← Chapters

အခန်း ၁၆၂၁

Vol. 109 Ch. 1621

အခန်း ၁၆၂၁

Vol. 109 Ch. 1621

အပိုင်း ( 1621 ) ဖီးနစ်နန်းတော်။

ထိုအချိန်က သူသည် ပထမအဆင့် သူတော်စင်တစ်ပိုင်းကို မရှုံးနိမ့်မီတွင် တိုက်ကွက်များစွာ ရင်ဆိုင်နိုင်ခဲ့သည်။ ထိုအတွက် အမြဲဂုဏ်ယူနေခဲ့ရ၏။ သို့သော်လည်း လက်ရှိ လုမင်နှင့်တော့ မည်သူမျှ မယှဉ်နိုင်ပေ။

လုမင်က ပထမအဆင့် သူတော်စင်တစ်ပိုင်းကို တစ်ချက်တည်းဖြင့် သတ်လိုက်ပြီ ဖြစ်သည်။

သူသာ လုမင်နှင့် တိုက်ခိုက်ပါက တက်နင်းရန်ပင် လိုမည်မထင်ပေ။ ခြေလှမ်းတစ်ဝက်က လုံလောက်မည်။

ယခင်က လုမင်သည် သူ၏ပြိုင်ဘက်မဟုတ်ဘူးဟု ပြောခဲ့သော်လည်း ယင်းက အမှန်တရား ဖြစ်သည်။ သို့ရာတွင်၊ သူကတော့ လုမင်ကို သက်သက် မောက်မာခြင်းဟု ထင်မှတ်ခဲ့ပေသည်။

ယခုတော့ သူက မသိနားမလည်သူဖြစ်ကြောင်း ထင်ရှားသည်။

"ထွက်သွား"

လုမင်က အေးစက်စက် ငေါက်လိုက်သည်။

ဟွမ်ချီ၏မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲနေပြီး ချက်ချင်း ထွက်သွားတော့သည်။

"ဒီ‌လူက အတော်စွမ်းတာပဲ၊ သူက ဟွမ်လင်နဲ့ အတူရှိနိုင်တာ အံ့ဩစရာ မဟုတ်တော့ပါဘူး"

"ငှက်နဲ့ငှက်မွှေးပဲ အတူရှိနိုင်တယ်၊ ကောင်းကင်ဝိညာဉ်ခန္ဓာတစ်ခုနဲ့ ကောင်းကင်ဝိညာဉ်ခန္ဓာတစ်ခု အတူရှိနေတာက ပုံမှန်ပါပဲလေ။ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက နိမ့်ကျလွန်းတယ်၊ တခြား ကောင်းကင်ဝိညာဉ်ခန္ဓာတွေနဲ့ ယှဉ်ပြိုင်ဖို့ဆိုရင် ခက်လိမ့်မယ်"

"အမှန်ပဲ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် မတက်လာဘူးဆိုရင် မလွယ်ဘူး"

လူအများက ဆွေးနွေးပြောဆိုလိုက်ကြသည်။ လုမင်ကတော့ ထိုစကားများကို ကြားရသည့်တိုင် ပြုံးရုံသာပြုံးပြီး စိတ်ထဲမထားပေ။

"ဟွမ်လင်၊ မင်းမှာ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ သတ်ဖြတ်သူ အမှတ်အသားကို ဖယ်ရှားဖို့ နည်းလမ်းရှိလား"

လုမင်က ဟွမ်လင်ရှေ့တွင်ကို ပြန်လျှောက်လာကာ မေးလိုက်သည်။

သူ့တွင် သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်၏ သတ်ဖြတ်သူ အမှတ်အသား ရှိနေသည်။ ထို့ကြောင့် အတိုင်းအတာတစ်ခုအတွင်း ရှိနေသရွေ့ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်၏ လုပ်ကြံသတ်ဖြတ်သူများက သူ့ကို ရှာဖွေနိုင်လိမ့်မည်။ သူတို့ကို မကြောက်သော်လည်း စိတ်အနှောင့်အယှက် ဖြစ်ရသည်။

ဟွမ်လင်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"ငါသိထားတဲ့အတိုင်းဆိုရင် သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ သတ်ဖြတ်သူ အမှတ်အသားကို ဖယ်ရှားဖို့ အရမ်းခက်ခဲတယ်။ နောက်ပြီးတော့ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ လုပ်ကြံသတ်ဖြတ်သူတွေကို များများသတ်လေလေ... သတ်ဖြတ်သူ အမှတ်အသားက ပိုပြီး အားကောင်းလေလေပဲ။ ဧကရာဇ်အဆင့် အကျော်အမော်တွေသာ သတ်ဖြတ်သူ အမှတ်အသားကို ဖယ်ရှားနိုင်စွမ်းရှိတယ်"

"ဧကရာဇ်အဆင့် အကျော်အမော်"

လုမင် မချိပြုံးပြုံးပြီး ခေါင်းကို ခါယမ်းလိုက်မိသည်။

ဧကရာဇ်အဆင့် အကျော်အမော်ကို သူက မည်သည့်နေရာတွင် ရှာဖွေရမည်နည်း။ မျိုးနွယ်စုတစ်ရာစစ်မြေပြင်တွင် လုံးဝ မရှိပေ။ အပြင်လောကသို့ ပြန်ရောက်လျှင်လည်း စန်းပြည်နယ်တွင် ဧကရာဇ်အဆင့် အကျော်အမော် တစ်ဦးမျှ မရှိပါ။

အခြားပြည်နယ်များတွင် ဧကရာဇ်ကြီးများရှိသော်လည်း သိုင်းဧကရာဇ်များက အားလုံးထက် သာလွန်ပြီး ကမ္ဘာကို နှိမ့်ချသူများ ဖြစ်ကြသည်။ သိုင်းအုပ်ချုပ်သူနယ်ပယ်သာရှိသေးသော လုမင်ကို အဘယ်ကြောင့် ကူညီကြမည်နည်း။

သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်၏ လုပ်ကြံသတ်ဖြတ်မှုများကို တားဆီးရန် အနာဂတ်တွင် ပိုသတိထားရမည့်ပုံရသည်။

သူ၏ မူလခန္ဓာက တောင်နှင့်မြစ်ပန်းချီကားတွင် နေ့တိုင်းမနေနိုင်ပါ။ ဝိညာဉ်မီးတောက်ကို ပိုမိုတောက်လောင်စေရန် ထိုက်ကျိအစီရင်ဓာတ်ပြားကို အသုံးပြုကာ တောင်နှင့်မြစ်ပန်းချီကားတွင် အေးအေးလူလူ နေနိုင်သော ဒုတိယခန္ဓာနှင့် မတူပေ။ မိုးနှင့်မြေ၏ မဟာတာအိုကို နားလည်ဆင်ခြင်ရမည့်အပြင် တိုက်ခိုက်နိုင်စွမ်းကို သန်မာစေရန်အတွက် တိုက်ခိုက်လေ့ကျင့်နေရန် လိုအပ်သည်။

"လုမင်၊ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ လုပ်ကြံသတ်ဖြတ်သူတွေက တခြားဧကရာဇ်အဆင့် အင်အားစုတွေတောင် ကြောက်ရတယ်။ ပုံမှန်အားဖြင့်တော့ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ လုပ်ကြံသတ်ဖြတ်သူတွေကို သတ်ဝံ့မှာ မဟုတ်ဘူး။ အလွန်ဆုံး သူတို့ကို မသေမရှင်လုပ်ထားရုံပဲရှိတယ်။ သတ်ဖြတ်သူအမှတ်အသား ရှိနေပြီဆိုရင် အဆုံးမဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတွေကို ရင်ဆိုင်ရတော့မှာလေ။ အနာဂတ်မှာ နင် ပိုပြီးတော့ သတိထားသင့်တယ်"

ဟွမ်လင်က သတိပေးလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူတို့နှစ်ဦးလည်း ရေနက်မြို့တော်ဆီသို့ ဦးတည်သွားကြတော့သည်။

ရေနက်မြို့တော်သည် လုမင် ယခင်နေထိုင်ခဲ့သည့်မြို့ထက် အဆများစွာ ကျယ်ဝန်းသည်။ လမ်းပေါ်တွင် လမ်းလျှောက်နေသော လူငယ်များအားလုံးက အစွမ်းထက်ကြ၏။ အများစုက သူတော်စင်တစ်ပိုင်းအဆင့်တွင် ရှိကြသည်။

မကြာမီ၊ ဟွမ်လင်က လုမင်ကို နန်း‌တော်တစ်ခုဆီသို့ ခေါ်သွားသည်။

နန်းတော်ထိပ်တွင် ဖီးနစ်နန်းတော်ဟူသော စကားလုံးများကို ခမ်းနားထည်ဝါစွာ ရေးသားထား၏။

"လုမင်၊ ငါက ဧကရာဇ်အဆင့် အင်အားစုဖြစ်တဲ့ ဖီးနစ်နန်းတော်ကပါ။ ဒါက မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှာရှိတဲ့ ဖီးနစ်နန်းတော်ရဲ့ ယာယီတည်းခိုရာပဲ"

ဟွမ်လင်က ရှင်းပြလိုက်သည်။

မျိုးနွယ်စုတစ်ရာစစ်မြေပြင်သည် ဧကရာဇ်အဆင့် အင်အားစုများ၏ တပည့်များစွာကို လေ့ကျင့်ပေးရာ နေရာဖြစ်သည်။ ထို့ကြောင့် အင်အားကြီးသော ဧကရာဇ်အဆင့် အင်အားစုများက မျိုးနွယ်စုတစ်ရာစစ်မြေပြင်ရှိ မြို့ကြီးများတွင် ယာယီတည်းခိုစရာများအဖြစ် နန်းတော်များကို ဝယ်ယူထားတတ်ပေသည်။

အပြင်ဘက်တွင် ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ပြီးနောက် တိတ်တဆိတ် လေ့ကျင့်ရန် နေရာတစ်ခု လိုအပ်သည်။

"သူတော်စင်ငယ်"

နန်းတော်ထဲသို့ ဝင်လိုက်သည်နှင့် မိန်းကလေးနှစ်ယောက်က ဟွမ်လင်ကို ဦးညွှတ်လိုက်ကြသည်။

လုမင်၏ မျက်လုံးက အရောင်လက်သွား၏။ ဟွမ်လင်က ဖီးနစ်နန်းတော်၏ သူတော်စင်ငယ်ဖြစ်နေပြီး အဆင့်အတန်း မြင့်မားပုံရသည်။

ဟွမ်လင်က ခေါင်းညိတ်ပြပြီး လုမင်ကို ဖီးနစ်နန်းတော်၏ နက်နဲရာသို့ ခေါ်ဆောင်သွားခဲ့သည်။

လမ်းတလျှောက်မှာ လူငယ် ယောက်ျားလေးနှင့် မိန်းကလေး အယောက် နှစ်ဆယ်ထက်မနည်း တွေ့ရသည်။ ထိုလူငယ်များ‌တွင် လုလင်များက ချောမောပြီး မိန်းမပျိုလေးများက လှပ၏။ သူတို့အားလုံးတွင် မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာများရှိပြီး သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

နဂါးနတ်ဘုရားတောင်ကြားကဲ့သို့ပင် ဖီးနစ်နန်းတော်ရှိ လူတိုင်းနီးပါးက ဖီးနစ်သွေးမျိုးဆက်ကို နိုးထခဲ့ပြီး ဖီးနစ်တိုက်ခိုက်ရေးခန္ဓာကို လေ့ကျင့်ခဲ့ကြသည်။

'ပါရမီရှင်တွေ အများကြီးပါလား။ ဖီးနစ်နန်းတော်က ဧကရာဇ်အဆင့် အင်အားစုတွေကြားမှာတောင် ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခု ဖြစ်ပုံရတယ်'

လုမင်မှာ တိတ်တဆိတ် တုန်လှုပ်ခဲ့ရသည်။

လမ်းတစ်လျှောက်တွင် ပါရမီရှင်များ အများကြီး တွေ့ခဲ့ရ၏။ သူတို့ထဲတွင် မည်သူမဆို စန်းပြည်နယ်တွင် ထိပ်တန်း ပါရမီရှင်များ ဖြစ်နိုင်သည်။ သူတို့ထဲမှ အချို့ဆိုလျှင် အရှိန်အဝါများက နက်နဲပြီး နိယာမများ ဝန်းရံထား၏။ သူတို့က ဒုတိယအဆင့် သူတော်စင်တစ်ပိုင်းများဖြစ်ကြောင်း ထင်ရှားသည်။

နိယာမခန္ဓာဖြင့် သူတော်စင်တစ်ပိုင်းတစ်ဦးပင် ရှိသေးသည်။ ယင်းက စန်းပြည်နယ်ရှိ ထွတ်မြတ်ပါရမီရှင်ဆယ်ဦးနှင့် ယှဉ်နိုင်သောအဆင့် ဖြစ်သည်။

ထို့ပြင်၊ ဤသည်မှာ ဖီးနစ်နန်းတော်အတွက် ရေခဲတောင်ကြီး၏ အစွန်အဖျားသာ ဖြစ်လိမ့်ဦးမည်။

သူတော်စင်နယ်ပယ်နှင့် အထက်မှ ကျင့်ကြံသူများကို မျိုးနွယ်စုတစ်ရာစစ်မြေပြင်သို့ ဝင်ရောက်ခွင့်မပြုကြောင်း သိထားကြရမည် ဖြစ်သည်။ ဖီးနစ်နန်းတော်တွင် သူတော်စင်နယ်ပယ်နှင့် အထက်မှ ပါရမီရှင်များ မရှိဘဲနေမည် မဟုတ်ပေ။

'ယွမ်တိုက်ကြီးက တကယ်ကို ကြီးမားပြီး ပါရမီရှင်တွေလည်း များပြားလွန်းလှတယ်။ စန်းပြည်နယ်က အစွန်အဖျားဒေသတစ်ခုသာ ရှိသေးတယ်'

လုင်၏ စိတ်ထဲတွင် အတွေးများ ပေါ်လာသည်။

ယခုတော့ သူ၏ တွေးခေါ်ပုံက တဖြည်းဖြည်း ပြောင်းလဲလာပြီ။ သူ၏ အာရုံက စန်းပြည်နယ်တွင် ကန့်သတ်မနေတော့ပါ။

နတ်ဘုရားသားတော်က နောက်ဆုံးတွင် သူ၏လမ်းမှ ခြေနင်းကျောက်သာ ဖြစ်လိမ့်မည်။ သူ၏ ပြိုင်ဘက်များက ယွမ်လုရှိ ဧကရာဇ်အဆင့် အင်အားစုများ၏ ပါရမီရှင်များ ဖြစ်သည်။

လုမင်၏ မျက်လုံးများက ပြင်းပြသော တိုက်ခိုက်လိုစိတ်တို့ ပေါ်လာခဲ့သည်။ သူ့သွေးများ ဆူပွက်နေသလို ခံစားရ၏။

"လုမင်၊ နင် ဒီမှာ ခဏလောက်နေနိုင်ပါတယ်"

ဟွမ်လင်က ခြံဝင်းတစ်ခုသို့ ရောက်သောအခါ ပြောလိုက်သည်။

"ကောင်းပြီ"

လုမင် ခေါင်းညိတ်လိုက်၏။

"ဒီအတောအတွင်း ငါ့လူတွေကို ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းအကြောင်း အချက်အလက်ရှာဖို့ ရေနက်မြို့တော်ထဲကို စေလွှတ်လိုက်မယ်။ ဆမ်ဆာရာဧကရာဇ်ရဲ့ တခြားမြေပုံတွေရှိရင် ဒါမှမဟုတ် သော့အကြောင်း သတင်းရတာနဲ့ ငါနင့်ကို အကြောင်းကြားမယ်"

ဟွမ်လင်က ထပ်ပြောသည်။

"မင်းနဲ့ လက်တွဲလုပ်ရတာ မှန်ကန်တယ်လို့ ငါထင်လာပြီ။ ဒါက ငါ့ကို အများကြီး အလုပ်ရှုပ်သက်သာစေတယ်လေ"

လုမင် ပြုံးလိုက်၏။

"ဒါဆိုရင် နင် ငါ့ကို ဘယ်လိုပြန်ဆပ်မှာလဲ"

ဟွမ်လင်က ပြုံးပြီး ကလူကျီစယ်သော အမူအရာဖြင့် လုမင်ကို ကြည့်လိုက်သည်။

လုမင်၏ စိတ်က တည်ငြိမ်သော်လည်း မိန်းမလှလေးတစ်ဦးက ထိုကဲ့သို့ ဆွဲဆောင်မှုရှိစွာ ပြောလာသောအခါ ရင်ခုန်သံ မြန်လာခဲ့ရသည်။

"မင်းနဲ့ငါက နဂါးနဲ့ ဖီးနစ်တွေလို လိုက်ဖက်တယ်လို့ ငါပြောလဲ့တယ် မဟုတ်လား။ ငါတို့ ဘာဖြစ်လို့ ...မလုပ်ရမှာလဲ"

လုမင် ပြုံးပြုံးကြီးဖြင့် ပြောလိုက်၏။

"ဟွန့်... ဒါက နင့်ရဲ့ ပြန်ပေးဆပ်တဲ့ နည်းလမ်းလား။ နင်က ငါ့ကို အခွင့်ကောင်းယူနေတာပဲ မဟုတ်လား"

ဟွမ်လင်က ချစ်ဖွယ်ကောင်းစွာ မျက်စောင်းထိုးလိုက်သည်။ ထို့နောက်တော့ သွက်လက်စွာဖြင့် နေရာမှ ထွက်သွားတော့သည်။

လုမ်လည်း သဘောကျစွာ ရယ်မောပြီး ခြံတံခါးကို တွန်းဖွင့်ကာ ဝင်သွားသည်။

ခြံဝင်းက ကျယ်သည်။ လုမင်က ကျပန်းအခန်းတစ်ခုထဲသို့ ၀င်ပြီး တောင်မြစ်ပန်းချီကားထဲသို့ ဝင်ရောက်သွား၏။ သူက ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်လိုက်တော့သည်။

'ရေနက်မြို့တော်က ဧကရာဇ်အဆင့် အင်အားစုတွေ စုဝေးရာနေရာပဲ။ ဟွမ်လင်အဆင့် ပါရမီရှင်တွေက အများကြီးမရှိပေမဲ့ ရှိတာတော့ ရှိသေးတယ်။ ဟွမ်လင်ထက် သန်မာတဲ့ ပါရမီရှင်တွေတောင် ရှိကောင်းရှိနိုင်တယ်'

'ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်း တကယ်ပွင့်ပြီဆိုရင် ဝင်မဲ့သူတွေက အရမ်းအစွမ်းထက်မှာ အသေအချာပဲ။ ငါ့ရဲ့တိုက်ခိုက်ရေးအင်အားက မလုံလောက်သေးဘူး'

လုမင်က သူ့စိတ်ထဲမှ တွေးနေမိသည်။

ယခုဆိုလျှင်၊ သူ၏ မူလခန္ဓာနှင့် ဒုတိယခန္ဓာက ဝမ်ထျန်းချန်ကဲ့သို့သော ပါရမီရှင်မျိုးကို ဖိနှိပ်နိုင်နေပြီ ဖြစ်သည်။ ပူဖောင်းလေး၏ အကူအညီဖြင့် အမှတ်တမဲ့ တိုက်ခိုက်ပါက သတ်ဖြတ်ရန်ပင် ဖြစ်နိုင်၏။ သို့သော်လည်း မူလခန္ဓာလုမင် တစ်ဦးဖြစ်ပါက၊ ဝမ်ထျန်းချန်ကို ယှဉ်နိုင်ဦးမည် မဟုတ်ပေ။

သူ့ခွန်အားကို တတ်နိုင်သမျှ မြှင့်တင်ရမည် ဖြစ်သည်။

လက်ရှိတွင် သူ့အင်အားကို မြှင့်တင်ရန် အဓိက နည်းလမ်းနှစ်ခု ရှိသည်။ တစ်မျိုးက သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်စေရန်ပင်။ သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသောအခါ သူ၏ ခွန်အားသည်လည်း သဘာဝအတိုင်း တဟုန်ထိုး တိုးတက်လာလိမ့်မည်။

ဒုတိယအချက်ကတော့ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို အဆင့်တက်နိုင်ရန်ပင်။ လက်ရှိတွင် သူက စတုတ္ထအဆင့်အထိသာ အောင်မြင်ထားသည်။ ပဉ္စမအဆင့်ကို ဖြတ်ကျော်ပြီးသည်နှင့်၊ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်၏စွမ်းအားက ပို၍ အားကောင်းလာလိမ့်မည်။

(ရှေ့အပိုင်းတွေမှာ ရေးသားထားတဲ့ "ထိုက်ကျိအစီရင်ချပ်ပြား" နဲ့ "ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်" ကို "ထိုက်ကျိအစီရင်ဓာတ်ပြား" နဲ့ "ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်" လို့ ပြောင်းလဲ သုံးနှုန်းပါမယ်ခင်ဗျာ။ အဆင်မပြေမှုအတွက် ခွင့်လွှတ်ပါ)

All Chapters