← Chapters

အခန်း ၁၆၂၂

Vol. 109 Ch. 1622

အခန်း ၁၆၂၂

Vol. 109 Ch. 1622

အပိုင်း ( 1622 ) အစပြုပြီး တိုက်ခိုက်ခြင်း။

လုမင်က ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ပြီး စိတ်နှစ်ကာ လေ့ကျင့်နေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း သုံးရက် ကုန်ဆုံးသွား၏။

"နှေးလွန်းတယ်။ တိုက်ပွဲကြီးတစ်ခုကို မရင်ဆိုင်ဘဲ ဒီလိုမျိုး လေ့ကျင့်တာက အရမ်းနှေးလွန်းတယ်"

လုမင်က လေ့ကျင့်မှုကို အဆုံးသတ်ပြီး မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

စင်စစ်တွင်၊ ကောင်းကင်တာအိုကျောက်များ၏ အကူအညီဖြင့် ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် နားလည်ဆင်ခြင်သောကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အတော်လေးမြန်နေပြီ ဖြစ်သည်။ သို့သော်လည်း တိုက်ပွဲအတွင်း၌ လေ့ကျင့်ခြင်းထက် များစွာ နှေးနေသေးသည်။

"ဒီမှာ ပါရမီရှင်တွေ အများကြီးရှိတာပဲ။ ဒီလိုအခွင့်ကောင်းမျိုးကို လက်လွှတ်ပြီး တစ်ယောက်ယောက်နဲ့ မတိုက်ခိုက်လိုက်ရရင် နှမျောစရာကောင်းလိမ့်မယ်"

လုမင်က ပြုံးပြီး အနက်ရောင်ဝတ်ရုံကြီးကို ပြောင်းလိုက်သည်။ ထို့နောက်တော့ တောင်နှင့်မြစ် ပန်းချီကားအတွင်းမှထွက်ပြီး ရေနက်မြို့အပြင်ကို လျှောက်လာတော့သည်။

ရေနက်မြို့မှ ထွက်လာပြီးနောက် မနီးမဝေးမှ ရေကန်ကို ကြည့်လိုက်ရာ ရေကန်အထက်တွင် လူငယ်များစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ အပြင်းအထန် တိုက်ခိုက်နေသည့် လူငယ် နှစ်ယောက်လည်း ရှိသေးသည်။

လုမင်၏ လက်စွပ်က အရောင်လက်သွားပြီး သူ့လက်ထဲတွင် အသူရာမျက်နှာဖုံး ပေါ်လာခဲ့သည်။ မျက်နှာဖုံးကို ဝတ်လိုက်ပြီးနောက် သူ့အသွင်က ပို၍ ရက်စက်ကြမ်းကြုတ်လာပုံရ၏။

ဤမျက်နှာဖုံးမှာ လုမင်၏ ကျင့်ကြံခြင်းအခြေခံ မမြင်မားခင်က အသုံးပြုခဲ့သော မျက်နှာဖုံး ဖြစ်သည်။ အထူးပစ္စည်းမဟုတ်သောကြောင့် အဆင့်မြင့် သုံးအုပ်ချုပ်သူများက တစ်ချက်ကြည့်ရုံဖြင့် ဖောက်မြင်နိုင်ပေသည်။

သို့သော်လည်း လုမင်က အခြားသူများ ထိုးဖောက် မမြင်နိုင်စေရန် စွမ်းအင်ဖြင့် ဖုံးကွယ်ထားခဲ့သည်။

အသူရာမျက်နှာဖုံးကို ဝတ်ဆင်ပြီးနောက် လုမင်က ရှေ့သို့လှမ်းကာ လူငယ်များဆီသို့ လျှောက်သွားသည်။ သူ့ထံမှ အေးစက်စက် အငွေ့အသက်များလည်း ထွက်ပေါ်လျက်ရှိ၏။

လူတချို့က ထိတ်လန့်တကြားဖြင့် လုမင်ကို လှည့်ကြည့်ကြသည်။ လုမင်က အသူရာမျက်နှာဖုံးကို ဝတ်ဆင်ထားသည်ကို တွေ့သောအခါ အားလုံး အံ့သြသွားတော့သည်

"ဟမ့်၊ သိုင်းအုပ်ချုပ်သူနယ်ပယ် နဝမအဆင့် ကျင့်ကြံသူကများ မျက်နှာဖုံးတပ်ပြီး လျှို့ဝှက်ဆန်းကျယ်သလို လုပ်နေတယ်"

လူငယ်တစ်ယောက်က ပြောဆိုရင်း အေးစက်စက်ဖြင့် လုမင်ကို ကြည့်လိုက်သည်။

"ဝှစ်"

လုမင်က ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး စကားပြောလိုက်သော လူငယ်အထက်တွင် ပေါ်လာ၏။ ထို့နောက် ခြေတစ်ချက် နင်းချလိုက်တော့သည်။

နတ်ဘုရား၏ ခြေထောက်ကဲ့သို့ ဧရာမ ခြေဖဝါးကြီးက စကားပြောခဲ့သော လူငယ်ကို နင်းချလိုက်သည်။

"မင်း သေချင်နေတာပဲ"

လူငယ်က အေးစက်စက် အော်ဟစ်လိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။ ယွမ်ချီစွမ်းအင်က ဓားတစ်လက်အဖြစ် စုဖွဲ့သွားပြီးနောက် လုမင်ကို ခုတ်ချလိုက်တော့သည်။

ထိုဓားချက်က နိယာမစွမ်းအားကို သယ်ဆောင်လာခဲ့သည်။

ထိုလူငယ်က ဒုတိယအဆင့် သူတော်စင်တစ်ပိုင်း ဖြစ်သည်။ သူ့တွင် မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာရှိပြီး တိုက်ခိုက်နိုင်စွမ်းကလည်း အံ့မခန်း ဖြစ်၏။ ဓားချက် ထွက်ပေါ်လာသည်နှင့် မြေပြင် အက်ကွဲသွားတော့သည်။

လူအတော်များများက လုမင်ကို တစ်ချက်တည်းဖြင့် ရိုက်သတ်ခံရပြီဟုပင် တွေးလိုက်မိကြသည်။ သို့ရာတွင်၊ ရလဒ်က လူအများ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင်။

"ဝုန်း"

ဧရာမခြေဖဝါးကြီးက နင်းချလိုက်သည်နှင့် ဓားမှာ ကျိုးကျသွားရသည်။ ဧရာမခြေထောက်ကြီးကမူ မရပ်တန့်ဘဲ ဆက်လက် တိုးဝင်သွား၏။

လုမင်၏ ခြေဖဝါးအောက်တွင် ဒုတိယအဆင့် သူတော်စင်တစ်ပိုင်းလူငယ်မှာ ရေကန်ထဲသို့ ပြုတ်ကျသွားခဲ့သည်။ သူ့ပါးစပ်အတွင်းမှ သွေးများလည်း အန်ထွက်လာတော့သည်။

"သတ်"

လုမင် ဟိန်းဟောက်လိုက်သည်။ သူက လက်သီးဖြင့် ဆက်လက် ထိုးနှက်လိုက်၏။

ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားက ဟင်းလင်းပြင်ကို ထိုးဖောက်ဝင်ရောက်ကာ အောက်ရေကန်ဆီသို့ ပေါက်ကွဲသွားပုံရသည်။

"ဝုန်း"

ရေကန်အတွင်းရှိ ရေများက လှိုင်းထပြီး ကောင်းကင်သို့ ထိုးတက်သွား၏။ ရေကန်အတွင်းရှိ ရေများက ဘေးသို့ လိမ့်ထွက်သွားပြီး ရေကန်အောက်ခြေကို မြင်လာရတော့သည်။

ရေကန်အောက်ခြေတွင် ကြီးမားသော တွင်းကြီးတစ်ခုကို မြင်လိုက်ရသည်။ ဒုတိယအဆင့် သူတော်စင်တစ်ပိုင်း လူငယ်က တွင်းအလယ်တွင် လဲကျနေ၏။ သူ့ထံမှ အသက်ဓာတ်ကို မခံစားရတော့ပါ။ သူ သေဆုံးသွားပြီ ဖြစ်သည်။

လုမင်က လက်ဝါးဖြန့်ပြီး ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ ယွမ်ချီစွမ်းအင်က ကြိုးတစ်ချောင်းကဲ့သို့ တစ်ဖက်လူငယ်၏ သိုလှောင်လက်စွပ်ကို ဆွဲယူသွား၏။ ထိုအချိန်တွင် ရေများက ရေကန်အတွင်းသို့ ပြန်လည် စီးဆင်းလာခဲ့သည်။ ထိုလူငယ်လည်း ရေကန်အောက်တွင်သာ ထာဝရ နေရပေတော့မည်။

"စွမ်းလိုက်တာ"

လူများစွာတို့ တုန်လှုပ်သွားကြသည်။

အသူရာမျက်နှာဖုံးကို ဝတ်ဆင်ထားသူ လူငယ်က နဝမအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးသာဖြစ်သော်လည်း၊ တမင်တကာ လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်ထားခြင်း မရှိပေ။ သူသည် အလွန်ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။

"ဒီပါရမီရှင်က ဘယ်ကလာတာလဲ"

လူအချို့က ခန့်မှန်းလိုက်ကြသည်။

နောက်ဆုံးတွင်၊ မျိုးနွယ်စုတစ်ရာစစ်‌မြေပြင်သို့ ဝင်ရောက်လာသော ဧကရာဇ်အဆင့် အင်အားစုများက အလွန်များပြားသည်။ ဧကရာဇ်အဆင့် အင်အားစုများမှ ပါရမီရှင်များက နေ့စဉ်နှင့်အမျှ ဝင်ရောက်လာနေကြသည်။ ထို့ကြောင့် မည်သည့်အင်အားစုမှ ပါရမီရှင်ဖြစ်သည်ကို မည်သူမျှ မသိခဲ့ကြပေ။

လုမင်က အေးစက်ပြီး စူးရှသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

လုမင်၏ မျက်လုံးအကြည့်က သူတို့အပေါ် ကျရောက်လာသောအခါ၊ လူတချို့မှာ သူတို့၏ နှလုံးသားများ အေးစက်သွားသလို ခံစားလိုက်ကြရလေသည်။

"မင်း၊ ငါနဲ့ တိုက်ခိုက်စမ်း"

လုမင်က သွေးရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ထိုလူငယ်အား ထိုးနှက်လိုက်၏။

မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် လအတော်ကြာနေပြီးနောက်၊ လုမင်သည် ဤစည်းမျဉ်းများကို ကျင့်သားရနေပြီ ဖြစ်သည်။

ဤနေရာတွင် စည်းမျဥ်းစည်းကမ်းမရှိပါ။ ဤတွင်၊ တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ရန်အတွက် အကြောင်းပြချက် မလိုပေ။

လုမင်ကလည်း ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ရန် ရောက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် အချိန်မဖြုန်းတော့ဘဲ အစပြုကာ တိုက်ခိုက်လိုက်တော့သည်။

"မင်းက အမှိုက်တစ်စကို သတ်လိုက်ရုံနဲ့ ငါ့ကို တိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား... သတ်"

လုမင်က သူ့ကို တိုက်ခိုက်ဝံ့ကြောင်း တွေ့ရသောအခါ သွေးရောင်ဝတ်စုံဝတ် လူငယ်ထံမှ ကြောက်စရာကောင်းသည့် သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။ သူ့တကိုယ်လုံးကို သွေးရောင်အလင်းများက လွှမ်းခြုံသွား၏။ သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ သွေးနီရောင် လက်ဝါးပုံရိပ်ကြီးက လုမင်ဆီသို့ တိုးဝင်သွားတော့သည်။

"ဝုန်း... ဝုန်း"

လုမင်က သွေးနီရောင်လက်ဝါးကြီးကို ထိုးနှက်မိသောအခါ၊ နောက်ထပ် နှစ်ကြိမ် ထပ်မံ ထိုးနှက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အတက်အကျမျိုးဖြင့် လက်သီးအင်အားက ထွက်ပေါ်လာ၏။ သို့သော်လည်း သွေးနီရောင် လက်ဝါးကြီးက မရပ်တန့်သေးဘဲ ကြောက်စရာကောင်းသည့် နိယာမစွမ်းအားကို သယ်ဆောင်ကာ လုမင်ဆီသို့ တိုးဝင်လာတော့သည်။

'အံ့ဩစရာပါပဲ၊ ကောင်းကင်ဝိညာဉ်ခန္ဓာက တကယ်ကို စွမ်းအားကြီးမားတယ်'

လုမင်က မအံ့ဩသည့်အပြင် ပို၍ ဝမ်းသာသွားခဲ့သည်။ ယွမ်ချီစွမ်းအင်များက လျိုယွမ်လက်အိတ်အတွင်းသို့ စီးဆင်းသွား၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လက်ဝါးပုံရိပ်ကြီးကို ထိုးနှက်ကာ ဖျက်ဆီးလိုက်တော့သည်။ ထို့နောက်တွင် သူက သွေးရောင်ဝတ်စုံဝတ် လူငယ်ကို ဆက်လက်တိုက်ခိုက်လိုက်သည်။

သွေးရောင်ဝတ်စုံဝတ် ဤလူငယ်သည် ဟွမ်လင်နှင့် ဝမ်ထျန်းချန်တို့ကဲ့သို့ ကောင်းကင်ဝိညာဉ်ခန္ဓာပိုင်ရှင် ဖြစ်သည်။

လုမင်သည် သူ့ကိုယ်သူ လေ့ကျင့်လိုပါက အစွမ်းထက်သူကို သဘာဝအတိုင်း ရွေးချယ်ရလိမ့်မည်။ အားနည်းသူများကို စိန်ခေါ်ခြင်းက အသုံးဝင်မည် မဟုတ်ပေ။

"သွေးနတ်ဆိုး လက်ဝါး"

သွေးရောင်ဝတ်စုံဝတ် လူငယ်က ဟိန်းဟောက်လိုက်သည်။ သွေးအလင်းများက လေထဲတွင်ပြည့်နေပြီး သူ့ခန္ဓာကိုယ်ကလည်း သွေးစွမ်းအင်များအဖြစ် ပြောင်းလဲသွားပုံရ၏။ သွေးနိယာမက ပေါက်ကွဲထွက်လာပြီး ဧရာမလက်ဝါးကြီးအဖြစ် စုဖွဲ့ကာ လုမင်ကို အသားပြားအဖြစ် ချေမှုန်းရန် ကျဆင်းလာတော့သည်။

လုမင်၏ ခန္ဓာကိုယ်က ရုတ်တရက် တောက်ပလာခဲ့သည်။ အလင်းစက်များ တောက်ပလာပြီးနောက် သူတော်စင်ရတနာ ဆယ့်နှစ်ခု ပေါ်လာသည်။

လုမင်က နဂါးနက်လှံကို ကိုင်ဆွဲလိုက်၏။ လက်နက်စွမ်းအင်များ စုစည်းလာပြီး ကစဉ့်ကလျားတာအိုနယ်မြေကလည်း နဂါးနက်လှံကို ဖုံးအုပ်လိုက်၏။ လှံက တောင်တစ်လုံးကဲ့သို့ ကောင်းကင်ကို ထိုးသွင်းလိုက်တော့သည်။

"ဝုန်း"

တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ လှံအလင်းနှင့် သွေး‌နီရောင် လက်ဝါးပုံရိပ်တို့ တပြိုင်နက်တည်း ပျောက်ကွယ်သွားခဲ့သည်။

"ဒါက လက်နက်တစ်သောင်းတာအိုကျမ်းပဲ၊ သူက ဝမ်မျိုးနွယ်က..."

"ဝမ်မျိုးနွယ်မှာ ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ ပါရမီရှင် ရှိနေတာပဲ၊ သူက နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်ပဲ ရှိသေးပေမဲ့ အရမ်းအစွမ်းထက်တယ်"

လူအချို့က မယုံကြည်နိုင်စွာ အော်ပြောလိုက်ကြသည်။

"ဝမ်မျိုးနွယ်... သတ်"

သွေးရောင်ဝတ်စုံဝတ် လူငယ်က အလွန် အစွမ်းထက်သည်။ သူက အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ဖြင့် ဟိန်းဟောက်ရင်း ရှေ့သို့ ခြေလှမ်းလိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးအရှိန်အဝါများကလည်း သိပ်သည်းသည်ထက် သိပ်သည်းလာပြီး၊ သွေးပင်လယ်အဖြစ်သို့ ပြောင်းလဲလာတော့သည်။

"ဝှစ်"

သူ့လက်ထဲတွင် သွေးနီရောင်အလံတစ်ခု ပေါ်လာခဲ့သည်။

သူက သွေးနီရောင်အလံကို ဝှေ့ယမ်းလိုက်ရာ လျင်မြန်စွာ ကျယ်ပြန့်လာ၏။ သွေးပင်လယ်နှင့်အတူ လုမင်ဆီသို့ ပျံသန်းသွားတော့သည်။

"ချိုးဖြတ်လော့"

လုမင်က ဟိန်းဟောက်ပြီး နဂါးနက်လှံဖြင့် ပစ်ထိုးလိုက်သည်။ လှံက အနက်ရောင်လျှပ်စီးကဲ့သို့ သွေးပင်လယ်ထံ ထိုးဖောက်သွား၏။ တချိန်တည်းမှာပင် လုမင်က ခြေတစ်လှမ်း လှမ်းကာ သူတော်စင်ရတနာဓားကို ဆုပ်ကိုင်လိုက်သည်။ ဓားဖြင့် ခုတ်ပိုင်းလိုက်သောအခါ မိုးနှင့်မြေကို ခွဲခြမ်းတော့မည်ကဲ့သို့ ဓားအလင်းတစ်ခု ထွက်ပေါ်လာတော့သည်။

‌သွေးရောင်ပင်လယ်က ကွက်ထွက်သွားသော်လည်း လှိုင်းထကာ ချက်ချင်း ပြန်လည်ပေါင်းစည်းသွားခဲ့သည်။

နဂါးနက်လှံသည်လည်း သက်ရောက်မှုမရှိဘဲ နောက်သို့ ပြန်လွင့်လာ၏။

သွေးပင်လယ်က ပျံ့နှံ့သွားပြီး သွေးနီရောင်အလံကလည်း ကောင်းကင်ကို ဖုံးကွယ်ကာ လုမင်အား ဖုံးအုပ်ချလိုက်တော့သည်။

"သွေးရေကန်အဖြစ် ပြောင်းလိုက်တော့"

သွေးရောင်ဝတ်စုံဝတ် လူငယ်က အေးစက်စက် ပြောလိုက်သည်။

"အသူရာမျက်နှာဖုံးနဲ့ လူငယ်တော့ ဇာတ်သိမ်းသွားပါပြီ။ သွေးအကျဉ်းထောင်အလံနဲ့ ထုပ်ပိုးခံရမှတော့ သူ သေရတော့မှာ... သူက သွေးရေကန်အဖြစ် ပြောင်းလဲသွားတော့မယ်"

"အမှန်ပါပဲ၊ သွေးအကျဉ်းထောင်အလံက အရမ်းအစွမ်းထက်တာကြောင့် သူနဲ့ အဆင့်တူ ပါရမီရှင်တွေတောင် ဖုံးအုပ်ခံဖို့ မဝံ့ရဲဘူး။ မျက်နှာဖုံးစွပ် လူငယ်ရဲ့ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်းပေမဲ့ သူက နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်မှာပဲ ရှိသေးတယ်"

"နောက်ထပ် ပါရမီရှင်တစ်ဦး ကျဆုံးသွားခဲ့ပြီ"

ပတ်ဝန်းကျင်တွင် ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။ ယခင်က တိုက်ခိုက်နေသော လူငယ်နှစ်ယောက်တောင် တိုက်ပွဲကို ရပ်လိုက်ကြလေသည်။

လုမင်က ကောင်းကင်ကို ဖုံးလွှမ်းထားသည့် သွေးအကျဥ်းထောင်အလံကို ကြည့်လိုက်သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်လျှင်လည်း သွေးပင်လယ်နှင့် သွေးအလံကလွဲပြီး ဘာမျှမတွေ့ရပေ။

တချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအင်များက လုမင်အား သွေးရေကန်အဖြစ်သို့ သန့်စင်ရန် ကြိုးစားလာခဲ့သည်။

လုမင်လည်း ကစဉ့်ကလျားတာအိုနယ်မြေဖြင့် တားဆီးရန် ကြိုးစားလိုက်ပေသည်။

All Chapters