အခန်း ၁၆၄၁
Vol. 110 Ch. 1641
အပိုင်း ( 1641 ) ကိုးဘဝ ပြန်လည်ဝင်စားခြင်း။
ရေဝဲအတွင်းသို့ ခုန်ဆင်းပြီးနောက် လုမင်၏ ခေါင်းထဲတွင် မူးဝေလာသလို ခံစားလိုက်ရသည်။ တဖြည်းဖြည်းနှင့် အမှောင်ထဲသို့ ကျဆင်းသွား၏။ နောက်ပိုင်းမှာတော့ ဘာကိုမျှ သတိမရတော့ပေ။
အချိန်အတော်ကြာပြီးနောက် လုမင် တဖြည်းဖြည်း သတိပြန်ဝင်လာသည်။
သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်၏။ သူ့မျက်လုံးများက ဘဝ၏ အဆိုးအကောင်းတို့ကိုကို တွေ့ကြုံခံစားခဲ့ရသကဲ့သို့ အရိပ်အယောင်များ ပေါ်နေသည်။
"ငါတကယ်ကို ကိုးဘဝတိုင်တိုင် ရှင်သန်ပြီး ကိုးကြိမ်တိတိ ပြန်လည်ဝင်စားခဲ့တာပဲ။ ပြန်လည်ဝင်စားတာက ဒီကမ္ဘာမှာ တကယ်ရှိနိုင်ပါ့မလား"
လုမင် ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ့မျက်လုံးများက ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေ၏။
ထိုအချိန်တွင် သူ့စိတ်ထဲမှာ ပုံရိပ်များစွာ ပေါ်လာသည်။
ဖြစ်ပျက်ခဲ့သမျှကို ပြန်အမှတ်ရလာ၏။
အဘွားမုံ့၏ မေ့ပျောက်ခြင်း ဆေးရည်ကိုသောက်ပြီး ရေဝဲထဲသို့ ခုန်ဆင်းခဲ့ပြီးနောက် သတိမေ့သွားသည်။ ထို့နောက်မှာတော့ သူဟာ ကိုးဘဝနှင့် ကိုးကြိမ်တိုင်တိုင် ပြန်လည်ဝင်စားခဲ့ရပေသည်။
သူ၏ ပထမဘဝတွင် သူသည် အင်ပါယာတစ်ခုရှိ စစ်သူကြီးမိသားစုတွင် မွေးဖွားခဲ့သည်။ သူသည် ငယ်စဉ်ကတည်းက စစ်တပ်ကို ဦးဆောင်ကာ စစ်ပွဲများစွာကို ဆင်နွှဲခဲ့၏။ သူ လူလတ်ပိုင်းအရွယ်သို့ ရောက်သောအခါ စစ်သည်အများအပြားကို ထိန်းချုပ်ထားသော အင်ပါယာ၏ စစ်သူကြီးတစ်ဦး ဖြစ်လာခဲ့ရသည်။ သို့သော်လည်း ဧကရာဇ်က သူ့အား သံသယဝင်ကာ အခြေအမြစ်မရှိသော စွဲချက်ဖြင့် သတ်ပစ်လိုက်လေသည်။
ထို့နောက် ဒုတိယအကြိမ် ပြန်လည်ဝင်စားခဲ့သည်။
ဒုတိယဘဝတွင် သူသည် စာပေသမားတစ်ဦး ဖြစ်လာသည်။ သူ့မိသားစုက ဆင်းရဲသော်လည်း သူသည် ထိပ်တန်း ပညာရှင်တစ်ဦး ဖြစ်ချင်ခဲ့၏။ သို့သော်လည်း သူသည် ထိပ်တန်းပညာရှင် ဖြစ်လာသောအခါ မြင့်မြတ်သော မိသားစုမှ သခင်မလေးတစ်ဦးနှင့် ချစ်မိသွားခဲ့သည်။ နောက်ဆုံးတွင် မြင့်မြတ်သောမိသားစုက သူ့ကိုသတ်ရန် လူများကို တိတ်တဆိတ်စေလွှတ်ခဲ့ပေသည်။
ယင်းက သူ့အား တတိယအကြိမ် ပြန်လည်ဝင်စားစေခဲ့သည်။
ဤဘဝတွင် သူသည် သာမန်ရွာလေးတစ်ရွာမှ ရွာသားတစ်ဦး ဖြစ်လာခဲ့သည်။ သူသည် မိန်းကလေးတစ်ယောက်နှင့် အိမ်ထောင်ကျပြီး သားသမီးများလည်း ရှိ၏။ နောက်ဆုံးမှာတော့ သူ့တွင် မြေး၊မြစ်များပင် ရှိလာသည်။ ဤဘဝမှာတော့ အသက်ကြီးလာပြီး သက်တမ်းကုန်၍ သေဆုံးခဲ့လေသည်။
ဤသို့ဖြင့် စတုတ္ထဘဝ…
ပဉ္စမဘဝ...
ကိုးခုမြောက်ဘဝတွင်၊ သူသည် သူ၏သွေးမျိုးဆက်ကို မနိုးထစေနိုင်သော အမှိုက်တစ်စ ဖြစ်လာခဲ့ရသည်။ သူ့သွေးမျိုးဆက်ကို ငယ်စဉ်တွင် သူ ချစ်ရသူက နှုတ်ယူသွား၏။ ထို့နောက် ပါရာဂွန်ဘုရားကျောင်းကို မတော်တဆတွေ့ရှိပြီး သိုင်းပညာလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ပေသည်။
နောက်ပိုင်းတွင် သူ၏ တတိယသွေးမျိုးဆက် နိုးထလာသောအခါ တတိယသွေးမျိုးဆက်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သောကြောင့် ပြန်လည်ဝင်စားခြင်း ပြီးသွားသကဲ့သို့ ရုတ်တရက် နိုးလာခဲ့သည်။
"နဝမမြောက်ဘဝကတော့ ငါ့ရဲ့ ကိုယ်ပိုင် ဘဝအတွေ့အကြုံနဲ့ အတူတူပဲ။ ဒီကမ္ဘာပေါ်တွင် အမှန်တကယ် ပြန်လည်ဝင်စားခြင်းရှိတာလား... ဒါမှမဟုတ် အရင် ရှစ်ဘဝက အမှတ်တရတွေကို ငါ ပြန်ပြီးနိုးထလာတာလား"
လုမင် တီးတိုးရေရွတ်လိုက်သည်။ ဘယ်ဟာကအမှန်၊ ဘယ်ဟာကအမှား သူ မပြောနိုင်သောကြောင့် အနည်းင် တုန်လှုပ်သွား၏။
သို့ဆိုလျှင် သူ၏ လက်ရှိဘဝသည်လည်း ပြန်လည်ဝင်စားခြင်းများထဲမှ တစ်ခုဖြစ်နေပါသလား
သူကြုံတွေ့ခဲ့ရသမျှက အစစ်အမှန်လား... အတုလား။
"ကလေး... ကိုးဘဝနဲ့ မင်း နိုးလာမယ်လို့ မမျှော်လင့်ထားဘူး။ ဒါက ငါမျှော်လင့်ထားတာထက် ကျော်လွန်နေတာပဲ"
ထိုအချိန်တွင် အိုးမင်းသော အသံတစ်ခုက လုမင်၏ နားထဲသို့ တိုးဝင်လာသည်။
လုမင် တုန်လှုပ်သွား၏။ ထိုအခါမှ ပတ်ဝန်းကျင်ကို ကပျာကယာ လှည့်ကြည့်လိုက်မိသည်။
သူရောက်နေသောနေရာမှာ အလွန်ကြီးမားသော လျှို့ဝှက်ခန်းကြီး ဖြစ်၏။ ဝတ်စုံနက်ဝတ် အဘိုးကြီးတစ်ယောက်ကလည်း သူ့ဆီသို့ လျှောက်လာနေသည်။
"အကြီးအကဲ၊ ခင်ဗျားက..."
လုမင်က လက်ယှက်ပြီး ပြောလိုက်သည်။
"အရင်တုန်းကတော့ လူတွေက ငါ့ကို ဆမ်ဆာရာလို့ ခေါ်ကြတယ်"
အဘိုးအိုက အနည်းငယ် ပြုံးလိုက်သည်။
"ဆမ်ဆာရာ... အကြီးအကဲက ဆမ်ဆာရာဧကရာဇ်ပဲ"
လုမင် မထိန်းနိုင်ဘဲ အော်ပြောလိုက်မိသည်။
သူ့စိတ်များ တဖြည်းဖြည်း ကြည်လင်လာ၏။
ဆမ်ဆာရာဧကရာဇ်က သက်ရှိထင်ရှားရှိနေတုန်းပဲလား။
"အိမ်း၊ အဲဒီလိုပြောလို့ရပါတယ်။ ဒါပေမဲ့ အခု ငါက အကြွင်းအကျန်ဝိညာဉ်တစ်ခုပဲ"
အဘိုးအိုက ပြုံးလျက် ပြောလိုက်သည်။
လုမင်လည်း သေသေချာချာကြည့်ပြီးမှ ဤသည်မှာ ရုပ်ခန္ဓာမဟုတ်ကြောင်း သိလိုက်ရသည်။ ၎င်းက ပုံရိပ် သို့မဟုတ် ဝိညာဉ်တစ်ကောင်နှင့် ပိုတူလေသည်။
"ဆမ်ဆာရာအကြီးအကဲခင်ဗျာ... ဒီကမ္ဘာမှာ ပြန်လည်ဝင်စားခြင်းက တကယ်ရှိတာလား"
လုမင် မေးလိုက်သည်။
ဘဝကိုးခု၏ မြင်ကွင်းများက သူ့စိတ်ထဲတွင် ရံဖန်ရံခါ ပေါ်လာနေသေးသည်။
"ဒီကမ္ဘာမှာ ပြန်လည်ဝင်စားခြင်းက တကယ်ရှိလားဆိုရင်... ငါလည်းမသိဘူး"
ဆမ်ဆာရာဧကရာဇ်က သက်ပြင်းရှည်ကြီး ချလိုက်သည်။
"အကြီးအကဲလည်းမသိဘူးလား"
လုမင် အံ့ဩသွား၏။ ဒဏ္ဍာရီများအရ ဆမ်ဆာရာဧကရာဇ်သည် ကမ္ဘာပေါ်ရှိ အစွမ်းထက်ဆုံး နိယာမများထဲမှ တစ်ခုဖြစ်သည့် ပြန်လည်ဝင်စားခြင်း နိယာမကို ထိန်းချုပ်ထားသူ ဖြစ်သည်။ ယင်းက ကစဉ့်ကလျားနိယာမနှင့် အဆင့်တူလောက် ရှိ၏။ သူတောင်မှ ပြန်လည်ဝင်စားခြင်းအကြောင်း မသိဘူးလား။
သို့ဆိုလျှင်၊ သူကြုံတွေ့ခဲ့ရသည့် ဘဝ ကိုးခုက အစစ်လား... အတုလား။ ယင်းက အဘယ်ကြောင့် ဤမျှ အစစ်အမှန်ဆန်လွန်းပါသနည်း။
"ကလေး၊ မင်းရဲ့ ဘဝအတွေ့အကြုံနဲ့ ပတ်သက်ပြီး စိတ်ရှုပ်နေတာလား။ တကယ်တော့ ဒါက တကယ်ပြန်လည်ဝင်စားတာ မဟုတ်ပါဘူး။ မင်းရဲ့ နှလုံးသား နက်နဲရာက ရောင်ပြန်ဟပ်မှုတစ်ခုပဲ။ အဲဒါကို လှည့်စားမှု ပုံရိပ်ယောင်တစ်မျိုးလို့ မင်း နားလည်ထားနိုင်တယ်။ ဓါမှမဟုတ်လည်း မင်းအရင်ဘဝက အမှတ်တရတွေလို့ သတ်မှတ်ချင်လည်း သတ်မှတ်ပေါ့"
ဆမ်ဆာရာဧကရာဇ်က ပြောလိုက်သည်။
"ဒါဆို ဒီကမ္ဘာမှာ ပြန်လည်ဝင်စားတာ မရှိဘူးပေါ့"
လုမင်လည်း သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ရင်း သူ့စိတ်ကို တည်ငြိမ်စေလိုက်သည်။
"ပြောရတော့ခက်တယ်။ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်က လုံလောက်အောင် မြင့်မားလာပြီဆိုရင် အမှန်တကယ် ပြန်လည်ဝင်စားနိုင်လောက်တယ်။ ကံမကောင်းချင်တော့ ငါ့ရဲ့ ကျင့်ကြံခြင်းက အဲဒီအဆင့်ကို မရောက်နိုင်ခဲ့ဘူး"
ဆမ်ဆာရာဧကရာဇ်က သက်ပြင်းတစ်ချက်ချပြီး လုမင်ကိုကြည့်ကာ ပြောလိုက်သည်။
"ကလေး၊ မင်းနာမည် ဘယ်လိုခေါ်လဲ။ မင်းက မင်းတို့အုပ်စုထဲမှာ ပထမဆုံး နိုးထလာတဲ့သူပဲ။ ငါတောင်မှ မင်းတို့လူစုအထဲမှာ အမြန်ဆုံးလူက နိုးထဖို့အတွက် ဘဝတစ်ရာလောက် ဝင်စားရလိမ့်မယ်လို့ ထင်ခဲ့တာ... မင်းက တကယ်ထူးဆန်းတာပဲ"
"ကျွန်တော်က လုမင်ပါ အကြီးအကဲ၊ ဒါနဲ့... ကျွန်တော် ဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ"
လုမင် မေးလိုက်သည်။
"မင်းရောက်နေတာ သုံးလရှိပြီ"
ဆမ်ဆာရာဧကရာဇ်က ပြောလိုက်၏။
"သုံးလလား၊ တော်ပါသေးတယ်"
လုမင် စိတ်သက်သာရာ ရသွားလေသည်။
သူသည် ကိုးဘဝ ပြန်လည်ဝင်စားရင်း၊ ဘဝကိုးခုမှာ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ရသည်။ ထို့ကြောင့် လက်တွေ့ကမ္ဘာတွင်လည်း အချိန်များစွာ ကြာမြင့်မည်ကို ကြောက်ရွံ့မိလေသည်။ ယခုတော့ သုံးလသာ ကြာသေးသဖြင့် အဆင်ပြေသည်။
"အကြီးအကဲ၊ ခင်ဗျားက ဒီသင်္ချိုင်းကြီးကို တည်ဆောက်တဲ့သူလား။ ပြီးတော့ ဟွမ်ချွမ်မြစ်နဲ့ မျှော်လင့်ချက်မဲ့တံတား..."
ထို့နောက် လုမင်က မေးခွန်းများစွာကို မေးလိုက်သည်။
သူ တကယ်ကို သိချင်နေမိ၏။
"မဟုတ်ဘူး။ တိုက်ပွဲပြီးခါနီးမှာ ငါ ကျဆုံးလုနီး ဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ အကျော်အမော်တစ်ယောက်က ဒီကိုလာပြီးတော့ ငါ့အတွက် ဂူသင်္ချိုင်းကြီးတစ်ခု တည်ဆောက်ပေးခဲ့တယ်။ သူကပဲ ငါ့ရဲ့ အကြွင်းအကျန် ဝိညာဉ်ကို ထိန်းသိမ်းထားပေးတာ။ အပြင်က အရာအားလုံးကလည်း အဲဒီအကျော်အမော် ပြုလုပ်ခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။ ဖြစ်ကောင်းဖြစ်နိုင်တာက ငါ့ဘဝတစ်လျှောက်လုံး ဆည်းပူးခဲ့သမျှကို ဒီအတိုင်း မပျောက်ကွယ်စေချင်လို့ နောင်လာနောင်သားတွေအတွက် အမွေပေးရအောင် ဒီသင်္ချိုင်းကို တည်ဆောက်ပေးခဲ့ပုံရတယ်"
ဆမ်ဆာရာဧကရာဇ်က ရှင်းပြလိုက်သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ"
လုမင် ရေရွတ်လိုက်သည်။ ထိုဒဏ္ဍာရီများကို သူ ယခင်က ကြားဖူး၏။ မျိုးနွယ်စုတစ်ရာ စစ်ပွဲကြီးအပြီးတွင် အကျော်အမော်တစ်ဦးက မျိုးနွယ်စုတစ်ရာစစ်မြေပြင်သို့ ရောက်လာပြီး အသန်မာဆုံး ဧကရာဇ်ကိုးပါးအတွက် သင်္ချိုင်းကိုးခု တည်ဆောက်ခဲ့သည်။
လက်ရှိ သတ်ဖြတ်ခြင်းတစ်သောင်း ဧကရာဇ်ကြီးကလည်း သတ်ဖြတ်ခြင်းတစ်သောင်းဧကရာဇ်၏သင်္ချိုင်းသို့ ဝင်ရောက်ပြီး ထိုမှ အမွေအနှစ်ကို ရရှိခဲ့ပေသည်။
ယခုတော့ ဟွမ်ချွမ်မြစ်နှင့် မျှော်လင့်ချက်မဲ့တံတားက အတုအယောင်ဖြစ်ပုံရသည်။ အားလုံးက ထိုအကျော်အမော်၏ လှည့်ကွက်များသာ ဖြစ်လိမ့်မည်။
"လုမင်... မင်းက နဝမနဂါး တိုက်ခိုက်ရေးခန္ဓာကို လေ့ကျင့်နေတာ မဟုတ်လား။ အဲဒီ အကျော်အမော်ကလည်း မင်းနဲ့ နည်းနည်းတူတယ်။ သူက ထိပ်တန်း စစ်သားရဲဆယ်ကောင်းထဲက တစ်ကောင်ဖြစ်တဲ့ အသက်ကိုးချောင်း နတ်ဆိုးပိုးကောင်လေ"
ဆမ်ဆာရာဧကရာဇ်က ပြောလိုက်သည်။
"အသက်ကိုးချောင်း နတ်ဆိုးပိုးကောင်လား"
လုမင် အံ့ဩသွား၏။
တန်တန်၏ အဆိုအရ ထိပ်တန်းစစ်သားရဲ ဆယ်ကောင်စလုံးသည် လွန်ခဲ့သော ကာလအတန်ကြာက တိုက်ပွဲတွင် သေဆုံးခဲ့ကြရသည်။ သို့သော်လည်း ယခုတော့ ထိုအချက်ဟာ အပြည့်အဝ မှန်ပုံမရပေ။
တန်တန်က သူ့အသက်ကို ထိန်းသိမ်းရန် အထူးနည်းလမ်းတစ်ခုကို အသုံးပြုခဲ့သည်။
နောက်ပိုင်းမှာတော့ တိုက်တန် ကောင်းကင် ဦးချိုရှည်နွားချေးပိုးကို ထပ်မံ မြင်တွေ့ခဲ့ရသည်။ ယခုလည်း အသက်ကိုးချောင်း နတ်ဆိုးပိုးကောင် မသေသေးကြောင်း ထပ်မံ ကြားလာခဲ့ရပြီ။
ထိပ်တန်းစစ်သားရဲ ဆယ်ကောင်တွင် အသက်ရှင်သူများ ရှိသေးပုံရသည်။
"ကံမကောင်းချင်တော့... စိတ်မကောင်းစရာပဲ"
ထိုအချိန်တွင် ဆမ်ဆာရာဧကရာဇ်က လုမင်ကို စေ့စေ့ကြည့်ကာ သက်ပြင်းချလိုက်သည်။
"အကြီးအကဲ ဘာပြောချင်တာလဲ"
လုမင် အံ့သြသွား၏။
"မင်းက ဘဝကိုးခုကို တွေ့ကြုံပြီးနောက် ပထမဆုံး နိုးထလာသူလေ။ ဒါကြောင့် မင်းက ငါ့ရဲ့အမွေကို ရရမယ်။ ပြီးတော့ ပြန်လည်ဝင်စားခြင်း တာအိုနယ်မြေကို ထိန်းချုပ်ပြီး ပြန်လည်ဝင်စားခြင်းရဲ့ နိယာမကို နားလည်ရမှာပေါ့။ ကံမကောင်းချင်တော့... မင်းက ကစဉ့်ကလျားတာအိုနယ်မြေကို နားလည်ပြီးနေပြီ"
"ကစဉ့်ကလျားနဲ့ ပြန်လည်ဝင်စားခြင်းဆိုတာ ကမ္ဘာပေါ်မှာ အသန်မာဆုံး နိယာမဆယ်ခုအနက်မှ နှစ်ခုပဲ။ တောင်တစ်လုံးမှာ ကျားနှစ်ကောင်ကို မနေနိုင်ဆိုတဲ့အတိုင်း... ဒီနိယာမနှစ်ခုကို တစ်ချိန်တည်းမှာ ထိန်းချုပ်ပြီး ပေါင်းစည်းဖို့က အင်မတန် ခက်ခဲလွန်းပါတယ်"
ဆမ်ဆာရာဧကရာဇ်က သက်ပြင်းချပြီး အသေးစိတ်ရှင်းပြလိုက်သည်။
ကျင့်ကြံသူများသည် ကျင့်ကြံခြင်း အဆင့်တစ်ခုသို့ ရောက်လာသောအခါ နိယာမများစွာကို တစ်ချိန်တည်းတွင် ထိန်းချုပ်နိုင်သည်။
သို့သော်...၊ ကမ္ဘာပေါ်တွင် တစ်ပြိုင်နက်တည်း ထိန်းချုပ်ရန်ခက်ခဲသော အသန်မာဆုံး နိယာမဆယ်ခု ရှိသည်။ ရှေးခေတ်ကတည်းကပင်... ၎င်းတို့ထဲမှ တစ်ခုခုကို ထိန်းချုပ်နိုင်သူများက ရှားပါးသော ပါရမီရှင်များ ဖြစ်၏။
နှစ်ခု သို့မဟုတ် နှစ်ခုထက်ပို၍ ထိန်းချုပ်ရန်က လုံးဝမဖြစ်နိုင်ပေ။