အခန်း ၁၆၁၆
Vol. 108 Ch. 1616
အပိုင်း ( 1616 ) တိုက်ပွဲ။
ကမ္ပည်းလမ်းစဉ်သည် သူတော်စင်နယ်ပယ်ကို မရောက်ရှိမီက သိုင်းတာအိုနှင့် လုံးဝ ခြားနားသည်။ ကမ္ပည်းတာအိုတွင် အဆင့်တက်ရန်အတွက် မိုးနှင့်မြေ၏ တာအိုများကို နားလည်ဆင်ခြင်ရန် မလိုပေ။ ကမ္ပည်းများကို နိယာမ၏ ရိုးရှင်းသောမူအဖြစ် မှတ်ယူနိုင်သည်။
ကမ္ပည်းစာများက မိုးနှင့်မြေ နှင့် တိုက်ရိုက်ဆက်သွယ်ပြီး မိုးနှင့်မြေကြားရှိ စွမ်းအင်များကို ဆွဲယူအသုံးပြုနိုင်သည်။ ထို့ကြောင့် အဆင့်ကိုး(သိုင်းအုပ်ချုပ်သူနယ်ပယ်)အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် နိယာမနှင့် တိုက်ရိုက်ဆက်သွယ်ကာ နားလည်သဘောပေါက်နိုင်ပေသည်။
သို့သော်လည်း သူတော်စင်နယ်ပယ်သို့ ရောက်ရှိပြီးနောက်မှာတော့ ကမ္ပည်းလမ်းစဉ်နှင့် သိုင်းလမ်းစဥ်ကြားတွင် အခြေခံအားဖြင့် ကွာခြားမှုမရှိတော့ပါ။
နောက်ဆုံးတွင် လမ်းစဉ်အားလုံးက မူလ သဘာဝသို့ ပြန်လာခဲ့ရသည်။ မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ အဆုံးမှာတော့ အတူတူပင်။
ကမ္ပည်းလမ်းစဉ်ဖြင့် သူတော်စင်အဆင့်သို့ တက်လှမ်းသောအခါ၊ သူတော်စင်နှလုံးသားကို ဖွဲ့စည်းပြီး သူတော်စင်စွမ်းအင်နှင့် နိယာမကို ထိန်းချုပ်ရမည် ဖြစ်သည်။ ယင်းက သိုင်းလမ်းစဉ်နှင့် အတူတူပင်။
ထိုအချိန်တွင် လုမင်က ပြုံးပြီး ဟွမ်လင်ကိုကြည့်ကာ ပြောလိုက်သည်။
"သွားကြစို့"
"နင် ယုံကြည်မှုရှိရဲ့လား။ အလျင်လိုစရာ မလိုဘူးနော်၊ မဟုတ်ရင် နင့်အတွက် အန္တရာယ်ရှိလိမ့်မယ်"
ဟွမ်လင် ပြောလိုက်သည်။ သူမက စိုးရိမ်နေသေးသည်။
လုမင်၏ အကြံအစည်မှာ ဝမ်ထျန်းချန်ကိုသတ်ရန် ဖြစ်သည်။ လုမင်က သိုင်းအုပ်ချုပ်သူနယ်ပယ် အဆင့်ကိုးသို့ ချိုးဖြတ်သွားပြီဖြစ်သော်လည်း၊ သူ အမှန်တကယ် အောင်မြင်နိုင်ပါ့မလား။
"စိတ်မပူပါနဲ့၊ ငါတို့ သူ့ကို မသတ်နိုင်ရင်တောင် ငါတို့ကို ဘာမှလုပ်လို့မရဘူး"
လုမင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
ထို့နောက် ထရပ်ပြီး ရုပ်သေးရုပ်ဝင်္ကပါဆီသို့ လျှောက်သွားသည်။
"ငါ့ခြေလှမ်းအတိုင်း နင်းလိုက်ခဲ့ပါ"
ထိုသို့ ပြောဆိုပြီးနောက် လုမင်က ရုပ်သေးရုပ် ဝင်္ကပါအတွင်းသို့ ဝင်ရောက်သွား၏။ ရုပ်သေးတစ်ဒါဇင်က လုမင်ကို ချက်ချင်းတိုက်ခိုက်ခဲ့သော်လည်း နောက်ခြေတစ်လှမ်းတွင် တိုက်ခိုက်မှုများကို လွတ်မြောက်သွားတော့သည်။
ထို့နောက် သူက နောက်တစ်လှမ်း လှမ်းလိုက်သည်။ ဟွမ်လင်လည်း လုမင်၏ နောက်သို့လိုက်ကာ လုမင်၏ခြေလှမ်းအတိုင်း နင်းလိုက်လေသည်။
ထိုသို့ဖြင့် ဟွမ်လင်က လုမင်၏ ခြေလှမ်းအတိုင်း ဝင်္ကပါ၏ အားနည်းချက်ကို နင်းလိုက်ခဲ့သည်။ နောက်ဆုံးတွင်၊ သူတို့နှစ်ဦးက ရုပ်သေးဝင်္ကပါကို အလွယ်တကူဖြတ်ကျော်ကာ ဂူထဲမှ ထွက်လာခဲ့တော့သည်။
"သူတို့ ထွက်လာပြီ"
လုမင်နှင့် ဟွမ်လင်တို့ ဂူထဲမှ ထွက်လိုက်သည်နှင့် အေးစက်စက်အော်သံကို ကြားလိုက်ရသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသုံးခု ပေါက်ကွဲထွက်ပေါ်လာပြီး လုမင်နှင့် ဟွမ်လင်ပေါ်သို့ ကျရောက်လာ၏။
အထူးသဖြင့်၊ ဝမ်ထျန်းချန်က အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ကို ထုတ်လွှတ်နေတော့သည်။
"နောက်ဆုံးတော့ မင်းတို့ ထွက်လာပြီပေါ့။ ဟွမ်လင်... ငါ မင်းကို အရင်က အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ ကံမကောင်းချင်တော့ မင်းက ဘယ်လိုတန်ဖိုးထားရမှန်း မသိခဲ့ဘူး"
ဝမ်ထျန်းချန်က အေးစက်စက် ပြောလိုက်သည်။
"စကားမများနဲ့ ဝမ်ထျန်းချန်၊ မင်း ငါ့ကို မသတ်ချင်ဘူးလား။ တိုက်ခိုက်ကြစို့"
လုမင်က အေးစက်စက်ပြောပြီး အရှိန်အဝါများကို ထုတ်ဖော်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ မြေပြင်က တုန်ဟီးသွား၏။ သူ့ခန္ဓာကိုယ်မှ အလင်းစက် ဆယ့်နှစ်ခု တောက်ပလာပြီး သူတော်စင်ရတနာ ဆယ့်နှစ်ခုမှာ လေထဲတွင် မျောလွင့်နေတော့သည်။ သူတော်စင်ရတနာ လက်နက်တစ်ခုစီက စူးရှတောက်ပသော အလင်းများ ထုတ်လွှတ်နေခဲ့သည်။ သူတော်စင်လက်နက် ဆယ့်နှစ်ခု၏ စွမ်းအင်များက တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွား၏။ လုမင်က နဂါးနက်လှံကို ဆွဲကိုင်ပြီး ဝမ်ထျန်းချန်ကို ထိုးသွင်းလိုက်တော့သည်။
"သူတော်စင်လက်နက် ဆယ့်နှစ်ခု... သေစမ်းကွာ၊ သေစမ်း..."
ဝမ်ထျန်းချန်က ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အလင်းစက်များ တောက်ပပြီး သူတော်စင်လက်နက် ဆယ့်နှစ်ခု ထွက်ပေါ်လာ၏။ သူက သူတော်စင်ဓားကိုကိုင်ကာ လုမင်ကို လွှဲခုတ်လိုက်တော့သည်။
သူ့မျက်လုံးမှာတော့ ပြင်းပြသော မနာလိုစိတ်တစ်ခု ရှိနေခဲ့သည်။
လုမင်က သူတော်စင်ရတနာ လက်နက် ဆယ့်နှစ်ခုတိတိ တံဆိပ်ခတ်ထား၏။ သူတော်စင်လက်နက် ဆယ့်နှစ်ခုကို သူ တံဆိပ်ခတ်စဉ်က၊ သူ၏ ကျင့်ကြံခြင်းမှာ သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိထားကြရမည် ဖြစ်သည်။
"ဝုန်း"
နဂါးနက်လှံနှင့် ဝမ်ထျန်းချန်၏ ဓားက ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားသည်။ လက်နက်စွမ်းအင်များက ထိပ်တိုက်တွေ့ပြီး ကျယ်လောင်သော အသံများ ထွက်ပေါ်လာ၏။
လုမင်လည်း နဂါးနက်လှံကို အဆက်မပြတ် တိုက်ခိုက်နေသည့် ကြောက်မက်ဖွယ်ကောင်းသော အင်အားများကို ခံစားလိုက်ရသည်။
ယင်းက နိယာမ၏ စွမ်းအားပင်။ လုမင်၏ အဆင့်ကိုး ကစဉ့်ကလျားတာအိုနယ်မြေပင်လျှင် တားဆီးရန် မလွယ်တော့ပေ။
"ဝမ်"
နဂါးနက်လှံက တုန်ခါသွားပြီး လုမင်လည်း ခြေလှမ်း ငါးလှမ်း၊ ခြောက်လှမ်းခန့် နောက်ပြန်ဆုတ်သွားခဲ့ရသည်။
ဝမ်ထျန်းချန်၏ မျက်လုံးများက အေးစက်သွားသည်။ လုမင်က သူ၏ တိုက်ခိုက်မှုကို အမှန်တကယ် ခုခံနိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူက ဒဏ်ရာ လုံးဝ မရရှိသည့်အပြင် ခြေလှမ်းအနည်းငယ်သာ နောက်ဆုတ်သွားရသည်။
"ဝှစ်"
ထိုအချိန်တွင်၊ ဟွမ်လင်က တစ်ဖက်သို့ ပြေးထွက်သွားခဲ့သည်။
"ဘယ်ကိုသွားမှာလဲ"
"ဒီမှာပဲနေစမ်း"
ကျောက်ခွမ်းနှင့် စစ်မာလျန်တို့လည်း ဟွမ်လင်၏နောက်သို့ ပြေးလိုက်သွားကြသည်။
အတော်ဝေးဝေးသို့ ရောက်လာပြီးနောက် ဟွမ်လင်က ရုတ်တရက် ရပ်တန့်သွားသည်။ သူ့ခန္ဓာကိုယ်ကို မီးလျှံများက ဖုံးလွှမ်းသွား၏။ သူမက မီးတောက်များထဲမှ အင်မော်တယ် ကောင်းကင်ဖီးနစ်ကဲ့သို့ပင်။ သူ့တစ်ကိုယ်လုံးက မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
ဖီးနစ်တစ်ကောင် အော်မြည်သံကို ကြားလိုက်ရ၏။ ဧရာမ အင်မော်တယ် ကောင်းကင်ဖီးနစ်တစ်ကောင်က ဟွမ်လင်၏ခန္ဓာကိုယ်မှ ရုတ်တရက် ပျံထွက်လာကာ လေထဲတွင် စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်ပျံသန်းလိုက်တော့သည်။
"ဝုန်း... ဝုန်း"
ထို့နောက်တွင် မီးလျှံများက ဟုန်းခနဲ ပျံ့နှံ့သွားပြီး ကျောက်ခွမ်းနှင့် စစ်မာလျန်တို့ကို မီးလှောင်အိမ်တစ်ခုအဖြစ် ဖုံးလွှမ်းသွားခဲ့သည်။
"လုမင်... နင် မြန်မြန်လုပ်ရမယ်။ ငါ သူတို့ကို အလွန်ဆုံး သုံးမိနစ်ပဲ ထိန်းထားနိုင်တယ်။ သူ့ကို မြန်မြန်အဆုံးသတ်လိုက်တော့"
ဟွမ်လင်၏ အသံက မီးတောက်များအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် မီးလှောင်အိမ်ထဲမှ ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပေသည်။
"မြန်မြန် အဆုံးသတ်လိုက်တဲ့လား။ ဟားဟားဟား...၊ ဟွမ်လင်က မင်း ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလို့တော့ မပြောနဲ့"
ဝမ်ထျန်းချန်က အရယ်ရဆုံး ဟာသတစ်ခုကို ကြားရသလို အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။
"သတ်"
လုမင်ကတော့ အချိန်မဖြုန်းပေ။ သူ့တွင် အချိန်မရှိပါ။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ နတ်ဘုရားဓားကျင့်စဉ်ကို တိုက်ရိုက် အသုံးပြုခဲ့သည်။ သူ့မျက်လုံးများမှ မမြင်နိုင်သော ဓားနှစ်လက် ပြေးထွက်လာပြီး ဝမ်ထျန်းချန်၏ နတ်ဘုရားဝိညာဉ်ကို ထိုးခုတ်လိုက်၏။
သို့သော်လည်း ဝမ်ထျန်းချန်၏ ခန္ဓာကိုယ်က အနည်းငယ်သာ တုန်ခါသွားခဲ့သည်။ သူက အေးစက်စက် လှောင်ပြောင်လိုက်သည်။
"စိတ်ဝိညာဉ်တိုက်ခိုက်ခြင်းလား၊ ဒါက ငါ့အတွက် အသုံးမဝင်ဘူးကွ။ ဒါက မင်းရဲ့ဝှက်ဖဲလား... မင်းက ဒီလောက်နဲ့ ငါ့ကို သတ်ချင်နေတာလား။ အခု မင်းဘယ်လောက်ထိ မိုက်မဲလဲဆိုတာ ငါပြောပြမယ်"
"ဝှစ်"
ဝမ်ထျန်းချန်က ဓားချက် ထုတ်ဖော်လိုက်ရာ ဓားအလင်းက သက်တန့်ကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ အခြား သူတော်စင်လက်နက် ဆယ့်တစ်ခုမှ စွမ်းအင်များကို ပေါင်းထားခြင်းကြောင့်လည်း၊ ဓားချက်မှာ အံ့မခန်းအဆင့်သို့ ရောက်ရှိသွား၏။ ဓားအလင်းက လုမင်ကို ခုတ်ပိုင်းလာတော့သည်။
"နတ်ဘုရားဝိညာဉ် ကာကွယ်ရေး ရတနာ"
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။
ဝမ်ထျန်းချန်တွင် နတ်ဘုရားဝိညာဉ် ကာကွယ်ရေး ရတနာတစ်ခု ရှိနေသည်။ ထို့ကြောင့် လုမင်၏ နတ်ဘုရားဓားကျင့်စဉ်ဖြင့် တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ခြင်းပင်။
သို့သော်လည်း ယင်းက ပုံမှန်သာ၊ ဝမ်ထျန်းချန်ကဲ့သို့ ပါရမီရှင်တစ်ဦးတွင် သူ၏ နတ်ဘုရားဝိညာဉ်ကိုကာကွယ်ရန် ရတနာတစ်ခုရှိသည်မှာ ပုံမှန်ပင် ဖြစ်သည်။
နောက်ဆုံးတွင်၊ နတ်ဘုရားဝိညာဉ်သက်သက်ဖြင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ခုခံရန် မဖြစ်နိုင်ပေ။ နတ်ဘုရားဝိညာဉ် ကာကွယ်ရေး ရတနာမရှိပါက၊ သူတို့ ဘယ်လိုသေဆုံးသွားရမှန်းတောင် သိမည်မဟုတ်ပါ။
"သတ်"
လုမင်က နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုပြီး ထပ်မံ ဟိန်းဟောက်လိုက်သည်။
ဝမ်ထျန်းချန်တွင် နတ်ဘုရားဝိညာဉ် ကာကွယ်ရေး ရတနာတစ်ခုရှိသော်လည်း နတ်ဘုရားဓားကျင့်စဉ်က သက်ရောက်မှုရှိနေသေးသည်။ တစ်ချိန်တည်းမှာပင်၊ လုမင်က နဂါးနက်လှံဖြင့် ယွမ်ချီစွမ်းအင်ကို အဆုံးစွန်ထိ ပေါက်ကွဲပြီး ဝမ်ထျန်းချီဆီသို့ ထိုးသွင်းလိုက်သည်။
"ဝုန်း... ဝုန်း"
နှစ်ယောက်သား တိုက်ခိုက်မှုအနည်းငယ် အဆက်မပြတ် ရင်ဆိုင်ခဲ့ရသော်လည်း လုမင်က အားနည်းချက် ရှိနေသေးသည်။
"မင်းမှာရှိတာ ဒါအကုန်ပဲလား၊ မင်းအဆင့်နဲ့ ငါ့ကို သတ်ချင်တာလား။ မိုက်မဲလိုက်တာ"
ဝမ်ထျန်းချန်က လှောင်ပြောင်လိုက်သည်။ သူ၏ တိုက်ခိုက်မှုများကလည်း ပို၍ ပြင်းထန်ကာ ကြမ်းတမ်းလာတော့သည်။
လုမင်၏ မျက်လုံးအကြည့်များကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။ ထိုအခိုက်တွင်၊ သူ့မျက်ခုံးနှစ်ခုကြားမှ မျှော်စင်ငယ်တစ်ခု ထွက်ပေါ်လာ၏။
"ဝမ်"
ရုတ်တရက်၊ မျှော်စင်မှ ထူးခြားသော အပြောင်းအလဲတစ်ခု ဖြစ်လာသည်။ ဝမ်ထျန်းချန်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ကြည်လင်သော ပူဖောင်းတစ်ခု ရုတ်တရက်ပေါ်လာပြီး သူ့ကို ဖုံးအုပ်လိုက်တော့သည်။
"အချိန်ဟင်းလင်းပြင် တာအိုနယ်မြေ... မင်းမှာ အချိန်ဟင်းလင်းပြင် တာအိုနယ်မြေနဲ့ ရတနာတစ်ခု ရှိတာပဲ"
"ချိုးဖြတ်လော့"
ဝမ်ထျန်းချန်က ဟိန်းဟောက်ပြီး အင်အားအပြည့်ဖြင့် ပေါက်ကွဲလိုက်သည်။ နိယာမက သူ့ခန္ဓာကိုယ်ကို ဝိုင်းရံထားပြီး ကြည်လင်သော ပူဖောင်းကို ဖျက်ဆီးရန် ကြိုးစားလိုက်၏။
သို့သော်လည်း ပူဖောင်းလေး၏ ကျင့်ကြံခြင်းက သိုင်းအုပ်ချုပ်သူနယ်ပယ် အဆင့်ကိုးသို့ ရောက်နေပြီ ဖြစ်သည်။ ထိပ်တန်းစစ်သားရဲ ဆယ်ကောင်ထဲမှ တစ်ကောင်အနေဖြင့် အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်၏ စွမ်းရည်က သံသယဖြစ်စရာမလိုပေ။ သူက ငယ်သေးသော်လည်း အလွန် ကြောက်စရာကောင်းနေဆဲ ဖြစ်သည်။
သူမ၏ အရည်အချင်းက ဝမ်ထျန်းချန်ကဲ့သို့ ကောင်းကင်အဆင့်နိမ့် ဝိညာဉ်ခန္ဓာပိုင်ရှင်ထက် အပြတ်အသတ် ပို၍ သန်မာသည်။
ထို့ကြောင့် ပူဖောင်းလေး၏ ကျင့်ကြံခြင်းက ဝမ်ထျန်းချန်ထက် များစွာ နိမ့်ကျသော်လည်း၊ တိုက်ခိုက်ရေးအင်အားကတော့ များစွာ ကွာခြားမှုမရှိပေ။ ဝမ်ထျန်းချန်က ကြည်လင်နေသော ပူဖောင်းလေးကို ခဏချင်း မချိုးဖျက်နိုင်ခဲ့ပါ။
"ဝုန်း... ဝုန်း"
လုမင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူက ဓားနှင့် လှံကို လက်တစ်ဖက်စီတွင် ဆွဲကိုင်ပြီး ဝမ်ထျန်းချန်အား ထိုးခုတ် တိုက်ခိုက်လိုက်၏။
အချိန်ဟင်းလင်းပြင် တာအိုနယ်မြေက လုမင်အပေါ်တွင် သက်ရောက်မှုမရှိပေ။
တစ်ချိန်တည်းမှာပင်၊ လှိုင်းလုံးများက လေဟာပြင်ထဲတွင် ပေါ်လာသည်။ တချိန်တည်းမှာပင် အချိန်ဟင်းလင်းပြင်ဓားများ ပေါ်လာပြီး ဝမ်ထျန်းချန်ကို ထိုးခုတ်သွား၏။ ပူဖောင်းလေး၏ တိုက်ခိုက်မှု ဖြစ်တော့သည်။