အခန်း ၁၆၁၅
Vol. 108 Ch. 1615
အပိုင်း ( 1615 ) သိုင်းအုပ်ချုပ်သူနယ်ပယ် နဝမအဆင့်။
"ဝုန်း... ဝုန်း"
လှံရှည်နှင့် ဓားက ရုပ်သေးရုပ်နှစ်ရုပ်နှင့် ထိပ်တိုက်တွေ့သွားသည်။ လုမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွား၏။
"အဲဒါက... လက်နက်တစ်သောင်း တာအိုကျမ်းပဲ"
ဤတစ်ကြိမ်တွင်လည်း ဟွမ်လင်မှာ လုမင်ကြောင့် တုန်လှုပ်သွားရပြန်သည်။
လုမင်က လက်နက်တစ်သောင်း တာအိုကျမ်းကို အမှန်တကယ် လေ့ကျင့်ထား၏။ ၎င်းက ဝမ်မျိုးနွယ်၏ အထူးပညာရပ်တစ်ခု ဖြစ်သည်။
လုမင်က ပို၍ နားလည်ရခက်လာလို သူမ ခံစားခဲ့ရလေသည်။
"ဝုန်း... ဝုန်း"
တစ်ချိန်တည်းမှာပင်၊ အခြားတစ်ဖက်တွင် ရုပ်သေးရုပ်အချို့က လုမင်အား လျင်မြန်သွက်လက်စွာ တိုက်ခိုက်လိုက်ကြသည်။
လုမင်၏ မျက်လုံးအိမ်များက ကျဉ်းမြောင်းသွားပြီး အာရုံစူးစိုက်လိုက်၏။ ရုပ်သေးများ၏ တိုက်ခိုက်မှုများက သူ့ကို ထိခါနီးတွင်၊ လုမင်၏ ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားသွားသည်။ လေနှင့် မိုးကြိုးလျှပ်စီးများ လင်းလက်လာပြီး ရုပ်သေးများ၏ တိုက်ခိုက်မှုကို ပွတ်ကာသီကာ ရှောင်ထွက်သွားတော့သည်။
သူက လေမိုးကြိုးခြေလှမ်းကို အသုံးပြုခဲ့သည်။
ထို့နောက်တွင် လုမင်က လှံရှည်နှင့် ဓားကို အသုံးပြုပြီး အခြားရုပ်သေးနှစ်ကောင်၏ တိုက်ခိုက်ခြင်းကို တားဆီးလိုက်၏။
လုမင်က ရုပ်သေးများ၏ တိုက်ခိုက်မှုများကို ရှောင်ရှားရန် ဝင်္ကပါ အားနည်းချက်ကို အသုံးမချခဲ့ပါ။ ယင်းအစား၊ သူသည် ရုပ်သေးများနှင့် တိုက်ခိုက်ရန်နှင့် သူ့ကိုယ်သူ လေ့ကျင့်ရန် သူ့ကိုယ်ပိုင်စွမ်းရည်များကို ထုတ်သုံးနေခဲ့သည်။
သို့သော်လည်း ဝင်္ကပါဖြင့် ရုပ်သေးတစ်ဒါဇင်၏ တိုက်ခိုက်နိုင်စွမ်းက သူ့ထက်သာလွန်သည်။ သူက ရုပ်သေးများ၏ တိုက်ခိုက်မှုကို ခုခံရန် အစွမ်းကုန် အသုံးပြုကာ အကန့်အသတ်ထိ ထုတ်ဖော်ခဲ့ရပေသည်။
ဤတစ်ကြိမ်တွင်၊ လုမင်က အန္တရာယ်မကျရောက်မီ တိုက်ခိုက်မှုဆယ်ခုကို တားဆီးနိုင်ခဲ့သည်။ မတတ်သာသည့်အဆုံးတွင် လုမင်လည်း ဝင်္ကပါ၏ အားနည်းချက်ကိုနင်းပြီး ကျောက်တိုင်ဘေးသို့ ပြန်ဆုတ်လာခဲ့ရလေသည်။ အနားယူပြီးနောက် သူက ဝင်္ကပါအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ရုပ်သေးရုပ်များနှင့် ဆက်လက် တိုက်ပွဲဝင်ခဲ့သည်။
အချိန်တိုင်းတွင် လုမင်က သူ့ကိုယ်သူ အကန့်အသတ်ဆီသို့ တွန်းပို့နေသည်။ ပြင်းထန်သော အကျပ်အတည်းတစ်ခုသို့ ကျရောက်သောအခါမှာတော့ လုမင်က တိုက်ခိုက်မှုများကို ရှောင်ရှားရန် ဝင်္ကပါ၏ အားနည်းချက်ကို အသုံးပြုခဲ့၏။ ဤနည်းဖြင့် လုမင်က သေခြင်းရှင်ခြင်း အစွန်းရောက်ဘုံသို့ မဝင်ရောက်နိုင်သော်လည်း သူ၏ တိုးတက်မှုမှာ မြန်ဆန်ခဲ့ပေသည်။
မကြာသေးမီကမှ လေ့ကျင့်ခဲ့သော လေမိုးကြိုးခြေလှမ်းက တိုးတက်မှုအမြန်ဆုံး ဖြစ်သည်။ အဆက်မပြတ် ဖြတ်ကျော်ပြီး မကြာမီ တတိယအဆင့်ကို ရောက်သွားတော့သည်။
ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေနှင့် ပတ်သက်ပြီး သူ၏တိုးတက်မှုသည်လည်း အလားတူပင် မြန်ဆန်သည်။ သူက နဝမအဆင့်ကို ချိုးဖြတ်သွား၏။
ဂူအပြင်ဘက်မှာတော့ ဝမ်ထျန်းချန်၊ ကျောက်ခွမ်းနှင့် စစ်မာလျန်တို့ ရှိနေသည်။ သူတို့က အပြင်မှာရပ်ပြီး မှုန်သိုးသိုးဖြင့် ဂူကို စိုက်ကြည့်နေပေသည်။
ထိုစဉ်၊ ဂူထဲမှ ပြင်းထန်သော ပေါက်ကွဲသံများကို ကြားရသောကြောင့် သူတို့သုံး၏ မျက်နှာတွင် အမျိုးမျိုးသော အမူအရာများ ပေါ်လာကြသည်။
"အထဲမှာ ဘာဖြစ်တာလဲ"
"ဟွမ်လင်က ဟိုကောင်လေးနဲ့ တိုက်ခိုက်နေတာများ ဖြစ်နိုင်မလား"
မှန်းဆပြောဆိုကြ၏။
"ဝင်ကြည့်ရအောင်"
ဝမ်ထျန်းချန်က အေးစက်စက်ပြောရင်း လှိုဏ်ဂူထဲသို့ ပြေးဝင်သွားသည်။ စစ်မာလျန်နှင့် ကျောက်ခွမ်းလည်း ဂူထဲသို့ ပြေးဝင်သွားတော့သည်။
လှိုဏ်ဂူထဲသို့ ပြေးဝင်လိုက်သည်နှင့် ရုပ်သေးများက သူတို့ကို ဝိုင်းရံလာသည်။ တစ်ချိန်တည်းမှာပင် လုမင်က ရုပ်သေးများနှင့် တိုက်ခိုက်နေတာကို တွေ့လိုက်ရ၏။
သုံးယောက်သား တအံ့တဩဖြင့်ကြည့်ကာ ဂူထဲမှ ပြန်ထွက်ခဲ့ကြသည်။
"ဒီကောင်က ရုပ်သေးတွေနဲ့ ဘာဖြစ်လို့ တိုက်ခိုက်နေတာလဲ။ မြေပုံနဲ့သော့ကိုယူပြီး ပြန်ထွက်လာတုန်းမှာ ရုပ်သေးတွေရဲ့ တိုက်ခိုက်ခံရတာများလား"
ကျောက်ခွမ်းမှာ အံ့ဩနေသည်။
"ဒီလိုပဲ ဖြစ်သင့်တယ်"
စစ်မာလျန် ခေါင်းညိတ်လိုက်၏။
"သူတို့ ဝင်သွားနိုင်တာကြောင့် ပြန်ထွက်လာနိုင်မှာ သေချာတယ်။ ငါတို့က ဒီမှာ ထိုင်စောင့်နေရုံပဲ။ သူတို့ထွက်လာရင် သူတို့ကိုသတ်ပြီး မြေပုံနဲ့ သော့ကို ယူကြမယ်။ နောက်ဆုံး ရတနာတွေကို တွေ့ရရင်တော့ ငါတို့သုံးယောက်ရဲ့ ကိုယ်ပိုင်အစွမ်းအစပေါ် မူတည်ပြီး ဆုံးဖြတ်ကြတာပေါ့"
ဝမ်ထျန်းချန်၏ မျက်လုံးများက အေးစက်သွားသည်။ လုမင်ကို သူ သတ်ပစ်ရမည်။
'ဒီကောင် လက်နက်တစ်သောင်း တာအိုကျမ်းကို ဘယ်လိုလုပ်ပြီး လေ့ကျင့်နိုင်တာလဲ မသိဘူး။ ဒါက သူ့ရဲ့ တာအိုနယ်မြေကြောင့်များလား...။ သူ့ရဲ့ တာအိုနယ်မြေက ကစဉ့်ကလျားတာအိုနယ်မြေနဲ့ အတော်ဆင်တူပေမဲ့ ဒီကမ္ဘာမှာ ကစဉ့်ကလျားတာအိုနယ်မြေကို လေ့ကျင့်နိုင်တဲ့သူ တကယ်ရော ရှိလို့လား'
ဝမ်ထျန်းချန်မှာ ဇဝေဇဝါဖြစ်နေပြီး သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
သူတို့သုံးယောက်က ဂူအပြင်မှာပဲ ဆက်လက် စောင့်နေခဲ့ကြသည်။ ထိုအချိန်တွင် လုမင်က အချိန်ကို အကျိုးရှိရှိ အသုံးချပြီး လေ့ကျင့်နေ၏။
မျက်စိတစ်မှိတ်အတွင်းမှာ လဝက် ကြာသွားပြီ။
လှိုဏ်ဂူအတွင်း၌ လုမင်၏ ပုံရိပ်က လှုပ်ရှားနေပြီး ရုပ်သေးများကို တိုက်ခိုက်နေခဲ့သည်။ လုမင်၏လှံက နဂါးတစ်ကောင်ကဲ့သို့ ကခုန်နေပြီး ဓားရှည်ကတော့ ကောင်းကင်ကို ခွဲထွက်သွားသည်။ ရုပ်သေးများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်တိုင်း ကြီးမားသော အင်အားများ ပေါက်ကွဲထွက်လာ၏။
"ဝုန်း... ဝုန်း... ဝုန်း"
အနည်းငယ် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် လုမင်က တိုက်ခိုက်မှုမှ တန်ပြန်အင်အားကို အသုံးပြုကာ ကျောက်တိုင်ဘေးသို့ ပြန်ဆုတ်သွားတော့သည်။
'ဒီလုမင်က ဘယ်ကလာတာပါလိမ့်...၊ သူက အတော်ထက်မြက်ပြီး နေ့စဉ်နဲ့အမျှ တိုးတက်လာနေပုံရတယ်။ သူက အချိန်တိုအတွင်းမှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အဋ္ဌမအလွှာကနေ သိုင်းအုပ်ချုပ်သူနယ်ပယ် နဝမအလွှာကို ရောက်သွားပြီ'
ဟွမ်လင်၏ မျက်လုံးများက အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။
ယခုအခါ ဟွမ်လင်၏ ဒဏ်ရာများက ပြန်လည်ကောင်းမွန်နေပြီ။ ဤအတောအတွင်း၌ သူသည်လည်း ရုပ်သေးများကို တိုက်ခိုက်ခဲ့ဖူးသည်။ သို့ရာတွင်၊ သူမ၏ တိုးတက်မှုက လုမင်လောက် မမြန်ပေ။
"ငါ့ရဲ့ တာအိုနယ်မြေက နဝမအလွှာရဲ့ အလယ်အလတ်အဆင့်ကို ရောက်ရှိသွားပြီ"
လုမင် ပြုံးလိုက်သည်။
လုမင်၏ တာအိုနယ်မြေသည် လွန်ခဲ့သည့် ငါးရက်ကပင် နဝမအလွှာသို့ ချိုးဖြတ်သွားပြီ ဖြစ်သည်။ ထို့နောက် လုမင်က ကျောက်ကြမ်းအများအပြားကို ဝါးမျိုပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကို သိုင်းအုပ်ချုပ်သူနယ်ပယ် အဆင့်ကိုးသို့ မြှင့်တင်ခဲ့ပေသည်။
ယခုတော့ သူ၏ တာအိုနယ်မြေက ဆက်လက် တိုးတက်လာပြီး နဝမအလွှာ၏ အလယ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
"ငါက တိုက်ခိုက်ဖို့အတွက် မွေးလာတာများလား။ တိုက်ပွဲကြားမှာဆိုရင် ငါ့ရဲ့ လေ့ကျင့်မှုအရှိန်က တကယ်ကို မြန်လွန်းတယ်"
လုမင်သည်ပင် သူ၏တိုးတက်မှုကြောင့် အံ့အားသင့်ခဲ့မိလေသည်။
သေခြင်းရှင်ခြင်းတိုက်ပွဲများတွင် သူက ပို၍ ထက်မြက်ပြီး ပုံမှန်ထက်ပိုသော အာရုံစိုက်မှုမျိုး ရှိသည်။ သိုင်းပညာဖြစ်စေ၊ တာအိုနယ်မြေပင် ဖြစ်စေ... သူ၏ နားလည်နိုင်စွမ်းက မြင့်မားလွန်းပေသည်။
ယခုဆိုလျှင် လုမင်က လေမိုးကြိုးခြေလှမ်းကို ပြီးပြည့်စုံသည့်အဆင့်သို့ လေ့ကျင့်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ့လှုပ်ရှားမှုက မိုးကြိုးမုန်တိုင်းကဲ့သို့ဖြစ်ပြီး သူ့အရှိန်က အံ့မခန်းပင်။
ယခုအချိန်တွင် လုမင်က အခွင့်အလမ်းကို စောင့်နေသည်။
ကမ္ပည်းတာအို ဒုတိယခန္ဓာက အဆင့်တက်တော့ မည်။
ကမ္ပည်းတာအို ဒုတိယခန္ဓာက ဝိညာဉ်မီးခွက် ရှစ်ခုကို ထွန်းညှိထားပြီး ဖြစ်သည်။ ယခုအခါ သူက ဝိညာဉ်မီးခွက် ကိုးခုကို ထွန်းလင်းစေတော့မည်။
ကမ္ပည်းတာအို ဒုတိယခန္ဓာက ဝိညာဉ်မီးခွက် ကိုးခုကို ထွန်းညှိလိုက်သည်နှင့်၊ သူ၏ ထိုက်ကျိအစီရင်ချပ်ပြားကို ထိန်းချုပ်နိုင်စွမ်းမှာ ပို၍ မြင့်မားလာမည် ဖြစ်သည်။ ထိုက်ကျိအစီရင်ချပ်ပြား၏ စွမ်းအားကလည်း ပို၍ အားကောင်းလာပေမည်။ ထိုအချိန်က သူတို့ လှုပ်ရှားရမည့် အချိန် ဖြစ်သည်။
'အခု ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံ အဆင့်တက်သွားပြီမို့ သူတော်စင်ရတနာ လက်နက်တွေကို ပိုပြီး တံဆိပ်ခတ်နိုင်ပြီ'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။ ထို့နောက်တွင် သူက လက်နက်တစ်သောင်း တာအိုကျမ်းကို အသက်သွင်းလိုက်၏။ သူတော်စင်ရတနာ လက်နက်တစ်ခုကို ထုတ်ယူကာ တံဆိပ်ခတ်လိုက်တော့သည်။
လုမင်၏ ရင်ဘတ်ပေါ်တွင် အလင်းအစက်လေးတစ်စက် လင်းလက်လာသည်။ ဤသူတော်စင်ရတနာ လက်နက်ကို အောင်မြင်စွာ တံဆိပ်ခတ်နိုင်ခဲ့ပြီ။
ဤသည်မှာ ဆယ့်တစ်ခုမြောက် သူတော်စင်ရတနာ လက်နက် ဖြစ်သည်။
ထိုအချိန်က ဝမ်ထျန်းချန်ပင်လျှင် သူတော်စင်လက် ဆယ့်နှစ်ခုကိုသာ တံဆိပ်ခတ်ထားရသေးသည်။
"ငါ့ကန့်သတ်ချက်ကို မရောက်သေးဘူး၊ ဆက်မယ်"
လုမင်က နောက်ထပ် သူတော်စင်လက်နက်ကို ထုတ်ယူကာ တံဆိပ်ခတ်လိုက်သည်။
မကြာမီ၊ လုမင်က ဆယ့်နှစ်ခုမြောက် သူတော်စင်လက်နက်ကို အောင်မြင်စွာ တံဆိပ်ခတ်လိုက်၏။
ဤအချိန်တွင် လုမင်က သူ၏ကန့်သတ်ချက်သို့ရောက်နေပြီဟု ခံစားလိုက်ရသည်။ သူဆက်ပြီး တံဆိပ်ခတ်ထားလျှင် သူ့ခန္ဓာကိုယ်က ခံနိုင်တော့မည် မဟုတ်ပေ။
အတွေးတစ်ခုဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်မှတ်တစ်ဆယ့်နှစ်ခုက တောက်ပလာသည်။ သူတော်စင်လက် ဆယ့်နှစ်ခု ပေါ်လာပြီး သူ့ခန္ဓာကိုယ်တဝိုက်တွင် ပျံဝဲနေ၏။
"ဒါက ဘယ်လိုမကောင်းဆိုးရွားမျိုးလဲ။ သူက သိုင်းအုပ်ချုပ်သူနယ်ပယ် နဝမအဆင့်နဲ့ သူတော်စင်လက်နက် ဆယ့်နှစ်ခုကို တံဆိပ်ခတ်ထားနိုင်တယ်"
ဟွမ်လင် အံ့သြသွားသည်။ လုမင်၏ ပုံမှန်မဟုတ်သော အပြုအမူအမျိုးမျိုးအတွက် သူမ ထုံကျဥ်နေပြီ။
ထိုအချိန်တွင် လုမင်၏ မျက်လုံးများက တောက်ပလာသည်။ ကမ္ပည်းတာအို ဒုတိယခန္ဓာက စတင် အဆင့်တက်နေပြီ ဖြစ်သည်။
တောင်နှင့်မြစ် ပန်းချီကားအတွင်းတွင်... တောက်ပသော ဝိညာဉ်မီးတောက်က ကမ္ပည်းတာအို ဒုတိယခန္ဓာ၏ မျက်ခုံးနှစ်ခုကြားတွင် လင်းလက်လာ၏။ ရွှေရောင် ဝိညာဉ်မီးတောက်က နတ်မီးတောက်ကဲ့သို့ အလျှံတညီးညီး တောက်လောင်နေတော့သည်။
ထိုက်ကျိအစီရင်ချပ်ပြားကလည်း သူ၏ ဦးခေါင်းထက်တွင် မျောလွင့်နေခဲ့သည်။ အလင်းများက ဒုတိယခန္ဓာထဲသို့ အဆက်မပြတ် စိမ့်ဝင်သွား၏။
ဒုတိယခန္ဓာ၏ ဝိညာဉ်ပင်လယ်အတွင်းတွင် ရွှေရောင် ဝိညာဉ်မီးခွက် ရှစ်ခုက ပြိုးပြိုးပြက်ပြက် ထွန်းလင်းတောက်ပနေသည်။ ရုတ်တရက်၊ ကိုးခုမြောက် ဝိညာဉ်မီးခွက်တွင် ရွှေရောင်မီးတောက်တစ်ခု ထွက်လာ၏။
"ဝမ်"
ထိုက်ကျိအစီရင်ချပ်ပြားမှ အလင်းများက ဒုတိယခန္ဓာလုမင်၏ ဝိညာဉ်ပင်လယ်အတွင်းသို့ စိမ့်ဝင်သွားပြီး နဝမမြောက် ဝိညာဉ်မီးခွက်ပေါ်ရှိ မီးတောက်မှာ ပို၍ တောက်ပလာတော့သည်။
ဤအခိုက်အတန့်တွင်၊ ဒုတိယခန္ဓာ၏ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်လက်စွပ်များစွာ ပေါ်လာသည်။
စုစုပေါင်း ဝိညာဉ်လက်စွပ် ကိုးခု ရှိ၏။ ပထမဝိညာဉ်လက်စွပ် ရှစ်ခုတွင် ပြီးပြည့်စုံမှုကို ကိုယ်စားပြုသည့် အလင်းအစက်ဆယ်စက်စီ ရှိနေသည်။ နောက်ဆုံး ရွှေရောင်ဝိညာဉ်လက်စွပ်တွင်သာ အလင်းစက် ကိုးစက် ရှိခဲ့လေသည်။
ဒုတိယခန္ဓာလုမင်က ရွှေရောင်ဝိညာဉ်မီးခွက် ဆယ်ခု ထွန်းညှိနိုင်သရွေ့ ဝိညာဉ်မီးတောက်ကို ကမ္ပည်းဖြင့် ပေါင်းစပ်ကာ၊ မိုးနှင့်မြေ၏ နိယာများနှင့်ဆက်သွယ်ပြီး သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ ချိုးဖြတ်နိုင်သည်။