အခန်း ၁၆၂၀
Vol. 108 Ch. 1620
အပိုင်း ( 1620 ) တစ်ချက်တည်းဖြင့် ချေမှုန်းခြင်း။
လုမင် သိသလောက်ဆိုလျှင် မြို့တိုင်းတွင် အသူရာကြိုးဝိုင်းများ ရှိသည်။ ဤပါရမီရှင်များက အဘယ်ကြောင့် ဤနေရာတွင် တိုက်ခိုက်နေကြသနည်း။
"လုမင်... ရေနက်မြို့တော်က မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ရဲ့ အကြီးဆုံး မြို့လေးခုထဲက တစ်ခုပဲလေ။ မြို့တွင်းမှာရှိတဲ့ ဒေသခံ အကျော်အမော်တွေက အရမ်းသန်မာတယ်။ တောက်ပသော သူတော်စင်နယ်ပယ် အထွတ်အထိပ်က အကျော်အမော်တွေတောင် ရှိနေမှာကို ကြောက်ရတယ်"
ဟွမ်လင်က ရှင်းပြလိုက်သည်။
ဒေသခံများသည် ငယ်စဉ်ကတည်းက မျိုးနွယ်တစ်ရာ စစ်မြေပြင်တွင် နေထိုင်ခဲ့ကြသောကြောင့် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ရှိ ဖရိုဖရဲနိယာမနှင့် လိုက်လျောညီထွေ ရှိခဲ့ကြသည်။ ပိုထက်မြက်သူအချို့က သူတော်စင်နယ်ပယ်ကို တက်လှမ်းနိုင်ကြ၏။
သို့သော်လည်း အသန်မာဆုံးပင်လျှင် တောက်ပသော သူတော်စင်အဆင့်ကိုသာ ရောက်ရှိနိုင်သည်။
တောက်ပသော သူတော်စင်နယ်ပယ်၏ အထွတ်အထိပ်က မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် အသန်မာဆုံး ဖြစ်သည်။
"တောက်ပသော သူတော်စင်နယ်ပယ် အထွတ်အထိပ် အကျော်အမော်က အရမ်းသန်မာလေ။ ငါတို့ရဲ့ လက်ရှိခွန်အားနဲ့ လုံးဝ ပြန်မတိုက်ခိုက်နိုင်မှာကို ကြောက်ရတယ်။ ဒါကြောင့် ရေနက်မြို့တော်ထဲမှာ ဘယ်သူမှ မတိုက်ခိုက်ဝံ့ဘူး။ အသူရာကြိုးဝိုင်းကလည်း တစ်ခုပဲရှိတော့ ပါရမီရှင်အများကြီး တိုက်ခိုက်ဖို့ မလုံလောက်ဘူးလေ။ အဲဒါကြောင့် မြို့ပြင်ကိုထွက်ပြီး တိုက်ခိုက်နေကြရတာ"
ဟွမ်လင်က ဆက်လက်ရှင်းပြလိုက်သည်။
လုမင်လည်း နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။
မြို့ပြင်ကိုတော့ သူတော်စင်နယ်ပယ် အကျော်အမော်များက ဂရုမစိုက်ပါ။
လုမင်နှင့် ဟွမ်လင်တို့ ရောက်ရှိလာသည်နှင့် လူအများက သတိပြုမိသွား။ လူတော်တော်များများက သူတို့ကို လှည့်ကြည့်ကြ၏။
သို့သော်လည်း ဟွမ်လင်ကို မြင်သောအခါ လူအများ၏ မျက်နှာအမူအရာ ပြောင်းသွားသည်။ သူတို့၏ မျက်နှာများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များပင် ရှိသေးသည်။
လုမင်လည်း ဟွမ်လင်ကို ရေနက်မြို့တွင် အလွန်ကျော်ကြားသူဖြစ်မည်ဟု တိတ်တဆိတ် တွေးလိုက်မိသည်။ သူမက အလွန်အစွမ်းထက်သည် မဟုတ်လော။
ထို့ပြင်၊ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်၏ နက်နဲသောနေရာတွင် ကောင်းကင်ဝိညာဉ်ခန္ဓာပိုင်ရှင်များ အများအပြား ရှိနေပုံရသည်။
ဟုတ်ပေသည်၊ လုမင်က အကဲခတ်နေသလို လူတော်တော်များများကလည်း လုမင်အား အံ့အားသင့်စွာ ကြည့်နေကြသည်။
"နဝမအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးက ရေနက်မြို့တော်ကို လာဝံ့တာပဲ။ တကယ်ကို ရှားတယ်"
"နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နဲ့ ရေနက်မြို့တော်ကို လာဝံ့သူတိုင်းက တိုက်ခိုက်နိုင်စွမ်း မြင့်မားလွန်းလှတယ်။ သူတို့က သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို အပြည့်အဝ ယုံကြည်မှု ရှိနေကြတာလေ။ ဒီလူကလည်း ဟွမ်လင်နဲ့ အတူရှိနေတယ်။ သူက အစွမ်းထက်တဲ့ ပါရမီရှင်တစ်ယောက်များလား"
"ပြောဖို့တော့ခက်ပါတယ်၊ အားနည်းသူတွေတောင်မှ အမြင်ကျယ်ဖို့အတွက် လာတတ်ကြတာပဲ"
လူတစ်ချို့က လုမင်ကိုကြည့်ကာ အချင်းချင်း တီးတိုးပြောဆိုလိုက်ကြသည်။
"ဝုန်း... ဝုန်း"
ဤအခိုက်တွင် လူငယ်တစ်ဦးက ခြေသံပြင်းပြင်းဖြင့် လေထဲမှ လျှောက်လာသည်။ နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ အရှိန်အဝါများလည်း ထွက်ပေါ်လျက်ရှိ၏။ သူက လုမင်၏ရှေ့တွင် ရပ်လိုက်သည်။
အားကောင်းသော ရောင်ဝါက လုမင်အပေါ် ကျရောက်လာတော့သည်။
"ဟွမ်ချီပဲ၊ သူက အဲဒီနဝမအဆင့် သိုင်းအုပ်ချုပ်သူကို မျက်စိကျနေပြီ"
"ဟွမ်ချီရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်း သန်မာတယ်။ သူက နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်ဆိုပေမဲ့... အရင်က ပထမအဆင့် သူတော်စင်တစ်ပိုင်းကို မရှုံးနိမ့်ခင်မှာ တိုက်ကွက်တစ်ရာကျော် ရင်ဆိုင်နိုင်ခဲ့တယ်။ ကြည့်ရတာ သူက သားကောင်ရှာနေတဲ့ပုံပဲ"
ပတ်ဝန်းကျင်မှ လူတချို့က ပြပွဲကောင်းကို စောင့်နေဟန်ဖြင့် တက်ကြွစွာ ပြောလိုက်ကြသည်။
"နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နဲ့ ရေနက်မြို့တော်ကို လာဝံ့တဲ့အတွက် မင်းရဲ့တိုက်ခိုက်နိုင်စွမ်းကို အရမ်းယုံကြည်မှုရှိရမယ်။ အခု တိုက်ခိုက်လိုက်ကြတာပေါ့။ မြင့်မြတ်သောသမီးတော် ဟွမ်လင်၊ ခင်ဗျား ဝင်မစွတ်ဖက်ဘူး မဟုတ်လား"
ဟွမ်ချီက တိုက်ခိုက်လိုစိတ်တို့ဖြင့် လုမင်ကို ကြည့်လိုက်သည်။
"နင့်ရဲ့ သဘောအတိုင်းပဲ"
ဟွမ်လင်က ပေါ့ပေါ့ပါးပါး ပြောဆိုပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွား၏။ သူမက အနှောင့်အယှက်မပေးကြောင်း အခိုင်အမာဆိုသည်။ သို့သော်လည်း ဟွမ်ချီကိုကြည့်သော သူမ၏ မျက်လုံးအကြည့်က သနားခြင်းတို့ ယှက်သန်းသွားလေသည်။
အနှီလူငယ်က လုမင်ကို စိန်ခေါ်ဝံ့သည်။ ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ ဖြစ်ရမည်။ လုမင်က ဝမ်ထျန်းချန်ကိုပင် သတ်ခဲ့သူဖြစ်ကြောင်း သိရပါက ဘယ်လောက်တောင် ကြောက်နေလိမ့်မည်နည်း။
"မင်းက ငါရဲ့ပြိုင်ဘက် မဟုတ်ဘူး"
လုမင် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
လုမင်သည် သူ့ကိုယ်သူ လေ့ကျင့်ရန်အတွက် အသုံးမဝင်သော နဝမအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးကို စိတ်မဝင်စားပေ။ လုမင်က သူ့ကို တိုက်ခိုက်ရန် ပျင်းရိလွန်းလှသည်။
ဟုတ်သည်၊ သူက ရိုးရိုးသားသား ပြောလိုက်သော်လည်း၊ ဟွမ်ချီ၏ နားထဲမှာတော့ လုမင်ဟာ မောက်မာလွန်းခြင်းပင်။
"မောက်မာလိုက်တာ၊ ငါက သူတော်စင်တစ်ပိုင်းနဲ့တောင် တိုက်ခိုက်ခဲ့ဖူးတယ်ကွ။ မင်းလို နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့် လူတစ်ယောက်က ဒီလောက်တောင် မောက်မာနေရသလား။ မင်း ဘယ်လောက် သန်မာမလဲဆိုတာ ကြည့်ရသေးတာပေါ့"
ဟွမ်ချီ၏ မျက်လုံးများက အေးစက်သွားသည်။ သူ၏ အရှိန်အဝါများကလည်း ပိုအားကောင်းလာတော့သည်။
ထိုအချိန်တွင် လုမင်၏ မျက်လုံးများက ရုတ်တရက် အေးစက်သွားသည်။
ကြောက်စရာကောင်းသော အရှိန်ဖြင့် ထက်သော အရာတစ်ခုခုက သူ့နောက်ကျောမှ ရုတ်တရက် တိုက်ခိုက်လာသလို သူ ခံစားလိုက်ရ၏။
လုမင် မတုံ့ဆိုင်းဘဲ လှည့်ကြည့်ပြီး လက်သီးဖြင့်ထိုးလိုက်သည်။
"ထန်"
လုမင်၏ လက်သီးက ပုစဉ်းရင်ကွဲအတောင်များကဲ့သို့ ပါးလွှာသော ဓားတစ်ချောင်းနှင့် တိုက်မိသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ လူရိပ်တစ်ခုမှာ နောက်သို့ လွင့်စဉ်သွားတော့သည်။
ထိုလူရိပ်က အနက်ရောင် ၀တ်စုံကို ၀တ်ထားသည်။ သူ့တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ရုံဖြင့် ဖုံးအုပ်ထား၏။ မျက်လုံးတစ်စုံသာ မြင်နေရပြီး သူ့မျက်လုံးများတွင် တုန်လှုပ်ချောက်ချားမှုတို့ ပြည့်နေတော့သည်။
"ဒါက သတ်ဖြတ်ခြင်းတစ်သောင်း အိမ်တော်ရဲ့လုပ်ကြံသတ်ဖြတ်သူပဲ"
လူတစ်ယောက်က အော်ပြောလိုက်သည်။
သတ်ဖြတ်ခြင်းတစ်သောင်း အိမ်တော်၏ လုပ်ကြံသတ်ဖြတ်သူက လုမင်ကို မသတ်နိုင်သောအခါ၊ ကိုယ့်ဖော့ပညာကို ချက်ချင်း အသုံးပြုလိုက်သည်။ သူ့ထံမှ အန္တိမတာအိုနယ်မြေ အငွေ့အသက်များ ထွက်ပေါ်လာ၏။ အဆိုပါ လုပ်ကြံသတ်ဖြတ်သူ၏ ကျင့်ကြံခြင်းအခြေခံက လုမင်ကို လုပ်ကြံရန် ကြိုးပမ်းခဲ့သော လူသတ်သမားနှစ်ဦးကဲ့သို့ ပထမအဆင့် သူတော်စင်တစ်ပိုင်း ဖြစ်သည်။
"မင်းက ငါ့ကို လုပ်ကြံဖို့ ကြိုးစားပြီးမှ ထွက်သွားချင်နေတာလား။ ငါ ခွင့်ပြုသေးလို့လား"
လုမင်က အေးစက်စက် ပြောလိုက်သည်။ လေနှင့်မိုးကြိုးက သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် တဖျတ်ဖျတ်လက်သွား၏။ ဝှစ်ခနဲ လေတိုးသံနှင့်အတူ လုမင်က လျှပ်စီးလက်သကဲ့သို့ ပြေးလိုက်သွားသည်။ သူက ဟင်းလင်းပြင်ခုန်ကျော်သကဲ့သို့ လုပ်ကြံသတ်ဖြတ်သူထံ ချဉ်းကပ်သွား၏။
သတ်ဖြတ်ခြင်းတစ်သောင်း အိမ်တော်၏ လုပ်ကြံသတ်ဖြတ်သူက အလွန်လျင်မြန်သည်။ သို့သော်လည်း လုမင်က လေမိုးကြိုးခြေလှမ်းကို ပြီးပြည့်စုံသည်အထိ လေ့ကျင့်ထားပြီးပြီ။ အေးခဲလေပုလဲ၏ အကူအညီကြောင့်လည်း သူ့အရှိန်က ပို၍ မြင့်မားလာခဲ့ရသည်။ သူ၏ အမြန်နှုန်းက သတ်ဖြတ်ခြင်းတစ်သောင်း အိမ်တော်၏ လုပ်ကြံသတ်ဖြတ်သူထက် အဆပေါင်းများစွာ မြင့်မားပေသည်။
လူအများစုသည် လျှပ်စီးများ တဖျတ်ဖျတ်လက်ပြီး လုမင်က သတ်ဖြတ်ခြင်းတစ်သောင်း အိမ်တော်၏ လုပ်ကြံသတ်ဖြတ်သူအထက် ကောင်းကင်ယံတွင် ပေါ်လာသည်ကိုသာ မြင်လိုက်ရသည်။ ထို့နောက် ခြေထောက်ကို မြှောက်ကာ လူသတ်သမားကို ဆောင့်နင်းလိုက်၏။
လုမင်က အတားဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုထားသည်။ ဤအခိုက်တွင် လုမင်က ငရဲဖိနှိပ်ကျောက်စာချပ်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
"ဝုန်း"
ဤခြေနင်းချက်က သတ်ဖြတ်ခြင်းတစ်သောင်း အိမ်တော်မှ လုပ်ကြံသတ်ဖြတ်သူ တိုက်ခိုက်မှုနှင့် အကာအကွယ်အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် လုပ်ကြံသတ်ဖြတ်သူ၏ ခေါင်းကို ပြင်းပြင်းထန်ထန် နင်းချလိုက်၏။
"ဖောင်း"
လုပ်ကြံသတ်ဖြတ်သူ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်က ဖရဲသီးတစ်လုံးကို တူနှင့်ထုချလိုက်သကဲ့သို့ လေထဲတွင် ပေါက်ကွဲသွားတော့သည်။
တစ်ချက်တည်းဖြင့် သူ သေသွားသည်။
အဆိုပါ လုပ်ကြံသတ်ဖြတ်သူသည် ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူ့တွင် မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာရှိပြီး သူတော်စင်တစ်ပိုင်း ပထမအဆင့်သို့ ရောက်နေပြီ ဖြစ်၏။ စန်းပြည်နယ်ရှိ ထွတ်မြတ် ပါရမီရှင် ဆယ်ဦးစာရင်းတွင် မပါဝင်နိုင်သော်လည်း သန်မာသူများထဲမှ တစ်ဦးဖြစ်နေဆဲပင်။ သို့သော်လည်း လုမင်၏လက်တွင် ချက်ချင်း အသတ်ခံခဲ့ရသည်။
မျိုးနွယ်စုတစ်ရာ စစ်မြေပြင်သို့ ဝင်ရောက်လာပြီးနောက်၊ လအနည်းငယ်အတွင်း လုမင်၏ အင်အားသည် ခုန်ပျံကျော်လွှားကာ တိုးတက်ခဲ့ပေသည်။
"သန်မာလှချေလား"
ပတ်ဝန်းကျင်ရှိ လူငယ်များစွာတို့ မျက်လုံးပြူးသွားသည်။ သူတို့၏ မျက်လုံးများက ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ပေါ်လာ၏။
လုမင်၏ ကျင့်ကြံခြင်းအဆင့်က အလွန်ထင်ရှားသည်။ သူက သိုင်းအုပ်ချုပ်သူနယ်ပယ် နဝမအဆင့်၏ အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။ သို့တိုင်၊ သူက သူတော်စင်တစ်ပိုင်း ပထမအဆင့်မှ ပါရမီရှင်တစ်ဦးကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်။ ထိုကဲ့သို့ တိုက်ခိုက်နိုင်စွမ်းမျိုးက တကယ်ကို အံ့ဖွယ်သရဲပင်။
သူတော်စင်တစ်ပိုင်း ပထမအဆင့်မှ လူအများစုသည် လုမင်နှင့်တွေ့ပါက တူညီသောအခြေအနေဖြင့်သာ ဇာတ်သိမ်းသွားနိုင်သည်။
နိယာမကို နားလည်ထားသော ဒုတိယအဆင့်ရှိ သူတော်စင်တစ်ပိုင်းအချို့သည်ပင် အမူအရာများ လေးနက်လာတော့သည်။
"နောက်ထပ် ကောင်းကင်ဝိညာဉ်ခန္ဓာတစ်ခု"
တစ်ယောက်က လေးလေးနက်နက် ပြောလိုက်သည်။
မျိုးနွယ်စုတစ်ရာ စစ်မြေပြင်၏ ဗဟိုတစ်ခုဖြစ်သည့် ရေနက်မြို့တွင်ပင် ကောင်းကင်ဝိညာဉ်ခန္ဓာများ အများအပြား မရှိပေ။ သို့ရာတွင်၊ သူတို့တစ်ဦးစီကလည်း အလွန် အစွမ်းထက်ကြသည်။
ကောင်းကင်ဝိညာဉ်ခန္ဓာများက နေရာတိုင်းတွင် တွေ့နိုင်သော ဂေါ်ဖီထုပ်များ မဟုတ်ပေ။ ကံမကောင်းသော ဧကရာဇ်အဆင့် အင်အားစုအချို့ဆိုလျှင် ကောင်းကင်ဝိညာဉ်ခန္ဓာ တစ်ခုပင် မရှိ ဖြစ်တတ်သည်။
ဥပမာအားဖြင့်၊ စန်းပြည်နယ်တစ်ခုလုံးတွင် ကောင်းကင်ဝိညာဉ်ခန္ဓာများ မရှိပါ။ လုမင်၏ နားလည်မှုအရ ယွင်ဧကရာဇ်တောင်တွင်လည်း ကောင်းကင်ဝိညာဉ်ခန္ဓာများ မရှိပါချေ။
ထိုအခိုက်တွင် ဟွမ်ချီလည်း တုန်လှုပ်သွားသည်။
"မင်း... တိုက်ခိုက်ချင်သေးလား"
လုမင်က ဟွမ်ချီကို လှည့်ကြည့်လိုက်သည်။
ရိုးရှင်းသော စကားများက ဟွမ်ချီ၏မျက်နှာကို နီရဲသွားစေခဲ့ပေသည်။
"ငါ... ငါ..."
ဟွမ်ချီမှာ တုန်လှုပ်နေပြီး စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။