အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း (၅၃)
အပူချိန်ထိန်းအဝတ်အစားသည် မည်မျှပင် အစွမ်းထက်သနည်း
လှူဒါန်းမှု အခမ်းအနားသည် မကြာမီမှာပင် စတင်ခဲ့လေသည်။
မီးသတ်တပ်ဖွဲ့သည် တစ်နိုင်ငံလုံးရှိ ထူးချွန်သော အထူးရွေးချယ်ထားသော မီးသတ်သမား ဆယ်ဦးကို ကောင်းယွမ် ကိုယ်တိုင် ပြုလုပ်ပေးထားသော အပြာရောင် အပူချိန်ထိန်းအဝတ်အစားများကို ဝတ်ဆင် စေကာ အရှေ့ဆုံးတွင် ရပ်ခိုင်းထားလေ၏။
သမ္မတ လျူချွမ်က မိန့်ခွန်းပြောကြားရာတွင် ကောင်းယွမ်၏ ရက်ရောမှုကို ဦးစွာ ကျေးဇူးတင် စကား ဆိုပြီးနောက် အပူချိန်ထိန်းအဝတ်အစား၏ ထူးခြားသော စွမ်းဆောင်ရည်များကို အမွှန်းတင်၍ ချီးကျူးစကားများ ပြောကြားခဲ့လေသည်။
ထို့နောက် ငါးရံ့နက် နည်းပညာကုမ္ပဏီကို ကိုယ်စားပြု၍ ကျန်းပိုင်ရီသည် စင်ပေါ်သို့ တက်လာကာ အပူချိန်ထိန်းအဝတ်အစား၏ ထူးခြားချက်များကို လက်တွေ့ ပြသခဲ့လေ၏။
ဦးစွာပထမ မီးဒဏ်ခံနိုင်ရည်ကို စမ်းသပ်ပြသခဲ့သည်။ အခမ်းအနားတွင် မီးမှုတ်စက်များဖြင့် အပူချိန် ထိန်းအဝတ်အစားကို တိုက်ရိုက် မီးရှို့ပြသခဲ့ရုံသာမက မီးတောက်များဖြင့်လည်း အချိန်အတော်ကြာ အပူပေးပြသခဲ့လေသည်။ ကျန်းပိုင်ရီသည် အပူချိန်ထိန်းအဝတ်အစားကို ကိုယ်တိုင် ဝတ်ဆင်၍ သူ၏ လက်မောင်းကို မီးတောက်ထဲတွင် ဆယ်မိနစ်ခန့် ထည့်ထားပြခဲ့လေသည်။
ထို့နောက် သူ၏ လက်မောင်းကို ထုတ်ပြလိုက်ရာ မည်သည့် ပြောင်းလဲမှုမျှ မရှိသည့်အပြင် အနည်းငယ် မျှပင် နီမြန်းခြင်း မရှိသည်ကို တွေ့လိုက်ရလေသည်။
ဤအချက်ကြောင့် အောက်တွင် ရှိနေကြသော ဧည့်သည်များနှင့် သတင်းထောက်များမှာ အံ့အားသင့် သွားကြရလေတော့သည်။ အပူချိန်ထိန်းအဝတ်အစား ရှိနေပါက မီးသတ်သမားများ၏ ဘေးကင်းလုံခြုံ မှုကို အမှန်တကယ်ပင် အာမခံနိုင်ပေလိမ့်မည်။
ဆက်လက်၍ ကျန်းပိုင်ရီသည် အပူချိန်ထိန်းအဝတ်အစား၏ အပူချိန် ထိန်းညှိနိုင်စွမ်းကို ပြသရန်အ တွက် အပူချိန်တိုင်း ကိရိယာကို အဝတ်အစား အတွင်း၌ ပတ်၍ ရေခဲရေထဲတွင် တစ်လှည့်၊ မီးတောက် ထဲတွင် တစ်လှည့် ထားပြခဲ့လေသည်။ ထိုသို့ ပြုလုပ်နေစဉ် တစ်လျှောက်လုံးတွင် အပူချိန်တိုင်း ကိရိယာ ရှိ အပူချိန်မှာ (၂၆) ဒီဂရီ စင်တီဂရိတ်တွင်သာ တည်ငြိမ်နေခဲ့ပေသည်။
စမ်းသပ်မှုများ ပြီးဆုံးသွားသည့်အခါ ကျန်းပိုင်ရီသည် အသုံးအဆောင် ပစ္စည်းများကို ဖယ်ရှားလိုက်ပြီး သူ၏ မိန့်ခွန်းကို စတင်လိုက်လေ၏။
"အခု မြင်တွေ့ခဲ့ရတဲ့အတိုင်းပါပဲ... ဒါကတော့ ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ အပူချိန်ထိန်းအဝတ်အစား ပဲ ဖြစ်ပါတယ်... ဒါဟာ တကယ့်ကို အဆင့်မြင့် နည်းပညာတစ်ခုပါပဲ..."
"အချို့က မေးကြပါလိမ့်မယ်... အပူချိန်ထိန်းအဝတ်အစားက ဘယ်လိုလုပ်ပြီး အပူချိန်နဲ့ စိုထိုင်းဆကို တည်ငြိမ်အောင် ထိန်းထားနိုင်တာလဲဆိုပြီးပေ့ါ ... ကျွန်တော် ရှင်းပြပါရစေ... အပူချိန်ထိန်းအဝတ်အစား ရဲ့ အတွင်းဘက်မှာ နာနိုပစ္စည်းသစ်တွေနဲ့ ပြုလုပ်ထားတဲ့ အပူချိန် ထိန်းချုပ်လွှာ ပါဝင်ပါတယ်... အဲဒီ အလွှာရဲ့ အတွင်းမှာတော့ ကာဗွန် နာနိုပြွန်တွေ ရှိနေပါတယ်... အဲဒီ ကာဗွန် နာနိုပြွန်တွေကို အပူချိန်ထိန်း အဝတ်အစားရဲ့ ဗဟိုထိန်းချုပ်ရေး ကိရိယာနဲ့ ချိတ်ဆက်ထားတာပါ... ဗဟိုထိန်းချုပ်ရေး ကိရိယာကနေ ပြီး အတွင်းဘက်က ခံစားရတဲ့ အပူချိန်အလိုက် အလိုအလျောက် ထိန်းညှိပေးတာပဲ ဖြစ်ပါတယ်..."
"ကာဗွန် နာနိုပြွန်တွေဟာ အေးအောင် ပြုလုပ်နိုင်ရုံတင်မကဘဲ အပူပေးတာကိုလည်း လုပ်ဆောင်နိုင်တာ ကြောင့် အပူချိန်ထိန်းအဝတ်အစားရဲ့ အတွင်းပိုင်းအပူချိန်ကို အမြဲတမ်း တည်ငြိမ်အောင် ဆောင်ရွက် ပေးနေနိုင်တာပါ... အပူချိန်ထိန်းအဝတ်အစား တစ်ထည်စီမှာ ကာဗွန် နာနိုပြွန်ပေါင်း သန်း တစ်ထောင် ကျော် ပါဝင်ပါတယ်..."
"အဲဒီ ကာဗွန် နာနိုပြွန်တွေကို တိတိကျကျ ထိန်းချုပ်နိုင်ဖို့အတွက် ဗဟိုထိန်းချုပ်ရေး ကိရိယာထဲမှာ ဉာဏ်ရည်တု ချစ်ပ်ပြားတစ်ခု ထည့်သွင်းထားပါတယ်... အဲဒီ ချစ်ပ်ပြားကတော့ ကော်လာရဲ့ အတွင်း ဘက်မှာ တပ်ဆင်ထားတဲ့ ငါးရံ့နက် ရွှေတုတ်ကောက် အမျိုးအစား ချစ်ပ်ပြားပဲ ဖြစ်ပါတယ်... ဒါပေမဲ့ စိတ်မပူပါနဲ့... ချစ်ပ်ပြားက ပျက်စီးသွားမှာ မဟုတ်ပါဘူး... ယုံကြည်စိတ်ချစွာနဲ့ အသုံးပြုနိုင်ပါတယ်..."
"ဒါတင်မကသေးပါဘူးခင်ဗျ... ပိုပြီး အရေးကြီးတဲ့ အဆင့်မြင့် နည်းပညာတစ်ခုလည်း ရှိပါသေးတယ်... အေးအောင် လုပ်ဖို့ရော၊ အပူပေးဖို့အတွက်ရော စွမ်းအင် လိုအပ်တာမို့ အပူချိန်ထိန်းအဝတ်အစားက စွမ်းအင်ကို ဘယ်လို ရယူသလဲဆိုတာပါပဲ... ဒါဟာ ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ အစွမ်းထက်လှတဲ့ သုတေသန စွမ်းရည်ပဲ ဖြစ်ပါတယ်... "
"အပူချိန်ထိန်းအဝတ်အစားရဲ့ မျက်နှာပြင်မှာ အာရုံခံ အပေါ်ယံလွှာ တစ်ခု ပါ ပါတယ်... အဲဒီ အလွှာဟာ ရေစိုခံ၊ မီးဒဏ်ခံနိုင်ပြီး မာကျောပေမဲ့ အလင်းစွမ်းအင်၊ လေစွမ်းအင်နဲ့ လေထုထဲမှာ ရှိတဲ့ အပူနဲ့ ရောင် ခြည် စွမ်းအင်တွေကိုပါ စုပ်ယူနိုင်ပါတယ်... ဒါဟာ စွမ်းအင်မျိုးစုံသုံး ပစ္စည်းသစ်တစ်ခုပါပဲ... အဲဒီ မျက် နှာပြင်ကနေ စုပ်ယူလိုက်တဲ့ စွမ်းအင်တွေကို အလယ်အလွှာကနေတစ်ဆင့် လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးပြီး ဗဟိုထိန်းချုပ်ရေး ကိရိယာထဲက ဘက်ထရီထဲမှာ သိုလှောင်ထားတာ ဖြစ်ပါတယ်..."
"အချို့ကလည်း ဘက်ထရီကို မမြင်ရဘူးလို့ ပြောကြပါလိမ့်မယ်... ဟားဟား... ဘက်ထရီက ကော်လာရဲ့ အလယ်တည့်တည့်မှာ ရှိပါတယ်... ဒါဟာ စက္ကူ နှစ်ချပ်စာလောက်ပဲ ထူပေမဲ့ သာမန် လျှပ်စစ်စကူတာ ဘက်ထရီထက်တောင် စွမ်းအင်ကို ပိုပြီး သိုလှောင်နိုင်ပါတယ်... ခင်ဗျားတို့ ပုံမှန်အတိုင်း လှုပ်ရှားသွား လာနေသရွေ့ အပူချိန်ထိန်းအဝတ်အစားမှာ စွမ်းအင် ကုန်သွားမှာ မဟုတ်ပါဘူး..."
ကျန်းပိုင်ရီ ပြောလေလေ အောက်က လူများဆီက အံ့ဩတကြီး ရေရွတ်သံတွေက ပိုပြီး ကျယ်လောင် လာလေလေ ဖြစ်နေတော့၏။ သာမန် အပူချိန်ထိန်းအဝတ်အစားလေး တစ်ထည်မှာ ဤမျှအထိ များ ပြားလှသော အဆင့်မြင့် နည်းပညာများ ပါဝင်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
အထူးသဖြင့် ဘက်ထရီ ထုတ်လုပ်သူများအတွက်မူ ဤသည်မှာ ထိုးဖောက်မှု အသစ်တစ်ခုပင် ဖြစ်လေ သည်။ ငါးရံ့နက် နည်းပညာကုမ္ပဏီမှာ အဆင့်မြင့် နည်းပညာများစွာ ရှိနေသောကြောင့် အဆိုပါနည်း ပညာများထဲမှ တစ်ခုခုကပင် လက်ရှိ ဈေးကွက်ထဲက လုပ်ငန်းတစ်ခုခုကို တော်လှန်ပြောင်းလဲပစ်နိုင် သည်ဆိုသည်မှာ သာမန်လူများပင် သိရှိနိုင်ကြပေသည်။
အရာအားလုံးမှာ ငါးရံ့နက် နည်းပညာကုမ္ပဏီက လုပ်ဆောင်ချင်စိတ် ရှိ၊ မရှိအပေါ်၌သာ မူတည်နေခဲ့ ပေတော့၏။ ထိုအချိန်တွင် ပရိသတ်ထဲမှ တစ်ယောက်က မေးခွန်း စတင် မေးမြန်းလိုက်လေသည်။
"ဒုတိယဥက္ကဋ္ဌ ကျန်း... ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ အပူချိန်ထိန်းအဝတ်အစားကို ဘယ်တော့လောက် စတင် ရောင်းချပေးမှာလဲရှင်..."
ကျန်းပိုင်ရီက ပြန်လည်ဖြေကြားခဲ့လေ၏။
"အမျိုးသားနေ့ ပြီးမှပဲ ပြောနိုင်ပါလိမ့်မယ်... အသေးစိတ် အချိန်ကိုတော့ ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ တရားဝင် ဝီချက် အကောင့်မှာ စောင့်ကြည့်ပေးပါခင်ဗျ..."
ထိုသို့ ပြောဆိုပြီးနောက် ကျန်းပိုင်ရီသည် စင်ပေါ်မှ ဆင်းသွားခဲ့လေ၏။
ထို့နောက် အခမ်းအနား၏ အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်သော လှူဒါန်းမှု သဘောတူစာချုပ် လက်မှတ်ရေးထိုးချိန် ရောက်ရှိလာခဲ့လေသည်။
ကောင်းယွမ်သည် စင်ပေါ်သို့ တက်လာပြီးနောက်၊
"အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ... တကယ်တော့ ကျွန်တော်တို့က တိတ်တဆိတ်ပဲ လှူဒါန်းချင်ခဲ့ တာပါ... ဒါပေမဲ့ သမ္မတ လျူက ကောင်းမှုကုသိုလ် လုပ်တာကို လူသိရှင်ကြား လုပ်သင့်တယ်ဆိုပြီး ဒီအခမ်းအနားကို ကျင်းပပေးခဲ့တာပါ... ခင်ဗျားတို့ သိကြတဲ့အတိုင်းပဲ... ငါးရံ့နက် နည်းပညာကုမ္ပဏီဟာ လတ်တလောမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်... အချို့သော အဖွဲ့အစည်းတွေက ငါးရံ့နက်ရဲ့ (၁) နာနိုမီတာ ချစ်ပ်ပြားဟာ သူတို့ရဲ့ (၇) နာနိုမီတာ နည်းပညာကို ခိုးချထားတာလို့ ယူဆနေကြလို့ပါ..."
ဤစကားကို ကြားရသည့်အခါ ပရိသတ်များမှာ အုန်းအုန်းကြွက်ကြွက် ဖြစ်သွားကြရလေသည်။ ဤ သည်မှာ တကယ်ပင် ရယ်စရာ ကောင်းလှသည် မဟုတ်ပါလား။ လူတိုင်းက ဤအကြောင်းကို သိရှိ ထားကြသော်လည်း ကောင်းယွမ် ကိုယ်တိုင် ပြောကြားသည်ကို ကြားလိုက်ရသည့်အခါတွင်မူ ကျိန်ဆဲ ချင်စိတ်များ ပေါ်လာခဲ့ကြလေသည်။
"အဲဒါကြောင့် ငါးရံ့နက် နည်းပညာကုမ္ပဏီဟာ ပိတ်ဆို့ခံထားရပါတယ်... ဒါပေမဲ့ ကျွန်တော် ပြောချင် တာက... တကယ်လို့ ပိတ်ဆို့တာမျိုးက အောင်မြင်ခဲ့မယ်ဆိုရင် ချင်းမင်းဆက်ကြီးလည်း ပျက်သုဉ်း သွားမှာ မဟုတ်ပါဘူး... ချင်းမင်းဆက်ဟာ ပြည်ပက စက်မှုကုန်ပစ္စည်းတွေ ဝင်မလာအောင် တံခါးပိတ် ဝါဒ ကျင့်သုံးခဲ့ပေမဲ့ ဘာတွေ ဆက်ဖြစ်ခဲ့လဲဆိုတာ..."
"ကဲ... စကားတွေ အများကြီး မပြောတော့ပါဘူး... ကျွန်တော်တို့ စုံစမ်းသိရှိရသလောက် တစ်နိုင်ငံလုံးမှာ မီးသတ်သမား ငါးသိန်းခန့် ရှိတာကြောင့် ငါးရံ့နက် နည်းပညာကုမ္ပဏီအနေနဲ့ အပူချိန်ထိန်းအဝတ်အစား ငါးသိန်းကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်... ပထမအသုတ် အစုံ တစ်သိန်းကိုတော့ ချင်ကျင်းမြို့ မီးသတ် တပ်ဖွဲ့ဆီ ပေးပို့ထားပြီးပါပြီ... ကျန်ရှိတဲ့ လေးသိန်းကိုတော့ နောက်လာမယ့် နှစ်လအတွင်းမှာ အပြီး ပေးပို့သွားမှာပဲ ဖြစ်ပါတယ်..."
"လူတိုင်း စိတ်ဝင်စားနေကြတဲ့ အပူချိန်ထိန်းအဝတ်အစား ရောင်းချမယ့် ကိစ္စနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်... အပူချိန်ထိန်းအဝတ်အစားတွေကို အမြန်ဆုံး ဖြန့်ချိပြီး ဝယ်ယူတွေနဲ့ ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်..."
ပြောကြားပြီးနောက် ကောင်းယွမ်သည် တရားဝင် လှူဒါန်းမှု စာရွက်စာတမ်းပေါ်တွင် လက်မှတ်ရေးထိုး လိုက်လေသည်။ လျူချွမ်က ကောင်းယွမ်အား "မီးသတ်တပ်ဖွဲ့၏ ဂုဏ်ထူးဆောင် မိတ်ဖက်" ဟု ရေးထိုး ထားသော ကြေးပြား တစ်ခုကို ပေးအပ်ခဲ့လေ၏။
ထိုသို့ဖြင့် အခမ်းအနားမှာ ပြီးဆုံးသွားခဲ့လေတော့သည်။
အခမ်းအနား ပြီးဆုံးသွားသော်လည်း ကောင်းယွမ်သည် မုကျား သို့ မပြန်သေးဘဲ ချင်ကျင်းမြို့၌သာ ဆက်လက် နေထိုင်ခဲ့လေသည်။
ဤ ဧရာမ ချစ်ပ်ပြား စီမံကိန်းကြီးကို အဟန့်အတားမရှိ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ခိုင်မာ သော နိုင်ငံတော်၏ ထောက်ပံ့မှု လိုအပ်နေသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် သူ့အနေဖြင့် တစ်စုံ တစ်ယောက်ကို သွားရောက် တွေ့ဆုံရန် ပြင်ဆင်လိုက်လေသည်။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို တုံ့ပြန်ရာတွင် အဓိက ပြဿနာမှာ ကုန်သွယ်မှု အာဏာသည် အမေရိကန်၏ လက်ထဲ၌ ရှိနေခြင်းပင် ဖြစ်သည်။ အမေရိကန် ဒေါ်လာသည် နိုင်ငံတကာ ကုန်သွယ်မှုသုံး ငွေကြေးဖြစ်ပြီး ငွေပေးချေမှုများကိုလည်း အမေရိကန်၏ စနစ်မှတစ်ဆင့် ဆောင်ရွက်နေရသော ကြောင့် ဖြစ်ပေ၏။
ထို့ကြောင့် နိုင်ငံတကာ ကုမ္ပဏီကြီးများသည် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ချစ်ပ်ပြားများကို အသုံးပြု ရန် တွန့်ဆုတ်နေကြခြင်း ဖြစ်ပေသည်။
ပြည်တွင်း ထုတ်လုပ်သူများပင်လျှင် နိုင်ငံတကာ ကုန်သွယ်မှုကို စွန့်လွှတ်ရန် မရည်ရွယ်ပါက ငါးရံ့နက် ချစ်ပ်ပြားများကို လူသိရှင်ကြား အသုံးပြုရန် ဝံ့ရဲကြမည် မဟုတ်ပေ။ ဤသည်မှာ ပိတ်ဆို့အရေးယူမှု များ အပေါ် အမေရိကန်၏ ယုံကြည်ချက်ပင် ဖြစ်ပေတော့သည်။
သို့သော် ဤကမ္ဘာပေါ်တွင် အမေရိကန်နှင့် မသင့်မြတ်သော နိုင်ငံအချို့ ရှိနေပြီး ၎င်းတို့သည် ရှနိုင်ငံနှင့် ကုန်သွယ်ရာတွင် အမေရိကန် ဒေါ်လာကို အသုံးမပြုခဲ့ကြပေ။ ဥပမာအားဖြင့် ရုရှား ဝက်ဝံကြီးနှင့် ပါရှားတို့ပင် ဖြစ်၏။ ထိုအချိန်တွင် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ချစ်ပ်ပြားများကို ရုရှားနှင့် ပါရှားတို့၌ အဆင်ပြေချောမွေ့စွာ ရောင်းချနေဆဲ ဖြစ်လေသည်။
သို့သော် ရုရှားနှင့် ပါရှားတို့သည် ထုတ်လုပ်မှု အပိုင်းတွင် အထူး အစွမ်းထက်ကြသူများ မဟုတ်ပေ။ ထို့ကြောင့် ပမာဏမှာ အကန့်အသတ်ဖြင့်သာ ရှိနေခဲ့ပေသည်။ အကယ်၍ ရုရှားနှင့် ပါရှားတို့က ထုတ်လုပ်သည့် နည်းပညာ ပစ္စည်းများကို အားကိုး၍ အနောက်နိုင်ငံ ဈေးကွက်ကို ထိုးဖောက်မည်ဆို ပါက အချိန်အတော်ကြာ မြင့်သွားပေလိမ့်မည်။
ကောင်းယွမ်၏ ရည်မှန်းချက်မှာ အနောက်နိုင်ငံ ချစ်ပ်ပြား ဈေးကွက်ကို မွှေနှောက်ဖျက်ဆီးပစ်ရန်သာ ဖြစ်၏။ ထို့ကြောင့် ကောင်းယွမ်သည် ထိုနိုင်ငံများဆီသို့ ချစ်ပ်ပြားများကို အများအပြား ပေးပို့နိုင်ရန် လိုအပ်နေခဲ့လေသည်။
ထိုသို့ဆိုလျှင် ကောင်းယွမ်သည် အမေရိကန်၏ ပိတ်ဆို့မှုများကို မမည်သို့ ကျော်လွှားနိုင်ပါမည်နည်း။
ပထမအချက်မှာ အမေရိကန်ကို ပိတ်ဆို့မှုများ ပြန်လည် ရုပ်သိမ်းစေရန် ဖိအားပေးရန် ဖြစ်ပြီး ဒုတိယ အချက်မှာ ယဉ်ကျေးသော အသွင်ဖြင့် မှောင်ခို ကုန်သွယ်မှု ပြုလုပ်ရန်ပင် ဖြစ်တော့၏။
ကမ္ဘာ့အင်အားကြီး နိုင်ငံကို မိမိ၏ ဆုံးဖြတ်ချက်အား ပြန်လည် ပြင်ဆင်စေရန် ဖိအားပေးဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ဟု လူအများက ထင်ကောင်း ထင်နိုင်ပေလိမ့်မည်။ အမေရိကန်သည် မိမိကိုယ်မိမိ မှားယွင်းနေမှန်း သိသည့်တိုင် မှားယွင်းသော လမ်းဟောင်းအတိုင်းသာ ဆက်လက် လျှောက်လှမ်းနေ မည်သာ ဖြစ်ပေ၏။
ကောင်းယွမ်သည် ယခုအခါ ဒုတိယ နည်းလမ်းကို အသုံးပြု၍ ပထမ ရည်မှန်းချက်ကို အောင်မြင်ရန် ကြံစည်နေခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် အကျိုးစီးပွားနှင့် တိုက်ရိုက် ထိပ်တိုက် တွေ့လာသည့် အခါ မည်သည့်အရာမဆို ဖြစ်နိုင်သောကြောင့်ပင် ဖြစ်တော့၏။
ကောင်းယွမ်သည် ချင်ကျင်းမြို့ရှိ နိုင်ငံခြားသို့ တင်ပို့သော လျှပ်စစ် မုတ်ဆိတ်ရိတ်စက်ကဲ့သို့သော အိမ်သုံး လျှပ်စစ်ပစ္စည်း စက်ရုံအသေးစားလေး တစ်ခုကို ဝယ်ယူရန် စီစဉ်လိုက်လေသည်။
ရှနိုင်ငံသည် ကမ္ဘာပေါ်တွင် လူသုံးကုန် ပစ္စည်းများကို အများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး နှစ်စဉ် ကမ္ဘာတစ်ဝှမ်းသို့ ကုန်ပစ္စည်း အမြောက်အမြား တင်ပို့ ရောင်းချနေသောကြောင့် ဖြစ်ပေတော့သည်။
အခန်း (၅၄)
စီးပွားရေးကို ကောင်းမွန်စွာ မလုပ်ဘဲ အဘယ်ကြောင့် ရုပ်ရှင်ရိုက်နေရသနည်း
အကယ်၍ မုတ်ဆိတ်ရိတ်စက် တစ်လုံးအတွင်း၌ ငါးရံ့နက် ချစ်ပ်ပြားပေါင်း တစ်ရာခန့်ကို ထည့်သွင်း ထားပြီး ထိုစက်အား ငွေငါးသောင်းဖြင့် ရောင်းချမည်ဆိုလျှင်... ထို့ပြင် ထိုချစ်ပ်ပြားများပေါ်တွင် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ အမှတ်တံဆိပ် မပါရှိပါက...၊
ပြည်ပမှ ထုတ်လုပ်သူကြီးများသည် ဤကဲ့သို့သော နေ့စဉ်သုံး ပစ္စည်းများကို အမြောက်အမြား ဝယ်ယူ ရန် စိတ်ဝင်စားကြလိမ့်မည်ဟု ကောင်းယွမ် ယုံကြည်နေခဲ့လေသည်။
အကြောင်းမှာ ဤပစ္စည်းများကို ငါးရံ့နက် နည်းပညာကုမ္ပဏီက ထုတ်လုပ်ခြင်း မဟုတ်သလို ၎င်းတို့ သည်လည်း ချစ်ပ်ပြားများကို တိုက်ရိုက် ဝယ်ယူနေခြင်း မဟုတ်သောကြောင့် ဖြစ်၏။ ၎င်းတို့အတွင်းမှ ချစ်ပ်ပြားများကို ပြန်လည် ထုတ်ယူ၍ အသုံးပြုခြင်းမှာမူ စွန့်ပစ်ပစ္စည်းများကို ပြန်လည် အသုံးချခြင်း သာ ဖြစ်ပေလိမ့်မည်...။
အကယ်၍ အမေရိကန်သည် အိမ်သုံး လျှပ်စစ်ပစ္စည်း အသေးစားများ တင်သွင်းမှုကို ပိတ်ပင်လိုက်မည် ဆိုပါက ၎င်းသည် မိမိကိုယ်မိမိ သတ်သေခြင်းနှင့်သာ တူပေလိမ့်မည်။
အမေရိကန်နိုင်ငံသည် ကုန်ပစ္စည်း အမြောက်အမြားကို ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်း မရှိပေ။ အကယ်၍ ရှနိုင်ငံထုတ် ကုန်ပစ္စည်းများကို ပိတ်ပင်လိုက်မည်ဆိုပါက ၎င်းတို့နိုင်ငံအတွင်း၌ အသုံးပြုရန် ကုန်ပစ္စည်း လုံးဝ ရှိတော့မည် မဟုတ်ပေ။
အိမ်သုံး လျှပ်စစ်ပစ္စည်းများအတွင်း၌ ချစ်ပ်ပြားများကို ထည့်သွင်းထားခြင်းမှာ အလွန်ပင် သင့်လျော်လှ ပေသည်။ ၎င်းသည် ချစ်ပ်ပြားများကို ပိုမို အသုံးပြုထားသည်ဟုသာ အဓိပ္ပာယ် ရပေသည်။
ထို့ပြင် ကောင်းယွမ်အနေဖြင့် ဖြန့်ဖြူးရေး လမ်းကြောင်းသစ်များကိုပင် ရှာဖွေနေရန် မလိုတော့ပေ။
အကြောင်းမှာ သူ ဝယ်ယူလိုက်သော စက်ရုံငယ်လေးများတွင် ခိုင်မာသော ဖြန့်ဖြူးရေး လမ်းကြောင်း များ ရှိနှင့်ပြီးသား ဖြစ်သောကြောင့် ဖြစ်၏။ ကောင်းယွမ် လုပ်ဆောင်ရန် လိုအပ်သည်မှာ လက်ရှိ ဖြန့် ဖြူးသူများကို လျှို့ဝှက်ချက်အချို့ ပြောပြလိုက်ရုံပင် ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် ဝယ်ယူမည့် သူများကို သဘာဝအတိုင်းပင် ကူညီ ရှာဖွေပေးကြပေလိမ့်မည်...။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည်လည်း ဤလုပ်ငန်းမှတစ်ဆင့် အပိုဝင်ငွေများ ရရှိနိုင်သောကြောင့် ဖြစ်၏။
ပို၍ အရေးကြီးသော အချက်မှာ ချစ်ပ်ပြား ထုတ်လုပ်သူ အားလုံးနီးပါးသည် အမေရိကန်နိုင်ငံ ပြင်ပ၌ သာ ရှိနေကြသဖြင့် ထိန်းချုပ်ရန် အလွန်ပင် ခက်ခဲလှပေသည်။
ယခင်က အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများ ထိရောက်ခဲ့ခြင်းမှာ ၎င်းတို့၏ လက်ထဲ၌ အဆင့်မြင့်ဆုံး နည်းပညာများ ရှိနေခဲ့သောကြောင့် ဖြစ်၏။ သို့သော် ယခုအခါတွင်မူ အခြေအနေမှာ ပြောင်းပြန် ဖြစ် သွားခဲ့ပြီ ဖြစ်သည်။ အဆင့်မြင့် နည်းပညာ ထုတ်ကုန်များသည် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ လက် ထဲသို့ ရောက်ရှိနေခဲ့ပြီ မဟုတ်ပါလား...။
နိုင်ငံတကာ လျှပ်ကူးတစ်ပိုင်း ထုတ်လုပ်သူများသည် ငါးရံ့နက် ချစ်ပ်ပြားများကို အသုံးပြုရသည်မှာ ကျင့်သားရသွားသည့် အခါတွင်မူ မူလ ချစ်ပ်ပြား ထုတ်လုပ်သူများသည် အော်ဒါ မရှိတော့သဖြင့် ဒေဝါလီခံကြရပေလိမ့်မည်။ ထိုအချိန်ကျမှ ကောင်းယွမ်က ချစ်ပ်ပြား ထောက်ပံ့မှုကို ဖြတ်တောက် လိုက်မည်ဆိုပါလျှင်...၊
အမေရိကန်အတွက် ကျန်ရှိသော တစ်ခုတည်းသော ရွေးချယ်မှုမှာ ပိတ်ဆို့အရေးယူမှုများကို ပြန်လည် ရုပ်သိမ်းပေးရန်ပင် ဖြစ်ပေလိမ့်မည်။
ပိတ်ဆို့အရေးယူမှုများသည် မည်သည့် ရလဒ်မျှ မထွက်ပေါ်သည့်အပြင် ထိန်းချုပ်ရ ပိုမို ခက်ခဲလာစေ မည်ဆိုပါက ပိတ်ဆို့မှုများကို ရုပ်သိမ်း၍ တရားဝင် လမ်းကြောင်းမှတစ်ဆင့် ဆောင်ရွက်ခြင်းကသာ အခွန်အခ ပိုမို ရရှိစေပြီး ထိန်းချုပ်ရလည်း ပိုမို လွယ်ကူစေမည် မဟုတ်ပါလား...။
သို့သော် ထိုအချိန် ရောက်သည့်အခါတွင်မူ ဖြန့်ဖြူးသူများသည် ပိတ်ဆို့မှုများကို ရုပ်သိမ်းရန် သဘောတူ ကြလိမ့်မည် မဟုတ်ပေ...။
ကြီးမားသော အကျိုးစီးပွားများနှင့် ထိပ်တိုက် တွေ့လာရသည့် အခါတွင်မူ ပိတ်ဆို့အရေးယူမှုများမှာ အချည်းနှီးသာ ဖြစ်ပေတော့သည်...။
ဤသို့ဖြင့် ကောင်းယွမ်သည် အစီအစဉ်များကို စတင် ဆောင်ရွက်နေခဲ့လေသည်။
တစ်ဖက်တွင်လည်း ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ပထမဆုံးသော 'ကြော်ငြာ' သည် နောက်ဆုံးတွင် ပြသရန် နီးကပ်လာခဲ့ပြီ ဖြစ်၏။
ဖန်တီးသူအဖြစ် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည့် ကောင်းယွမ်သည် မျက်နှာဖုံးနှင့် ဦးထုပ်များကို ဝတ်ဆင်ကာ ချင်ကျင်းမြို့ရှိ ဝမ်နန်ရုပ်ရှင်ရုံသို့ ရောက်ရှိလာခဲ့လေသည်။
အခြားသော ရုပ်ရှင်များသည် ခမ်းနားသော အခမ်းအနားများဖြင့် ပြသလေ့ရှိပြီး နာမည်ကျော် ရုပ်ရှင် ဝေဖန်ရေးသမားများကို ဖိတ်ကြား၍ ကြော်ငြာမှုများ ပြုလုပ်လေ့ ရှိကြသော်လည်း... 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ရုပ်ရှင်မှာမူ အလွန်ပင် တိတ်ဆိတ်နေခဲ့လေသည်။
ကံကောင်းထောက်မစွာဖြင့် ဝမ်တာလင်း၏ ကူညီမှုကြောင့် 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ၏ လက်မှတ် ရောင်းချရမှု အခြေအနေမှာ အတော်လေး ကောင်းမွန်နေခဲ့ပေ၏။
ကောင်းယွမ် လက်မှတ် ဝယ်ယူသည့် အချိန်တွင် လက်မှတ် သုံးပုံ နှစ်ပုံခန့်မှာ ရောင်းချပြီး ဖြစ်နေခဲ့လေ သည်။
ကောင်းယွမ်သည် ထောင့်စွန်းရှိ နေရာတစ်ခုကို ရွေးချယ်၍ ရုပ်ရှင်ရုံအတွင်းသို့ ဝင်ရောက်ခဲ့လေသည်။
ရုပ်ရှင် မစတင်မီ ဆယ်မိနစ်ခန့် အလိုတွင် ပရိသတ်များသည် ရုပ်ရှင်ရုံအတွင်းသို့ စတင် ဝင်ရောက်လာ ကြလေသည်။
ကောင်းယွမ်သည် ၎င်းတို့၏ စကားပြောသံများကို ကြားနေရလေသည်။
သူ၏ ရှေ့တွင် လူငယ် ဇနီးမောင်နှံ တစ်စုံ ရှိနေခဲ့သည်။ အမျိုးသမီးငယ်မှာ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်များ ကို အထူး စိတ်ဝင်စားသူ မဟုတ်သည့်အပြင် ဤရုပ်ရှင်မှာလည်း အကုန်အကျ နည်းပါးသော ရုပ်ရှင် တစ်ခုဟု ယူဆထားသဖြင့်... သူမ၏ စိတ်ဝင်စားမှုကို ရရှိရန်မှာမူ အလွန် ခက်ခဲလှပေသည်။
အမျိုးသမီးငယ်က ပြစ်တင် စကား ဆိုလိုက်လေသည်။
"ဘာလို့ ဒီကားကို ကြည့်ရတာလဲ... တခြားသူတွေက 'လူငယ်သုံးဦး' ကို သွားကြည့်ကြတာလေ... ရှင်က ကြိုပြီး လက်မှတ်မဖြတ်ထားလို့ အခုတော့ အကုန်ကုန်သွားပြီ မဟုတ်လား..."
"အချစ်ရယ်... 'လူငယ်သုံးဦး' က ဘာများ ကောင်းလို့လဲ... 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ရဲ့ နမူနာဗီဒီယို ကို မကြည့်မိဘူးလား... တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတာနော်... အထူးပြုလုပ်ချက်တွေကလည်း အံ့မခန်းပဲ..."
"ဒါပေမဲ့... ကောင်းယွမ်ဆိုတဲ့သူက ဘာလုပ်တဲ့သူလဲ... သူက ဒါရိုက်တာရော၊ အဓိက သရုပ်ဆောင်ရော လုပ်ထားတာဆိုတော့..."
"မင်း ကောင်းယွမ်ကို မသိဘူးလား... တည်းဖြတ်စက် အကြောင်းရော မကြားဖူးဘူးလား... ဒါမှမဟုတ် အပူချိန်ထိန်းအဝတ်အစား အကြောင်းရောပေါ့... အဲဒီ ဝတ်စုံကို ဝယ်ချင်တယ်ဆိုပြီး ပူဆာနေတာ မဟုတ်ဘူးလား... အခု အင်တာနက်ပေါ်မှာ လူတိုင်းက အဲဒီ အပူချိန်ထိန်းအဝတ်အစား အကြောင်းပဲ ပြောနေကြတာလေ။ မင်း လိုချင်နေတဲ့ အဲဒီ ဝတ်စုံကို ထုတ်လုပ်တာ ကောင်းယွမ်ရဲ့ ကုမ္ပဏီကပဲလေ... သူက တကယ့်ကို အစွမ်းထက်တဲ့သူပဲ။ ပိုပြီး အံ့ဩစရာ ကောင်းတာက ကောင်းယွမ်က တစ်ကမ္ဘာလုံး က ချစ်ပ်ပြား စက်မှုလုပ်ငန်းကို ထိပ်တိုက် ရင်ဆိုင်တော့မှာလေ... အဲ... တစ်ယောက်တည်းတော့ မဟုတ်ဘူးပေါ့၊ ရှဝေကုမ္ပဏီလည်း ပါတယ်..."
အမျိုးသမီးငယ်မှာမူ စိတ်ဝင်စားဟန် မရှိသေးပေ။
"ဒါဆို သူက စီးပွားရေးသမားပေါ့... သူက ဘာလို့ အပူချိန်ထိန်းအဝတ်အစားတွေကို မြန်မြန် ထုတ်ပြီး ဈေးကွက်ထဲ မပို့တာလဲ... ဘာလို့ ရုပ်ရှင်တွေ လိုက်ရိုက်နေရတာလဲ... တကယ်ပါပဲ..."
အနောက်တွင် ရှိနေသော ကောင်းယွမ်မှာမူ မည်သည့်စကားမျှ မဆိုနိုင်တော့ပေ...။
*ဒါက ကြော်ငြာနေတယ် ဆိုတာကို မသိကြဘူးလား...*
*ပစ္စည်းတစ်ခု ဝယ်တဲ့ အခါမှာ ကြော်ငြာတွေကို မတွေ့ဖူးကြဘူးလား...*
'ကမ္ဘာမြေကို ကယ်တင်ခြင်း' ဟူသော မှတ်တမ်းရုပ်ရှင်သည် နောင်လာမည့် ဆယ်နှစ်အတွင်း ငါးရံ့နက် နည်းပညာကုမ္ပဏီမှ ထွက်ရှိမည့် ထုတ်ကုန် အားလုံးကို ထုတ်ဖော်ပြသသွားမည် ဖြစ်သည် မဟုတ်ပါ လား...။
ကောင်းယွမ်သည် မျက်နှာကို လွှဲလိုက်စဉ်မှာပင် အခြားသော ပရိသတ် နှစ်ဦး ရောက်ရှိလာခဲ့လေသည်။
၎င်းတို့မှာလည်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ချစ်သူများ မဟုတ်ကြပေ။
ထိုသူနှစ်ဦးသည်လည်း စကားစမြည် ပြောဆိုနေခဲ့ကြလေသည်။
"ကောင်းယွမ်က ငါတို့ကို အံ့ဩစရာတွေ ပေးနိုင်မလား မသိဘူးနော်... ရှနိုင်ငံရဲ့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင် တွေကတော့ နာမည်ပျက်နေတာ ကြာပြီ။ ဒီနှစ်တွေအတွင်းမှာ 'လွင့်မျောနေသော ကမ္ဘာမြေ' တစ်ခုပဲ ပြောစမှတ်ပြုစရာ ရှိခဲ့တာလေ..."
"ဘယ်သူ သိမှာလဲ... ဒါပေမဲ့ နမူနာဗီဒီယိုကို ကြည့်ရသလောက်တော့ အထူးပြုလုပ်ချက်တွေက အတော်လေး ကောင်းမွန်တယ်လို့ ထင်ရတာပဲ။ မင်းတို့ရဲ့ ရုပ်ရှင်အပတ်စဉ် မဂ္ဂဇင်းကလည်း 'ကမ္ဘာမြေ ကို ကယ်တင်ခြင်း' အကြောင်း ရေးမှာလား..." ဟု အမျိုးသားက မေးမြန်းလိုက်လေသည်။
"ကျွန်မတို့ရဲ့ အယ်ဒီတာချုပ်က ပြန်ရောက်ရင် ရုပ်ရှင်ဝေဖန်ချက် ရေးဖို့အတွက် လွှတ်လိုက်တာလေ… ရုပ်ရှင်က ကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ ကျွန်မကတော့ အဆုံးထိ ကြည့်ပြီးမှ ရေးလို့ ရမှာပေါ့။ ဒါနဲ့ ရှင်က 'စီးပွားရေးပုဂ္ဂိုလ်များ' မဂ္ဂဇင်းမှာ အလုပ်လုပ်တာ မဟုတ်လား... ဘာလို့ ဒီမှာ ရုပ်ရှင် လာ ကြည့်နေရတာလဲ..."
အမျိုးသားက ပြန်လည် ဖြေလိုက်လေသည်။
"ကျွန်တော်ကတော့ ခင်ဗျားနဲ့ မတူဘူးလေ။ ခင်ဗျားက ရုပ်ရှင်ကြောင့် လာတာဆိုပေမဲ့ ကျွန်တော်က တော့ ကောင်းယွမ်ကြောင့် လာတာ… ကောင်းယွမ်က အခုအချိန်မှာ လူပြောအများဆုံး ပုဂ္ဂိုလ်တစ် ယောက် ဖြစ်နေတာလေ… ကျွန်တော်တို့ သူ့ကို တွေ့ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒါကြောင့် သူ့ရဲ့ ရုပ်ရှင်ကို ကြည့်ရင်းနဲ့ တစ်ခုခု ထူးခြားတာများ တွေ့မလားလို့ လာခဲ့တာပါ..."
ဤစကားကို ကြားလိုက်ရသည့်အခါတွင်မူ...
ကောင်းယွမ် နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ရုပ်ရှင်ကို ပထမဆုံး လာရောက် ကြည့်ရှုသူများသည် သိပ္ပံစိတ်ကူးယဉ် ဝါသနာအိုးများ သို့မဟုတ် မီဒီယာလောကမှ ပုဂ္ဂိုလ်များသာ ဖြစ်ပေလိမ့်မည်...။
အတိုချုပ် ပြောရလျှင် သာမန်လူတစ်ယောက် အနေဖြင့် ရွေးချယ်စရာ ရုပ်ရှင်များစွာ ရှိနေသည့် အချိန်၌ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တစ်ခုကို ချက်ချင်း လာရောက် ကြည့်ရှုလိမ့်မည် မဟုတ်ပေ။
ကောင်းယွမ်သည် မျက်လုံးများကို မှိတ်ထားရင်း ရုပ်ရှင် စတင်ရန် စောင့်ဆိုင်းနေခဲ့လေသည်...။
မကြာမီမှာပင် ရုပ်ရှင်ရုံအတွင်းရှိ မီးများ အားလုံး ငြိမ်းသွားခဲ့လေ၏။ ပိတ်ကားကြီးမှာ စတင် လင်းထိန် လာခဲ့ပြီ ဖြစ်သည်။
ဦးစွာပထမ နဂါးပုံစံ အမှတ်တံဆိပ် ပေါ်လာပြီးနောက် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သော ဆယ်လ်မွန် ဖျော်ဖြေရေး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်၏ အန်နီမေးရှင်း အမှတ်တံဆိပ် ပေါ်လာခဲ့လေ သည်။
ထို့နောက် ဖြန့်ချိရေး ကုမ္ပဏီ ဖြစ်သော ဝမ်နန်ရုပ်ရှင်ထုတ်လုပ်ရေး၏ အမည် ပေါ်လာပြီးနောက် ပိတ်ကားမှာ ပြန်လည် မှောင်သွားခဲ့၏။
ထို့နောက် ဧရာမ မီးလုံးကြီး တစ်လုံးကို မြင်တွေ့လိုက်ရလေသည်။ ကင်မရာမှာ တဖြည်းဖြည်း နောက် သို့ ဆုတ်သွားသည့် အခါတွင်မူ ဗုဒ္ဓဟူးဂြိုဟ်၊ သောကြာဂြိုဟ်... ကမ္ဘာမြေ၊ အင်္ဂါဂြိုဟ်နှင့် ကြာသပတေး ဂြိုဟ်တို့မှာ ပိတ်ကားပေါ်တွင် တစ်ခုပြီးတစ်ခု ပေါ်လာခဲ့လေတော့သည်။
မြင်ကွင်းတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့် လျှို့ဝှက်ဆန်းပြားခြင်းတို့ဖြင့် ပြည့်နှက်နေ ခဲ့လေ၏။
ဤရုပ်ရှင်မှာ သုံးဖက်မြင် ရုပ်ရှင်ဖြစ်သော်လည်း ပရိသတ်များသည် ယခင် သုံးဖက်မြင် ရုပ်ရှင်များနှင့် မတူညီကြောင်း ခံစားလိုက်ရလေသည်။ ယခင် ရုပ်ရှင်များသည် ပုံရိပ်များ ပိုမို ကြွတက်လာသည်ဟု ခံစားရရုံမျှသာ ရှိသော်လည်း 'ကမ္ဘာမြေကို ကယ်တင်ခြင်း' မှာမူ ပရိသတ်များကို ရုပ်ရှင်အတွင်းသို့ ဆွဲ ခေါ်သွားသကဲ့သို့ ရှိနေခဲ့ပေသည်။
ပရိသတ်များသည် မိမိတို့ကိုယ်မိမိ ဟင်းလင်းပြင်ထဲ၌ ရပ်နေရင်း နေအဖွဲ့အစည်းနှင့် လူသားတို့၏ တစ်ခုတည်းသော အိမ်ဂေဟာကို ကြည့်ရှုနေရသကဲ့သို့ ခံစားလိုက်ရလေသည်။
ကမ္ဘာမြေကြီးမှာ တကယ့်ကို လှပလွန်းလှပေသည်။
ရုတ်တရက်ပင် နေအဖွဲ့အစည်း၏ အလယ်ဗဟို၌ ဟင်းလင်းပြင်တွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာ ခဲ့လေသည်။
မည်သည့် ကြိုတင်အချက်ပေးမှုမျှ မရှိဘဲ နေမင်းကြီးသည် ထိုတွင်းနက်ကြီး၏ ဆွဲငင်မှုကြောင့် အစိတ် စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့ရလေတော့၏။
စက္ကန့်ပိုင်းအတွင်းမှာပင် ဧရာမ နေမင်းကြီးသည် ပြင်းထန်သော ဆွဲငင်အားကြောင့် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခဲ့ရပြီး ထိုအချိန်တွင် နေမင်းကြီးမှာ အရည်များကဲ့သို့ ဖြစ်သွားခဲ့လေသည်။
ပရိသတ်များကြားမှ အံ့ဩတကြီး ရေရွတ်သံများ ထွက်ပေါ်လာခဲ့လေသည်။ ၎င်းမှာ တကယ့်ကို လက်တွေ့ဆန်လွန်းလှသဖြင့် ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်...။ ကမ္ဘာမြေကြီးသည်ပင် ပြင်းထန်သော ဆွဲငင်အားကြောင့် တွင်းနက်ကြီးဆီသို့ တရွတ်တိုက် ပါသွားသည်ကို မြင်တွေ့နေရလေ သည်။
သို့သော် နောက်တစ်ခဏမှာပင် ထိုတွင်းနက်ကြီးမှာ မည်သည့် အရိပ်အယောင်မျှ မကျန်ခဲ့ဘဲ ရုတ်တ ရက် ပျောက်ကွယ်သွားခဲ့ပြန်၏။
တွင်းနက်ကြီး ပျောက်ကွယ်သွားသည့် အခါတွင်မူ နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များသည် ဆွဲငင်အား ကို ချက်ချင်း လက်လွှတ်လိုက်ရပြီး မိမိတို့၏ ပတ်လမ်းကြောင်းများအတိုင်း အရှိန်ဖြင့် လွင့်ထွက်သွား ကြလေတော့သည်။
သောကြာဂြိုဟ်နှင့် အင်္ဂါဂြိုဟ်တို့မှာ ပတ်လမ်းကြောင်း မတည်ငြိမ်မှုကြောင့် တစ်ခုနှင့်တစ်ခု တိုက်မိ သွားကြရာ အာကာသအတွင်း၌ ဧရာမ မီးရှူးမီးပန်းကြီး တစ်ခု ပေါက်ကွဲသွားသကဲ့သို့ မြင်တွေ့ လိုက် ရလေသည်။
ထို့နောက် ကင်မရာမှာ ကမ္ဘာမြေကြီးဆီသို့ အာရုံစိုက်သွားပြီး ၎င်းမှာလည်း ဟင်းလင်းပြင်၏ နက်ရှိုင်း သော နေရာတစ်ခုဆီသို့ ဦးတည် လွင့်မျောသွားခဲ့လေပြီဖြစ်ရာ... ၎င်း၏ အနာဂတ်မှာ မည်သို့ ဖြစ်လာ မည်ကို မည်သူမျှ မသိနိုင်တော့ပေ။