အခန်း ၁၆၃၂
Vol. 109 Ch. 1632
အပိုင်း ( 1632 ) လေးယောက် နှင့် နှစ်ယောက်။
"ဝှစ်... ဝှစ်... ဝှစ်... ဝှစ်"
အားကောင်းသော အငွေ့အသက်လေးခု ထွက်ပေါ်လာသည်။ ၎င်းတို့က ဖီးနစ်နန်းတော်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်။
ထို့နောက် လူရပ်လေးခုက လေထဲသို့ ခြေနင်းကာ လှမ်းလိုက်၏။ သူတို့၏ ခြေလှမ်းတိုင်းက ကောင်းကင်ကို တုန်လှုပ်သွားစေသည်။ ဖီးနစ်နန်းတော်အပေါ် ကြီးမားသော ဖိအားတစ်ခုက ကျဆင်းလာတော့သည်။
ဟွမ်လင်က လုမင်၏အနားတွင် ပေါ်လာသည်။
ထို့နောက် ဖီးနစ်နန်းတော်မှ အခြားတပည့်များ ပြေးထွက်လာ၏။
"နောက်ဆုံးတော့ သူတို့ ရောက်လာပြီ"
ဟွမ်လင်က လေးနက်သော အမူအရာဖြင့် ခပ်တိုးတိုးလေး ပြောလိုက်သည်။
အခြားမြို့များမှ ပါရမီရှင်များက နောက်ဆုံးတွင် သူတို့ကို တိုက်ခိုက်ပေတော့မည်။
ထို့ပြင် လူလေးယောက်က တပြိုင်နက်တည်း ရောက်လာသည်။
သူတို့လူလေးယောက်စလုံးကလည်း ကြောက်စရာကောင်းသော ပါရမီရှင်များ ဖြစ်နေမည်မှာ သေချာ၏။ သူတို့တစ်ဦးစီက သွေးမင်းသား၊ ဝမ်ထျန်းချန်တို့နှင့် တူညီသောအဆင့်တွင် ရှိလိမ့်မည်။
ထိုအဆင့် တိုက်ခိုက်နိုင်စွမ်းမျှပင် မရှိပါက လုမင်နှင့် ဟွမ်လင်တို့ကို မည်သို့ တိုက်ခိုက်ဝံ့မည်နည်း။
လူငယ်လေးယောက်ဖြစ်ပြီး အမျိုးသား သုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။ သူတို့က ဟွမ်လင်နှင့် လုမင်တို့ရှေ့တွင် ရင်ဘောင်တန်းပြီး ရပ်လိုက်၏။
ဤအခိုက်အတန့်တွင် ရေနက်မြို့တော်တစ်ခုလုံး တုန်လှုပ်သွားပုံရသည်။ မရေမတွက်နိုင်သော လူများက လေထဲသို့ ပျံတက်လာပြီး အခြေအနေကို စောင့်ကြည့်နေကြတော့သည်။
"ကြမ်းလှချေလား၊ ပညာရှင်လေးယောက်က လုမင်နဲ့ ဟွမ်လင်ကို တိုက်ခိုက်ကြတော့မယ်"
"ဒါက သဘာဝပါပဲ၊ အခြားသူတွေက မဟာမိတ်ဖွဲ့ဖို့ ပညာရှင်တွေကို အသီးသီး ရှာဖွေနေကြပြီ။ ဒါပေမဲ့ လုမင်နဲ့ ဟွမ်လင်ကတော့ နှစ်ယောက်တည်း ရှိနေသေးတယ်။ သူတို့ ပစ်မှတ်ထားခံရတာက ပုံမှန်ပါပဲ"
"လေးယောက်နဲ့ နှစ်ယောက်... လုမင်နဲ့ ဟွမ်လင်တို့ကတော့ အန္တရာယ်များနေပြီ။ သူတို့ရဲ့ မြေပုံနဲ့ သော့ကို ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး"
လူများက ဆွေးနွေးပြောဆိုလိုက်ကြသည်။
ဖီးနစ်နန်းတော်နှင့် မနီးမဝေးတွင် ကျောက်ခွမ်းနှင့် စစ်မာလျန်တို့လည်း စောင့်ကြည့်နေကြ၏။
"ဟမ့်... လုမင်၊ မင်းက အရမ်း မောက်မာနေတာ မဟုတ်လား။ ဒီတစ်ခါတော့ မင်းတို့ရဲ့ မြေပုံနဲ့သော့ကို ဘယ်လို ထိန်းသိမ်းထားဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
ကျောက်ခွမ်းက လှောင်ပြောင်လိုက်သည်။
"လုမင်နဲ့ ဟွမ်လင် သေသွားမယ်ဆိုရင် အကောင်းဆုံးပဲ"
စစ်မာလျန်က ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ပြောလိုက်၏။
"ဟွမ်လင်... လုမင်၊ ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း မြေပုံနဲ့သော့ကို လွှဲပေးပါ"
လူငယ်တစ်ယောက်က လိုရင်းကို တိုက်ရိုက် ပြောလိုက်သည်။
"ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း မြေပုံနဲ့သော့ကို လိုချင်ရင် နင့်မှာ လုပ်နိုင်စွမ်း ရှိမရှိ ကြည့်ရမယ်"
ဟွမ်လင်က အေးစက်စက် ပြောသည်။
"ဟွမ်လင်... မင်းရဲ့ အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာရဲ့ အသက်ဓာတ်က မြင့်မားပေမဲ့ ငါတို့နှစ်ယောက်ကို ရင်ဆိုင်မယ်ဆိုရင်တော့ အခွင့်အရေးရှိမှာ မဟုတ်ဘူးနော်။ လုမင်... မင်းက သွေးမင်းသားကို သတ်လိုက်တယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါတို့ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် မင်းက ငါတို့ရဲ့ပြိုင်ဘက် ဖြစ်နိုင်ဦးမှာလား။ သေချာပြန်စဉ်းစားဖို့ ငါ အကြံပေးချင်တယ်"
လူငယ်တစ်ယောက်က အေးစက်စက် ပြောလိုက်သည်။
"ငါက မင်းတို့ရဲ့ပြိုင်ဘက် ဟုတ် မဟုတ် သိချင်ရင် စမ်းကြည့်ပါလား"
လုမင်က ကြီးစိုးသော လေသံဖြင့် ပြောလိုက်၏။
"အတော်ခေါင်းမာတာပဲ။ ဒီလိုဆိုမှတော့ တိုက်ခိုက်ကြစို့"
လူငယ်တစ်ယောက်က အော်ဟစ်ပြီး ဟွမ်လင်ကို တိုက်ခိုက်ရန် ခြေလှမ်းပြင်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ လူငယ် လေးဦးတွင် တစ်ဦးတည်းသော အမျိုးသမီးကလည်း ဟွမ်လင်အား တိုက်ခိုက်လိုက်၏။
ကျန်နှစ်ဦးက လုမင်ကို တိုက်ခိုက်လာကြတော့သည်။
နှစ်ယောက်နှင့် တစ်ယောက်...
ဖီးနစ် အော်မြည်သံနှင့်အတူ၊ ဟွမ်လင်၏ ခန္ဓာကိုယ်မှ အင်မော်တယ် ကောင်းကင်ဖီးနစ်၏အရိပ်က ပျံသန်းထွက်လာသည်။ နတ်မီးလျှံများအတွင်း၌ ရေချိုးရင်း ဖီးနစ်တောင်ပံတစ်စုံက သူမ၏နောက်ကျောမှ ထွက်ပေါ်လာ၏။
ဖီးနစ်အတောင်များက နတ်ဓားနှစ်ချောင်းကဲ့သို့ ပြိုင်ဘက်ကို ခုတ်ထစ်ကာ တိုက်ပွဲကြီးတစ်ခုကို စတင်လိုက်တော့သည်။
သို့သော် အပြန်အလှန် ရင်ဆိုင်မိသည်နှင့် တပြိုင်နက် ဟွမ်လင်မှာ အားနည်းချက်တစ်ခု ရှိလာသည်။
ပြိုင်ဘက်နှစ်ယောက်စလုံးက သူ့ထက် အားမနည်းပေ။ သူ၏ အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာကို အားကိုးပြီး ရင်ဆိုင်ရန်သာ တတ်နိုင်သည်။
တစ်ဖက်တွင်၊ လုမင်က ပြိုင်ဘက်နှစ်ဦးနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။
ကြီးမားသော အိုးကြီးတစ်လုံးက လုမင်အပေါ်သို့ ကျလာသည်။ တစ်ချိန်တည်းမှာပင်၊ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များဖြင့် ဓားချီတစ်လက်လည်း ထိုးခွင်းလာ၏။
ထိပ်သီး ပါရမီရှင်နှစ်ယောက် ပေါင်းစည်းလိုက်သောအခါ သူတို့၏ စွမ်းအားက ကြောက်စရာကောင်းလွန်းသည်။
လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တောက်ပပြီး ဒုတိယခန္ဓာလုမင် ပေါ်လာသည်။ ထိုက်ကျိအစီရင်ဓာတ်ပြားက သူ့ဦးခေါင်းထက်တွင် မျောလွင့်ကာ ထွက်ပေါ်လာ၏။ ထိုက်ကျိအင်းကွက်တစ်ခုက ဓားချီကို ထိန်းချုပ်ထားသော လူငယ်၏ ဦးခေါင်းထက်မှ ပေါ်လာကာ ဖိအားပေးလိုက်တော့သည်။
"ဝုန်း"
မီးလျှံဓားချီက ကြေမွသွားသည်။ ဒုတိယခန္ဓာလုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဖီးနစ်အော်မြည်သံနှင့်အတူ ဖီးနစ်ငှက်မွှေးဓားပျံများ ထွက်ပေါ်လာ၏။
ယခုတစ်ကြိမ်တွင် ဖီးနစ်ငှက်မွှေး ဓားပျံများက စုစုပေါင်း နှစ်ဆယ့်တစ်လက် ရှိသည်။ ဓားပျံများက ဓားဝင်္ကပါအဖြစ် ဖွဲ့စည်းသွား၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲကာ ပြိုင်ဘက်ဆီသို့ တိုးဝင်သွားတော့သည်။
ထျန်းဖုန်းလွင်ပြင်သို့ ရောက်ခဲ့စဉ်က လုမင်သည် ဖီးနစ်ငှက်မွှေး တစ်ဒါဇင်ကျော်ကို ရရှိခဲ့သည်။ ဤကာလအတွင်း၌ ဒုတိယခန္ဓာလုမင်သည် ၎င်းတို့အားလုံးကို ဖီးနစ်ငှက်မွှေး ဓားပျံများအဖြစ် ပြန်လည်သန့်စင်ခဲ့၏။
ဖီးနစ်ငှက်မွှေးဓားပျံ နှစ်ဆယ့်တစ်လက်ဖြင့် ဓားဝင်္ကပါတစ်ခုကို အသုံးပြုသောအခါ စွမ်းအားက ကြောက်စရာပင်။
"မဟာနေမင်းရဲ့ဓား"
ပြိုင်ဘက်က မီးလျှံဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ ဒုတိယခန္ဓာလုမင်ကို ရည်ရွယ်ပြီး နေစွမ်းအင်နှင့် ဓားတစ်လက်ကဲ့သို့ ခုတ်ပိုင်းလိုက်တော့သည်။
မူလခန္ဓာ လုမင်၏ ခန္ဓာကိုယ်အနှံ့တွင် အလင်းရောင် အစက်များ လင်းလက်လာသည်။ လက်နက်တစ်သောင်းတာအိုသိုင်းကို အသက်သွင်းလိုက်သောအခါ သူတော်စင်လက်နက်များက သူ့ခန္ဓာကိုယ်တဝိုက်တွင် တစ်ခုပြီးတစ်ခု ပေါ်လာ၏။ လက်တစ်ဖက်တွင် လှံတစ်ချောင်းကိုကိုင်ပြီး ကျန်လက်တစ်ဖက်က ဓားတစ်ချောင်းကို ကိုင်ဆောင်ထားကာ အိုးကြီးကို လွင့်စဉ်သွားစေလိုက်တော့သည်။။
"အိုးကိုးလုံးနဲ့ ကောင်းကင်ဘုံကို ဖိနှိပ်ခြင်း"
မူလခန္ဓာလုမင်ကို တိုက်ခိုက်နေသူမှာ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေး ဖြစ်သည်။ သူ့သည် ဆံပင်ရှည်ရှည်နှင့် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်မျိုး ရှိ၏။ ဒယ်စောက်အိုး ကိုးလုံးကလည်း သူ့ပတ်ဝန်းကျင်မှာ မျောလွင့်နေသည်။
ထိုမြင်ကွင်းက လုမင်အား နဝမနဂါး ဒယ်စောက်အိုးကြီးများကိုပင် အမှတ်ရစေခဲ့ပေသည်။
ရှမ်းဟွမ်တိုက်ကြီးရှိ နဂါးကိုးကောင်မြို့တွင် နဂါးသွေးကြောများကို ဖိနှိပ်ထားသည့် နဝမနဂါး ဒယ်စောက်အိုးကြီး ကိုးလုံး ရှိနေခဲ့သည် မဟုတ်လော။
ဤအခိုက်တွင် ဝတ်စုံနက်ဝတ် လူငယ်က လုမင်ကို ဖိနှိပ်ရန် ဒယ်စောက်အိုးကြီးကိုးလုံးကို ထိန်းချုပ်ထားသည်။
"သတ်"
လုမင်က နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုပြီး အော်ဟစ်လိုက်သည်။
ဝတ်စုံနက်ဝတ် လူငယ်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။ သူ၏ တိုက်ခိုက်မှုများလည်း နှေးကွေးသွားရသည်။
လုမင်က ဓားနှင့်လှံကို အသုံးပြုကာ ထိုးခုတ်လိုက်သည်။ တချိန်တည်းမှာပင်၊ သူက အိုးကြီးကိုးလုံးနှင့် ရင်ဆိုင်ရန် အခြား သူတော်စင်လက်နက်များကို ထိန်းချုပ်လိုက်၏။
"ဒေါင်... ဒေါင်..."
အိုးကိုးလုံးကလည်း သူတော်စင်လက်နက်များဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။ အိုးကိုးလုံးက အတူတူ လ်ှုရှားသောအခါ စွမ်းအားက ပို၍ အားကောင်းလာရသည်။
ဖီးနစ်နန်းတော်အထက် ကောင်းကင်တွင် သတ္တုအချင်းချင်း ထုနှက်သံကဲ့သို့ ပေါက်ကွဲသံကို ကြားရသည်။ ယင်းက ဧရာမ ခေါင်းလောင်းကြီးများ ထိုးနေသကဲ့သို့ပင်။
ဖီးနစ်နန်းတော်၏ အခြားတပည့်များက လုံးဝ မစွက်ဖက်နိုင်ဘဲ ရပ်ကြည့်နေရသည်။ သာမာန် ပါရမီရှင်များသာ ဝင်ရောက်မိပါက အင်အားလှိုင်းကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရခြင်း သို့မဟုတ် အသက်သေဆုံးခြင်းပင် ဖြစ်နိုင်သည်။
"ကစဉ်ကကလျား"
လုမင် ရေရွတ်လိုက်သည်။ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က သူ့လက်ဝါးတစ်ဖက်စီတွင် ပေါ်လာပြီး ပြိုင်ဘက်ကို ပစ်ပေါက်လိုက်၏။
ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က တောင်လုံးတမျှ ကြီးမားလာပြီး အရာအားလုံးကို ချေမှုန်းတော့မည်ကဲ့သို့ ဖိနှိပ်လာတော့သည်။
ဝတ်စုံနက်ဝတ် လူငယ်က မျက်မှောင်ကြုတ်လိုက်သည်။ သူက အိုးအနည်းငယ် ဆွဲယူပြီး တိုက်ခိုက်သည်။
"ဝုန်း... ဝုန်း"
ပေါက်ကွဲသံကြီးနှစ်ခု ထွက်ပေါ်လာ၏။ အိုးများက လွင့်စဉ်သွားပြီး ဝတ်စုံနက်ဝတ်လူငယ်လည်း ပြန်ဆုတ်သွားရတော့သည်။
ထိုအချိန်တွင် လုမင်၏ ဦးခေါင်းထက်မှာ မျှော်စင်ငယ်တစ်ခု ပေါ်လာသည်။ အထဲတွင် ပူဖောင်းလေး ရှိ၏။
"ပူဖောင်းလေး... ဒုတိယခန္ဓာကို ကူညီလိုက်ပါ"
လုမင်က အသံပို့လွှတ်ကာ ပြောလိုက်သည်။ မျှော်စင်လေးက ဒုတိယခန္ဓာဆီသို့ ပျံသန်းသွားတော့သည်။
"သတ်"
လုမင်က နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုပြီး ထပ်မံ ဟိန်းဟောက်လိုက်သည်။ နောက်ထပ် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်နှစ်ခု ပေါ်လာပြီး ပြိုင်ဘက်ကို ဖိနှိပ်လိုက်၏။
ဝတ်စုံနက်ဝတ် လူငယ်လေးကလည်း ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ထူးဆန်းသောအလင်းရောင်များ ထုတ်လွှတ်လာသည်။ အိုးကိုးလုံးက တုန်ခါသွားပြီး သူတော်စင်လက်နက်များစွာကို လွင့်စဉ်သွားစေ၏။ ထို့နောက် ဝတ်စုံနက်ဝတ် လူငယ်လေးက ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို တိုက်ခိုက်လိုက်တော့သည်။
သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲက ရိုးရှင်းသည်။ အထူးနည်းလမ်းများလည်း မပါဝင်ပေ။ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်နှင့် အိုးကိုးလုံးက အဆက်မပြတ် တိုက်မိနေသည်။ တောင်ကြီးများကဲ့သို့ လေထဲတွင် အဆက်မပြတ် တိုက်ခိုက်ကြ၏။ ရေနက်မြို့တော်တစ်ခုလုံး တုန်ခါနေတော့သည်။
တိုက်ခိုက်မှု စွမ်းအင်လှိုင်းများက ကျင့်ကြံခြင်းအခြေခံ အားနည်းသူများစွာကို နောက်ဆုတ်သွားစေခဲ့သည်။
သို့သော်လည်း လုမင်က နတ်ဘုရားဓားကျင့်စဥ်ကို အသုံးပြုထားသည်။ ဝတ်စုံနက်ဝတ် လူငယ်လေးမှာ တဖြည်းဖြည်း အရေးနိမ့်လာ၏။ လုမင်က သူ့ကို ဖိနှိပ်ထားသောကြောင့် ထိပ်တိုက် ရင်ဆိုင်လိုက်တိုင်း နောက်ပြန်ဆုတ်နေရတော့သည်။
ဆယ်ကြိမ်ထက်မနည်း ရင်ဆိုင်ပြီးနောက် ဝတ်စုံနက်ဝတ်လူငယ်မှာ ဆယ်မိုင်ကျော် ဆုတ်ခွာသွားရသည်။
"နတ်ဘုရားတံခါးရဲ့ တံဆိပ်ကိုးခု"
လုမင်က ရုတ်တရက် လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်သည်။ နတ်ဘုရားတံခါး၏ တံဆိပ်ကိုးခုက ကောင်းကင်၌ ပေါ်လာ၏။ ၎င်းတို့က တောက်ပစွာ ထွန်းလင်းနေပြီး ပြိုင်ဘက်၏အိုးများကို ချိန်ရွယ်လိုက်တော့သည်။
လုမင်က နတ်ဘုရားတံခါး၏ တံဆိပ်ကိုးခုကို အထွတ်အထိပ်အထိ လေ့ကျင့်ပြီးသွားပြီ ဖြစ်သည်။ တံခါးကိုးပေါက်ကို တပြိုင်နက်တည်း ဖန်တီးနိုင်၏။ တံခါးကိုးပေါက်ကို ချိတ်ဆက်လိုက်သောအခါ တံဆိပ်တော် စွမ်းအားက အလွန်တိုးမြင့်လာတော့သည်။
တစ်ဖက်လူ၏ အိုးကိုးလုံးက ရုတ်တရက် ပိတ်လှောင်ခံရသောကြောင့် လေထဲတွင် ရပ်သွားကာ ရွေ့လျားရန် ခက်ခဲစေသည်။