အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
အခန်း (၅၅)
တိုက်ခိုက်ခံရခြင်း
ချင်ကျွင်းသည် ရုပ်ရှင်ဝေဖန်ရေးသမားတစ်ဦး ဖြစ်ပေသည် ။
သူသည် မူလကတည်းက ဤရုပ်ရှင်အပေါ် အကောင်းမမြင်ခဲ့ဘဲ အပြစ်ရှာရန်အတွက်သာ ရုပ်ရှင်ရုံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။
သို့သော် မြင်ကွင်းများကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ သူ၏ ပထမဆုံးသော အထင်အမြင်မှာ ပြောင်းလဲသွားခဲ့ရလေသည် ။ ရုပ်ရှင်ရိုက်ကူးတင်ဆက်မှုနှင့် အထူးပြုလုပ်ချက်များမှာ အလွန်ပင် လက်ရာမြောက်လှသဖြင့် ရုပ်ရှင်အတွင်းသို့ ကိုယ်တိုင် ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည် မဟုတ် ပါလား ... ။
ထို့နောက် မြင်ကွင်းမှာ ကမ္ဘာမြေပေါ်ရှိ မြို့ငယ်လေးတစ်မြို့ဆီသို့ ပြောင်းလဲသွားခဲ့ပြန်လေသည်။ ထို နေရာရှိ ပျက်စီးယိုယွင်းနေသော အဆောက်အအုံတစ်ခု၏ အပြင်ဘက်တွင် "စကြဝဠာ အဆင့်မြင့်နည်း ပညာ သုတေသန အင်စတီကျု" ဟူသော ရယ်စရာကောင်းသည့် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားလေ၏ ။
အဆောက်အအုံအတွင်း၌ လူငယ်တစ်ဦးသည် ကောင်းကင်ယံသို့ ငေးကြည့်ရင်း ပြောလိုက်သည် ... ။
"နေမင်းကြီး ပျောက်ကွယ်သွားပြီ ... နောက်ထပ် ရှစ်မိနစ်အတွင်းမှာ ကမ္ဘာမြေကြီးက ထာဝရ မှောင် အတိ ကျသွားတော့မယ် ..."
သူ၏ဘေးတွင် မှီတွယ်နေသော အမျိုးသမီးငယ်လေးက မေးမြန်းလိုက်၏ ... ။
"အစ်ကိုယွမ် ... နေမင်းကြီးက ပြန်လာပါဦးမလားဟင် ..."
"မလာတော့ဘူး ... ငါတို့ နေမင်းအသစ်တစ်ခုကို မရှာတွေ့သရွေ့ပေါ့ ..."
ချင်ကျွင်းသည် မျက်မှောင်ကြုတ်လိုက်မိလေသည်။
*ဒီသရုပ်ဆောင်က ကောင်းယွမ် မဟုတ်ဘူးလား ...*
သူ၏ သရုပ်ဆောင်မှုမှာ ကောင်းမွန်လှသော်လည်း တစ်ခုခုတော့ မှားယွင်းနေသကဲ့သို့ ခံစားရလေသည် ။ အကြောင်းမှာ လတ်တလော သတင်းများတွင် သူသည် တက်ကြွလန်းဆန်းနေသူတစ်ဦးအဖြစ် မြင် တွေ့ခဲ့ရသော်လည်း ရုပ်ရှင်ထဲတွင်မူ အလွန်ပင် အခြေအနေပျက်နေသော လူတစ်ဦးကဲ့သို့ ဖြစ်နေသော ကြောင့်ပင် ဖြစ်၏ ... ။
လင်းကျိုးမြို့ရှိ ဝမ်နန်ရုပ်ရှင်ရုံတွင်လည်း ...၊
လင်းမေသည်လည်း ဤနေရာ၌ ဦးဆုံးပြသမှုကို ကြည့်ရှုနေခဲ့ပေသည်။ ဤရုပ်ရှင်သည် သူမ၏ မျက်စိ ရှေ့မှောက်တွင်ပင် ဖန်းတီးခဲ့ခြင်းပင် ဖြစ်လေ၏ ။ ကောင်းယွမ်သည် ကိရိယာတစ်ခုကို ဝတ်ဆင်ထားပြီး နောက် ပိတ်ကားပေါ်တွင် ပုံရိပ်များ တရစပ် ပေါ်လာသည်ကို သူမ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
ကောင်းယွမ်သည် အကြောင်းအရာတစ်ခုခု၌ အခက်တွေ့နေသည့်အခါတိုင်း သူ၏ဘေးရှိ ကျွမ်းကျင်သူ က မည်သို့ ဖြစ်သင့်ကြောင်း ယုံကြည်ချက်အပြည့်ဖြင့် ရှင်းပြလေ့ရှိပေသည် ။ ထိုအခါ ကောင်းယွမ် သည် မျက်လုံးများကို မှိတ်လိုက်ပြီး ပြင်ဆင်ပြီးသား မြင်ကွင်းများကို ပြန်လည် ဖော်ထုတ်ပြသခဲ့ခြင်း ဖြစ်ပေသည် ။
လင်းမေသည် ဤကဲ့သို့သော နည်းလမ်းဖြင့် ရုပ်ရှင်ရိုက်ကူးသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ ... ။
ထိုအချိန်တွင် ရုပ်ရှင်ထဲ၌ အမျိုးသမီး ဇာတ်ဆောင် ပေါ်လာသည်ကို သူမ မြင်လိုက်ရ၏ ... ။
ထိုဇာတ်ဆောင်၏ မျက်နှာမှာ သူမကိုယ်တိုင်ပင် ဖြစ်နေသဖြင့် လင်းမေ၏ ရင်ထဲ၌ ထူးခြားသော ခံစား ချက်တစ်ခု ဖြစ်ပေါ်လာခဲ့ရသည် ။
*အစ်ကိုယွမ်က ငါ့ကို တစ်ခုခုကိုများ အရိပ်အမြွက် ပြချင်နေတာများလား... *
ငါးရံ့နက် နည်းပညာကုမ္ပဏီမှ အခြားသော ဝန်ထမ်းများသည်လည်း အမျိုးသမီး ဇာတ်ဆောင်မှာ လင်းမေ ဖြစ်ကြောင်း သိရှိသွားကြသည့်အခါ သူမအား ကြည့်သည့် အကြည့်များမှာ သူဌေးကတော် ကို ကြည့်သည့် အကြည့်များကဲ့သို့ ဖြစ်သွားခဲ့ကြလေသည် ... ။
ပိတ်ကားပေါ်တွင် ဇာတ်လမ်းမှာ ဆက်လက် အရှိန်မြင့်လာခဲ့လေ၏ ... ။
လွန်ခဲ့သော ခြောက်လခန့်က အဓိက ဇာတ်ဆောင် ကောင်းယွမ်သည် ကမ္ဘာမြေသို့ ရောက်ရှိလာသော နေရောင်ခြည်အတွင်းရှိ အဏုမြူအမှုန်အမွှားများ၏ သိမ်မွေ့သော ပြောင်းလဲမှုများကို အာရုံခံမိရာမှ ဟင်းလင်းပြင်တွင်းနက်ကြီးတစ်ခု ချဉ်းကပ်လာနေကြောင်းနှင့် နေမင်းကြီး ပျောက်ကွယ်သွားတော့မည် ဖြစ်ကြောင်း တွက်ချက်ခဲ့လေသည်... ။
၎င်းတို့သည် ဟင်းလင်းပြင်တွင်းနက်ကြီး၏ အရွယ်အစားကိုပင် တိတိကျကျ တွက်ချက်နိုင်ခဲ့ကြလေ ၏။
ဤဟင်းလင်းပြင်တွင်းနက်ကြီးသည် နေမင်းကြီးကို ဝါးမြိုပြီးနောက် အတွင်းစွမ်းအင် မတည်ငြိမ်မှု ကြောင့် ပျောက်ကွယ်သွားမည်ဖြစ်ပြီး နောက်တစ်ကြိမ်တွင်မူ အလင်းနှစ် ဆယ်ဂဏန်းခန့် ဝေးကွာသော နေရာ၌ ပြန်လည် ပေါ်ပေါက်လာမည်သာ ဖြစ်သည် ... ။
မကြာမီမှာပင် အဓိက ဇာတ်ဆောင်သည် အရေးကြီးသော တာဝန်တစ်ခုကို လက်ခံရရှိခဲ့ပြီး လူသား မျိုးနွယ်ကို ကယ်တင်ရန်ဟူသော ကြီးလေးသည့် တာဝန်မှာ သူ၏ ပခုံးပေါ်သို့ ရောက်ရှိလာခဲ့လေ တော့သည် ... ။
သာမန်လူများက ဇာတ်လမ်းကိုသာ အာရုံစိုက် ကြည့်ရှုနေကြသော်လည်း ... ကျွမ်းကျင်သူများကမူ ရုပ်ရှင်၏ ဆိုလိုရင်းကို နားလည်နေကြပေသည် ။
ကောင်းယွမ်သည် အဘယ်ကြောင့် ဤရုပ်ရှင်ကို ရိုက်ကူးခဲ့သနည်း ... ။
အကြောင်းမှာ ရုပ်ရှင်သည် နောင်လာမည့် နှစ်ပေါင်း နှစ်ဆယ်ကျော်အကြာကို အခြေခံထားသော်လည်း ရုပ်ရှင်ထဲ၌ ပြသထားသော လူနေမှုဘဝမှာ စိတ်ကူးစိတ်သန်းများဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်၏။ (၂၀၄၅) ခုနှစ်တွင် လူတိုင်းသည် အပူချိန်ထိန်းအဝတ်အစားများကို ဝတ်ဆင်ထားကြပြီး မြို့ပြခရီးသွား လာရေးအတွက် သာမန်ကားများကို အသုံးမပြုတော့ဘဲ အနိမ့်ပျံယာဉ်ပျံများကိုသာ အသုံးပြုနေကြလေ သည် ။
လူသားများသည် မတူညီသော အမြင့်များတွင် သတ်မှတ်ထားသော လမ်းကြောင်းများ ရှိကြပြီး ဇာတ် လိုက်က ကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ ယာဉ်ပျံများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့ ရလေသည် ... ။
ဘေးအန္တရာယ်များ ကျရောက်လာတော့မည် ဖြစ်သောကြောင့် လူတိုင်းသည် မြို့ကြီးများဆီသို့ စုပြုံ ရောက်ရှိလာကြလေတော့၏ ... ။
လူသားများသည် ဆက်သွယ်ရေးအတွက် သာမန် လက်ကိုင်ဖုန်းများကို မသုံးကြတော့ဘဲ လက်ပတ်တွင် ဝတ်ဆင်ရသော "လက်ပတ်ဖုန်း" များကိုသာ အသုံးပြုကြလေသည် ။ အိမ်တွင်းပုန်း အမျိုးသားများ သည်ပင် ဖုန်းဂိမ်းများကို မကစားကြတော့ဘဲ ဂိမ်းကစားသည့် ဦးထုပ်များကို ဆင်မြန်းကာ အိပ်ရာပေါ် တွင် လဲလျောင်း၍ ကစားနေကြပြီး အချို့မှာမူ နှစ်ခြိုက်စွာ အိပ်ပျော်ရင်း အိပ်မက်မက်နေကြလေ သည်။
ရုပ်ရှင်ထဲရှိ အနာဂတ်သုံး ပစ္စည်းအားလုံးတွင် "ငါးရံ့နက် နည်းပညာ" ဟူသော အမည်ကို ထင်ရှားစွာ ဖော်ပြထားခဲ့လေသည် ... ။
ဤကြော်ငြာမှုများသည် ဇာတ်လိုက်က ကမ္ဘာကြီးကို ကယ်တင်ရန် စတင်သည့် အချိန်အထိ ဆက်လက် ပါဝင်နေခဲ့၏ ... ။
ဆန့်ကျင်ဘက်ဒြပ်ထု မြေတူးစက်ကြီးများသည် လူသားများအတွက် မြေအောက်မြို့တော်များကို တည်ဆောက်ပေးနေပေသည် ... ။
ကြယ်တာရာ ခရီးသွား ဘက်စ်ကားကြီးသည် လူသားများအား လကမ္ဘာဆီသို့ ပို့ဆောင်ပေးနေပြီး ထိုနေရာ၌ အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်ကြပေလိမ့်မည် ... ။
ဤရုပ်ရှင်သည် ခမ်းနားသော မြင်ကွင်းများ ၊ လက်တွေ့ဆန်သော အခင်းအကျင်းများနှင့် နေရာအနှံ့ ပါဝင်နေသော ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ကြော်ငြာများဖြင့် စုစည်းထားခြင်းသာ ဖြစ်လေ၏ ။
နှစ်နာရီခန့် ကြာပြီးနောက်တွင်မူ ...၊
ကမ္ဘာမြေကြီးသည် မြေအောက်မြို့တော်များ ပြောင်းလဲခြင်းနှင့် ဂြိုဟ်အင်ဂျင်များ တည်ဆောက်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကာ (၄.၂) အလင်းနှစ် ဝေးကွာသော ပရိုဆီမာစင်တောရီကြယ်ဆီသို့ ဦးတည် ထွက်ခွာသွားခဲ့လေသည် ... ။
နောက်ဆုံး မြင်ကွင်းမှာမူ ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးအတွင်း၌ အထီးကျန်စွာ ပျံသန်းနေ သော ကမ္ဘာမြေကြီးပင် ဖြစ်လေတော့သည် ... ။
ထို့နောက် စာတန်းများ ထိုးလာခဲ့၏ ... ။
ချင်ကျင်းသည် အနည်းငယ် စိတ်ဓာတ်ကျသွားမိသည် ။ ဤရုပ်ရှင်၏ ဇာတ်လမ်းမှာ အနောက်နိုင်ငံများ မှ စူပါဟီးရိုး ရုပ်ရှင်များကဲ့သို့ပင် ရိုးရှင်းလှသည် မဟုတ်ပါလား ။ သို့သော် ဤဇာတ်လိုက်မှာ အနောက် နိုင်ငံမှ ဟီးရိုးများနှင့် မတူညီဘဲ အဆင့်မြင့် နည်းပညာများကိုသာ အားကိုးခြင်း ဖြစ်ပေသည် ... ။
အနောက်နိုင်ငံ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်များတွင်မူ ဟီးရိုးများသည် မျိုးရိုးဗီဇ ပြောင်းလဲခြင်း သို့မဟုတ် လက်နက်ကိရိယာများကို အားကိုး၍ မိစ္ဆာကောင်များကို တိုက်ခိုက်လေ့ ရှိကြသော်လည်း "ကမ္ဘာမြေကို ကယ်တင်ခြင်း" တွင်မူ တည်ဆောက်ရေးပိုင်းကိုသာ အဓိက ထားထားခြင်း ဖြစ်ပေ၏... ။
ဤကွာခြားချက်မှာ ယဉ်ကျေးမှု နှစ်ခု၏ ကွာခြားချက်ကြောင့်လည်း ဖြစ်နိုင်ပေသည် ။
ကောင်းယွမ်၏ ဘေးတွင် ထိုင်နေသော စီးပွားရေးနေ့စဉ်သတင်းစာမှ သတင်းထောက် ကောင်းကျန့်ဖေး သည် စိတ်လှုပ်ရှားနေဟန်ဖြင့် သူ၏ဘေးရှိ အမျိုးသမီးအား မေးလိုက်လေသည် ... ။
"ဒီရုပ်ရှင်ရဲ့ ဆိုလိုရင်းကို ခင်ဗျား နားလည်ရဲ့လား ..."
"ဇာတ်လမ်းကတော့ မရှုပ်ထွေးပါဘူး ... တကယ်တော့ အင်မတန် ရိုးရှင်းတယ်လို့တောင် ပြောလို့ ရပါ တယ် ။ လျှို့ဝှက်ချက်တွေ ၊ ဇာတ်လမ်း အလှည့်အပြောင်းတွေလည်း မရှိဘူးလေ ။ ရှနိုင်ငံ မြို့ငယ်လေး က လူငယ်တစ်ဦးက ကမ္ဘာကြီးကို ကယ်တင်လိုက်တယ်ဆိုတဲ့ ပုံမှန် ဇာတ်လမ်းလေးပါပဲ ... "
"ဒါပေမဲ့ အထူးပြုလုပ်ချက်တွေကတော့ အံ့မခန်းပါပဲ ၊ တေးဂီတကလည်း တကယ့်ကို ကောင်းမွန်လှ ပါတယ်…ဂန္တဝင် ဆန်တဲ့ အချက်အလက်တွေကတော့ အမြဲတမ်း ရိုးရှင်းတတ်ကြတာပဲလေ ..."
ထိုအမျိုးသမီးမှာ ရုပ်ရှင်အပတ်စဉ် မဂ္ဂဇင်းမှ သတင်းထောက်တစ်ဦး ဖြစ်သဖြင့် ရုပ်ရှင် ရှုထောင့်မှသာ ဝေဖန်နေခြင်း ဖြစ်၏ ... ။
သို့သော် ကောင်းကျန့်ဖေးက ခေါင်းခါယမ်းကာ ပြောလိုက်သည် ... ။
"ခင်ဗျားကတော့ အပြင်ပန်းကိုပဲ မြင်တာပဲ ။ ကောင်းယွမ်က ဘာလို့ ဒီရုပ်ရှင်ကို ရိုက်ခဲ့တာလဲဆိုတာကို စဉ်းစားကြည့်ပါဦး ..."
"ဘာလို့လဲ ..."
ထိုအမျိုးသမီးက ပြန်လည် မေးမြန်းလိုက်၏ ။
"ကြော်ငြာတွေလေ ... ရုပ်ရှင်တစ်ကားလုံးမှာ ပါနေတဲ့ ကြော်ငြာတွေကို မမြင်လိုက်ဘူးလား... ။ အဲဒါ တွေ အားလုံးက ငါးရံ့နက် နည်းပညာကုမ္ပဏီကချည်းပဲ ... ။ ဒါပေမဲ့ ရုပ်ရှင်အဆုံးမှာတော့ ကျွန်တော် တစ်ခု သတိထားမိလိုက်တယ်…"
"ဒါဟာ ကြော်ငြာရုံတင် မကဘူး ၊ ကောင်းယွမ်က သူ့ရဲ့ ရည်မှန်းချက်တွေကို ကမ္ဘာကြီးကို ပြောပြနေ တာပဲ ... ။ ရုပ်ရှင်ထဲက ဇာတ်လိုက်ဟာ ကောင်းယွမ် ကိုယ်တိုင် ဖြစ်နေပြီး သူ့ ဇာတိဟာလည်း ဝေးလံ ခေါင်ဖျားတဲ့ တောင်ပေါ်ဒေသမှာ ဖြစ်သလို ဒေဝါလီခံရတဲ့ အချိန်မှာလည်း ဘယ်သူမှ သူ့ကို ဂရုမစိုက်ခဲ့ ကြဘူး မဟုတ်လား ..."
"ပြီးတော့ ခင်ဗျား သတိမထားမိဘူးလား ... ရုပ်ရှင်ထဲက အပူချိန်ထိန်းအဝတ်အစားတွေ ... လက်ပတ် ဖုန်းတွေ ၊ ကြယ်တာရာ ဘက်စ်ကားတွေ ၊ အနိမ့်ပျံယာဉ်ပျံတွေ ၊ ဆန့်ကျင်ဘက်ဒြပ်ထု မြေတူးစက်တွေ ၊ သုံးဖက်မြင် ပရင်တာတွေနဲ့ ဆောက်လုပ်ရေးပိုးကောင်တွေအထိပေါ့ ... ။ အဲဒီ နည်းပညာတွေထဲက နှစ်ခုကတော့ ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသားပါ ။ အဲဒါတွေက ငါးရံ့နက် နည်းပညာကုမ္ပဏီက အကောင် အထည် ဖော်ပြီးသား နည်းပညာတွေလေ ..."
"ဒါကြောင့် ဒါဟာ ကောင်းယွမ်ရဲ့ အနာဂတ် စီမံကိန်းဖြစ်မယ်လို့ ကျွန်တော် ယုံကြည်တယ် ။ သူဟာ နောက်ထပ် နှစ်ပေါင်း နှစ်ဆယ်အတွင်းမှာ ရုပ်ရှင်ထဲက အဆင့်မြင့် နည်းပညာတွေ အားလုံးကို တဖြည်း ဖြည်းနဲ့ အကောင်အထည် ဖော်သွားမှာပဲ ..."
ထိုအမျိုးသမီးမှာ ခဏမျှ မှင်သက်သွားရလေသည် ... ။
"ဒါ ... ဒါက ဖြစ်နိုင်ပါ့မလားရှင် ..."
"ကျွန်တော်လည်း မသိဘူး ၊ ဒါပေမဲ့ ကောင်းယွမ်ကတော့ သေချာပေါက် အဲဒီလိုပဲ တွေးထားမှာပဲ ... ။ ဟားဟား ... ဒီညတော့ ကျွန်တော့်ရဲ့ ဆောင်းပါးအတွက် အချက်အလက်ကောင်းတွေ ရပြီဗျာ ... ။ ဒါနဲ့ ဝေဖန်ချက် ပေးရမယ်ဆိုရင်တော့ 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ဟာ ဒီနှစ်တွေအတွင်း အကောင်းဆုံး သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တစ်ကား ဖြစ်မှာပါ ... "
"အထူးသဖြင့် အထူးပြုလုပ်ချက်တွေနဲ့ (၃) ဒီ နည်းပညာကတော့ အံ့ဩစရာပဲ ... ။ မျက်မှန် တပ်လိုက် တဲ့အခါ တကယ့်ကို ကြယ်တာရာ ကောင်းကင်ယံထဲ ရောက်သွားသလိုပဲနော် ... ။ အထူးသဖြင့် ကြာသပ တေးဂြိုဟ်ကို ဖိသိပ်လိုက်တဲ့ မြင်ကွင်းကတော့ တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာပါပဲ ... "
"ဧရာမ ကြာသပတေးဂြိုဟ်ကြီးက အတွင်းဘက်ကနေ ပြိုကျပျက်စီးသွားပြီး မူလအရွယ်အစားထက် အဆရှစ်ဆယ်လောက် သေးငယ်သွားတဲ့အထိပေါ့ ... ပြီးတော့ ပြင်းထန်တဲ့ ဖိအားတစ်ခုကြောင့် အတွင်း ပိုင်းမှာ ပေါင်းစပ်စွမ်းအင်တွေ ဖြစ်ပေါ်လာပြီး ဧရာမ ဂြိုဟ်ကြီးကနေ ကြယ်တစ်လုံးအဖြစ် ပြောင်းလဲ သွားခဲ့တာလေ ..."
"စိတ်ကူးစိတ်သန်းတွေကလည်း အံ့မခန်းဖြစ်သလို အထူးပြုလုပ်ချက် နည်းပညာတွေကလည်း ပိုပြီး အံ့ဩဖို့ ကောင်းလွန်းပါတယ် ..."
ထိုအမျိုးသမီးက ခေါင်းညိတ်ပြလိုက်လေသည် ... ။
"ဟုတ်ပါတယ် ... အားနည်းချက် အချို့ ရှိနေပေမဲ့လည်း ခြုံငုံကြည့်ရင်တော့ အရမ်းကို ကောင်းပါတယ် ။ ကျွန်မကတော့ ကြယ်ငါးပွင့် ပေးမှာပါ ..."
၎င်းတို့၏ စကားများကို ကြားပြီးနောက် ကောင်းယွမ်သည် တိတ်ဆိတ်စွာပင် ထရပ်၍ ရုပ်ရှင်ရုံပြင်ပသို့ ထွက်လာခဲ့လေသည် ... ။
သူ့ ရည်မှန်းချက်များ အောင်မြင်သွားပြီဟု ဆိုရပေမည် ။ ပထမအချက်မှာ ကြော်ငြာရန် ဖြစ်ပြီး ဒုတိယ အချက်မှာ ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ အနာဂတ် ထုတ်ကုန်များကို ထုတ်ဖော်ပြသရန်ပင် ဖြစ်၏ ။
ဤအချက်ကို နားလည်သော ထုတ်လုပ်သူများသည် လုပ်ငန်းများကို ကြိုတင် ပြောင်းလဲလုပ်ကိုင် ခြင်းဖြင့် ပျက်စီးခြင်းမှ ရှောင်လွှဲနိုင်ကြပေလိမ့်မည် ... ။
သို့သော် ဤအချက်ကို နားမလည်သူများမှာမူ ဒေဝါလီခံရမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြရပေ တော့မည် ... ။
ကောင်းယွမ်သည် သူ တည်းခိုရာ ဟိုတယ်သို့ ပြန်ရောက်သည့် အခါတွင်မှ ကျန်းပိုင်ရီသည် အခန်းထဲသို့ ဝင်လာခဲ့လေသည် ... ။
"လောင်ကောင်း ... မင်းက ဒီမှာ အေးဆေး နားနေနိုင်သေးတယ်ပေါ့ ... ငါတို့တော့ တိုက်ခိုက်ခံနေရပြီဗျို့ ... ။ ဝေဖန်ချက်တွေကို ကြည့်ပါဦး ... လူပေါင်း သုံးသောင်းထဲမှာ နှစ်သောင်းကျော်က ကြယ်တစ်ပွင့်ပဲ ပေးထားကြတယ် ... ။ တောက် ... ဒီ ဆိုင်ဘာလူမိုက်တွေကတော့ တကယ်ကို ရူးနေကြတာပဲ ..."
ကောင်းယွမ်မှာမူ ဤကိစ္စကို ဘာမှ မသိသေးပေ ... ။
"ဘယ်သူ လုပ်တာလဲ ..."
"သက်သေ မရှိပေမဲ့ ဘယ်သူလဲဆိုတာ ငါ သိပါတယ် ။ အခုအချိန်မှာ ငါတို့နဲ့ ပြိုင်ဘက် ဖြစ်နေတာက ဟောလိဝုဒ်ရဲ့ 'ကယ်တင်ခြင်း' ဆိုတဲ့ ရုပ်ရှင်ပဲလေ ... နမည်ကလည်း ငါတို့နဲ့ တူတူပဲ ... ။ ပြီးတော့ အဲဒီ ရုပ်ရှင်ကို ထုတ်လုပ်တာက နာမည်ကျော် (၃၀) ရာစု စတူဒီယို က လေ နာမည်ကြီး သရုပ်ဆောင်တွေ လည်း ပါတာပေါ့ ... "
"ဒါပေမဲ့ ဒီနေ့ ဦးဆုံးပြသမှုမှာတော့ ဝေဖန်ချက်တွေက မကောင်းဘူးဗျာ ... ။ အထူးပြုလုပ်ချက်တွေက အားနည်းသလို ဇာတ်လမ်းကလည်း အမှားအယွင်းတွေ အများကြီး ရှိနေတာလေ ။ ဒါကြောင့် ငါတို့က သူတို့ကို ကျော်တက်သွားမှာ စိုးရိမ်ပြီး ဖိနှိပ်ဖို့ ကြိုးစားတာ နေမှာပေါ့ ..."
"သူတို့ ဖြစ်နိုင်ပါ့မလား ... မင်းပြောသလိုပဲ (၃၀) ရာစု စတူဒီယိုက နာမည်ကျော် ကုမ္ပဏီကြီး တစ်ခုပဲ လေ ၊ ငါတို့က ရုပ်ရှင်လောကထဲကို အခုမှ ခြေချတဲ့ လူသစ်တွေပါ ... ။ ဒီလို လုပ်လို့ သူတို့အတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူးလေ ..."
ကောင်းယွမ်က ခေတ္တမျှ စဉ်းစားပြီးမှ ပြောလိုက်သည် ။
သို့သော် ကျန်းပိုင်ရီမှာမူ လုံးဝ လက်မခံဘဲ ရှိနေခဲ့၏ ... ။
"သူတို့ မဟုတ်ရင် ဘယ်သူ ရှိဦးမှာလဲ ... ။ ပထမဆုံးနေ့ရဲ့ ဝင်ငွေစာရင်းတောင် မထွက်သေးဘူး ... ၊ တစ်ယောက်ယောက်က ငါတို့ကို ပစ်မှတ်ထားနေပြီ ။ ဒါဟာ မရိုးသားဘူးလေ ။ ငါတို့ရဲ့ ရုပ်ရှင်ပြသမဲ့နှုန်း ကလည်း မများပါဘူး ။ ဝမ်နန်ရုပ်ရှင်ရုံမှာပဲ ပြတာဆိုတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို (၇.၂) ရာခိုင် နှုန်းပဲ ရှိတာလေ ... ။ ဝင်ငွေအကောင်းဆုံးစာရင်းမှာ ပါဖို့တောင် မဖြစ်နိုင်တာကို ဘယ်သူကများ ငါတို့ကို ဖျက်လိုဖျက်ဆီး လုပ်နေမှာလဲ ..."
"ဖြစ်နိုင်တာကတော့ ... ပညာတတ်ဟန်ဆောင်သူများလား ..."
*ပညာတတ်ဟန်ဆောင်သူများ ဟုတ်လား ... *
ကျန်းပိုင်ရီသည် ချက်ချင်းပင် သဘောပေါက်သွားခဲ့လေသည် ... ။
"မင်းပြောတာ ဟုတ်တယ် ... ဖြစ်နိုင်ခြေ အရှိဆုံးပဲ ... ။ ရှနိုင်ငံထဲက ဝမ်နန်ရုပ်ရှင်ရုံမှာပဲ ပြတဲ့ ရုပ်ရှင် တစ်ကားက ဝေဖန်ချက်ကောင်းတွေရော ၊ ဝင်ငွေတွေရော မရခဲ့သလို ဘယ်သူ့ကိုမှလည်း ခြိမ်းခြောက် မှု မပေးနိုင်ခဲ့ပါဘူး ... ၊ ဒါပေမဲ့ အခုလို အပုပ်ချခံနေရတာကတော့ အဲဒီ သစ္စာရှိတဲ့ ခွေးတွေက သူတို့ သခင်ကို ကာကွယ်ချင်လွန်းလို့ နေမှာပေါ့ ..."
အခန်း (၅၆)
ဗီဒီယို သက်သေအထောက်အထားများ ရှိနေခြင်း
ကောင်းယွမ်က ခေါင်းညိတ်လိုက်လေသည် ။
"ဖြစ်နိုင်ခြေ အရမ်းများတယ်..."
"ဒါဆိုရင် ငါတို့ ဘယ်လို လက်စားချေကြမလဲ..." ဟု ကျန်းပိုင်ရီက မေးမြန်းလိုက်၏ ။
"လက်စားချေမှာလား ... သေချာတာပေါ့ ၊ ငါတို့က သူတို့ရဲ့ ခွေးပိုင်ရှင်ကိုပဲ တိုက်ခိုက်ရမှာပေါ့ ... ခွေးတွေကို ကောင်းကောင်း မထိန်းကျောင်းနိုင်တဲ့အတွက်ပဲလေ ..."
ကျန်းပိုင်ရီသည် စိတ်လှုပ်ရှားစွာဖြင့် ထပ်မံ မေးမြန်းလိုက်ပြန်သည် ။
"ဒါက တကယ်ပဲ အဆင်ပြေပါ့မလား ... ဘယ်လိုမျိုး တိုက်ခိုက်မှာလဲ ... ပြဿနာတွေ အကြီးအကျယ် တက်မသွားနိုင်ဘူးလား ..."
ကောင်းယွမ်က ပြုံး၍ ပြောလိုက်လေသည် ။
"ဘာလို့ မရရမှာလဲ ... အမေရိကန်က ငါတို့ကို ပိတ်ဆို့အရေးယူမှုတွေ လုပ်နေတာပဲလေ ၊ ငါတို့ဘက်က ပြန်လည် တုံ့ပြန်တာကလည်း တရားမျှတပါတယ် ... ဘယ်လို ပြဿနာမျိုး တက်လာနိုင်မှာ မို့လို့လဲ ... ဒါနဲ့ ငါတို့ ဝယ်ထားတဲ့ အီလက်ထရောနစ် စက်ရုံကော ဘယ်လို အခြေအနေ ရှိလဲ ..."
"အာ ... လုပ်ထုံးလုပ်နည်းတွေ အားလုံး ပြီးသွားပါပြီ ... ငါက တရားဝင် ကိုယ်စားလှယ်နဲ့ စက်ရုံမှူးပေါ့ ... မင်းကတော့ အဓိက အစုရှယ်ယာရှင်ပေါ့ ... အဆင့်မြှင့်တင်ထားတဲ့ မုတ်ဆိတ်ရိတ်စက်တွေကို ဘယ်အ ချိန်မဆို စပြီး ထုတ်လုပ်လို့ ရနေပြီ ..."
ကျန်းပိုင်ရီသည် စကားပြောရာတွင် အားကိုး၍ မရသကဲ့သို့ ထင်ရသော်လည်း အလုပ်ကိစ္စများတွင်မူ ကောင်းယွမ် စိတ်ချရသူတစ်ဦး ဖြစ်ပေသည် ။
"ကောင်းပြီ ... ဒါဆိုရင် ပထမအသုတ်ကို အရင် ထုတ်လုပ်လိုက်ကြတာပေါ့ ... ပြန်တိုက်ခိုက်မယ့် ကိစ္စ ကိုတော့ ဒီနည်းလမ်းအတိုင်း လုပ်ကြရအောင် ..."
ကောင်းယွမ်သည် သူ၏ အစီအစဉ်ကို ကျန်းပိုင်ရီ၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောပြလိုက်လေ သည် ။
ကျန်းပိုင်ရီ၏ မျက်နှာမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေ၏ ။
"လောင်ကောင်း ... မင်းကတော့ တကယ်ကို ... ပရိယာယ် ကြွယ်ဝလွန်းပါတယ်ကွာ ၊ ဒါပေမဲ့ ငါ သဘော ကျတယ် ... ဒီအတိုင်းပဲ လုပ်ကြစို့ ..."
ကောင်းယွမ်သည် တည်ငြိမ်စွာပင် ရှိနေခဲ့သည် ။
"ဒါဟာ ပညာတတ်ဟန်ဆောင်သူတွေ လုပ်တာ ဖြစ်ဖြစ် ၊ မဖြစ်ဖြစ် ... ငါတို့ကတော့ အမေရိကန်ရဲ့ လက်ချက်လို့ပဲ သတ်မှတ်လိုက်မယ် ... သူတို့က ဆိုင်ဘာလူမိုက်တွေကို သုံးတယ်ဆိုရင် ငါတို့ကလည်း ငါတို့ရဲ့ နည်းလမ်းကို သုံးရမှာပေါ့ ... အဓိကအချက်ကတော့ ... မှော်ကို မှော်ချင်းပဲ နှိမ်နင်းရလိမ့်မယ် ... ကဲ ... သွားတော့ ..."
"ကောင်းပါပြီ ... ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ကွာ ..."
...
နောက်တစ်နေ့တွင် အင်တာနက်ပေါ်၌ ဗီဒီယိုတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့လေသည် ။
ဗီဒီယို၏ နောက်ခံမှာ အမေရိကန် ဖယ်ဒရယ်သတင်းဌာန ဖြစ်ပြီး သတင်းတင်ဆက်သူမှာ နာမည်ကျော် အမေရိကန် အစီအစဉ်တင်ဆက်သူတစ်ဦး ဖြစ်ကာ သူ၏ မျက်နှာတွင် အပြုံးများကို ဖုံးကွယ်ထားနိုင် ခြင်း မရှိဘဲ ပြောကြားနေသည်မှာ ...၊
"ယမန်နေ့ည (၁၁) နာရီ (၃၆) မိနစ်တွင် ဝမ်းနည်းဖွယ် ဖြစ်ရပ်တစ်ခု ကျရောက်ခဲ့ပါသည် ၊ (၁၂) စက္ကန့်အ ကြာမှာ အမေရိကန် သမ္မတသည် ရုတ်တရက် နှလုံးရပ်ဆိုင်းသွားခဲ့ပြီး ဆေးရုံတွင် အရေးပေါ် ကယ် ဆယ်ရန် ကြိုးစားခဲ့သော်လည်း ကွယ်လွန်သွားခဲ့ပါပြီ ... "
နောက်ထပ် မြင်ကွင်းမှာမူ ဖယ်ဒရယ် ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်ကို ပြသထားပြီး ကုတင် ပေါ်တွင် အမေရိကန် သမ္မသည် ဖြူဖျော့သော မျက်နှာဖြင့် လဲလျောင်းနေသည်ကို မြင်တွေ့ရ လေသည်။
သူ၏ဘေးတွင် ရှိနေသော ဒုတိယ သမ္မတက ပြုံးလျက် မေးမြန်းလိုက်၏ ။
"သမ္မတကြီး ...အဆင်ပြေရဲ့လား ..."
မကြာမီမှာပင် မြင်ကွင်းမှာ ထပ်မံ ပြောင်းလဲသွားခဲ့ပြန်သည် ။
ဒုတိယ သမ္မတသည် ကင်မရာကို ကြည့်၍ ကြေညာလိုက်လေသည် ။
"သမ္မတကြီး ကွယ်လွန်သွားပါပြီ ... ဘုရားသခင် ကောင်းချီးပေးပါစေ ၊ သူ၏ ဝိညာဉ်ကို ထာဝရ ကောင်းကင်ဘုံ၌ ငြိမ်းချမ်းစွာ နားခိုခွင့် ပေးသနားတော်မူပါစေ ..."
ထို့နောက် ဖယ်ဒရယ် အစိုးရ၏ အဆင့်မြင့် အရာရှိကြီး အသီးသီးတို့သည် ကင်မရာရှေ့၌ ခေါင်းဆောင် ကြီးအတွက် ဝမ်းနည်းပူဆွေးသည့် အမူအရာများ ပြသခဲ့ကြလေသည် ။
ထိုမြင်ကွင်းမှာ အလွန်ပင် လက်တွေ့ဆန်လွန်းလှသဖြင့် မြင်တွေ့ရသူတိုင်းက အစစ်အမှန်ဟု ထင်မှတ် မှားသွားကြလေတော့သည်။
အဆိုပါ ဗီဒီယိုများသည် ပြည်ပ လူမှုကွန်ရက် စာမျက်နှာများပေါ်၌ပင် ပျံ့နှံ့သွားခဲ့လေတော့၏။
နာရီအနည်းငယ်အတွင်းမှာပင် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့လေသည် ။ ကောလဟာလများမှာ ပိုမို ချဲ့ကားလေလေ ပို၍ မြန်မြန် ပျံ့နှံ့လေလေ ဖြစ်ရာ အထူးသဖြင့် ကောင်းယွမ် ဖန်တီးထားသော ဗီဒီယို သက်သေအထောက်အထားများ ပါဝင်သည့် ကောလဟာလမှာမူ ဆိုဖွယ်ရာ မရှိတော့ပေ ။
သို့သော် ထိုအချိန်တွင် အမေရိကန်နိုင်ငံ၌ ညနက်နေပြီ ဖြစ်သောကြောင့် အမေရိကန် သမ္မတသည် မိမိ ကိုယ်မိမိ အင်တာနက်ပေါ်တွင် အသတ်ခံလိုက်ရသည်ကို လုံးဝ မသိရှိသေးပေ ။
နိုင်ငံငယ်လေးအချို့၏ ခေါင်းဆောင်များသည်ပင် လှပသော အမျိုးသား အစိုးရဆီသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့နေကြပြီ ဖြစ်လေသည် ။
ယနေ့နံနက် ခေါင်းဆောင်ကြီး နိုးလာသည့် အချိန်တွင်မူ သူ၏ နေအိမ် အပြင်ဘက်၌ ထောက်ခံသူ အများအပြား ရောက်ရှိနေပြီး ပန်းစည်းများကို လာရောက် ချထားပေးနေသည်ကို မြင်တွေ့လိုက်ရလေ သည် ။
အမေရိကန် သမ္မတသည် အခြေအနေကို စောင့်ကြည့်နေစဉ်မှာပင် ...၊ သူ၏ လက်ထောက်ဖြစ်သူမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အခန်းထဲသို့ ပြေးဝင်လာခဲ့လေသည် ။
"သမ္မတကြီး ... အကြီးအကျယ် ဒုက္ခရောက်ကုန်ပါပြီ ..."
"ဘာဖြစ်တာလဲ ..."
"အင်တာနက်ပေါ်မှာ သမ္မတကြီး ... ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေ တက်နေပါတယ် ... ဒါကို ကြည့်လိုက်ပါဦး ..."
သမ္မတသည် ဗီဒီယိုကို ကြည့်ရင်း သူ၏ မျက်နှာမှာ တစ်စထက်တစ်စ မှောင်ကျလာခဲ့ရလေသည်။
"သမ္မတကြီး သေသွားပြီဆိုရင် ငါက ဘယ်သူဖြစ်သွားမှာလဲ ..."
"ဒီသတင်းက ဘယ်လို ဖြစ်နေရတာလဲ ... ။ အဲဒီ အစီအစဉ်တင်ဆက်သူကို ဘယ်သူက ခွင့်ပြုချက် ပေး လိုက်တာလဲ ... ။ ပြီးတော့ ဒုတိယ သမ္မတကရော ဘာတွေ ဖြစ်နေတာလဲ ... ။ ငါ သေသွားတာကို သူက ဒီလောက်တောင် ဝမ်းသာနေရသလား ... ။
"ဘာဖြစ်လို့ အဲဒီ အရာရှိကြီးတွေက ကင်မရာရှေ့မှာ "ငါ သေသွားပြီ" လို့ ပြောနေကြတာလဲ..."
"ငါက ကျန်းကျန်းမာမာကြီး ရှိနေသေးတာပဲ မဟုတ်ဘူးလား ..."
အမေရိကန်သမ္မတသည် အမျက်ချောင်းချောင်း ထွက်သွားရလေသည် ။
"ငါ အခုချက်ချင်းပဲ ငါ အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တွစ်တာပေါ်မှာ စာတင်မယ် ... ဒါက တကယ့်ကို ရူးသွပ်စရာပဲ ၊ ငါက ဘာလို့ ငါ အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ ဒီလို မိုက်မဲတဲ့ အလုပ်ကို လုပ်နေရမှာလဲ ... တကယ့်ကို အဓိပ္ပာယ် မရှိတာပဲ ..."
ချင်ကျင်းမြို့တွင် ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့သည် မနေ့ညက တစ်ညလုံး ဦးနှောက်လှိုင်းပုံရိပ်ဖော် ကိရိယာကို ဝတ်ဆင်၍ အလုပ်လုပ်ခဲ့ကြခြင်း ဖြစ်လေသည် ။
လေသံများကို ပြင်ဆင်ခြင်း ၊ အချက်အလက်များ ရှာဖွေခြင်းနှင့် အကြိမ်ပေါင်းများစွာ မှတ်တမ်းတင်ပြီး မှသာ စိတ်ကျေနပ်ဖွယ် ရလဒ်ကို ရရှိခဲ့ခြင်း ဖြစ်၏ ။
တစ်ကမ္ဘာလုံးက "အမေရိကန်သမ္မတ၏ ရုတ်တရက် ကွယ်လွန်မှု" အကြောင်းကို အတင်းအဖျင်း ပြောဆိုနေကြသည်ကို မြင်တွေ့ရသည့်အခါ ၎င်းတို့သည် မရယ်ဘဲ မနေနိုင်ကြတော့ပေ ။
ရုပ်ရှင်အပေါ် ဝေဖန်တိုက်ခိုက်ခံရမှုကြောင့် ဖြစ်ပေါ်ခဲ့သော မကျေနပ်ချက်များမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။
ယခုအချိန်အထိ နိုင်ငံအသီးသီးမှ ဝမ်းနည်းကြောင်း သဝဏ်လွှာများ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေဆဲ ဖြစ်လေသည် ။ ဤအချက်က အမေရိကန် ခေါင်းဆောင်ကို ပို၍ပင် ဒေါသထွက်စေခဲ့၏ ။
*တကယ့်ကို ကံဆိုးမိုးမှောင် ကျတာပဲ ...*
*ဒီနိုင်ငံတွေက လူတွေက အကုန်လုံး ငတုံးတွေလား ... ။ အင်တာနက်ပေါ်က သတင်းတွေကို ဒီလောက် တောင် ယုံကြည်နေကြရသလား ...*
မကြာမီမှာပင် အမေရိကန်သမ္မတ၏ ပုဂ္ဂလိက အကောင့်မှ သတင်းစကားတစ်ခု တက်လာခဲ့လေသည်။
"ငါ အသက်ရှင်နေသေးတယ် ..."
စကားလုံး အနည်းငယ်မျှသာ ဖြစ်၏ ။
မကြာမီမှာပင် ထိုစာ၏ အောက်၌ မှတ်ချက်ပေါင်း သိန်းနှင့်ချီ၍ ရောက်ရှိလာခဲ့လေသည် ။
[ခေါင်းဆောင်ကြီး ငြိမ်းချမ်းစွာ နားခိုနိုင်ပါစေ ...]
[ဟုတ်ပါတယ် ... ခင်ဗျားက ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ထာဝရ ရှင်သန်နေမှာပါ ...]
[ဒီစာကို ခင်ဗျားကိုယ်တိုင် တင်နိုင်ခဲ့ရင် တကယ်ကို ကောင်းမှာပဲနော် ...]
[ကျွန်တော်တို့ သိပါတယ် ... ခင်ဗျားက တာဝန်ယူခဲ့တဲ့ နှစ်တွေအတွင်းမှာ ဘာမှ မစွမ်းဆောင်နိုင်ခဲ့ဘဲ အလွန် ညံ့ဖျင်းတဲ့ သူတစ်ယောက် ဖြစ်ခဲ့ပေမဲ့လည်းပေါ့လေ ...]
[ဒါက ဘာတွေ ဖြစ်နေတာလဲ ... သူတို့က ပြန်လည် ရှင်သန်လာဖို့ ပြင်ဆင်နေတာလား ...]
အမေရိကန်သမ္မတသည် ထိုမှတ်ချက်များကို မြင်လိုက်ရသည့်အခါတွင်မူ လုံးဝ မှင်သက်သွားရလေ တော့သည် ... ။
*မဖြစ်သေးဘူး ... ဒီအတိုင်းဆိုရင်တော့ မဖြစ်တော့ဘူး ... *
သူသည် ဤကိစ္စမှာ နောက်ပြောင်မှုတစ်ခု မဟုတ်ဘဲ ဒုသမ္မတ၏ သေချာစွာ စီစဉ်ထားသော အာဏာသိမ်းမှုတစ်ခု ဖြစ်မည်ဟုပင် သံသယ ဝင်လာခဲ့လေသည် ။ ထိုသို့ဆိုလျှင် တစ်ကမ္ဘာလုံးရှိ ခေါင်း ဆောင်များသည် ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ကာ သူ သေဆုံးသွားပြီဟု ယုံကြည် သွားကြ ပေလိမ့်မည် ... ။
*အဲ့အခါကျ ငါ ကိုယ်တိုင် ထွက်ရပ်ပြရင်တောင် ဘယ်သူကမှ င့ါကို ငါမှန်း ယုံကြည်ကြတော့မှာ မဟုတ် ဘူး ...*
*အဲ့အချိန်ကျရင် ငါဟာ တကယ်ပဲ သေဆုံးသွားရတော့မှာပဲ…*
သူသည် တုန်တုန်ရင်ရင်ဖြင့် မတည်မငြိမ် ထရပ်လိုက်လေသည် ။
"ငါ ရုပ်မြင်သံကြားကနေတစ်ဆင့် မိန့်ခွန်းပြောမယ် ..."
ထိုသို့ ပြောဆိုပြီးနောက်တွင်မူ အင်တာနက်ပေါ်၌ နောက်ထပ် ဗီဒီယိုတစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့ပြန် လေသည် ။
ဤတစ်ကြိမ်တွင်မူ ဒုတိယ သမ္မတသည် ကင်မရာကို ကြည့်၍ စကားပြောနေခြင်း ဖြစ်၏ ။
"အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ... ကျွန်မသည် ယခုအခါ ယာယီ ခေါင်းဆောင်အဖြစ် တရား ဝင် တာဝန်ယူလိုက်ပါပြီ ။ ကျွန်မ တာဝန်ယူထားတဲ့ ကာလအတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အမြင့်ဆုံး မြှင့်တင်သွားမှာ ဖြစ်သလို ၊ ဆုတ်ယုတ်နေတဲ့ ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲသွားမှာ ဖြစ် ပါတယ် ၊ ထုတ်လုပ်မှု လုပ်ငန်းတွေကို ပြန်လည် ဖော်ဆောင်သွားမှာ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းနဲ့ ကုန်သွယ်မှု တွေကိုလည်း တိုးမြှင့်သွားမှာ ဖြစ်ပါတယ် ... "
"တစ်ချိန်တည်းမှာပဲ ငါးရံ့နက် နည်းပညာကုမ္ပဏီအပေါ် ပိတ်ဆို့ထားမှုတွေကိုလည်း ချက်ချင်း ရုပ်သိမ်း လိုက်ကြောင်း ကြေညာပါတယ် ... လူတိုင်းဟာ ငါးရံ့နက် နည်းပညာရဲ့ အဆင့်မြင့် ချစ်ပ်ပြားများကို စိတ်အေးချမ်းသာစွာနဲ့ အသုံးပြုနိုင်ပါပြီ ..."
ကောင်းယွမ်သည် ဤဗီဒီယိုကို တင်လိုက်ပြီးနောက် ...၊
ဦးနှောက်လှိုင်းပုံရိပ်ဖော်ကိရိယာကို သိမ်းဆည်းလိုက်သည် ။ ကျန်းပိုင်ရီမှာမူ ထိုကိရိယာကို ကြည့်ရင်း အားကျမဆုံး ဖြစ်နေခဲ့လေသည်။
"လောင်ကောင်း ... ဒီပစ္စည်းက တကယ်ကို ပျော်စရာ ကောင်းတာပဲကွ ... အဲ ... မင်းမှာ ဒါမျိုး နောက် ထပ် ရှိသေးလား ... ငါ့ကို တစ်ခုလောက် ပေးကစားပါဦး ..."
"မဖြစ်နိုင်တာ ... ဒါက အင်မတန် အဖိုးတန်တယ် ၊ ကမ္ဘာပေါ်မှာ ဒီ တစ်ခုတည်းပဲ ရှိတာ ... နောက်ထပ် လည်း ရှိမှာ မဟုတ်တော့ဘူး ... တကယ်လို့ နောင်မှာ နောက်ထပ် တစ်ခု ထပ်လုပ်ဖြစ်ရင်တော့ မင်းကို အရင်ဆုံး ပေးပါ့မယ် ..."
"ပြီးရောကွာ ...ပြီးရော ၊ တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ ... ဒီပစ္စည်းသာ ရှိမယ်ဆိုရင် ဘယ်သူ ကများ ညစ်ညမ်းရုပ်ရှင်တွေကို ကြည့်နေတော့မှာလဲ ...ဟားဟား ..."
"ထွက်သွားစမ်းပါ ... မင်းကတော့ တကယ့်ကို ရွံစရာ ကောင်းတဲ့ကောင်ပဲ ..."
"မင်းရော မစဉ်းစားမိဘူးလား ... ငါတော့ မယုံဘူးနော် ... လူ့ဘဝဆိုတာ အမြဲတမ်း နောင်တတွေနဲ့ ပြည့် နှက်နေတာလေ ။ မင်း လက်လွှတ်လိုက်ရတဲ့ မိန်းကလေးတွေကို ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး မဟုတ်လား ... အဲဒီတော့ ငါက စိတ်ကူးယဉ်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လို့ မရဘူးလား ..."
"တော်ပြီ ... တော်ပြီ ၊ စကားတွေ အများကြီး ပြောမနေနဲ့တော့ ... ငါတို့ ရုပ်ရှင်ကော ဘယ်လို အခြေအနေ ရှိလဲ ..."
ကျန်းပိုင်ရီသည် ဝက်ဘ်ဆိုက်ကို ဖွင့်ကြည့်လိုက်လေသည် ။
"လောင်ကောင်း ... မနေ့က စုစုပေါင်း ရုံတင်ဝင်ငွေက (၃၂) သန်း ရှိတယ်ဗျ ... မဆိုးဘူး ၊ မဆိုးဘူး ... အမျိုးသားနေ့ အားလပ်ရက် ဝင်ငွေစာရင်းမှာ အဆင့် ရှစ် နေရာမှာ ရှိနေတယ် ... ဒါပေမဲ့ အခုတော့ အင်တာနက်ပေါ်က ဝေဖန်ချက်တွေက ပြောင်းလဲလာပြီကွ ... လူပြောအများဆုံး သတင်းတွေကို ကြည့်လိုက်ပါဦး ၊ နံပါတ် တစ် က အမေရိကန်သမ္မတ ကွယ်လွန်ခြင်းတဲ့ ... နံပါတ် နှစ် ကတော့ ကယ် တင်ခြင်း တဲ့ ..."
ကောင်းယွမ်သည် အနီးသို့ ကပ်၍ ကြည့်လိုက်လေသည် ။
မျှော်လင့်ထားသည့်အတိုင်းပင် ပထမနှင့် ဒုတိယ သတင်းများမှာ သူ၏ လက်ရာများပင် ဖြစ်နေခဲ့သည် ။
ထို့ပြင် အောက်တွင် ဖတ်ရှုသူ အလွန်များပြားနေသော ဆောင်းပါး နှစ်စောင်ကိုလည်း သူ မြင်တွေ့လိုက် ရလေ၏ ။
[ကောင်းယွမ်သည် အဘယ်ကြောင့် 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ရုပ်ရှင်ကို ရိုက်ကူးခဲ့သနည်း - သူ၏ အနာဂတ် ရည်မှန်းချက်များသည် ကျွန်တော်တို့ ထင်ထားသည်ထက် ပို၍ပင် ကြီးမားလှသည်]
[ကောင်းယွမ်သည် ရုပ်ရှင်ထဲ၌ ပြည့်စုံသော အနာဂတ် ကမ္ဘာကြီးကို ကျွန်တော်တို့အား ချပြခဲ့သည် - ထိုထဲမှ အသေးစိတ် အချက်အလက်များမှာ တကယ့်ကို ရင်လှုပ်ရှားဖွယ် ကောင်းလှသည်]
ကောင်းယွမ်သည် ထိုဆောင်းပါးများကို ဝင်ရောက် ဖတ်ရှုလိုက်ရင်း ရေရွတ်လိုက်လေသည်။
"သေချာ ရေးထားတာပဲ ..."
သူသည် ထိုဆောင်းပါး နှစ်စောင်ကို "ငါ့ကို နားလည်ပေးမယ့်သူ ရှိနေသားပဲ" ဟူသော စာသားနှင့်အတူ ပြန်လည် မျှဝေလိုက်လေသည် ။
ထို့နောက်တွင်မူ သူတို့သည် မုကျား သို့ ပြန်ရန် ပြင်ဆင်လိုက်ကြတော့သည် ။
တစ်ဖက်တွင်မူ အမေရိကန်နိုင်ငံမှာ အကြီးအကျယ် ရှုပ်ထွေးပွေလီသွားခဲ့ရလေသည်။ လူအများအပြား သည် သမ္မတ၏ နေအိမ်ရှေ့တွင် စုရုံးရောက်ရှိနေကြပြီး သမ္မတကြီးအား နောက်ဆုံး ဂါရဝပြုခွင့် ပေးရန် တောင်းဆိုနေခဲ့ကြလေသည် ... ၊ သို့သော် သမ္မတကြီးသည် ၎င်းတို့၏ ရှေ့သို့ ထွက်လာသည့် အခါတွင်မူ လူအများက လိမ်လည်ခံလိုက်ရသည်ဟုသာ ခံစားနေကြရတော့သည် ... ။