← Chapters

အခန်း (၃၇၃-၃၇၄)

Vol. 38 Ch. 373-374

အခန်း (၃၇၃-၃၇၄)

Vol. 38 Ch. 373-374

အခန်း (၃၇၃) အဋ္ဌမအဆင့် ရေခဲစစ်သည် နှစ်ယောက် ဆက်တိုက် အသတ်ခံရခြင်း

"ရတနာလာပို့တဲ့ အဘိုးကြီးလား..."

"ဒါဆို မင်းက ငါ့ကို သတ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေတာပေါ့လေ ကောင်လေး..."

ကျောက်လင်၏ စကားကို ကြားလိုက်ရသောအခါ ကျားလောနီက ရယ်မောလိုက်၏။

ကျော်ကြားလှသော အဋ္ဌမအဆင့် ရေခဲစစ်သည်၏ ရှေ့မှောက်တွင် ဤဆဋ္ဌမအဆင့် ပေါင်းစည်းခြင်းနယ်ပယ်မျှသာ ရှိသေးသူက သူ့ကို သတ်မည်ဟု ခြိမ်းခြောက်ဝံ့နေသည်မှာ ရှင်းလင်းလှပေသည်။

ထိုအကြောင်းကို တွေးကြည့်ရုံဖြင့်ပင် ရယ်စရာကောင်းလှ၏။

ကျားလောနီသည် ကောင်းဖန်တိုင်းပြည်ရှိ အဋ္ဌမအဆင့် ရေခဲစစ်သည် ငါးယောက်အနက် စွမ်းအားအဆင့် နှစ်တွင်ရှိပြီး နန်းတော်ထဲရှိ မိန်းမစိုးအိုကြီး၏ နောက်တွင်သာရှိသည်။

ဤသည်ကပင် ကျားလောနီ၏ ယုံကြည်မှုဖြစ်ပြီး အားအနည်းဆုံး နဝမအဆင့် သိုင်းပညာရှင်ထံမှပင် သူ လွတ်မြောက်နိုင်မည်ဟု ယုံကြည်ထား၏။

"မင်းကို သတ်ရတာ ခက်ခဲမှာ မဟုတ်ပါဘူး..."

ကျောက်လင်က ကျားလောနီကို ပြုံးယောင်သန်းလျက် ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲနေသော ဤအဋ္ဌမအဆင့် အရာရှိအပေါ် သနားကြင်နာမှုများပင် ပေါ်လွင်နေပြီ ဖြစ်သည်။

အဋ္ဌမအဆင့် ရေခဲစစ်သည် နှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ကျောက်လင်က မည်သို့မျှ မခံစားရတော့ချေ။

ဓားအဆောင်နှင့် ရင်ဆိုင်ရချိန်တွင် မြင့်မားလှသော အဋ္ဌမအဆင့်ဆိုသည်မှာ ရယ်စရာတစ်ခုမျှသာဖြစ်သည်ဟု သူ ထင်မြင်မိသွား၏။

"ဟားဟား..."

ကျားလောနီမှာ တကယ်ပင် ဒေါသထွက်လွန်း၍ ရယ်မောသွားရသည်။

"ကောင်လေး မင်းက သတ္တိတော့ ရှိသားပဲ..."

"မဟာချင်မင်းဆက်က ကျင့်ကြံသူတွေ အကုန်လုံး ဒီလောက်တောင် မောက်မာကြလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."

"ကောင်းပြီလေ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေနဲ့ အချိန်ဖြုန်းနေဖို့ ငါ့မှာ အချိန်မရှိဘူး..."

"အခု မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပြီး မင်းကို ဒီနေရာမှာ ထာဝရအေးခဲသွားစေရမယ်..."

ကျားလောနီက စကားဆုံးသွားသည်နှင့် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။

ကျောက်လင်၏ စကားများက ရန်စခြင်းမျှသာ မဟုတ်တော့ဘဲ အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်၏ သြဇာအာဏာကို စော်ကားလိုက်ခြင်းဖြစ်ကြောင်း ရှင်းလင်းနေ၏။

ထို့ကြောင့် နဂါးပျံသင်္ဘောအဖွဲ့နှင့် အမြန်ဆုံး သွားရောက်တွေ့ဆုံလိုသော ကျားလောနီသည် ကျောက်လင်ကို ထာဝရအေးခဲသွားစေရန် ရေခဲစွမ်းအားကို အသုံးပြု၍ လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး တောင်ထိပ်ပေါ်တွင် ရပ်နေသော ရေခဲပန်းပုရုပ်အဖြစ် ပြောင်းလဲပစ်ရန် ဆုံးဖြတ်လိုက်သည်။

ကျားလောနီက ရေခဲနက်ဓားတစ်လက်ကို ဆွဲထုတ်လိုက်ရာ ပတ်ဝန်းကျင် ဟင်းလင်းပြင်ရှိ ရေခိုးရေငွေ့များက မြူဖြူများအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းရေခဲနက်ဓား၌ ကိုယ်ပိုင်ရေခဲစွမ်းအားများ ပါဝင်နေကြောင်း ပြသနေ၏။

"ရေခဲတောင်တန်းနဲ့ မြစ်ရေပြင်..."

ရုတ်တရက် ကျားလောနီက သူ၏ ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားသွားထံမှ အလွန်ပြင်းထန်လှသော ရေခဲအမှတ်အလင်းတန်းတစ်ခု ပစ်ထွက်လာသည်။

ဤ ရေခဲစွမ်းအားတွင် အားကောင်းလှသော ရေခဲစွမ်းအင်များ ပါဝင်နေ၏။

ထိုရေခဲစွမ်းအားက ကျောက်လင်ကို ထိမှန်သွားသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော ရေခဲစွမ်းအားက ကျောက်လင်၏ ခန္ဓာကိုယ်ကို လုံးဝ အေးခဲသွားစေမည်ဖြစ်ပြီး မည်သည့်အခါမျှ ပြန်လည် အရည်ပျော်နိုင်တော့မည် မဟုတ်ပေ။

"မင်းသာ ထွက်ပြေးချင်ရင်တော့ ငါ တကယ် လိုက်ဖမ်းနိုင်မှာ မဟုတ်ဘူး..."

"ဒါပေမဲ့ မင်းကက အတင်းအဓမ္မ ကြွားဝါပြီး အားနည်းသူကို အနိုင်ကျင့်ချင်နေသေးတယ်ဆိုရင်တော့ သေဖို့သာ ပြင်ထားပေတော့..."

ကျောက်လင်က အနည်းငယ် ပြုံးလိုက်ပြီး လက်နှစ်ဖက်ဖြင့် ဝိညာဉ်သလင်းကျောက်နှင့် ပျက်စီးခြင်းဓားအဆောင်ကို ထုတ်ယူလိုက်၏။

ဝိညာဉ်သလင်းကျောက်ထဲရှိ ဝိညာဉ်စွမ်းအင်များ လုံးဝ ကုန်ခမ်းသွားပြီး ပျက်စီးခြင်းဓားအဆောင်ကို အသက်သွင်းလိုက်သည်။

လွန်ခဲ့သော စက္ကန့်ပိုင်းလေးကမှ ကျားလောနီက ဓားကို ဝှေ့ယမ်းနေခဲ့သော်လည်း သူ၏ ခေါင်းပေါ်ရှိ ဟင်းလင်းပြင်နယ်ပယ်က ရုတ်တရက် အက်ကွဲသွားပြီး ဟင်းလင်းပြင်နယ်ပယ်ထဲမှ ဓားချီတစ်ခု ပေါက်ကွဲထွက်လာကာ ကျားလောနီကို တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ သူ၏ ခေါင်းထဲသို့ ဖောက်ဝင်သွား၏။

ကျားလောနီ ထုတ်လွှတ်လိုက်သော ရေခဲစွမ်းအားသည် မယုံနိုင်လောက်အောင် စွမ်းအားပြင်းထန်သော်လည်း အသံထက်မြန်သော ကျောပိုးအိတ် တပ်ဆင်ထားသည့် ကျောက်လင်က သူ၏ ခန္ဓာကိုယ်ကို ရေခဲစွမ်းအားနှင့် လွတ်ကင်းအောင် တိုက်ရိုက် ရှောင်တိမ်းနိုင်ခဲ့သည်။

ထိုရေခဲစွမ်းအားက တောင်ထိပ်ပေါ်သို့ ကျရောက်သွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ယခင်က ကျောက်ဆောင်ဗလာများ ဖုံးလွှမ်းနေသော တောင်ထိပ်သည် မီတာတစ်ရာနီးပါးခန့် ကျယ်ဝန်းသော ရေခဲဖြူပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထို့နောက် ကျောက်လင်က အသံထက်မြန်သော ကျောပိုးအိတ်ဖြင့် ကောင်းကင်ပေါ်မှ ဆင်းသက်လာ၏။

ကျားလောနီ၏ ခန္ဓာကိုယ်သည် ဓားချီ၏ ဖျက်ဆီးမှုကို ခံရပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားသော်လည်း စွမ်းအားကူးပြောင်းခြင်း ကျောက်စိမ်းပြား တစ်ခု ကျန်ရစ်ခဲ့သည်။

"အရမ်းကောင်းတယ်..."

ဤသည်က ကျောက်လင် လိုချင်နေသော ရလဒ်ပင် ဖြစ်သည်။

ကောင်းဖန်တိုင်းပြည်၏ အဋ္ဌမအဆင့်ရေခဲစစ်သည်သည် တကယ့်ကို ရတနာပေးသည့် အဘိုးကြီးဖြစ်ကြောင်း အချက်အလက်များအရ သက်သေပြနိုင်ခဲ့ပေပြီ။

ကျောက်လင်က စွမ်းအားများ ကူးပြောင်းပေးနိုင်သည်ဆိုသော ကျောက်စိမ်းပြားကို ဆွဲယူလိုက်၏။

ချက်ချင်းပင် ကျောက်လင်၏ စိတ်အာရုံက စွမ်းအားကူးပြောင်းခြင်း ကျောက်စိမ်းပြားထဲသို့ ဝင်ရောက်သွားရာ အလင်းလုံး သုံးလုံးကို မြင်လိုက်ရသည်။

"ပြောရမယ်ဆိုရင် ဒီလူက အရမ်းကို အစွမ်းထက်တာပဲ... တာအိုသုံးခုကိုတောင် ကျွမ်းကျင်ထားသေးတယ်..."

ကျောက်လင်က အလင်းလုံး သုံးလုံးကို မြင်သောအခါ အံ့သြသွား၏။

အလင်းလုံးများထဲမှ တစ်ခုမှာ ရေလမ်းစဉ်တာအိုဖြစ်သည်။

အခြားအလင်းလုံးတစ်ခုမှာ သစ်သားလမ်းစဉ်တာအိုဖြစ်၏။

ကျန်ရှိနေသော အလင်းလုံးတစ်ခုမှာ သတ္တုလမ်းစဉ်ပင် ဖြစ်လေသည်။

ဤအချိန်တွင် ကျောက်လင်က အခြား စွမ်းအားကူးပြောင်းခြင်း ကျောက်စိမ်းပြားတစ်ခုကို ထပ်ထုတ်လိုက်သည်။

"သံမဏိခွာ စာမရီစားကျက်မှာ ငါသတ်ခဲ့တဲ့ အဋ္ဌမအဆင့် အရာရှိဆီက ရလာတဲ့ ကျောက်စိမ်းပြားပေါ်မှာလည်း ရေလမ်းစဉ်တာအိုနဲ့ မြေကမ္ဘာလမ်းစဉ်တာအိုဆိုပြီး အလင်းလုံး နှစ်လုံး ပါသေးတယ်..."

"ငါက ပြည့်စုံတဲ့ မီးလမ်းစဉ်တာအိုနဲ့ သတ္တုလမ်းစဉ်ကို ကျွမ်းကျင်ထားပြီးသား... အခု ငါ့လက်ထဲက ကူးပြောင်းခြင်း ကျောက်စိမ်းပြားနှစ်ခုနဲ့ဆိုရင် သစ်သားလမ်းစဉ်တာအို ရေလမ်းစဉ်တာအိုနဲ့ မြေကမ္ဘာလမ်းစဉ်တာအိုတွေကိုပါ ပြည့်ပြည့်စုံစုံ ရသွားပြီ..."

"ငါ့မှာ ကျင့်ကြံခြင်းအမှတ်တွေ လုံလုံလောက်လောက် ရှိနေသရွေ့ ဒီတာအိုသုံးပါးကိုလည်း အပြည့်အဝ နားလည်သဘောပေါက်နိုင်မှာ သေချာတယ်..."

ကျောက်လင်က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်၏။

"တာအို..."

နိုင်ငံစစ်ပွဲသို့ လာရောက်ခြင်းသည် လုံးဝ မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပေသည်။

ကောင်းဖန်တိုင်းပြည်သည် ကျောက်လင်အတွက် ကံကောင်းသော နေရာတစ်ခုလည်းဖြစ်ပြီး အဋ္ဌမအဆင့် ရေခဲစစ်သည် သုံးယောက်ကို စေလွှတ်ပေးခဲ့ကာ ကျောက်လင်အား ကျောက်စိမ်းပြားသုံးခုကို ရရှိစေခဲ့သည်။

ကျောက်လင် ထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် ဝူယွန်းတောင်တန်းမှ ဟင်းလင်းပြင်ကို ဖြတ်ကျော်လာသကဲ့သို့ လူရိပ်တစ်ခုက အလျင်အမြန် ပျံသန်းလာ၏။

ထိုသူမှာ ရိက္ခာများ သယ်ယူပို့ဆောင်ရေးကို တာဝန်ယူရသော အရာရှိ စန်းနီဟွာပင် ဖြစ်သည်။

ချွေ့ယဲ့ချန်းက အနက်ရောင်ကြေးမုံကို ဆွဲထုတ်လိုက်သည်ကို မြင်သောအခါ အဋ္ဌမအဆင့် ရေခဲစစ်သည်မှာ မိမိ အသာစီးမရနိုင်မှန်း သိလိုက်သဖြင့် စစ်မြေပြင်မှ ချက်ချင်း ထွက်ပြေးခဲ့ကာ နဂါးပျံသင်္ဘောအဖွဲ့ကို အမြန်ဆုံး အမီလိုက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

စန်းနီဟွာ၏ အနောက်တွင် ချွေ့ယဲ့ချန်းကလည်း ကျင့်ကြံသူ တစ်ထောင်နှင့်အတူ လိုက်လံဖမ်းဆီးနေသော်လည်း ၎င်းတို့မှာ အတော်လေး ကွာဝေးနေခဲ့၏။

စန်းနီဟွာက ကျောက်လင်ကို မြင်လိုက်ရသလို အောက်ဘက်ရှိ တောင်ထိပ်တွင် ရေခဲများ ဖုံးလွှမ်းနေပြီး ပြင်းထန်သော ရေခဲစွမ်းအင်များ ပြည့်နှက်နေသည်ကိုလည်း မြင်တွေ့လိုက်ရသည်။

"ဟင်..."

"ကျားလောနီ ခုလေးတင် ဒီနေရာမှာ ရှိနေခဲ့တာလား..."

စန်းနီဟွာသည် ကောင်းဖန်တိုင်းပြည်ရှိ အခြား အဋ္ဌမအဆင့် ရေခဲစစ်သည် လေးယောက်နှင့် သဘာဝကျကျ ရင်းနှီးပြီးသား ဖြစ်သည်။ တောင်ထိပ်ပေါ်ရှိ ရေခဲများကို ခံစားလိုက်ရပြီးနောက် ဤသည်က ကျားလောနီ၏ တာအိုနယ်ပယ် စွမ်းအားဖြစ်ကြောင်း သူ သိလိုက်၏။

ချက်ချင်းပင် စန်းနီဟွာ၏ စိတ်အာရုံက ကျောက်လင်အပေါ် ကျရောက်သွားပြီး ကျောက်လင်၏ အငွေ့အသက်ကို ခံစားလိုက်ရကာ ကျောက်လင်ထံတွင် တာအိုစွမ်းအားမရှိကြောင်း သူ သိလိုက်ရသည်။

ပေါင်းစည်းခြင်းနယ်ပယ်က သာမန် ကျင့်ကြံသူလေးတစ်ယောက်မျှသာ ဖြစ်သည်။

ထို့ကြောင့် စန်းနီဟွာမှာ ထပ်မံ တွေးတောနေစရာ မလိုတော့ဘဲ သူ၏ ထွက်ပြေးရာ လမ်းကြောင်းပေါ်ရှိ ပေါင်းစည်းခြင်းနယ်ပယ်မှ ကျောက်လင်ကို သတ်ဖြတ်သွားရန် စီစဉ်လိုက်၏။

"ကောင်းကင်ထိုးဖောက် ရေခဲလွင်ပြင်..."

စန်းနီဟွာက သူ၏ ထိပ်ချွန်တုတ်ကို ထုတ်ယူလိုက်ပြီး အမြန်နှုန်းဖြင့် ပျံသန်းလာရင်း ကျောက်လင်ထံသို့ ရိုက်ချရန် ပြင်လိုက်သည်။

ကျောက်လင်၏ စိတ်စွမ်းအားဖြင့် စူးစမ်းနိုင်သော အကွာအဝေးမှာလည်း မီတာသုံးရာအထိ ရှိသည်။ စန်းနီဟွာ၏ လုပ်ဆောင်ချက်များကို ခံစားသိရှိလိုက်ပြီးနောက် သူက ပြုံးလိုက်ကာ စိတ်လှုပ်ရှားနေသော အမူအရာကို ပြသလိုက်၏။

ကောင်းဖန်တိုင်းပြည်မှ ဤအဋ္ဌမအဆင့် ရေခဲစစ်သည်တိုင်းက အဘယ်ကြောင့် သူ့ကို လာရောက်သတ်ဖြတ်လိုသနည်းဆိုသည်ကို သူ နားမလည်နိုင်ပေ။

သို့ဖြစ်ရာ ကျောက်လင်က မည်သို့လုပ် ခုခံခြင်းမရှိဘဲ အလွယ်တကူ အရှုံးပေးမည်နည်း။

ထို့ကြောင့် ကျောက်လင်က အခြား ဝိညာဉ်သလင်းကျောက် တစ်ခုနှင့် ပျက်စီးခြင်းဓားအဆောင်ကို ထုတ်ယူလိုက်ပြန်သည်။

ကျယ်ပြောလှသော ရေခဲပြင်ကြီး ဆန့်တန်းလာသည်နှင့်အမျှ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ပျံသန်းလာသည့် စန်းနီဟွာ၏ ခေါင်းပေါ်ရှိ ဟင်းလင်းပြင်က ရုတ်တရက် ဆုတ်ဖြဲခံလိုက်ရပြီး မြေကမ္ဘာကိုပင် တုန်လှုပ်စေနိုင်သော စွမ်းအားများဖြင့် ဓားချီတစ်ခု ထွက်ပေါ်လာကာ သူ၏ ကျောပြင်ကို ဖောက်ဝင်သွား၏။

ဖျက်ဆီးခြင်း စွမ်းအားများက စန်းနီဟွာ၏ ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းသွားပြီး သူ၏ အသက်စွမ်းအင် အားလုံးကို တစ်ချက်တည်းဖြင့် သုတ်သင်ဖယ်ရှားပစ်လိုက်သည်။

ကျင့်ကြံသူတစ်ထောင်၏ ဝိုင်းရံထားမှုမှ သူ မည်သို့ အသက်ရှင်လွတ်မြောက်လာခဲ့ပြီး လမ်းခုလတ်၌ ပေါင်းစည်းခြင်းနယ်ပယ်က ကောင်လေးတစ်ယောက်ကို သတ်ဖြတ်ရန် ကြိုးစားရင်း ရုတ်တရက် အသတ်ခံလိုက်ရသည်ကို စန်းနီဟွာ တစ်ယောက် နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရ၏။

ရေခဲများ သူထံသို့ မရောက်လာမီ အသံထက်မြန်သော ကျောပိုးအိတ်က ကျောက်လင်ကို ကောင်းကင်ပေါ်သို့ ပင့်တင်ပို့ဆောင်လိုက်ပြီး ရေခဲများ၏ တိုက်ခိုက်မှုမှ လွတ်မြောက်သွားစေသည်။

စန်းနီဟွာ သေဆုံးသွားသည်နှင့် ရေခဲ၏ ဆက်တိုက်ထွက်ပေါ်နေသော စွမ်းအားများ ပျောက်ကွယ်သွားပြီး ရေခဲများအားလုံး ကောင်းကင်ပေါ်မှ ပြုတ်ကျသွားလေသည်။

ကျောက်လင်က အခွင့်အရေးကို ဆုပ်ကိုင်၍ ခန္ဓာကိုယ်ကို နောက်ပြန်လှည့်ကာ စန်းနီဟွာ ခုလေးတင် ရှိနေခဲ့သော နေရာဆီသို့ ပျံသန်းသွား၏။

ထင်ထားသည့်အတိုင်းပင် အခြား စွမ်းအားကူးပြောင်းခြင်း ကျောက်စိမ်းပြားတစ်ခု မြေပြင်ပေါ်သို့ ကျလာသည်။

ကျောက်လင်က စွမ်းအားများ ကူးပြောင်းပေးနိုင်သည်ဆိုသော ကျောက်စိမ်းပြားကို ဆွဲယူလိုက်ပြန်၏။

ထိုအချိန်မှာပင် ချွေ့ယဲ့ချန်းက အနောက်ဘက်မှ ပျံသန်းလာသည်။

"တခြားတစ်ယောက်ယောက် ဒီနေရာမှာ ရှိနေတယ်..."

"မဟာချင်မင်းဆက်က ကျင့်ကြံသူ တစ်ယောက် ဖြစ်ပုံရတယ်..."

လူတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ ကျောက်လင်က တုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်း ပျံသန်းထွက်ခွာသွားလေသည်။

အခန်း (၃၇၄) ပြောင်းပြန်လှန်၍ ကောင်းဖန်တိုင်းပြည်မှ ရိက္ခာများကို လုယူခြင်း

"ဘယ်သူလဲ..."

ချွေ့ယဲ့ချန်းက ကျောက်လင်၏ ပုံရိပ် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး မျက်စိတစ်မှိတ်အတွင်း အနက်ရောင်အစက်လေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ကာ အံ့အားသင့်သွား၏။

အသံထက်မြန်သော ကျောပိုးအိတ်၏ အကူအညီဖြင့် ကျောက်လင်က အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားသဖြင့် ချွေ့ယဲ့ချန်းက သူ့ကို သေချာပင် မမြင်လိုက်ရချေ။

ချက်ချင်းပင် ချွေ့ယဲ့ချန်းက ရပ်တန့်လိုက်သည်။ အကြောင်းမူကား တောင်ထွတ်တစ်ခုလုံး ရေခဲများ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရပြီးနောက် ရေခဲလွှာပေါင်းများစွာ မြေပြင်ပေါ်သို့ ကျဆင်းလာကာ ရေခဲတုံးများအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်၏။

"ဘာဖြစ်သွားတာလဲ..."

"ဒီရေခဲလွှာ နှစ်မျိုးက အနည်းငယ် ကွဲပြားတဲ့ ရေခဲနယ်ပယ် စွမ်းအင်တွေ ပါဝင်နေတယ်..."

"ဒီကြေမွသွားတဲ့ ရေခဲလွှာက ရိက္ခာပို့ဆောင်ရေး တာဝန်ယူထားတဲ့ အဋ္ဌမအဆင့် ရေခဲစစ်သည်ဆီက ဖြစ်လောက်ပြီးတော့ တောင်ထွတ်ပေါ်က ရေခဲလွှာကတော့ တခြားအဋ္ဌမအဆင့် ရေခဲစစ်သည် တစ်ယောက်ဆီက ဖြစ်ရမယ်..."

"နဂါးပျံသင်္ဘောကို အဋ္ဌမအဆင့် ရေခဲစစ်သည် နှစ်ယောက် ယူသွားပုံရတယ်..."

ရေခဲလွှာနှစ်ခု၏ တည်ရှိမှုကို အာရုံခံမိပြီးနောက် ချွေ့ယဲ့ချန်းက ဤသို့ ကောက်ချက်ချလိုက်ခြင်း ဖြစ်သည်။

သူ၏ ကောက်ချက်အရ ခုနက ပျံသန်းသွားသော တာအိုပုံရိပ်သည် နဂါးပျံသင်္ဘောကို လုယူရန် ကြိုးစားသော်လည်း အဋ္ဌမအဆင့် ရေခဲစစ်သည် နှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် လန့်ပြေးသွားသည့် လွတ်လပ်သော ကျင့်ကြံသူတစ်ယောက် ဖြစ်ပုံရသည်။

ထို့အပြင် ယခုနေရာသည် လျန်ရှီးမြို့နှင့် သိပ်မဝေးတော့ချေ။

ကောင်းဖန်စစ်တပ်၏ ပင်မတပ်ဖွဲ့ထဲတွင် နဝမအဆင့် ရေခဲစစ်သည်တစ်ယောက် လျှို့ဝှက် ပုန်းအောင်းနေကြောင်းကိုလည်း ချွေ့ယဲ့ချန်း သိထား၏။

ထို့ကြောင့် ချွေ့ယဲ့ချန်းက ကောင်းဖန်စစ်တပ်၏ ပင်မတပ်ဖွဲ့ကို ဆက်လက် လိုက်လံဖမ်းဆီးရန် သတ္တိမရှိတော့ပေ။

ကျင့်ကြံသူများ၊ လှည့်လည်သွားလာသူများနှင့် လွတ်လပ်သော ကျင့်ကြံသူများက နောက်မှ လိုက်ပါလာကြပြီး မြေပြင်ပေါ်ရှိ ရေခဲလွှာပေါင်းများစွာကို အားလုံး မြင်လိုက်ရသည်။

"ချွေ့မိသားစုခေါင်းဆောင်... ခင်ဗျား နဂါးပျံသင်္ဘောကို မမီလိုက်ဘူးလား..."

ချင်းမိသားစုမှ အကြီးအကဲက မေးလိုက်၏။

ချွေ့ယဲ့ချန်းက ခေါင်းခါယမ်းလိုက်သည်။

"နဂါးပျံသင်္ဘောကို အကူအညီပေးနေတဲ့ အဋ္ဌမအဆင့် ရေခဲစစ်သည် နှစ်ယောက်နဲ့ဆိုတော့ တစ်ပြိုင်နက်တည်း နှစ်ယောက်ကို ရင်ဆိုင်ဖို့ ငါ့မှာ ယုံကြည်မှု မရှိဘူး..."

"ဒီနေရာက လျန်ရှီးမြို့နဲ့ သိပ်မဝေးဘူး... တိုက်ပွဲလှိုင်းတွေကို ကောင်းဖန်တိုင်းပြည်က နဝမအဆင့် ရေခဲစစ်သည်တွေ အာရုံခံမိသွားမှာကို စိုးရိမ်မိတယ်... အဲ့လိုဆိုရင် ငါတို့ထဲက တစ်ယောက်မှ လွတ်နိုင်တော့မှာ မဟုတ်ဘူး..."

ချွေ့ယဲ့ချန်းက ရှင်းပြလိုက်၏။

အခြားသော ကျင့်ကြံသူများ၊ လှည့်လည်သွားလာသူများနှင့် လွတ်လပ်သော ကျင့်ကြံသူများက ချက်ချင်းပင် နားလည်သွားကြသည်။

တကယ်လို့ သူတို့က နဝမအဆင့် ရေခဲစစ်သည်ကိုသာ ဆွဲဆောင်မိသွားပါက သူတို့လူ တစ်ထောင်ရှိနေလျှင်ပင် ဓားတစ်ချက်တည်းနှင့် အသတ်ခံရရန်ပင် လုံလောက်မည် မဟုတ်ပေ။

"ချွေ့မိသားစုခေါင်းဆောင်... ဒီတစ်ခေါက် နဂါးပျံသင်္ဘောကို လုယူဖို့ ကျရှုံးသွားပြီ... ငါတို့ နောက်တစ်ဆင့် ဘာဆက်လုပ်ကြမလဲ..."

ထိုအခိုက်တွင် တုံလူမျိုးစုမှ အကြီးအကဲက မေးလိုက်၏။

ဤသည်က ရှေးဟောင်းသိုင်းပညာရှင် မိသားစုများ၊ လှည့်လည်သွားလာသူများနှင့် လွတ်လပ်သော ကျင့်ကြံသူများ အားလုံး စုစည်းမိရန် ရှားပါးသော အခွင့်အရေး ဖြစ်သည်။ မည်သည့် ရတနာကိုမဆို လက်လွတ်ခံလိုက်ရလျှင် နှမြောစရာ ကောင်းပေလိမ့်မည်။

"လူကြီးမင်းတို့... နောက်ဆုံးတိုက်ပွဲနေ့မှာ တိုက်ခိုက်ဖို့ ပါရမီရှင်နှစ်ယောက် ရှိနေသေးတယ်..."

"ငါတို့ရဲ့ အမြန်နှုန်းနဲ့ဆိုရင် နေ့ဝက်လောက် ပျံသန်းလိုက်တာနဲ့ ကောင်းဖန်တိုင်းပြည်ကို ရောက်ဖို့ လုံလောက်တယ်..."

"ဒီတစ်ခေါက်မှာ ငါတို့က ရေခဲစစ်သည် ငါးရာကို သတ်ဖြတ်နိုင်ခဲ့တယ်... အဲ့ဒါက ကောင်းဖန်တိုင်းပြည်မှာရှိတဲ့ အရည်အသွေးမြင့် ရေခဲစစ်သည်တွေရဲ့ တစ်ဝက်လောက် ရှိတယ်..."

"ကောင်းဖန်တိုင်းပြည်မှာ ရေခဲစစ်သည်တွေ သိပ်မကျန်တော့တဲ့အတွက် ဒီအခွင့်အရေးကို ယူပြီး ကောင်းဖန်တိုင်းပြည်ကို ရက်အနည်းငယ်လောက် ဝင်ရောက်စီးနင်းပြီး သူတို့ရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို လုယူလိုက်ရင်ကော ဘယ်လိုလဲ... သူတို့ရဲ့ မျိုးရိုးစဥ်ဆက် အမွေအနှစ်တွေကိုပါ ဖျက်ဆီးပစ်ကြမယ်..."

ချွေ့ယဲ့ချန်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် အကြံတစ်ခု ရလာကာ ချက်ချင်းပင် ထုတ်ပြောလိုက်၏။

၎င်းကို ကြားလိုက်ရသောအခါ ရှေးဟောင်းသိုင်းပညာရှင် မိသားစုများ၊ လှည့်လည်သွားလာသူများနှင့် လွတ်လပ်သော ကျင့်ကြံသူများ အားလုံး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာများ ပေါ်လွင်လာကြသည်။

ဟုတ်ပေသည်။ ဤသည်က တကယ့်ကို တစ်သက်တွင် တစ်ကြိမ်သာ ကြုံနိုင်သော အခွင့်အရေးပင်ဖြစ်၏။

ကောင်းဖန်တိုင်းပြည်က မဟာချင်မင်းဆက်ကို ကြီးမားသော ကျူးကျော်မှုတစ်ရပ် ပြုလုပ်ခဲ့သော်လည်း ၎င်း၏ ကိုယ်ပိုင်ပိုင်နက်မှ ကျင့်ကြံသူ အများအပြားကို စစ်မျက်နှာပြင်သို့ စေလွှတ်ခဲ့သဖြင့် တိုင်းပြည်ကို ကာကွယ်ရန် အရည်အသွေးမြင့် ရေခဲစစ်သည်များ နည်းပါးစွာသာ ကျန်ရစ်တော့သည်။

ထိုသို့ ဟာလာဟင်းလင်းဖြစ်နေသော နေရာမျိုးကို ဤကျင့်ကြံသူတစ်ထောင်ကသာ ဝင်ရောက် မွှေနှောက်လိုက်ပါက ကောင်းဖန်တိုင်းပြည်ရှိ မည်သည့် အင်အားစုက သူတို့ကို ခုခံနိုင်မည်နည်း။

"ကောင်းတယ်..."

"ချွေ့မိသားစုခေါင်းဆောင်က ပညာရှိပေတယ်..."

"ခုလိုအခွင့်အရေးကောင်းမျိုးဆိုတော့ ငါတို့ လုယူရမှာပေါ့..."

အားလုံးက သဘောတူညီလိုက်ကြ၏။

ထို့ကြောင့် လူတစ်ထောင်က ချက်ချင်းပင် လှည့်ကာ ကောင်းဖန်တိုင်းပြည်ဆီသို့ ပျံသန်းသွားကြသည်။

ကျောက်လင်က ဝမ့်ရှန်းတောင်တန်းဆီသို့ ပြန်လည် ပျံသန်းလာခဲ့သည်။

ဦးစွာ ဝိညာဉ်သားရဲ နှစ်ရာကို ဟင်းလင်းပြင်ပုတီးစေ့ထဲသို့ ပြန်လည် ရုပ်သိမ်းလိုက်၏။

ထို့နောက် ကျောက်လင်က ဂူတစ်ခု၏ အစွန်းသို့ ရောက်ရှိလာသည်။

ရှန့်ယွင်ချွမ်း၊ ယောင်ဟွိုင်တောက်နှင့် အခြားသူများသည် ကျောက်လင်၏ အမိန့်အတိုင်း ဤဂူထဲတွင် ပုန်းအောင်းနေခဲ့ကြသည်။

"တပ်စုမှူးနဲ့ ညီအစ်ကိုတွေ... ထွက်လာခဲ့ကြတော့..."

ကျောက်လင်၏ အသံကို ကြားလိုက်ရသောအခါ ဂူထဲရှိ လူတစ်ရာက ချက်ချင်း ပြေးထွက်လာကြ၏။

"ကျောက်လင်... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ..."

"ကျောက်လင်... မင်း ကောင်းဖန်စစ်တပ်ရဲ့ ရေခဲစစ်သည်တွေဆီ အဖမ်းမခံရတာ တကယ် ကောင်းသွားတာပဲ..."

ထိုလူများက ထွက်လာပြီး ကျောက်လင်ကို စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းရံလိုက်ကြသည်။

ထိုအခိုက်တွင် ကျောက်လင်က ထိုလူများ သယ်ဆောင်လာသော အဝတ်အိတ်များကို ကြည့်လိုက်ရာ အားလုံးက ဘယ်ဘက်နားရွက်များနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။

၎င်းတို့က ဘယ်ဘက်နားရွက် တစ်သောင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာစွမ်းဆောင်ရည် အမှတ် တစ်သောင်းလည်း ဖြစ်ပေသည်။

ထို့ကြောင့် ကျောက်လင်က အကြံတစ်ခု ရလာ၏။

"လူကြီးမင်းတို့... ဒီထောက်ပံ့ရေးစစ်သည် အချို့ကို ကျွန်တော် သတ်ခဲ့တာဖြစ်ပြီး အချို့ကိုတော့ ခင်ဗျားတို့အားလုံး သတ်ခဲ့ကြတာပါ..."

"ကျွန်တော်လည်း အတိအကျ အရေအတွက်ကို မပြောနိုင်ဘူး..."

"ဒါပေမဲ့ ကျွန်တော့်မှာ အကြံပြုချက်တစ်ခု ရှိတယ်... အားလုံး သဘောတူနိုင်မလား ကြည့်ရအောင်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။

၎င်းကို ကြားလိုက်ရသောအခါ ရှန့်ယွင်ချွမ်း၊ ယောင်ဟွိုင်တောက်နှင့် အခြားသူများ အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

ဤသည်က တကယ့်အမှန်တရားပင် ဖြစ်သည်။ ကျောက်လင်သည် ထောက်ပံ့ရေးတပ်များကို ဦးစွာရှာဖွေတွေ့ရှိခဲ့သူဖြစ်ပြီး ထောက်ပံ့ရေးစစ်သည် အနည်းဆုံး နှစ်ထောင်ခန့်ကို သတ်ဖြတ်ခဲ့၏။ သူတို့ထဲမှ လူတစ်ရာသာ ပြေးလာနိုင်ခဲ့သည်။ ထို့နောက်ပိုင်းတွင်မှ ကျန်ရစ်သော ထောက်ပံ့ရေးစစ်သည် သုံးထောင်ကို ကျောက်လင်နှင့်အတူ ပူးပေါင်း၍ သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

တိုက်ပွဲနယ်မြေသို့ ရောက်ရှိသွားသောအခါ လူတစ်ရာက ကျန်ရှိနေသော ထောက်ပံ့ရေးစစ်သည် သုံးထောင်ကို အတူတကွ လိုက်လံ သတ်ဖြတ်ခဲ့ကြသည်။

အမှန်တကယ် ရေတွက်ကြည့်မည်ဆိုလျှင် ကျောက်လင်သည် ထောက်ပံ့ရေးစစ်သည် အနည်းဆုံး သုံးထောင်ကို သတ်ဖြတ်ခဲ့သည်မှာ သေချာပေသည်။

အရေးအကြီးဆုံးမှာ ဤလူတစ်ရာ အသက်ရှင်ကျန်ရစ်ရခြင်း၏ အကြောင်းရင်းက ကျောက်လင်သည် ကောင်းဖန်တိုင်းပြည်၏ ရေခဲစစ်သည်များကို ဟန့်တားထားပြီး သူတို့ ဂူထဲတွင် ဘေးကင်းစွာ ပုန်းအောင်းနိုင်ရန် ထိုရေခဲစစ်သည်များကို ဖြားယောင်းခေါ်ထုတ်သွားခဲ့သောကြောင့် ဖြစ်၏။

"ကျောက်လင်... မင်း ပြောပါ..."

ရှန့်ယွင်ချွမ်းက ဦးဆောင်၍ ပြောလိုက်သည်။

"ခင်ဗျားတို့ သယ်လာတဲ့ ဘယ်ဘက်နားရွက် တစ်ခုစီကို ငွေပြားတစ်ပြားနဲ့ ကျွန်တော် ဝယ်လိုက်ရင်ကော ဘယ်လိုလဲ..."

ကျောက်လင်က ရယ်မောလိုက်၏။

ငွေပြား တစ်သောင်းဆိုသည်မှာ ကျောက်လင်အတွက် ဘာမှမဟုတ်ပေ။ ၎င်းက ပင်လယ်ထဲမှ ရေတစ်စက်မျှသာ ဖြစ်၏။

"ဟင်..."

"အဲ့လောက်တောင် များတာလား..."

၎င်းကို ကြားလိုက်ရသောအခါ အားလုံးက ကျောက်လင်ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေကြသည်။

ငွေကြေးဆိုသည်က ကျောက်လင်အတွက် စိုးရိမ်စရာ မဟုတ်တော့သော်လည်း။

သို့သော် ဤနယ်ခြားစောင့်တပ်မှ စစ်သည်များအတွက်မူ ၎င်းက သူတို့၏ အသက်ရှင်သန်ရေး လမ်းကြောင်းပင် ဖြစ်ပေသည်။

ဤနယ်ခြားစောင့်တပ်မှ စစ်သည်တစ်ယောက်စီတိုင်းက ဘယ်ဘက်နားရွက် ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာကျော်အထိ သယ်ဆောင်လာကြသည်။ ကျောက်လင်၏ စကားအရဆိုလျှင် သူတို့သည် ငွေပြား ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာကျော်ကို တိုက်ရိုက် ရရှိသွားမည် ဖြစ်၏။

ဤသည်က တကယ့်ကို ကြီးမားလှသော စည်းစိမ်ပင် ဖြစ်သည်။

"ကျောက်လင်... အဲ့လောက်အထိ မလိုပါဘူး... အရင်တုန်းက လူတွေ ဘယ်ဘက်နားရွက်တွေကို အရောင်းအဝယ် လုပ်ကြတဲ့အခါ အလွန်ဆုံး ပြား ငါးရာလောက်ပဲ ရှိတာပါ..."

"ဒါ့အပြင် မင်းကိုယ်တိုင်က ထောက်ပံ့ရေးစစ်သည် အနည်းဆုံး သုံးထောင်လောက်ကို သတ်ခဲ့တာဆိုတော့ ငါတို့က မင်းဆီကနေ ကြီးမားတဲ့ အမြတ်အစွန်းတွေ ရထားပြီးသားပါ..."

ယောင်ဟွိုင်တောက်က ချက်ချင်းပင် ဝင်ပြောလိုက်၏။ သူက ကျောက်လင်ထံမှ နည်းလမ်းများစွာဖြင့် အကျိုးအမြတ်များ ရရှိခဲ့ပြီး ဖြစ်သည်။ ကျောက်စိမ်းနယ်ပယ်၏ စွမ်းအားကပင် ကျောက်လင်၏ အကူအညီဖြင့် တိုးတက်လာခဲ့ခြင်း ဖြစ်၏။ သူက မည်သို့လုပ်၍ ထပ်မံအခွင့်ကောင်းယူနိုင်မည်နည်း။

"ကျောက်လင်... ငါ့ရဲ့ ဘယ်ဘက်နားရွက်ကို မင်းကို ပေးမယ်... ပိုက်ဆံမလိုဘူး..."

ရှုံ့တာကျွမ်းသည် အမြဲတမ်း ကျောက်လင်အပေါ် နားလည်ပေးတတ်သူ ဖြစ်သည်။ ကျောက်လင်၏ စကားကို ကြားလိုက်ရသောအခါ သူက စိုးရိမ်တကြီး ဖြစ်သွားပြီး သူ၏ လက်ထဲရှိ အဝတ်အိတ်ကို ကျောက်လင်ထံ ချက်ချင်း ကမ်းပေးလိုက်၏။

ရှန့်ယွင်ချွမ်းကလည်း ပြုံးဖြီးဖြီးဖြင့် အဝတ်အိတ်ကို ကျောက်လင်ထံသို့ လှမ်းပစ်ပေးလိုက်သည်။

၎င်းကို မြင်သောအခါ အခြားသူများကလည်း အဝတ်အိတ်ကို လှမ်းပစ်ပေးချင်လာကြ၏။

ကျောက်လင်က ချက်ချင်း လက်ခါပြလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ အားလုံးပဲ... ဘာမှ ဆက်မပြောကြပါနဲ့တော့..."

"ဘယ်ဘက်နားရွက်တစ်ခုကို ငွေပြား တစ်ပြားနဲ့ တန်တယ်..."

"ဟွိုင်တောက်... တာကျွမ်း... မင်းတို့ ခြောက်ယောက် စာရင်းမှတ်ဖို့ ငါ့ကို ကူညီပေးပါ... နိုင်ငံစစ်ပွဲအပြီးမှာ အားလုံး ပြန်လာကြတဲ့အခါ ငွေအားလုံးကို ရှင်းပေးပါ့မယ်..."

၎င်းကို ကြားလိုက်ရသောအခါ ကျောက်လင်၏ သဘောထားက ခိုင်မာပြီး သူတို့ကို အခွင့်ကောင်းယူရန် ရည်ရွယ်ချက် မရှိကြောင်း အားလုံးက နားလည်သွားကြသည်။

ထို့ကြောင့် အားလုံးက သူတို့၏ ကျေးဇူးတင်မှုကို ရင်ထဲတွင်သာ သိမ်းဆည်းထားလိုက်ကြပြီး ဘာမျှ ဆက်မပြောကြတော့ချေ။

မကြာမီပင် လူတစ်ရာ သယ်ဆောင်လာသော အဝတ်အိတ်များကို ဖွင့်လိုက်ကြပြီး လူတိုင်းက သူတို့လက်ထဲရှိ ဘယ်ဘက်နားရွက်များကို ရေတွက်ကာ စာရင်းမှတ်လိုက်ကြ၏။

ကျောက်လင်က ရှန့်ယွင်ချွမ်းကို ဘေးဘက်သို့ ဆွဲခေါ်သွားလိုက်သည်။

"တပ်စုမှူး... အခုချိန်မှာ ကောင်းဖန်တိုင်းပြည်က ရေခဲစစ်သည်တွေ သိပ်မရှိတော့ဘူး... စစ်ရေးအင်အားကလည်း အားနည်းနေတယ်..."

"ခင်ဗျားက ညီအစ်ကိုတွေကို ဦးဆောင်ပြီး ကောင်းဖန်တိုင်းပြည်ထဲ ဝင်ပြီး ရိက္ခာတွေကို စိတ်ကြိုက် လုယူလိုက်ပါ... ဒါက တစ်သက်မှာတစ်ခါ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ..."

ကျောက်လင်က ရှင်းပြလိုက်၏။

All Chapters