အခန်း ၁၆၄၉
Vol. 110 Ch. 1649
အပိုင်း ( 1649 ) မဟာမိတ်တောင်သို့။
မြေပြင်က ပေါက်ကွဲသွားပြီး ကျောက်တုံးကျောက်ခဲများက နေရာအနှံ့ လွင့်စဉ်သွားသည်။ မြေပြင်ပေါ်တွင် ကြီးမားသော မီးတောင်တွင်းဝတစ်ခု ပေါ်လာ၏။
ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော် ပျောက်ကွယ်သွားသောအခါ တွင်းကြီးထဲတွင် လဲကျနေသော ဧရာမ အိမ်မြှောင်ကြီးကို မြင်လိုက်ရသည်။ သူ့တွင်အသက်ဓာတ်တော့ မရှိတော့ပေ။
ဧရာမ အိမ်မြှောင်ကြီး သေသွားပြီ ဖြစ်သည်။ လုမင်က သူ့ကို သတ်ပစ်လိုက်၏။
တစ်ဖက်တွင် လူသားမျိုးနွယ်ဝင် သူတော်စင်က ဤမြင်ကွင်းကိုမြင်ပြီး လိပ်ပြာလွင့်စဉ်မတတ် ကြောက်လန့်သွားသည်။
သူတော်စင် မဖြစ်သေးဘဲ သူတော်စင်တစ်ပါးကို သတ်၏။
သူသည် မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှဖြစ်ပြီး ငယ်စဉ်ကတည်းက အပြင်လူ ပါရမီရှင်များစွာကို တွေ့မြင်ခဲ့ရသည်။ သို့သော်လည်း ထိုသို့သော တိုက်ပွဲမှတ်တမ်းကို မြင်တွေ့ရခြင်းမှာ အလွန်ရှားပါးနေသေးသည်။
ဥပမာအားဖြင့် ဟွမ်လင်၊ ယဲ့တုန်ဖန့်နှင့် ရွှေကျီးကန်း ဒသမမင်းသားကဲ့သို့သော ပါရမီရှင်များက သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ရောက်ရှိနေကြသော်လည်း သာမန်သူတော်စင်များကိုသာ တိုက်ခိုက်နိုင်သည်။ သူတို့ကို သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။
သို့သော်လည်း လုမင်က လုပ်ခဲ့ပြီ ဖြစ်သည်။
ယဲ့တုန်ဖန့်နှင့် ဟွမ်လင်တို့ပင် အံ့ဩသွားတော့သည်။
အင်အားကြီးမားသော ဧကရာဇ်အဆင့် အင်အားစုများမှ ဆင်းသက်လာသူများအနေဖြင့် သူတို့သည် အရာများစွာကို မြင်တွေ့ခဲ့ရသော်လည်း... ထိုသို့သော တိုက်ပွဲမှတ်တမ်းမှာတော့ အလွန်ရှားပါးနေဆဲ ဖြစ်သည်။
အရေးအကြီးဆုံးအချက်က လုမင်မှာ သူတော်စင်နယ်ပယ် ပထမအဆင့်တွင်သာ ရှိသေးသည်။ သူတော်စင်နယ်ပယ် ဒုတိယအဆင့်သို့ရောက်ပြီး နိယာမများကိုနားလည်ခဲ့ပါက သို့မဟုတ် သူတော်စင်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိပါက သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ မည်မျှ ကြောက်စရာကောင်းမည်နည်း။
လူသားမျိုးနွယ်ဝင် သူတော်စင်က ထွက်ပြေးရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း ဟွမ်လင်နှင့် ယဲ့တုန်ဖန့်က တားဆီးထားခဲ့သည်။ သူဟာ စိတ်လှုပ်ရှားပြီး သတိလက်လွတ်ဖြစ်မိသောကြောင့် ဟွမ်လင်၏ တိုက်ခိုက်မှုထိမှန်ပြီး ခန္ဓာကိုယ်တစ်ဝက်ခန့်ပင် လောင်ကျွမ်းသွားတော့သည်။
လုမင်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ အိမ်မြှောင်သားရဲကြီး၏ လက်ကို ထိုးဖောက်ထားသော နဂါးနက်လှံက ပျံသန်းလာသည်။ လုမင်က ဖမ်းယူထားပြီး သားရဲကြီးကို ကြည့်လိုက်၏။ နောက်ဆုံးတွင် သားရဲကြီး၏ ပါးစပ်ထဲမှာ သိုလှောင်လက်စွပ်တစ်ကွင်းကို တွေ့ရသောကြောင့် သိမ်းယူလိုက်လေသည်။
ထို့နောက် သူက လူသားမျိုးနွယ်ဝင် သူတော်စင်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။ ဤအရာက လူသားမျိုးနွယ်ဝင် သူတော်စင်၏ နှလုံးသားကို အေးခဲသွားစေခဲ့ပေသည်။
လုမင်ကို သူတော်စင်လက်နက် ဆယ့်နှစ်ခုက ဝန်းရံထားသည်။ လုမင်က နဂါးနက်လှံကို ကိုင်ဆောင်ထားပြီး အနက်ရောင်လျှပ်စီးကဲ့သို့ လူသားမျိုးနွယ်ဝင် သူတော်စင်ထံ ဦးတည်သွား၏။
ဤတိုက်ပွဲက ထူးထူးခြားခြား မရှိတော့ပေ။ လုမင်၏ ဝင်ရောက်စွတ်ဖက်မှုနှင့်အတူ လူသားမျိုးနွယ်ဝင် သူတော်စင်၏ ကံကြမ္မာက ဆုံးဖြတ်ပြီးသွားသည်။
အဆုံးတွင် သူက လက်မခံနိုင်စွာ အော်ဟစ်ရင်း လုမင်တို့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။
ဟွမ်လင်နှင့် ယဲ့တုန်ဖန့်က လုမင်၏ ကောင်းမှုဟုဆိုကာ လူသားမျိုးနွယ်ဝင် သူတော်စင်၏ သိုလှောင်လက်စွပ်ကို ပေးကြသည်။ လုမင်ကလည်း မငြင်းဆန်ဘဲ လက်ခံယူလိုက်လေသည်။
"ညီနောင်လု... မိန်းကလေး ဟွမ်လင်၊ ငါ့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"
ယဲ့တုန်ဖန့်က လုမင်နှင့် ဟွမ်လင်ကို ဦးညွတ်လိုက်သည်။ သူ့မျက်လုံးများမှာလည်း ကျေးဇူးတင်မှုတို့ ပြည့်နှက်နေ၏။
လုမင်နှင့် ဟွမ်လင်တို့ကြောင့်သာ မဟုတ်ပါက၊ သူတော်စင် နှစ်ယောက်၏ တိုက်ခိုက်ခြင်းကြောင့် အန္တရာယ်များနိုင်သည်။
"ကိစ္စမရှိပါဘူး၊ ဒါနဲ့ မင်း ဘယ်ကိုသွားမလို့လဲ"
လုမင်က မေးလိုက်သည်။
"အရင်ကတော့ ငါ မဟာမိတ်တောင်ကို သွားမလို့ပါပဲ။ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ တပည့် အတော်များများကို မဟာမိတ်တောင်မှာ ဖမ်းဆီးထားတယ်လို့ ကြားတယ်။ အဲဒါကြောင့် သူတို့ကို ကယ်တင်ဖို့ စီစဉ်ခဲ့ပေမဲ့ သူတော်စင် နှစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံရဖို့ မမျှော်လင့်ထားဘူး"
ယဲ့တုန်ဖန့်က ပြောလိုက်သည်။
"ဟားဟားဟား၊ ကောင်းတာပေါ့။ ငါတို့လည်း မဟာမိတ်တောင်ကို သွားမလို့ပဲ၊ ဒီလိုဆိုမှတော့ ပူးပေါင်းကြမလား"
လုမင်က ရယ်မောလိုက်၏။
ယဲ့တုန်ဖန့်၏ မျက်လုံးများက တောက်ပလာပြီး ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
"ကောင်းတာပေါ့ကွာ၊ ပူးပေါင်းကြမယ်"
သူတို့လေးယောက်လည်း ချက်ခြင်းထွက်လာပြီး မဟာမိတ်တောင်ဆီသို့ ပျံသန်းသွားလေသည်။
တိုက်ပွဲတွင်၊ ယဲ့တုန်ဖန့်က ဒဏ်ရာတချို့ ရရှိခဲ့သော်လည်း ဆိုးဆိုးရွားရွားတော့ မဟုတ်ပေ။ ကောင်းကင်ဝိညာဉ်န္ဓာကြောင့်လည်း သူ၏ အသက်ဓာတ်က အလွန်ပြင်းထန်သည်။ ပျံသန်းရင်းဖြင့် သူ၏ ဒဏ်ရာများကို ကုသနိုင်ပေသည်။
နောက်တစ်နေ့တွင်၊ ကြီးကျယ်ခမ်းနားသော တောင်ကြီးတစ်လုံးက သူတို့မျက်စိရှေ့တွင် ပေါ်လာသည်။
တောင်ကြီးက ကြီးမားသလောက် စိမ်းလန်းစိုပြေကာ မြင့်မားသော သစ်ပင်များဖြင့် ပြည့်နေပေသည်။
ယင်းက မဟာမိတ်တောင် ဖြစ်သည်။
သူတို့လေးယောက်က တောင်အနီးကိုတော့ မသွားကြသေးပါ။ ထိုအစား၊ သူတို့က တိမ်တိုက်များအတွင်း၌ ပုန်းအောင်းပြီး အဝေးမှ ကြည့်နေခဲ့ကြသည်။
အဝေးမှပင်၊ တောင်ပေါ်မှ အခြေအနေများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
တောင်ထိပ်တွင် မြေပြန့်တစ်ခု ရှိသည်။ ထိုနေရာတွင် လူငယ် အများအပြား ထိုင်နေကြ၏။
တစ်ချက်ကြည့်လိုက်ပါက၊ သူတို့မှာ အနည်းဆုံး လူတစ်ထောင်ခန့် ရှိသည်။ သူတို့အားလုံးက မျိုးနွယ်စုတစ်ရာ စစ်မြေပြင်သို့ ဝင်ရောက်ခဲ့ကြသော အင်အားစုပေါင်းစုံ ပါရမီရှင်များပင်။
"ဖီးနစ်နန်းတော်ရဲ့ တပည့်တွေ"
ဟွမ်လင်က ခပ်တိုးတိုး ပြောလိုက်သည်။
ဖီးနစ်နန်းတော်၏ တပည့် အယောက်နှစ်ဆယ်ကျော်ကို လူအုပ်ထဲတွင် တွေ့လိုက်ရ၏။
တစ်ချိန်တည်းမှာပင်၊ ယဲ့တုန်ဖန့်သည်လည်း မိုးကြိုးနတ်ဘုရားဂိုဏ်း၏ တပည့်များကို သတိပြုမိပေသည်။
ထိုလူငယ်များ၏ ပတ်ပတ်လည်မှာတော့ သူတို့ကို စောင့်ကြပ်နေသော ပညာရှင်များ ရှိနေသည်။
လူသားများနှင့် ကြောက်စရာကောင်းသော မျိုးနွယ်ခြားများ ရှိကြသည်။ အရပ်လေးများတွင် တစ်ယောက်စီ ရှိ၏။ သူတို့ တစ်ဦးစီက သူတော်စင်နယ်ပယ် ပညာရှင်များ ဖြစ်တော့သည်။
တောင်ပေါ်ရှိ အခြားနေရာများတွင်လည်း ပုံရိပ်များ ရှိနေကြသည်။ သူတို့ကတော့ သူတော်စင်များ မဟုတ်ကြပါ။ သူတို့အားလုံးက သူတော်စင်နယ်ပယ်အောက်မှ ဖြစ်ကြသည်။
"သူတော်စင်အဆင့် ကျွမ်းကျင်သူ လေးယောက်ပဲလား"
ယဲ့တုန်ဖန့်၏ မျက်လုံးများက လျှပ်စီးတစ်ချက်လက်သွားသည်။ သို့သော်လည်း သူက အလောတကြီး မလှုပ်ရှားပေ။
"မျိုးနွယ်စုတစ်ရာစစ်မြေပြင်ရဲ့ မျိုးနွယ်စုတွေက ဒါကို စီစဉ်နေခဲ့တာ ကြာပြီ။ အဓိကကတော့ ထိပ်သီး ပါရမီရှင်တွေကို သတ်ပစ်ချင်တာပဲ။ ဒါပေမဲ့ အခု ဒီမှာ ဖမ်းဆီးခံထားရတဲ့သူတွေ အများကြီး ရှိနေတယ်။ သူတို့က ငါတို့ရောက်လာအောင်လို့ တမင်ဆွဲဆောင်နေတာ အသေအချာပဲ။ အမှောင်ထဲမှာ ငါတို့ကို စောင့်ဆိုင်းနေတဲ့ ပညာရှင်တွေ အများကြီးရှိဦးမယ်လို့ ငါထင်တယ်"
လုမင်က မှန်းဆလိုက်သည်။
"ဟုတ်တယ်၊ အဖမ်းခံရသူတွေကို ဒီကိုခေါ်ဆောင်လာမှန်း ဒီလောက်လွယ်လွယ် သိရမှာမဟုတ်ဘူး။ ဒေသခံတွေက ဒီသတင်းကို ဟိုးအရင်ကတည်းက ဖြန့်ချင်နေတာ ဖြစ်ရမယ်။ ငါတို့မေးသမျှ သူတိုင်းကလည်း ဒီသတင်းကို အလွယ်တကူ ပြောခဲ့တာပဲလေ"
ဟွမ်လင်ကလည်း ခေါင်းညိတ်လိုက်၏။
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ ဒီအတိုင်း ထိုင်စောင့်နေလို့တော့ မဖြစ်ဘူး။ သူတို့က ရက်အနည်းငယ်အတွင်း အမှန်တကယ် လုပ်လောက်ကြတယ်"
ယဲ့တုန်ဖန့်က စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
"ငါ့မှာအကြံတစ်ခုရှိပါတယ်။ ဒါပေမဲ့ ငါတို့မှာ လူအင်အား အလုံအလောက်မရှိသေးဘူး။ နောက်ထပ် အကူအညီလိုတယ်"
လုမင်က ခဏလောက်စဉ်းစားပြီးမှ ပြောလိုက်သည်။
"ဒီမှာ အဖမ်းခံရတဲ့ အင်အားစုတွေက အများကြီးပဲလေ၊ သူတို့ကို ကယ်ဆယ်ဖို့ တခြားသူတွေလည်း ရောက်လာကြမှာ သေချာတယ်။ သူတို့နဲ့ တိတ်တဆိတ် ဆက်သွယ်ပြီး အတူတူ တိုက်ခိုက်ကြတာပေါ့"
ဟွမ်လင်က ပြောလိုက်၏။
သူတို့လေးယောက်လည်း ခဏတာ စောင့်ကြည့်ပြီးနောက် အဝေးမှ တိုက်တိုက်များအတွင်းသို့ တိတ်တဆိတ် ဆုတ်သွားကြတော့သည်။
လုမင်တို့အဖွဲ့၏ အခြားတစ်ဖက်တွင် ရွှေရောင်ဝတ်စုံဝတ် ပုံရိပ်နှစ်ခု တိမ်တိုက်ထဲတွင် ရပ်နေသည်။
တစ်ယောက်က ရွှေကျီးကန်း ဒသမမင်းသား ဖြစ်၏။ အခြားတစ်ဦးသည်လည်း ရွှေကျီးကန်းမျိုးနွယ်မှ ဖြစ်သည်။
"မင်းသား၊ အခု ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ။ ဖမ်းခံထားရတဲ့ ကျုပ်တို့မျိုးနွယ်ဝင်တွေ တစ်ဒါဇင်ကျော်လောက် ရှိနေတယ်။ သူတို့ကို ကယ်သင့်သလား"
ရွှေကျီးကန်းမျိုးနွယ်ဝင်က မေးလိုက်သည်။
"သူတို့ကို ကယ်ရမယ်... ဘယ်လိုလဲ။ သူတို့မှာ ကျွမ်းကျင်သူတွေ အများကြီးရှိပြီး ငါတို့ကို တမင် စောင့်နေကြတာ။ သူတို့ကို ကယ်တင်ဖို့အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ တွန်းပို့တာက တန်တယ်လို့ မင်းထင်လား"
ရွှေကျီးကန်း ဒသမမင်းသားက အေးစက်စက် ပြောလိုက်၏။
ရွှေကျီးကန်းမျိုးနွယ်ဝင်လည်း ခေါင်းငုံ့လိုက်ပြီး ဘာမျှ မပြောတော့ပေ။
"သွားကြရအောင်။ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ကနေ ထွက်သွားကြမယ်"
ရွှေကျီးကန်း ဒသမမင်းသားက အေးစက်စက် ပြောလိုက်သည်။ ထို့နောက်တော့ ဆုတ်ခွာသွားပြီး မကြာမီ ပျောက်ကွယ်သွားတော့သည်။
ထို့နောက်တွင်၊ အဝေးမှ လျှို့ဝှက်စွာ ကြည့်ရှုနေကြသူများ ပို၍ များလာသည်။
သို့သော်လည်း အချို့လူများက ရွှေကျီးကန်း ဒသမမင်းသားကဲ့သို့ ဆုတ်သွားကြ၏။ တစ်ချို့လူများသာ အလျှော့မပေးဘဲ အဝေးမှ လှည့်ပတ်ကြည့်နေကြသည်။
လုမင်တို့ လေးယောက်အဖွဲ့က တောင်ထိပ်တစ်ခုဆီသို့ ပျံသန်းသွားကြသည်။ ဤတောင်ထိပ်တွင် လူငယ် ပါရမီရှင်လေးဦး ရှိ၏။
"ဘယ်သူလဲ"
အေးစက်စက် အော်သံနှင့်အတူ သူတို့လေးယောက်က လုမင်တို့အား ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
"မင်းတို့ပဲ"
သူတို့လေးယောက် အံ့ဩသွား၏။
"ရှတင်း၊ မင်းတို့လေးယောက်က သူတို့ကို ကယ်တင်ချင်နေတာ မဟုတ်လား"
လုမင်က ရှေ့ကို လျှောက်သွားပြီး ပြောလိုက်သည်။
သူတို့လေးဦးက ဆမ်ဆာရာဧကရာဇ်၏ မြေပုံနှင့်သော့အတွက် လုမင်နှင့် ဟွမ်လင်ကို တိုက်ခိုက်ခဲ့သော လူငယ်လေးဦးပင်။
"ဟုတ်တယ်"
ရှတင်းက သတိထားပြီး လုမင်ကို ကြည့်လိုက်သည်။
လုမင်၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းသည် အလွန် ကြောက်စရာကောင်း၏။ ကလဲ့စားချေပြီး သူတို့ကို တိုက်ခိုက်ခဲ့မည်ဆိုလျှင်၊ သူတို့လေးယောက် ပူးပေါင်းလျှင်ပင် လုမင်ကို ယှဉ်နိုင်မည် မဟုတ်ပါ။
"ငါတို့ ပူးပေါင်းကြမယ်ဆိုရင် ဘယ်လိုသဘောရလဲ၊ ငါတို့လည်း သူတို့ကို ကယ်ချင်နေတာ"
လုမင် ပြောလိုက်သည်။
"ပူးပေါင်းမှာလား"
ရှတင်းက ဟွမ်လင်နှင့် ယဲ့တုန်ဖန့်ကို တစ်ချက်ကြည့်လိုက်၏။
"ကောင်းပြီ၊ ငါတို့ ပူးပေါင်းဖို့ သဘောတူတယ်"
ခဏမျှ စဉ်းစားပြီးနောက် ရှတင်း ခေါင်းညိတ်လိုက်တော့သည်။