အခန်း ၁၆၁၉
Vol. 108 Ch. 1619
အပိုင်း ( 1619 ) မျိုးနွယ်စုတစ်ရာ စစ်မြေပြင်၏ နက်နဲရာ။
"ငရဲဖိနှိပ် ကျောက်စာချပ်"
ဘေးတွင် ဟွမ်လင်၏ မျက်လုံးများက တုန်လှုပ်မှုတို့ ပေါ်လာခဲ့သည်။
ဤအတောအတွင်း၌ သူမ တုန်လှုပ်ခဲ့ရသည်မှာ အကြိမ်ရေမနည်းတော့ပေ။ အကြိမ်တိုင်းကလည်း လုမင်ကြောင့် ဖြစ်သည်။
လုမင်တွင် လျှို့ဝှက်ချက်များ ဘယ်လောက်များများရှိနေသနည်း။
လုမင်ကို သူမ လုံးဝ မမြင်နိုင်တော့ကြောင်း သဘောပေါက်သွားသည်။
လုမင်၏ ငရဲဖိနှိပ်ကျောက်စာချပ်နှင့်အတူ သူတို့နှစ်ဦးက ချိုင့်ဝှမ်းဆီသို့ အလွယ်တကူ ဖြတ်သန်းသွားခဲ့သည်။ သူတို့က ချိုင့်ဝှမ်းအနီး ရောက်လာသောအခါ၊ လုမင်သည် ငရဲဖိနှိပ်ကျောက်စာချပ်ကို ဖယ်ရှားလိုက်၏။
လဝက်ကျော်ကြာပြီးနောက် ချိုင့်ဝှမ်းအပြင်ဘက်တွင် ဟိုလျှောက်ဒီလျှောက်လုပ်နေသူ အနည်းငယ်သာ ရှိတော့သည်။ လုမင်တို့နှစ်ဦး ထွက်လာသည်ကို တွေ့လိုက်သောအခါ သူတို့၏မျက်လုံးများ တောက်ပလာသည်။
သို့သော်လည်း ဟွမ်လင်ကို တွေ့ရသောအခါ သူတို့၏ မျက်လုံးများက လေးနက်သွား၏။
ကျောက်ခွမ်းနှင့် စစ်မာလျန်တို့ ထွက်လာပြီးနောက် တစ်စုံတစ်ခု ပြောခဲ့သည်မှာ ထင်ရှားသည်။ ဟွမ်လင်နှင့် လုမင်တို့က ဆမ်ဆာရာဧကရာဇ်၏ မြေပုံနှင့် သော့ကို ရရှိထားမှန်း ထိုလူများ သိထားလိမ့်မည်။
"ထွက်သွား၊ မဟုတ်ရင် သေရမယ်"
ဟွမ်လင်က အေးစက်စက် အော်ဟစ်လိုက်သည်။ သူ့ထံမှ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ချင်စိတ်တို့ ပေါက်ကွဲထွက်လာ၏။
ထိုလူများ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကာ နေရာမှ လှည့်ထွက်သွားတော့သည်။
လုမင်လည်း ပြုံးပြီး ဟွမ်လင်နှင့်အတူ ထွက်ပေါက်ဆီသို့ အရှိန်မြှင့်ကာ ပျံသန်းသွားခဲ့သည်။
"လုမင်... ငါတကယ် သိချင်နေမိတယ်။ နင်က ဘယ်ဧကရာဇ်အဆင့် အင်အားစုကလဲ"
ဟွမ်လင်က လေထဲတွင် ပျံသန်းနေရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ငါက ဧကရာဇ်အဆင့် အင်အားစုက မဟုတ်ဘူး"
လုမင် ပြောလိုက်သည်။
"ဧကရာဇ်အဆင့် အင်အားစုက မဟုတ်ဘူးလား။ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဟွမ်လင် အလွန်အံ့သြသွား၏။
လုမင်က ဧကရာဇ်အဆင့် အင်အားစုမှမဟုတ်ဘဲ ဤမျှမြင့်မားသော တိုက်ခိုက်နိုင်စွမ်းကို မည်သို့ပိုင်ဆိုင်ထားနိုင်သနည်း။
ဟွမ်လင်က လုမင်ကို ရှေးဟောင်း အင်အားစုကြီးတစ်ခု၏ ပါရမီရှင်တစ်ဦးဟု မှတ်ယူခဲ့သည်။
လုမင်လည်း ခပ်မဆိတ်သာ ပြုံးနေပြီး ဆက်မရှင်းပြတော့ပေ။
မကြာမီ၊ သူတို့နှစ်ယောက် အက်ကြောင်းသို့ ရောက်လာပြီး ပြေးထွက်သွားကြသည်။ ခဏကြာတော့ သူတို့နှစ်ယောက်က အပြင်ဘက် တောင်ပေါ်ကို ရောက်သွား၏။
"လုမင်... မြေပုံကို အရင်ကြည့်ရအောင်။ ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းတည်နေရာကို သိရပြီဆိုရင် ငါတို့နှစ်ယောက် အခုသွားလို့ရပြီ"
ဟွမ်လင် ပြောလိုက်သည်။
"ကောင်းပြီ"
လုမင် ခေါင်းညိတ်ပြပြီး ကျောက်စိမ်းပြားကို ထုတ်ယူလိုက်၏။ ဝိညာဉ်အသိဖြင့် ကြည့်ပြီးနောက် လုမင်၏အမူအရာ ပြောင်းလဲသွားသည်။
"ဘယ်လိုနေလဲ"
လုမင်၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်ရသောကြောင့် ဟွမ်လင် အလောတကြီး မေးလိုက်သည်။
"ငါတို့ ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းကို ချက်ချင်း မရှာနိုင်တော့မှာကို စိုးရတယ်"
လုမင် ပြောလိုက်၏။
"မတွေ့နိုင်ဘူးလား... ဘာဖြစ်လို့လဲ။ မြေပုံက အတုဖြစ်နေလို့လား"
ဟွမ်လင်က မကျေမနပ်ဖြင့် ပြောလိုက်သည်။ သူတို့နှစ်ဦးမှာ ဆမ်ဆာရာဧကရာဇ်၏ သင်္ချိုင်း မြေပုံနှင့်သော့ကို ရရှိရန် များစွာ ကြိုးစားအားထုတ်ခဲ့ရသည်။ အတုဖြစ်နေပါက တကယ်ကို ရင်နာရလိမ့်မည်။
"အတုတော့ မဟုတ်ဘူး... မင်းရဲ့ သော့ကို သေချာကြည့်ပါဦး"
လုမင် ပြောလိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပြားထဲသို့ ယွမ်ချီစွမ်းအင် ပို့လွှတ်လိုက်သောအခါ ပုံတစ်ပုံက လေထဲတွင် ပေါ်လာ၏။
တောင်တန်းများနှင့် ရေကန်များကို ပုံဖော်ရေးဆွဲထားသော မြေပုံတစ်ခု ဖြစ်တော့သည်။
သို့သော်လည်း ဤမြေပုံက မပြည့်စုံပါ။ ယင်းက ပြီးပြည့်စုံသော မြေပုံ၏ ထောင့်တစ်ခုသာဖြစ်ကြောင်း ထင်ရှားသည်။
"ဘာလို့ ထောင့်စွန်းတစ်ခုပဲ ရှိတာလဲ"
ဟွမ်လင်၏ မျက်နှာလေးက မဲ့သွားလေသည်။
"မင်းရဲ့သော့ကို ကြည့်လိုက်ပါဦး၊ ထူးခြားမှုတစ်ခုခုများ ရှိမလားလို့"
လုမင် ပြောလိုက်သည်။
ဟွမ်လင်လည်း သော့ကို အမြန်ထုတ်ယူပြီး ဂရုတစိုက်ကြည့်လိုက်၏။ ဟုတ်သည်၊ သူတို့က သော့ပေါ်တွင် နံပါတ်တစ်ခုကို တွေ့ရလေသည်။
သုံး။
"နံပါတ်သုံးလား...၊ ဒါက နံပါတ်စဉ်တစ်ခု ဖြစ်နိုင်တယ်။ ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်း မြေပုံနဲ့သော့က တစ်စုံတည်းမဟုတ်ဘဲ အပိုင်းများစွာ ခွဲထုတ်ထားပုံပဲ။ ဒီအစိတ်အပိုင်းအားလုံးကို ရယူမှပဲ ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းကိုရှာဖွေပြီး ဖွင့်နိုင်လိမ့်မယ်"
လုမင် ပြောလိုက်သည်။
သူတို့ ရရှိထားသော မြေပုံက မပြည့်စုံသောကြောင့်၊ မြေပုံနှင့်သော့မှာ တစ်ခုထက်မက ရှိကြောင်း ထင်ရှားသည်။
"စိတ်မကောင်းစရာပဲ"
ဟွမ်လင် သက်ပြင်းချလိုက်သည်။
အစိတ်အပိုင်း တစ်ခုတည်းက လုံးဝ အသုံးမဝင်ပေ။ သို့သော်လည်း တခြားအပိုင်းများကို ဘယ်နေရာတွင် ရှာရမည်နည်း။
"ငါ အရမ်းသိချင်နေမိတယ်။ ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း မြေပုံနဲ့သော့က အစွန်အဖျားမှာ ပေါ်လာမယ်ဆိုတာကို မင်းတို့က ဘယ်လိုလုပ်ပြီး သိကြတာလဲ"
လုမင်က မေးလိုက်သည်။
"အရင်က ခရီးသွားရင်း ဒေသခံတွေရဲ့ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်၊ ဒါပေမဲ့ အဲဒီဒေသခံတွေကို သတ်နိုင်ခဲ့တယ်လေ။ အဲဒီ ဒေသခံတွေဆီကနေ ဒီအကြောင်းကို သိခဲ့ရတာ"
ဟွမ်လင်က ရှင်းပြလိုက်သည်။
"ဒေသခံတွေလား"
လုမင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ကျောက်ခွမ်း၊ စစ်မာလျန်၊ ဝမ်ထျန်းချန်နဲ့ အခြားသူတွေလည်း ဒီလိုပဲ သိသွားကြတာလား"
"အဲလိုပဲ ပြောရမှာပေါ့"
ဟွမ်လင် ခေါင်းညိတ်လိုက်၏။
"ဒီလိုဆိုရင် ဒီအကြောင်းက လူအတော်များများ သိနေလောက်ပြီ။ ဒါကြောင့် တခြားမြေပုံတွေနဲ့ သော့တွေက တခြားနေရာတွေမှာ ပေါ်လာတော့မယ်လို့ ငါထင်တယ်။ တကယ်လို့ မြေပုံအပြည့်အစုံကို လိုချင်ရင်တော့ အခြား မြေပုံနဲ့ သော့ပိုင်ရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမဲ့ပုံပဲ"
လုမင်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ဖြစ်နိုင်တယ်၊ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ ဧကရာဇ်ငယ်ရွယ်စဉ်က ဧကရာဇ်ရဲ့သင်္ချိုင်းကို ဝင်ရောက်ခဲ့ချိန်မှာလည်း... သင်္ချိုင်းကိုဖွင့်ဖို့ လူအတော်များများ ပူးပေါင်းခဲ့ရတယ်။ ဒီတစ်ကြိမ်လည်း အဲဒီလိုပဲ ဖြစ်နိုင်ချေများတယ်"
ဟွမ်လင်က ရှင်းပြလိုက်သည်။ ထို့နောက် လုမင်ကိုကြည့်ပြီး ပြောလိုက်၏။
"လုမင်၊ ငါတို့ ရေနက်မြို့တော်ကို အရင်သွားကြရအောင်။ ငါတို့ အဲဒီမှာ သတင်းအချက်အလတ်တချို့ ရနိုင်လိမ့်မယ်"
"ရေနက်မြို့လား"
လုမင် အံ့ဩသွားသည်။
"နင် မျိုးနွယ်စုတစ်ရာစစ်မြေပြင်ရဲ့ နက်နဲရာထဲကို မ၀င်ရသေးဘူးလား။ မျိုးနွယ်စုတစ်ရာစစ်မြေပြင်ရဲ့ နက်နဲရာအရပ်မှာ ဒေသခံတွေ စုစုပေါင်း မြို့ကြီးလေးမြို့ကို ဆောက်ထားတယ်။ ရေနက်မြို့က အဲဒီထဲက တစ်ခုပဲ။ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ရဲ့ အကြီးဆုံးမြို့တွေထဲက တစ်ခုဆိုတဲ့အတိုင်း... စစ်မြေပြင်မှာရှိတဲ့ အသန်မာဆုံးသော ပါရမီရှင် အားလုံးနီးပါးက ဒီမြို့လေးမြို့အနီးမှာ စုဝေးနေခဲ့ကြတာ"
"ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်း မြေပုံနဲ့ သော့ကို ရယူနိုင်တဲ့သူတိုင်းက အားမနည်းတာတော့ သေချာတယ်။ ဒါကြောင့် ရေနက်မြို့မှာ အသုံးဝင်တဲ့ အချက်အလက်တချို့ကို ရရှိနိုင်ဖို့များတယ်"
ဟွမ်လင်က ရှင်းပြလိုက်သည်။
"အသန်မာဆုံး ပါရမီရှင်တွေ စုဝေးရာ နေရာလား။ ကောင်းပြီ၊ ရေနက်မြို့ကို သွားကြရအောင်"
လုမင်၏ မျက်လုံးများက တောက်ပလာပြီးနောက် ချက်ချင်း သဘောတူလိုက်လေသည်။
သူ၏ လက်ရှိခွန်အားဖြင့် မျိုးနွယ်စုတစ်ရာစစ်မြေပြင်၏ အစွန်အဖျားတွင် အတွေ့အကြုံရရှိရန် မဖြစ်နိုင်တော့ပါ။ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်၏ နက်နဲရာသို့ ဝင်ရောက်ခြင်းဖြင့်သာ ပိုအားကောင်းသော ပြိုင်ဘက်များကို ရင်ဆိုင်နိုင်မည် ဖြစ်သည်။
ဆွေးနွေးပြောဆိုပြီးနောက် သူတို့နှစ်ဦးလည်း မျိုးနွယ်စုတစ်ရာ စစ်မြေပြင်၏ နက်နဲရာဆီသို့ ပျံသန်းသွားကြတော့သည်။
လမ်းတလျှောက်တွင် ပါရမီရှင် လူငယ်တချို့နှင့် တွေ့ခဲ့သည်။ သို့သော်လည်း ဟွမ်လင်က အရှိန်အဝါများကို ထုတ်ဖော်လိုက်သောအခါတွင် ထိုပါရမီရှင်များ၏ အမူအရာများ ပြောင်းလဲသွား၏။ မည်သူကမှ သူတို့ကို အကြောင်းမရှိဘဲ မတိုက်ခိုက်လိုတော့ပါ။
နှစ်ယောက်သား အံ့မခန်း အမြန်နှုန်းဖြင့် ပျံသန်းသွားကြသည်။ နှစ်ရက်ခန့်ကြာတော့ သူတို့ရှေ့တွင် မြို့ကြီးတစ်ခုပေါ်လာသည်။
အဝေးမှ လှမ်းကြည့်လိုက်တော့ မြို့ကြီးသည့် ကြီးကျယ်ခမ်းနားလွန်း၏။ သူတို့ရှေ့မှာ လဲလျောင်းနေသော သားရဲကြီးတစ်ကောင်ကဲ့သို့ပင်။
ယင်းမှာ ရေနက်မြို့တော် ဖြစ်သည်။
ရေနက်မြို့တော်၏ မြို့တံခါးရှေ့တွင် ကြီးမားသော ရေကန်ကြီးတစ်ကန် ရှိတယ်။ ထူးဆန်းတာက ကန်ထဲမှ ရေအားလုံးမှာ မည်းနက်နေပုံရ၏။
ရေကန်အထက်မှာလည်း ပျံသန်းနေသော လူရိပ်များစွာ ရှိနေသေးသည်။
တစ်ချက်ကြည့်လိုက်ပါက သူတို့အားလုံးမှာ လူငယ်လေးများ ဖြစ်ကြသည်။ တစ်ဦးစီကလည်း အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေကြသေးသည်။
လုမင်က ဝေ့ကြည့်လိုက်သောအခါ လူငယ်အများစုက သူတော်စင်တစ်ပိုင်းများဖြစ်ကြောင်း တွေ့လိုက်ရ။ သူတို့ထဲမှ တချို့ဆိုလျှင် အားနည်းသော နိယာမများပင် ရစ်ဝဲနေသေးသည်။ သူတို့က သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်မှ တည်ရှိမှုများဖြစ်ကြောင်း ထင်ရှားသည်။
သူတို့ထဲမှ တချို့လောက်သာ သူတော်စင်တစ်ပိုင်း အောက်အဆင့်တွင် ရှိပေသည်။ သူတို့က အရေအတွက် အလွန်နည်းသည်။
"ကျွမ်းကျင်သူတွေ အများကြီးပဲ။ ဒါက မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ရဲ့ နက်နဲရာအရပ်က အကြီးဆုံးမြို့လေးမြို့ထဲမှာ တစ်ခုနေတာ အံ့သြစရာ မရှိတော့ပါဘူး"
လုမင် မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။
သူတို့အားလုံးနီးပါးက သူတော်စင်တစ်ပိုင်းအဆင့် ပါရမီရှင်များ ဖြစ်၏။ တကယ်ကို ကြီးကျယ်ခမ်းနားသော မြင်ကွင်း ဖြစ်ခဲ့သည်။
"ဝုန်း... ဝုန်း..."
ရေကန်၏ မျက်နှာပြင်ပေါ်တွင် အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ လူနှစ်ယောက်က အပြင်းအထန် တိုက်ခိုက်နေခြင်း ဖြစ်၏။ တိုက်ခိုက်မှု အားလှိုင်းများကြောင့် ရေကန်ထဲတွင် ဧရာမ လှိုင်းလုံးကြီးများ ဖြစ်ပေါ်နေကြတော့သည်။
အနီရောင်ဝတ်စုံဝတ် လူငယ်နှင့် အပြာရောင်ဝတ်စုံဝတ် လူငယ်ဖြစ်သည်။ သူတို့ကို နိယာမများက ဝန်းရံထား၏။ နိယာမ စွမ်းအားများက အချင်းချင်း အဆက်မပြတ် ရင်ဆိုင်နေကြတော့သည်။
ထိုလူငယ်နှစ်ဦးက သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်မှ ကျွမ်းကျင်သူများ ဖြစ်ကြသည်။
အခြားသူများကတော့ သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲကို စောင့်ကြည့်နေကြပေသည်။
"ဘာတွေဖြစ်နေတာလဲ"
လုမင် အနည်းငယ် အံသြသွားသည်။