အခန်း ၁၆၂၇
Vol. 109 Ch. 1627
အပိုင်း ( 1627 ) ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော် အဆင့်တက်ခြင်း။
"ငါလုပ်စရာရှိသေးတယ်၊ အရင် သွားတော့မယ်"
ယဲ့တုန်ဖန့်က ပြောလိုက်သည်။
"ငါရောပဲ"
ထို့နောက် အခြားသူများလည်း အသီးသီး ထွက်သွားကြ၏။
"မြေပုံက မပြည့်စုံသေးဘူးထင်တယ်၊ မဟုတ်ရင် သူတို့ ထွက်သွားကြမှာ မဟုတ်ဘူး"
"ဖြစ်နိုင်တယ်၊ ကျန်တဲ့ မြေပုံနဲ့ သော့ကို စောင့်နေတာပဲ ဖြစ်ရမယ်"
ပတ်ဝန်းကျင်မှ လူများက ခန့်မှန်းပြောဆိုလိုက်ကြသည်။
လုမင်နှင့် ဟွမ်လင်တို့လည်း လေထဲသို့ ပျံတက်ကာ ထွက်သွားကြ၏။ လူများစွာ၏ အကြည့်များက လုမင်ထံသို့ ကျရောက်လာသည်။ သူတို့အားလုံး၏ မျက်နှာမှာလည်း လောဘအရိပ်အယောင်များ ရှိနေကြသေးသည်။ သူတို့၏ အတွေးများကိုတော့ သူတို့ကိုယ်တိုင်သာ အသိဆုံးဖြစ်မည်။
မကြာမီ၊ လုမင်နှင့် ဟွမ်လင်တို့က ဖီးနစ်နန်းတော်ဆီသို့ ပြန်ရောက်လာကြသည်။
'ငါ့ရဲ့အင်အားကို အမြန်ဆုံး တိုးတက်လာအောင် လုပ်ရမယ်'
လုမင်မှာ သူ့စိတ်ထဲမှ တွေးနေမိသည်။
သူ၏ လက်ရှိတိုက်ခိုက်ရေးစွမ်းအားဖြင့် ပူဖောင်းလေး၊ ဒုတိယခန္ဓာ လုမင်တို့နှင့်အတူ သွေးမင်းသားကဲ့သို့ ပါရမီရှင်တစ်ဦးကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်။ သို့ရာတွင်... ရွှေကျီးကန်း ဒသမမင်းသားနှင့် ယဲ့တုန်ဖန့်ကဲ့သို့သော ပါရမီရှင်များနှင့် ရင်ဆိုင်ရသောအခါမှာတော့ သူသည် အားနည်းနေဆဲပင်။
သို့သော်လည်း လုမင်၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံက နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အချိန်တိုအတွင်း ဖြတ်ကျော်ရန်က သူ့အတွက် ခက်ခဲလွန်းပေသည်။
အကြောင်းမှာ၊ အန္တိမတာအိုနယ်မြေကို နားလည်ဆင်ခြင်ပြီးနောက် သူတော်စင်တစ်ပိုင်း ပထမအဆင့်သို့ တက်လှမ်းနိုင်ခြင်းကြောင့် ဖြစ်သည်။
နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်မှ သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်လှမ်းခြင်းမှာ အလွန်ခက်ခဲသော အလုပ်ပင်။
လုမင်အတွက် အချိန်တိုအတွင်း သူ၏ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ရန် နည်းလမ်းနှစ်ခု ရှိသည်။ ပထမတစ်ခုက ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို နားလည်ဆင်ခြင်ရန်ပင်။ ဒုတိယမူကား သူ၏ ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန် ဖြစ်သည်။
ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က မကြာမီ ဖြတ်ကျော်ကာ ပဥ္စမအဆင့်သို့ ဝင်ရောက်နိုင်သည်ဟု သူ ခံစားခဲ့ရသည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကလည်း မိစ္ဆာနတ်ဆိုးကျောက်များကို သန့်စင်နေသရွေ့၊ ဆက်လက် တိုးတက်နေဦးမည်။
သွေးမင်းသားနှင့် ဟွမ်လင်ကဲ့သို့ ပါရမီရှင်များတွင် သူတို့၏ နတ်ဘုရားဝိညာဉ်ကို ကာကွယ်ရန် နတ်ဘုရားဝိညာဉ် ကာကွယ်ရေး ရတနာများ ရှိသော်လည်း ခုခံနိုင်စွမ်းက အကြွင်းမဲ့ မဟုတ်ပါ။
အကယ်၍ လူတစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအားက လုံလောက်စွာ သန်မာသရွေ့၊ တစ်ဖက်လူ၏ အကာအကွယ်များကို ဖြတ်ကျော်ပြီး နတ်ဘုရားဝိညာဉ်အား ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်သည်။
လုမင်၏ စိတ်ဝိညာဉ်စွမ်းအားက တောက်ပသော သူတော်စင်နယ်ပယ် အကျော်အမော် သို့မဟုတ် မဟာသူတော်စင်နယ်ပယ် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်ပါက၊ သွေးမင်းသားကဲ့သို့ ပါရမီရှင်တစ်ဦးကို ငေါက်ငမ်းလိုက်ရုံသာ ဖြစ်သည်။ သူက သွေးမင်းသား၏ နတ်ဘုရားဝိညာဉ် ကာကွယ်ရေးရတနာကို ကျော်ဖြတ်ကာ၊ တစ်ဖက်လူ၏ နတ်ဘုရားဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်လိမ့်မည်။
ယခုလောလောဆယ်မှာတော့ လုမင်၏ စိတ်ဝိညာဉ်စွမ်းအားက လုံလောက်အောင် မသန်မာသေးပါ။ ယခုအခါ၊ သူ၏ စိတ်ဝိညာဉ်စွမ်းအားက သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်နှင့်သာ နှိုင်းယှဉ်နိုင်သည်။
လုမင်၏ စိတ်ဝိညာဉ်စွမ်းအားမှာ သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ရောက်ရှိသွားပါက၊ တစ်ဖက်လူတွင် နတ်ဘုရားဝိညာဉ် ကာကွယ်ရေးရတနာများ ရှိနေလျှင်ပင်... သက်ရောက်မှု ကြီးကြီးမားမား ရှိဦးမည် ဖြစ်သည်။
ဆုံးဖြတ်ပြီးနောက်မှာတော့ လုမင်သည် နောက်ထပ် စိန်ခေါ်မှုများ မပြုလုပ်တော့ပါ။ သူက ဖီးနစ်နန်းတော်တွင် တိတ်တဆိတ် လေ့ကျင့်နေခဲ့သည်။
လုမင်က ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်နေသည်။ ထို့နောက်တော့ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို နားလည်ဆင်ခြင်လိုက်တော့သည်။
............
ရေနက်မြို့တော်တွင်းရှိ နန်းတော်တစ်ခုတွင်၊ သွေးမင်းသား၏ မျက်နှာက အေးစက်နေပြီး ပလ္လင်တစ်ခုပေါ်တွင် ထိုင်နေသည်။
"ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းရဲ့မြေပုံ ဒါမှမဟုတ် သော့ တစ်ခုခုကို ငါရရမယ်"
သွေးမင်းသားက လက်သီးကို တင်းတင်းဆုပ်ရင်း အေးစက်စက် ပြောလိုက်သည်။
ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်း မြေပုံ သို့မဟုတ် သော့မရှိလျှင် သူ ပါဝင်ခွင့်ရှိမည် မဟုတ်ပါ။ ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်း မြေပုံ သို့မဟုတ် သော့ဖြင့်သာ ပါဝင်ခွင့်ရှိမည် ဖြစ်သည်။
"သခင်လေး၊ ခင်ဗျားမှာ အစီအစဉ်ရှိလား"
ခန်းမထဲတွင် အခြား လူငယ်အများအပြား ရှိနေသည်။ သူတို့အားလုံးက သွေးမင်းသား၏ လက်အောက်ငယ်သားများ ဖြစ်ချေသည်။ ဤအခိုက်တွင် လူငယ်တစ်ဦးက ပြောလိုက်ခြင်း ဖြစ်သည်။
"လုမယ်"
သွေးမင်းသား၏ မျက်လုံးများက တောက်ပလာသည်။
"အဲဒီ လုမင်ဆိုတဲ့ကောင်က နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှာပဲ ရှိသေးတာ... မြေပုံကို ရရှိထားရအောင် သူက ဘာကောင်မို့လို့လဲ။ အဲဒီမြေပုံက ငါ့ပိုင်သင့်တာ"
ထိုစကားကိုကြားတော့ အခြားသူများ မျက်နှာအမူအရာ ပြောင်းသွားသည်။
"ဒါပေမဲ့ သခင်လေး... လုမင်က ရေနက်မြို့တော်မှာ ပုန်းနေတာ၊ သူ့ကို တိုက်ခိုက်လို့ မရဘူး။ နောက်ပြီး သူက ဖီးနစ်နန်းတော်မှာ ရှိနေတာလေ၊ အဲဒီမှာ ဟွမ်လင်လည်း ရှိတယ်။ သူ့ဆီကနေ ဘယ်လိုလုပ်ပြီး လုယူနိုင်မှာလဲ"
"ဟွမ်လင်ကို ကိုင်တွယ်ဖြေရှင်းရာမှာ အကူအညီရဖို့ ငါနည်းလမ်းရှာဦးမယ်။ ဟွမ်လင်ကို ဆွဲဆောင်ထားသရွေ့တော့ လုမင်က ပြောစရာမလိုတော့ဘူး။ သူက နဝမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးပဲလေ၊ လုမင်ကိုဖမ်းပြီး ရေနက်မြို့တော်ထဲကနေ ချက်ချင်း ထွက်ပြေးနိုင်သရွေ့... ရေနက်မြို့တော်ရဲ့ သူတော်စင်နယ်ပယ် အကျော်အမော်တွေက ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"
သွေးမင်းသားက အေးစက်စက် ပြောသည်။
"သခင်လေးက ဉာဏ်ပညာကြီးမားလွန်းပါပေတယ်"
အခြားသူများက မြန်မြန် မြှောက်ပင့်လိုက်၏။
"ကောင်းပြီ၊ ဒီကာလမှာ မင်းတို့ ဖီးနစ်နန်းတော်နဲ့ လုမင်ရဲ့ လှုပ်ရှားမှုတွေကို အာရုံစိုက်ထားပါ။ ဟွမ်လင်ကို လှည့်စားဖို့အတွက် အကူအညီဖို့ ငါ နည်းလမ်းရှာမယ်။ ကူညီမဲ့သူကို ရှာတွေ့တာနဲ့ ငါတို့ လုပ်ငန်းစမယ်"
သွေးမင်းသား ပြောလိုက်သည်။
...........
လုမင်က သွေးမင်းသား၏ လျှို့ဝှက်အစီအစဉ်ကို မသိပါ။ သူက ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကိုသာ စိတ်နှစ်ပြီး လေ့ကျင့်နေဆဲ ဖြစ်သည်။
လုမင်က ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို စတုတ္ထအဆင့်အထိ လေ့ကျင့်ထားပြီးပြီ။ ဤကာလအတွင်း၌ တိုက်ပွဲများကို ရင်ဆိုင်ခဲ့ပြီးနောက် အဆင့်တက်တော့မလို ခံစားခဲ့ရသည်။ ထို့ကြောင့်၊ လုမင်က နှစ်ရက်ကြာ စိတ်နှစ်ကာ လေ့ကျင့်ပြီးနောက်မှာတော့ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က သဘာဝအတိုင်း ဖြတ်ကျော်ပြီး ပဉ္စမအဆင့်သို့ ရောက်ရှိသွားတော့သည်။
ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို လေ့ကျင့်ရန်မှာ အလွန်ခက်ခဲသည်။ ဥပမာအားဖြင့်၊ လုမင်သည် လေမိုးကြိုးခြေလှမ်းနှင့် အစွန်းရောက်လှံ ဆယ့်သုံးချက်တို့ကို လေ့ကျင့်ရန် အချိန်သိပ်မကြာခဲ့ပါ။ သို့သော်လည်း အချိန်အတော်ကြာအောင် လေ့ကျင့်ပြီးသည့်တိုင် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က ပဉ္စမအဆင့်သို့သာ ချိုးဖြတ်နိုင်ခဲ့သည်။
သို့ရာတွင်၊ လေ့ကျင့်ရန် ခက်ခဲသလောက် စွမ်းအားကလည်း ကြီးမားလှပေသည်။
ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်သည် အဆင့်တစ်ခုကို ဖြတ်ကျော်လိုက်တိုင်း စွမ်းအား အလွန်ကြီးမားလာလိမ့်မည်။ အထူးသဖြင့် နောက်ဆုံးအဆင့် နှစ်ခုတွင် ဖြစ်သည်။
တောင်နှင့်မြစ်ပန်းချီကားအတွင်းရှိ တောင်ထိပ်တစ်ခုပေါ်တွင် လုမင် ရပ်နေသည်။ ကစဉ့်ကလျားတာအိုနယ်မြေကိုလည်း ဖြန့်ကျက်ထား၏။ ရုတ်တရက်၊ သူ့လက်ဖဝါးတွင် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တစ်ခု ပေါ်လာပြီး ကြီးမားလာတော့သည်။
ထို့နောက် လုမင်၏ လက်ဖဝါးက တုန်ခါသွားကာ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်သည်လည်း အလိုလို ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် လုမင်၏ နောက်လက်ဝါးတစ်ဖက်တွင်၊ နောက်ထပ် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တစ်ခု ထပ်ပေါ်လာ၏။
ယခင်က လုမင်ဟာ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို ဖွဲ့စည်းရန် လက်နှစ်ဖက်စလုံးဖြင့် လက်ဟန်သင်္ကေတများ ပြုလုပ်ရသည်။ ယခုမူ၊ သူက လက်ကွက်များ ပြုလုပ်စရာမလိုဘဲ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို အလွယ်တကူ ထုတ်ဖော်နိုင်နေပြီ။
ဤသို့ဖြင့် တိုက်ခိုက်ရသည်မှာ ပို၍ လွယ်ကူမည် ဖြစ်သည်။
"အခု ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်လိုက်ရအောင်"
လုမင်က ပြုံးပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက မိစ္ဆာနတ်ဆိုးကျောက်များကို ထုတ်ယူပြီး စတင်သန့်စင်လိုက်၏။
မျက်စိတစ်မှိတ်အတွင်း၊ နောက်ထပ်ငါးရက်ကြာသွားပြီ။
ငါးရက်ဆက်တိုက် သန့်စင်ပြီးနောက်၊ လုမင်၏ စိတ်ဝိညာဉ်စွမ်းအားသည်လည်း ဖြတ်ကျော်သွားခဲ့သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားက တတိယအဆင့် သူတော်စင်တစ်ပိုင်းအဆင့်နှင့် ညီမျှနေပြီ။
'အပြင်ထွက်ပြီး အခြေအနေကို စူးစမ်းဖို့ အချိန်တန်ပြီ'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။ နောက်အခိုက်အတန့်တွင် သူက တောင်နှင့်မြစ် ပန်းချီကားမှ ထွက်လာပြီး ဟွမ်လင်ထံသို့ သတင်းပို့လိုက်၏။
မကြာမီ၊ လုမင်ထံသို့ ဟွမ်လင် ရောက်ရှိလာတော့သည်။
"ဟွမ်လင်၊ အခြေအနေ ဘယ်လိုရှိလဲ။ ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း မြေပုံနဲ့သော့ ရရှိထားသူတွေ ထပ်ရောက်လာပြီလား"
လုမင် မေးလိုက်သည်။
"လွန်ခဲ့တဲ့ သုံးရက်လောက်က လူတစ်ယောက် ရောက်လာတယ်။ သူ့မှာ မြေပုံတစ်ခုနဲ့ သော့တစ်ခု ရှိတယ်။ အခု သူက နှစ်ခုပဲ လိုတော့တယ်"
ဟွမ်လင်က ပြောသည်။
"အင်း...၊ မကြာခင် ပြည့်စုံတော့မဲ့ပုံရတယ်"
လုမင် ပြုံးလိုက်လေသည်။
"လုမင်၊ ရေနက်မြို့တော်ရဲ့ အခြေအနေတွေက ပိုပိုပြီး ရှုပ်ထွေးလာတယ်။ တခြားမြို့က ကျွမ်းကျင်သူတွေလည်း အများကြီး ရောက်လာပြီ။ နင် သတိထားရမယ်"
ဟွမ်လင်က သတိပေးလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်၏။ ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်း မဖွင့်ခင်မှာ မုန်တိုင်းတစ်ခုဖြစ်လာမည်ဟု သူလည်း ခံစားနေရသည်။ ရေနက်မြို့က ကြာကြာ ငြိမ်းချမ်းတော့မည် မဟုတ်ပေ။
ထိုအချိန်တွင် ဖီးနစ်နန်းတော်မှ အမျိုးသမီး တပည့်တစ်ဦး ရောက်လာပြီး ဟွမ်လင်ထံ ဦးညွှတ်ကာ ပြောလိုက်သည်။
"သူတော်စင်ငယ်၊ ကောင်းကင်ငှက်နန်းတော်ရဲ့ သခင်လေး ထျန်းရင်က လူစေလွှတ်လာတယ်။ သခင်လေးထျန်းရင်က အရက်မူးအင်မော်တယ်စားသောက်ဆိုင်မှာ ပွဲကျင်းပပြီး သူတော်စင်ငယ်နဲ့ စကားစမြည် ပြောချင်ပါတယ်တဲ့"
"သခင်လေး ထျန်းရင်"
ဟွမ်လင် မျက်မှောင်ကြုတ်သွားသည်။
"သူတော်စင်ငယ် သွားချင်သလားရှင့်။ ကောင်းကင်ငှက်နန်းတော်ရဲ့ လူက သခင်လေးထျန်းရင်ဟာ ရွှေကျီးကန်း ဒသမမင်းသားကိုလည်း ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။ အခု သူတော်စင်ငယ် တစ်ယောက်ပဲ ကျန်ပါတော့တယ်"
ဖီးနစ်နန်းတော်၏ အမျိုးသမီး တပည့်က ပြောလေသည်။
ဟွမ်လင်က ခဏစဉ်းစားနေပြီးမှ ပြောလိုက်သည်။
"ခဏနေရင် ငါရောက်လာခဲ့မယ်လို့ သွားပြောလိုက်ပါ"
"ကောင်းပါပြီ"
ဖီးနစ်နန်းတော်၏ အမျိုးသမီး တပည့်လည်း ဦးညွှတ်ပြပြီး နောက်ပြန်ဆုတ်သွားတော့သည်။