အခန်း (၃၇၁-၃၇၂)
Vol. 38 Ch. 371-372
အခန်း (၃၇၁) ကျင့်ကြံသူက လမ်းကို ကြားဖြတ်တိုက်ခိုက်ခြင်းနှင့် နောက်မှ လိုက်ပါလာသော ကျောက်လင်
"ကောင်းကင်ထိုးဖောက် ရေခဲလွင်ပြင်..."
စန်းနီဟွာက သူ၏ သစ်သားတုတ်ချွန်ကို မှော်တုတ်တံတစ်ချောင်းကဲ့သို့ ဝှေ့ယမ်းလိုက်ရာ တုတ်ညွှန်ပြရာ အရပ်တွင် ရေခဲလွှာများ ထွက်ပေါ်လာပြီး မီတာငါးရာ ပတ်လည်ရှိ ဟင်းလင်းပြင်ကို အေးခဲသွားစေ၏။
ဤသည်က အဋ္ဌမအဆင့် ရေခဲစစ်သည်တစ်ယောက်၏ ထိတ်လန့်ဖွယ်ရာပင် ဖြစ်သည်။
သူက ရေခဲနယ်ပယ်ကို ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်၏။
စန်းနီဟွာ၏ တိုက်ခိုက်မှုက ချွေ့ယဲ့ချန်းကို ပစ်မှတ်ထားပုံရသော်လည်း အမှန်တကယ်တွင်မူ မဟာချင်မင်းဆက်မှ အခြားသော ကျင့်ကြံသူများ၊ လှည့်လည်သွားလာသူများနှင့် လွတ်လပ်သော ကျင့်ကြံသူများကို ထိခိုက်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဤရှေးဟောင်းသိုင်းပညာရှင် မိသားစုမှ ကျင့်ကြံသူများနှင့်အတူ လှည့်လည်သွားလာသူများ၊ လွတ်လပ်သော ကျင့်ကြံသူများ၏ အရေအတွက်မှာ ထောင်ဂဏန်းအထိ ရှိနေရာ အခြေအနေကို ကြည့်ရုံဖြင့် ထောက်ပံ့ရေးယာဉ်တန်းရှိ ရေခဲစစ်သည် ငါးရာထက် များပြားနေသည်မှာ သိသာထင်ရှားလှ၏။
ချွေ့ယဲ့ချန်းကလည်း အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း စန်းနီဟွာ ကောင်းကောင်း သိထားရာ သူ့အနေဖြင့် ချွေ့ယဲ့ချန်းအား တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ရန် အခွင့်အရေး မရှိပေ။
တာအိုနယ်ပယ်ကို ပိုင်ဆိုင်ထားသော အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်သည် အမှန်တကယ်ပင် သတ်ဖြတ်ရန် ခက်ခဲလှသည်။
"တကယ့်ကို ယုတ်မာတဲ့ကောင်ပဲ... အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ပွဲဂယက်ကိုသုံးပြီး ငါ့လူတွေကို တိုက်ခိုက်ဖို့ ကြိုးစားနေတာလား..."
စန်းနီဟွာ၏ လုပ်ရပ်များကို မြင်လိုက်ရသောအခါ သူ၏ ရည်ရွယ်ချက်များကို ချွေ့ယဲ့ချန်း သိလိုက်၏။
သဘာဝကျစွာပင် ချွေ့ယဲ့ချန်းက သူ့ကို အောင်မြင်ခွင့် ပေးမည် မဟုတ်ပေ။
"ညတစ္ဆေ..."
ချွေ့ယဲ့ချန်းက သူ၏ ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်တစ်ခုလုံး အမှောင်ထုအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။
ထိုအမှောင်ထုထဲတွင် ရေတွက်မရနိုင်သော ဓားအလင်းတန်းများ လင်းလက်သွားပြီး တစ္ဆေများကဲ့သို့ ဝင်ရောက်တိုက်ခိုက်လေသည်။
တိုက်ခိုက်မှုတိုင်းက ရေခဲလွှာများကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်၏။
ထိုစဉ် ကျင့်ကြံသူများ၊ လှည့်လည်သွားလာသူများနှင့် လွတ်လပ်သော ကျင့်ကြံသူ တစ်ထောင်ခန့်မှာ စန်းနီဟွာ၏ ရည်ရွယ်ချက်ကို နားလည်သွားကြပြီး နောက်ဘက်သို့ ပျံသန်းသွားကာ နဂါးပျံသင်္ဘောကို သိမ်းပိုက်ရန် ပြင်ဆင်လိုက်ကြသည်။
ရေခဲစစ်သည် ငါးရာကလည်း ထိုကျင့်ကြံသူများကို နဂါးပျံသင်္ဘောပေါ်သို့ တက်ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် လေထဲတွင် ချက်ချင်း ပိတ်ဆို့လိုက်ပြီး သူတို့၏ ရေခဲကျင့်စဉ်များကို အတူတကွ ထုတ်ဖော်လိုက်ကြ၏။
ရေခဲစစ်သည်များက သူတို့၏ လက်နက်များကို ကိုင်ဆောင်ကာ လေထဲတွင် အဆက်မပြတ် ဝှေ့ယမ်းလိုက်ကြပြီး ကောင်းကင်တစ်ခွင်လုံးကို ပိတ်လှောင်သွားစေမည့် ရေခဲစွမ်းအင်လှိုင်းများကို ထုတ်လွှတ်လိုက်ကြသည်။
"အားလုံးပဲ... ဒီရေခဲကျင့်စဉ်တွေကို ထိုးဖောက်ကြ..."
ချင်းမိသားစု၏ အကြီးအကဲက အော်ဟစ်လိုက်သည်။
"မိတ်ဆွေတို့... သူတို့ဆီမှာ ရေခဲစစ်သည် ငါးရာပဲရှိတာ... ငါတို့သာ အတူတူ တိုက်ခိုက်မယ်ဆိုရင် သူတို့ရဲ့ ရေခဲကျင့်စဉ်တွေက ငါတို့ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး..."
တုံအကြီးအကဲကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ကျင့်ကြံသူများ၊ လှည့်လည်သွားလာသူများနှင့် လွတ်လပ်သော ကျင့်ကြံသူ တစ်ထောင်ခန့်က ဤအချက်ကို နားလည်ထားကြသည်။ အားလုံး၏ စွမ်းအားများကိုသာ ပေါင်းစည်းလိုက်ပါက ရေခဲစစ်သည် ငါးရာမှာ သေချာပေါက် တောင့်ခံနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ကျင့်ကြံသူများ၊ လှည့်လည်သွားလာသူများနှင့် လွတ်လပ်သော ကျင့်ကြံသူ အားလုံးက အစွမ်းကုန် ကြိုးစားကာ သူတို့၏ ကျင့်စဉ်များကို ထုတ်ဖော်လိုက်ကြ၏။
လေထဲတွင် ကျင့်ကြံသူအဖွဲ့ နှစ်ဖွဲ့ကြားရှိ အုပ်စုလိုက် တိုက်ပွဲမှ စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာလေသည်။
ထိုသို့သော အုပ်စုလိုက် တိုက်ပွဲမျိုးတွင် ကျင့်ကြံသူတစ်ထောင်က ရေခဲစစ်သည် ငါးရာကို အလွယ်တကူ ချေမှုန်းနိုင်သင့်ပေသည်။
သို့သော်လည်း ကောင်းဖန်နိုင်ငံမှ ရေခဲစစ်သည် ငါးရာလုံးက ရေခဲဝိညာဉ်စွမ်းအင်ကို အသုံးပြုကြပြီး ပူးပေါင်းတိုက်ခိုက်ရာတွင်လည်း အလေ့အကျင့် ရှိကြ၏။ သူတို့က လေထဲတွင် တိုက်ခိုက်ရေးစစ်ကြောင်းတစ်ခုကို ဖွဲ့စည်းလိုက်ကြပြီး အုပ်စုလိုက် တိုက်ခိုက်မှုတိုင်းက ကောင်းကင်နှင့် မြေကြီးကို လှိုင်းထန်နေသော ရေခဲများအဖြစ်သို့ ပြောင်းလဲသွားစေကာ ကျင့်ကြံသူ တစ်ထောင်ကို ပိတ်ဆို့ထားလေသည်။
ဤသည်မှာ မကြာခဏ ပူးပေါင်းလုပ်ဆောင်မှုများမှတစ်ဆင့်သာ ဖွဲ့စည်းနိုင်သော ထိတ်လန့်ဖွယ် တိုက်ခိုက်ရေးစွမ်းအားပင် ဖြစ်သည်။
ထိုသို့သော ပေါင်းစည်းခြင်း စွမ်းအားမျိုးကို အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ထိပ်တိုက် ရင်ဆိုင်ရန် ဝံ့ရဲမည် မဟုတ်ပေ။
ခဏတာမျှ ကောင်းကင်ပေါ်ရှိ စစ်မြေပြင်နှစ်ခုမှာ အံ့သြဖွယ်ကောင်းလောက်အောင် မျှတနေခဲ့၏။
သို့သော် ဤအခြေအနေက ထာဝရ တည်တံ့နိုင်မည် မဟုတ်ပေ။
ပူးပေါင်းတိုက်ခိုက်ရေး စစ်ကြောင်းများ ရှိနေသော်လည်း ရေခဲစစ်သည် ငါးရာ၏ ရေခဲဝိညာဉ်စွမ်းအင်မှာ အကန့်အသတ်ရှိနေရာ တိုက်ပွဲကို အဆုံးအစမဲ့ ဆက်လက်ထိန်းသိမ်းထားရန်မှာ မဖြစ်နိုင်ချေ။
စန်းနီဟွာကို ချွေ့ယဲ့ချန်းက တားဆီးထားရာ အခြားတစ်ဖက်ရှိ အုပ်စုလိုက် တိုက်ပွဲကို မြင်လိုက်ရသောအခါ သူက ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွား၏။
"နဂါးပျံသင်္ဘောတွေ အားလုံးနားထောင်... အမြန်ဆုံးအရှိန်နဲ့ မောင်း... လျန်ရှီးမြို့ကို တိုက်ရိုက်ဦးတည်ကြ..."
စန်းနီဟွာက ချက်ချင်း အမိန့်ပေးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဤကျင့်ကြံသူများ၊ လှည့်လည်သွားလာသူများနှင့် လွတ်လပ်သော ကျင့်ကြံသူများ၏ ရည်ရွယ်ချက်မှာ နဂါးပျံသင်္ဘောအတွင်းရှိ ထောက်ပံ့ရေးပစ္စည်းများကို လုယက်ရန်သာ ဖြစ်သည်။ နဂါးပျံသင်္ဘော ထွက်ခွာသွားသည်နှင့် ထိုလူများက ရေခဲစစ်သည်များနှင့် သေချာပေါက် တိုက်ခိုက်ကြတော့မည် မဟုတ်ပေ။
သေချာပေါက်ပင် နဂါးပျံသင်္ဘောတစ်ရာက အမြန်ဆုံးအရှိန်ဖြင့် ပျံသန်းသွားကာ စစ်မြေပြင်ကို ဖြတ်ကျော်ရန် ပြင်ဆင်လိုက်ကြ၏။
"မိသားစုခေါင်းဆောင်ချွေ့... ခင်ဗျားရဲ့ လျှို့ဝှက်ရတနာကို ဘာလို့ ထုတ်မပြတာလဲ..."
ထိုအခိုက်တွင် အုပ်စုလိုက် တိုက်ပွဲကို ညွှန်ကြားနေသော ချင်းမိသားစု၏ အကြီးအကဲက အော်ဟစ်လိုက်သည်။
ရှေးဟောင်းသိုင်းပညာရှင် မိသားစုအများစုတွင် မျိုးရိုးလိုက် လက်ဆင့်ကမ်းလာသော ရတနာအချို့ ရှိတတ်ကြ၏။
ထို့အပြင် ချွေ့မိသားစုမှာ ရှီးစုစီရင်စုရှိ ပထမဆုံး ရှေးဟောင်းသိုင်းပညာရှင် မိသားစုလည်း ဖြစ်ပေသည်။
မိသားစုခေါင်းဆောင်တစ်ယောက်အနေဖြင့် ချွေ့ယဲ့ချန်းက မိသားစု၏ အဖိုးတန်ရတနာကို သူနှင့်အတူ ယူဆောင်မလာဘဲ နေမည်လား။
ယင်းကို ကြားလိုက်ရသောအခါ ချွေ့ယဲ့ချန်းက ချင်းမိသားစု၏ အကြီးအကဲဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သွား၏။
အမှန်ပင် ဤအချိန်တွင် သူတို့၏ စွမ်းရည်များကို ဖုံးကွယ်ထားရန် ကြိုးစားခြင်းက တစ်ခုလုံး၏ လုပ်ငန်းစဉ်ကို နှောင့်နှေးစေရုံသာ ရှိပေမည်။
"အနက်ရောင်ကြေးမုံ... တိုက်ခိုက်စမ်း..."
ရုတ်တရက် ချွေ့ယဲ့ချန်းက သူ၏ ဝတ်ရုံအတွင်းသို့ ဘယ်ဘက်လက်ကို လှမ်းထည့်လိုက်ပြီး အနက်ရောင် ကြေးမုံဝိုင်းတစ်ခုကို ဆွဲထုတ်လိုက်၏။
ဤအနက်ရောင်ကြေးမုံတွင် အနက်ရောင် မျက်နှာပြင်တစ်ခုရှိပြီး ကောင်းကင်နှင့် မြေကြီးကို ရောင်ပြန်ဟပ်နိုင်ခြင်း မရှိပုံရသော်လည်း ၎င်းအတွင်း၌ ကိုယ်ပိုင်ဟင်းလင်းပြင် ပါဝင်နေသည်။
ချွေ့ယဲ့ချန်းက အနက်ရောင်ကြေးမုံအတွင်းသို့ သူ၏ ဝိညာဉ်စွမ်းအင်များကို စီးဆင်းစေလိုက်ရာ ရုတ်တရက် အမှောင်အလင်းတန်းတစ်ခု ပစ်ထွက်လာ၏။
အမှောင်အလင်းတန်း ထိတွေ့သွားသည့် နေရာတိုင်းတွင် ဟင်းလင်းပြင်မှာ ဝါးမျိုခံလိုက်ရပုံရပြီး အရာဝတ္ထုအားလုံးမှာ ပျက်စီးသွားလေသည်။
ထို့နောက် ချက်ချင်းပင် ချွေ့ယဲ့ချန်းက အနင်ရောင်ကြေးမုံကို မြှောက်ကိုင်လိုက်ပြီး စန်းနီဟွာထံသို့ ချိန်ရွယ်လိုက်၏။
"ဝိညာဉ်ရတနာ..."
"ဒါက ဟင်းလင်းပြင်ကိုတောင် ဝါးမျိုနိုင်တဲ့ ဖျက်ဆီးခြင်းစွမ်းအား ပိုင်ဆိုင်ထားတာပဲ..."
စန်းနီဟွာက ထိုအနက်ရောင်အလင်းကို မြင်လိုက်ရသောအခါ အလွန်တရာ ထိတ်လန့်သွား၏။ သူက ရုတ်တရက် ဟင်းလင်းပြင် ခုန်ပျံခြင်းကို အသုံးပြုကာ တိုက်ပွဲဧရိယာမှ ရှောင်ပြေးသွားပြီး အမှောင်အလင်းတန်းကို ထိပ်တိုက် ရင်ဆိုင်ရန် မဝံ့ရဲတော့ပေ။
စန်းနီဟွာ ထွက်ပြေးသွားသည်ကို မြင်လိုက်ရသောအခါ ချွေ့ယဲ့ချန်းက ရေခဲစစ်သည် ငါးရာ၏ နောက်ကျောဘက်သို့ ရုတ်တရက် ပျံသန်းသွားကာ အနက်ရောင်ကြေးမုံကို ကောက်ကိုင်လိုက်ပြီး လေထဲသို့ ချိန်ရွယ်လိုက်၏။
အမှောင်အလင်းတန်းက ရေခဲစစ်သည် ငါးရာ၏ ခန္ဓာကိုယ်များကို ဖြတ်သန်းသွားလေသည်။
ဤရေခဲစစ်သည် ငါးရာကို ကျင့်ကြံသူ တစ်ထောင်က တားဆီးထားရာ သူတို့ဘာသာ ထွက်ပြေးနိုင်ခြင်း မရှိခဲ့ပေ။ အမှောင်အလင်းတန်း ဖြတ်သန်းသွားချိန်တွင် သူတို့အနေဖြင့် တုံ့ပြန်ရန် အချိန်မရလိုက်ချေ။
ထို့ကြောင့် အမှောင်အလင်းတန်း ရောက်ရှိသွားသည့် နေရာတိုင်းတွင် ထိုရေခဲစစ်သည်များ၏ ရုပ်ခန္ဓာများမှာ ဝါးမျိုခံရပြီး ပျက်စီးသွားကြ၏။
ချွေ့ယဲ့ချန်းနှင့် ကျင့်ကြံသူ တစ်ထောင်၏ အကူအညီဖြင့် ရေခဲစစ်သည် ငါးရာမှာ မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားခဲ့ရလေသည်။
"မင်း..."
"မဟာချင်က ကျင့်ကြံသူတွေ ဘယ်လောက်တောင် ယုတ်မာလိုက်သလဲ... ငါတို့ ကောင်းဖန်နိုင်ငံက အဆင့်မြင့် ရေခဲစစ်သည်တွေရဲ့ တစ်ဝက်ကို မင်းတို့ သတ်ပစ်ခဲ့တယ်... ငါတို့ ကောင်းဖန်နိုင်ငံရဲ့ စည်းကို မင်းတို့ ကျော်ဖြတ်လိုက်ပြီ..."
ရေခဲစစ်သည်ငါးရာ သေဆုံးသွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရင်း စန်းနီဟွာက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
ချွေ့ယဲ့ချန်းက အနက်ရောင်ကြေးမုံကို ပြန်သိမ်းလိုက်ပြီ ဖြစ်သည်။
ဤဝိညာဉ်ရတနာမှာ ချွေ့မိသားစု၏ ရတနာများထဲမှ တစ်ခုဖြစ်ပြီး ၎င်း၏ အသုံးပြုမှုမှာ အကန့်အသတ်ရှိ၏။ အသုံးပြုလိုက်တိုင်းတွင် ရနိုင်သော အကြိမ်ရေ တစ်ကြိမ် လျော့နည်းသွားမည်ဖြစ်သည်။ ချွေ့ယဲ့ချန်းက မည်သို့လုပ် အနက်ရောင်ကြေးမုံကို ဆက်လက် အသက်သွင်းထားနိုင်မည်နည်း။
"ကောင်းဖန်နိုင်ငံရဲ့ ရေခဲသခင်... မင်းပြောနေတာတွေက လုံးဝကို အဓိပ္ပာယ်မရှိဘူး..."
"မင်းတို့ ကောင်းဖန်နိုင်ငံက ငါတို့ မဟာချင်မင်းဆက်ရဲ့ နယ်မြေကို ကျူးကျော်ခဲ့တာလေ... ငါတို့က ပြန်လည်ခုခံရင်း မင်းတို့ရဲ့ ရေခဲစစ်သည်တွေကို သတ်ခဲ့တာ... ငါတို့ကို အပြစ်တင်ဖို့ မင်းမှာ ဘာမျက်နှာ ရှိသေးလို့လဲ..."
"မင်းက လက်မခံနိုင်သေးဘူးပေါ့လေ..."
"ကောင်းပြီလေ... ငါတို့ရဲ့ တိုက်ပွဲကို ဆက်ကြတာပေါ့..."
ချွေ့ယဲ့ချန်းက လှောင်ပြုံးပြုံးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
စန်းနီဟွာက နှာခေါင်းရှုံ့လိုက်ပြီး ပျံသန်းထွက်ပြေးရန် ပြင်လိုက်သည်။
"အားလုံးပဲ မြန်မြန်လုပ်ပြီး နဂါးပျံသင်္ဘောကို လိုက်မီအောင် သွားကြ... သင်္ဘောတစ်ရာလုံးကို လုယူကြမယ်..."
ချွေ့ယဲ့ချန်းက ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ဘဲ သူ၏ အသာစီးရမှုကို အသုံးချရန် ဆုံးဖြတ်ထား၏။
တစ်ချိန်တည်းမှာပင် နဂါးပျံသင်္ဘောများက ဝူယွန်းတောင်တန်း တစ်လျှောက် လျင်မြန်စွာ ပျံသန်းနေစဉ် ကျောက်လင်၏ ပုံရိပ်က လေဟာနယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး နဂါးပျံသင်္ဘော၏ အရှေ့မှ လမ်းကို ပိတ်ဆို့လိုက်လေသည်။
သို့သော် ထိုအချိန်တွင် ကျောက်လင်က မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထား၏။
ထိုနေ့က ကျောက်လင်သည် ကောင်းဖန်စစ်တပ်၏ ထောက်ပံ့ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ကာ ကောင်းဖန်နိုင်ငံမှ သံမဏိခွာစာမရီ အကောင်ရေ ရှစ်သောင်းကို လုယူခဲ့ပြီး အဋ္ဌမအဆင့် ရေခဲသခင် နှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သည်။
ကျောက်လင်အနေဖြင့် ဤတစ်ကြိမ်တွင် သူ၏ မျက်နှာကို မပြချင်ခဲ့ပေ။ သူက အာရုံစိုက်ခံရမည်ကို မလိုလားချေ။
"ငါတို့လမ်းကို ဘယ်သူက လာပိတ်နေတာလဲ..."
ပထမဆုံး နဂါးပျံသင်္ဘောပေါ်ရှိ ထောက်ပံ့ရေးစစ်သည်များက လေထဲတွင် သူတို့၏လမ်းကို ပိတ်ဆို့နေသော ကျောက်လင်၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားကြ၏။
ရေခဲစစ်သည်များ၏ ကွပ်ကဲမှု မရှိပါက သာမန်တိုက်ခိုက်ရေးစွမ်းရည်သာ ရှိသော ဤသာမန် ထောက်ပံ့ရေးစစ်သည်များမှာ ပျံသန်းနိုင်သည့် ဤကျင့်ကြံသူ၏ ပြိုင်ဘက် မဟုတ်ပေ။
အခန်း (၃၇၂) နဂါးပျံသင်္ဘောအား ခိုးယူသွားပြီးနောက် အဋ္ဌမအဆင့် ရေခဲစစ်သည် နောက်တစ်ဦး ထပ်မံပေါ်ထွက်လာခြင်း
ကောင်းဖန်နိုင်ငံမှ အပြန်လမ်းတွင် ကျောက်လင်၏ စိတ်အာရုံက ကံကြမ္မာနတ်ဘုရားအဆင့်စာရင်း၌သာ အာရုံရောက်နေခဲ့၏။
ကျောက်လင်၏ အမိန့်အရ ကြွက်လေးသည် ကောင်းဖန်စစ်တပ်၏ နောက်တန်းတစ်လျှောက်လုံးအား အနီးကပ် စောင့်ကြည့်နေခဲ့ရာ ချွေ့ယဲ့ချန်းနှင့် ကျင့်ကြံသူ တစ်ထောင်ခန့် ဝူယွန်းတောင်တန်း၌ ပုန်းခိုနေသည်ကို တွေ့ရှိခဲ့ရသည်။
ထိုအချိန်တွင် ကောင်းဖန်စစ်တပ်၏ ရိက္ခာပို့ဆောင်ရေးတပ်ဖွဲ့သည် ဝူယွန်းတောင်တန်းလမ်းကြောင်းမှ သေချာပေါက် လာမည်ကို ကျောက်လင် သိလိုက်၏။
ထို့ကြောင့် ကျောက်လင်က ကြွက်လေးအား ချွေ့ယဲ့ချန်းနှင့် အခြားသူများအနီးတွင် ချုံခိုစောင့်ကြည့်နေစေခဲ့သည်။
ကြွက်လေးသည် ချွေ့ယဲ့ချန်းနှင့် သူ၏ ကျင့်ကြံသူတစ်ထောင်က ရိက္ခာပို့ဆောင်ရေးတပ်ဖွဲ့အား ချုံခိုတိုက်ခိုက်ခြင်းနှင့် ရေခဲစစ်သည် ငါးရာတို့နှင့် တိုက်ခိုက်နေသည့် မြင်ကွင်းကို အသေအချာ တွေ့မြင်ခဲ့ရ၏။
ဆိုလိုသည်မှာ ကျောက်လင်ကလည်း အဖြစ်အပျက်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့ခြင်းပင်ဖြစ်သည်။
မောင်းသူမဲ့ယာဉ်ကို သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုထားသဖြင့် ကျောက်လင်၏ အမြန်နှုန်းမှာ အံ့မခန်းဖြစ်နေပြီး စစ်မြေပြင်ကို ရှောင်ကွင်းကာ ရှေ့တန်းသို့ ရောက်ရှိလာခဲ့ပြီး နဂါးပျံသင်္ဘော ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့၏။
ယခုအခါ၌ ဤနဂါးပျံသင်္ဘော အစင်းတစ်ရာသည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"မင်းက ဘယ်သူလဲ..."
"ငါတို့ ကောင်းဖန်စစ်တပ်ရဲ့ နဂါးပျံသင်္ဘောကို လာပိတ်ဆို့ရဲတယ်ပေါ့လေ..."
ပထမဆုံး နဂါးပျံသင်္ဘောပေါ်ရှိ ထောက်ပံ့ရေးစစ်သည်က ကျောက်လင်ကို ဒေါသတကြီး လက်ညှိုးထိုးကာ ပြောလိုက်၏။
သဘာဝကျစွာပင် ကျောက်လင်သည် ဤသာမန်စစ်သားများနှင့် အဓိပ္ပာယ်မရှိသော စကားများပြောရန် သူ၏ ခွန်အားများကို အလဟဿ မဖြုန်းတီးလိုပေ။
ရုတ်တရက် ကျောက်လင်၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး ပထမဆုံး နဂါးပျံသင်္ဘောပေါ်သို့ ရောက်ရှိသွားခဲ့၏။
သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လက်ဝါးရိုက်ချက် နှစ်ဆယ် ထွက်ပေါ်လာပြီး သင်္ဘောပေါ်ရှိ ထောက်ပံ့ရေးစစ်သည် နှစ်ဆယ်ကို တစ်ပြိုင်နက်တည်း ရိုက်ချလိုက်သည်။
ထိုရိုက်ချက်က သူတို့၏ ခန္ဓာကိုယ်များကို တစ်ချက်တည်းနှင့် အပိုင်းပိုင်းအစစ ဖြစ်သွားစေ၏။
နဂါးပျံသင်္ဘောကို ထိန်းချုပ်နေသည့် ပဉ္စမအဆင့် ရေခဲစစ်သည် တစ်ဦးသည် ကျောက်လင်၏ စွမ်းအားကို မြင်တွေ့ပြီးနောက် ထိတ်လန့်တကြားဖြစ်ကာ သင်္ဘောပေါ်မှ ပျံသန်းထွက်ပြေးရန် ကြိုးစားလေ၏။
သို့သော် ကျောက်လင်က သူ့ကို မည်သို့ ထွက်ပြေးခွင့်ပြုမည်နည်း။
နောက်ထပ် လက်ဝါးရိုက်ချက်တစ်ခုနှင့်အတူ အစွမ်းထက်လှသော လက်ဝါးဓားသွားက သူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းချလိုက်သည်။
ချက်ချင်းပင် ကျောက်လင်က နဂါးပျံသင်္ဘောကို ထိလိုက်ပြီး ဧရာမသင်္ဘောကြီးကို စနစ်နေရာလွတ်ထဲသို့ တိုက်ရိုက် သိမ်းဆည်းလိုက်၏။
"ဟာ..."
"နဂါးပျံသင်္ဘောကြီး ပျောက်သွားပြီ..."
အနောက်မှ လိုက်ပါလာသော နဂါးပျံသင်္ဘောများသည် ပထမဆုံး သင်္ဘောကြီး လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ ထောက်ပံ့ရေးစစ်သည် အားလုံးမှာ တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ အလွန်အမင်း ထိတ်လန့်သွားကြသည်။
ကျောက်လင်သည် တစ်ခဏမျှပင် မရပ်တန့်ဘဲ နောက်တစ်ကြိမ် လျှပ်တစ်ပြက် လှုပ်ရှားကာ ဒုတိယမြောက် နဂါးပျံသင်္ဘောပေါ်သို့ ရောက်ရှိသွားပြန်၏။
သတ္တုလမ်းစဉ်၏ နက်နဲသော အဓိပ္ပာယ် စွမ်းအားအားလုံးကို ဆုပ်ကိုင်ထားနိုင်ပြီဖြစ်ရာ ကျောက်လင်၏ နတ်ဘုရား အမြန်နှုန်း လှုပ်ရှားမှု သိုင်းကွက်သည် ပို၍ပင် မြန်ဆန်လာပြီး တည်နေရာရွှေ့ပြောင်းခြင်းနှင့်ပင် ခွဲခြား၍မရတော့ပေ။
ဤထောက်ပံ့ရေးစစ်သည်များသည် မျက်တောင်တစ်ချက် ခတ်ရန်ပင် အချိန်မရလိုက်ဘဲ ကျောက်လင် သူတို့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်ဟု ဆိုနိုင်ပေသည်။
ဒုတိယ သင်္ဘောပေါ်ရှိ ထောက်ပံ့ရေးစစ်သည် နှစ်ဆယ်မှာ အသံတစ်သံမျှပင် မထွက်နိုင်ခင်မှာပဲ ကျောက်လင်၏ လက်ဝါးရိုက်ချက်က သူတို့အပေါ် ကျရောက်လာခဲ့၏။
ထောက်ပံ့ရေးစစ်သည် နှစ်ဆယ်၏ ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားသည်။
နဂါးပျံသင်္ဘောကို ထိန်းချုပ်နေသည့် ပဉ္စမအဆင့် ရေခဲစစ်သည်သည်လည်း ပထမသင်္ဘောပေါ်မှ ပဉ္စမအဆင့် ရေခဲစစ်သည်ကဲ့သို့ပင် ခုန်ပျံထွက်ပြေးရန် ကြိုးစားလေ၏။
သို့သော် လက်ဝါးရိုက်ချက်တစ်ခုက သူ၏အပေါ် ကျရောက်လာပြီး ထိုပဉ္စမအဆင့် ရေခဲစစ်သည်ကို အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။
သဘာဝကျစွာပင် ကျောက်လင်က ဒုတိယမြောက် နဂါးပျံသင်္ဘောကို ကျွမ်းကျင်စွာ ရယူနိုင်ခဲ့သည်။
"ဒုက္ခပါပဲ... သိုင်းပညာရှင်တစ်ယောက် ရောက်နေတယ်..."
"ရေခဲသခင်ကြီးကြပ်မှုမရှိရင် ငါတို့က သူ့ ပြိုင်ဘက် မဟုတ်ဘူး... မြန်မြန် ထွက်ပြေးကြ..."
"ပြီးပြီ... အကုန်ပြီးပြီ..."
"နဂါးပျံသင်္ဘောတွေ အားလုံး လူစုခွဲပြီး ထွက်ပြေးကြ..."
နောက်ဆုံးတွင် အနောက်မှ နဂါးပျံသင်္ဘောများက ဘာဖြစ်နေသည်ကို သဘောပေါက်သွားကြ၏။
ဤထောက်ပံ့ရေးစစ်သည်များသည် ကျောက်လင်ကို မည်သို့မျှ မတားဆီးနိုင်ပေ။ အကယ်၍ သူတို့ ထွက်မပြေးပါက အားလုံး ကျောက်လင်၏ လက်ချက်ဖြင့် သေကြရမည်သာ ဖြစ်သည်။
ယခုအခါတွင် ဤနဂါးပျံသင်္ဘောများ မည်သို့ ပျောက်ကွယ်သွားသည်ကို သူတို့ ဂရုမစိုက်နိုင်တော့သလို ကျောက်လင်က သူတို့၏ ရိက္ခာများကို ယူဆောင်သွားမည်ကိုလည်း ဂရုမစိုက်နိုင်တော့ပေ။ သူတို့ လိုချင်သမျှက အသက်ရှင်ကျန်ရစ်ရေးသာဖြစ်၏။
ရလဒ်အနေဖြင့် အနောက်မှ လိုက်ပါလာသော နဂါးပျံသင်္ဘောများသည် သူတို့၏ မူလလေယာဉ်ပျံသန်းမှု လမ်းကြောင်းမှ သွေဖည်သွားကာ လူစုခွဲ၍ ထွက်ပြေးရန် ကြိုးစားကြရာ ကျောက်လင်အတွက် ၎င်းတို့ တစ်စင်းစီတိုင်းကို လိုက်မီရန် မဖြစ်နိုင်တော့ပေ။
ထိုအခိုက်တွင် နောက်ဆုံး နဂါးပျံသင်္ဘောပေါ်၌ သေးငယ်သော ပုံရိပ်လေးတစ်ခုက လေဟာပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာ၏။
ကြွက်လေးလည်း ရောက်ရှိနေခြင်း ဖြစ်သည်။
ကျင့်ကြံသူအဖွဲ့ တိုက်ပွဲအတွင်း ကြွက်လေးသည် စစ်မြေပြင်မှ ဦးစွာ ထွက်ပြေးသွားသော နဂါးပျံသင်္ဘောနောက်သို့ လိုက်သွားခဲ့ခြင်း ဖြစ်၏။
ကျောက်လင်က နဂါးပျံသင်္ဘောကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနေချိန်တွင် ကြွက်လေးမှာ လေထဲ၌ လွင့်မျောနေပြီး မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။
သို့သော် နဂါးပျံသင်္ဘောများ လူစုခွဲ၍ ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါ ကြွက်လေးသည် ဆက်၍ မစောင့်နိုင်တော့ပေ။ ၎င်းက ကျောက်လင်ကို စိတ်အနှောင့်အယှက် မဖြစ်စေလိုချေ။
နဂါးပျံသင်္ဘော တစ်စင်းမျှ လွတ်မြောက်သွား၍ မဖြစ်ပေ။
ကြွက်လေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် နဂါးပျံသင်္ဘောကို မောင်းနှင်နေသော ပဉ္စမအဆင့် ရေခဲစစ်သည်၏ ဦးခေါင်းဆီသို့ သွားကာ ဆူးချွန်များကို ကိုင်၍ သူ၏ ဦးခေါင်းထဲသို့ တိုက်ရိုက် စိုက်ချလိုက်၏။
ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာမှုနှင့်အတူ ဤပဉ္စမအဆင့် ရေခဲစစ်သည်၏ ဦးခေါင်းမှာ ပေါက်ကွဲသွားတော့သည်။
ကြွက်လေး၏ တိုက်ခိုက်မှုများက ထက်မြက်လှပြီး ၎င်းတွင် တည်နေရာရွှေ့ပြောင်းနိုင်သည့် အမြန်နှုန်းလည်း ရှိသောကြောင့် ဒုတိယမြောက် နဂါးပျံသင်္ဘောပေါ်သို့ ချက်ချင်း ရောက်ရှိသွားလေသည်။
ထိုလုပ်ရပ်အတိုင်းသာ ထပ်မံ လုပ်ဆောင်လိုက်၏။
ကျောက်လင်နှင့် ကြွက်လေးတို့က တစ်ဖက်တစ်ချက်စီမှ တိုက်ခိုက်ကြရာ နဂါးပျံသင်္ဘောတစ်ရာမှာ ထွက်ပြေးရန် အချိန်မရလိုက်ပေ။
မကြာမီမှာပင် နဂါးပျံသင်္ဘောတစ်ရာလုံးကို ကျောက်လင်က စနစ်နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်သည်။
"ကောင်းလိုက်တာ... ဒီနဂါးပျံသင်္ဘောတွေက အများအားဖြင့် ရိက္ခာတွေ တင်ဆောင်ထားပေမယ့် ငွေတုံးတွေလည်း အများကြီး ပါသေးတာပဲ..."
"ကောင်းဖန်နိုင်ငံမှာ သွန်းလုပ်ထားတဲ့ ငွေတုံးတွေက မဟာချင်မင်းဆက်ရဲ့ ကျင့်ကြံသူတွေအတွက်တော့ သုံးလို့မရပေမယ့် ငါ့အတွက်တော့ ဘာပြဿနာမှ မရှိဘူး..."
နဂါးပျံသင်္ဘောတစ်ရာကို ရရှိပြီးနောက် ကျောက်လင်သည် သင်္ဘောပေါ်ရှိ ထောက်ပံ့ရေးပစ္စည်းများကို လှမ်းကြည့်လိုက်ပြီး အလွန်အမင်း စိတ်လှုပ်ရှားသွား၏။
ဤနဂါးပျံသင်္ဘောများပေါ်ရှိ ငွေတုံးများသည် ကောင်းဖန်စစ်တပ် အင်အား နှစ်သိန်းတစ်သောင်း၏ စစ်ဘက်ဆိုင်ရာ လစာငွေများ ဖြစ်နိုင်ချေရှိသည်။
စုစုပေါင်း ငွေပြား ငါးသန်းတိတိ ရှိနေသည်လေ။
"စနစ်... ငွေတုံးတွေ အားလုံးကို စနစ်အမှတ်တွေအဖြစ် လဲလှယ်ပေး..."
စနစ်အမှတ် - ၆,၁၀၁,၀၀၀,၀၀၀
ယခုဆိုလျှင် သူ့တွင် စနစ်အမှတ် ခြောက်ဘီလီယံကျော်ရှိနေပြီ ဖြစ်သည်။
အခြေခံအားဖြင့် ကျောက်လင်သည် စနစ်ဈေးဆိုင်တွင် တစ်စုံတစ်ရာ ဝယ်ယူရန်အတွက် အမှတ်မလောက်မည်ကို စိုးရိမ်ရန် မလိုအပ်တော့ပေ။
"ဖက်တီး... ငါတို့ အရင်ဆုံး ဒီနေရာမှ ထွက်သွားကြရအောင်..."
ကျောက်လင်က ရယ်မောကာ ခေါ်လိုက်၏။
ငွေကြေး အမြောက်အမြားကို ရရှိပြီးနောက် ကျောက်လင်၏ စိတ်ခံစားချက်က အလွန် ကောင်းမွန်နေခဲ့သည်။
"သွားစို့..."
"မင်းက ထွက်သွားနိုင်မယ်လို့ သေချာနေတာလား..."
ရုတ်တရက် ပုံရိပ်တစ်ခုက လေဟာပြင်ကို ဖြတ်သန်းလာသကဲ့သို့ ကျောက်လင်၏ ရှေ့တွင် ထွက်ပေါ်လာပြီး ကျောက်လင်၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။
ဤသူသည် အခြားသော အဋ္ဌမအဆင့် ရေခဲစစ်သည် နောက်တစ်ဦးပင် ဖြစ်သည်။
သူသည် အခြားသူမဟုတ်ဘဲ အနောက်ပိုင်းဒေသစစ်တပ်ကို ထိန်းချုပ်ထားခဲ့သော အဋ္ဌမအဆင့် ရေခဲစစ်သည် ကျားလောနီပင်ဖြစ်၏။
ကောင်းဖန်စစ်တပ်၏ အဓိကတပ်မကြီးသည် လျန်ရှီးမြို့ ပြင်ပရှိ တပ်စခန်းသို့ ပြောင်းရွှေ့လာချိန်တွင် ရိက္ခာပို့ဆောင်ရေးတပ်ဖွဲ့ ရောက်မလာသေးသည်ကို သူတို့ တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ တပ်မှူး ကျောက်ကဲစန်းက အလွန်စိုးရိမ်သွားပြီး ကျားလောနီကို သူတို့အား လာရောက် ကြိုဆိုရန် တောင်းဆိုခဲ့သည်။
ကျားလောနီ ပျံသန်းလာစဉ်တွင် ကျောက်လင်ကို တွေ့လိုက်ရ၏။
ကျောက်လင်ထံတွင် ရေခဲစွမ်းအား အရိပ်အယောင်မျှပင် မရှိသည်ကို တွေ့ရသဖြင့် ကျောက်လင်သည် မဟာချင်မင်းဆက်မှ ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ရိက္ခာများကို လုယက်ရန် ရည်ရွယ်ချက်ဖြင့် လာခြင်းဖြစ်ကြောင်း ကျားလောနီက ကောက်ချက်ချလိုက်သည်။
ထို့ကြောင့် ကျားလောနီက ကျောက်လင်ကို သတ်ချင်နေခဲ့ခြင်း ဖြစ်၏။
ကျောက်လင်က ကျားလောနီကို အာရုံခံမိပြီး သူသည်လည်း အဋ္ဌမအဆင့် ရေခဲစစ်သည်တစ်ဦးဖြစ်နေကြောင်း တွေ့ရှိလိုက်ရသောအခါ သူ၏ မျက်လုံးများက အံ့အားသင့်မှုကြောင့် တောက်ပသွားသည်။
အဋ္ဌမအဆင့် ရေခဲစစ်သည် နှစ်ဦးကို သတ်ဖြတ်ပြီးနောက် ကျောက်လင်သည် ကျောက်စိမ်းပြားနှစ်ခုကို ရရှိခဲ့သည်။ ယခုအခါတွင် သူက ကောင်းဖန်နိုင်ငံ၏ အဋ္ဌမအဆင့် ရေခဲစစ်သည်ကို မည်သည့်နေရာတွင် ရှာရမည်နည်းဟု စဉ်းစားနေခဲ့ခြင်းဖြစ်၏။
နဂါးပျံသင်္ဘောကို သိမ်းပိုက်ပြီးခါစမှာပင် နောက်ထပ် အဋ္ဌမအဆင့် ရေခဲစစ်သည်တစ်ဦး ရောက်လာခဲ့သည်။ ဤသည်မှာ မည်ကဲ့သို့သော အခွင့်အရေးမျိုးနည်း။
"ကောင်လေး... မင်းက ရယ်နေတာလား..."
ကျောက်လင်၏ နှုတ်ခမ်းများက ကောက်ကျစ်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်ကို မြင်လိုက်ရသောအခါ ကျားလောနီမှာ တော်တော်လေး မှင်တက်သွား၏။
*ငါ့လို အဋ္ဌမအဆင့် ရေခဲစစ်သည်က တကယ်ပဲ အဲ့ဒီလောက်တောင် ရယ်စရာကောင်းနေလို့လား*
*ဘာလို့ ဒီကောင်လေးက ငါ့ကို ကြောက်လန့်တဲ့ အရိပ်အယောင်လေးတောင် မပြရတာလဲ*
ဤသည်မှာ ကျားလောနီက ကျောက်လင်ကို ချက်ချင်း မတိုက်ခိုက်ရသည့် အကြောင်းရင်းပင် ဖြစ်သည်။
"ဒါပေါ့... ငါ ရယ်မိမှာပဲလေ..."
"ငါ့ဆီ ရတနာတွေ သယ်လာပေးတဲ့ မင်းလို အဘိုးကြီးကို မြင်ရလို့ ငါ အရမ်း ပျော်နေတာ..."
ကျောက်လင်က ပြုံးကာ ပြောလိုက်၏။