အခန်း ၁၆၃၉
Vol. 110 Ch. 1639
အပိုင်း ( 1639 ) ငရဲပြည်၊ မျှော်လင့်ချက်မဲ့ တံတား၊ အဘွား မုံ့။
"ဂါး"
အစစ်အမှန်နဂါးက ဟိန်းဟောက်ပြီး တောင်းတီကို တိုက်ခိုက်လိုက်သည်။ ကြီးမားသော နဂါးလက်သည်းက တောင်းတီကို ကုပ်ချလိုက်၏။
တောင်းတီကလည်း ဟိန်းဟောက်ပြီး သူ့ပုံစံသို့ ပြောင်းလဲကာ သူ့လက်သည်းဖြင့် ပြန်ကုပ်လိုက်တော့သည်။
သို့သော်... တောင်းတီ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး အစစ်အမှန်နဂါး၏ လက်သည်းကုပ်ချက်ကြောင့် လွင့်သွားသည်။ သူသည် ခြေလှမ်းတစ်ဒါဇင်ခန့် နောက်ဆုတ်လိုက်ရပြီး ပါးစပ်ထဲမှ သွေးများလည်း အန်ထွက်လာတော့သည်။
အစစ်အမှန်နဂါးအရိပ်ကြောင့် တောင်းတီမှာ တစ်ချက်တည်းဖြင့် ဒဏ်ရာရသွားသည်။ ယင်းက တကယ်ကို တုန်လှုပ်စရာပင်။
တောင်းတီ၏ တိုက်ခိုက်နိုင်စွမ်းက သူတို့အားလုံးထဲတွင် ထိပ်တန်းအဆင့် ဖြစ်သည်။ သူ၏ အင်အားကို အပြည့်အဝ ထုတ်ဖော်ပါက၊ သူတော်စင်နယ်ပယ် အကျော်အမော်ကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိ၏။ သို့သော်လည်း ယခုအချိန်မှာတော့ လုံးဝ မယှဉ်သာဘဲ တစ်ချက်တည်းဖြင့် ဒဏ်ရာရသွားသည်။
"ဂီး"
ထိုအချိန်တွင် ဖီးနစ်က အော်ဟစ်ပြီး တောင်းတီအား ထပ်မံ တိုက်ခိုက်လာပြန်သည်။ တောင်းတီလည်း ကြောက်လန့်တကြားဖြင့် နောက်ဆုတ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
ထိုအခါ အစစ်အမှန်နဂါးနှင့် ဖီးနစ် ပုံရိပ်များက ဆက်မလိုက်တော့ဘဲာသက်ဆိုင်ရာ သင်္ချိုင်းများပေါ်သို့ ပြန်တက်သွားကြသည်။
"စွမ်းအားကြီးလိုက်တာ... ဒါကို ငါတို့က ဘယ်လို ကျော်ဖြတ်နိုင်မှာလဲ"
"ဒီနဂါးနဲ့ ဖီးနစ်က သာမန် သူတော်စင်နယ်ပယ် အကျော်အမော်ထက် ပိုအားကောင်းတာတော့ သေချာတယ်။ ငါတို့က သူတို့ထဲက တစ်ကောင်ကိုတောင် ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"
လူငယ်များ မျက်မှောင်ကြုတ်သွားကြသည်။
သူတို့က ဤနေရာသို့ ရောက်လာရန် များစွာကြိုးစားခဲ့ရသည်။ ယခုတော့ ဤနေရာမှာပင် ရပ်ရတော့မည်လော။
"အားလုံးပဲ... ငါတို့ ဒီလမ်းကို ဖြတ်ချင်ရင် ပူးပေါင်းမှပဲ ဖြစ်မယ်။ မဟုတ်ရင် ဘယ်သူမှ တစ်ယောက်တည်း ဖြတ်သန်းလို့ မရနိုင်ဘူး"
ဟွမ်လင်က ပြောလိုက်သည်။ သူမက လုမင်နှင့်အတူ အရိပ်တစ်ခုကို အနိုင်ယူပြီး ရှေ့သို့တိုးသွား၏။
"ဟုတ်တယ်၊ ငါတို့ အခုချိန်မှာတော့ လက်တွဲကြရမယ်"
ရွှေကျီးကန်း ဒသမမင်းသားက ပြောလိုက်သည်။
"ကောင်းပြီ၊ ငါသဘောတူတယ်"
"ငါလည်းသဘောတူတယ်"
တခြားသူများကလည်း ပြောလိုက်ကြသည်။ ယခင်က တစ်ယောက်ကိုတစ်ယောက် သတိထားခဲ့ကြသော်လည်း ယခုတော့ ထပ်မံ လက်တွဲရတော့မည်။ မပူးပေါင်းလျှင်လည်း ဤနေရာမှာပင် ရပ်နေရတော့မည် ဖြစ်သည်။
လူတိုင်းက ပုံရိပ်များကို အနိုင်ယူပြီး လမ်းကြောင်းပေါ်တွင် စုရုံးလိုက်ကြသည်။ ခဏအကြာတွင် လူစုံတက်စုံ ဖြစ်သွား၏။
"အတူတူ ထိုးဖောက်ကြစို့"
"ဝှစ်... ဝှစ်... ဝှစ်"
လူ လေးဆယ်ကျော်က တစ်ပြိုင်နက်တည်း ပြေးတက်သွားတော့သည်။
ဤလူလေးဆယ်ကျော်တွင် အားလုံးက ကောင်းကင်ဝိညာဉ်ခန္ဓာများဖြင့် ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့သည် မတူညီသော ဧကရာဇ်အဆင့် အင်အားစုများမှ ဆင်းသက်လာကြခြင်း ဖြစ်၏။ သို့သော်လည်း ယခုအချိန်တွင် ပူးပေါင်းရင်ဆိုင်နေကြပြီ။
အစစ်အမှန်နဂါးနှင့် ဖီးနစ်က အော်ဟစ် ဟိန်းဟောက်ပြီး လူအုပ်ကို တိုက်ခိုက်လိုက်သည်။
"သတ်"
လူပေါင်း လေးဆယ်ကျော်က အတူတကွ တိုက်ခိုက်လိုက်၏။ အလင်းရောင်မျိုးစုံ တောက်ပနေပြီး ကြောက်စရာကောင်းသော တိုက်ခိုက်မှုများ ပေါ်လာတော့သည်။
အစစ်အမှန်နဂါးနှင့် ဖီးနစ်ထံသို့ တိုက်ခိုက်မှုအမျိုးမျိုးက ကျရောက်သွားသည်။ ၎င်းတို့လူအုပ်က တားဆီးမရဘဲ အစစ်အမှန်နဂါးနှင့် ဖီးနစ်ကို တိုက်ခိုက်မှုလှိုင်းအောက်တွင် နစ်မြုပ်သွားစေ၏။
"ဝုန်း... ဝုန်း"
အစစ်အမှန်နဂါးနှင့် ဖီးနစ်က ပြိုကျသွားတော့သည်။
"ဒါ ငါတို့အခွင့်အရေးပဲ၊ ပြေးဝင်လိုက်"
ပါရမီရှင်များက ဤအခွင့်အရေးကို အသုံးချပြီး ဝင်ပေါက်ဆီသို့ ပြေးသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူလေးဆယ်ကျော်လုံး သင်္ချိုင်းဂူကြီးနှစ်ခုကို ဖြတ်ကျော်သွားကြလေသည်။
အစစ်အမှန်နဂါးနှင့် ဖီးနစ်တို့၏ ပုံရိပ်များက ချက်ချင်း ပြန်ပေါ်လာသော်လည်း သူတို့ကို ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ပေ။ ထိုအစား သူတို့က သက်ဆိုင်ရာ ဂူသင်္ချိုင်းသို့ ပျံသန်းသွားကာ မျက်စိမှိတ်ပျောက်ကွယ်သွားကြသည်။
'ထာဝရ တိုက်ခိုက်ရေးဝိညာဉ်တွေကတောင် သူတော်စင်နယ်ပယ်ကို ရောက်နေပြီ။ သူတို့ အသက်ရှင်ချိန်ကဆိုရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ မသိဘူး။ သူတို့က ဧကရာဇ်အဆင့်ကို ရောက်နေကြတာလား... ဒီသင်္ချိုင်းတွေထဲမှာ ဧကရာဇ်အဆင့်ရှိတဲ့ အစစ်အမှန်နဂါး ရှိနေတာများလား'
လုမင်က စိတ်လှုပ်ရှားသော မျက်လုံးများဖြင့် သင်္ချိုင်းဂူကို လှမ်းကြည့်လိုက်သည်။
အကယ်၍ သူသည် ဧကရာဇ်အဆင့် အစစ်အမှန်နဂါး၏အရိုးစုကို ရရှိပြီး သန့်စင်နိုင်ခဲ့ပါက၊ သူ၏ ဝိညာဉ်ရေးခန္ဓာသည် မည်သည့်အဆင့်သို့ ပြောင်းလဲသွားမည်နည်း။
၎င်းက အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာအဖြစ်သို့ ပြောင်းလဲလာမည်လော။
ဟုတ်သည်၊ သူက ထိုအကြောင်းကို တွေးမိရုံသာ ဖြစ်ချေသည်။
သင်္ချိုင်းဂူကြီးတွင် ကြောက်မက်ဖွယ်ကောင်းသော နိယာမစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ အစောပိုင်းက ကျောက်ခွမ်းသည် အသက်နှင့်ရင်း၍ ဥပမာပြခဲ့ပြီးပြီ မဟုတ်လော။ လုမင်လည်း သင်္ချိုင်းကို သဘာဝအတိုင်း တိုက်ခိုက်ဝံ့မည် မဟုတ်ပေ။
လူတိုင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ ထို့နောက် လမ်းအတိုင်း ရှေ့သို့ ဆက်လျှောက်သွားကြလေသည်။
မကြာမီ၊ မြစ်တစ်စင်းက သူတို့လမ်းကို ကာဆီးထားလိုက်သည်။
တစ်ခုထူးဆန်းသည်မှာ မြစ်ရေက အဝါရောင် ဖြစ်၏။ ယင်းက ဒဏ္ဍာရီလာ ဟွမ်ချွမ်မြစ်နှင့်ပင် တူလှသည်။
"ဒါ... ဒါက ဟွမ်ချွမ်မြစ် မဟုတ်လား"
ရုတ်တရက်၊ တစ်စုံတစ်ယောက်က တုန်ယင်သောအသံဖြင့် ပြောလာသည်။
အကြောင်းမူ၊ ထိုနေရာတွင် ကျောက်ပြားတစ်ခု ရှိနေသောကြောင့်ပင်။ လူတိုင်းက ကျောက်ပြားကို ကြည့်လိုက်သောအခါ 'ဟွမ်ချွမ်'ဟု ရေးသားထားသော စကားလုံးနှစ်လုံးကို တွေ့လိုက်ရသည်။
အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။
ရှေးခေတ် ဒဏ္ဍာရီများအရ မိုးနှင့်မြေကြားတွင် ငရဲပြည် ရှိသည်။ ငရဲပြည်ကိုဖြတ်ကာ စီးဆင်းနေသော မြစ်တစ်စင်းလည်း ရှိ၏။ ထိုမြစ်ကို ဟွမ်ချွမ်မြစ်ဟု ခေါ်သည်။
ဟွမ်ချွမ်မြစ်ကို ဤအတိုင်း ဖြတ်ကူး၍ မရပါ။ ဟွမ်ချွမ်မြစ်အတွင်းသို့ ဆင်းသက်လာသော သက်ရှိသတ္တဝါတိုင်း တိုက်စားခံရကာ ဟွမ်ချွမ်မြစ်၏ အစိတ်အပိုင်းဖြစ်လာမည် ဖြစ်သည်။
သို့သော် ဤအရာအားလုံးက ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်၏။ ဧကရာဇ်အဆင့် အကျော်အမော်များပင် မမြင်တွေ့ဖူးပေ။
ဤကမ္ဘာတွင် ဟွမ်ချွမ်မြစ်နှင့် ငရဲပြည်က အမှန်တကယ် ရှိနိုင်ပါ့မလား။
သို့သော်လည်း မာနကြပြီးပြီး ကြီးစိုးသည့် ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီတို့ပင်လျှင် လေးနက်သော အမူအရာများ ရှိနေကြသည်။
ဟွမ်ချွမ်မြစ်ကို ဖြတ်ကူးရန် မည်သူမျှ မကြိုးစားဝံ့ပေ။
ဒဏ္ဍာရီလာ ဟွမ်ချွမ်မြစ် ဖြစ်နေပါက၊ သူတို့ဖြတ်ကျော်မိလျှင် သေခြင်းတရားက သူတို့ကို စောင့်ကြိုနေလိမ့်မည်။
"ဟိုမှာ တံတားတံစင်း ရှိတယ်"
တစ်စုံတစ်ယောက်က ရှေ့ကို ညွှန်ပြပြီး အော်ပြောလိုက်သည်။ အားလုံးက လှမ်းကြည့်လိုက်တော့ အရှေ့ဘက်တွင် တံတားတစ်စင်း အမှန်တကယ်ရှိနေတာကို တွေ့လိုက်ရ၏။
သူတို့က ဟွမ်ချွမ်မြစ်ကမ်းတစ်လျှောက် လျှောက်လှမ်းသွားကြလေသည်။ သူတို့ နီးကပ်လာသောအခါ တံတားက အလွန်ကျယ်ပြီး ဟွမ်ချွမ်မြစ်၏ တစ်ဖက်ကမ်းသို့ ဦးတည်ထားကြောင်း သိလိုက်ကြရသည်။
တံတားပေါ်မှာတော့ စာတချို့ ရေးသားထား၏။
မျှော်လင့်ချက်မဲ့ တံတား။
"ဟင်"
လူတိုင်း၏ ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။
ဒဏ္ဍာရီများအရ၊ ဟွမ်ချွမ်မြစ်တွင် မျှော်လင့်ချက်မဲ့တံတား ရှိသည်။ ဟွမ်ချွမ်မြစ်ကို ဖြတ်ကျော်ရန် တစ်ခုတည်းသော နည်းလမ်းက မျှော်လင့်ချက်မဲ့တံတားမှ ဖြတ်သန်းသွားရန်ပင်။
ဤနေရာတွင် မျှော်လင့်ချက်မဲ့တံတား ရှိနေမည်ဟု သူတို့ မမျှော်လင့်ထားပါ။
ဟွမ်ချွမ်မြစ်၊ မျှော်လင့်ချက်မဲ့တံတား... အရာအားလုံးဟာ ဒဏ္ဍာရီအတိုင်း ဖြစ်နေသည်။ ဤသည်က တကယ်ကို ငရဲပြည်ဖြစ်နေပါသလော။
သူတို့အားလုံးက ဧကရာဇ်အဆင့် အင်အားစုများမှ ပါရမီရှင်များဖြစ်၍ အရာများစွာ တွေ့ဖူးကြသော်လည်း ယခုအချိန်မှာတော့ ကြက်သီးတဖြန်းဖြန်းထသွားကြသည်။
"ဒဏ္ဍာရီအရ မျှော်လင့်ချက်မဲ့တံတားပေါ်မှာ အဖွားမုံ့ရှိတယ်တဲ့။ တံတားကို ဖြတ်ကူးတဲ့သူတိုင်းက အဖွားမုံ့ရဲ့ ဆေးရည်တစ်ခွက်သောက်ရတယ်။ ဆေးရည်ကို သောက်ပြီးရင် အရာအားလုံးကို မေ့သွားလိမ့်မယ်။ ဒီမျှော်လင့်ချက်မဲ့ တံတားပေါ်မှာကော အဖွားမုံ့ ရှိနေမလား"
တစ်စုံတစ်ယောက်က တုန်လှုပ်နေသော လေသံဖြင့် ပြောလိုက်၏။
"ဟမ့်၊ ဒါတွေအားလုံးဟာ တလွဲတွေချည်းပဲ။ တစ်ယောက်ယောက်က ဒါကို တမင်ဖန်တီးခဲ့တာ။ တကယ်သာ ဟွမ်ချွမ်မြစ်ဆိုရင် ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ပေါ်လာနိုင်မှာလဲ"
ရွှေကျီးကန်း ဒသမမင်းသားက အေးစက်စက် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှ နေမီးလျှံများ ဖြာထွက်နေ၏။ သူက မျှော်လင်ချက်မဲ့ တံတားပေါ်သို့ ဦးစွာတက်ပြီး တစ်ဖက်ကို လျှောက်လှမ်းသွားတော့သည်။
"အမှန်ပဲ၊ တစ်ယောက်ယောက်က ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်းကို တည်ဆောက်တဲ့အခါ ဒါကို တည်ဆောက်သွားတာ ဖြစ်ရမယ်။ တကယ့်ဟွမ်ချွမ်မြစ်တော့ မဖြစ်နိုင်ပါဘူး။ ဒါက ငါတို့ကို ဘယ်လိုတားဆီးနိုင်မှာလဲ"
ထို့နောက်တွင် တစ်စုံတစ်ယောက်က ပြောပြီး မျှော်လင့်ချက်မဲ့တံတားပေါ်သို့ တက်သွားသည်။
"ဟွမ်လင်၊ ငါတို့လည်း သွားရအောင်"
လုမင် ပြောလိုက်၏။
ဟွမ်လင်လည်း ခေါင်းညိတ်ပြပြီး လုမင်နှင့်အတူ ဘေးချင်းကပ်လျက် မျှော်လင့်ချက်မဲ့တံတားပေါ်သို့ တက်သွားကြတော့သည်။
ယင်းကိုမြင်တော့ အခြားသူများလည်း မတုံ့ဆိုင်းတော့ဘဲ လိုက်သွားကြသည်။
သို့သော်လည်း၊ ဤအရာများကို အစစ်အမှန်ဟု မယုံကြည်ကြသည့်တိုင် သတိတော့ ထားနေကြသေးသည်။
"ရှေးသူရဲကောင်းတို့ရဲ့ ဝိညာဉ်တွေ... ဘယ်ကိုသွားလိုက်ကြတာလဲ"
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။ မည်သည့်နေရာမှလာမှန်း မသိရသော်လည်း အားလုံး၏ နားထဲတွင် ပီပီသသ ကြားလိုက်ရ၏။
"ဘယ်သူလဲ"
တချို့က လျန့်ဖျပ်သွားပြီး အော်ဟစ်လိုက်သည်။
"ရှေးသူရဲကောင်းတို့ရဲ့ ဝိညာဉ်တွေ... ဘယ်ကိုသွားကြလိုက်ကြတာလဲ"
အသံက ထပ်မံ ပေါ်လာသည်။ ထိုအသံတွင် အကူအညီမဲ့ခြင်းနှင့် သက်ပြင်းချမှုတို့ ပြည့်နှက်နေပုံရလေသည်။
လူတိုင်းက ရှေ့ကို ဆက်လျှောက်သွားကြသည်။ အသံက ဆက်လက် ထွက်ပေါ်နေဆဲပင်။
သို့သော်လည်း ထိုစကားတစ်ခွန်းကိုသာ ထပ်ခါတလဲလဲ ပြောနေခြင်း ဖြစ်သည်။
လူတိုင်းက အသံကိုလျစ်လျူရှုပြီး ရှေ့သို့ ဆက်လျှောက်သွားကြသည်။ မကြာမီ သူတို့က မျှော်လင့်ချက်မဲ့တံတားတစ်ဖက်ကို ဖြတ်ကူးသွားတော့မည်။
သို့သော်... ထိုအချိန်တွင် အားလုံး ရပ်တန့်သွားကြသည်။
အကြောင်းမူ၊ မျှော်လင့်ချက်မဲ့တံတားထိပ်တွင် လူရိပ်တစ်ခု ရှိနေသောကြောင့်ပင်။
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘွားအိုတစ်ယောက် ဖြစ်သည်။
အဘွားအိုက အလွန်အသက်ကြီးပြီး ခါးပင်ကိုင်းနေပြီ။ သူ့ဆံပင်များက ဆွတ်ဆွတ်ဖြူပြီး မျက်နှာမှာလည်း ဇရာ၏ အရေးအကြောင်းတို့ ပြည့်နေသည်။
သူ့လက်ထဲမှာတော့ ပန်းကန်တစ်လုံးကို ကိုင်ထား၏။ ပန်းကန်လုံးထဲတွင်လည်း နို့ဖြူရောင် အရည်များ ရှိနေသေးသည်။
'အဘွား မုံ့'
နာမည်တစ်ခုက လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာသည်။