အခန်း ၁၆၃၄
Vol. 109 Ch. 1634
အပိုင်း ( 1634 ) တောင်းတီ။
လုမင်နှင့် ဟွမ်လင်တို့က ပါရမီရှင်လေးဦးကို အနိုင်ယူခဲ့သည်။ ထိုတိုက်ခိုက်ရေးအင်အားက အံ့မခန်းပင်။
ကျောက်ခွမ်းနှင့် စစ်မာလျန်တို့ အံသြသွားကြသည်။
ရှတင်းနှင့် အခြား ပါရမီရှင်သုံးယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြသော်လည်း အဆုံးတွင် လုမင်နှင့် ဟွမ်လင်တို့ကို ရှုံးနိမ့်ခဲ့ပေသည်။ ယင်းက သူတို့ အိပ်မက်ပင် မမက်ဖူးသော အရာ ဖြစ်သည်။
သူတို့အားလုံးက ကောင်းကင်အဆင့်နိမ့် ဝိညာဉ်ခန္ဓာပိုင်ရှင်များ ဖြစ်၏။ သူတို့ကြားမှ တိုက်ခိုက်နိုင်စွမ်း ကွာဟချက်က အဘယ်ကြောင့် ဤမျှကြီးမားရသနည်း။
"မကောင်းတော့ဘူး..."
ရုတ်တရက်၊ လုမင်၏ အမူအရာ ပြောင်းလဲသွားသည်။
"ဝုန်း"
ကောင်းကင်ယံမှ ကြီးမားသော သားရဲလက်ကြီးတစ်ဖက် ကျဆင်းလာပြီး ဟွမ်လင်ကို ဖမ်းဆုပ်လိုက်၏။
လက်ကြီးကို အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ အလွန်ကြောက်စရာကောင်းသော အငွေ့အသက်များလည်း ထွက်ပေါ်နေသေးသည်။
ဒုတိယခန္ဓာလုမင်က ဟွမ်လင်နှင့် အနီးဆုံးတွင် ရှိသည်။ သူက ထိုက်ကျိအစီရင်ဓာတ်ပြားကို ချက်ချင်း ထိန်းချုပ်ပြီး ယင်ယန်ငါး ဓားနှစ်လက်ဖြင့် လက်သည်းကြီးကို ခုတ်ပိုင်းတိုက်ခိုက်လိုက်၏။
"ဝုန်း..."
ယင်ယန်ငါး ဓားများက လက်သည်းကြီးကို ထိုးခုတ်လိုက်သောအခါ မီးပွားများက နေရာအနှံ့ ပျံ့လွင့်သွားတော့သည်။
မျှော်စင်ငယ်အတွင်းမှ ပူဖောင်းလေးကလည်း တိုက်ခိုက်လိုက်သည်။ ဟင်းလင်းပြင်က တုန်ခါသွားပြီး ဟင်းလင်းပြင်ဓားသွားများအဖြစ် တိုက်ခိုက်လိုက်၏။ ဟွမ်လင်ကလည်း တိုက်ခိုက်လိုက်သည်။ မီးတောက်များက ကောင်းကင်တွင် ပြည့်နှက်နေပြီး နတ်ဖီးနစ်တစ်ကောင်မှာ လက်သည်းကြီးဆီသို့ ပျံတက်သွားတော့သည်။
"ဝုန်း... ဝုန်း"
ဟင်းလင်းပြင်ဓားများ ပြိုကျပြီး နတ်ဖီးနစ်လည်း ပျက်စီးသွားသည်။ ဟွမ်လင်၏ ခန္ဓာကိုယ်က အဆက်မပြတ် ဆုတ်သွားရသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများပင် စီးကျလာတော့သည်။
"ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်"
ထိုအချိန်တွင် မူလခန္ဓာလုမင်က တိုက်ခိုက်လိုက်သည်။ သူက ဧရာမ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကြီးဖြင့် လက်သည်းကြီးကို ပစ်ပေါက်လိုက်၏။
"ဝုန်း"
ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က လက်သည်းကြီးကို တိုက်ရိုက်ထိမှန်ပြီး ပေါက်ကွဲသွားသည်။ သို့သော်လည်း နောက်ဆုံးတွင် လက်သည်းကြီးကို တားဆီးနိုင်ခဲ့၏။ လက်သည်းကြီးက လျင်မြန်စွာ ကျုံ့ဝင်လာပြီး ကောင်းကင်ယံသို့ ပြန်ဆုတ်သွားတော့သည်။
"အစွမ်းထက်လွန်းတယ်"
လုမင်၏ မျက်လုံးများက လွန်စွာ လေးနက်သွားသည်။
"တစ်ယောက်က ထပ်ပြီး တိုက်ခိုက်လာပြန်ပြီ"
"ဘယ်သူလဲ၊ လုမင်နဲ့ ဟွမ်လင်က အခုလေးတင် တိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်ခဲ့တာ... ဘယ်သူက ချက်ချင်းကြီး ထပ်ပြီး တိုက်ခိုက်နေတာလဲ"
ပတ်ဝန်းကျင်မှ လူအများက တအံ့တဩဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တိမ်များ လွင့်မျောသွားသည်။ ကောင်းကင်တွင် ဧရာမ သားရဲကြီးတစ်ကောင်က တဖြည်းဖြည်း ပေါ်လာ၏။
လူအားလုံး မျက်မှောင်ကြုတ်သွားကြတော့သည်။
"တောင်း...တီ"
လုမင်က စကားနှစ်လုံးကို ဖြည်းညှင်းစွာ ပြောလိုက်သည်။
ကောင်းကင်တွင် ပေါ်လာသည့် ဧရာမ သားရဲကြီးက တောင်းတီ ဖြစ်၏။
တောင်းတီက အလွန် စွမ်းအားကြီးအားသော နတ်သားရဲ အမျိုးအစားလည်း ဖြစ်သည်။ ဒဏ္ဍာရီများအရ၊ ရှေးခေတ်က တောင်းတီများ ပါးစပ်ဟလိုက်သောအခါ ကောင်းကင်မှ နေနှင့်လကိုပင် ဝါးမျိုနိုင်ကြသည်။ တကယ်ကို ကြောက်စရာကောင်းပေသည်။
တောင်းတီသားရဲကြီးက နေငယ်နှစ်စင်းကဲ့သို့ မျက်လုံးကြီးများဖြင့် လုမင်နှင့် ဟွမ်လင်ကို စိုက်ကြည့်နေသည်။ သူက အေးစက်ပြီး ကြမ်းကြုတ်သော လေသံဖြင့် ပြောလိုက်၏။
"ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း မြေပုံနဲ့သော့ကို လွှဲပေးပါ၊ မင်းတို့ရဲ့အသက်ကို ချမ်းသာပေးမယ်"
တောင်းတီ၏ ရည်ရွယ်ချက်မှာလည်း ရှတင်းတို့လူစုနှင့် အတူတူဖြစ်ကြောင်း ထင်ရှားသည်။ သူက ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်း မြေပုံနှင့်သော့အတွက် ရောက်လာခြင်းပင်။
"တောင်းတီမျိုးနွယ်က အခြေအနေတွေကို အခွင့်ကောင်းယူဖို့ပဲ သိတာလား"
ဟွမ်လင်က အေးစက်စက် ပြောသည်။
"တိတ်စမ်း၊ မင်းတို့ မပေးရင် သေရမယ်"
တောင်းတီက ပြောလိုက်၏။ သူက ခြေတစ်လှမ်းတိုးလိုက်သောအခါ ကောင်းကင်က တုန်ခါသွားရသည်။
ဟွမ်လင်၏ ခန္ဓာကိုယ်မှ နတ်မီးတောက်က တောက်လောင်လာသည်။ သူက တောင်းတီအား စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေ၏။ သူမ၏ အဓိပ္ပာယ်က သိသာထင်ရှားသည်။
မူလခန္ဓာလုမင်နှင့် ဒုတိယခန္ဓာလုမင်ကလည်း တောင်းတီကို စိုက်ကြည့်ရင်း ရင်ဘောင်တန်းကာ ရပ်လိုက်ကြ၏။
"သတ်"
တောင်းတီက ဟိန်းဟောက်ပြီး လုမင်နှင့် ဟွမ်လင်ဆီသို့ ခုန်အုပ်လိုက်သည်။ သူ့လက်ကို ဆန့်ထုတ်လိုက်သောအခါ မိုးနှင့်မြေကြားတွင် ကြောက်မက်ဖွယ်ကောင်းသော လေတိုးသံတစ်ခု ထွက်ပေါ်လာ၏။ သူက လုမင်နှင့် ဟွမ်လင်ကို ကုပ်ဆွဲလိုက်တော့သည်။
ဒုတိယခန္ဓာလုမင်၏ ဦးခေါင်းထက်မှ ထိုက်ကျိအစီရင်ဓာတ်ပြားက တောက်ပနေသည်။ ထိုက်ကျိအင်းကွက်တစ်ခုက ပေါ်လာပြီး တောင်းတီကို ဖိနှိပ်လိုက်၏။
"ဝုန်း"
တောင်းတီ၏ လက်သည်းကုပ်ချက်က ထိုက်ကျိအင်းကွက်ကို လွင့်စဉ်သွားစေသည်။
မူလခန္ဓာလုမင်က လက်နက်တစ်သောင်း တာအိုကျမ်းကို အသုံးပြုလိုက်သည်။ သူက နဂါးနက်လှံကို ကိုင်ထားပြီး တောင်းတီ၏ အဓိကအစိတ်အပိုင်းများအား ထိုးသွင်းတိုက်ခိုက်၏။
သို့သော်လည်း တောင်းတီ၏ အခြားလက်တစ်ဖက် လှံရှည်ကို ထိမှန်သွားသည်။ အလွန်အစွမ်းထက်သော အင်အားတစ်ခု တိုးလာသည်ကို ခံစားလိုက်ရပြီး လုမင် လွင့်စဉ်သွား၏။ သူ၏ ချီနှင့်သွေးများ ဆူပွက်သွားပြီး ပါးစပ်အတွင်းမှ သွေးများပင် အန်ထွက်လုနီး ဖြစ်သွားတော့သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ"
လုမင် အံ့သြသွားသည်။
သူ၏ လှံရှည်က တောင်းတီ၏ လက်ကို ထိုးမိသော်လည်း အမှတ်အသားတစ်ခုမျှသာ ထင်ကျန်စေခဲ့သည်။ အကြေးခွံကိုပင် မဖောက်နိုင်ပေ။
တောင်းတီက ရွှေကျီးကန်း ဒသမမင်းသားနှင့် တူညီသောအဆင့်မှ ကျွမ်းကျင်သူ ဖြစ်သည်။ သူ့ခန္ဓာကိုယ်က ကောင်းကင်အဆင့်နိမ့် ဝိညာဉ်ခန္ဓာနှင့် ညီမျှ၏။ သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ရောက်နေပြီ။
ကောင်းကင်ဝိညာဉ်ခန္ဓာတစ်ခုကပင် ကြောက်မက်ဖွယ်ဖြစ်နေပြီ ဖြစ်သည်။ နိယာမ၏ အထောက်အပံ့အောက်တွင် သူက ပို၍ သန်မာလာ၏။ လုမင်၏ လက်နက်တစ်သောင်းတာအိုကျမ်းဖြင့်ပင် မထိုးဖောက်နိုင်တော့ပေ။
ဖီးနစ်အော်မြည်သံကိုကြားရပြီး ဟွမ်လင်က တိုက်ခိုက်လိုက်သော်လည်း အသုံးမဝင်ပါ။ သူမကို တောင်းတီက လက်ဖြင့်ရိုက်ထုတ်ပြီး လွင့်စဉ်သွားစေလိုက်သည်။
"နတ်ဘုရားတံခါးရဲ့တံဆိပ်ကိုးခု"
လုမင်က ဟိန်းဟောက်ပြီး လက်ဟန်သင်္ကေတများကို အမြန်ပြုလုပ်လိုက်သည်။ တံဆိပ်တော်တံခါးကိုးခု ချက်ချင်းပေါ်လာပြီး တောင်းတီကို ချုပ်နှောင်ရန် ကြိုးစားလိုက်၏။
တစ်ချိန်တည်းမှာပင်၊ ပူဖောင်းလေးက တောင်းတီကို ချုပ်နှောင်ရန် အချိန်ဟင်းလင်းပြင် တာအိုနယ်မြေကို အသုံးပြုလိုက်သည်။
"ဝမ်"
ဒုတိယခန္ဓာလုမင်၏ ထိုက်ကျိအစီရင်ဓာတ်ပြားက တစ်ဖန် တုန်ခါသွားသည်။ ယခုတစ်ကြိမ်တွင် ယင်ယန်ငါး ဓားများအဖြစ် ပြောင်းလဲသွား၏။ ကြောက်မက်ဖွယ်ကောင်းသော အဖြူ၊ အနက် ဓားနှစ်လက်က တောင်းတီဆီသို့ ဖြတ်သန်းသွားတော့သည်။
"ဂါး"
တောင်းတီက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က တောက်ပနေပြီး လက်နှစ်ဖက်ဖြင့် တံဆိပ်တော်တံခါးများကို တိုက်ခိုက်လိုက်၏။
"ဝုန်း... ဝုန်း... ဝုန်း"
တံဆိပ်တော်တံခါးကိုးပေါက်က ပြင်းထန်စွာ တုန်ခါပြီးနောက် တစ်ခုပြီးတစ်ခု ကွဲအက်သွားတော့သည်။
ထို့နောက် တောင်းတီ၏ မျက်လုံးများမှ ကြောက်စရာကောင်းသော အလင်းတန်းနှစ်ခု ထွက်လာပြီး ပူဖောင်းလေး၏ အချိန်ဟင်းလင်းပြင်တာအိုနယ်မြေမှ လွတ်မြောက်သွားသည်။
သို့သော်လည်း ထိုအချိန်တွင် ထိုက်ကျိ ယင်ယန်ငါး ဓားများက ရောက်ရှိလာနေပြီ။
"ထန်... ထန်"
ယင်ယန်ငါး ဓားနှစ်လက်က တောင်းတီ၏ ခန္ဓာကိုယ်ကို ခုတ်ထစ်ပစ်လိုက်သည်။ မီးပွားများ ပျံ့လွင့်ပြီး ဆူညံသံများကို ကြားလိုက်ရ၏။ သို့သော်လည်း နောက်ဆုံးတွင်တော့ တောင်းတီ၏ အကြေးခွံများကို ဖြတ်သွားကာ ဓားဒဏ်ရာနှစ်ခု ပေါ်လာတော့သည်။
"ဝုန်း"
ထိုအချိန်တွင်၊ ဧရာမ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကြီးက တောင်းတီ၏ ဦးခေါင်းထက်တွင် ပေါ်လာပြီး ဖိချလိုက်သည်။
"အား... သေစမ်း... သေစမ်း... မင်းတို့အားလုံး သေကြစမ်း"
တောင်းတီမှာ ယင်ယန်ငါး ဓားများကြောင့် ဒဏ်ရာရသွားပြီး ဒေါသပေါက်ကွဲသွားသည်။ နိယာမများဖြင့် သူ့ခန္ဓာကိုယ်ကို ဝန်းရံပြီး ကောင်းကင်သို့ ပြေးတက်ကာ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို တိုက်ခိုက်လိုက်၏။
"ဝုန်း"
ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ထို့နောက်တော့ အက်ကွဲလာပြီး နောက်ဆုံးတွင် ပြိုကျသွားတော့သည်။
ဟွမ်လင်က အော်ဟစ်ပြီး တိုက်ခိုက်လိုက်သည်။ နတ်မီးလျှံမှ ဖွဲ့စည်းထားသော ဓားတစ်ချောင်းက တောင်းတီ၏ ဒဏ်ရာကို ထပ်မံခုတ်လိုက်၏။ ချက်ချင်းပင် ပြင်းထန်စွာ လောင်ကျွမ်းသွားပြီး အသားကင်နံ့ကဲ့သို့ မွှေးကြိုင်သောအနံ့ ထွက်ပေါ်လာတော့သည်။
ဖီးနစ်မီးတောက်သည် မိမိအတွက် အသုံးပြုသောအခါ အသက်ကိုကာကွယ်ပေးနိုင်သည်။ သို့ရာတွင်၊ ရန်သူများအပေါ်မှာတော့ အသက်ကို နှုတ်ယူနိုင်အောင် ပူပြင်း၏။
"ဟာကွာ၊ သေစမ်း"
တောင်းတီက ဒေါသတကြီး ဟိန်းဟောက်ပြီး ပါးစပ်ကိုဟလိုက်သည်။ ရုတ်တရက်၊ ကြောက်မက်ဖွယ်ကောင်းသသော ဝါးမျိုခြင်းစွမ်းအားများ ပေါက်ထွက်လာပြီး မူလခန္ဓာလုမင်၊ ဒုတိယခန္ဓာ လုမင်နှင့် ဟွမ်လင်တို့ကို ဖုံးအုပ်သွား၏။ သူက လုမင်တို့ကို ဝါးမျိုပြီး သန့်စင်ပစ်ချင်သည်။
"ဝါးမျိုခြင်းစွမ်းရည်လား...၊ ငါလည်း သိတယ်"
လုမင်က ဟိန်းဟောက်ပြီး လက်သီးဆုပ်လိုက်သည်။ ဝါးမျိုခြင်းစွမ်းအားက ပေါက်ကွဲထွက်လာပြီး တောင်းတီ၏စွမ်းအားကို ရင်ဆိုင်လိုက်၏။
"နဝမနဂါးရဲ့ ဝါးမျိုခြင်းအင်အား"
တောင်းတီ အော်ဟစ်လိုက်သည်။
သို့သော်လည်း လုမင်၏ ဝါးမျိုခြင်းစွမ်းအားက မူလခန္ဓာလုမင်နှင့် ဒုတိယခန္ဓာ လုမင်အတွက်သာ တားဆီးထားနိုင်သည်။ ဟွမ်လင်က မရပ်တန့်နိုင်ပေ။ သူမက တောင်းတီ၏ ပါးစပ်ထဲသို့ တိုက်ရိုက် လွင့်မျောသွားသည်။
တခဏအတွင်းမှာပင် သူမက တောင်းတီနှင့် နီးကပ်သွား၏။
"သေလိုက်စမ်း"
တောင်းတီက ဟိန်းဟောက်လိုက်ရာ သူ့ပါးစပ်မှ အလင်းတန်းများ ထွက်လာပြီး ဟွမ်လင်ကို ဖုံးအုပ်သွားတော့သည်။
ဟွမ်လင်က အဆက်မပြတ် တိုက်ခိုက်ပြီး အလင်းတန်းမှ ပြေးထွက်ရန် ကြိုးစားလိုက်သည်။ သို့သော်... မအောင်မြင်ပေ။ အလင်းတန်းများသည် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို ဖြည့်တင်းပေးကာ ဟွမ်လင်အား အဆက်မပြတ် သန့်စင်စေသည်။
"ဝှစ်... ဝှစ်"
မူလခန္ဓာလုမင်နှင့် ဒုတိယခန္ဓာလုမင်က တပြိုင်နက်တည်း လှုပ်ရှားလိုက်သည်။ သူတို့က တောင်းတီအား တိုက်ခိုက်ပြီး ဟွမ်လင်ကို ကယ်တင်ရန် ကြိုးစားလိုက်၏။
သို့သော်လည်း တောင်းတီ၏ မျက်လုံးထဲမှ ကြောက်စရာကောင်းသော အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး လုမင် နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း နောက်ဆုတ်သွားရတော့သည်။