အခန်း ၁၆၂၈
Vol. 109 Ch. 1628
အပိုင်း ( 1628 ) ကြံစည်လှုပ်ရှားခြင်း။
"ကောင်းကင်ငှက်နန်းတော်...၊ အဲဒါကလည်း ဧကရာဇ်အဆင့် အင်အားစုလား"
လုမင်က စိတ်ဝင်တစား မေးလိုက်သည်။
"ဟုတ်တယ်၊ အဲဒါက ကြောက်စရာကောင်းတဲ့ ဧကရာဇ်အဆင့် အားစုတစ်ခုပဲ။ ကောင်းကင်ငှက်နန်းတော်ကို မိုးပျံ သားရဲတွေ၊ နတ်သားရဲတွေနဲ့ ဖွဲ့စည်းထားတာ။ သူတို့မှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်"
"ဖီးနစ်နန်းတော်ဆိုရင်လည်း ငါတို့က လူသားဖြစ်ပေမဲ့... ငါတို့ရဲ့ သွေးမျိုးဆက်နဲ့ ဝိညာဉ်ခန္ဓာတွေက ဖီးနစ်နဲ့ ဆက်စပ်နေတယ်လေ။ အဲဒါကြောင့် ဖီးနစ်နန်းတော်နှင့် ကောင်းကင်ငှက်နန်းတော်က အတော်လေး ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ သခင်လေးထျန်းရင်ကတော့ ကောင်းကင်ငှက်နန်းတော်ရဲ့ ပါရမီရှင်တစ်ဦးပဲ... ငါသူ့ကို ငြင်းလို့မရဘူး။ လုမင်... နင် ဖီးနစ်နန်းတော်ထဲမှာ အေးအေးဆေးဆေး နေလို့ရပါတယ်"
ဟွမ်လင်က ရှည်လျားစွာ ရှင်းပြလေသည်။
"ကောင်းပါပြီ၊ မင်း သွားချေ"
လုမင် ခေါင်းညိတ်လိုက်သည်။
ဟွမ်လင် ထွက်သွားပြီးနောက် လုမင်လည်း အနားယူရင်း ဖီးနစ်နန်းတော်တစ်ဝိုက် လမ်းလျှောက်ထွက်လေသည်။ ထို့နောက် သူ့အခန်းသို့ ပြန်သွားပြီး လေ့ကျင့်ရန် တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်တွင် လုမင်၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွား၏။
သူ့အခန်းထဲတွင် လူများ ရှိနေသည်။
လူငယ်သုံးယောက်က လုမင်အား စူးရှသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
"ဝှစ်"
လူငယ်တစ်ယောက်က သူ့ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ပြီး တံခါးဝတွင် ပေါ်လာသည်။ ခဏအကြာတွင် ကမ္ပည်းစာလိပ်တစ်ခု ပေါ်လာ၏။ အဆုံးမရှိသော ကမ္ပည်းစာလုံးများက လေထုကို ပြည့်လျှံစေပြီး အခန်းကို ဖုံးအုပ်ထားသည့် အကာအရံတစ်ခု ဖြစ်လာတော့သည်။
"အားလုံးပဲ... မင်းတို့ အခန်းမှားဝင်လာကြတာလား"
လုမင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
"အပိုတွေမပြောနဲ့ လုမင်... ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း မြေပုံကို လွှဲပေးလိုက်။ မင်းမှာ အရည်အချင်းမရှိဘူး"
လူငယ်တစ်ယောက်က အေးစက်စက် ပြောလိုက်၏။
ထိုလူငယ်သုံးဦးထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူတို့အားလုံးက သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်မှ ကျွမ်းကျင်သူများ ဖြစ်ချေသည်။
သို့သော်လည်း သူတို့တွင် မြေကမ္ဘာအဆင့် အဆင့်မြင့်ဝိညာဉ်ခန္ဓာများသာ ရှိသည်။
"မင်းတို့ကို ဘယ်သူက လွှတ်လိုက်တာလဲ။ ငါ့ကိုပြောစမ်း၊ ပြီးရင် ထွက်သွားကြ"
လုမင်က အေးစက်စက် ပြောလိုက်သည်။
"မင်း သေချင်နေတာပဲ၊ မင်းက မအပ်ချင်မှတော့ ငါ့ကိုယ်တိုင် ယူရတော့မှာပဲ"
လူငယ်တစ်ယောက်က အေးစက်စက်ပြောပြီး ရှေ့ကို တိုးလာသည်။ သူက လုမင်အား လက်ဝါးဖြင့် ရိုက်ချလိုက်၏။ သူ၏လက်ဝါးက သွေးနီရောင် အလင်းတန်းများ ပြည့်နှက်နေတော့သည်။
"ဝုန်း"
လုမင်က လက်သီးဖြင့် ထိုးချလိုက်သည်။ ထိုလူငယ်၏ လက်ဝါးက ပေါက်ကွဲသွားပြီး သူ့ခန္ဓာကိုယ်လည်း လွင့်သွားသည်။ သူက အလင်းမျက်နှာပြင်ကို ဝင်တိုက်ပြီး လင်းအကာအရံကိုပင် ဖောက်ထွက်သွား၏။ သူ့ခန္ဓာကိုယ်က အခန်းနံရံကိုဖြတ်ပြီး လွင့်စဉ်သွားတော့သည်။
ထို့နောက် လုမင်က လှည့်၍ နောက်ထပ် လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။
တံခါးဝကို ပိတ်ရပ်လိုက်သော လူငယ်သည်လည်း လက်သီးတစ်ချက်ဖြင့် လွင့်စဉ်သွားတော့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
နောက်ဆုံးလူငယ်မှာ တုန်လှုပ်ချောက်ချားသွားသည်။
သူတို့အားလုံးက နိယာမကို နားလည်ပြီး သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သို့တိုင်၊ လုမင်၏ ပြိုင်ဘက်မဟုတ်ဘဲ လက်သီးတစ်ချက်ဖြင့် လွင့်စဉ်သွားကြပြီ။
ထိုလူငယ်က အနည်းငယ်မျှ မတုံ့ဆိုင်းတော့ဘဲ ကောင်းကင်သို့ ထိုးတက်ကာ အခန်းနံရံကိုဖောက်ပြီး ထွက်ပြေးတော့သည်။
"မင်း ဒီကိုရောက်လာပြီးမှတော့ နေခဲ့လိုက်ပါတော့"
လုမင် အေးစက်စက် ပြောလိုက်သည်။ သူ့ပုံရိပ်က လှုပ်ရှားလာပြီး ထိုလူငယ်နောက်သို့ ပြေးလိုက်သွား၏။
ထိုလူငယ်လည်း ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
"သခင်လေး၊ ကျုပ်ကို ကယ်ပါဦး"
ကံမကောင်းစွာဖြင့်...
လူငယ်၏ စကားဆုံးသည်နှင့် လုမင်က သူ့အနားတွင် ပေါ်လာနေပြီ ဖြစ်သည်။ လျိုယွမ်လက်အိတ်က တောက်ပလာ၏။ သူက လက်သီးဖြင့် ထိုးနှက်လိုက်ရာ လူငယ်၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ပေါက်ကွဲသွားတော့သည်။
ယေဘူယျအားဖြင့်၊ မြေကမ္ဘာအဆင့် အဆင့်မြင့် ဝိညာဉ်ခန္ဓာပိုင်ရှင်များရှိသည့် ပါရမီရှင်များသည် သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ မရောက်ရှိသေးသရွေ့ လုမင်ကို မယှဉ်နိုင်ပေ။ သူတို့သည် အလွယ်တကူ ချေမှုန်းပြီး သတ်ဖြတ်ခြင်းခံရမည်သာ ဖြစ်သည်။
"ဝှစ်... ဝှစ်... ဝှစ်"
ဤအခိုက်အတန့်တွင်၊ လေတိုးသံများကို ကြားလိုက်ရသည်။ လူရိပ် တစ်ဒါဇင်ခန့်က လုမင်ဆီသို့ ပျံသန်းလာနေ၏။ သူတို့၏ အေးစက်သော သတ်ဖြတ်ချင်စိတ်ကိုလည်း ဖုံးကွယ်ထားခြင်း အလျဉ်း မရှိပါ။
အမှန်ပင်၊ ပညာရှင်များစွာ ရောက်လာသည်။
"သတ်"
လုမင်က နတ်ဘုရားဓားကျင့်စဉ်ဖြင့် အော်ဟစ်လိုက်သည်။ မမြင်နိုင်သော ဓားများက တစ်ဖက်လူများထံသို့ တိုးဝင်သွား၏။
လုမင်၏ စိတ်ဝိညာဥ်စွမ်းအားက သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ရောက်ရှိပြီးနောက်၊ နတ်ဘုရားဓားကျင့်စဉ်၏ စွမ်းအားမှာ အံ့မခန်းပင်။
လူငယ်များစွာမှာ ရုတ်တရက် ငယ်သံပါအောင် အော်ဟစ်ရင်း လေထဲမှ ပြုတ်ကျသွားကြသည်။ သူတို့ နောက်ထပ် အသက်မရှူနိုင်တော့ပေ။
"အား... လုမင်၊ မင်း သေသင့်တယ်"
ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ သွေးအလင်းတစ်ခုက လုမင်အထက် လေထဲတွင် ပေါ်လာသည်။
"သွေးမင်းသား၊ တကယ်ကို မင်းပဲ"
လုမင် အေးစက်စက် ပြောလိုက်၏။
နောက်ဆုံးပေါ်လာသူမှာ သွေးမင်းသား ဖြစ်သည်။
ဤအခိုက်အတန့်တွင် သွေးမင်းသား၏ ခန္ဓာကိုယ်က အေးစက်စက် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး သူ့မျက်လုံးများပင် နီရဲနေတော့သည်။
ဒေါသထွက်လွန်းသဖြင့် သူ့အဆုတ် ပေါက်ကွဲတော့မည် ဖြစ်သည်။
မူလက လုမင်ကို ရင်ဆိုင်ရန် ဒုတိယအဆင့် သူတော်စင်တစ်ပိုင်း ပညာရှင်အနည်းငယ်က လုံလောက်မည်ဟု သူထင်ခဲ့သည်။ ထို့ပြင် သူတို့ကို ထောက်ပံ့ရန် ကျွမ်းကျင်သူ တစ်ဒါဇင်ကို ခေါ်ယူခဲ့၏။
သို့သော်လည်း လုမင်က ပညာရှင် သုံးဦးကို ချက်ချင်း သတ်လိုက်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ လုမင်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကြောင့် အခြားပညာရှင် တစ်ဒါဇင်လည်း သေဆုံးခဲ့ရသည်။ ထိုသူအားလုံးက ထိပ်သီး ပါရမီရှင်များ ဖြစ်နေခြင်းကြောင့်လည်း သူ့နှလုံးသားတွင် သွေးစက်စက် ယိုစီးရ၏။ လုမင်ကို တစ်စစီ ဖြတ်တောက်ပစ်ရန် သူ မစောင့်နိုင်တော့ပေ။
သူ့လက်ထဲတွင် သွေးနီရောင်အလံတစ်ခု ပေါ်လာသည်။ အလံသည် လျင်မြန်စွာ ကျယ်လာပြီး ကောင်းကင်ကိုပင် ဖုံးလွှမ်းသွား၏။ လုမင်နှင့် ခြံဝင်းတစ်ခုလုံးကို ဖုံးလွှမ်းနေသော သွေးပင်လယ်ကြီးအဖြစ် ပေါ်လာတော့သည်။
"ဘယ်သူလဲ"
ဖီးနစ်နန်းတော်၏ တပည့်များက တုန်လှုပ်သွားကြသည်။ သူတို့က ခြံဝင်းထဲမှ ပြေးထွက်လာပြီး လေထဲတွင် ရပ်လိုက်ကြ၏။ သွေးပင်လယ်ကို မြင်သောအခါ မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။
သွေးပင်လယ်က ကြောက်စရာကောင်းလွန်းသည်။ သာမာန်လူတစ်ယောက်သာ လွှမ်းမိုးခံရပါက ခဏချင်း သေသွားလိမ့်မည်။
"ဒါက သွေးမင်းသားပဲ၊ သူက ငါတို့ ဖီးနစ်နန်းတော်မှာ ဘယ်လိုတောင် ပြဿနာရှာဝံ့တာလဲ"
"သူတော်စင်ငယ်ကို သတင်းသွားပို့လိုက်"
ဖီးနစ်နန်းတော်၏ တပည့်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ဖီးနစ်နန်းတော်သာမက မြို့နေလူတစ်ဝက်ကျော်ခန့် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြ၏။
လူရိပ်များစွာက လေထဲသို့ ပျံတက်လာကာ အဝေးမှ လှမ်းကြည့်နေကြတော့သည်။
"ဒါက သွေးမင်းသားပဲ၊ သူ တကယ်ကြီး ဖီးနစ်နန်းတော်ကို တိုက်ခိုက်ခဲ့တယ်"
"သူက လုမင်ဆီကနေ ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း မြေပုံကို လိုချင်တာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် လုမင်က မြေပုံကိုင်ဆောင်ထားဖို့ အရည်အချင်းမပြည့်မီဘူးလေ"
"သွေးမင်းသားက ဟွမ်လင် တိုက်ခိုက်လာမှာကို မကြောက်ဘူးလား"
"ဟွမ်လင်ကို တားဆီးဖို့ သူက တခြားနည်းလမ်းတစ်ခုခုကို သုံးထားတာ ဖြစ်မှာပေါ့"
လူများစွာက ခဏမျှတွေးပြီး သွေးမင်းသား၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသွားကြသည်။
အရက်မူးအင်မော်တယ် စားသောက်ဆိုင်သည် ဖီးနစ်နန်းတော်နှင့် အနည်းငယ် ဝေးကွာသောအရပ်တွင် ရှိသော်လည်း၊ ဖီးနစ်နန်းတော်ရှိ မငြိမ်မသက်မှုများက ရောက်ရှိနေဆဲပင်။
"သေစမ်း၊ အဲဒီ သွေးမင်းသား..."
ဟွမ်လင်က အရက်မူးအင်မော်တယ် စားသောက်ဆိုင်မှ ပြေးထွက်လာပြီး အေးစက်စက် မျက်နှာထားဖြင့် ဖီးနစ်နန်းတော်ဆီသို့ လှမ်းကြည့်လိုက်သည်။
"ဝှစ်... ဝှစ်"
ဟွမ်လင်၏ အနားတွင် လူရိပ်နှစ်ခု ပေါ်လာသည်။ တစ်ယောက်က အနက်ရောင် ငှက်မွှေးဝတ်စုံနှင့် လူငယ်တစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ရွှေကျီးကန်း ဒသမမင်းသားပင်။
"ဟွမ်လင်၊ ဆက်သောက်ရအောင်"
အနက်ရောင် ငှက်မွှေးဝတ်စုံဝတ် လူငယ်က အေးအေးလူလူ ပြောလိုက်သည်။
"သခင်လေးထျန်းရင်... သွေးမင်းသားရဲ့ အကြံအစည်ထဲမှာ နင်လည်း ပါဝင်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါက သွေးမင်းသား လှုပ်ရှားနိုင်အောင်လို့ ငါ့ကို ကြိုပြီး ပထုတ်ထားတာပေါ့"
ဟွမ်လင်က အနက်ရောင် ငှက်မွှေးဝတ်စုံဝတ် လူငယ်ကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။
ထိုလူငယ်ကား ကောင်းကင်ငှက်နန်းတော်၏ သခင်လေးထျန်းရင် ဖြစ်ချေသည်။
သခင်လေးထျန်းရင်းက ခပ်တိုးတိုး ရယ်မောလိုက်သည်။ သူက မငြင်းဆန်သော်လည်း ဝန်မခံပေ။ သို့ရာတွင် ဟွမ်လင်အား မသိမသာ ဟန့်တားနေသော အငွေ့အသက်တစ်ခု ရှိသည်။
'သွေးမင်းသားဆိုတဲ့ကောင် ဘာလုပ်နေတာလဲ။ နဝမအဆင့် သိုင်းအုပ်ချုပ်သူလေးတစ်ပါးနဲ့ ရင်ဆိုင်တာကို ဒီလောက်ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့တယ်'
သခင်လေးထျန်းရင်က သူ့စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။
ရွှေကျီးကန်း ဒသမမင်းသားကတော့ ဘာမျှမပြောပါ။ ဤအကြောင်းများကို ကြိုမသိခဲ့သော်လည်း ယခု သိရပြီးသည့်တိုင် ဂရုမစိုက်ပေ။
"ဟွမ်လင်၊ ဆက်သောက်ရအောင်"
သခင်လေးထျန်းရင်က ထပ်မံ ပြောလိုက်သည်။
"ကောင်းပြီ၊ နင် သောက်ချင်ရင် ငါနင်နဲ့ အတူသောက်ပေးမယ်"
ဟွမ်လင်က ရုတ်တရက် နားလည်ရခက်စွာ ပြုံးပြီး စားသောက်ဆိုင်အတွင်းသို့ လှည့်ဝင်သွားသည်။ သူ၏အပြုအမူက သခင်လေးထျန်းရင်ကို အံ့အားသင့်စေခဲ့၏။ လုမင်က လုမင်ကို ကယ်ဆယ်ရန် ဖီးနစ်နန်းတော်သို့ အပြေးအလွှားသွားလိမ့်မည်ဟု သူထင်ခဲ့သည်။ မမျှော်လင့်ဘဲ၊ ဟွမ်လင်က ဖီးနစ်နန်းတော်သို့ ပြန်သွားရန် စိတ်ကူးရှိပုံမရပေ။
'ကြည့်ရတာ ဟွမ်လင်နဲ့ ဒီလုမင်က သိပ်ပြီး အဆင်မပြေဘူးထင်တယ်'
သခင်လေးထျန်းရင်က သူ့စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။
စင်စစ်တွင်၊ ဟွမ်လင်က လုမင် တိုက်ခိုက်ရေးစွမ်းအားကို ယုံကြည်ထားခြင်းဖြစ်ကြောင်း သူ မည်သို့သိမည်နည်း။ ယခင်ကတည်းက လုမင်ဟာ ဝမ်ထျန်းချန်ကို သတ်နိုင်ခဲ့သည်။ ယခုဆိုလျှင် သူ၏ ကျင့်ကြံခြင်းအခြေခံ တိုးတက်လာခြင်းနှင့်အတူ တိုက်ခိုက်နိုင်စွမ်းကလည်း ပို၍ သန်မာလာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ လုမင်ကို တိုက်ခိုက်ရန် ကြိုးစားနေသည့် သွေးမင်းသား၏ အပြုအမူက ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။