အခန်း ၁၆၁၈
Vol. 108 Ch. 1618
အပိုင်း ( 1618 ) ဝမ်ထျန်းချန်ကို သတ်ခြင်း။
လုမင်၏ သေမင်းခံတွင်းဝသို့ တွန်းပို့ခံရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအခိုက်တွင် သူ၏ အလားအလာများ ပေါက်ကွဲလာပြီး ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သည်။ တစ်လခန့် တံခါးပိတ်ကျင့်ကြံနေသရွေ့ သူတော်စင်တစ်ပိုင်း တတိယအဆင့်ကို ဖြတ်ကျော်နိုင်လိမ့်မည်။
ထိုအတွက် အရေးကြီးသော အချက်ကတော့ သူ ရှင်သန်ရမည် ဖြစ်သည်။
'ငါ တားဆီးရမယ်၊ ငါ တားဆီးနိုင်ရမယ်။ ကျောက်ခွမ်းနဲ့ စစ်မာလျန်တို့ ပိတ်လှောင်မှုကို ချိုးဖြတ်လာသရွေ့ ငါ အသက်ရှင်နိုင်ပြီ။ သူတော်စင်တစ်ပိုင်းအဆင့်ကို ချိုးဖြတ်ပြီးတာနဲ့ ငါ့ခွန်အားတွေ တဟုန်ထိုး တိုးတက်လာလိမ့်မယ်။ အဲဒီအချိန်က သူတို့ သေရမဲ့အချိန်ပဲ'
ဝမ်ထျန်းချန်က သူ့နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။ သူတော်စင်လက်နက် ဆယ့်လေးခုက အစွမ်းထက်သော ကာကွယ်ရေးအလွှာတစ်ခုအဖြစ် ပေါင်းစပ်သွား၏။
"ဝုန်း"
စွမ်းအားအပြည့်ဖြင့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က ဝမ်ထျန်းချန်၏ အကာကွယ်ကို ပြင်းပြင်းထန်ထန် ဖိချေလာတော့သည်။ ဝမ်ထျန်းချန်၏ ခြေဖဝါးအောက်ရှိ ကျောက်တုံးကြီးက ပေါက်ကွဲသွားခဲ့သည်။ မြေပြင်ကလည်း အက်ကွဲပြီး ဧရာမ တွင်းကြီးတစ်ခု ဖြစ်လာရတော့သည်။
ဝမ်ထျန်းချန်၏ ပတ်ဝန်းကျင်ရှိ သူတော်စင်လက်နက်များက တစ်ခုပြီးတစ်ခု လွင့်စင်သွားခဲ့သည်။ နောက်ဆုံးတွင် လက်နက် အနည်းငယ်မျှသာ သူ့ခန္ဓာကိုယ်အနှံ့ လွင့်မျောနေတော့၏။
ဝမ်ထျန်းချန်၏ မျက်နှာမှာလည်း ဖြူဖျော့ပြီး သွေးအန်နေတော့သည်။
ဤအခိုက်အတန့်တွင် ဒုတိယခန္ဓာလုမင်၏ ဦးခေါင်းထက်ရှိ ထိုက်ကျိအစီရင်ချပ်ပြားက အလင်းရောင်များ တောက်ပပြီး အခြား ထိုက်ကျိအင်းကွက်တစ်ခု ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင် ထိုက်ကျိအင်းကွက်က ရုတ်တရက် ပုံစံပြောင်းသွားသည်။ ယင်နှင့်ယန် ငါးနှစ်ကောင်က အဖြူနှင့်အနက် ဓားနှစ်လက် ဖြစ်သွား၏။ ယင်ယန်ငါး ဓားနှစ်လက်က ကြောက်မက်ဖွယ်ကောင်းသော အတက်အကျများကို ထုတ်လွှတ်ပြီး ဝမ်ထျန်းချန်ဆီသို့ ခုတ်ပိုင်းလာတော့သည်။
ယင်ယန်ငါး ဓားနှစ်ချောင်းက အလွန်အစွမ်းထက်သည်။ ဝမ်ထျန်းချန်၏ မျက်လုံးများက စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်နေပြီ။
သူ၏ လက်ကျန်အင်အားများကို အသုံးပြုပြီး တိုက်ခိုက်မှုကို တားဆီးရန် သူ့ပတ်ဝန်းကျင်ရှိ ကျန်ရှိနေသော သူတော်စင်ရတနာ လက်နက်များကို ထိန်းချုပ်လိုက်သည်။ သို့သော်လည်း သူတော်စင်ရတနာများက ယင်ယန်ငါး ဓားနှစ်လက်၏ ထိုးခုတ်မှုဖြင့် တိုက်ရိုက်လွင့်သွား၏။
ယင်ယန်ငါး ဓားနှစ်လက်က ဝမ်ထျန်းချန်ကို ဆက်လက်ခုတ်ပိုင်းလာတော့သည်။
"မဟုတ်ဘူး"
ဝမ်ထျန်းချန်က စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်လိုက်သည်။
သူဟာ အကျိုးအမြတ်ကြီးကြီး ရနေပြီ ဖြစ်သည်။ သူက သဘာဝနိယာမကို ထိတွေ့နေမိပြီ။ သူတော်စင်တစ်ပိုင်း တတိယအဆင့်ကို ရောက်ရှိသည်နှင့်၊ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်၏ ထိပ်တန်းအဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။ ထိုအချိန်တွင်၊ သူ၏ တိုက်ခိုက်နိုင်စွမ်းဖြင့် သူတော်စင်အဆင့် အကျော်အမော်များကိုပင် ကြောက်စရာလိုမည် မဟုတ်ပေ။
သို့သော်လည်း ယခုအချိန်မှာတော့ သူဟာ ဆိုးရွားသောအခြေအနေတွင် ရှိနေပြီ ဖြစ်သည်။ ယင်းကို သူ မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။
"ဝှစ်... ဝှစ်"
ယင်ယန်ငါး ဓားတစ်လက်က ဝမ်ထျန်းချန်၏ ဦးခေါင်းကို ခုတ်ချလိုက်သည်။ ကျန်ဓားတစ်လက်ကတော့ ဝမ်ထျန်းချန်၏ ဒန်တျန်မှတဆင့် ထိုးဖောက်ဝင်ရောက်ခဲ့ပြီး နတ်ဘုကားဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်တော့သည်။
ဝမ်ထျန်းချန် သေသွားပြီ။
"ဝုန်း"
ထိုအချိန်တွင်၊ ဟွမ်လင်၏ မီးလျှံလှောင်အိမ်က ပြိုကျသွားခဲ့သည်။ သူမ၏ မျက်နှာလေးက ဖြူဖျော့နေ၏။ နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျနေကာ ချက်ချင်း နောက်ဆုတ်သွားတော့သည်။
ဟွမ်လင်က စစ်မာလျန်နှင့် ကျောက်ခွမ်းတို့ကို တားဆီးထားရန် တန်ကြေးတစ်ခု ပေးဆပ်ခဲ့ရကြောင်း ထင်ရှားသည်။
ကျောက်ခွမ်းနှင့် စစ်မာလျန်က မီးလှောင်အိမ်ထဲမှ ပြေးထွက်လာခဲ့ကြသည်။ သို့သော်လည်း သူတို့နှစ်ဦးက လုမင်အား ကြောက်ရွံ့တုန်လှုပ်စွာဖြင့်ကြည့်ရင်း နောက်ပြန်ဆုတ်သွားကြတော့သည်။
လုမင်က ဝမ်ထျန်းချန်ကို သတ်ခဲ့သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ် နဝမအဆင့် ကျင့်ကြံခြင်းဖြင့် သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်မှ ပါရမီရှင်တစ်ဦးကို သတ်ပစ်ခဲ့၏။ ယင်းက မည်သို့ဖြစ်နိုင်မည်နည်း။
ဤအရာက ကျောက်ခွမ်းနှင့် စစ်မာလျန်တို့၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့သည်။
သူတို့၏ မျက်နှာများက အလွန်လေးနက်နေခဲ့သည်။ လုမင်က ဝမ်ထျန်းချန်ကို သတ်နိုင်သောကြောင့်၊ သူတို့နှစ်ယောက်ကိုလည်း သဘာဝအတိုင်း သတ်နိုင်မည်ဟု ဆိုလိုသည်။
ဘေးတွင်ရပ်နေသော ဟွမ်လင်သည်လည်း လုမင်ကို တအံ့တဩဖြင့် ကြည့်နေခဲ့လေသည်။ သူမ၏ မျက်လုံးများမှာတော့ အမျိုးမျိုးသော စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ယခင် လုမင်က ဝမ်ထျန်းချန်ကို သတ်ချင်သည်ဟု ပြောခဲ့သောအခါ၊ သူမ မယုံကြည်ခဲ့ပေ။ အလောင်းအစား ပြုလုပ်ခဲ့ရုံသာ ဖြစ်သည်။ ဝမ်ထျန်းချန်ကို မသတ်နိုင်လျှင်ပင်၊ သူတို့က ဝိုင်းရံမှုမှ အစွမ်းကုန် ရုန်းထွက်နိုင်သေးသည်။
ယခုကဲ့သို့ မိနစ်အနည်းငယ်အတွင်း ဝမ်ထျန်းချန်က လုမင်ကို အမှန်တကယ် သတ်ပစ်နိုင်မည်ဟု သူ မထင်ထားခဲ့ပေ။
"အခု မင်းတို့အလှည့်ရောက်ပြီ"
လုမင်က အေးစက်စက်ဖြင့် ကျောက်ခွမ်းနှင့် စစ်မာလျန်ကို ကြည့်လိုက်သည်။
သူတို့နှစ်ဦး မျက်နှာပျက်သွားကြ၏။
"သွားရအောင်၊ ဒီနေရာက အရင်ထွက်သွားစို့"
စစ်မာလျန်က မကျေမနပ်ဖြင့် အော်ဟစ်ရင်း ပြေးထွက်သွားသည်။ ကျောက်ခွမ်းသည်လည်း သူ့နောက်မှ ချက်ချင်း ပြေးလိုက်သွားတော့သည်။
သူတို့က လက်မခံလိုသော်လည်း နောက်ဆုတ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ ယခုအခါ သူတို့သုံးဦးအနက် တစ်ဦးသေသွားပြီ ဖြစ်သည်။
တစ်ဖက်မှာတော့ ဟွမ်လင်က ဒဏ်ရာရရှိခဲ့သည့်တိုင်၊ သူတို့နှစ်ယောက်ထဲမှ တစ်ဦးကို အလွယ်တကူ ဟန့်တားနိုင်သေးသည်။ လုမင်နှင့် တစ်ယောက်ချင်း တိုက်ခိုက်ရပါက အန္တရာယ်များမည် ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ထွက်ပြေးရန်မှတပါး အခြား ရွေးချယ်စရာမရှိတော့ပေ။
နေရာတွင် ဟွမ်လင်နှင့် လုမင်တို့သာ ကျန်ခဲ့သည်။
ဟွမ်လင်က သတိထားပြီး လုမင်ကိုကြည့်ကာ ပြောလိုက်သည်။
"လုမင်၊ နင့်ရဲ့အင်အားက အတော် ကြောက်စရာကောင်းတာပဲ။ ဝမ်ထျန်းချန်ကိုတောင် သတ်နိုင်ခဲ့တယ်။ နင် ငါ့ကိုတော့ မတိုက်ခိုက်ဘူး မဟုတ်လား"
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အံ့ဖွယ်ကောင်းလွန်းသည်။ ထို့ကြောင့် အလိုအလျောက် အတွေးလွန်မိခဲ့၏။
လုမင်သာ သူ့ကို တိုက်ခိုက်သတ်ဖြတ်လိုက်ပါက ဆမ်ဆာရာဧကရာဇ်၏ သင်္ချိုင်း မြေပုံနှင့်သော့ကို ရရှိသွားမည် မဟုတ်လော။
သူမ၏ အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာက အလွန်အားကောင်းသော်လည်း လုမင်တွင် အခြားဝှက်ဖဲများ ရှိ၊မရှိ အတပ်မပြောနိုင်ပါ။
"မင်း ဘယ်လိုထင်လဲ"
လုမင်က ထူးခြားစွာပြုံးပြီး ဟွမ်လင်ကို ကြည့်လိုက်သည်။ ဟွမ်လင်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ချက်ချင်း နောက်ပြန်ဆုတ်သွား၏။
"ဟားဟားဟား"
လုမင်လည်း သဘောကျစွာ ရယ်မောပြီး ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါ အားနည်းနေတုန်းကတောင် မင်းက ငါ့ကို မတိုက်ခိုက်ခဲ့တာ... အခုမှ ငါက မင်းကို ဘာဖြစ်လို့ တိုက်ခိုက်ရမှာလဲ။ ငါ လုမင်က ဒီလိုလူမျိုး မဟုတ်ပါဘူး။ မင်း ဒဏ်ရာရထားတယ်... မင်းကိုယ်မင်း ကုသလိုက်ပါ။ ငါလည်း ပြန်ပြီး ကောင်းမွန်စေဖို့လိုတယ်"
ထို့နောက်တွင် လုမင်က နေရာမှာပဲ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက ကျောက်ကြမ်းများကို ထုတ်ယူပြီး ဝါးမျိုကာ စတင်သန့်စင်လိုက်လေသည်။
ဝမ်ထျန်းချန်က အမှန်တကယ်ပင် အစွမ်းထက်သည်။ သူ့ကိုသတ်ရန် အလွန်ခက်ခဲသည်မှာ ငြင်းမရပေ။ ယခုလေးတင်၊ ဝမ်ထျန်းချန်ကို သတ်ရန်အတွက် လုမင်သည် သူ၏ ဝှက်ဖဲအားလုံးကို အသုံးပြုခဲ့ရသည်။ မူလခန္ဓာနှင့် ဒုတိယခန္ဓာတို့ ပူးပေါင်းရသည့်အပြင်၊ ပူဖောင်းလေး၏ အကူအညီကိုလည်း ရယူခဲ့ရသေးသည်။ ထိုမှသာ ဝမ်ထျန်းချန်ကို သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤတိုက်ပွဲတွင် လုမင်သည် သူ၏ ယွမ်ချီစွမ်းအင် အများအပြားကို စားသုံးခဲ့ရသည်။ ခဏမျှသာ ကြာမြင့်ခဲ့သော်လည်း သူ၏စွမ်းအင်က ထက်ဝက်ခန့်သာ ကျန်တော့သည်။
ဒုတိယခန္ဓာလုမင်က ဝမ်ထျန်းချန်၏ သူတော်စင်လက်နက်များနှင့် သိုလှောင်လက်စွပ်ကို သိမ်းယူလိုက်သည်။ ထို့နောက်မှာတော့ သူက မူလခန္ဓာလုမင်၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
ဟွမ်လင်မှာ လုမင်က သူ့ကိုယ်သူ ပြန်လည်ကုသနေကြောင်း မြင်လိုက်ရမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ထို့နောက် တင်ပျဉ်ခွေထိုင်လိုက်၏။ အင်မော်တယ် မီးတောက်များက သူမခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ ပြန်လည်ကုသနေတော့သည်။
နာရီဝက်ခန့်ကြာတော့ သူတို့နှစ်ယောက်စလုံး ပြိုင်တူ ထရပ်လိုက်ကြသည်။
"ဒီကနေ အရင်ထွက်သွားရအောင်"
လုမင်က ပြောဆိုပြီး ရှေ့မှလျှောက်သွားသည်။ ဟွမ်လင်လည်း လုမင်၏နောက်မှ အနီးကပ် လိုက်ခဲ့လေသည်။
"ဂါး"
လုမင်နှင့် အခြားသူများလည်း အရိုးစုနယ်မြေသို့ ပြန်ရောက်လာခဲ့သည်။ ထိုအချိန်တွင်၊ သူတော်စင်တစ်ပိုင်း နတ်ဆိုးတစ်ကောင်က ဟိန်းဟောက်ပြီး လုမင်ကို ခုန်အုပ်လိုက်၏။
"နတ်ဘုရားတံခါးရဲ့ တံဆိပ်ကိုးခု"
လုမင်က သူ့လက်များကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ တံဆိပ်တော်တံခါးရှစ်ပေါက် ပေါ်လာပြီး သူတော်စင်တစ်ပိုင်း နတ်ဆိုးဝက်ဝံကို တံဆိပ်ခတ်လိုက်၏။
တစ်ချိန်တည်းမှာပင် လုမင်က လျင်မြန်သွက်လက်စွာဖြင့် လှုပ်ရှားပြီး မိစ္ဆာနတ်ဆိုးကျောက်ကို ဖမ်းယူလိုက်တော့သည်။
ယခုဆိုလျှင်၊ သာမန် သူတော်စင်တစ်ပိုင်း ပထမအဆင့် နတ်ဆိုးသတ္တဝါများက လုမင်ကို လုံးဝ မယှဉ်နိုင်တော့ပေ။ လုမင်က ၎င်းတို့ကို အလွယ်တကူ သတ်နိုင်သည်။
"ဂါး... ဂရား"
ထို့နောက် သူတော်စင်တစ်ပိုင်း နတ်ဆိုးသတ္တဝါနှစ်ကောင်က သူတို့အပေါ် ခုန်ဆင်းလာပြန်သည်။ တစ်ကောင်က နိယာမများကို နားလည်သဘောပေါက်ထားသော ဒုတိယအဆင့် သူတော်စင်တစ်ပိုင်း ဖြစ်၏။
လုမင်လည်း ပူဖောင်းလေး၏ အကူအညီကို ယူလိုက်သည်။ အချိန်ဟင်းလင်းပြင် တာအိုနယ်မြေဖြင့် နတ်ဆိုးသတ္တဝါများကို ပိတ်လှောင်ပြီး မိစ္ဆာနတ်ဆိုးကျောက်များကို အလွယ်တကူ ယူနိုင်ခဲ့လေသည်။
"ဂါး"
ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများဖြင့် ဧရာမ နတ်ဆိုးသတ္တဝါကြီးက လုမင်ကို ခုန်အုပ်လိုက်၏။
သူတော်စင်အဆင့် အရှိန်အဝါများကလည်း သူ့ထံသို့ လှမ့်ဝင်လာနေပြီ။ သူတော်စင်အဆင့် နတ်ဆိုးသတ္တဝါ ဖြစ်သည်။
လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူတော်စင်အဆင့် နတ်ဆိုးသတ္တဝါက ယခုအချိန်တွင် သူ အနိုင်ယူနိုင်သည့်အရာ မဟုတ်ပါ။ သူက ဒုတိယခန္ဓာ၊ ပူဖောင်းလေးတို့နှင့် ပူးပေါင်းခဲ့လျှင်ပင် သူတော်စင်အဆင့် နတ်ဆိုးသတ္တဝါကို ယှဉ်နိုင်ဦးမည် မဟုတ်ပေ။
သူ့နောက်တွင် ငရဲဖိနှိပ်ကျောက်စာချပ်က ထွက်ပေါ်လာပြီး လျင်မြန်စွာ ကြီးထွားလာခဲ့သည်။
သူတော်စင်အဆင့် နတ်ဆိုးသတ္တဝါလည်း ကြောက်လန့်တကြား အော်ဟစ်ပြီး လှည့်ထွက်ပြေးသွား၏။
သို့ပေသော်ငြား၊ အခြားသော သူတော်စင်တစ်ပိုင်း နတ်ဆိုးဝက်ဝံများသည်လည်း ထွက်ပြေးကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
လုမင် ဆွံ့အသွားသည်။
ငရဲဖိနှိပ်ကျောက်စာချပ်ကို ထုတ်ဖော်လိုက်ပြီးနောက် သူတော်စင်အဆင့် နတ်ဆိုးသတ္တဝါများ ထွက်ပြေးရုံသာမက၊ သူတော်စင်တစ်ပိုင်း နတ်ဆိုးများပင် ထွက်ပြေးကုန်ကြပြီ။
သို့သော်လည်း ငရဲဖိနှိပ်ကျောက်စာချပ်ကို ရုတ်သိမ်းလိုက်သောအခါ သူတော်စင်အဆင့် နတ်ဆိုးများက တစ်ဖန် ထပ်ရောက်လာပြန်သည်။ လုမင်လည်း သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးများ၏ မိစ္ဆာနတ်ဆိုးကျောက်ကို ရှာဖွေမည့်အစီအစဉ်ကို လက်လျှော့ရန်မှတပါး၊ အခြား ရွေးချယ်စရာ မရှိတော့ပေ။