အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
အခန်း (၅၁) ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခု
လဲ့ကျန်းကျွင်းသည် သူ၏ရုံးခန်းအတွင်း၌ လက်အောက်ငယ်သားများနှင့် အစည်းအဝေးတစ်ခုကို ပြုလုပ်နေလျက်ရှိလေသည်။
ထိုအစည်းအဝေးတွင် ပြည်တွင်းဖြစ် ချစ်ပ်ပြားများကိုသာ အပြည့်အဝ အသုံးပြုတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည့်အပြင် အခြားသော အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခုကိုလည်း ချမှတ်ခဲ့၏။
၎င်းမှာ တာမီဖုန်းကုမ္ပဏီအနေဖြင့် လက်ကျန်ကုန်ပစ္စည်းများကို အမြန်ဆုံး ရှင်းလင်းသွားရန်နှင့် နောင် လာမည့် နှစ်နှစ်အတွင်း လက်ကျန်ကုန်ပစ္စည်း လုံးဝမရှိစေရန်ဟူသော ရည်မှန်းချက်ပင် ဖြစ်သည်။
လက်အောက်ငယ်သားများသည် ဤဆုံးဖြတ်ချက်ကြောင့် အလွန်အံ့အားသင့်သွားကြရလေသည်။ အကြောင်းမှာ တာမီလက်ကိုင်ဖုန်းများသည် အထူးသဖြင့် ပြည်ပဈေးကွက်ချဲ့ထွင်မှုတွင် အလွန်အောင် မြင်နေသောကြောင့် ဖြစ်ပေ၏။
ဤသို့သော အချိန်မျိုးတွင် ထုတ်လုပ်မှုကို လျှော့ချပြီး လက်ကျန်ပစ္စည်းများကို ရှင်းလင်းရန် ကြိုးစား ခြင်းမှာ အလွန်ပင် ရှေးရိုးစွဲဆန်လွန်းသည်ဟု ထင်နေကြပေတော့သည်။ လဲ့ကျန်းကျွင်းအနေဖြင့် မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းတွင်သာ အာရုံစိုက်လုပ်ကိုင်ရန် ကြံရွယ်နေခြင်းပင်လော။ သို့သော် ကားထုတ်လုပ်ရေးလောကတွင် ပြိုင်ဆိုင်မှုမှာ ဤထက်ပင် ပိုမိုပြင်းထန်နေသည် မဟုတ်ပါ လား။
လဲ့ကျန်းကျွင်းသည် သူတို့အား မည်သို့မျှ ရှင်းပြခဲ့ခြင်း မရှိပေ။
သူသည် ယနေ့မနက်ပိုင်းက ကျိုးလဲ့၏ နေအိမ်တွင် တွေ့မြင်ခဲ့ရသော လက်ပတ်ဖုန်းကို ပြန်လည် အမှတ်ရမိ သွားသောအခါ ကြောက်ရွံ့မှုနှင့်အတူ အနာဂတ်အပေါ် ရိုသေခန့်ညားသည့်စိတ်တို့ ဖြစ် ပေါ်လာခဲ့ရပြန်လေသည်။
လက်ပတ်နာရီပုံစံ ဉာဏ်ရည်တုပစ္စည်းများနှင့် နှိုင်းယှဉ်လျှင် သာမန်စမတ်ဖုန်းများသည် အမှိုက်ကဲ့သို့ပင် ဖြစ်တော့သည်။ စမတ်ဖုန်းခေတ်ကြီးသည်လည်း မကြာမီ ကုန်ဆုံးသွားပေတော့မည်။
သက်ကြီးရွယ်အိုများအတွက် ထုတ်လုပ်သည့် ဖုန်းအချို့သာ ဆက်လက်ရှင်သန်နိုင်မည်ဖြစ်ပြီး ကျန်ရှိ သော စမတ်ဖုန်းထုတ်လုပ်သူအားလုံးမှာ ပျက်စီးခြင်းသို့ ရောက်ရှိကြရပေလိမ့်မည်။
လဲ့ကျန်းကျွင်းသည် မိမိအား ထုတ်လုပ်မှုလျှော့ချရန်၊ လက်ကျန်ပစ္စည်းရှင်းရန်နှင့် လုပ်ငန်းပုံစံပြောင်းလဲ ရန်အတွက် အချိန်ပေးခဲ့သော ကျိုးလဲ့နှင့် ကောင်းယွမ်တို့ကို ကျေးဇူးတင်နေမိတော့သည်။
သို့သော် ပြည်ပမှ ချစ်ပ်ပြားထုတ်လုပ်သူများသည်ကား အလွန်ပင် စိတ်မသက်မသာ ဖြစ်နေကြရပေ တော့သည်။
ရှနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော လက်ကိုင်ဖုန်း ထုတ်လုပ်ရေး အခြေစိုက်စခန်းဖြစ်ပြီး ကမ္ဘာ့ဖုန်းများ၏ ထက်ဝက်နီးပါးကို ထုတ်လုပ်ပေးနေသည့် နေရာလည်းဖြစ်ပေသည်။ ရှနိုင်ငံရှိ ထုတ် လုပ်သူများ၏ ထုတ်ပြန်ချက်သည် ကွင်းဆက်တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး မကြာမီ တစ်နိုင်ငံ လုံးသည် ပြည်ပချစ်ပ်ပြားများကို စွန့်ပယ်ကြပေတော့မည်။
အကယ်၍ ချစ်ပ်ပြားထုတ်လုပ်သူများသည် ရှနိုင်ငံမှ ထုတ်လုပ်သူများ၏ စွန့်ပစ်ခြင်းကို ခံရမည်ဆိုပါ က၎င်း၏ အကျိုးဆက်မှာ အလွန်ပင် ဆိုးရွားလှပေလိမ့်မည်။
နိုင်ငံတကာ လျှပ်ကူးတစ်ပိုင်း စက်မှုလုပ်ငန်းအသင်းသည် ရှနိုင်ငံ၏ လက်ကိုင်ဖုန်းဈေးကွက် ပြောင်းလဲ မှုများနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့လေသည်။
၎င်းတွင် ရှနိုင်ငံ လက်ကိုင်ဖုန်းဈေး ကွက်အတွင်း စိတ်မကောင်းဖွယ်ရာ ပြောင်းလဲမှုများကို သတိပြုမိ ကြောင်း၊ အချို့သူများသည် ခိုးယူ ဖန်တီးထားသော ချစ်ပ်ပြားများကို ဝယ်ယူနေကြကြောင်း၊ ဤအရာ သည် အလွန်အန္တရာယ်ကြီးမားပြီး နိုင်ငံတကာဈေးကွက်မှ စွန့်ပစ်ခြင်းကို ခံရနိုင်ကြောင်း၊ သက်ဆိုင်ရာ ထုတ်လုပ်သူများအနေဖြင့် အသင်း၏ စည်းမျဉ်းများကို လိုက်နာရန် တိုက်တွန်းကြောင်း၊ မဟုတ်ပါက အသင်းမှ အလိုအလျောက် နုတ်ထွက်သည်ဟု သတ်မှတ်မည်ဖြစ်ကြောင်း ဖော်ပြထားခဲ့လေသည်။
သို့သော် ထိုထုတ်ပြန်ချက် ထွက်ပေါ်လာပြီး မကြာမီမှာပင်...၊
ကောင်းယွမ်သည် ချင်ကျင်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ရှနိုင်ငံနေ့စဉ်သတင်းစာတိုက်နှင့် ပူးပေါင်း၍ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ရန် ပြင်ဆင်လိုက်လေသည်။
ကောင်းယွမ်၏ လက်အောက်တွင် ယခင်က အဆက်အသွယ် ကျယ်ပြန့်သော အဆင့်မြင့်မန်နေဂျာ တစ်ဦး ရှိခဲ့ဖူးပေသည်။ နောက်ပိုင်းတွင် ယွမ်ဖန်းအုပ်စု ဒေဝါလီခံလိုက်ရသည့်အခါ ထိုသူသည် ရှနိုင်ငံ နေ့စဉ်သတင်းစာတိုက် လက်အောက်ရှိ သတင်းစာတစ်စောင်တွင် စီးပွားရေးမန်နေဂျာအဖြစ် အလုပ် လုပ်နေခဲ့လေ၏။ စီးပွားရေးမန်နေဂျာဆိုသည်မှ လုပ်ငန်းများအတွက် လှည့်လည်၍ စပွန်ဆာ ရှာဖွေ ပေးရသူ ဖြစ်ပေသည်။
အယ်ဒီတာချုပ်ရုံးမှလွဲ၍ ရှနိုင်ငံနေ့စဉ်သတင်းစာတိုက်၏ လက်အောက်ခံ သတင်းစာများနှင့် လုပ်ငန်း အားလုံးသည် ဝင်ငွေရရှိရန် ဖိအားပေးခြင်း ခံနေကြရသဖြင့် လုပ်ရည်ကိုင်ရည်ရှိပြီး အဆက်အသွယ် ကောင်းသူများကို ရှာဖွေခန့်အပ်နေကြခြင်းပင် ဖြစ်ပေသည်။
အကြောင်းမှာ ပုံနှိပ်မီဒီယာလောကသည် တကယ်ပင် ကျဆင်းနေပြီဖြစ်သောကြောင့် ဖြစ်ချေ၏။
၎င်းတို့သည် နိုင်ငံပိုင်မီဒီယာဖြစ်သော်လည်း အွန်လိုင်းပေါ်ရှိ ပုဂ္ဂလိကမီဒီယာများကို မယှဉ်နိုင်သဖြင့် ဒေသဆိုင်ရာ အစိုးရများနှင့် ကုမ္ပဏီကြီးများနှင့် ပူးပေါင်း၍ အခမ်းအနားများ ကျင်းပကာ ဝင်ငွေရှာဖွေ ရန် နည်းလမ်းသစ်ကို ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။
သို့သော် တရားဝင် မီဒီယာတစ်ခု ဖြစ်သည့်အတွက် အခမ်းအနား၏ အကြောင်းအရာနှင့် တက်ရောက် မည့်သူများကို တင်းကျပ်စွာ စစ်ဆေးလေ့ ရှိပေသည်။
ကံကောင်းထောက်မစွာပင် ကောင်းယွမ်၏ ဤသတင်းစာရှင်းလင်းပွဲမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းပြီး အပြုသဘောဆောင်သော အခမ်းအနားတစ်ခု ဖြစ်နေခဲ့ပေသည်။
တစ်နိုင်ငံလုံးရှိ အင်တာနက်အသုံးပြုသူများသည် ငါးရံ့နက်နည်းပညာကုမ္ပဏီနှင့် ရှဝေကုမ္ပဏီတို့ကို စောင့်ကြည့်နေခဲ့ကြလေသည်။
အချို့က ရှနိုင်ငံရှိ ထုတ်လုပ်သူများသည် မကြာမီတွင် အရှုံးပေးကြလိမ့်မည်ဟု တွက်ထားကြလေ၏။ အဘယ်ကြောင့်ဆိုသော် အကယ်၍ ၎င်းတို့သည် နိုင်ငံတကာ လျှပ်ကူးတစ်ပိုင်း စက်မှုလုပ်ငန်းအသင်းမှ ဖယ်ထုတ်ခံရပါက နိုင်ငံတကာမှ အစိတ်အပိုင်းများ ဝယ်ယူရန် ခက်ခဲသွားမည်ဖြစ်ပြီး ၎င်းတို့၏ ဈေး ကွက်သည်လည်း ကျုံ့သွားနိုင်သောကြောင့် ဖြစ်ချေသည်။
ထို့ကြောင့် လူတိုင်းသည် ကောင်းယွမ်နှင့် ကျိုးလဲ့တို့၏ သဘောထားကို သိချင်နေကြလေသည်။
ယခုအခါ ကောင်းယွမ်သည် ချစ်ပ်ပြားလောက၏ ဘုရင်အသစ်နှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ယခင် ဒုဥက္ကဋ္ဌဟောင်းမှတစ်ဆင့် ကောင်းယွမ်သည် ရှနိုင်ငံနေ့စဉ်သတင်းစာတိုက် လက်အောက်ရှိ ဌာန တစ်ခုနှင့် ဆက်သွယ်ကာ သတင်းစာရှင်းလင်းပွဲကို ပူးပေါင်းကျင်းပရန် စီစဉ်လိုက်လေ၏။
ငါးရံ့နက်နည်းပညာကုမ္ပဏီသည် အလွန်ရက်ရောလှသဖြင့် ရှနိုင်ငံနေ့စဉ်သတင်းစာတိုက်မှ အယ်ဒီတာ များသည်လည်း အလွန်ဝမ်းသာနေခဲ့ကြလေသည်။
ယခုအချိန်တွင် ကောင်းယွမ်သည် ရှနိုင်ငံနေ့စဉ်သတင်းစာတိုက်၊ စီးပွားရေးဌာန၏ ဒုတိယအယ်ဒီတာ ချုပ် လင်းခီနှင့် တွေ့ဆုံနေခဲ့လေသည်။ သူမသည် အရပ်ရှည်ပြီး လှပတင့်တယ်သော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။
သူတို့နှစ်ဦးသည် သတင်းစာတိုက်၏ အစည်းအဝေးခန်းအတွင်း၌ ရှိနေကြပြီး ကောင်းယွမ်က အဆိုပြု လွှာတစ်ခုကို ကိုင်ထားခဲ့လေသည်။
"အယ်ဒီတာချုပ် လင်း... ခင်ဗျားတို့ရဲ့ အဆိုပြုလွှာကို ကျွန်တော် ကြည့်ပြီးပါပြီ... ဒါပေမဲ့ နည်းနည်း ရှေးရိုးစွဲဆန်နေသေးတယ်လို့ ထင်မိတယ်..."
"ဥက္ကဋ္ဌကောင်း... ဘယ်နေရာမှာ ရှေးရိုးစွဲဆန်တယ်လို့ ဆိုလိုချင်တာလဲမသိဘူး..."
ကောင်းယွမ်က ပြောလိုက်လေသည်။
"ခင်ဗျားတို့ သိတဲ့အတိုင်းပဲ... ဒီပွဲက သာမန်သတင်းစာရှင်းလင်းပွဲမဟုတ်ဘူး... စစ်မြေပြင်ကို မထွက်ခွာ ခင် စိတ်ဓာတ်မြှင့်တင်တဲ့ပွဲပဲ... နိုင်ငံတကာ လျှပ်ကူးတစ်ပိုင်းစက်မှုလောကနဲ့ ကျွန်တော်တို့ရဲ့ မဟာစစ်ပွဲ ကြီးက အခု စတော့မှာလေ..."
လင်းခီက ခေတ္တမျှ တွေဝေသွားပြီးနောက်၊
"ဥက္ကဋ္ဌကောင်း... ဒီအစည်းအဝေးက အဆင့်အတန်း အလွန်မြင့်ပြီး နိုင်ငံ့ခေါင်းဆောင်တွေလည်း တက် ကြမှာပါ... ပြီးတော့ စကားလုံးတွေက အဲဒီလောက်အထိ ပြင်းထန်ဖို့ မလိုဘူးလို့ ကျွန်မ ထင်မိပါတယ်... သတင်းစကား ရောက်သွားရင်ပဲကို လုံလောက်နေပါပြီ..."
"ခင်ဗျားတို့ရဲ့ အခက်အခဲကို ကျွန်တော် နားလည်ပါတယ်... ခင်ဗျားတို့ ဖိတ်ထားတဲ့သူတွေကတော့ အေးအေးဆေးဆေး ပြောနိုင်ပေမဲ့ ကျွန်တော် ပစ္စည်းအကြောင်း မိတ်ဆက်တဲ့အခါမှာတော့ ပြင်ဆင် ထားတဲ့အတိုင်း တိတိကျကျ ပြောနိုင်မှာ မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်တော် ကတိပေးပါတယ်... စည်း ကျော်တာမျိုးတော့ မပြောပါဘူး..."
အကြိမ်ကြိမ် ဆွေးနွေးပြီးနောက်တွင်မူ...၊
သတင်းစာရှင်းလင်းပွဲကို ရှနိုင်ငံနေ့စဉ်သတင်းစာတိုက်၏ ခမ်းမကြီးအတွင်း ကျင်းပခဲ့လေသည်။
ဤတစ်ကြိမ်တွင် ငါးရံ့နက်နည်းပညာကုမ္ပဏီသည် ငါးရံ့နက် ထြိုင်ဒင့်(၀၁) နှင့် ငါးရံ့နက် ရွှေတုတ် ကောက်(၀၁) ဟူသော ချစ်ပ်ပြားနှစ်မျိုးကို ထုတ်ဖော်ပြသမည် ဖြစ်ပေ၏။
ကောင်းယွမ်က ချစ်ပ်ပြားအမျိုးအစား နှစ်မျိုး၏ အချက်အလက်များကို မိတ်ဆက်ပြီးသည့်အခါ တွင်မူ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများအားလုံး ရူးသွပ် မတတ် ဖြစ်သွားကြရလေသည်။
ဤသည်မှာ နိုင်ငံတကာ လျှပ်ကူးတစ်ပိုင်း စက်မှုလုပ်ငန်းအသင်း၏ မျက်နှာကို လက်ဝါးဖြင့် ပြင်းထန် စွာ ရိုက်နှက်လိုက်ခြင်းပင် ဖြစ်တော့သည်။
အသစ်ထုတ်လုပ်လိုက်သော ငါးရံ့နက် ထြိုင်ဒင့် အမျိုးအစား ချစ်ပ်ပြားသည် (၃) နာနိုမီတာ နည်းပညာ ကို အသုံးပြုထားပြီး ကမ္ဘာပေါ်ရှိ မည်သည့်ဗိသုကာလက်ရာနှင့်မျှ မတူညီသော သုံးဖက်မြင် ကွင်းဆက် ဗိသုကာလက်ရာကို အသုံးပြုထားခြင်း ဖြစ်၏။
အကယ်၍ (၃) နာနိုမီတာ နည်းပညာကို ခိုးယူထားသည်ဟု စွပ်စွဲနိုင်သေးသော်လည်း ငါးရံ့နက် ရွှေတုတ် ကောက် အမျိုးအစား ချစ်ပ်ပြားကမူ ထိုကဲ့သို့ ထင်နေသူတို့အား လုံးဝ အရှက်ရစေခဲ့ပြီ ဖြစ်သည်။
ငါးရံ့နက်နည်းပညာကုမ္ပဏီသည် နည်းပညာများကို ခိုးယူထားသည်ဟု နိုင်ငံတကာ လျှပ်ကူးတစ်ပိုင်း စက်မှု လုပ်ငန်းအသင်းက ဇွတ်အတင်း ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ ကမ္ဘာတစ်ဝှမ်း၌ (၅) နာနိုမီတာ နည်းပညာမှာပင် မတည်ငြိမ်သေးဘဲ (၃)နာနိုမီတာမှာ သီအိုရီအဆင့်သာ ရှိကာ (၁) နာနိုမီတာ မှာမူ အိပ်မက်တစ်ခုမျှသာ ရှိနေသေးသည် မဟုတ်ပါလား။
သို့သော် ကောင်းယွမ်ကမူ (၁) နာနိုမီတာ နည်းပညာဖြင့် ထုတ်လုပ်ထားသော ချစ်ပ်ပြားများကို တိုက် ရိုက် ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်ပေသည်။
ထို့ထက် ပို၍ ထူးခြားသည်မှာ ငါးရံ့နက် ရွှေတုတ်ကောက် အမျိုးအစား ချစ်ပ်ပြားများ၏ စွမ်းဆောင် ရည် မှာ ယွမ်သျှမ်ကုမ္ပဏီ၏ (၅) နာနိုမီတာ ချစ်ပ်ပြားများထက် အဆ (၅၀) ခန့် ပိုမိုအစွမ်းထက်နေခြင်း ပင် ဖြစ်၏။ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ မည်သည့် ချစ်ပ်ပြားထက်မဆို များစွာ ပိုမိုအဆင့်မြင့်နေခဲ့လေ သည်။
ဤမျှ အစွမ်းထက်သော ချစ်ပ်ပြား ဖြစ်သော်လည်း ဈေးနှုန်းမှာမူ ယွမ်တအီလက်ထရောနစ်၏ ချစ်ပ် ပြားများနှင့် မကွာခြားလှပေ။
ဤအချက်က တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပေတော့သည်။
ရှနိုင်ငံမှ လက်ကိုင်ဖုန်း ထုတ်လုပ်သူများသည် အဘယ်ကြောင့် နိုင်ငံတကာ ထုတ်လုပ်သူကြီးများ၏ ချစ်ပ်ပြားများကို စွန့်ပယ်ခဲ့ကြသနည်းဆိုသည်ကို ပြည်ပထုတ်လုပ်သူများ ယခုမှပင် နားလည်သွားကြ တော့သည်။
အကြောင်းမှာ ငါးရံ့နက်နည်းပညာကုမ္ပဏီ၏ ချစ်ပ်ပြားများသည် အလွန်ပင် ဆွဲဆောင်မှု ရှိနေသော ကြောင့်ပင် ဖြစ်ပေ၏။
သတင်းစာရှင်းလင်းပွဲတွင် ကောင်းယွမ်က ငါးရံ့နက်နည်းပညာကုမ္ပဏီအနေဖြင့် တစ်နှစ်လျှင် ချစ်ပ်ပြား သန်းတစ်ထောင် ထုတ်လုပ်နိုင်သော စွမ်းအားရှိကြောင်း၊ လက်ကိုင်ဖုန်းနှင့် ကွန်ပျူတာများသာမက အဆင့်မြင့် ဒစ်ဂျစ်တယ်ပစ္စည်းများနှင့် ဉာဏ်ရည်တုပစ္စည်းများအတွက်ပါ စိတ်ကြိုက် ထုတ်လုပ်ပေး နိုင်ကြောင်း ကြေညာခဲ့လေသည်။
ကျိုးလဲ့သည်လည်း ထိုသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပေ၏။
ရှဝေကုမ္ပဏီနှင့် ငါးရံ့နက်နည်းပညာကုမ္ပဏီတို့သည် တစ်ဖက်တည်း ရပ်တည်နေကြသည်မှာ သိသာ ထင်ရှားလှသဖြင့် မည်သူမျှ အံ့ဩခြင်း မရှိခဲ့ကြပေ။
ကျိုးလဲ့ကလည်း မိမိတို့သည် ချင်းလုံချစ်ပ်ပြားများကို ရောင်းချရုံသာမက ဉာဏ်ရည်တုကားများ၊ ဉာဏ် ရည်တု အိမ်သုံးပစ္စည်းများအတွက်လည်း ဈေးနှုန်းချိုသာစွာဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ စွမ်းဆောင်ရည် မြင့်တက်လာသော်လည်း ဈေးနှုန်းတိုးမြှင့်မည် မဟုတ်ကြောင်းနှင့် ကမ္ဘာတစ်ဝှမ်းရှိ ထုတ်လုပ်သူများ၏ အမှာစာများကို ကြိုဆိုကြောင်း ပြောကြားခဲ့လေသည်။
အင်တာနက်အသုံးပြုသူများ ယခုမှပင် သဘောပေါက်သွားကြတော့သည်။ ငါးရံ့နက်နည်းပညာနှင့် ရှဝေ ကုမ္ပဏီတို့သည် ချစ်ပ်ပြားဈေးကွက်ကို ခွဲဝေယူရန် ကြိုးစားနေကြခြင်းပင် ဖြစ်ပေ၏။
တစ်ဦးက အလယ်အလတ်နှင့် အဆင့်မြင့်ဈေးကွက်ကို ကိုင်တွယ်ပြီး နောက်တစ်ဦးက အလယ် အလတ်နှင့် အခြေခံဈေးကွက်ကို ကိုင်တွယ်နေခြင်းပင် ဖြစ်လေသည်။
နှစ်ခုစလုံးမှာ အရည်အသွေးမြင့်ပြီး ဈေးနှုန်းချိုသာလှသဖြင့် နိုင်ငံတကာ ချစ်ပ်ပြားဈေးကွက်အတွက် မုန်တိုင်းတစ်ခု ဖြစ်လာခဲ့ပေတော့သည်။
၎င်းသည် မကြာမီ တစ်ကမ္ဘာလုံးရှိ ချစ်ပ်ပြားဈေးကွက်ကို ဝါးမြိုသွားပေလိမ့်မည်။
အမေရိကန်နိုင်ငံတွင် ညနက်နေပြီ ဖြစ်သော်လည်း ဘစ်ခ်သည် အိပ်မပျော်နိုင်သေးပေ။
ချစ်ပ်ပြားများသည် အင်တာနက်ကုမ္ပဏီ၏ အခြေခံလုပ်ငန်း ဖြစ်သည်။ အကယ်၍ အင်တာနက်ကုမ္ပဏီ သည် ရှနိုင်ငံ၏ ချစ်ပ်ပြားများကို အသုံးမပြုဘဲ မိမိဘာသာ ထုတ်လုပ်သည်ကိုသာ အားကိုးနေမည်ဆို ပါက ၎င်းတို့၏ စီပီယူ စွမ်းဆောင်ရည်မှာ အခြားသူများ၏ အောက်သို့ မကြာမီ ရောက်ရှိသွားပေလိမ့် မည်။ အကယ်၍ စီပီယူ လုပ်ငန်း ထိခိုက်သွားပါက အရှုံးမှာ အလွန်ကြီးမားပေလိမ့်မည်။
အရေးကြီးဆုံးအချက်မှာ ရှနိုင်ငံမှ အဆင့်မြင့် ချစ်ပ်ပြားများကို တင်သွင်းခြင်းမှာ မိမိဘာသာ ထုတ်လုပ် သည်ထက် ပိုမိုတွက်ခြေကိုက်ပြီး စွမ်းဆောင်ရည်လည်း ပိုမိုကောင်းမွန်နေခြင်းပင် ဖြစ်သည်။
သုံးမိနစ်ခန့် ခက်ခဲစွာ စဉ်းစားပြီးနောက် ဘစ်ခ်သည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်လေသည်။ ၎င်း မှာ မိမိတို့၏ (၇) နာနိုမီတာ ချစ်ပ်ပြားထုတ်လုပ်မှုကို ရပ်တန့်ပြီး ရှနိုင်ငံ၏ ငါးရံ့နက် ထြိုင်ဒင့် ချစ်ပ်ပြား များကိုသာ အပြည့်အဝ အသုံးပြုရန် ဖြစ်၏။
တွေးကြည့်ရုံမျှနှင့်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။
အကယ်၍ ထြိုင်ဒင့် ချစ်ပ်ပြားများကိုသာ သုံးမည်ဆိုပါက စီပီယူ စွမ်းဆောင်ရည်မှာ အနည်းဆုံး အဆ (၅၀) ခန့် မြင့်တက်သွားမည်ဖြစ်သော်လည်း ကုန်ကျစရိတ်မှာမူ အတူတူပင် ဖြစ်နေမည်ဖြစ်ရာ ဤသည် မှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။
အင်တာနက်ကုမ္ပဏီမှာ အစရုံသာ ရှိပါသေးသည်။
အက်ပဲလ်ကုမ္ပဏီသည်လည်း ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ရပြန်သည်။
၎င်းတို့သည် ငါးရံ့နက်အမျိုးအစား ချစ်ပ်ပြားများနှင့် ကိုက်ညီမည့် ပုံစံသစ်တစ်ခုကို ပြန်လည် ဒီဇိုင်းဆွဲ ကြရပေတော့မည်။ နိုင်ငံရေး ပါဝင်ပတ်သက်မှု မရှိသည့်အခါတွင် အရင်းရှင်ဝါဒ၏ ရွေးချယ်မှုမှာ အမြဲ တမ်း ရိုးရှင်းလွန်းလှနေပေသည်ပင်...။
အခန်း (၅၂)
ကျည်ဆန်တွေကို ခေတ္တလောက် ပျံသန်းခွင့်ပေးလိုက်ပါဦး
ကမ္ဘာတစ်ဝှမ်းရှိ ထုတ်လုပ်သူကြီးများသည် ရှနိုင်ငံသို့ ကိုယ်စားလှယ်များကို တိတ်တဆိတ် စေလွှတ်၍ အမှာစာများ မှာယူနေကြစဉ်...၊
နိုင်ငံတကာ လျှပ်ကူးတစ်ပိုင်း စက်မှုလုပ်ငန်းအသင်းမှာမူ အကျပ်ရိုက်နေခဲ့လေသည်။ အကယ်၍ ၎င်း တို့သည် အဆိုပါ ကုမ္ပဏီကြီးများကို စာရင်းမှ ပယ်ဖျက်လိုက်ပါက မိမိကိုယ်တိုင်လည်း စာရင်းမှ ပျောက်ကွယ်သွားရမည် ဖြစ်ပေသည်။
ထို့ကြောင့် မသိကျိုးကျွံ ပြုနေလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်...။
တစ်ဖက်တွင်လည်း ကောင်းယွမ်သည် ရှဝေကုမ္ပဏီ၏ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ရန်အတွက် ဆောက်လုပ်ရေးပိုးကောင်များကို အသုံးပြုကာ မုကျား ဖွံ့ဖြိုးတိုးတက်ရေးဇုန်၌ စက်ရုံသစ်တစ်ခုကို တည်ဆောက်ပေးခဲ့လေ၏။
တစ်ခဏအတွင်းမှာပင် ရှနိုင်ငံထုတ် ချစ်ပ်ပြားများသည် တစ်ကမ္ဘာလုံးကို လွှမ်းမိုးတော့မည့် အခြေ အနေသို့ ရောက်ရှိလာခဲ့ပေသည်။
အဓိက လျှပ်ကူးတစ်ပိုင်း ထုတ်လုပ်သူများသည် အော်ဒါမှာယူမှု (၉၀) ရာခိုင်နှုန်းခန့် ထိုးဆင်းသွားသဖြင့် ထိတ်လန့်တုန်လှုပ်နေကြရလေသည်။
အမေရိကန် သမ္မတသည် အစောပိုင်းက ထိုကိစ္စကို အလေးမထားခဲ့သော်လည်း ရှနိုင်ငံထုတ် ချစ်ပ်ပြား များ မိမိတို့နိုင်ငံအတွင်းသို့ စတင်ဝင်ရောက်လာသည်ကို မြင်တွေ့ရသည့်အခါတွင်မူ အကြီးအကျယ် ထိတ်လန့်သွားခဲ့ရလေတော့သည်။
ချစ်ပ်ပြားများသည် အစဉ်အမြဲပင် အဆင့်မြင့်စက်မှုလုပ်ငန်းများ၏ ပြယုဂ်တစ်ခု ဖြစ်ခဲ့ပြီး ၎င်းတို့သည် အခြားသော နိုင်ငံများနှင့် ထုတ်လုပ်သူများကို အရေးယူပိတ်ဆို့ရန်အတွက် ချစ်ပ်ပြားထောက်ပံ့မှု ဖြတ် တောက်ခြင်းကို လက်နက်သဖွယ် အသုံးပြုခဲ့ကြသည် မဟုတ်ပါလား။
ယခုအခါတွင်မူ မိမိတို့၏ အခြေစိုက်စခန်းပင်လျှင် သိမ်းပိုက်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်၏။
သို့ဖြစ်ရာ... အမေရိကန်နိုင်ငံသည် ရှနိုင်ငံမှ ချစ်ပ်ပြားများအပေါ် မြင့်မားသော အခွန်နှုန်းထားများ သတ် မှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့လေသည်။
သို့သော် ၎င်းတို့ မမျှော်လင့်ထားသည့် အချက်မှာ ထုတ်လုပ်သူများသည် မိမိတို့၏ အဓိက ထုတ်လုပ်မှု စွမ်းအားများကို ဖွံ့ဖြိုးဆဲနိုင်ငံများဆီသို့ လျှို့ဝှက်စွာ ရွှေ့ပြောင်းနေကြခြင်းပင် ဖြစ်၏။ အမေရိကန်နိုင်ငံ မှလွဲ၍ အခြားဒေသရှိ ၎င်းတို့၏ စက်ရုံအားလုံးတွင် ရှနိုင်ငံထုတ် ချစ်ပ်ပြားများကိုသာ အသုံးပြုနေကြ လေသည်။
အမေရိကန်နိုင်ငံသည် တစ်စုံတစ်ရာ အရေးယူခြင်းမပြုပါက ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ ရသော မိမိတို့၏ အဆင့်မြင့်စက်မှုလုပ်ငန်းကွင်းဆက်ကြီးမှာ ရှနိုင်ငံ၏ ချစ်ပ်ပြားစက်မှုလုပ်ငန်းကြောင့် လုံးဝ ပျက်စီးသွားတော့မည်ကို သိရှိသွားခဲ့လေသည်။
စက်မှုလုပ်ငန်းကွင်းဆက်ဆိုသည်မှာ အပြန်အလှန် ချိတ်ဆက်နေခြင်းဖြစ်ရာ အစိတ်အပိုင်းတစ်ခု ကျိုးပျက်သွားပါက ကွင်းဆက်တုံ့ပြန်မှုများ ဖြစ်ပေါ်လာပေလိမ့်မည်။
တစ်ပတ်ခန့် ကြာပြီးနောက်တွင်မူ...၊
အမေရိကန်သည် ငါးရံ့နက် နည်းပညာကုမ္ပဏီအား နည်းပညာခိုးယူမှုဖြင့် ထပ်မံ၍ ပြင်းထန်စွာ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့ပြန်လေသည်။ စီးပွားရေးလုပ်ငန်းအားလုံး ငါးရံ့နက် နည်းပညာကုမ္ပဏီနှင့် ဆက်သွယ်လုပ်ကိုင်ခြင်းကို ပိတ်ပင်လိုက်လေ၏။
ဤသတင်းမှာ ရှနိုင်ငံအတွင်းသို့ ရောက်ရှိလာသည့်အခါ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ကျော်ဖြစ်သွား ခဲ့လေတော့သည်။
ငါးရံ့နက် နည်းပညာကုမ္ပဏီသည် မည်မျှပင် အစွမ်းထက်သနည်း။ တည်ထောင်ခဲ့သည်မှာ တစ်လပင် မပြည့်သေးသော်လည်း အမေရိကန်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီ မဟုတ်ပါလား...။
အမေရိကန်သည် မည်သည်ကို ကြောက်ရွံ့နေခြင်းဖြစ်နိုင်ပါသနည်း။
ပိတ်ဆို့အရေးယူမှုများ ထွက်ပေါ်လာပြီးနောက် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ထိုးစစ်မှာ ချက်ချင်းပင် တန့်သွားခဲ့လေသည်။ ပြည်ပထုတ်လုပ်သူ အများအပြားသည် ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်လိုက် ကြသော်လည်း လက်တွေ့တွင်မူ ၎င်းတို့သည် အခြေအနေကို စောင့်ကြည့်နေကြခြင်းသာ ဖြစ်ချေ၏။
အကယ်၍ ငါးရံ့နက်နှင့် ရှဝေ ချစ်ပ်ပြားများကို ဆက်လက်ဝယ်ယူနေပါက ပိတ်ဆို့အရေးယူမှုများနှင့် ရင် ဆိုင်ရမည်ဖြစ်ပြီး ၎င်းမှာ ဈေးကွက်ကို ဆုံးရှုံးရခြင်းပင် ဖြစ်လေသည်။
သို့သော် ရှနိုင်ငံထုတ် ချစ်ပ်ပြားများကို အသုံးမပြုပါကလည်း စွမ်းဆောင်ရည်ကွာဟချက်မှာ ပိုမိုကြီးမား လာမည်ဖြစ်ရာ နောက်ဆုံးတွင် ဈေးကွက်ကို ဆုံးရှုံးရမည်မှာ အတူတူပင် ဖြစ်နေခဲ့လေတော့သည်။
အရာအားလုံးမှာ အမေရိကန်၏ အတင်းအကျပ် ဖိအားပေးမှုအပေါ်တွင်သာ မူတည်နေခဲ့ပေ၏။
အကယ်၍ ငါးရံ့နက် နည်းပညာနှင့် ဆက်သွယ်သော မည်သည့်ကုမ္ပဏီမဆို အရေးယူခံရမည်ဆိုပါက ကမ္ဘာ့အခြေအနေမှာ ယခင်အတိုင်း ပြန်လည်ရောက်ရှိသွားနိုင်ပေသည်။
သို့သော် ယနေ့ခေတ် အမေရိကန်သည် လွန်ခဲ့သော ဆယ်နှစ်ကကဲ့သို့ မဟုတ်တော့ဘဲ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
ရှနိုင်ငံအပြင် ရုရှားနိုင်ငံမှ လက်ကိုင်ဖုန်း ထုတ်လုပ်သူများသည်လည်း ရှနိုင်ငံမှ ချစ်ပ်ပြားများကို အား တက်သရော ဝယ်ယူခဲ့ကြလေသည်။ ယခင်က ရုရှားနည်းပညာပစ္စည်းများသည် နိုင်ငံတကာဈေးကွက် တွင် နေရာမရခဲ့သော်လည်း... ယခုအခါ ငါးရံ့နက်အမျိုးအစား ချစ်ပ်ပြားများ တပ်ဆင်ထားသော ရုရှား ဖုန်းများသည် အမေရိကန်ဖုန်းများ၏ စွမ်းဆောင်ရည်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပေ၏။
ရုရှား၏ ပြည်တွင်းဈေးကွက်မှာလည်း ရှနိုင်ငံထုတ်ဖုန်းများနှင့် ရုရှားပြည်တွင်းဖြစ်ဖုန်းများ၏ လက် အောက်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့လေသည်။
ရှနိုင်ငံအတွင်း၌လည်း...၊
လျှပ်စစ်ကား ထုတ်လုပ်သူအားလုံးနီးပါးသည် ပြည်တွင်းဖြစ် ချစ်ပ်ပြားများကို အသုံးပြုမည်ဖြစ် ကြောင်း ကြေညာခဲ့ကြရာ ၎င်းသည် ဉာဏ်ရည်တု မောင်းနှင်မှုလောကတွင် တော်လှန်ရေးတစ်ရပ် ဖြစ်လာခဲ့ပေသည်။
လျှပ်စစ်ကား ထုတ်လုပ်သူ ချီတီသည် ဘက်ထရီပိုင်းတွင် အားသာချက်ရှိထားပြီးဖြစ်ရာ ရှဝေချစ်ပ်ပြား များကို အသုံးပြုပြီးနောက်တွင်မူ ၎င်း၏ စွမ်းဆောင်ရည်မှာ အခြားသူများထက် များစွာ သာလွန်သွားခဲ့ လေ၏။
ဤအချက်က ထဲရာကုမ္ပဏီအတွက် ဖိအားများ ဖြစ်ပေါ်စေခဲ့သည်။ ရောင်းအားများ တဖြည်းဖြည်း ကျဆင်းလာသည်ကို မြင်တွေ့ရသည့်အခါ ၎င်းတို့သည် တက်စလာမှ (၅) နာနိုမီတာ ချစ်ပ်ပြားများကို ဈေးကြီးပေး၍ ဝယ်ယူရန် ဆုံးဖြတ်လိုက်ကြလေသည်။
၎င်းသည် ကုန်ကျစရိတ်ကို (၁၀) ရာခိုင်နှုန်းခန့် တိုးမြင့်သွားစေခဲ့ပြီး ဈေးကွက်ဝေစုကို ထိန်းသိမ်းရန် အတွက် အခြားသော ကုန်ကျစရိတ်များကို လျှော့ချခဲ့ရသဖြင့် ကားများသည် ပိုမို၍ ဈေးပေါသော ပုံစံပေါက်လာခဲ့လေသည်။
ဤအချိန်တွင် ကောင်းယွမ်သည် အမေရိကန်၏ လုပ်ရပ်များအပေါ် လုံးဝ ဂရုမစိုက်ဘဲ ရှိနေခဲ့ပေသည်။
ပိတ်ဆို့အရေးယူမှုလား... ပိတ်ဆို့တားဆီးမှုလား...။
ကျည်ဆန်တွေကို ခဏလောက် ပျံသန်းခွင့်ပေးလိုက်ပါဦး...။
ကောင်းယွမ်သည် လက်ရှိတွင် အလုပ်နှစ်ခုဖြင့် အလုပ်ရှုပ်နေခဲ့လေသည်။ အမျိုးသားနေ့ အားလပ်ရက် နီးကပ်လာပြီဖြစ်သလို သူ၏ ရုပ်ရှင်မှာလည်း ပြသရန် နီးကပ်နေပြီ ဖြစ်လေ၏။
ထို့အပြင် အပူချိန်ထိန်းအဝတ်အစား ပထမအသုတ်မှာလည်း ထွက်ရှိလာပြီဖြစ်ရာ သူသည် မီးသတ်ဌာန နှင့် လှူဒါန်းမှု သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ချင်ကျင်းမြို့သို့ သွားရောက်ခဲ့လေသည်။ မီးသတ် ဌာနသည်လည်း သူ့အား ခမ်းနားသော အခမ်းအနားတစ်ခု ကျင်းပပေးရန် ပြင်ဆင်ထားခဲ့လေ၏။
သူသည် ကျန်းပိုင်ရီနှင့်အတူ ချင်ကျင်းမြို့သို့ ရောက်ရှိလာခဲ့လေသည်...။
အခမ်းအနားသို့ ဝင်ရောက်ရန် မှတ်ပုံတင်နေစဉ်မှာပင် ရှနိုင်ငံနေ့စဉ်သတင်းစာတိုက်မှ လင်းခီနှင့် မမျှော် လင့်ဘဲ ဆုံတွေ့ခဲ့ရပြန်လေသည်။
"အယ်ဒီတာချုပ် လင်း... ပြန်ဆုံကြပြန်ပြီနော်..."
"ဟုတ်ပါတယ်... ဥက္ကဋ္ဌကောင်း..."
နှုတ်ဆက်စကား ပြောကြားပြီးနောက် ကောင်းယွမ်အား ဝန်ထမ်းများက အထူးဧည့်ခန်းမဆောင်သို့ ခေါ်ဆောင်သွားခဲ့ကြလေသည်။
သူ ဝင်သွားသည်နှင့် ဝန်ထမ်းတစ်ဦးက မိတ်ဆက်ပေးလိုက်လေသည်။
"ဥက္ကဋ္ဌကောင်း... ဒါက ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ရဲ့ သမ္မတ လျူချွမ်ပါ... သမ္မတလျူ... ဒါကတော့ ဥက္ကဋ္ဌကောင်းပါ..."
လျူချွမ်သည် အသက်ငါးဆယ်ဝန်းကျင်ခန့် ရှိပြီး စိတ်ဓာတ်တက်ကြွနေသူတစ်ဦး ဖြစ်ကြောင်း ကောင်းယွမ် သတိထားမိလိုက်လေသည်။ လျူချွမ်က လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်လေ၏။
"ဥက္ကဋ္ဌကောင်း... မီးသတ်သမားတွေအတွက် လုပ်ဆောင်ပေးခဲ့တာတွေကို ကျေးဇူးတင်ပါတယ်ဗျာ... အပူချိန်ထိန်း ဝတ်စုံကို ကျွန်တော် ကြည့်ပြီးပါပြီ... တကယ့်ကို အကောင်းဆုံးပါပဲ... ဒီဝတ်စုံကြောင့် ကျွန်တော်တို့ မီးသတ်သမားတွေ အလုပ်လုပ်ရတာ ပိုပြီး သက်သောင့်သက်သာ ရှိလာမှာပါ။ ကျွန်တော် တို့ စမ်းသပ်ကြည့်တဲ့အခါမှာလည်း ဒီဝတ်စုံက မီးဒဏ်ကို အထူးခံနိုင်ရည်ရှိပြီး မီးသတ်ဝတ်စုံရဲ့ ငါးပုံ တစ်ပုံပဲ အလေးချိန်ရှိတာကို တွေ့လိုက်ရတယ်..."
လျူချွမ်သည် စကားစလိုက်သည်နှင့် မရပ်မနား ပြောကြားနေခဲ့ရာ သူသည် အပူချိန်ထိန်းအဝတ်အစား အပေါ် အလွန်ပင် ကျေနပ်အားရနေခဲ့ကြောင်း သိသာလှပေသည်။
"သမ္မတလျူ... အပူချိန်ထိန်းဝတ်စုံတွေက တကယ်ကို ကောင်းပါတယ်... ကျွန်တော်တို့ ကုမ္ပဏီက အရာရှိတိုင်းမှာလည်း တစ်စုံစီ ရှိကြပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ထုတ်လုပ်မှု စွမ်းအားက အကန့်အ သတ် ရှိနေပါသေးတယ်လေ… ဒါကြောင့် အများပြည်သူဆီ မရောင်းချခင် မီးသတ်တပ်ဖွဲ့ဝင် ငါးသိန်း အတွက် အရင်ဆုံး ရအောင် ဆောင်ရွက်ပေးမယ်လို့ ကျွန်တော် ကတိပေးပါတယ်..."
"ကောင်းပါပြီ... ကောင်းပါပြီ..."
ကျန်းပိုင်ရီမှာမူ ကောင်းယွမ်၏ နောက်တွင် ရပ်နေရင်း လုံးဝ လျစ်လျူရှုခြင်း ခံထားရလေ၏...။
ကောင်းယွမ်သည် ခဏမျှ စကားပြောပြီးမှ သတိရသွားကာ၊
"ဪ... ဟုတ်သားပဲ... သူကတော့ ကျွန်တော်တို့ ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ ကျန်းပိုင်ရီပါ..."
ကျန်းပိုင်ရီမှာ ငိုချင်စိတ်ပင် ပေါက်သွားရလေသည်။
*နောက်ဆုံးတော့လည်း ငါ့ကို သတိရသွားကြပြီပေါ့လေ…*
သူသည် ခဏအကြာတွင် ကျင်းပမည့် လှူဒါန်းမှု အခမ်းအနား၌ ကုမ္ပဏီကိုယ်စားပြု စကားပြောရမည့်သူ ဖြစ်သော်လည်း အဘယ်ကြောင့် မည်သူမျှ သူ့ကို သတိမထားမိကြသနည်း...။
လျူချွမ်က ခဏမျှ ကြောင်အသွားပြီးနောက် အားရပါးရ ရယ်မောလိုက်လေသည်။
"အားနာလိုက်တာ ဒုတိယဥက္ကဋ္ဌကျန်း... ထိုင်ပါဦးဗျာ။ ငါးရံ့နက် နည်းပညာကုမ္ပဏီမှာ အရည်အချင်းရှိ သူတွေ အများကြီးပဲနော်... အထူးသဖြင့် သုတေသနပိုင်းမှာဆိုရင် အံ့ဩစရာပါပဲ… တည်းဖြတ်စက် အကြောင်းကိုလည်း ကျွန်တော် နည်းနည်း သိထားပါတယ် ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့ မီးသတ် တပ်ဖွဲ့က ခင်ဗျားတို့ကို အပြည့်အဝ ထောက်ခံအားပေးပါတယ်။ ဘယ်သူ့ရဲ့ ချစ်ပ်ပြားက ပိုပြီး သာလဲ ဆိုတာ အဲဒီလူတွေကို ပြလိုက်စမ်းပါဗျာ..."
ကောင်းယွမ်က အနည်းငယ် ပြုံးလိုက်ပြီး၊
"ကျေးဇူးတင်ပါတယ်ဗျာ... ကျွန်တော်တို့ကို ဖိနှိပ်ဖို့ ကြိုးစားတာကတော့ ကျရှုံးဖို့ပဲ ရှိပါတယ်။ သူတို့ ကျွန်တော်တို့ကို ဖိနှိပ်ဖို့ ဘယ်နှကြိမ် ကြိုးစားခဲ့ဖူးလဲ... ဒါပေမဲ့ ဘယ်နေရာမှာများ ကျွန်တော်တို့က မအောင်မြင်ဘဲ နေခဲ့ဖူးလို့လဲဗျာ မဟုတ်ဘူးလား..."
"မှန်လိုက်တာဗျာ... ကဲ... သွားကြစို့... အခမ်းအနား စတော့မယ်..."
ကောင်းယွမ်သည် ဤလှူဒါန်းမှု အခမ်းအနားမှာ ယခင်က သူ ပြုလုပ်ခဲ့သော ချစ်ပ်ပြား မိတ်ဆက်ပွဲထက် ပင် ပို၍ စည်ကားနေသည်ဟု ခံစားရလေသည်။ အကြောင်းမှာ လူများ ပိုမိုများပြားလှပြီး မီဒီယာများစွာ လည်း ရောက်ရှိနေသောကြောင့် ဖြစ်ပေ၏။
ကောင်းယွမ် မသိရှိလိုက်သည်မှာ လျှပ်ကူးတစ်ပိုင်း စက်မှုလုပ်ငန်းအသင်းက သူ့အား နာမည်ပျက်စာ ရင်း သွင်းတော့မည်ဟူသော သတင်းများမှာ ပျံ့နှံ့နေသော်လည်း သာမန်ပြည်သူများကမူ ထိုအရာကို သိပ်ဂရုမစိုက်ကြချင်းပေ။
သို့သော် ယခင် သတင်းစာရှင်းလင်းပွဲပြီးနောက်တွင်မူ ဤအကြောင်းအရာမှာ အလွန်ရေပန်းစားသွား ခဲ့ပြီး မီဒီယာများက ငါးရံ့နက် နည်းပညာနှင့် စက်မှုလုပ်ငန်းအသင်းကြားက အငြင်းပွားမှုများကို နေ့စဉ် ရေးသားနေခဲ့ကြလေသည်။
စာမေးပွဲတွင် အမှတ် (၅၀) သာ ရသူက အမှတ် (၁၀၀) ရသူကို ခိုးချသည်ဟု စွပ်စွဲကာ အပြစ်ပေးရန် ကြိုးစားနေခြင်းမှာ သာမန်လူများအတွက်မူ ရယ်စရာတစ်ခုကဲ့သို့ ဖြစ်နေခဲ့လေသည်။
ယခုအခါ ကောင်းယွမ်နှင့် ငါးရံ့နက် နည်းပညာကုမ္ပဏီတို့သည် လူအများ စိတ်ဝင်စားမှု အရှိဆုံးသော သူများ ဖြစ်နေကြပြီ ဖြစ်သည်။
ငါးရံ့နက်နှင့် ပတ်သက်သော မည်သည့်သတင်းမဆို လူကြည့်အလွန်များလှသဖြင့် မီဒီယာများကလည်း ဤအခွင့်အရေးကို လက်လွတ်မခံဘဲ အချက်အလက်များ ရယူရန် အရောက်လာခဲ့ကြခြင်း ဖြစ်ပေတော့ သည်...။