အခန်း ၁၃၆
Vol. 13 Ch. 136
အခန်း၁၃၆ - ဒုတိယအဆင့်ဇွန်ဘီကို အမဲလိုက်ခြင်း
သွေးအပြည့်ရှိသော ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်ကို အမဲလိုက်ခြင်းသည် အလွန်အန္တရာယ်များလှသည့် လုပ်ရပ် ဖြစ်၏။
ဝမ်ထောင်သည် ဒုတိယအဆင့်ဇွန်ဘီနှင့် ယှဥ်လျှင် မိမိ၌ ရှိသော တစ်ခုတည်းသော အားသာချက်မှာ စဥ်းစားဆင်ခြင်နိုင်စွမ်း ရှိခြင်း ဖြစ်ပြီး ဇွန်ဘီတွင်မူ ထိုအရာတော့ မရှိနိုင်ဟု ခံစားမိသည်။
ထို့ကြောင့် ဝမ်ထောင်သည် ထိုဒုတိယအဆင့်ဇွန်ဘီအတွက် ကြီးကျယ်ခမ်းနားသော နှုတ်ဆက်လက်ဆောင်တစ်ခုကို ပြင်ဆင်ထား၏။
ခေါင်းစွပ်ဇွန်ဘီသည် ဆေးရုံအနီးတွင် ရှိနေပြီး ဆေးရုံအတွင်း၌လည်း ရူးသွပ်ဇွန်ဘီများ ကလည်း ထုထည်ကြီးလှသဖြင့် သူသည် တိုက်ပွဲကွင်းပြင်ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။
ခေါင်းစွပ်ဇွန်ဘီသည် အသံကို အလွန်တုံ့ပြန်လွယ်၏။ ရူးသွပ်ဇွန်ဘီများပင် မကြားနိုင်သော အသံများကို ၄င်းက ကြားနိုင်သည်။
ထို့ကြောင့် ဝမ်ထောင်သည် အဝေးထိန်းစပီကာများစွာကို ပြုလုပ်ရန် လျှိုဟဲအား အကူအညီတောင်းခံပြီး ခေါင်းမိုးများပေါ်တွင် သွားရောက် တပ်ဆင်ထားလိုက်၏။
ထိုအကောင်ကို ရင်ဆိုင်ရမည့်အချိန် ရောက်သောအခါ စပီကာများကို တစ်လုံးချင်းစီ အလှည့်ကျ အသံမြည်စေမည် ဖြစ်သည်။ ခေါင်းစွပ်ဇွန်ဘီက အနီးဆုံးမှပထမစပီကာကို ဖျက်ဆီးပြီးသည်နှင့် ထိုထပ်နည်းနည်းဝေးသော ဒုတိယစပီကာကို ထပ်မံ ဖွင့်မည် ။ ဒုတိယစပီကာ ပြီးလျှင် ပို၍ဝေးသော တတိယစပီကာ စသည်ဖြင့်...။ သို့သော် ထိုအသံများသည် ခေါင်းစွပ်ဇွန်ဘီရော ရူးသွပ်ဇွန်ဘီများကိုပါ ဆွဲဆောင်နိုင်သဖြင့် ဝမ်ထောင် ပြင်ဆင်ထားသော စပီကာများ၏ အသံပမာဏမှာ အလွန် မကျယ်လောင်လှပေ။
ရူးသွပ်ဇွန်ဘီများသည်လည်း အသံကို တုံ့ပြန်လွယ်သော်လည်း ဝမ်ထောင်နှင့် အခြားသူများသည် ၄င်းတို့၏ အလေ့အထကို တဖြည်းဖြည်း နားလည်လာခဲ့ကြပြီ ဖြစ်သည်။ အသံသည် သတ်မှတ်ထားသော ဒက်စီဘယ်ပမာဏထက် မကျော်လွန်သရွေ့ ထိုဇွန်ဘီများကို ဆွဲဆောင်နိုင်မည် မဟုတ်ပေ။
ယခုစပီကာအသစ်များသည် ပစ်မှတ်ဇွန်ဘီကို ဝမ်ထောင် သီးသန့်ပြင်ဆင်ထားသည့် နေရာဖြစ်သော အများပြည်သူသုံးဘတ်စကတ်ဘောကွင်းသို့ လမ်းကြောင်းပေး ဆွဲဆောင်သွားမည် ဖြစ်၏။
ဘတ်စကတ်ဘောကွင်းအတွင်း၌ ဝမ်ထောင်သည် ဖောက်ခွဲဗုံး ငါးလုံးကို အဆင်သင့် ထောင်ထားခဲ့သည်။
ဤအရာများသည် ဖောက်ခွဲဇွန်ဘီများထံမှ ရရှိခဲ့သော ပစ္စည်းများ ဖြစ်၏။ ၄င်းတို့သည် အလွန် မတည်ငြိမ်ဘဲ အနည်းငယ် လှုပ်ရှားရုံမျှဖြင့် ပေါက်ကွဲနိုင်သော်လည်း စွမ်းအားမှာမူ အလွန် ပြင်းထန်လှသည်။ ယခင်က ဝမ်ထောင် တစ်လုံးကို စမ်းသပ်ဖူးပြီး ဖောက်ခွဲဗုံး တစ်လုံးတည်းဖြင့်ပင် ပထမအဆင့် အထူးဇွန်ဘီတစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်နိုင်၏။
၎င်းတို့တွင် အားနည်းချက် နှစ်ခုသာ ရှိသည်။
တစ်ခုမှာ မတည်ငြိမ်မှု ဖြစ်ပြီး မိမိကိုယ်ကိုယ် မတော်တဆ ဗုံးခွဲမိရန် လွယ်ကူ၏။ အခြားတစ်ခုမှာ ပေါက်ကွဲသံ ကျယ်လောင်လွန်းခြင်း ပင်။
ထို့ကြောင့် ဝမ်ထောင်က ဖောက်ခွဲဗုံးများသာ လုံလောက်အောင် ရှိလျှင် ဒုတိယအဆင့်ဇွန်ဘီကိုပင် သတ်ဖြတ်နိုင်သည်ဟု ခံစားရသော်လည်း အလွန်အကျွံ မသုံးစွဲရဲပေ။ သို့မဟုတ်ပါက ဂေါ်ရီလာဇွန်ဘီပါ ရောက်ရှိလာလျှင် ငါးပါးမက သံဃာစင်ပါမှောက်သွားပေလိမ့်မည်။
ဖောက်ခွဲဗုံးများအပြင် ဝမ်ထောင်သည် အရေးပေါ်အခြေအနေအတွက် လျှိုဟဲ ပြုလုပ်ထားသော လက်လုပ်ဗုံး အချို့ကိုလည်း ပတ်ဝန်းကျင်၌ တပ်ဆင်ထားသေး၏။ ဤလက်လုပ်ဗုံးများသည် ဖောက်ခွဲဗုံးများလောက် စွမ်းအားမပြင်းသော်လည်း ပို၍ တည်ငြိမ်မှု ရှိသည်။ အနည်းဆုံးတော့ ဖောက်ခွဲဗုံးများထက် ပို၍ စိတ်ချရ၏။
ထို့နောက် အကျိအချွဲလက်ပစ်ဗုံးများလည်း ရှိသေးသည်။ ၎င်းတို့အကြောင်းကိုမူ အထူး ပြောနေစရာ မလိုတော့ပေ။ ၄င်းမှာ သူ၏ တုန်ခါမှုလှိုင်း စွမ်းရည် ဒုတိယအဆင့်သို့ မတက်လှမ်းမီက ဖောက်ခွဲဇွန်ဘီများကို သတ်ဖြတ်ရန် ဝမ်ထောင် အသုံးပြုခဲ့သော အရိုးရှင်းဆုံး နည်းလမ်း ဖြစ်၏။
ဝမ်ထောင်သည် အကျိအချွဲလက်ပစ်ဗုံး အမြောက်အမြားကို ထုတ်လုပ်ပြီး တိုက်ပွဲတွင် ပါဝင်မည့်သူ တိုင်းကို အချို့စီ ဝေငှပေးလိုက်သည်။
သူသည် ဝေကျန့်ကော်နှင့် အခြားသူများကိုလည်း ခွန်အားဆေးရည်၊ ခုခံဆေးရည်နှင့် အပြေးဆေးရည်များ ပေးအပ်ထား၏။ အဆုံးသတ်တွင် ၄င်းတို့၌ အသက်တစ်ချောင်းစီသာ ရှိသဖြင့် အန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပွားသွားမည်ကို ဝမ်ထောင် မလိုလားပေ။
ရှန့်ဟုန်ပင်းကလည်း ကျောက်တုံးများဖြင့်ပစ်ချသောထောင်ချောက်အချို့ကို ဒီဇိုင်းဆွဲ ပြင်ဆင်ခဲ့သည်။ ဝမ်ထောင်ကမူ ၄င်းတို့၏ အသုံးဝင်မှုအပေါ် သံသယရှိနေ၏။ သို့သော်နေရာနှင့် လူအင်အား ကန့်သတ်ချက်များကြောင့် အလွန် ဆန်းပြားသော ထောင်ချောက်များကို ဖန်တီးရန်
မလွယ်ပါ။
တိုက်ပွဲ မစတင်မီ ရန်ကျဲသည် စခန်းသို့ ကြိုတင် အကြောင်းကြားထားခဲ့ပြီး ဖြစ်၏။ သူသည် အသေးစိတ် အချက်အလက်များကို မပြောဘဲ စခန်းက ကြီးမားသော စစ်ဆင်ရေးတစ်ခုအတွက် လူအင်အား စုစည်းနေကြောင်း၊ အပြင်ဘက်တွင် အန္တရာယ်ရှိနိုင်သဖြင့် လာမည့် နှစ်ရက်အတွင်း မည်သူမျှ အပြင်မထွက်ရကြောင်းသာ အမိန့်ထုတ်ထားသည်။
ဝမ်ထောင်နှင့် အခြား တိုက်ခိုက်ရေးသမားများသည် တစ်ရက်တိတိ အနားယူကာ ခွန်အားများကို စုဆောင်းခဲ့ကြ၏။
နောက်တစ်နေ့ နံနက်တွင်။
ဝမ်ထောင်နှင့် အခြားသူများသည် ဘက်စုံသုံးအဆောက်အအုံ၌ ဆုံတွေ့ကြသည်။
"အားလုံး အဆင်သင့်ဖြစ်ပြီလား"
ဝမ်ထောင်က ပြုံးလျက် မေးလိုက်၏။
"အဆင်သင့်ပဲ။ ငါ တစ်ခါမှ ဒီလောက် သန်မာတယ်လို့ မခံစားရဖူးဘူး။ အဲဒီကောင်ကို သွားရှင်းကြစို့"
ရှန့်ဟုန်ပင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
မနေ့က အနားယူသည့်ရက် ဖြစ်သော်လည်း သူတို့ လုံးဝ အားမနေခဲ့ကြပေ။
ဝမ်ထောင်သည် သူတို့၏ ခွန်အားကို ပိုမို မြှင့်တင်နိုင်ရန် အမြုတေများ ထပ်ပေးခဲ့သည်။
ယခုအခါ သူတို့၏ အဓိကစွမ်းရည်များမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူတို့၏ သွေးပမာဏသည်လည်း ၄၉၉၉ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤအခြေအနေသည် ကမ္ဘာပျက်ကပ် စတင်ကတည်းက သူတို့ အသန်မာဆုံး ဖြစ်နေသည့် အချိန်ဟုပင် ပြောနိုင်၏။
"ဒါဆို တို့တွေ ထွက်ကြမလား"
"သွားကြစို့"
အားလုံး ယာဉ်များပေါ်သို့ တက်လိုက်ကြပြီး စစ်သုံးတောင်တက်ယာဉ် စုစုပေါင်း လေးစီးသည် စခန်းမှ ထွက်ခွာလာခဲ့သည်။
ဤစစ်ဆင်ရေးတွင် ဝမ်ထောင်၊ ဟန်ရွှေ၊ ဝေကျန့်ကော်၊ ရှန့်ဟုန်ပင်း၊ လုကန်း၊ ဖုန်းမင်အန်နှင့် အခြားသူများ အပါအဝင် စုစုပေါင်း ၁၂ ယောက် ပါဝင်၏။
ဤလူစာရင်းသည် ရွှေကျဲစခန်းက လက်ရှိ စုစည်းနိုင်သမျှ အင်အားအကောင်းဆုံး စစ်သည်တော်များ ဖြစ်ကြသည်။
စခန်းကို စောင့်ရှောက်ရန်သာ မလိုအပ်ပါက ရှန့်ဟုန်ပင်းသည် လုံခြုံရေးတပ်ဖွဲ့နှင့် စွမ်းရည်ရှင် အမဲလိုက်သမား အားလုံးကိုပါ ခေါ်ဆောင်လာချင်ခဲ့၏။
ဝမ်ထောင်ကတော့ ယခုလူစာရင်းနှင့် ကြိုတင်ဆင်ထားသော ထောင်ချောက်များ ရှိနေသဖြင့် ဇွန်ဘီရှောက်ယုံအဆင့်ရှိသော အကောင်မျိုးပင် ဖြစ်ပါစေဦး မျက်စိတစ်မှိတ်အတွင်း အပြတ်ရှင်းနိုင်မည်ဟု ခံစားနေရသည်။
သို့သော် ဝမ်ထောင်သည် ထိုခေါင်းစွပ်ဇွန်ဘီ မည်မျှအထိ သန်မာသည်ကိုမူ အတိအကျ မသိရသေးပေ။ တိုက်ပွဲနှင့် ပတ်သက်၍ သူသည် ယုံကြည်ချက် ရှိသည်ဟုသာ ပြောနိုင်ပြီး အောင်ပွဲ ရလိမ့်မည်ဟု အကြွင်းမဲ့ မသေချာသေးချေ။ မကြာမီ သူတို့ ဘတ်စကတ်ဘောကွင်းသို့ ရောက်ရှိလာကြသည်။ အချို့အစီအမံများကို ပြုလုပ်ပြီးနောက် ဝမ်ထောင်သည် ဝေကျန့်ကော်ကို ခေါင်းငြိမ့်ပြလိုက်ရာ ဝေကျန့်ကော်က ချက်ချင်း ဝေါကီတော်ကီကို ကောက်ကိုင်ကာ ပြောလိုက်၏။
"စလိုက်တော့"
...ဆေးရုံအပြင်ဘက်တွင်။
လူတစ်ယောက်သည် ထိုနေရာ၌ ကြိုတင် ပုန်းအောင်းနေခဲ့ပြီ ဖြစ်သည်။ ဝေကျန့်ကော်၏ အမိန့်ကို ကြားသည်နှင့် သူသည် လက်ထဲက အဝေးထိန်းခလုတ်ကို ချက်ချင်း နှိပ်လိုက်၏။
ခဏအကြာတွင် အသက်ရှင်ကျန်ရစ်သူများ သတိပင်မထားမိနိုင်သော တိုးညှင်းသည့် အသံတစ်ခုက ဝေးလံသော ခေါင်မိုးတစ်ခုထံမှ ပဲ့တင်ထပ်လာသည်။ သို့သော် မကြာမီမှာပင် ခေါင်းစွပ်ဇွန်ဘီတစ်ကောင် အဝေးမှ ပေါ်လာပြီး ပါ့ကွာအပြေးသမားတစ်ယောက်ကဲ့သို့ ခေါင်မိုးများကို လှပစွာ ဖြတ်ကျော်ကာ ပြေးလွှားခုန်ပျံလာ၏။
"လာနေပြီ လာနေပြီ"
ထိုလူက ဝေါကီတော်ကီမှတစ်ဆင့် လျင်မြန်စွာ သတင်းပို့လိုက်သည်။
မိနစ်ဝက်ခန့်အကြာတွင် ခေါင်းစွပ်ဇွန်ဘီသည် စပီကာကိုရှာတွေ့ကာ အောင်မြင်စွာ ဖျက်ဆီးပစ်လိုက်၏။
"စပီကာကို ဖျက်ဆီးလိုက်ပြီ"
"သိပြီ"
အခြားဝေါကီတော်ကီ၏ တစ်ဖက်မှလူက အဝေးထိန်းကို ချက်ချင်း နှိပ်လိုက်ပြန်ရာ နောက်ထပ် ဝေးလံသော ခေါင်မိုးတစ်ခုပေါ်ရှိ စပီကာတစ်ခုထံမှ အသံ ထွက်ပေါ်လာပြန်သည်။
ပထမလူသည် ဒုတိယစပီကာ၏ အသံကို လုံးဝ မကြားရသော်လည်း ခေါင်းစွပ်ဇွန်ဘီကမူ အတိုင်းသား ကြားလိုက်ရ၏။
၄င်းသည် ချက်ချင်း လမ်းကြောင်းပြောင်းကာ ထိုအဝေးဆီသို့ ဦးတည် ပြေးသွားတော့သည်။
" အဲဒီဘက်ကို ဦးတည်သွားနေပြီ သွားနေပြီ"
"အိုကေ"
...ဝမ်ထောင်နှင့် အခြားသူများသည် ဘတ်စကတ်ဘောကွင်းအပြင်ဘက်တွင် ပုန်းအောင်း စောင့်ဆိုင်းနေကြ၏။ မိနစ်နှစ်ဆယ်ခန့် စောင့်ဆိုင်းပြီးနောက် သူတို့ထံသို့ ခေါင်မိုးများကို ဖြတ်ကျော် ခုန်ပျံလာသော အရိပ်မည်းတစ်ခုကို တွေ့လိုက်ရသည်။
"ရောက်လာပြီ.. ရောက်လာပြီ"
ဝေကျန့်ကော်သည် အဝေးထိန်းခလုတ်ကို ချက်ချင်း နှိပ်လိုက်၏။
ဘတ်စကတ်ဘောကွင်းဘောင်ပေါ်ရှိ စပီကာတစ်ခုသည်လည်း စတင် အသံမြည်လာတော့သည်။
"ဝူး..."
ခေါင်းစွပ်ဇွန်ဘီသည် အလွန်ကို ဒေါသထွက်နေပုံ ရ၏။ ၄င်းသည် ခြောက်ထပ်တိုက်အမိုးပေါ်မှ လွှားခနဲ ခုန်ချကာ ဘတ်စကတ်ဘောကွင်းထဲသို့ ပစ်ဆင်းလာသည်။
ဂျင်းဘောင်းဘီနှင့် အနက်ရောင် ခေါင်းစွပ်အင်္ကျီကို ဝတ်ဆင်ထားသော ဤဇွန်ဘီသည် ခုန်ချလိုက်သည့် အဟုန်၌ တော်တော်လေး ကြည့်ကောင်းနေသည်ဟု ပြောရမည် ။
ထို့နောက်တွင်မူ။
ဖုတ်...
ဗုန်း...ဗုန်း..ဗုန်း..
၄င်းက ဘတ်စကတ်ဘောကွင်းဘောင်အောက်သို့ ဆင်းသက်လိုက်သည်နှင့်ပတ်ဝန်းကျင်၌ ထောင်ထားသော ပေါက်ကွဲဇွန်ဘီဗုံး ငါးလုံးစလုံး ပြိုင်တူ ပေါက်ကွဲသွားတော့သည်။
ဖောက်ခွဲဗုံးများသည် အလွန်တရာ မတည်ငြိမ်လှဘဲ အနည်းငယ် ကျယ်လောင်သော အသံ ရှိရုံမျှဖြင့် ပေါက်ကွဲတတ်၏။
ဝမ်ထောင်သည် ၄င်းတို့ကို အလွန် သတိထားကာ အသာအယာ ချထားခဲ့ခြင်း ဖြစ်သော်လည်း ခေါင်းစွပ်ဇွန်ဘီ ခြောက်ထပ်တိုက်အမိုးပေါ်မှ ခုန်ချလိုက်သော အသံမှာ တိုးညှင်းမနေသဖြင့် ဗုံးများကို ချက်ချင်း အသက်ဝင်သွားစေသည်။
စက်ဝိုင်းပုံစံ စီထားသော ဗုံးငါးလုံးသည် တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားရာ ထိုအသံကြောင့် အနီးအနားရှိ ဝမ်ထောင်နှင့် အခြားသူများမှာ နားပင် အူသွားရ၏။
"သေစမ်း... ဖောက်ခွဲဗုံး ငါးလုံးပေါက်တာ ဒီလောက်တောင် ကျယ်တာလား"
ဝမ်ထောင်သည် မိမိ တွက်ချက်မှု မှားယွင်းသွားကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ အဓိကမှာ သူသည် ဤမျှများပြားသော ဖောက်ခွဲဗုံးများကို တစ်ပြိုင်နက်တည်း မသုံးဖူးခဲ့သဖြင့် အသံပမာဏ ဤမျှ ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
ထို့ပြင် အသံကျယ်ရုံမျှမက စွမ်းအားမှာလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။ ဘတ်စကတ်ဘောကွင်းတစ်ခုလုံး ပြားပြားဝပ် ပျက်စီးသွားပြီး အားကစားအသုံးအဆောင်များနှင့် ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များ အားလုံး ပျောက်ကွယ်သွားခဲ့သည်။ ရှန့်ဟုန်ပင်း ကြိုတင်လုပ်ထားသော ကျောက်တုံးထောင်ချောက်များပင် အပိုင်းပိုင်းအစစ ကြေမွသွားရ၏။ ရှန့်ဟုန်ပင်းမှာ ကြောင်အမ်းသွားသည်။ သူသည် ဖောက်ခွဲဗုံး၏ စွမ်းအားကို မမြင်ဖူးသဖြင့် လက်လုပ်ဗုံးနှင့် ဆင်တူလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။ လျှိုဟဲ ပြုလုပ်သော လက်လုပ်ဗုံးများသည် သယ်ဆောင်ရ လွယ်ကူစေရန် သေးငယ်ပြီး လက်ပစ်ဗုံးတစ်လုံးထက်ပင် စွမ်းအားနည်းပါးသည်။ သို့သော် ဤဖောက်ခွဲဗုံးများ၏ စွမ်းအားမှာမူ လက်ပစ်ဗုံးထက် အဆမတန် ပိုမို ပြင်းထန်လှ၏။
"မြန်မြန်... မြန်မြန်... တိုက်ကြစို့"
အခြေအနေကို မြင်သောအခါ ဝမ်ထောင်သည် တုံ့ဆိုင်းမနေဘဲ အားလုံးကို တိုက်ခိုက်ရန် ချက်ချင်း အော်ဟစ် လိုက်တော့သည်။
သူသည် ထိုဇွန်ဘီကို မျက်စိတစ်မှိတ်အတွင်း အပြတ်ရှင်းပစ်ရန် မျှော်လင့်ခဲ့သော်လည်း ၄င်းမှာ လုံးဝ မဖြစ်နိုင်ကြောင်း ဝမ်ထောင် တွေ့လိုက်ရ၏။ အကြောင်းမှာ သူသည် ၄င်း၏ သွေးဘားတန်းကို မြင်နေရသောကြောင့် ဖြစ်သည်။
【၂၁၃၉/၇၀၀၀】
ရက်အနည်းငယ်အတွင်းမှာတင် ဤခေါင်းစွပ်ဇွန်ဘီသည် သွေးပမာဏ ၇၀၀၀ အထိ ရှိနေခဲ့ပြီ ဖြစ်၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် ထိုဗုံးငါးလုံးသည် ၄င်းကို တည့်တည့်ထိမှန်ခဲ့သဖြင့် ထိခိုက်မှုပမာဏ ငါးထောင်နီးပါး ပေးစွမ်းနိုင်ခဲ့သည်။
၄င်းမှာ မသေသေးသော်လည်း အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပြီ။
နာကျင်နေဆဲအချိန်တွင် အမိအရ နှိမ်နင်းရမည် ဖြစ်သည်။
ဝမ်ထောင်သည် ပျက်စီးနေသောဘတ်စကတ်ဘောကွင်းအတွင်းသို့ ချက်ချင်း ပြေးဝင်သွား၏။
သင့်တော်သော အကွာအဝေးသို့ ရောက်သောအခါ ဝမ်ထောင်သည် အရှိန်ပြင်းအတင်းဝင်တိုက်စွမ်းရည်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
ဝူး...
မျက်စိတစ်မှိတ်အတွင်း ဝမ်ထောင်သည် ပေါက်ကွဲမှုကြောင့် သွေးချင်းချင်းနီကာ စုတ်ပြတ်နေသော ခေါင်းစွပ်ဇွန်ဘီ၏ အနီးသို့ ရောက်ရှိသွားပြီး သူ၏ ပုဆိန်ကို လွှဲယမ်းလိုက်၏။
ဒုန်း...
【-၄၂】
【-၂၃၄】
ဝမ်ထောင်သည် မိမိ၏ ပုဆိန်က ကျောက်တုံးကဲ့သို့ မာကျောသော အရာတစ်ခုကို ထိမှန်သွားသလို ခံစားလိုက်ရသည်။
သို့သော် ဤခုတ်ချက်သည် ထိခိုက်မှုပမာဏ နှစ်ကြိမ် ပေးစွမ်းနိုင်ခဲ့၏။ ပထမတစ်ခုမှာ ပုဆိန်ကိုယ်တိုင်ကြောင့် ဖြစ်ပြီး ဒုတိယတစ်ခုမှာ တုန်ခါမှုလှိုင်းကြောင့် ဖြစ်သည်။
ဝမ်ထောင်သည် ပထမထိခိုက်မှုပမာဏကြောင့် အံ့အားသင့်သွားရ၏။ ဤဇွန်ဘီသည် ခေါင်းမာဇွန်ဘီတစ်ကောင်ကဲ့သို့ မာကျောနေသည်ဟု သူ ခံစားလိုက်ရသည်။ သို့သော် ဒုတိယထိခိုက်မှုကို မြင်ပြီးနောက်တွင်မူ သူ၏ စိတ်ဓာတ်များ ပြန်လည် တက်ကြွလာခဲ့၏။
ဒုတိယအဆင့် တုန်ခါမှုလှိုင်းသည် တကယ်ပင် ကွာခြားလှပေသည်။
ခေါင်းစွပ်ဇွန်ဘီတွင် သွေးပမာဏ နှစ်ထောင်ကျော်သာ ကျန်ရှိတော့၏။ အကယ်၍ သူက တစ်ချက်ရိုက်တိုင်း သုံးရာနီးပါး ထိခိုက်မှု ပေးနိုင်လျှင် ခြောက်ချက် သို့မဟုတ် ခုနစ်ချက် ခုတ်ရုံဖြင့် သေဆုံးသွားမည် မဟုတ်ပါလော။
သို့သော် ကိစ္စများက ထိုမျှ မရိုးရှင်းခဲ့ပါ။ ဝမ်ထောင် ဒုတိယတစ်ချက် မခုတ်ရသေးမီမှာပင် ခေါင်းစွပ်ဇွန်ဘီသည် ၄င်း၏ လက်ဖဝါးဖြင့် သူ၏ ရင်ဘတ်ကို လျင်မြန်စွာ ရိုက်နှက်လိုက်၏။
ဒုန်း...
ဝမ်ထောင်သည် ရင်ဘတ်တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
【-၄၄၁】
【၄၅၅၈/၄၉၉၉】
"ဟာ... သွားပြီ"
ထိခိုက်မှုပမာဏကြောင့် ဝမ်ထောင် လန့်ဖြန့်သွားရ၏။ မိမိသည် ခေါင်းမာချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ကြေးအရေပြားသံမဏိအရိုး စွမ်းရည်ကိုလည်း အသက်သွင်းထားခဲ့သည်မဟုတ်ပါလား။
၄င်းသည် ဝမ်ထောင်ကို ရိုက်ပြီးသည်နှင့် တစ်ပြိုင်နက် နောက်သို့ ခုန်ပျံလိုက်ရာ တစ်ချက်တည်းဖြင့် ဆယ်မီတာကျော် အကွာအဝေးသို့ ရောက်ရှိသွား၏။
ဇွန်ဘီက ဝမ်ထောင်၏ ဒုတိယပုဆိန်ချက်ကို ရှောင်တိမ်းနိုင်ရုံမျှမက ရှန့်ဟုန်ပင်း၏ အရှိန်ပြင်းဝင်တိုက်မှုကိုပါ ရှောင်ကွင်းသွားခဲ့သည်။
"တောက်..."
ရှန့်ဟုန်ပင်းသည် အပျက်အစီးများထဲသို့ အရှိန်လွန်လဲကျသွားပြီး ဆဲဆိုလျက် ပြန်လည် တွားသွား ရုန်းထလာခဲ့၏။
အခြားတစ်ဖက်တွင် ဝေကျန့်ကော်သည် တမင်တကာ ခြေလှမ်းတစ်လှမ်း နောက်ကျ၍ လှုပ်ရှားခဲ့သည်။ သူက အတင်းဝင်တိုက်စဥ် ရှန့်ဟုန်ပင်းနှင့် အချင်းချင်း တိုက်မိမည်ကို အဓိက ကာကွယ်ခြင်း ဖြစ်၏။ ထိုသို့သော ကိစ္စမျိုး ယခင်ကလည်း ဖြစ်ပွားဖူးသည်။
ထို့ကြောင့် ခေါင်းစွပ်ဇွန်ဘီ နောက်သို့ ခုန်ပျံသွားသည်ကို မြင်လျှင် ဝေကျန့်ကော်သည် ဇွန်ဘီ ဆင်းသက်မည့် နေရာသို့ ဦးတည်ကာ ချက်ချင်း အတင်းဝင်တိုက်လိုက်တော့သည်။
ခေါင်းစွပ်ဇွန်ဘီသည် ဆယ်မီတာကျော် နောက်သို့ ခုန်ပျံသွားခဲ့ခြင်း ဖြစ်၏။ ဆင်းသက်လိုက်သည့် အချိန်တွင် ၄င်း၏ ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသွားပြီး ဝေကျန့်ကော်က ထိုအချိန်ကို အမိအရ ဖမ်းလိုက်သည်။
ဒုန်း...
ဝေကျန့်ကော်၏ အရှိန်ပြင်းဝင်တိုက်ချက်က ခေါင်းစွပ်ဇွန်ဘီကို အပြည့်အဝ ထိမှန်သွားသော်လည်း ထိခိုက်မှုပမာဏ '-၃၄' သာ ပေးနိုင်ခဲ့၏။
ဝေကျန့်ကော်ကိုယ်တိုင် ထိုထိခိုက်မှုကို မမြင်ရသော်လည်း ဝမ်ထောင်ကမူ ရှင်းလင်းစွာ မြင်တွေ့နေရသည်။
"ဒီကောင် တကယ် မာတာပဲ"
ဝမ်ထောင် ထိုနေရာသို့ ပြေးသွားတော့မည့် အချိန်တွင် ခေါင်းစွပ်ဇွန်ဘီက ဝေကျန့်ကော်ကို လက်ဖြင့် ဝှေ့ယမ်းလိုက်သည်ကို တွေ့လိုက်ရ၏။
"ရှောင်.."
ဒုန်း...
ဝေကျန့်ကော်သည် မီတာအနည်းငယ်အကွာသို့ လွင့်စင်သွားပြီး ရှန့်ဟုန်ပင်းကဲ့သို့ပင် အပျက်အစီးများထဲသို့ ကျရောက်သွားတော့သည်။
ဝှီး...
ထိုအချိန်တွင် ထောင့်ဖြတ်ထွက်လာသော မြားတစ်စင်းသည် ခေါင်းစွပ်ဇွန်ဘီထံသို့ ရုတ်တရက် ပျံသန်းလာ၏။
လုကန်း လှုပ်ရှားလိုက်ပြီ ဖြစ်သည်။
ဒုတ်...
【-၁၀၂၂】
မြားသည် ၄င်း၏ ဘယ်ဘက် မျက်လုံးအိမ်ထဲသို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့၏။
"လန်းတယ်"
တစ်ထောင်ကျော်ရှိသော ထိခိုက်မှုပမာဏ ကိန်းဂဏန်းကို မြင်ရသဖြင့် ဝမ်ထောင် အလွန် စိတ်လှုပ်ရှားသွားသည်။
လုကန်း၏ မြားသည် ခေါင်းစွပ်ဇွန်ဘီ၏ အားနည်းချက်ကို တည့်တည့်ထိမှန်သွားခဲ့၏။
မျက်လုံးအိမ်သည် ဇွန်ဘီအများစုအတွက် အားနည်းချက် ဖြစ်သည်။ အကြောင်းမှာ ဦးနှောက်သို့ တိုက်ရိုက် ဆက်သွယ်နေသောကြောင့် ဖြစ်၏။ သို့သော် ထိုနေရာကို ထိမှန်အောင် ပစ်နိုင်၊ မပစ်နိုင်မှာမူ အခြားကိစ္စ ဖြစ်သည်။ ပုံမှန်အားဖြင့် ဝမ်ထောင်သည် မြားပစ်သည့်အခါ မျက်လုံးကို တမင်တကာ ရည်ရွယ်၍ မပစ်ခတ်ပေ။
ယခုမြားချက်ကတော့ အချိန်နှင့် အကွာအဝေး အတိအကျ ကိုက်ညီလှသဖြင့် ခေါင်းစွပ်ဇွန်ဘီတွင် သွေးပမာဏ ၈၀၇ သာ ကျန်ရှိတော့၏။
စနိုက်ပါသမားတစ်ယောက်၏ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းရည် ဖြစ်သည်။ ၄င်းတို့သည် မကြာခဏ လှုပ်ရှားလေ့မရှိသော်လည်း လှုပ်ရှားလိုက်လျှင် သေစေနိုင်သော ဒဏ်ရာကို ပေးစွမ်းနိုင်၏။
ဒုတိယအဆင့်ဇွန်ဘီတဲ့လား... ကြည့်ရတာ ဒီလောက်လည်း မဟုတ်ပါဘူး။
ဝမ်ထောင်က ထိုဇွန်ဘီကို အမြန်ဆုံး အပြတ်ရှင်းနိုင်တော့မည်ဟု ထင်မှတ်နေစဥ်မှာပင် ၄င်းသည် ရုတ်တရက် နောက်သို့ ပြန်လှည့်ပြေးကာ လူနေအဆောက်အအုံအတွင်းသို့ မျက်စိတစ်မှိတ်အတွင်း ဝင်ရောက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။
"ဟင်...ဒီကောင်က ထွက်ပြေးသွားတာလား"
ဝမ်ထောင်သည် ဇွန်ဘီတစ်ကောင် ထွက်ပြေးခြင်းကို တားဆီးရန် မိမိ၌ အစီအစဥ် မရှိခဲ့ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။ အဓိကမှာ ဤခေါင်းစွပ်ဇွန်ဘီသည် အလွန် မြန်ဆန်ပြီး ဖျတ်လတ်လွန်းသဖြင့် သူတို့ လိုက်လံ ဖမ်းဆီးရန် မတတ်နိုင်ခြင်း ဖြစ်၏။
ထိုအချိန်တွင် ပတ်ဝန်းကျင်၌ ရူးသွပ်ဇွန်ဘီများ စတင် ပေါ်လာခဲ့ပြီ ဖြစ်သည်။ ခုနက ပေါက်ကွဲမှုအသံမှာ ကျယ်လောင်လွန်းခဲ့သည် မဟုတ်ပါလား။
အနားသတ်စည်းရှိ ဟန်ရွှေနှင့် အခြားသူများသည် ဝမ်ထောင်တို့အဖွဲ့ကို မထိခိုက်စေရန် ထိုရူးသွပ်ဇွန်ဘီများကို တားဆီးရင်း အစွမ်းကုန် စတင် နှိမ်နင်းနေကြပြီ ဖြစ်သည်။
" ပြေးသွားပြီ။ တို့တွေ လိုက်ကြမလား"
ရှန့်ဟုန်ပင်းသည် ဝမ်ထောင်ကို ချက်ချင်း လှမ်းကြည့်လိုက်၏။ သူက လိုက်လံ ဖမ်းဆီးနိုင်သည်ဟု ခံစားရသော်လည်း ဝမ်ထောင်သည် ဤစစ်ဆင်ရေးကို အမိန့်ပေး ကွပ်ကဲနေသူ ဖြစ်သဖြင့် မိမိသဘောဖြင့် မိမိ လှုပ်ရှားမည် မဟုတ်ပေ။
ဝမ်ထောင် မပြောရသေးမီမှာပင် သူ၏ အကြည့်များ ရုတ်တရက် စူးရှသွားခဲ့သည်။
"သူက မပြေးဘူးပဲ"
ခေါင်းစွပ်ဇွန်ဘီသည် အမိုးပေါ်တွင် ရုတ်တရက် ပေါ်လာပြီးနောက် နေရာလွတ်တစ်ခုဆီသို့ ဦးတည်ကာ အရှိန်အဟုန်ဖြင့် ခုန်အုပ်လိုက်သည်ကို ဝမ်ထောင် မြင်လိုက်ရ၏။
"မကောင်းတော့ဘူး"
ဝမ်ထောင်တွင် ရှင်းပြနေရန် အချိန်မရှိတော့ပေ။ သူသည် လုကန်းပုန်းအောင်းရာနေရာသို့ ပြေးသွားရင်း တစ်ပြိုင်နက်တည်းမှာပင် တိကျစွာပစ်ခတ်ခြင်းစွမ်းရည်ကို အသက်သွင်းကာ မီးသတ်ပုဆိန် နှစ်ခုလုံးကို လုကန်းထံသို့ တိုက်ရိုက် လွှဲပေါက်လိုက်တော့သည်။
လုကန်းသည် မိမိ တည်ရှိရာနေရာမှ အမိုးကို မမြင်ရပေ။ ဝမ်ထောင်က မိမိထံသို့ ရုတ်တရက် ပြေးလာပြီး ပေါက်ပုဆိန် နှစ်လုံးဖြင့် လွှဲပေါက်လိုက်သည်ကိုသာ သူ မြင်လိုက်ရ၏။
ဤအခြေအနေကြောင့် လုကန်း လန့်ဖြန့်သွားရသည်။ အကယ်၍ သူသည် ဝမ်ထောင်၏ ပုဆိန်နှစ်လုံး အထိမှန်ခံရပါက မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားနိုင်သည် မဟုတ်ပါလော။
သို့သော် သူ ရှောင်တိမ်းရန် မလှုပ်ရှားရသေးမီမှာပင် မိမိ၏ ဦးခေါင်းထက်၌ အရိပ်မည်းတစ်ခု ပေါ်လာကြောင်း ခံစားလိုက်ရ၏။ သူသည် ဗီဇအရ မော့ကြည့်လိုက်ရာ ခေါင်းစွပ်ဇွန်ဘီသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး ၄င်း၏ ထက်မြက်သော လက်သည်းများဖြင့် မိမိ၏ ဦးခေါင်းကို ရည်ရွယ်နေသည်ကို တွေ့လိုက်ရတော့သည်။
သို့သော် ထိုအချိန်တွင် ပုဆိန်နှစ်လုံး ရောက်ရှိလာပြီး ခေါင်းစွပ်ဇွန်ဘီ၏ ကျောပြင်ကို ထိမှန်သွားခဲ့၏။ ၄င်းတို့က ထိခိုက်မှုပမာဏ စုစုပေါင်း ၅၃ သာ ပေးနိုင်ခဲ့သော်လည်း ဇွန်ဘီကို ဟန်ချက်ပျက်သွားစေရန် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သဖြင့် ၄င်း၏ လက်သည်းများသည် ရည်ရွယ်ချက် လွဲချော်ကာ လုကန်း၏ ရင်ဘတ်ကိုသာ ထိမှန်သွားတော့သည်။
ဒုန်း...
【-၃၅၄၈】
【၁၄၅၁/၄၉၉၉】
လုကန်း၏ အညိုရောင် မျက်နှာဖုံးသည် ချက်ချင်း သွေးချင်းချင်းနီသွားခဲ့၏။
သို့သော် သူသည် တိုက်ပွဲ အတွေ့အကြုံရှိသော စစ်သည်တော်ပီပီ နာမည်နှင့် လိုက်ဖက်လှပေသည်။ အကျပ်အတည်း ကာလတွင် သူသည် လေးနှင့်မြားကို မြှောက်ကာ ခေါင်းစွပ်ဇွန်ဘီ၏ ပွင့်ဟနေသော ပါးစပ်တွင်းသို့ အနီးကပ်အကွာအဝေးမှ မြားတစ်စင်း ပစ်ထည့်လိုက်၏။
ဒုတ်...
【-၁၅၄】
【၆၀၀/၇၀၀၀】
ခေါင်းစွပ်ဇွန်ဘီတွင် သွေးပမာဏ ၆၀၀ သာ ကျန်ရှိတော့သည်။
"ဂါး .."
ဇွန်ဘီသည် ၄င်း၏ သွားများကို စေ့လိုက်ပြီး ပါးစပ်ထဲက မြားကို ချက်ချင်း ကိုက်ဖြတ်ပစ်လိုက်ကာ လုကန်း၏ ဦးခေါင်းကို ရည်ရွယ်၍ လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်ပြန်၏။ အကယ်၍ ထိုတစ်ချက်သာ ထိမိပါက လုကန်း သေချာပေါက် သေဆုံးရမည် ဖြစ်သည်။
သို့သော် ထိုအချိန်တွင် ဝမ်ထောင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သူသည် ခေါင်းစွပ်ဇွန်ဘီ၏ လည်ပင်းအား နောက်ကုပ်မှလှမ်းဖမ်းကာ ကျယ်လောင်စွာ အော်ဟစ်လျက် ရုတ်တရက် ခွန်အား စိုက်ထုတ်လိုက်သည်။
ခေါင်းစွပ်ဇွန်ဘီသည် လက်တစ်ဖက်တည်းဖြင့် မတင်ခြင်း ခံရပြီး လေထဲတွင် စက်ဝိုင်းဝက်ပုံစံ ဝှေ့ယမ်းကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချ ခံလိုက်ရတော့၏။
ဒုန်း...
【-၄】
【၅၉၆/၇၀၀၀】
ရှန့်ဟုန်ပင်းကလည်း အရှိန်ပြင်းဝင်တိုက်ချက်ကို ထပ်မံ ပြုလုပ်လိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် ပစ်မှတ်ကို တိကျစွာ ထိမှန်သွားခဲ့ပြီး ခေါင်းစွပ်ဇွန်ဘီ ပြန်လည် မထနိုင်မီမှာပင် ဆောင့်မိသွား၏။
【-၄၃】
တစ်ပြိုင်နက်တည်းမှာပင် သူသည် မီးသတ်ပုဆိန်ကို မြှောက်ကာ တုန်ခါမှုလှိုင်းနှင့်အတူ ခေါင်းစွပ်ဇွန်ဘီ၏ မျက်နှာကို ခုတ်ချလိုက်တော့သည်။
【-၄၄】
【-၆၇】
【၄၄၂/၇၀၀၀】
ခေါင်းစွပ်ဇွန်ဘီသည် မြေပြင်ပေါ်သို့ ထပ်မံ ဆောင့်ချခြင်း ခံလိုက်ရပြန်၏။
ဝေကျန့်ကော်သည်လည်း အခွင့်ကောင်းကို ယူကာ ခေါင်းစွပ်ဇွန်ဘီထံသို့ ဝင်တိုက်လိုက်ပြီး တုန်ခါမှုလှိုင်း ပါဝင်သော ပုဆိန်ဖြင့် ၄င်း၏ ဦးခေါင်းကို ခုတ်၏။
【-၃၆】
【-၄၀】
【-၇၃】
【၂၉၃/၇၀၀၀】
ထရန် ကြိုးစားနေသော ဇွန်ဘီသည် ပြန်လည် လဲကျသွားခဲ့၏။
ဝေကျန့်ကော်နှင့် ရှန့်ဟုန်ပင်းတို့သည် ဇွန်ဘီကို ဘေးတစ်ဖက်တစ်ချက်စီမှ နင်းထားကြပြီး ၄င်း၏ လက်မောင်းတစ်ဖက်စီကို တင်းကြပ်စွာ ဖမ်းချုပ်ထားလိုက်ကြသည်။ ၄င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ ရုန်းကြွလာပြီး နဖူးတွင် အကြောများ ပြိုင်းပြိုင်းထကာ ခွန်အားစိုက်ထုတ်မှုကြောင့် မျက်နှာများပင် နီမြန်းနေ၏။ ထို့နောက် ၄င်းတို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
"ဝမ်ထောင်..."
ဝမ်ထောင်သည် လုကန်း၏ မြားတောင်းထဲမှ ဆွဲထုတ်လိုက်သော မြားတစ်စင်းကို ကိုင်ဆောင်ထား၏။ သူသည် ခေါင်းစွပ်ဇွန်ဘီ၏ ရှေ့သို့ ပြေးဝင်ကာ ၄င်း၏ အခြား မျက်လုံးအိမ်ကို ရွယ်၍ ပြင်းထန်စွာ ထိုးစိုက်ချလိုက်တော့သည်။
ဇုပ်.....
【-၂၉၃】
【၀/၇၀၀၀】
ဒုတိယအဆင့် ခေါင်းစွပ်ဇွန်ဘီ၏ သွေးဘားတန်း သုည ဖြစ်သွားခဲ့လေပြီ ။
ဝေကျန့်ကော်နှင့် ရှန့်ဟုန်ပင်းတို့သည် မြေပြင်ပေါ်သို့ လဲကျသွားကြပြီး အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေကြတော့သည်။
"တကယ့် ကြောက်စရာကောင်းတဲ့ ခွန်အားပဲ။ မင်းသာ တစ်စက္ကန့်လောက် နောက်ကျပြီး ရောက်လာရင် ငါ အဲဒါကို ဖမ်းချုပ်ထားနိုင်မယ် မထင်ဘူး"
ရှန့်ဟုန်ပင်းက တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြောလိုက်၏။
ဝမ်ထောင်သည် ဇွန်ဘီထံမှ ကျလာသော တိုက်ပွဲသိမ်းပစ္စည်းများကို လျင်မြန်စွာ ကောက်ယူလိုက်ပြီး ချက်ချင်း ပြောလိုက်သည်။
"မင်းတို့ အမြုတေကို တူးထုတ်လိုက်ကြ။ ငါ လုကန်းကို သွားကြည့်လိုက်ဦးမယ်"
ဝမ်ထောင်သည် လုကန်းထံသို့ တစ်ဖန် ပြေးသွားခဲ့၏။ လုကန်း၏ မျက်နှာဖုံးပေါ်တွင် သွေးများ ပိုမို စွန်းထင်နေခဲ့ပြီ ဖြစ်သည်။
သူသည် လုကန်း၏ အင်္ကျီကို အမြန် ပင့်တင်ကြည့်လိုက်ရာ အေးစက်သော လေကို ချက်ချင်း ရှူသွင်းမိသွား၏။
ဝမ်းသာစရာ သတင်းမှာမူ လုကန်း၏ ရင်ဘတ်တွင် ပါးလွှာသော သံမဏိပြားတစ်ခု ကာထားသဖြင့် ဇွန်ဘီသည် သူ၏ အူမကြီးကို ဆွဲထုတ်နိုင်ခြင်း မရှိခဲ့ချေ။
စိတ်မကောင်းစရာ သတင်းမှာမူ ထိုသံမဏိပြား ပုံပျက်သွားခြင်း ဖြစ်၏။ လုကန်း၏ ရင်ဘတ် အစိတ်အပိုင်းတစ်ခု အတွင်းသို့ ချိုင့်ဝင်သွားခဲ့သည်။
ဤတိုတောင်းလှသော အချိန်အတွင်းမှာပင် လုကန်းသည် သွေးပမာဏ သုံးရာကျော် ထပ်မံ ဆုံးရှုံးသွားခဲ့ပြီး ၁၁၀၀ သာ ကျန်ရှိတော့၏။
ဝမ်ထောင်သည် ပုံပျက်နေသော သံမဏိပြားကို လျင်မြန်စွာ ဖယ်ရှားလိုက်ပြီး ဆေးသေတ္တာထဲမှ ဆေးရည်တစ်ခုကို ယူကာ လုကန်းထံသို့ ထိုးနှံပေးလိုက်သည်။ ထို့နောက် သူ၏ ဒဏ်ရာများကို အကျဥ်းရုံး ကုသပေးလိုက်၏။
"လုကန်း အဆင်ပြေရဲ့လား"
အမြုတေကို ထုတ်ယူပြီးနောက် ဝေကျန့်ကော်နှင့် ရှန့်ဟုန်ပင်းတို့ အမြန် ပြေးလာကြသည်။
ဝမ်ထောင်သည် ဆေးသေတ္တာ၏ အာနိသင်ကြောင့် လုကန်း၏ သွေးပမာဏ ပြန်လည် နာလန်ထူလာသည်ကို မြင်ရသဖြင့် သက်ပြင်းချနိုင်ခဲ့၏။
"သူ့အသက် ဘေးကင်းသွားပါပြီ။ တို့တွေ မြန်မြန် ဆုတ်ကြစို့"
ရှင်းပြရန် အချိန်အတော်ကြာသော်လည်း သူတို့အဖွဲ့နှင့် ခေါင်းစွပ်ဇွန်ဘီတို့၏ တိုက်ပွဲမှာမူ တကယ်တော့ အလွန် တိုတောင်းလှသည်။ သို့သော် ဘတ်စကတ်ဘောကွင်းကို ရူးသွပ်ဇွန်ဘီများ ဝိုင်းရံထားခဲ့ကြပြီ ဖြစ်၏။ ၄င်းတို့က ဟန်ရွှေနှင့် အခြားသူများ၏ ခံစစ်ကြောင်းကို ဖောက်ထွက်တော့မည်ကို မြင်လျှင် ဝမ်ထောင်က ချက်ချင်း အော်ဟစ်လိုက်တော့သည်။
"ဆုတ်ခွာမယ်"
ထို့နောက် ပုဆိန်ကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ကာ မိမိ၏ ခွန်အားအားလုံးကို အသုံးချလျက် ခန္ဓာကိုယ်ထဲက စွမ်းအင်ကို စုစည်းပြီး သူ၏ ရှေ့တည့်တည့်ရှိ နေရာလွတ်သို့ ပုဆိန်ဖြင့် ပြင်းထန်စွာ ခုတ်လွှဲလိုက်၏။
ဒုတ်.
【-၂၀၀၀】
【-၂၀၀၀】
【-၂၀၀၀】
【...】
ရှေ့ရှိ သတ်မှတ်ထားသော အကွာအဝေးအတွင်းမှ ရူးသွပ်ဇွန်ဘီများသည် ချက်ချင်း ပေါက်ကွဲသွားကြတော့သည်။
ထိုအခါ မလှမ်းမကမ်းရှိ ကားများကို မြင်လိုက်ရ၏။
အဖွဲ့သည် ယာဉ်များအတွင်းသို့ လျင်မြန်စွာ ပြေးဝင်ကြသည်။
"မောင်း... မောင်း... မြန်မြန်... မြန်မြန်..."
ဝူး...
ကားများသည် ချက်ချင်းထွက်ခွာခဲ့ပြီး ကြိုတင်စီစဥ်ထားသော လမ်းကြောင်းအတိုင်း အရှိန်အဟုန်ဖြင့် မောင်းနှင်သွားတော့သည်။
၄င်းတို့၏ နောက်ကွယ်တွင်မူ အဆုံးမရှိလှသော ရူးသွပ်ဇွန်ဘီ ဒီရေလှိုင်းကြီး ရှိနေခဲ့၏။
"တောက်... ဘာလို့ ဒီလောက်တောင် ရူးသွပ်ဇွန်ဘီတွေ များနေရတာလဲ"
ဒရိုင်ဘာထိုင်ခုံရှိ ရှန့်ဟုန်ပင်းသည် နောက်ကြည့်မှန်ကို ကြည့်ကာ ကြက်သီးများ ထနေမိသည်။
"ဟူး..."
နောက်ခန်းတွင် ထိုင်နေသော ဝမ်ထောင်သည် သက်ပြင်းချကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။
"ငါ တစ်ခု တွက်ချက်မှု မှားသွားတယ်... အဲဒီ ဖောက်ခွဲဗုံးတွေရဲ့ အသံက ဒီလောက်တောင် ကျယ်လောင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
ဝမ်ထောင်သည် ယခင်က ဖောက်ခွဲဗုံး တစ်လုံးကို သီးသန့် စမ်းသပ်ဖူးခြင်း ဖြစ်သည်။ ဗုံးတစ်လုံး၏ အသံမှာ ပေါက်ကွဲဇွန်ဘီတစ်ကောင်၏ ပေါက်ကွဲမှုအသံထက် အနည်းငယ်သာ သေးငယ်၏။
သို့သော် ဖောက်ခွဲဗုံး ငါးလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲသည့်အခါ အသံများ ထပ်ဆင့်သွားပြီး ဤမျှ ကျယ်လောင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထိုအသံသည် အနည်းဆုံး ဖောက်ခွဲဇွန်ဘီ အလုံး ၂၀ ပြိုင်တူ ပေါက်ကွဲသည့် အသံထက်ပင် ပိုမို ကျယ်လောင်သည်ဟု သူ ခံစားလိုက်ရသည်။
ထိုပေါက်ကွဲမှုအသံသည် ဆေးရုံက ရူးသွပ်ဇွန်ဘီများကို ဆွဲဆောင်လိုက်ခြင်း ဖြစ်နိုင်ပြီး ဂေါ်ရီလာဇွန်ဘီပင် ကြားသွားနိုင်၏။
အကယ်၍ အသံ ဤမျှ ကျယ်လောင်မည်ကို သိပါက ၄င်းတို့ အနီးကပ်တိုက်ခိုက်မှုများကို အဘယ့်ကြောင့် ပြုလုပ်နေဦးမည်နည်း။ မောင်းပြန်ရိုင်ဖယ်သေနတ်များဖြင့်သာ ထိုဇွန်ဘီကို ပက်ပက်စက်စက် ပစ်ခတ်ခဲ့ကြမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ အသံများစွာ ထွက်ပေါ်နေခဲ့ပြီ မဟုတ်ပါလား... ။
ဝမ်ထောင်က ဂေါ်ရီလာဇွန်ဘီအကြောင်း စဥ်းစားနေစဥ်မှာပင် သူတို့၏ ဘယ်ဘက်လမ်းဆုံထံမှ ပြင်းထန်သော မြေပြင်တုန်ခါသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
"အဲဒါ ဂေါ်ရီလာဇွန်ဘီပဲ။ သူ ရောက်လာပြီ"
မိမိ၏ အာရုံခံစွမ်းရည်ကို တစ်ချိန်လုံး အသက်သွင်းထားသော ဟန်ရွှေက အော်ဟစ်လိုက်၏။
"ကျိန်စာပဲဟေ့"
အမှန်တကယ်ပင် သူ အကြောက်ဆုံးအရာ က ဖြစ်ပွားလာခဲ့လေပြီ ။
ဝမ်ထောင်သည် ဝေါကီတော်ကီကို ချက်ချင်း ကောက်ကိုင်ကာ ပြတ်သားစွာ ပြောလိုက်တော့၏။
"အားလုံး ညာဘက်ကို ကွေ့မယ်။ ညာဘက်ကို ကွေ့။ မြန်မြန်... မြန်မြန်..."
-------