← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉)

ကျွန်တော်တို့ စကားခဏလောက် ပြောကြရအောင် ဥက္ကဋ္ဌကောင်း

"လောင်ကောင်း... ငါတော့ တကယ်ကို အံ့ဩမိတယ်... သူများတွေက ကြော်ငြာဖို့ ပိုက်ဆံပေးရပေမဲ့ မင်းကတော့... ကြော်ငြာရင်းနဲ့တင် ပိုက်ဆံရှာနိုင်တာပဲ... 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ဆိုတာ ကြော်ငြာ သက်သက်ပဲ ၊ ဒါပေမဲ့ လူတွေက စိတ်ဝင်တစားနဲ့ ကြည့်နေကြတုန်းပဲ..."

ကောင်းယွမ်က ဂုဏ်ယူဝံ့ကြွားသော အမူအရာဖြင့် ပြန်လည် ပြောကြားလိုက်လေသည်...။

"ဒါက ဘာပြဿနာရှိလို့လဲ... ကြော်ငြာဆိုတာရော ဘာဖြစ်လဲ... ငါ့ကို ပြောပါဦး ၊ အထူးပြုလုပ်ချက် တွေက အံ့မခန်း မဖြစ်ဘူးလား... မြင်ကွင်းတွေကရော ရင်သပ်ရှုမောစရာ မဟုတ်ဘူးလား... မင်းလည်း ဒီတစ်ခေါက် တကယ်ကို ကြိုးစားခဲ့တာပဲ... ဝပ်ဆင်ရဲ့ ကိစ္စက ဖော်ထုတ်ခံလိုက်ရပေမဲ့ ငါတို့ရဲ့ ရည်မှန်း ချက်ကတော့ အောင်မြင်သွားပြီပဲလေ... ပြည်ပ ဖြန့်ချိရေး ကုမ္ပဏီတွေ ငါတို့ဆီကို အပြေးအလွှား ရောက်လာကြတာက သက်သေပဲ မဟုတ်ဘူးလား..."

ဤစကားကို ကြားလိုက်ရသည့် အခါတွင်မူ... ကျန်းပိုင်ရီက ခန့်မှန်းရခက်သော အပြုံးတစ်ခုကို ပြုံး လိုက်လေသည်...။

"လောင်ကောင်း... မင်း ပြောတာ စောလွန်းနေသေးတယ်... ဟုတ်ပါတယ် ၊ ဖော်ထုတ်ခံလိုက်ရတာ မှန်ပေမဲ့ အခုတော့... အဲဒီ ဗီဒီယိုတွေ အကုန်လုံး ဖျက်ခံလိုက်ရပြီ... ငါတို့ တင်ခဲ့တဲ့ ဗီဒီယိုတွေရောပဲ... ဒါပေမဲ့ အဲဒီလို ဖျက်ပစ်လိုက်တာက ပြည်သူတွေရဲ့ အမြင်မှာ ဘာကို ဆိုလိုသလဲဆိုတာ မင်း သိလား..."

ကောင်းယွမ်၏ မျက်လုံးများ အရောင်တောက်သွားခဲ့လေသည်...။

"အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားတာလား..."

"ဟုတ်တယ်... အဲဒါပဲလေ... တကယ်လို့ ငါသာ အဲဒီ ဗီဒီယိုတွေကို မဖျက်ခဲ့ဘူးဆိုရင် ငါ တင်ခဲ့တဲ့ ဗီဒီယိုဟာ သာမန် ဖြစ်ရပ်တစ်ခု အနေနဲ့ပဲ ကျန်နေမှာ... ဒါပေမဲ့ အခုတော့ အကုန်လုံးကို ဖျက်ပစ် လိုက်ပြီဆိုတော့ တစ်ကမ္ဘာလုံးက လူတွေရဲ့ စိတ်ထဲမှာ... ငါဟာ ဝပ်ဆင်ရဲ့ ချစ်သူ ဖြစ်သွားပြီပေါ့... စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား..."

"ဒါက နာမည်ကျော် တစ်ယောက်ရဲ့ ကိစ္စပဲဟာ ၊ ကြွားလုံးထုတ်နေစရာ မလိုပါဘူး... ဒါနဲ့ မင်း ပြောမှ ငါ စဉ်းစားမိတာ... ငါတို့ အရင်က တင်ခဲ့တဲ့ အမေရိကန်သမ္မတရဲ့ ဗီဒီယိုကော အပိတ်ခံလိုက်ရပြီလား..." ဟု ကောင်းယွမ်က မေးမြန်းလိုက်လေသည်...။

"ဟုတ်တယ်... ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး..."

ကောင်းယွမ်က အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကို ပြုံးလိုက်လေ၏...။

"စိတ်ဝင်စားဖို့ ကောင်းတာပဲ... အမေရိကန်ရဲ့ အထက်တန်းလွှာတွေကတော့ ဒုသမ္မတ ရာထူးတက်ဖို့ အတွက် သဘောတူညီချက် ရသွားပုံရတယ်... သမ္မတက အသက်ရှင်နေသည်ဖြစ်စေ ၊ သေဆုံးသွား သည်ဖြစ်စေ သူကတော့ လူသိရှင်ကြား ထွက်ရပ်ပြမှာ မဟုတ်တော့တာ သေချာသွားပြီပေါ့..."

သို့သော်လည်း အမေရိကန်နိုင်ငံ၏ အခြေအနေမှာ သူ၏ ဘဝနှင့် အလွန်ပင် ဝေးကွာလွန်းလှပေသည်...။

၎င်းတို့အတွင်း၌ မည်သို့သော ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာပါစေ ၊ ၎င်းတို့ထံမှ ပိုက်ဆံရနေသရွေ့ ကောင်းယွမ်အနေဖြင့် အထူးတလည် ဂရုစိုက်နေစရာ အကြောင်းမရှိပေ...။

ကျန်းပိုင်ရီကလည်း ဝင်ပြောလိုက်လေသည်...။

"ဟုတ်တယ်... အခုဆိုရင် အမေရိကန်ရဲ့ အထက်တန်းလွှာတွေက... အဲဒီ ဗီဒီယိုအကြောင်းကို သိသွား လောက်ပြီ..."

ထိုသို့ ပြောဆိုပြီးနောက်တွင်မူ ကျန်းပိုင်ရီ၏ မျက်နှာမှာ ရုတ်တရက် ဖြူဖျော့သွားခဲ့ရလေသည်...။

ကောင်းယွမ်သည်လည်း ချက်ချင်းပင် သဘောပေါက်သွားခဲ့၏...။

"တောက်... မင်း မျက်နှာက ပါသွားပြီပဲ... သူတို့ ငါတို့ကို လိုက်ရှာဖို့ အချိန်အများကြီး လိုမှာ မဟုတ် ဘူး... ငါတို့ ချင်ကျင်းမှာ ဆက်နေလို့ မဖြစ်တော့ဘူး ၊ မုကျားကို မြန်မြန် ပြန်ရအောင်..."

မုကျားရှိ ငါးရံ့နက်နည်းပညာ စက်မှုဇုန်အတွင်း၌မူ ကောင်းယွမ်က အနာဂတ်ကမ္ဘာမှ ဝယ်ယူလာသော စက်ရုပ်များဖြင့် ပြည့်နှက်နေခဲ့လေသည်...။

အဆိုပါ စက်ရုပ်များသည် အလွန်ပင် သစ္စာရှိကြသူများ ဖြစ်ကြ၏...။

ကောင်းယွမ်သည် မုကျားသို့ ပြန်ရောက်သည့်အခါ လုံခြုံရေး ပိုမို တိုးမြှင့်ရန်အတွက် လုံခြုံရေး စက်ရုပ် များကိုပါ ထပ်မံ ဝယ်ယူရန် ဆုံးဖြတ်လိုက်လေသည်...။

၎င်းတို့သည် ပျော်ရွှင်နေကြသဖြင့် ကျန်းပိုင်ရီ၏ မျက်နှာ ဗီဒီယိုထဲ၌ ပါသွားခြင်းက မည်မျှ အန္တရာယ်ရှိ သည်ကို သတိမထားမိခဲ့ကြပေ...။

အမေရိကန်မှ လူအချို့သည် ထိုဗီဒီယိုများအားလုံးကို လူတစ်ယောက်တည်းကသာ ဖန်တီးခဲ့ခြင်း ဖြစ် ကြောင်းနှင့် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော ကျန်းပိုင်ရီသည်လည်း ဗီဒီယိုထဲ၌ ပါဝင်နေကြောင်း ကို လျင်မြန်စွာပင် ရှာဖွေတွေ့ရှိသွားကြပေလိမ့်မည်...။

ကျန်းပိုင်ရီသည် ငါးရံ့နက်နည်းပညာကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်ပေသည်...။ ထို့ကြောင့် အမေရိကန် အဆင့်မြင့် ခေါင်းဆောင်များသည် ကောင်းယွမ်ကိုပါ ပစ်မှတ်ထားလာကြမည်မှာ အသေအချာပင် ဖြစ် တော့၏...။

မကြာမီ တစ်စုံတစ်ယောက်က ငါတို့၏ တံခါးကို လာခေါက်ကြတော့မည်မှာ သေချာလှပေသည်...။

ကောင်းယွမ်သည် စားပွဲပေါ်ရှိ အသားကင်များကို ပစ်ချလိုက်ပြီး...၊

"လောင်ကျန်း... သွားရအောင်..."

ကျန်းပိုင်ရီ၏ မျက်နှာမှာလည်း တည်တင်းနေခဲ့လေသည်...။

"သွားကြစို့..."

"ဘယ်လို သွားကြမှာလဲ... ကားနဲ့လား..."

"မရဘူး... အဲဒီကားကလည်း မကြာခင်မှာ ဖော်ထုတ်ခံရတော့မှာပဲ ၊ ဒီမှာတင် ထားခဲ့လိုက်တော့... ၊ လေယာဉ်လက်မှတ် ဖြတ်ပြီး... လင်းကျိုးကို အရင် ပြန်ရအောင်..."

ည (၃) နာရီတွင် ထွက်ခွာမည့် လေယာဉ်...။

ထိုအချိန်မျိုးတွင် လေယာဉ်ကွင်း၌ လူသူ အလွန်ပင် ကင်းမဲ့နေခဲ့လေသည်...။ ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့သည် လေယာဉ်ပေါ်သို့ ရောက်နိုင်ခဲ့ကြလေ၏...။

သို့သော် ကောင်းယွမ်သည် စိတ်မအေးဖြစ်နေပြီး နောက်ပိုင်းတွင် ဤကဲ့သို့သော ဗီဒီယိုရိုက်သည့် ကစားနည်းမျိုးကို မကြာခဏ မကစားမိအောင် သတိထားရမည်ဟု ကိုယ့်ကိုယ်ကိုယ် ပြစ်တင်နေမိလေ သည်...။ ကစားမည် ဆိုလျှင်ပင် မိမိကိုယ်တိုင် သို့မဟုတ် မိမိ၏ ဘေးနားက လူများကို ဗီဒီယိုထဲ၌ မပါ ဝင်စေရန် သတိပြုရပေမည်ပင်...။

မကြာမီမှာပင် လေယာဉ်သည် စတင် ပျံတက်ခဲ့လေသည်...။ ချင်ကျင်းမှ လင်းကျိုးသို့ သွားသည့် ခရီးစဉ် မှာ တစ်နာရီကျော်ခန့်သာ ကြာမြင့်မည် ဖြစ်၏...။

ကောင်းယွမ်သည် ဤမျှ တိုတောင်းသော အချိန်အတွင်း၌ တစ်စုံတစ်ရာ ထူးခြားမှု ရှိလိမ့်မည် မဟုတ်ဟု ယူဆထားခဲ့လေသည်...။

ထို့ပြင် လေယာဉ်ကွင်း၏ လုံခြုံရေးမှာလည်း အလွန်ပင် တင်းကျပ်လှသလို ၊ သူနှင့် ကျန်းပိုင်ရီတို့မှာ လည်း လျင်မြန်စွာပင် လှုပ်ရှားခဲ့ကြသည် မဟုတ်ပါလား...။

ကောင်းယွမ်သည် မျက်လုံးများကို မှိတ်ထားရင်း ခေတ္တမျှ အနားယူရန် ပြင်ဆင်လိုက်လေသည်...။

ရုတ်တရက် လေယာဉ်ခန်းအတွင်း၌ ဆူညံသံတစ်ခုကို ကြားလိုက်ရလေသည်...။ အသားဝါသော လူငယ် သုံးဦးသည် လေယာဉ်ခန်းအတွင်း၌ လျှောက်သွားနေကြပြီး အိမ်သာသွားဟန်ဆောင်ကာ နောက်ဆုံး တန်းမှ စ၍ ရှေ့သို့ တစ်ဦးချင်းစီကို ကြည့်ရှုနေကြရာ တစ်စုံတစ်ယောက်ကို ရှာဖွေနေပုံ ရလေသည်...။

ကောင်းယွမ်သည် တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်သဖြင့် သူ၏ဘေးရှိ ကျန်းပိုင်ရီကို လှမ်း တို့လိုက်လေသည်...။

"တစ်ခုခုတော့ မှားနေပြီ... အဲဒီ လူသုံးယောက်ကို ကြည့်လိုက်ဦး..."

ကျန်းပိုင်ရီ လှည့်ကြည့်လိုက်သည့် အခါတွင်မူ ထိုလူသုံးဦး၏ အကြည့်များနှင့် တည့်တည့် တိုးသွားခဲ့ လေတော့သည်...။

မိမိကိုယ်မိမိ ကျိန်ဆဲရင်း ကျန်းပိုင်ရီသည် မျက်နှာကို လွှဲကာ ဟန်ဆောင်နေရန် ကြိုးစားသော်လည်း ၊ ထိုလူသုံးဦးမှာမူ သူတို့ဆီသို့ အရှိန်ဖြင့် လျှောက်လာကြသည်ကို မြင်တွေ့လိုက်ရလေသည်...။

၎င်းတို့သည် ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့ကြခြင်းဖြစ်လေ ၏...။ လေယာဉ်ခန်းမှာ သေးငယ်လှသဖြင့် ပုန်းကွယ်နေရန် နေရာမရှိသလို ၊ မည်သည့် လှုပ်ရှားမှုမဆို ၎င်းတို့၏ အာရုံစိုက်မှုကို ရရှိစေမည်မှာ သေချာလှပေသည်...။

ထိုလူသုံးဦးသည် ကောင်းယွမ်၏ ရှေ့သို့ ရောက်လာသည့်အခါ ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့ကို သေချာ စိုက်ကြည့်လိုက်ကြပြီးနောက် ၊ မိမိတို့၏ ဖုန်းများကို ဖွင့်ကာ ဓာတ်ပုံနှင့် တိုက်ကာ စစ်ဆေးကြည့်လိုက် ကြလေသည်...။

ထို့နောက်တွင်မူ တစ်ဦးကိုတစ်ဦး ခေါင်းညိတ်ပြလိုက်ကြ၏...။

လူငယ်တစ်ဦးသည် သူ၏ အိတ်ထဲမှ လက်ပ်တော့ပ် တစ်လုံးကို ထုတ်ယူလိုက်ပြီး ဘက်ထရီရှိသော နေ ရာမှ ပြွန်ပုံသဏ္ဍာန် ပစ္စည်းတစ်ခုကို ထုတ်ယူကာ လက်ဖြင့် ကွေးလိုက်သည့် အခါတွင်မူ ၎င်းမှာ ပစ္စတို သေနတ်တစ်လက်အဖြစ် ပြောင်းလဲသွားခဲ့လေတော့သည်...။

ထိုလူငယ်သည် သေနတ်ဖြင့် ကောင်းယွမ်ကို ချိန်ရွယ်လိုက်ပြီး...ပြောလိုက်လေသည်...။

"ဥက္ကဋ္ဌကောင်း... ဒုတိယဥက္ကဋ္ဌကျန်း... ခင်ဗျားတို့ရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ..."

၎င်းတို့သည် ဟန်စာလုံးများကို ပြောဆိုနေကြသော်လည်း ကောင်းယွမ်အနေဖြင့် တစ်ချက်ကြည့်ရုံဖြင့် ပင် ၎င်းတို့သည် တောင်ဘက်နိုင်ငံမှ ဖြစ်ကြောင်း သိရှိနိုင်လေသည်...။ ရှနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံတိုင်း တွင် ထင်ရှားသော လူမျိုးစု လက္ခဏာများ ရှိကြသည် မဟုတ်ပါလား...။

ကောင်းယွမ်သည် ထိုလူငယ်ကို ကြည့်လိုက်လေသည်...။ ယခုအချိန်တွင် အငြင်းပွားနေခြင်းမှာ အပိုသာ ဖြစ်ပေလိမ့်မည်...။ သူသည် သူ၏ ခါးကြားတွင် ရှိသော အသွင်ပြောင်းကိရိယာကို စမ်းကြည့်လိုက်ရာ ရှိနေဆဲဖြစ်သဖြင့် စိတ်အနည်းငယ် အေးသွားခဲ့ရလေသည်...။

"မင်းတို့က ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတာလဲ..."

ကောင်းယွမ်က မေးခွန်း မေးမြန်းလိုက်သည်နှင့် လေယာဉ်မယ် တစ်ဦးမှာ ဆူညံသံကြောင့် ရောက်ရှိလာ ပြီး အခြေအနေကို မေးမြန်းရန် ပြင်လိုက်လေသည်...။ ထိုအခါ အခြားသော လူငယ်တစ်ဦးက သူ၏ ခါးပတ်ခေါင်းကို ဖြုတ်ကာ ဓားတစ်လက်အဖြစ် ပြောင်းလဲလိုက်ပြီး လေယာဉ်မယ်အား ချိန်ရွယ်ကာ ဟန့်တားလိုက်လေသည်...။

"ပြဿနာ မရှာကြပါနဲ့... ဒါက ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး..."

လေယာဉ်မယ်၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြူဖျော့သွားခဲ့လေတော့၏...။

ထိုအချိန်တွင် လူငယ်သည် သူမ၏ အနောက်မှ ကပ်လိုက်သွားပြီး ခါးတွင် ဓားဖြင့် ထောက်ကာ အမိန့် ပေးလိုက်လေသည်...၊

"ငါ့ကို လေယာဉ်မှူးခန်းဆီ ခေါ်သွားစမ်း... မင်း ဘာပြောသင့်တယ် ၊ ဘာမပြောသင့်ဘူးဆိုတာ သိတယ် မဟုတ်လား..."

လေယာဉ်မယ်က ကြောက်ရွံ့စွာဖြင့် ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြလိုက်လေ၏...။

"စိတ်မလှုပ်ရှားပါနဲ့... မင်းသာ လိမ်လိမ်မာမာ နေမယ်ဆိုရင် ငါတို့ မင်းကို ဘာမှ လုပ်မှာ မဟုတ်ဘူး..."

လူငယ်သည် လေယာဉ်မယ်အား ရှေ့သို့ တွန်းထုတ်သွားလေသည်...။ ၎င်းတို့သည် လေယာဉ်မှူးကို ထိန်းချုပ်ကာ လေယာဉ် ပျံသန်းမည့် လမ်းကြောင်းကို ပြောင်းလဲရန် ကြိုးစားကြမည်မှာ သေချာလှပေ သည်...။ အဘယ်ကြောင့်ဆိုသော် အကယ်၍ လင်းကျိုး လေယာဉ်ကွင်းသို့သာ ဆင်းသက်မည်ဆိုပါက ကောင်းယွမ်ကို ၎င်းတို့ ခေါ်ဆောင်သွားနိုင်မည် မဟုတ်သောကြောင့် ဖြစ်ချေ၏...။

တတိယမြောက် လူငယ်သည်လည်း သေနတ်တစ်လက်ကို ထုတ်ယူကာ လေယာဉ်ခန်းအတွင်း လှည့်ပတ် လျှောက်သွားရင်း သတိပေးလိုက်လေသည်...။

"အားလုံး ငြိမ်ငြိမ်လေးနေပေးကြပါ... ဒါက ခင်ဗျားတို့နဲ့ မဆိုင်ဘူး... မလိုအပ်ဘဲ မလှုပ်ရှားကြတာ အကောင်းဆုံးပဲ ၊ မဟုတ်ရင် တစ်စုံတစ်ရာ နားလည်မှု လွဲမှားတာမျိုး ဖြစ်သွားရင် အားလုံးအတွက် မကောင်းဘူးနော်..."

ထိုလူသုံးဦးသည် လုပ်ငန်းများကို စနစ်တကျ ခွဲဝေ လုပ်ဆောင်နေကြခြင်း ဖြစ်၏...။

၎င်းတို့သည် ကြိုတင် ပြင်ဆင်လာကြခြင်း ဖြစ်ကြောင်း သိသာလှပေသည်...။ ကောင်းယွမ်၏ စိတ်ထဲ၌ ဝေဝါးသွားခဲ့ရ၏...။

*ငါ ဒီလေယာဉ်ကို စီးဖို့ ရုတ်တရက်ကြီး ဆုံးဖြတ်လိုက်တာလေ။ အဲဒါကို သူတို့က ဘယ်လိုနည်းနဲ့ ငါ့ကို ပစ်မှတ်ထားသွားတာလဲ...။ သတင်းအချက်အလက်တွေကို ဒီလောက်မြန်မြန်ကြီး ဘယ်လိုများ ရသွား ကြတာလဲ...။ ဒီတောင်ဘက်ကလူတွေက ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတာလဲ။ အမေရိကန် အစိုးရလား... ဒါမှမဟုတ်... ကြယ်ကိုးစင်းအဖွဲ့ဝင်တွေလား...*

ကောင်းယွမ်သည် သူ၏ ရှေ့တွင် ရှိနေသော လူငယ်ကို ကြည့်ကာ အေးစက်သော အသံဖြင့် မေးမြန်း လိုက်သည်...။

"ပိုက်ဆံလား ၊ ဒါမှမဟုတ် နည်းပညာကို လိုချင်တာလား..."

လူငယ်သည် ကောင်းယွမ်ကို ကြည့်ကာ အေးစက်စက် အပြုံးတစ်ခုကို ပြုံးပြလိုက်လေသည်...။

"ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့က ဘာကိုမှ မရည်ရွယ်ပါဘူး... ဥက္ကဋ္ဌကောင်းနဲ့ ဒုတိယဥက္ကဋ္ဌကျန်းတို့ကို ကျွန်တော်တို့နဲ့အတူ စကားခဏလောက် ပြောဖို့ ဖိတ်ချင်ရုံပါပဲ..."

"ဘယ်ကို သွားမှာလဲ... တောင်ဘက်နိုင်ငံဆီကိုတော့ မဟုတ်ဘူး မလား... မင်းတို့ကတော့ သေတွင်း တူးနေကြတာပဲ..." ဟု ကောင်းယွမ်က ပြန်လည် ပြောကြားလိုက်လေသည်...။

လူငယ်က လှောင်ပြုံး ပြုံးလိုက်၏...၊

"ခင်ဗျားက အတော်လေး သိတာပဲနော်... ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို ပြောပြလိမ့်မယ်လို့ ထင်နေတာ လား... အပိုတွေ လုပ်မနေပါနဲ့... ကျွန်တော်တို့ အခု လေယာဉ်ပေါ်မှာ ရောက်နေတာလေ... ခင်ဗျားတို့ ဘက်က မပူးပေါင်းဘူးဆိုရင် အဆိုးဆုံး အခြေအနေကတော့ လေယာဉ်ပျက်ကျဖို့ပဲ ရှိတယ်... အဲဒီအခါ ကျရင် ခင်ဗျားရော၊ ခင်ဗျားရော ၊ သူတို့ အကုန်လုံးပါ သေကြရလိမ့်မယ်..."

လူငယ်သည် ကောင်းယွမ်အား ညွှန်ပြကာ ၊ ထို့နောက် ကျန်းပိုင်ရီနှင့် လေယာဉ်ခန်းအတွင်းရှိ အခြား သော ခရီးသည်များကိုပါ ညွှန်ပြ၍ ခြိမ်းခြောက်လိုက်လေသည်...။

ကောင်းယွမ်က ပြုံးလျက်...၊

"သေချာတာပေါ့... ငါ မင်းတို့နဲ့ ပူးပေါင်းမှာပါ... ဆွေးနွေးလို့ မရတဲ့ ကိစ္စရယ်လို့ ဘာမှ မရှိပါဘူး ဟုတ်တယ်မလား... ငါက စီးပွားရေးသမား တစ်ယောက်ပဲလေ..."

"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်..."

ထိုအချိန်တွင် လူငယ်သည် ရှေ့ဘက်သို့ တစ်စုံတစ်ရာကို ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်...။ ကောင်းယွမ်အနေဖြင့်မူ ထိုစကားများကို နားမလည်ခဲ့ပေ...။ ၎င်းမှာ တောင်ပိုင်းနိုင်ငံ ဘာသာစကား ဖြစ်နိုင်ပြီး ၊ စကားပြောနှုန်းမှာလည်း အလွန်ပင် မြန်လှပေသည်...။

တစ်ဖက်မှလည်း လျင်မြန်စွာပင် ပြန်လည် တုံ့ပြန်လိုက်သည့်အခါ လူငယ်သည် ပြုံးလိုက်လေသည်...။

"ကောင်းပြီ... အခုကစပြီး ငါ ခွင့်မပြုဘဲ စကားပြောတာဖြစ်ဖြစ် ၊ လှုပ်ရှားတာဖြစ်ဖြစ် လုံးဝ မလုပ်ရဘူး နော်... နားလည်လား..."

အခန်း (၆၀)

ပတာရိုဆော အဖြစ်သို့ အသွင်ပြောင်းလဲခြင်း

အချိန်များမှာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားခဲ့လေသည်။

ထိုအချိန်တွင် လေယာဉ်အမှုထမ်းများမှာ ဓားစာခံအဖြစ် အဖမ်းခံထားရပြီး ဖြစ်ကာ လေယာဉ်သည် လည်း လမ်းကြောင်း ပြောင်းလဲ၍ လင်းကျိုးမြို့ပေါ်မှတစ်ဆင့် နယ်စပ်ဘက်သို့ ဦးတည် ပျံသန်းနေခဲ့ လေပြီ ဖြစ်၏။

မြေပြင် ထိန်းချုပ်ရေး စင်တာတွင်မူ...၊

လေယာဉ်အမှတ် ဇက်ကျူ-(၂၅၀၁) သည် သတ်မှတ်ထားသော ပျံသန်းရေး လမ်းကြောင်းမှ သွေဖည် သွားကြောင်း စတင် စုံစမ်း သိရှိလိုက်ရလေသည်။

၎င်းတို့သည် လေယာဉ်အမှုထမ်းများထံသို့ ချက်ချင်း ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း လိုင်းများမှာ အစဉ်အမြဲ မအားသေးပါဖြစ်နေခဲ့သဖြင့် ဆက်သွယ်၍ မရခဲ့ပေ။ ထို့ကြောင့် မြေပြင် ထိန်းချုပ်ရေး စင်တာမှ တာဝန်ရှိသူများသည် လေယာဉ်အမှတ် ဇက်ကျူ - (၂၅၀၁) တွင် တစ်စုံတစ်ရာ မတော်တဆမှု ဖြစ်ပွား နေပြီဟု သံသယ ဝင်လာခဲ့ကြလေသည်။

ဂြိုဟ်တု လမ်းညွှန်ချက်များအရ အနည်းဆုံးတော့ ယခုအချိန်အထိ လေယာဉ်ကို ခြေရာခံ၍ ရနေ သေး၏။

သို့သော်လည်း ဇက်ကျူ (၂၅၀၁) မှာ ခရီးတို ပျံသန်းသည့် လေယာဉ် အမျိုးအစား ဖြစ်သဖြင့် လောင်စာ ဆီမှာ အကန့်အသတ် ရှိနေခဲ့လေသည်။ အကယ်၍ လေယာဉ်သည် နယ်စပ်ကို ဖြတ်ကျော်သွားပြီး နောက် အိမ်နီးချင်း နိုင်ငံ၌ ဆင်းသက်ရန် သင့်တော်သော လေယာဉ်ကွင်း မရှိပါက မတော်တဆမှု ဖြစ် ပွားနိုင်ခြေ အလွန်ပင် များပြားလှပေ၏။

လေယာဉ်၏ ပျံသန်းမှု လမ်းကြောင်းအပေါ် အခြေခံ၍ မြေပြင် ထိန်းချုပ်ရေး စင်တာမှ လူများသည် ဆင်းသက်နိုင်မည့် နေရာများကို ခွဲခြမ်းစိတ်ဖြာကာ လေယာဉ်ကွင်းသို့ ဆက်သွယ်ခြင်း ၊ ရဲတပ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို အဆင်သင့် ပြင်ဆင်ထားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြလေသည်။

ထိုအချိန်တွင် လေယာဉ်အမှတ် ဇက်ကျူ (၂၅၀၁) ပေါ်၌ ခရီးသည် အများအပြား မရှိသော်လည်း အချို့ သောသူများမှာ စတင်၍ စိုးရိမ်တကြီး ဖြစ်လာကြလေ၏။

အဘယ်ကြောင့်ဆိုသော် လေယာဉ်သည် လင်းကျိုးမြို့နှင့် တစ်စထက်တစ်စ ပိုမို ဝေးကွာသွားသော ကြောင့် ဖြစ်ပေသည်။

တစ်စုံတစ်ယောက်က သတ္တိမွေး၍ မေးမြန်းလိုက်လေသည်...။

"အစ်ကို... ကျွန်တော်တို့ကို ဘယ်ကိုခေါ်သွားနေတာလဲ..."

လူငယ် အစောင့်အရှောက်က ထိုသူအား ဒေါသတကြီး စိုက်ကြည့်လိုက်ရာ ၊ ထိုသူသည် ချက်ချင်းပင် နောက်သို့ ဆုတ်သွားပြီး ထိုင်ခုံအနောက်၌ ပုန်းကွယ်နေလိုက်တော့၏။

ထိုအချိန်တွင် ကောင်းယွမ်သည် ကျန်းပိုင်ရီကို လှမ်းကြည့်လိုက်ရာ ၊ ကျန်းပိုင်ရီမှာ ကံကြမ္မာကို အရှုံး ပေးလိုက်ရသကဲ့သို့ ဖြူဖျော့သော မျက်နှာဖြင့် ရှိနေခဲ့လေသည်။

ကောင်းယွမ်သည် သူ၏ ခါးကို တိတ်တဆိတ် တို့လိုက်လေ၏။

ကျန်းပိုင်ရီ၏ မျက်တောင်များမှာ တုန်ယင်သွားခဲ့လေသည်...။

သူတို့နှစ်ဦးမှာ ကောလိပ်ကျောင်းသား ဘဝကတည်းက အခန်းဖော်များ ဖြစ်ခဲ့ကြသဖြင့် တစ်ဦး၏ အလိုကို တစ်ဦးက ကောင်းစွာ သိရှိနေကြခြင်း ဖြစ်၏။ သူသည် ကောင်းယွမ်၏ ဆိုလိုရင်းကို ချက်ချင်း ပင် သဘောပေါက်သွားခဲ့လေသည် ၊ ကောင်းယွမ်သည် သူ၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်နေခြင်း ဖြစ်ပေသည်။

ကျန်းပိုင်ရီသည် ချက်ချင်းပင် စဉ်းစားလိုက်၏ ၊

*လောင်ကောင်းမှာ လွတ်မြောက်ဖို့ နည်းလမ်း ရှိနေပြီပဲ...*

*သည်းခံရမယ်...*

ကျန်းပိုင်ရီအနေဖြင့် ကောင်းယွမ်တွင် မည်သို့သော နည်းလမ်းရှိသည်ကို မသိသော်လည်း ကောင်းယွမ် က လက်မလျှော့သေးသရွေ့ သူသည်လည်း အဆုံးထိ အတူတူ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်လေသည်။

ကောင်းယွမ်သည် ထိုလူများဆီမှ သတင်းအချက်အလက်များ ရရှိရန် အစဉ်မပြတ် ကြိုးစားနေခဲ့လေ သည် ၊ ၎င်းတို့၏ နောက်ကွယ်မှ ခွေးပိုင်ရှင်မှာ မည်သူဖြစ်သည်ကို သူ သိချင်နေခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ထိုလူငယ်မှာ နှုတ်လုံလွန်းသဖြင့် မည်သည့် အသုံးဝင်သော အချက်အလက်ကိုမျှ ထုတ် ဖော် ပြောကြားခြင်း မရှိခဲ့ပေ။ လက်တွေ့တွင်မူ ကောင်းယွမ်သည် လေယာဉ်မှာ တောင်ဘက်သို့ ပျံသန်း နေကြောင်း ခံစားမိနေခဲ့လေသည် ၊ ထိုဒေသတွင် နိုင်ငံသုံးနိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေသော နာမည် ကျော် ဒေသတစ်ခု ရှိပြီး အခြေအနေမှာ အလွန်ပင် ရှုပ်ထွေးလှပေသည်...။

၎င်းမှာ ထိုလူများ၏ ရည်မှန်းချက် ဖြစ်နိုင်ပေသည် ၊ အကြောင်းမှာ ရှနိုင်ငံအတွင်း၌ လူသိရှင်ကြား ပြန်ပေးဆွဲခြင်းမှာ အလွန်ပင် ကြီးလေးသော ပြစ်မှုတစ်ခု ဖြစ်သောကြောင့်ပင်တည်း။

ကောင်းယွမ်သည် ကိုယ့်ကိုယ်ကိုယ် ပြန်ပေးဆွဲသူနေရာတွင် အစားထိုး၍ တွေးကြည့်လိုက်လေသည်။ အကယ်၍ သူသာ ထိုအခြေအနေတွင် ရှိနေပါက ထိုလူများကို မုကျားသို့ ခေါ်ဆောင်သွားမည် မဟုတ် သည်မှာ သေချာလှပေသည် ၊ အခြားသော နေရာတိုင်းမှာလည်း လွတ်မြောက်ရန် ခက်ခဲလှပေလိမ့် မည်...။

အဘယ်ကြောင့်ဆိုသော် ရှနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများအပေါ်တွင် သြဇာညောင်းနေဆဲ ဖြစ်သော ကြောင့် ဖြစ်၏။ ၎င်းတို့အား မည်သည့် နိုင်ငံဆီသို့ ပြန်ပေးဆွဲသွားသည်ဖြစ်စေ ၊ ရှနိုင်ငံ၏ အမျက်ဒေါ သကို ခံစားရမည်မှာ သေချာလှပေသည်။

ရွှေတြိဂံဒေသ တစ်ခုတည်းသာလျှင် ရှုပ်ထွေးမှုများ ရှိနေခဲ့သည် မဟုတ်ပါလား...။

ကောင်းယွမ်သည် တစ်လျှောက်လုံး၌ ပူးပေါင်းဆောင်ရွက်မှုကိုသာ ပြသနေခဲ့လေသည်။

တစ်ဖက်တွင်မူ သူသည် အရာအားလုံး၏ နောက်ကွယ်က ခွေးပိုင်ရှင်မှာ မည်သူဖြစ်သည်ကို သိလို ခြင်းဖြစ်ပြီး ၊ အခြားတစ်ဖက်တွင်မူ မိမိကိုယ်တိုင် လွတ်မြောက်နိုင်မည်ကို ယုံကြည်ချက် ရှိနေခြင်း ကြောင့် ဖြစ်ချေ၏။

သို့သော် အခြေအနေများမှာ မိမိ၏ ထိန်းချုပ်မှုအောက်၌သာ ရှိနေမည်ဆိုပါက သူသည် ကျန်းပိုင်ရီကိုပါ အသက်ရှင်စေလိုသည်မှာ သေချာလှပေသည်...။

ကျန်းပိုင်ရီသည် ကောင်းယွမ်၏ အချက်ပေးမှုကို ရရှိလိုက်သည့်အခါ စိတ်ကို တက်ကြွအောင် ထား လိုက်ပြီး ၊ ကောင်းယွမ်နှင့် ပူးပေါင်းရန် ပြင်ဆင်လိုက်လေတော့သည်...။

ထိုအချိန်တွင် သေနတ် ကိုင်ထားသော လူငယ်ထံသို့ ဖုန်းတစ်ကော ဝင်လာခဲ့လေသည်။

စပီကာ ဖွင့်မထားသဖြင့် ကောင်းယွမ်အနေဖြင့် မည်သည့် စကားများကို ပြောနေသည်ကို မကြားရသော် လည်း ၊ ဤသည်မှာ အရာအားလုံးကို စီစဉ်နေသော ခေါင်းဆောင် ဖြစ်ရမည်ဟု ခန့်မှန်းမိလိုက်လေ သည်...။

မကြာမီမှာပင်...၊ လေယာဉ်သည် အရှိန် လျော့ချကာ အောက်သို့ စတင် ဆင်းသက်လာခဲ့လေသည်။

ထိုလူငယ်များက ပြတင်းပေါက် ကာရံများကို ပိတ်ခိုင်းထားသဖြင့် နံနက် (၇) နာရီကျော်၍ နေရောင် ခြည်များ လင်းထိန်နေသည့်တိုင် ကောင်းယွမ်မှာ မိမိ မည်သည့် နေရာသို့ ရောက်နေသည်ကို မမြင်တွေ့ နိုင်ခဲ့ပေ။ သူသည် မိမိ၏ အာရုံနှင့် ခန့်မှန်းချက်ကိုသာ အားကိုးနေရခြင်း ဖြစ်၏။ မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ...၊

လူငယ်သည် ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့ကို ကြည့်ကာ ပြောလိုက်လေသည်။

"ဥက္ကဋ္ဌကောင်း... ဒုတိယဥက္ကဋ္ဌကျန်း... သွားကြရအောင်..."

ကျန်းပိုင်ရီက ချက်ချင်းပင် မေးလိုက်လေ၏။

"ဘယ်ကို သွားရမှာလဲ..."

"အောက်ကို ဆင်းကြမယ်..."

"ဗျာ..."

ကျန်းပိုင်ရီ၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့ရလေသည်...။

"စိတ်မပူပါနဲ့... ကျွန်တော်နဲ့ ကျွန်တော့်ညီက လေထီးခုန်တဲ့ နေရာမှာ ကျွမ်းကျင်သူတွေပါ ၊ ကျွန်တော်တို့ က ဥက္ကဋ္ဌကောင်းနဲ့ ဒုတိယဥက္ကဋ္ဌကျန်းတို့ကို တစ်ခါတည်း ခေါ်သွားပေးမှာပါ... "

၎င်းတို့သည် နယ်စပ်ကို ဖြတ်ကျော်လာခဲ့ကြပြီ ဖြစ်ရပေမည်...။

လေထီးဖြင့် ခုန်ဆင်းရမည့် နေရာမှာ ထူထပ်သော သစ်တောကြီးတစ်ခုပင် ဖြစ်၏...။ လေယာဉ်တံခါး ပွင့်သွားသည့်အခါ ပြင်းထန်သော လေတိုးသံများနှင့်အတူ လေစီးကြောင်းများမှာ အတွင်းသို့ တိုးဝင်လာ ခဲ့လေရာ ၊ ကောင်းယွမ်သည် မိမိကိုယ်မိမိ လွင့်ထွက်သွားတော့မည့်အတိုင်း ခံစားလိုက်ရလေသည်...။

သူနှင့် ကျန်းပိုင်ရီတို့မှာ လေယာဉ်တံခါးဝဆီသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရပြီး ၊ ထိုလူများသည် ၎င်းတို့၏ အိတ်များထဲမှ လေထီးအိတ် နှစ်အိတ်ကို ထုတ်ယူလိုက်ကြလေသည်။

ဤသည်မှာ လေထီးခုန် စခန်းများတွင် အသုံးပြုလေ့ ရှိသော တစ်ဦးနှင့်တစ်ဦး တွဲ၍ ခုန်ရသည့် နည်း လမ်း ဖြစ်ပြီး ၊ ပြန်ပေးဆွဲသူ တစ်ဦးစီ၏ ရှေ့တွင် လူတစ်ဦးစီကို တွဲ၍ ချည်နှောင်ထားခြင်း ဖြစ်၏။

အရှေ့တွင် ရှိနေသော နေရာမှာ ကောင်းကင်ယံ ဖြစ်သောကြောင့် ထိုလူငယ်များသည် ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့ လွတ်မြောက်သွားမည်ကို စိုးရိမ်ခြင်း မရှိကြပေ...။

ကောင်းယွမ်ကမူ အချိန်ကို စောင့်ဆိုင်းနေခဲ့လေသည်...။

တစ်ချိန်တည်းမှာပင် သူသည် ကျန်းပိုင်ရီအား အသာတကြည်ပင် အချည်အနှောင် ခံလိုက်ရန် အချက်ပြ လိုက်၏။ ပြန်ပေးဆွဲသူများသည် ကျန်းပိုင်ရီ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် ကျေနပ်သွားကြပြီး ၊ သူ့အား လှောင်ပြုံးတစ်ခု ပြုံးပြလိုက်ကြလေသည်...။

သို့သော် ကောင်းယွမ်၏ အလှည့် ရောက်သည့်အခါတွင်မူ သူသည် ထိတ်လန့်တုန်လှုပ်နေသော အမူ အရာဖြင့် လေယာဉ်ခန်းအတွင်းရှိ လက်ရန်းကို အတင်း ဆုပ်ကိုင်ထားပြီး လွှတ်မပေးဘဲ ရှိနေခဲ့လေ သည်။

"ငါ အပြင်ကို မထွက်ဘူး ... ငါ အပြင်ကို မထွက်ချင်ဘူး ... ဒီလိုမျိုး ခုန်ချရင် ငါ သေသွားလိမ့်မယ် ..."

"မင်း သေချင်နေတာလား ..."

ကောင်းယွမ်အား တာဝန်ယူထားသော လူငယ်က သူ၏ အိတ်ကပ်ထဲမှ ပစ္စတို သေနတ်ကို ထုတ်ယူကာ ကြိမ်းမောင်းလိုက်လေသည်။

ကောင်းယွမ်သည် လျင်မြန်စွာပင် ရှောင်တိမ်းလိုက်ပြီးနောက် ၊ ကျန်းပိုင်ရီကို ချည်နှောင်ထားသော လူငယ်၏ အနောက်သို့ တိတ်တဆိတ် ရွှေ့သွားကာ ၊ ရုတ်တရက်ပင် ရှေ့သို့ အတင်း တိုးဝင်လိုက်လေ သည်...။

ကျန်းပိုင်ရီနှင့် ထိုလူငယ်မှာ အပြင်သို့ တွန်းထုတ်ခြင်း ခံလိုက်ရပြီး ၊ ကောင်းယွမ်သည်လည်း အတူတူ ပြုတ်ကျသွားခဲ့လေတော့သည်...။

"တောက်... "

ကောင်းယွမ်အား တာဝန်ယူထားသော လူငယ်မှာ ပြုတ်ကျသွားသော ကောင်းယွမ်ကို ကြည့်ကာ မှင် သက်နေခဲ့လေသည် ။

"ဒီလူအကောင်ကတော့ ... ကိုယ့်သေတွင်းကိုယ် တူးလိုက်တာပဲ ..." ဟု သူ ရေရွတ်မိလိူက်လေ၏။

ကောင်းယွမ်သည် အပြင်သို့ ရောက်ရှိသွားသည်နှင့် ပြင်းထန်သော လေစီးကြောင်းများမှာ သူ့ထံသို့ တိုးဝင်လာခဲ့ပြီး ၊ မျက်တောင်များကိုပင် ဖွင့်၍ မရအောင် ဖြစ်စေခဲ့လေသည်...။

ဟာလာဟင်းလင်း ဖြစ်သွားမှုကြောင့် အသက်ရှူရန်ပင် ခက်ခဲလှသော်လည်း ၊ သူသည် ထိုမသက်မသာ ဖြစ်မှုများကို ကြိုးစား၍ အောင့်အည်း သည်းခံလိုက်ရလေသည်...။

သူ၏ လက်မှာ ခါးကြားဆီသို့ ရောက်ရှိသွားပြီး ၊ အသွင်ပြောင်းကိရိယာကို နှိပ်လိုက်လေသည်...။

*ဒီနေရာမှာတင် အဆုံးသတ်ကြရအောင်...*

*အသွင်ပြောင်းစမ်း...*

ကောင်းယွမ်သည် သူ၏ ဦးနှောက်လှိုင်းများကို အသုံးပြု၍ အသွင်ပြောင်းကိရိယာ အတွင်းရှိ မိမိ ဖြစ်လိုသော တိရစ္ဆာန်ကို ရွေးချယ်လိုက်လေသည်...။

ယခင်က သူ သေချာ မကြည့်မိခဲ့သော်လည်း ၊ ယခု ဟင်းလင်းပြင်ထဲ၌ ရှိနေစဉ်တွင်မှ ထိုကိရိယာသည် ဒိုင်နိုဆော အဖြစ်သို့ပင် အသွင်ပြောင်းနိုင်ကြောင်း သိရှိသွားခဲ့ရသဖြင့် အံ့အားသင့်သွားမိလေသည်...။

သူသည် ပတာရိုဆော အဖြစ်သို့ အသွင်ပြောင်းရန် ရွေးချယ်လိုက်လေသည်...။

"ဝူး... "

ကောင်းယွမ်၏ ရုပ်သွင်မှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ၊ အတောင်ပံ အလျား ငါးမီတာကျော် ရှိ သော ပတာရိုဆောကြီး တစ်ကောင်အဖြစ် ကောင်းကင်ယံ၌ ပေါ်ပေါက်လာခဲ့လေတော့သည်...။

ဤသည်မှာ အတောင်ပံ အလျား (၁၅) မီတာအထိ ရှိနိုင်သော ကွက်ဇာလ်ကိုတားလပ်စ် အမျိုးအစား ဖြစ်သော်လည်း ၊ သူ၏ အသွင်ပြောင်းလဲမှုမှာ အကန့်အသတ် ရှိနေသဖြင့် အလွန်အမင်း ကြီးမားခြင်း သို့မဟုတ် သေးငယ်ခြင်းမျိုး မရှိခဲ့ပေ...။

ကောင်းယွမ်သည် ဤအချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင် ဖြစ်ပေ၏...။

စောစောစီးစီး လွတ်မြောက်ရန် ကြိုးစားခြင်းမှာ မလုံခြုံလှသလို ၊ ဒဏ်ရာ ရရှိနိုင်ခြေလည်း အလွန်ပင် များပြားလှပေသည်...။

ထို့ပြင် ကောင်းယွမ်အနေဖြင့် မိမိ၏ ခန္ဓာကိုယ်အား အချည်အနှောင် မခံနိုင်ပေ။ ၎င်းသည် မိမိ၏ အသွင်ပြောင်းလဲမှုကို ထိခိုက်စေနိုင်ခြင်း ရှိ ၊ မရှိ သူ မသိသော်လည်း ထိုသို့သော စွန့်စားမှုကို သူ မပြုလုပ်လိုပေ။

အကယ်၍ သူသည် အချည်အနှောင် ခံထားရစဉ် အသွင်ပြောင်းလိုက်ပြီးမှ ၊ မိမိ၏ အတောင်ပံများမှာ ကြိုးများဖြင့် ပတ်မိနေသည်ကို သိရှိရလျှင် အရာအားလုံးမှာ ပြီးဆုံးသွားပေလိမ့်မည်...။

တစ်ချိန်တည်းမှာပင် ကျန်းပိုင်ရီ၏ ဘေးကင်းလုံခြုံမှုအတွက် ၊ ၎င်းတို့နှစ်ဦးစလုံးမှာ လေထီးခုန်ခြင်း အတွေ့အကြုံ မရှိကြသဖြင့် ကောင်းယွမ်သည် သူ့အား ထိုလူငယ်နှင့်အတူ တွဲ၍ ချည်နှောင်ထားစေခဲ့ ခြင်း ဖြစ်ပေသည်...။

ကောင်းယွမ်သည် မိမိ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အထက်သို့ မြင့်တက်လာသည်ကို ခံစားလိုက်ရ လေသည်...။

ထို့နောက် မိမိ၏ အတောင်ပံများကို လေထုက မတင်ပေးထားသည်ကို သူ ခံစားမိလိုက်ရ၏...။

ခေတ္တမျှ ထိန်းညှိပြီးနောက်တွင်မူ သူသည် ရှေ့မှ ပြုတ်ကျသွားသော လူများကို စတင် လိုက်လံ ဖမ်းဆီးလေတော့သည်...။

အဘယ်ကြောင့်ဆိုသော် ရှေ့မှ ပွင့်သွားသော လေထီး၏ ပုံသဏ္ဍာန်မှာ အလွန်ပင် ထင်ရှားနေသော ကြောင့် ဖြစ်ပေ၏...။

မကြာမီမှာပင် ကောင်းယွမ်သည် မြေပြင်နှင့် မီတာ အနည်းငယ်သာ ကွာဝေးတော့သည့် အချိန်၌ ပြန်ပေး ဆွဲသူကို မှီသွားခဲ့လေသည် ၊ သူသည် ဟင်းလင်းပြင်၌ပင် သူ၏ ဧရာမ နှုတ်သီးကြီးဖြင့် ထိုလူငယ်၏ ဦးခေါင်းကို အင်တိုက်အားတိုက် ထိုးနှက်လိုက်လေရာ ၊ ပြင်းထန်သော ထိခိုက်မှုကြောင့် ထိုလူငယ်မှာ ချက်ချင်းပင် သတိလစ် မေ့မြောသွားခဲ့လေတော့သည်...။

ထို့နောက် ကောင်းယွမ်သည် သူ၏ ခြေသည်းများဖြင့် လေထီးကို ဆွဲယူကာ ဆင်းသက်မည့် နေရာကို ပြောင်းလဲလိုက်လေသည်...။

မိုင်နှစ်ဆယ်ခန့် ပျံသန်းပြီးနောက်တွင်မူ ကောင်းယွမ်သည် သူ၏ ခြေသည်းများကို လွှတ်ပေးလိုက်ရာ ၊ ကျန်းပိုင်ရီသည် မြေပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့လေသည်...။

ဤဖြစ်စဉ် တစ်လျှောက်လုံးတွင် ကျန်းပိုင်ရီမှာ မှောက်လျက်သား ဖြစ်နေခဲ့သဖြင့် ဘာတွေ ဖြစ်ပျက်ခဲ့ သနည်းဆိုသည်ကို လုံးဝ မသိရှိခဲ့ပေ...။

သူ မျက်နှာကို လှည့်ကြည့်ရန်ပင် မလုပ်နိုင်သေးမီမှာပင် သူ၏ အနောက်၌ ဧရာမ ပတာရိုဆောကြီး တစ်ကောင် ရှိနေသည်ကို မြင်လိုက်ရပေတော့သည်...။ သူသည် ထူးဆန်းသော အသံတစ်ခုကို အော်ဟစ်လိုက်ရင်း ဘေးကင်းရာသို့ ပြေးရန် ကြိုးစားလိုက်လေတော့သည်...။

ထိုအချိန်မှသာ သူ၏ အနောက်၌ ရှိနေသော ပြန်ပေးဆွဲသူမှာ... သတိလစ် မေ့မြောနေသည်ကို သတိ ထားမိလိုက်တော့၏။

"ဒါ ဘယ်လို နေရာမျိုးလဲ ... ငါ အချိန်ခရီးသွားခဲ့တာလား ... ဘာလို့ ဒီမှာ ဒိုင်နိုဆောတွေ ရှိနေရတာလဲ..."

"ငါတော့ သေရတော့မှာပဲ ... ငါတော့ သေရတော့မှာပဲ ... တကယ့်ကို ဝမ်းနည်းစရာ ကောင်းလိုက်တာ ... လောင်ကောင်းကော ဘယ်မှာလဲ ... သူလည်း ဒီနေရာကို ရောက်လာခဲ့တာလား မသိဘူး ..."

"တကယ့်ကို ကံဆိုးတာပဲ ..."

သူသည် မိမိအား ချည်နှောင်ထားသော ကြိုးများကို ခက်ခဲစွာ ဖြည်ချလိုက်ပြီးနောက်တွင်မူ ဧရာမ ပတာရိုဆောကြီးက သူ့နမည်အား လှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရလေသည်...၊

"လောင်ကျန်း..."

"တောက် ... လောင်ကောင်းကတော့ ပတာရိုဆောရဲ့ စားတာကို ခံလိုက်ရပြီ ထင်တယ်ကွာ... ငါတော့ ဒုက္ခရောက်ပါပြီ ... ငါ လွတ်မြောက်သွားတဲ့ အခါကျရင် လောင်ကောင်းအတွက် အောက်မေ့ဖွယ် အခမ်း အနားတစ်ခု လုပ်ပေးပါ့မယ် ... မဟုတ်သေးပါဘူး…. အခမ်းအနား လုပ်နေစရာ မလိုပါဘူး ... လောင်ကောင်း… မင်းက ငါ့ရဲ့ နှလုံးသားထဲမှာ ထာဝရ ရှင်သန်နေမှာပါကွာ ..."

All Chapters