← Chapters

အခန်း ၁၆၄၅

Vol. 110 Ch. 1645

အခန်း ၁၆၄၅

Vol. 110 Ch. 1645

အပိုင်း ( 1645 ) အလှည့်အပြောင်း။

အခြား ပါရမီရှင်များ တိတ်ဆိတ်နေကြသည်။ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ လာရာလမ်းအတိုင်း ပြန်သွားကြတော့သည်။

ဆမ်ဆာရာဧကရာဇ်၏‌အမွေက လုမင်၏လက်ထဲတွင် ရှိနိုင်သည်ဟု မှန်းဆခဲ့ကြသော်လည်း လုမင်၏အင်အားက သန်မာလွန်းသည်။

လုမင်၏ လက်ထဲတွင် အမှန်တကယ် ရှိနေလျှင်ပင် ဘာဖြစ်သနည်း။

သူတို့ ဘာလုပ်နိုင်မည်နည်း။

သူတို့အားလုံးက လုမင်ကို ပူးပေါင်းတိုက်ခိုက်ကြနိုင်သည်။ သို့သော်လည်း လုမင် ပြသခဲ့သော အင်အားအရ၊ သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်လျှင်ပင် ကြီးမားသောတန်ကြေးကို ပေးဆပ်ကြရဦးမည်။ လုမင်ကို အနိုင်မယူနိုင်ခင်မှာ သူတို့ထဲမှ အတော်များများ သေကြရမည် ဖြစ်သည်။

မည်သူက စွန့်စားချင်မည်နည်း။

လုမင်နှင့် ဟွမ်လင်က ရှေ့ကို လျှောက်သွားကြသည်။ မကြာမီ၊ သူတို့က လမ်းကိုဖြတ်၍ ဂူသင်္ချိုင်းများရှိရာသို့ ပြန်ရောက်လာကြ၏။

သို့သော် ဤတစ်ကြိမ်တွင်၊ သင်္ချိုင်းတွင်းသို့ ဝင်သွားသော်လည်း သင်္ချိုင်းတွင်းမှ လှုပ်ရှားမှုမရှိပါ။ သူတို့ကို တိုက်ခိုက်ရန် ပုံရိပ်များလည်း ထွက်မလာကြပေ။ သူတို့က သင်္ချိုင်းဂူများကို အလွယ်တကူ ဖြတ်ကျော်ပြီး ရှည်လျားသောလမ်းသို့ ရောက်သွားကြသည်။

ရှေ့တွင် ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီက လုမင်ရောက်ရှိလာကြောင်း မြင်သောအခါ လျှောက်လမ်းထဲသို့ ပြေးဝင်သွား၏။

လုမင် သဘောကျစွာ ရယ်မောလိုက်သည်။ သူလည်း ဟွမ်လင်နှင့်အတူ လမ်းကြားထဲသို့ တိုးဝင်ကာ ရှေ့သို့ လျှောက်သွားလေသည်။ တခြားသူများကလည်း ထိုကဲ့သို့ပင် လျှောက်သွားသည်။

အံ့ဖွယ်ကောင်းသည်မှာ၊ သူတို့ စတင်ဝင်ရောက်လာစဉ်က လဝက်ခန့်ကြာအောင် လျှောက်လှမ်းခဲ့ရသည်။ သို့ရာတွင်၊ ယခုတော့ လမ်းဆုံးသို့ ရောက်ရှိရန် တစ်ရက်သာ ကြာမြင့်ခဲ့လေသည်။

လှံပုဆိန်ကြောင့် ထက်ခြမ်းကွဲနေသော တောင်ကြီးကို သူတို့ မြင်လိုက်ကြရသည်။

ထိုအခါတွင် လုမင်က ဆမ်ဆာရာဧကရာဇ် ပေးလိုက်သော ဆမ်ဆာရာလှံပုဆိန်ကို သတိရသွားမိ၏။ ၎င်းက သော့ဆယ်ခုကို ပေါင်းစပ်ခြင်းဖြင့် ဖွဲ့စည်းလာသော လှံပုဆိန်ပင် ဖြစ်ရမည်။

"ဝှစ်... ဝှစ်"

ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီက လမ်းထဲမှ ပြေးထွက်သွားပြီးနောက် လုမင်အား အေးစက်စက် လှည့်ကြည့်လိုက်ကြသည်။ ထို့နောက်၊ သူတို့က ကောင်းကင်သို့ ပျံတက်ပြီး အဝေးကို ပျံသန်းသွားကြ၏။

သို့သော်လည်း ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက ကောင်းကင်ယံမှ ရွှေကျီးကန်း ဒသမမင်းသားထံသို့ ကျရောက်လာသည်။

ဓားအလင်းက သံချေးတက်နေသော ဓားဖြင့် ခုတ်ပိုင်းလိုက်သကဲ့သို့ ဖြစ်၏။ မီတာသောင်းချီရှည်လျားသော ဓားအလင်းက ကောင်းကင်ယံမှ ခုတ်ပိုင်းလာတော့သည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော သံချေးတက်နေသည့် လှံရှည်ကြီးလည်း ရှိသေးသည်။ လှံရှည်က တောင်းတီဆီသို့ ထိုးဖောက်လာသည်။

"ဘယ်​သူလဲကွ၊ မင်း သေချင်နေတာလား"

ရွှေကျီးကန်း ဒသမမင်းသားက အော်ဟစ်လိုက်သည်။ သူက အတောင်ပံများကို ခတ်ပြီး ဆက်လက် ပျံတက်သွား၏။ နေမင်း၏ နတ်မီးတောက်ကလည်း အလျှံတညီးညီးဖြင့် ပြင်းထန်စွာ လောင်ကျွမ်းလာသည်။ သူ့လက်သည်းက ခဏချင်း လျင်မြန်စွာ ကြီးထွားလာပြီး သံချေးတက်နေသောဓားဆီသို့ ကုပ်ဆွဲလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် တောင်းတီက ဟိန်းဟောက်ပြီး ဖျက်ဆီးခြင်းအလင်းတစ်ခုဖြင့် လှံရှည်ဆီသို့ ပစ်လွှတ်လိုက်သည်။

"ဝုန်း... ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံနှစ်ချက် ပေါ်လာသည်။ ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီက လေထဲတွင် ရပ်တန့်သွား၏။ သူတို့၏ အင်အားဖြင့်ပင် ဖောက်မထွက်နိုင်တော့ပေ။

သူတို့က လျှပ်စီးတဖျပ်ဖျပ်လက်နေသော မျက်လုံးတို့ဖြင့် ကြည့်လိုက်ကြသည်။

အဝေးမှ ပုံရိပ်နှစ်ခုက ပျံသန်းရင်း နီးကပ်လာသည်ကို မြင်လိုက်ရ၏။

ပုံရိပ်နှစ်ခုစလုံးက သံချေးတက်နေသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြသည်။ သူတို့၏ ခန္ဓာကိုယ်များကလည်း ပြင်းထန်သော သေခြင်းအငွေ့အသက်များ ပြည့်နှက်နေသေးသည်။ တစ်ခုတည်းသော ခြားနားချက်မှာ၊ တစ်ယောက်က ဓားကို ကိုင်ထားပြီး ကျန်တစ်ယောက်က လှံကိုင်ထားခြင်း ဖြစ်သည်။

အန်ဒက်မျိုးနွယ်မှ သူတော်စင်နှစ်ဦးပင်။

"ဘာတွေဖြစ်နေတာလဲ။ အန်ဒက်မျိုးနွယ်ရဲ့ သူတော်စင်နှစ်ပါးက ရွှေကျီးကန်း ဒသမမင်းသားနဲ့ တောင်းတီကို တိုက်ခိုက်နေတယ်"

ထိုအချိန်တွင် လုမင်နှင့် အခြားသူများ ပြေးထွက်လာကြသည်။ တချို့က သံသယစိတ်ဖြင့် ရေရွတ်လိုက်ကြ၏။

"သတ်... သတ်"

အန်ဒက်မျိုးနွယ်မှ သူတော်စင်နှစ်ဦးက ရှေ့သို့တက်လာပြီး ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီကို ထပ်မံတိုက်ခိုက်လိုက်တော့သည်။

"တိုက်ခိုက်"

ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီက ဟိန်းဟောက်လိုက်ကြသည်။ သူတို့က အစွမ်းကုန်သုံးပြီး ပြန်လည် တိုက်ခိုက်လိုက်ကြ၏။

ချက်ချင်းပင်၊ ကောင်းကင်တွင် ပေါက်ကွဲသံနှစ်ခု ထွက်ပေါ်လာတော့သည်။

"သွားကြရအောင်"

လူငယ်အချို့က အခြားလမ်းကြောင်းတစ်ခုသို့ အမြန်ပြေးထွက်သွားကြသည်။

အန်ဒက်မျိုးနွယ်မှ သူတော်စင်နှစ်ဦးက ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီကို ဘာကြောင့်တိုက်ခိုက်နေမှန်း မသိရသော်လည်း ယခုအချိန်တွင် ထွက်သွားခြင်းက ပိုကောင်းလေသည်။

"ဂါး"

ထိုအချိန်တွင် ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံတစ်ခုက ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေခဲ့သည်။ အဖျက်စွမ်းအား အလင်းတန်းတစ်ခုက လူငယ်များဆီသို့ ကျရောက်လာ၏။

"အား၊ မဟုတ်ဘူး"

"နောက်ဆုတ်ကြ"

လူငယ်များက အော်ဟစ်ရင်း ခုခံတိုက်ခိုက်လိုက်ကြသည်။

သို့သော်၊ အလင်းတန်းများ ဖြတ်သွားသောအခါ လူငယ်များ ဒယီးဒယိုင်ဖြင့် ဆုတ်သွားရပြီး ပါးစပ်မှ သွေးများလည်း အန်ထွက်လာတော့သည်။

"သူတော်စင်တွေ... နောက်ထပ် သူတော်စင်တွေ..."

လူငယ်တချို့က အော်ဟစ်လိုက်ကြသည်။

"ဂူး... ဂါး"

ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူတို့ ဘယ်ဘက်ခြမ်းတွင်၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများဖြင့် ပုံရိပ်တချို့ ပေါ်လာကြ၏။ ယင်းက သူတော်စင်တစ်ပါး၏ အရှိန်အဝါများပင် ဖြစ်တော့သည်။

ထိုပုံရိပ်ကြီးများ အားလုံးက သားရဲကြီးများ ဖြစ်ကြသည်။ သူတို့အားလုံးက သူတော်စင်အဆင့် သားရဲများ ဖြစ်၏။

ထို့နောက် ညာဘက်ခြမ်းမှ ကျယ်လောင်သော ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ ကြောက်စရာကောင်းသော အရှိန်အဝါများဖြင့် ပုံရိပ်တချို့က လုမင်နှင့် အခြားသူများဆီသို့ ပျံသန်းလာ၏။ သူတို့ တစ်ဦးစီမှ တောက်ပသော အလင်းများ ဖြာထွက်နေသည်။ သူတို့၏ မျက်နှာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း သူတို့၏ အရှိန်အဝါများအရ သူတော်စင်များ ဖြစ်လိမ့်မည်။

တစ်ချိန်တည်းမှာပင် သူတို့၏ ဦးခေါင်းထက်မှ အားကောင်းသော ရောင်ဝါတချို့ ထွက်ပေါ်လာသည်။ သူတော်စင်အဆင့် အကျော်အမော်တချို့ ထပ်မံပေါ်လာကြပြန်ပြီ။

"သူတော်စင်အဆင့် ပညာရှင် ဆယ့်နှစ်ယောက်တောင် ရှိနေပြီ။ သူတို့ ဘာလိုချင်ကြတာလဲ"

လူငယ်တချို့၏ မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။

ဤသူတော်စင်အဆင့် ပညာရှင်များက မျိုးနွယ်စုတစ်ရာစစ်မြေပြင်ရှိ ဒေသခံ အကျော်အမော်များဖြစ်ကြောင်း ထင်ရှားသည်။ သူတို့က များသောအားဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ဒေသများတွင်သာ နေထိုင်ကြသော်လည်း ယနေ့မှာတော့ ဤနေရာတွင် စုရုံးခဲ့ကြပြီ။

"သူတို့အားလုံးကို သတ်ကြ"

သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် စကားသံက ကောင်းကင်မှ ထွက်ပေါ်လာသည်။

"သတ်"

"ဂါး"

သူတော်စင်အဆင့် သားရဲများနှင့် အခြား ထူးဆန်းသောမျိုးနွယ်စုများက လုမင်နှင့် အခြားသူများကို ချက်ချင်း တိုက်ခိုက်လာတော့သည်။

အန်ဒက်မျိုးနွယ်ဝင် သူတော်စင် နှစ်ယောက်အပြင် သူတော်စင်အဆင့် ကျွမ်းကျင်သူ ဆယ်ယောက် ရှိနေသည်။ သူတို့က ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကို လုမင်နှင့် အခြားလူများအပေါ်သို့ ထုတ်ဖော်လာကြတော့သည်။

"အား"

ချက်ချင်းဆိုသလို၊ ပါရမီရှင်တစ်ဦးက လေထဲမှာပင် ပေါက်ကွဲပြီး သေဆုံးသွားကြသည်။

"ဝှစ်"

ကြောက်မက်ဖွယ်ကောင်းသော လက်သည်းအလင်းတန်းတစ်ခုက လုမင်ဆီသို့ ရောက်ရှိလာသည်။ လုမင်က လက်သီးနှင့်ထိုးပြီး ချေဖျက်လိုက်၏။

အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ထို့နောက် အော်ဟစ်သံအချို့ ထွက်ပေါ်လာ၏။ နောက်ထပ် လူငယ်အချို့ အသတ်ခံလိုက်ရပြန်ပြီ။

သူတော်စင်များက နိယာမများကို ကျွမ်းကျင်ရုံသာမက သူတော်စင်စွမ်းအားကိုလည်း ပေါင်းစည်းထားကြပြီ ဖြစ်သည်။

သူတော်စင်စွမ်းအားက ယွမ်ချီစွမ်းအင်၊ နတ်ဆိုးစွမ်းအင်တို့နှင့် လုံးဝ မတူပေ။ အရည်အသွေးပိုင်းက သိသိသာသာ ကွာခြားသည်။ သူတော်စင်စွမ်းအင်က ယွမ်ချီစွမ်းအင်နှင့် နတ်ဆိုးစွမ်းအင်ကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။

ဤလူငယ်များက အစွမ်းထက်ကြသော်လည်း သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ မရောက်ရှိပါက၊ သူတော်စင်အဆင့် ကျွမ်းကျင်သူများကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

"ပူးပေါင်းပြီး ဖောက်ထွက်ကြစို့"

လူငယ်တစ်ယောက်က အော်ဟစ်လိုက်သည်။

သူတော်စင်အဆင့် ကျွမ်းကျင်သူ ဆယ်ယောက်နှင့် ရင်ဆိုင်ရသောအခါ ပူးပေါင်းမှသာ မျှော်လင့်ချက်ရှိနိုင်သည်။

"သတ်"

လုမင်နှင့် ဟွမ်လင်တို့က ဘယ်ဘက်ဆီသို့ ပြေးသွားကြသည်။

အခြားလူငယ်များစွာကလည်း စုဝေးပြီး လုမင်နှင့်အတူ ပြေးသွားကြ၏။

"ဂါး... ဝူး"

သူတော်စင်အဆင့် နတ်ဆိုးသားရဲတချို့က ဟိန်းဟောက်ပြီး လုမင်ကို တိုက်ခိုက်လိုက်ကြသည်။

ထိုသားရဲများထဲမှ တစ်ကောင်က အရိုးချွန်များဖြင့် အိမ်မြှောင်ကြီးတစ်ကောင်ကဲ့သို့ပင်။ သူ့ခန္ဓာကိုယ်က အနည်းဆုံး မီတာရာဂဏန်းခန့် ရှည်လျားသည်။ သူက လက်သည်းကြီးများကို ဆန့်ထုတ်ပြီး လုမင်ကို ဖမ်းဆုပ်လိုက်၏။

၎င်းက တောက်ပသောသူတော်စင်နယ်ပယ်မှ နတ်ဆိုးသားရဲကြီး ဖြစ်သည်။

လုမင်က သားရဲကြီး၏ ခြေသည်းကို လက်သီးဖြင့် ထိုးချလိုက်သည်။

"ဝုန်း"

သားရဲ၏ ကြီးမားသောခန္ဓာကိုယ်က နောက်သို့ ဆုတ်သွားရ၏။

ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ အိမ်မြှောင်ကြီးမှာ လုမင်ကိုမယှဉ်နိုင်ပေ။

ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီပင်လျှင် သာမန် သူတော်စင်အဆင့် ကျွမ်းကျင်သူများကို တိုက်ခိုက်နိုင်သည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းဖြင့် သာမန် သူတော်စင်အဆင့် သားရဲတစ်ကောင်ကို ဖိနှိပ်ရန်မှာ ပြဿနာမရှိပေ။

ဧရာမသားရဲကြီး ဆုတ်ခွာသွားသောအခါ လုမင်နှင့် အခြားသူများက အရှိန်မြှင့်ပြီး ပြေးထွက်သွားသည်။

"သူတို့ကို တားဆီးထားကြ"

အခြားသားရဲများ အော်ဟစ်လိုက်ကြသည်။ ကောင်းကင်မှ သတ္တဝါအချို့ကလည်း လုမင်နှင့် အခြားသူများကို တိုက်ခိုက်လိုက်ကြ၏။

"အတူတူ တိုက်ခိုက်ကြစို့"

ဟွမ်လင်က အော်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ်မီးတောက်က ပြင်းထန်စွာ လောင်ကျွမ်းသွား၏။ မီးတောက်နေသော ဖီးနစ်တစ်ကောင်က ပြေးထွက်လာပြီး ရက်စက်ကြမ်းကြုတ်သော သားရဲကြီးဆီသို့ ပြေးဝင်သွားတော့သည်။

"ဂျိန်း"

ကောင်းကင်တွင် လျှပ်စီးများ လက်လာသည်။ ယဲ့တုန်ဖန့်က ဟွမ်လင်အနားတွင် ရပ်နေ၏။ လျှပ်စီးများက ကောင်းကင်တခွင် ပြည့်နေပြီး ဧရာမလျှပ်စီးဓားအဖြစ် ဖွဲ့စည်းပြီး သားရဲကြီးတစ်ကောင်ကို ခုတ်ပိုင်းလိုက်တော့သည်။

အဝါရောင်၀တ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးလည်း ရှိသေးသည်။ သူ့လက်တစ်ဖက်က လျင်မြန်စွာကြီးထွားလာသည်။ သူ့မျက်နှာကိုမူ ကျောက်တုံးများဖြင့် ဖုံးအုပ်ထား၏။ သူက ကောင်းကင်သို့ လက်သီးဖြင့်ထိုးနှက်ပြီး သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦးကို ဟန့်တားလိုက်သည်။

အခြား ပါရမီရှင်များကလည်း တိုက်ခိုက်မှုမျိုးစုံကို ထုတ်ဖော်လိုက်တော့သည်။

All Chapters