အခန်း ၁၆၂၄
Vol. 109 Ch. 1624
အပိုင်း ( 1624 ) ရွှေကျီးကန်း ဒသမ မင်းသား။
ယခင်တိုက်ပွဲတွင် သူ၏ ယွမ်ချီစွမ်းအင်များ ကုန်ဆုံးတော့မည် ဖြစ်သည်။
သူက အစွမ်းရှိသမျှ အသုံးပြုခဲ့သော်လည်း တစ်ဖက်လူ၏ ဖိနှိပ်မှုကို ခံခဲ့ရသေးသည်။ သို့ရာတွင်၊ တိုက်ပွဲမှ ဉာဏ်အလင်းများစွာ ရရှိလာခဲ့သည်။ မိုးနှင့်မြေ၏ မဟာတာအိုအပေါ် နားလည်မှုအသစ်တစ်ခု ရရှိခဲ့၏။ ၎င်းကို ချေဖျက်နိုင်သရွေ့ တိုးတက်မှုများ သေချာပေါက် ရှိလာပေလိမ့်မည်။
မကြာမီ၊ သူက ဖီးနစ်နန်းတော်သို့ ပြန်လာပြီး တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက်တော့ ရှေးဟောင်းဉာဏ်အလင်း သစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ နားလည်ဆင်ခြင်နေတော့သည်။
နှစ်ရက်အကြာတွင်၊ လုမင်၏ လေ့ကျင့်မှုက ပြီးဆုံးသွားသည်။
"ကျွမ်းကျင်သူတွေနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲတွေကို ရင်ဆိုင်နေရင် ငါ့ရဲ့ တိုးတက်မှုက တကယ်ကို မြန်တာပဲ။ ဒါက တိတ်တဆိတ် လေ့ကျင့်တာနဲ့ ဘာမှမဆိုင်ဘူး"
လုမင် ပြုံးလိုက်သည်။
သူ၏ ကစဉ့်ကလျားတာအိုနယ်မြေကလည်း ထပ်မံ တိုးတက်လာခဲ့ပြီ။
"ဒီလိုဆိုမှတော့ ဆက်ကြရအောင်"
လုမင်လည်း ပြုံးပြီး ဖီးနစ်နန်းတော်မှ ထွက်ခဲ့သည်။ ထို့နောက် တိတ်ဆိတ်သော နေရာတစ်ခုတွင် အနက်ရောင်ဝတ်ရုံနှင့် အသူရာမျက်နှာဖုံးကို ပြောင်းလဲ ဝတ်ဆင်လိုက်၏။ မြို့ပြင်သို့ ထွက်လာတော့သည်။
"အဲဒါက အသူရာပဲ၊ သူ ဒီကိုထပ်ရောက်လာပြန်ပြီ"
လုမင် ရောက်လာခြင်းက လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။
လွန်ခဲ့သော နှစ်ဝက်က လုမင်နှင့် သွေးရောင်ဝတ်စုံဝတ် လူငယ် သွေးမင်းသားကြားမှ တိုက်ပွဲသည် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
"တိုက်ခိုက်စမ်း"
လုမင်ကတော့ ယခင်ကဲ့သို့ ကြီးစိုးနေဆဲပင်။ သူက လူငယ်တစ်ယောက်ကို စိုက်ကြည့်ပြီး လက်သီးနှင့် ပြေးထိုးလိုက်သည်။
တစ်ဖက်လူ၏ အရှိန်အဝါများအရ၊ ဤလူငယ်သည် သွေးမင်းသားနှင့် ကျင့်ကြံခြင်းအဆင့် တူညီသင့်သည်။
"မင်း သေချင်နေတာပဲ"
ထိုလူငယ်လည်း အေးစက်စက်ဖြင့် ငေါက်ငမ်းပြီး လုမင်နှင့်အတူ ပြင်းထန်သော တိုက်ပွဲကို စတင်လိုက်တော့သည်။
ဤတစ်ကြိမ်တွင် လုမင်က အရေးနိမ့်နေဆဲဖြစ်သော်လည်း တိုက်ကွက်ရာချီကာ ရင်ဆိုင်နိုင်ခဲ့သည်။
"ခွေးကောင်၊ ငရဲကိုသွားစမ်း"
ထိုအချိန်တွင် ရေနက်မြို့အတွင်းမှ ကြက်သွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သွေးမင်းသား ဖြစ်၏။ သူသည် သတင်းကြားကြားချင်း ပြေးထွက်လာခဲ့ခြင်း ဖြစ်သည်။
"ဒီနေ့အတွက် လုံလောက်ပါပြီ။ နှစ်ရက်နေမှ ထပ်တိုက်မယ်"
လုမင်က ပြုံးပြီး လေမိုးကြိုးခြေလှမ်းကို အသုံးပြုခဲ့သည်။ ခဏကြာပြီးနောက် သူက သွေမင်းသားကို ရှောင်တိမ်းကာ ရေနက်မြို့အတွင်းသို့ ပြေးဝင်သွားတော့သည်။
"ဒီကောင်က ငါတို့ကို ဓားသွေးကျောက်အဖြစ် သုံးနေတာ"
ယနေ့တွင် လုမင်နှင့် တိုက်ခိုက်လိုက်ရသည့် လူငယ်က အေးစက်စက် ပြောလိုက်သည်။
နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူမှ ဓားသွေးကျောက်အဖြစ် အသုံးပြုခံရလျှင် မည်သူမျှ စိတ်ချမ်းသာရမည် မဟုတ်ပေ။
"ဒီလူရဲ့ နည်းလမ်းတွေက အတော်ထူးဆန်းတယ်။ သူ အသုံးပြုတဲ့ လျှို့ဝှက်ပညာရပ်က ဝမ်မျိုးနွယ်ရဲ့ ကျင့်စဉ်ဖြစ်တဲ့ လက်နက်တစ်သောင်း တာအိုကျမ်းပဲ။ ဒါပေမဲ့ တာအိုနယ်မြေကတော့ လက်နက်တစ်သောင်း တာအိုနယ်မြေ မဟုတ်ဘူး။ ဒါက ဒဏ္ဍာရီလာ ကစဉ့်ကလျားတာအိုနယ်မြေနဲ့ အတော်ဆင်တူတယ်"
"ကမ္ဘာပေါ်မှာ ကစဉ့်ကလျားတာအိုနယ်မြေကို လေ့ကျင့်နိုင်သူက တကယ်ရှိတာလားဟ။ ကြောက်စရာကောင်းလှချေလား"
"နောက်ပြီးတော့ သူ့ရဲ့ ဝိညာဉ်ခန္ဓာက နဝမနဂါးနဲ့ ဆက်စပ်နေပုံရတယ်"
ရေကန်ပတ်လည်တွင် လူငယ်အချို့က ဆွေးနွေးလိုက်ကြသည်။
ဤလူများ အားလုံးလိုလိုက ဧကရာဇ်အဆင့် အင်အားစုများမှ ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့၏ မြင်နိုင်စွမ်းက သဘာဝအတိုင်း မြင့်မားကြ၏။ လုမင်၏ တာအိုနယ်မြေနှင့် ဝိညာဉ်ခန္ဓာကို သူတို့ထံမှ မဖုံးကွယ်နိုင်ပေ။
"ဒါက တကယ်ကို ရွှေရောင်ခေတ်ပဲ။ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်မှာ ကစဉ့်ကလျားတာအိုနယ်မြေကို လေ့ကျင့်ထားတဲ့ ပါရမီရှင်တစ်ယောက်နဲ့ တွေ့ရဖို့ မမျှော်လင့်ထားဘူး။ ကစဉ့်ကလျားတာအိုနယ်မြေက အသန်မာဆုံး တာအိုနယ်မြေ ဆယ်ခုထဲက တစ်ခုပဲလေ။ အနာဂတ်မှာ ကစဉ့်ကလျားနိယာမကို နားလည်တဲ့အခါ အသန်မာဆုံး နိယာမဆယ်ခုထဲက တစ်ခုဖြစ်လာလိမ့်မယ်"
"အမှန်ပဲ၊ နောက်ပြီးတော့ အခြား အန္တိမတာအိုနယ်မြေတွေကို လေ့ကျင့်နိုင်သူတွေ ရှိတယ်လို့ ငါကြားဖူးတယ်။ အန္တိမ တာအိုနယ်မြေတွေသု ထိပ်တိုက်တွေ့ရင် ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာ ကောင်းလိုက်မလဲ"
လုမင်ကတော့ ထိုအကြောင်းများကို မသိတော့ဘဲ ရေနက်မြို့တော်ထဲသို့ ဝင်ရောက်ပြီးနောက်၊ အဝတ်အစားလဲကာ ဖီးနစ်နန်းတော်ဆီသို့ ပြန်ခဲ့သည်။
မထင်မှတ်ပဲ ဖီးနစ်နန်းတော်သို့ ပြန်လာသည်နှင့်၊ ဟွမ်လင်က သူ့ကိုလာရှာသည်နှင့် ကြုံရလေသည်။
"လုမင်၊ ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းမြေပုံနဲ့ သော့အကြောင်း သတင်းရလာပြီ"
ဟွမ်လင်က ပြောလိုက်သည်။
"ဟုတ်လား... ဘယ်လိုလဲ"
လုမင်၏ မျက်လုံးများက တောက်ပသွားသည်။
"တကယ်တော့ ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းမြေပုံနဲ့ သော့က တစ်ခုမကဘူး။ နေရာ တော်တော်များများမှာ ဆမ်ဆာရာဧကရာဇ်ရဲ့ မြေပုံနဲ့ သော့ ပေါ်လာတာကြောင့် လူအသီးသီးက ရယူသွားကြပြီလေ။ ဒီကိစ္စက အခု ရေနက်မြို့မှာ တောမီးလို ပျံ့နှံ့သွားပြီ"
ဟွမ်လင် ပြောလိုက်သည်။
"ဘယ်သူရသွားတာလဲဆိုတာ သိလား"
လုမင်က မေးသည်။
"မသိဘူး၊ ဒါပေမဲ့ ရေနက်မြို့မှာ လူတချို့ရှိနေတာတော့ သေချာတယ်"
ဟွမ်လင်က ခေါင်းယမ်းလိုက်၏။
"လူတိုင်းက တစ်ခုခုကို စောင့်နေကြပုံရတယ်။ ဒါဆို ငါတို့ စိတ်ပူနေစရာ မလိုပါဘူး။ နောက်ဆုံး မစောင့်နိုင်တော့ဘူးဆိုရင် ဦးဆောင်မဲ့သူ ရှိလာမှာ သေချာတယ်"
လုမင် ပြောလိုက်သည်။
ဟွမ်လင်လည်း ခေါင်းညိတ်ပြပြီးနောက် လုမင်နှင့်အတူ အနည်းငယ် ထပ်မံဆွေးနွေးကာ ထွက်သွားတော့သည်။
လုမင်ကမူ တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဆက်လက်ဝင်ရောက်ပြီး အစွမ်းကုန် လေ့ကျင့်ခဲ့သည်။
နောက်ရက်များတွင်၊ လုမင်က မြို့ပြင်သို့ထွက်ပြီး ကျွမ်းကျင်သူများကို နှစ်ရက်တစ်ကြိမ် စိန်ခေါ်သည်။ ထိုအထဲတွင် သူက သွေးမင်းသားနှင့် အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့ပေသည်။ သို့ရာတွင်၊ လုမင်က အားနည်းချက်ရှိနေသည့်တိုင် သွေးမင်းသားကလည်း လုမင်ကို ဘာမျှ မလုပ်နိုင်ခဲ့ပါ။
ဤနည်းဖြင့် မျက်စိတစ်မှိတ်အတွင်း တစ်လကုန်သွားသည်။
ဤလအတွင်းမှာ အသူရာဆိုသော နာမည်က ရေနက်မြို့တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး နာမည်ကျော် တိုက်ပွဲဆာလောင်သူတစ်ဦး ဖြစ်လာခဲ့ပေသည်။
လုမင်က ပါရမီရှင်များကို ဓားသွေးကျောက်အဖြစ် အသုံးပြုနေကြောင်း လူတိုင်း သိကြသည်။ သို့သော်လည်း အခြားတစ်ဖက်တွင်၊ ထိုပါရမီရှင်များက သူတို့ကိုယ်ကို လေ့ကျင့်ရန်အတွက် လုမင်အား ဓားသွေးကျောက်အဖြစ် အသုံးပြုနိုင်ကြပေသည်။
လွန်ခဲ့သည့်လတွင်၊ လုမင်က လျင်မြန်စွာတိုးတက်ခဲ့ပြီး နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
ထို့ကြောင့် နောက်ဆုံးတွင်၊ လုမင်က ပါရမီရှင်များကို စိန်ခေါ်ရာတွင် အရေးမနိမ့်တော့ပါ။ သူက ထိုသူများကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်စွမ်းပင် ရှိခဲ့သည်။
မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် ပါရမီရှင်များက များပြားလွန်းသဖြင့် ပြိုင်ဘက်ပြတ်လပ်ခြင်းလည်း မရှိပေ။ ထို့ကြောင့် လုမင်မှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
အကယ်၍ သူသာ စန်းပြည်နယ်တွင် ဆက်နေပါက၊ ပြိုင်ဘက်များစွာ မရှိသောကြောင့် လျင်မြန်စွာ တိုးတက်နိုင်လိမ့်မည် မဟုတ်ပေ။
ပါရမီရှင်များနှင့် တိုက်ခိုက်ခြင်းက လူတစ်ဦး၏ တိုးတက်မှုကို မြင့်မားစေသည်။ လုမင်၏ တိုးတက်မှုမှာလည်း အထူးထင်ရှားလှပေသည်။
ယနေ့တွင်၊ လုမင်က တောင်နှင့်မြစ် ပန်းချီကားအတွင်း၌ လေ့ကျင့်နေသည်။ ရုတ်တရက်၊ သူ့နားရွက်များ လှုပ်သွား၏။ အပြင်ဘက်တွင် လှုပ်ရှားမှုတချို့ ရှိပုံရသည်။
လုမင်လည်း လေ့ကျင့်မှုကို ရပ်တန့်ပြီး တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ထွက်လာခဲ့လေသည်။
"အား..."
တောင်တန်းမြစ်ပန်းချီကားမှ ထွက်လာသည်နှင့် တပြိုင်နက်၊ မိုးနှင့်မြေကြားတွင် စူးရှပြီး ပဲ့တင်ထပ်နေသော အော်ဟစ်သံသည် ပဲ့တင်ထပ်ကာ တုန်ခါသွားသည်။
လုမင်က အခန်းထဲမှ ထွက်လာပြီး ကောင်းကင်ကိုမော့ကြည့်လိုက်၏။ ကောင်းကင်၌ နေလုံးအနည်းငယ် ရှိနေသည်ကို သူမြင်လိုက်သည်။
မဟုတ်သေး၊ သူတို့က နေလုံးမဟုတ်ဘဲ ရွှေကျီးကန်းအနည်းငယ်သာ ဖြစ်ချေသည်။
နတ်ငှက်... ခြေသုံးချောင်း ရွှေကျီးများ... ဒဏ္ဍာရီလာ ခြေသုံးချောင်း ရွှေကျီးကန်းတချို့ ဖြစ်ကြသည်။
ခြေသုံးချောင်းရှိသော ရွှေကျီးကန်းများကို နေမင်း၏ မြင့်မြတ်သောငှက်များဟု လူသိများသည်။ အစစ်အမှန်နဂါးနှင့် ဖီးနစ်ကဲ့သို့ ၎င်းတို့ကလည်း အလွန်ကြောက်စရာကောင်းသော နတ်သားရဲများ ဖြစ်ချေသည်။
ရန်ခွမ်းစု၏ သွေးမျိုးဆက်မှာလည်း ခြေသုံးချောင်းရွှေကျီးကန်း ဖြစ်သည်။
ဤအခိုက်တွင် ခြေသုံးချောင်း ရွှေကျီးကန်းတချို့က ရေနက်မြို့တော်အထက် ကောင်းကင်ယံတွင် လှည့်ပတ်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များက ရွှေရောင်မီးတောက်များဖြင့် ဖုံးလွှမ်းနေပြီး နေလုံးကဲ့သို့ တောက်ပစွာ ထွန်းလင်းနေခြင်း ဖြစ်တော့သည်။
"ဘာတွေဖြစ်နေတာလဲ။ ခြေသုံးချောင်း ရွှေကျီးကန်းတွေက ဘာဖြစ်လို့ ကောင်းကင်မှာ လှည့်ပျံနေတာလဲ"
ဖီးနစ်နန်းတော်၏ တပည့်များလည်း အံ့ဩသွားကြသည်။ တစ်ယောက်ပြီးတစ်ယောက် ထွက်လာပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကြ၏။
ဟွမ်လင်သည်လည်း လုမင်၏ဘေးနားတွင် ပေါ်လာသည်။
"အား... အား..."
ခြေသုံးချောင်း ရွှေကျီးကန်းလေးကောင်က အော်ဟစ်ပြီးနောက် ရေနက်မြို့တော်၏အထက် ထောင့်လေးထောင့်တွင် ရွှေရောင်ဝတ်စုံဝတ် လူငယ်လေးယောက်အဖြစ် ပြောင်းလဲသွားကြသည်။
"အားလုံးပဲ... ငါတို့ရဲ့ ရွှေကျီးကန်းမင်းသားက ပြောစရာရှိတယ်"
ရွှေကျီးကန်း လူငယ်လေးယောက်က တပြိုင်နက်တည်း ပြောလိုက်ကြသည်။ သူတို့၏ အသံများက ရေနက်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
"အား..."
ထိုအချိန်တွင် ကျယ်လောင်သော ကျီးအော်သံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။ တောက်ပနေသော ရွှေရောင်အလင်းတန်းများကလည်း ကောင်းကင်ယံတွင် ပြည့်နေ၏။ ထို့နောက် မီတာတစ်သောင်းမြင့်သော ရုပ်ပုံတစ်ခုက ကောင်းကင်၌ ပေါ်လာတော့သည်။
ဤသည်မှာ နိယာမစွမ်းအား ယွမ်ချီစွမ်းအင်တို့ဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ယောင် လူငယ်တစ်ဦး ဖြစ်သည်။ သူက ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ရွှေရောင်သရဖူကို ဆောင်းထား၏။ သူ့ရုပ်ရည်က ချောမောသော်လည်း အေးစက်ပြီး မာနကြီးပုံရသည်။
"ရွှေကျီးကန်း ဒသမမင်းသားကို နှုတ်ခွန်းဆက်ပါတယ်"
ရွှေကျီးကန်း လူငယ်လေးယောက်က ရွှေရောင်သဖူဆောင်း လူငယ်ကို ဦးညွတ်လိုက်ကြသည်။
"ဒါက ရွှေကျီးကန်း ဒသမမင်းသားပဲ။ ဒီလူက အရမ်း ကြောက်စရာကောင်းတယ်။ သူ့ခန္ဓာကိုယ်က အဆင့်နိမ့် ကောင်းကင်ဝိညာဉ်ကိုယ်ခန္ဓာနဲ့ ညီမျှပြီး နိယာမပညာရှင်ဖြစ်တဲ့ သူတော်စင်တစ်ပိုင်း တတိယအဆင့်ကို ရောက်နေပြီ"
ဟွမ်လင် ပြောလိုက်သည်။ သူမ၏ မျက်လုံးများမှာလည်း လေးနက်နေတော့သည်။