာ ပဲ့တင်ထပ်သွား၏။
ကျောက်ခွမ်းနှင့် စစ်မာလျန်တို့ အမူအရာပြောင်းသွားသည်။
ဟွမ်လင်နှင့် ဝမ်ထျန်းချန်တို့ ပူးပေါင်းသွားပါက သူတို့ တားဆီးနိုင်တော့မည် မဟုတ်ပေ။
"ဟွမ်လင်၊ မင်း ငါ့ကို မြေပုံပေးရင် ငါ မင်းနဲ့ ပူးပေါင်းနိုင်တယ်။ နောက်ပြီးတော့ မင်းကို နောက်ထပ် အခြေအနေတစ်ခုကိုလည်း ကတိပေးဦးမယ်။ ငါ လုပ်နိုင်တာဖြစ်သရွေ့ ဘယ်တော့မှ မငြင်းဘူး"
ကျောက်ခွမ်းက ချက်ချင်း အော်ပြောလိုက်သည်။ သူက ပိုရက်ရောသော အခြေအနေများကိုပင် ကမ်းလှမ်းလိုက်သေးသည်။
"ဟွမ်လင်၊ မင်း ငါနဲ့ပူးပေါင်းရင် ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းကို ရှာတွေ့တဲ့အခါ ရတနာတွေ ပိုပြီးယူနိုင်တယ်"
စစ်မာလျန်ကလည်း ဟွမ်လင်နှင့် ပူးပေါင်းနိုင်ရေးအတွက် အော်ပြောလိုက်သည်။
သူတို့အမြင်မှာတော့ ဟွမ်လင်အတွက် လုမင်ကို သတ်ရန် ပြဿနာမရှိပေ။
ဂူထဲတွင် လုမင်၏ မျက်လုံးများက အရောင်လက်သွားကာ ပြောလိုက်သည်။
"သူတို့ရဲ့ အခြေအနေတွေက မင်းအတွက် ပိုကောင်းတယ် မဟုတ်လား။ ဘယ်လိုလဲ... မင်း ဆွဲဆောင်ခံနေရပြီလား"
"ငါ ဟွမ်လင်ကို ဘယ်လိုလူစား ထင်လို့လဲ။ ငါက ရှေ့နောက် စကားမညီတဲ့သူလို့ ထင်နေတာလား။ ငါ နင်နဲ့ ပူးပေါင်းမယ်လို့ ကတိပေးပြီးပြီမို့ နောင်တရမှာ မဟုတ်ဘူး"
ဟွမ်လင်က လှပသော မျက်လုံးများဖြင့် လုမင်ကိုကြည့်ပြီး မကျေမနပ် ပြောလိုက်သည်။
"ဟုတ်လား"
လုမင်က ပြုံးပြီး ကြည့်လိုက်၏။
"ဟုတ်တာပေါ့"
ဟွမ်လင်၏ လှပသော မျက်နှာလေးက တည်တည်လေးဖြစ်နေကာ ပြောလိုက်သည်။
"အခုတော့ ငါ့ကိုယ်ငါ ကုသဖို့လိုတယ်။ ငါ အပြည့်အဝ ပြန်ကောင်းလာတော့မှ အမြန် ထွက်သွားကြတာပေါ့"
"အမြန်ထွက်သွားရမှာလား"
လုမင်က ခဏမျှ စဉ်းစားလိုက်သည်။ မကြာမီ၊ သူ့မျက်လုံးထဲတွင် အေးစက်စက် အငွေ့အသက်များ ယှက်သန်းလာ၏။
"မင်းရဲ့အင်အား အမြင့်ဆုံးကို ပြန်ရောက်ပြီဆိုရင် ကျောက်ခွမ်းနဲ့ စစ်မာလျန်ကို မိနစ်အနည်းငယ်လောက် တားဆီးထားနိုင်မလား"
"တကယ်လို့ ငါသာ လျှို့ဝှက်နည်းလမ်းကို သုံးလိုက်မယ်ဆိုရင် သူတို့ နှစ်ယောက်ကို သုံးမိနစ်လောက် တားဆီးထားနိုင်တယ်။ ဒီထက်တော့ ပိုပြီး မထိန်းထားနိုင်ဘူး၊ နင် ဘာလုပ်မလို့လဲ"
ဟွမ်လင် မေးလိုက်သည်။
"သတ်မယ်"
လုမင် အေးစက်စက် ပြောလိုက်၏။
"သတ်မယ်... နင်က ဝမ်ထျန်းချန်ကို သတ်မလို့လား"
ဟွမ်လင်၏ လှပသော မျက်လုံးလေးများက ဝိုင်းစက်သွားသည်။
"ဟုတ်တယ်၊ ဒါပေမဲ့ ဟိုနှစ်ယောက်ကို ခဏလောက် အချိန်ဆွဲပေးထားမှ ရမယ်"
လုမင် ခေါင်းညိတ်လိုက်သည်။
ဟွမ်လင်၏ လှပသော မျက်လုံးများက အံ့ဩမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။ လုမင်က ဝမ်ထျန်းချန်ကို သတ်မည်ဟု အမှန်တကယ် ပြောခဲ့၏။ ယင်းက သူမကို အနည်းငယ် ထူးဆန်းသွားစေသည်။
လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သာ ရှိသေးသည်။ သူက ဝမ်ထျန်းချန်ကို အမှန်တကယ် သတ်နိုင်ပါမည်လော။
"ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့တော့ တကယ်ကို မလွယ်ကူပါဘူး၊ ဒါကြောင့် ငါ အဆင့်တက်ဖို့လိုတယ်။ နောက်ပြီးတော့ မင်းလည်းပဲ မင်းရဲ့ဒဏ်ရာတွေကို ကုသရဦးမယ် မဟုတ်လား"
လုမင် ပြောလိုက်သည်။
ဤနေရာတွင် ဝင်္ကပါအထောက်အပံ့ဖြင့် ရုပ်သေးများ ရှိ၏။ ယင်းက လေ့ကျင့်ရန်အတွက် အကောင်းဆုံးပင် မဟုတ်လော။
မည်သို့ပင်ဆိုစေ၊ သူက အပြင်သို့ထွက်ရန် အလျင်မလိုပါ။ သူက ဤနေရာတွင် အေးအေးလူလူ လေ့ကျင့်ချင်သည်။ သိုင်းအုပ်ချုပ်သူနယ်ပယ် နဝမအလွှာကို ရောက်သွားပါက ဝမ်ထျန်းချန်ကို သတ်နိုင်ရန် ပို၍ ယုံကြည်မှုရှိလာပေလိမ့်မည်။
"ကောင်းပြီလေ၊ ဒါဆိုရင် ငါတို့ဒီမှာ ခဏနေကြတာပေါ့"
ထိုသို့ပြောဆိုပြီးနောက် ဟွမ်လင်က တစ်ဖက်သို့ လျှောက်လှမ်းသွားကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ မီးတောက်များက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး ဒဏ်ရာများကို စတင် ကုသလိုက်၏။ ဟုတ်သည်၊ သူမက လုမင်ကို စိတ်ချထားပုံရသော်လည်း သတိပေါ့လျော့မှု မရှိပါ။ လုမင် မူမမှန်တာ တစ်ခုခုလုပ်ပါက ပြင်းထန်သော တိုက်ခိုက်မှုများကို ချက်ချင်းထုတ်ဖော်နိုင်ရန် အသင့်ပြင်ထားသည်။
ဒုတိယခန္ဓာ လုမင်လည်း ပြုံးပြီး တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်သွားသည်။ မူလခန္ဓာ လုမင်ကတော့ ခြေလှမ်းပြင်ပြီး ရုပ်သေးများဆီသို့ လျှောက်သွား၏။
ချက်ချင်းဆိုသလိုပင် ရုပ်သေးများက လှုပ်ရှားလာပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်တော့သည်။
ဤတစ်ကြိမ်မှာတော့ လုမင်က ဝင်္ကပါ၏ အားနည်းချက်ကိုနင်းကာ မရှောင်ရှားဘဲ ရုပ်သေးများကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။
သို့သော်လည်း ဤရုပ်သေးများက စွမ်းအားက ကြီးမားလွန်းပြီး ဝမ်ထျန်းချန်နှင့် အခြားသူများကိုပင် ဒဏ်ရာရစေနိုင်သည်။ လုမင်လည်း တိုက်ခိုက်မှုအနည်းငယ်ဖြင့် သွေးအန်သွားပြီး ကျောက်တိုင်နံဘေးသို့ ပြန်ဆုတ်ခဲ့ရလေသည်။
ထိုအချိန်တွင် သူမ၏ဒဏ်ရာများကို ကုသနေသော ဟွမ်လင်၏ မျက်လုံးများက ပွင့်လာသည်။ သူ့မျက်နှာတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာ၏။
"နဝမနဂါး... နင် အရင်က နိုးထလာတဲ့ သွေးမျိုးဆက်က နဝမနဂါး သွေးမျိုးဆက်လား"
"ဟုတ်ပါတယ်၊ နဝမနဂါးနဲ့ အင်မော်တယ် ကောင်းကင်ဖီးနစ်ဆိုတာ ထိပ်တန်း စစ်သားရဲ ဆယ်ကောင်ထဲက နှစ်ကောင်ပဲ။ နဂါးနဲ့ ဖီးနစ်ဆိုတာက နိမိတ်ကောင်းတွေပဲလေ။ ငါတို့က နတ်ဖတ်တဲ့ စုံတွဲတွေဖြစ်မယ်လို့ မင်းမထင်ဘူးလား"
ဟွမ်လင်၏ လှပသော မျက်နှာလေးကိုကြည့်ရင်း လုမင် မနေနိုင်ဘဲ စနောက်လိုက်မိသည်။
"ဟွန့်... နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ငါ့ကို အမီလိုက်နိုင်ရင် ငါတကယ်ပဲ စဉ်းစားနိုင်ပါတယ်"
ဟွမ်လင်၏ မျက်လုံးများတွင် ထူးဆန်းသောအရောင်တစ်ခု လင်းလက်လာပြီး ပြုံးလိုက်၏။
"ငါ့ရဲ့ ကျင့်ကြံခြင်းက မင်းကို အမီလိုက်နိုင်ဖို့ဆိုရင် ဘယ်လောက်တောင် စောင့်ရဦးမှာလဲ။ အပြင်မှာ ငါတို့အတွက် အစောင့်အနေနဲ့ ရုပ်သေးတွေလည်း ရှိနေပြီ၊ ဒါက အချိန်ကောင်းပဲလေ။ ငါတို့တွေ ဘာဖြစ်လို့ အခုပဲ တစ်ခုခု မလုပ်ရမှာလဲ"
လုမင်၏ မျက်လုံးအကြည့်က ဟွမ်လင်၏ ဆွဲဆောင်မှုရှိစွာ ဖောင်းကြွနေသော အစိတ်အပိုင်းတချို့ပေါ်သို့ ကျရောက်လာသည်။ သူက ညစ်ကျယ်ကျယ်ပြုံးရင်း ဟွမ်လင်ထံသို့ လျှောက်သွားလိုက်၏။
"နင်... နင် ဘာလုပ်မလို့လဲ။ နင်လည်း အဲလိုလူပဲလား... ငါ့နားကို မလာနဲ့နော်"
လုမင်က သူမဆီသို့ လျှောက်လာသည်ကို မြင်သောအခါ ဟွမ်လင်၏ အမူအရာ ပြောင်းလဲသွားသည်။ မီးတောက်များက သူ့ခန္ဓာကိုယ်မှ တောက်လောင်လာပြီး လုမင်ကို စိုးရိမ်ဟန်ဖြင့် စိုက်ကြည့်လိုက်လေသည်။
"ဟားဟားဟား"
လုမင်က ရုတ်တရက် ရယ်မောကာ ဘေးနားသို့ လျှောက်သွားသည်။ သူက တင်ပျဉ်ခွေထိုင်ပြီး သူ့ကိုယ်သူ ပြန်လည်ကုသနေတော့သည်။
"ကောင်စုတ်"
ဟွမ်လင် အံကြိတ်လိုက်သည်။ လုမင်၏ လှည့်စားခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း သူမ သိသွားပြီ။
လုမင်၏ ဒဏ်ရာများက ပြင်းထန်မှု မရှိပါ။ မကြာမီ၊ သူ့ဒဏ်ရာများက ပြန်လည် သက်သာလာခဲ့သည်။
လုမင်က ပြန်ကောင်းလာသော်လည်း ရုပ်သေးဝင်္ကပါထဲသို့ ချက်ချင်း မဝင်ပါ။ ထိုအစား သူဟာ လေးလေးနက်နက် နားလည်ဆင်ခြင်နေခဲ့သည်။
လက်ရှိတွင်၊ သူ့မှာ တိုက်ခိုက်ခြင်းအတွက် လက်နက်တစ်သောင်း တာအိုကျမ်း၊ အစွန်းရောက်လှံ ဆယ့်သုံးချက်၊ အတားအဆီးမဲ့သော ကောင်းကင်သိုင်းနှင့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တို့ ရှိသည်။
ယခုတော့ ကိုယ်ဖော့ကျမ်း အားနည်းချက်ကို ဖြည့်ဆည်းရန်အတွက် တာအိုနယ်မြေ ကိုယ်ဖော့ကျမ်းကို လေ့ကျင့်ရန် လိုအပ်နေပြီ။
လုမင်က နဝမနဂါး၏ အမှတ်တရများကို မွှေနှောက်ရှာဖွေလိုက်သည်။ မကြာမီ၊ လုမင်၏ မျက်လုံးများက တောက်ပလာသည်။
ကိုယ်ဖော့ပညာတစ်ခုကို သူ တွေ့လိုက်ရ၏။
လေမိုးကြိုးခြေလှမ်း။
လေမိုးကြိုးခြေလှမ်းကို လေ့ကျင့်ရန်အတွက် လေနှင့် မိုးကြိုး တာအိုနယ်မြေကို နားလည်ထားရန် လိုအပ်သည်။ ယင်းက သူ့အတွက် ပြဿနာ မဟုတ်ပေ။
လေမိုးကြိုးခြေလှမ်းက လေနှင့် မိုးကြိုး၏ လက္ခဏာများကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ မိုးကြိုးလျှပ်စီးကဲ့သို့ ရွေ့လျားပြီး လေကဲ့သို့ လျင်မြန်သွက်လက်မှု ရှိ၏။ ၎င်းက ထိပ်တန်း တာအိုနယ်မြေ ကိုယ်ဖော့ပညာအမျိုးအစားတစ်ခုပင်။
လုမင်လည်း ဂရုတစိုက် လေ့လာလိုက်သည်။
နာရီအနည်းငယ်ကြာပြီးနောက် လုမင်သည် ရုပ်သေးဝင်္ကပါထဲသို့ ထပ်မံ ဝင်ရောက်လာခဲ့သည်။ ရုပ်သေးတစ်ဒါဇင်က လုမင်ကို ချက်ချင်း တိုက်ခိုက်လာ၏။
လုမင်၏ ခန္ဓာကိုယ်က အလင်းစက်များ တောက်ပပြီး သူတော်စင် လက်နက်ဆယ်ခု ပေါ်လာခဲ့သည်။ လုမင်လည်း လှံရှည်နှင့် ဓားကို လက်တစ်ဖက်စီတွင် ကိုင်ဆွဲပြီး ရုပ်သေးများကို တိုက်ခိုက်လိုက်တော့သည်။