← Chapters

အခန်း ၁၃၉

Vol. 13 Ch. 139

အခန်း ၁၃၉

Vol. 13 Ch. 139

အခန်း၁၃၉ - စခန်း၏ ဘက်စုံခွန်အားကို မြှင့်တင်ခြင်း

"ဘာဖြစ်လို့လဲ"

ဟန်ရွှေသည် အနည်းငယ် ထူးဆန်းသလို ခံစားရသဖြင့် မေးလိုက်၏။

"ဘာမှမဟုတ်ပါဘူး..."

ဝမ်ထောင်သည် သူ၏ ရူးသွပ်သော အတွေးကို ထုတ်မပြောဘဲ ခေါင်းခါပြလိုက်သည်။

၎င်းသည် ဖြစ်နိုင်ခြေတစ်ခု ဖြစ်သော်လည်း ယခုအချိန်တွင် ထုတ်ပြောရန် မလိုသေးပေ။ သူသည် နောက်မှ ပြန်လာရန် အခွင့်အရေးရှာပြီး ထိုမျက်လုံးစိမ်းဇွန်ဘီ၏ စစ်မှန်သော ခွန်အားကို စမ်းသပ်ရမည်။

အပြန်လမ်းတွင် သူတို့အဖွဲ့သည် ပျက်စီးနေသော အခြားလမ်းတစ်ခုကို အမှတိမထင် မြင်လိုက်ရပြန်သည်။

"ဂေါ်ရီလာဇွန်ဘီက ဒီကို ရောက်သွားတာပဲ"

လူတိုင်း၏ စိတ်အခြေအနေမှာ လေးလံသွားတော့သည်။

ဂေါ်ရီလာဇွန်ဘီ၏ တိုးလာသော ဖျက်ဆီးမှု အကြိမ်ရေကို ကြည့်ခြင်းအားဖြင့် ၎င်းသည် ရွှေကျဲစခန်းကို မကြာမီ ရှာဖွေတွေ့ရှိတော့မည်ဟု ခံစားနေရ၏။

ရွှေကျဲစခန်းတွင် လူရာဂဏန်း ရှိသဖြင့် ပုန်းကွယ်နေရန် နည်းလမ်းမရှိပေ။ ဂေါ်ရီလာဇွန်ဘီသာ စခန်းကို တွေ့ရှိသွားပါက ဤအတိုင်း လွှတ်ထားမည် မဟုတ်သည်မှာ သေချာသည်။

သူတို့ ပိုမို သန်မာလာရန် လိုအပ်နေလေပြီ။

ပို၍ သန်မာလာမှကို ဖြစ်တော့မည်။

အပြန်ခရီးသည် အေးအေးလူလူ ရှိခဲ့ပြီး စခန်းသို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြ၏။

အစည်းအဝေးခန်းမအတွင်း၌ ဝမ်ထောင်သည် ဆေးရုံ၏ မြေအောက်ဒုတိယထပ်တွင် သူကြုံတွေ့ခဲ့ရသော အခြေအနေကို လူတိုင်းအား ပြန်ပြောပြလိုက်သည်။

ဝမ်ထောင်က အထူးဇွန်ဘီ အကောင်တစ်ဒါဇင် သို့မဟုတ် ဒါဇင်ပေါင်းများစွာကို သာမန်တိုက်ခိုက်မှုတစ်ခုဖြင့်ပင် သတ်ဖြတ်နိုင်ကြောင်းနှင့် ထိုဇွန်ဘီများက ပြန်လည်ခုခံခြင်းပင် မရှိကြောင်း ကြားရသောအခါ လူတိုင်း အနည်းငယ် အားကျသွားကြ၏။ ထိုအရာက အလွန် စိတ်ကျေနပ်စရာကောင်းပုံရသည်။

သို့သော် ဝမ်ထောင်က မြေအောက်ဒုတိယထပ်တွင် မြင်တွေ့ခဲ့ရသော စိမ်းဖန်ဖန် မျက်လုံးတစ်စုံအကြောင်း ပြောလိုက်သောအခါ လူတိုင်း တုန်လှုပ်သွားကြ၏။

အဘယ်ကြောင့်ဆိုသော် ထိုအထူးဇွန်ဘီများ ထုံထိုင်းသွားရခြင်းမှာ ထိုမျက်လုံးပိုင်ရှင်နှင့် ဆက်စပ်နေနိုင်သည်ဟု သူတို့အားလုံး ခံစားမိသောကြောင့်ပင်။

ဝမ်ထောင်နှင့် ဟန်ရွှေတို့သာ အချိန်မီ မထွက်ခွာခဲ့ပါက သူတို့သည်လည်း ထိုဇွန်ဘီများကဲ့သို့ ထုံထိုင်းသွားကြမည်လော။

သူတို့ ပို၍တွေးမိလေလေ၊ ပို၍ ထိတ်လန့်စရာ ကောင်းလာလေလေ ဖြစ်၏။

"ဒါဆို ငါတို့ ဆေးရုံကို နောက်ထပ် သွားလို့မရတော့ဘူးပေါ့ ဟုတ်လား"

ရှန့်ဟုန်ပင်းသည် အနည်းငယ် နှမြောမိသွားသည်။

ဆေးရုံတွင် အထူးဇွန်ဘီများစွာ ရှိနေ၏။သူတို့သည် အခြားနေရာများမှာဆိုလျှင် အထူးဇွန်ဘီများကို တဖြည်းဖြည်းချင်း လိုက်ရှာရမည် ဖြစ်ရာ ၎င်းက အချိန်ကုန်သလ်ု အားစိုက်ထုတ်မှုများစွာ လိုအပ်ပေလ်မ့်မည် ။

ဝမ်ထောင်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ဒီလိုတော့လည်း မဟုတ်သေးပါဘူး... ဆေးရုံအောက်က အဲဒီဇွန်ဘီက အဲဒီနေရာမှာ ရှိနေတာ ကြာပြီ ထင်တယ်၊ ဂေါ်ရီလာဇွန်ဘီ အဲဒီကို သွားတုန်းကလည်း ရှိနေလောက်တယ်၊ အဲဒီနောက်ပိုင်း ငါတို့ အဲဒီမှာ အထူးဇွန်ဘီတွေအများကြီးကို အမဲလိုက်ခဲ့တာတောင် သူတစ်ခါမှ ထွက်မလာဘူး၊ ဒါကြောင့် သူက အပြင်ထွက်ဖို့ ဝန်လေးနေတာ ဒါမှမဟုတ် ထွက်မလာနိုင်တာ ဖြစ်နိုင်မလားပေါ့၊ ဒါက ငါ့ရဲ့ ခန့်မှန်းချက်သက်သက်ပါ၊ အသေးစိတ်ကိုတော့ ငါတို့ ထပ်ပြီး စောင့်ကြည့်ရဦးမယ်၊ လူတိုင်း လောလောဆယ် ဆေးရုံနဲ့ ဝေးဝေးမှာ နေကြပါ၊ နောက်မှ ငါကိုယ်တိုင် သေချာသွားစုံစမ်းပါ့မယ်"

အပြန်လမ်းတစ်လျှောက်လုံးတွင် ဝမ်ထောင်သည် ဆေးရုံအောက်ရှိ သွေးပမာဏ ၁၅,၀၀၀ ရှိသော ထိုမျက်လုံးစိမ်းဇွန်ဘီအကြောင်းကိုသာ စဉ်းစားနေခဲ့၏။

လက်ရှိအခြေအနေအရ ရွှေကျဲခရိုင်တွင် ဒုတိယအဆင့်ဇွန်ဘီ စုစုပေါင်း လေးကောင် ရှိသည်။

ဇွန်ဘီရှောက်ယုံကို သူ သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သလို ခေါင်းစွပ်ဇွန်ဘီကိုလည်း သူ သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်၏။ ယခုအခါ ဂေါ်ရီလာဇွန်ဘီနှင့် ဆေးရုံအောက်ရှိ ထိုမျက်လုံးစိမ်းဇွန်ဘီတို့သာ ကျန်ရှိတော့သည်။

ထိုဒုတိယအဆင့်ဇွန်ဘီ နှစ်ကောင်ကိုပါ သတ်ဖြတ်နိုင်လျှင် ဝမ်ထောင်သည် ဒုတိယအဆင့်သို့ အဆင့်မြှင့်တင်နိုင်ရန် အလားအလာ အလွန်များ၏။

သို့သော် ပြဿနာမှာ ဝမ်ထောင်သည် ဒုတိယအဆင့်သို့ မရောက်ရှိသေးပါက ယခုဒုတိယအဆင့်ဇွန်ဘီ နှစ်ကောင်ကို သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

၎င်းက ထွက်ပေါက်မရှိသော လမ်းပိတ်တစ်ခုကဲ့သို့ ဖြစ်နေသည်။

သို့သော် ဝမ်ထောင်သည် စိတ်ပျက်မသွားပ့။ ခေါင်းစွပ်ဇွန်ဘီကိုပင် သူတို့၏ ပထမအဆင့်လူသားများက သတ်ဖြတ်နိုင်ခဲ့သဖြင့် ဆေးရုံရှိ မျက်လုံးစိမ်းဇွန်ဘီနှင့် အပြင်ရှိ ဂေါ်ရီလာဇွန်ဘီတို့ကို သတ်ဖြတ်ရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

မျက်လုံးစိမ်းဇွန်ဘီအကြောင်းကို ခေတ္တဘေးဖယ်ထားပြီးနောက် အမြုတေများအကြောင်း ရောက်လာ၏။

အပြန်လမ်းတွင် ဝမ်ထောင်သည် ပေါင်းစပ်နိုင်သော အမြုတေအားလုံးကို ပေါင်းစပ်ခဲ့ပြီး ယခုအခါ အမြုတေအားလုံးကို ထုတ်ယူလိုက်သည်။

"အမလေး... အမြုတေတွေ အများကြီးပဲ"

ဝမ်ထောင် ထုတ်ယူလိုက်သော အမြုတေများကို ကြည့်ကာ လူတိုင်း အံ့အားသင့်စွာ အော်ဟစ်လိုက်ကြ၏။

"မင်းတို့ လိုအပ်တာကို ယူကြပါ၊ ပြီးရင် စခန်းက စွမ်းရည်ရှင်တွေကို လေ့ကျင့်ပေးဖို့အတွက် တချို့ကို ချန်ထားလိုက်"

ဝမ်ထောင်က ပြုံးလျက် ပြောလိုက်သည်။

မူလက ဝမ်ထောင်သည် အခြားအမြုတေများကို ပေါင်းစပ်ရန် မလောကြဖို့ သူတို့ကို ပြောရန် စဉ်းစားခဲ့၏။ သို့မဟုတ်ပါက ဒုတိယအဆင့်သို့ ရောက်ရှိရန် အဆင့်တက်အမြုတေများစွာ လိုအပ်မည် ဖြစ်သဖြင့် ဒုက္ခများနိုင်သောကြောင့် ဖြစ်သည်။

သို့သော် ခေါင်းစွပ်ဇွန်ဘီကို အမဲလိုက်ပြီးနောက်၊ ဂေါ်ရီလာဇွန်ဘီနှင့် ထိပ်တိုက်တွေ့ပြီးနောက်၊ ဆေးရုံအောက်ရှိ ထိုမျက်လုံးစိမ်းဇွန်ဘီကို မြင်တွေ့ပြီးနောက်တွင် ဝမ်ထောင်သည် ပြဿနာမှာ ဒုတိယအဆင့်သို့ ရောက်နိုင်၊ မရောက်နိုင် မဟုတ်ဘဲ ဂေါ်ရီလာဇွန်ဘီသာ စခန်းသို့ ရောက်လာပါက လူတိုင်း ကြံ့ကြံ့ခံနိုင်ပါ့မလားဟူသော အချက်ဖြစ်သည်ဟု ခံစားလိုက်ရ၏။

ထို့ကြောင့် သူတို့သည် ယခုအချိန်တွင် သူတို့၏ ခွန်အားကို တတ်နိုင်သမျှ တိုးမြှင့်ရတော့မည် ။ လူတိုင်းကို အမြင့်ဆုံးအခြေအနေသို့ မြှင့်တင်ပေးနိုင်လျှင် အကောင်းဆုံး ဖြစ်၏။ ထိုသို့ဆိုလျှင် ဂေါ်ရီလာဇွန်ဘီကို အနိုင်ရရှိမည့် အခွင့်အရေး ပိုမိုများပြားလာလိမ့်မည်။

သဘာဝကျစွာပင် လူတိုင်းသည် ဝမ်ထောင်၏ အတွေးကို နားလည်ကြသဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ဤအချိန်တွင် အခြားအရာများကို ထည့်သွင်းစဉ်းစားနေရန် မရှိတော့ပေ။

လူတိုင်းအား အမြုတေများ ပေးပြီးနောက် ဝမ်ထောင်သည် လုကန်းထံသို့ သွားကြည့်၏။

"မင်း ရောက်လာပြီပဲ၊ ဒီနေ့ တိုက်ပွဲရလဒ် ဘယ်လိုလဲ"

ဝမ်ထောင် ရောက်လာသည်ကို မြင်သောအခါ ဆေးရုံကုတင်ပေါ်တွင် ရှိနေသော လုကန်းသည် ချက်ချင်း ထထိုင်ရန် ကြိုးစားလိုက်သည်။ သူ၏ ဘေးတွင် ရှိနေသော ချန်ကျွမ်းက သူ့ကို ကူညီပေးရန် အပြေးအလွှား ရောက်လာ၏။

"အဆင်ပြေပါတယ်၊ အမြုတေ တော်တော်များများ ရခဲ့တယ်၊ မင်းရဲ့ ဒဏ်ရာကော ဘယ်လိုလဲ"

ဝမ်ထောင်က ပြုံးလျက် မေးလိုက်သည်။

လုကန်းသည် ဒဏ်ရာရနေဆဲ ဖြစ်သဖြင့် ဝမ်ထောင်က ဆေးရုံရှိ ဒုတိယအဆင့်ဇွန်ဘီအကြောင်းကို သူ့အား မပြောပြခဲ့ပေ။

"ဟားဟားဟား ၊ ငါ အဆင်ပြေပါတယ်၊ နောက်ထပ် သုံးရက်ကနေ ငါးရက်အတွင်း အပြည့်အဝ ပြန်ကောင်းလာလိမ့်မယ်လို့ ခံစားရတယ်"

လုကန်းက ကျယ်လောင်စွာ ရယ်မောလိုက်၏။

ဝမ်ထောင်သည် ခေါင်းခါလိုက်သည်။ သုံးရက်မှ ငါးရက်အတွင်း ပြန်လည်ကောင်းမွန်လာရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ သူ့နံရိုးတစ်ချောင်း ကျိုးသွားခြင်း ဖြစ်ရာ ချန်ကျွမ်းက ပြန်ဆက်ပေးထားသော်လည်း ထိုမျှ မြန်မြန်ဆန်ဆန်နှင့် ပျောက်ကင်းမည် မဟုတ်ပါ။

သို့သော် လုကန်းသည် အမှန်တကယ်ပင် အတော်အတန် ပြန်လည်ကောင်းမွန်လာနေ၏။ ဝမ်ထောင်သည် သူ့အတွက် ဆေးသေတ္တာအချို့ကို အသုံးပြုခဲ့သဖြင့် သူ၏အသက်ကို ကယ်တင်နိုင်ခဲ့ရုံသာမက သူ၏သွေးပမာဏကိုလည်း သိသိသာသာ တိုးလာစေခဲ့သောကြောင့် ဖြစ်သည်။

ယခုအခါ သူသည် သွေးပမာဏ သုံးထောင်ကျော်အထိ ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေရသော်လည်း သူသာ အမှန်တကယ် ထကာ တိုက်ခိုက်မည်ဆိုပါက သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အားနည်းမည် မဟုတ်ပေ။

"ငါ့မှာ အမြုတေတချို့ ရှိတယ်..."

ဝမ်ထောင်သည် လုကန်းအား အမြုတေအချို့ ပေးလိုက်သည်။ လုကန်း၏ တိကျစွာပစ်ခတ်ခြင်းနှင့် အရှိန်ပြင်းပြေးခြင်းတို့မှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူသည် အခြားအမြုတေ နှစ်မျိုးကို ဆက်လက်ပေါင်းစပ်နိုင်သေး၏။ သူသည် ယခင်က ပစ်ခတ်ကျွမ်းကျင်မှုနှင့် ဖုံးကွယ်ခြင်းစွမ်းရည်တို့ကို စိတ်ဝင်စားကြောင်း ဝမ်ထောင်အား ပြောပြခဲ့ဖူးသည်။

ဝမ်ထောင်သည် ယခုအခါ သူ့အား ပစ်ခတ်ကျွမ်းကျင်မှုနှင့် ဖုံးကွယ်ခြင်း အမြုတေများကို ပေးလိုက်၏။

"ဝါး... ခရမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင်အမြုတေတွေ အများကြီးပါလား"

လုကန်းသည် စိတ်လှုပ်ရှားနေပုံရသည်။ ဤအမြုတေများနှင့်ဆိုလျှင် သူ၏ ခွန်အားသည် နောက်ထပ် အတိုင်းအတာတစ်ခုအထိ တိုးတက်လာနိုင်ပေတော့မည်။

"အေးအေးဆေးဆေးပဲ ပေါင်းစပ်ပါ၊ မင်း အမြုတေတွေကို ပေါင်းစပ်တဲ့အခါ အမြုတေက ထွက်လာတဲ့ စွမ်းအင်က ခန္ဓာကိုယ်ကိုလည်း ပြန်လည်ပြုပြင်ပေးပုံရတယ်၊ မင်း တကယ်ပဲ သုံးရက်ကနေ ငါးရက်အတွင်း ကုတင်ပေါ်က ထနိုင်ရင် ထနိုင်မှာ"

"ကျေးဇူးတင်ပါတယ်"

လုကန်းက ကျေးဇူးတင်စွာဖြင့် ပြောလိုက်၏။

"ဘာကို ကျေးဇူးတင်နေတာလဲ၊ ဒါက မင်း ရသင့်ရထိုက်တဲ့ အရာပဲ"

ဝမ်ထောင်သည် လုကန်း၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

"မဟုတ်ဘူး၊ ငါပြောတာက ငါတို့ အရင်က ခေါင်းစွပ်ဇွန်ဘီနဲ့ တိုက်ခိုက်တုန်းကအကြောင်း၊ မင်းသာ အဲဒီပုဆိန်နှစ်လက်နဲ့ ဇွန်ဘီကို လှမ်းမပေါက်ခဲ့ရင် ငါ့အသက်က ကြာလှပေါ့..."

လုကန်းက သက်ပြင်းချလျက် ပြောလိုက်၏။

"အဲဒါကို ပြောတာကိုး၊ တကယ်တော့ အဲဒီအချိန်တုန်းက ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး၊ ကံကောင်းလို့ မင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက တောင့်တင်းလို့ပေါ့"

ခေါင်းစွပ်ဇွန်ဘီကို အမဲလိုက်ခဲ့သည်ကို ပြန်လည်တွေးတောမိကာ ဝမ်ထောင်လည်း ထိတ်လန့်မိသွားသည်။ သူ၏ ပစ်မှတ် အနည်းငယ် လွဲချော်သွားခဲ့ပါက လုကန်း သေဆုံးသွားမည်မှာ သေချာ၏။

"ဟူး... တကယ်တော့ ဒါ ငါ့အပြစ်ပါ၊ ငါက အဝေးကြီးမှာ ရှိနေတာဆိုတော့ ဇွန်ဘီက ငါ့ကို မတွေ့နိုင်ဘူးလို့ ထင်မိတာ၊ ဒါကို သိခဲ့ရင် ငါ ပိုပြီး သတိထားမိမှာ..."

လုကန်းသည် မိမိကိုယ်ကိုယ် အနည်းငယ် စိတ်ပျက်မိသွားသည်။

ဇွန်ဘီများနှင့် ရေရှည်တိုက်ခိုက်လာသောအခါ အချို့သောအရာများအပေါ် သတိလက်လွတ် ဖြစ်သွားတတ်သည်။ ဥပမာအားဖြင့် ဇွန်ဘီများတွင် ဦးနှောက်မရှိဟု ထင်မှတ်ခြင်း သို့မဟုတ် ဇွန်ဘီများက မိမိကို ရှာမတွေ့နိုင်ဟု ထင်မှတ်ခြင်းမျိုး ဖြစ်၏။

"မင်းကိုယ်မင်း အပြစ်တင်မနေပါနဲ့၊ အဲဒီဇွန်ဘီက အလွန် အစွမ်းထက်လွန်းလို့ပါ... ဘာပဲဖြစ်ဖြစ် ငါတို့ ဒီသင်ခန်းစာကို မှတ်ထားပြီး နောက်နောင် သတိထားကြတာပေါ့"

"အင်း၊ မင်းပြောတာ မှန်တယ်"

လုကန်းထံ သွားရောက်ကြည့်ရှုပြီးနောက် ဝမ်ထောင်သည် အိမ်သို့ ပြန်လာကာ ကောဟွာကို ခေါ်လိုက်သည်။ ကောဟွာအပြင် တင်ယွီချင်လည်း ထိုနေရာတွင် ရှိနေ၏။

ဝမ်ထောင်သည် သူတို့ မည်သည့်အမြုတေကို ပေါင်းစပ်လိုကြောင်း မေးမြန်းလိုက်သည်။

ဖုံးကွယ်ခြင်း အမြုတေကို ပေါင်းစပ်ပြီးနောက် သူတို့နှစ်ဦးစလုံးသည် အခြားအမြုတေများကို ဆက်လက်ပေါင်းစပ်နိုင်သေး၏။

"ကျွန်တော်ကတော့ ကြေးအရေပြားသံမဏိအရိုး ကို လိုချင်တယ်"

ကောဟွာသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသဖြင့် ခေါင်းကို ကုတ်လိုက်၏။

ဝမ်ထောင်သည် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဤကောင်သည် သူ၏ ခုခံစွမ်းဆောင်ရည်များကို အဆုံးစွန်ထိ မြှင့်တင်ရန် ရည်ရွယ်ထားပုံရ၏။ ပထမက ဖုံးကွယ်ခြင်း၊ ယခု ကြေးအရေပြားသံအရိုး ဖြစ်သည်။

"ပြဿနာမရှိဘူး"

ဝမ်ထောင်သည် သူ့အား ကြေအရေပြားသံအရိုး အမြုတေတစ်ခု ပေးလိုက်၏။

"ကျေးဇူးပါ အစ်ကိုကြီး"

ကောဟွာ အလွန်ကျေးဇူးတင်သွားသည်။

"မင်းရဲ့ လက်ရှိ သွေးပမာဏနဲ့ဆိုရင် တခြားအမြုတေတွေကို ဆက်ပြီး ပေါင်းစပ်နိုင်၊ မနိုင် သိနိုင်တယ်မလား"

ဝမ်ထောင်က ထပ်မေးလိုက်၏။

ကောဟွာသည် မျက်လုံးများကို မှိတ်ကာ ခဏမျှ အာရုံခံကြည့်ပြီးနောက် ပြောလိုက်သည်။

"ကျွန်တော် နောက်ထပ် နှစ်မျိုးလောက် ထပ်ပြီး ပေါင်းစပ်နိုင်သေးတယ်လို့ ခံစားရတယ်..."

ကောဟွာသည် လောလောဆယ် ဖုံးကွယ်ခြင်း တစ်မျိုးကိုသာ ပေါင်းစပ်ထားရသေးသဖြင့် သူသည် စုစုပေါင်း အမြုတေ သုံးမျိုးကို ပေါင်းစပ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်၏။

"သုံးမျိုးလား၊ ဒါ အတော်လေး ကောင်းတာပဲ၊ မင်း ထပ်ပြီး ပေါင်းစပ်ချင်တာ ရှိသေးလား၊ ငါ့လက်ထဲမှာ အမြုတေအချို့ ရှိသေးတယ်၊ တစ်ခါတည်း ပေးလိုက်မယ်"

ဝမ်ထောင်က ပြုံးလျက် ပြောလိုက်သည်။

"ကျွန်တော် စဉ်းစားပါရစေဦး..."

ကောဟွာ၏ မျက်လုံးများ ချက်ချင်း တောက်ပသွား၏။

သူသည် ဝမ်ထောင်ထံမှ အရာရာကို ဦးအောင် တောင်းဆိုလေ့မရှိသော်လည်း ဝမ်ထောင် ပေးသမျှကိုမူ အားနာဟန်ပင် မပြဘဲ ဘယ်သောအခါမှ ငြင်းပယ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိ၏ တည်ရှိမှုကို အလွန် ရှင်းရှင်းလင်းလင်း သိထားသောကြောင့် ဖြစ်သည်။ သူသည် မိမိကိုယ်ကိုယ် ဝမ်ထောင်၏ လက်အောက်ငယ်သားအဖြစ် သတ်မှတ်ထား၏။ ခေါင်းဆောင်က လက်အောက်ငယ်သားကို ပေးသောအရာမှာ ဆုလာဘ် ဖြစ်သဖြင့် လက်အောက်ငယ်သားတစ်ဦးအနေဖြင့် ငြင်းပယ်ရန် အကြောင်းပြချက်မရှိပေ။

"ကျွန်တော့်ကို ပစ်ခတ်ကျွမ်းကျင်မှု အမြုတေတစ်ခု ပေးလို့ရမလား"

ကောဟွာ ခဏမျှ စဉ်းစားလိုက်သည်။ သူ၏ထံတွင် ခုခံရေးစွမ်းရည် နှစ်မျိုး ရှိနေပြီ ဖြစ်ရာ တိုက်စစ်စွမ်းရည်တစ်ခု ရှိနေလျှင်လည်း မဆိုးပေ။ သို့သော် သူသည် ရှေ့တန်းမှ သွားရောက်တိုက်ခိုက်ရန် ဝန်လေးနေ၏၊ ၎င်းက သူ၏ အားနည်းချက် ဖြစ်သည်။ ထို့ကြောင့် အဝေးပစ်တိုက်ခိုက်မှုစွမ်းရည်တစ်ခု ရှိနေလျှင် အကောင်းဆုံးဖြစ်မည်ဟု သူ တွေးလိုက်သည်။

သူ၏ နားလည်မှုအရ လက်ရှိတွင် အဝေးပစ်တိုက်ခိုက်မှုစွမ်းရည် နှစ်မျိုးသာ ရှိသည်။ တစ်ခုမှာ ပစ်ခတ်ကျွမ်းကျင်မှု ဖြစ်ပြီး အခြားတစ်ခုမှာ တိကျစွာပစ်ခတ်ခြင်း ဖြစ်၏။

သူသည် ပစ်ခတ်ကျွမ်းကျင်မှုက သူနှင့် ပိုမိုကိုက်ညီသည်ဟု ခံစားရသည်။ ၎င်းသည် စွမ်းအင်ပမာဏ ကုန်ဆုံးခြင်းမရှိသလို မည်သည့် အခြေခံမှလည်း လိုအပ်ခြင်းမရှိသော ပင်ကိုစွမ်းရည် ဖြစ်၏။ သူသည် ဤစွမ်းရည်ကို ပေါင်းစပ်နိုင်သရွေ့ အရာဝတ္ထုများကို ပစ်ခတ်ရာတွင် နီးစပ်မှုနှင့် ကျွမ်းဝင်မှုတို့ သဘာဝအတိုင်း ရှိလာမည် ဖြစ်သည်။

အဆင့်အတန်း မြင့်မားမှုကို ပြောရမည်ဆိုလျှင် တိကျစွာပစ်ခတ်ခြင်းက ပိုမိုမြင့်မားသည်မှာ သေချာ၏။ သို့သော် တိကျစွာပစ်ခတ်ခြင်းသည် သေနတ်ပစ်ကျွမ်းကျင်မှု ရှိပြီးသားသူများကို ပိုမိုတိုးတက်စေရန် ရည်ရွယ်ခြင်း ဖြစ်ရာ သေနတ်ပစ်ခြင်းကို လုံးဝ နားမလည်သော သူ့ကဲ့သို့ လူမျိုးအတွက်မူ ထူးခြားသော တိုးတက်မှုကို ပေးနိုင်မည် မဟုတ်ပေ။

"ရတာပေါ့"

ဝမ်ထောင်သည် သူ့အား အနီရောင် ပစ်ခတ်ကျွမ်းကျင်မှု အမြုတေတစ်ခု ထပ်မံပေးလိုက်၏။

"ကျေးဇူးပါ အစ်ကိုကြီး"

ကောဟွာက ထပ်မံ ကျေးဇူးတင်လိုက်ပြီးနောက် လိမ္မာပါးနပ်စွာဖြင့် ထပ်ပြောလိုက်သည်။

"အစ်ကိုကြီး ကျွန်တော့်ကို တခြားခိုင်းစရာ မရှိရင် ကျွန်တော် ပြန်ပြီး အမြုတေကို သွားပေါင်းစပ်လိုက်ပါ့မယ်"

"သွားလေ"

ကောဟွာ ထွက်ခွာသွားပြီးနောက် ဝမ်ထောင်သည် တင်ယွီချင်ကို ကြည့်လိုက်၏။

"မရီး၊ မရီးကော ဘယ်လိုလဲ၊ ဘယ်အမြုတေကို ပေါင်းစပ်ချင်လဲ"

"မရီးလည်း မသိဘူး၊ မောင်လေး သဘောအတိုင်းပဲ"

တင်ယွီချင်သည် ဝမ်ထောင်၏ လက်မောင်းကို ဖက်လျက် ပြောလိုက်သည်။

ဝမ်ထောင်သည် တင်ယွီချင်ကို ကြည့်လိုက်၏။ သူသည် မရီးအား လျှာရှည်ဇွန်ဘီအမြုတေကို ပေါင်းစပ်ခိုင်းလျှင် ထူးခြားသော ခံစားမှုမျိုး ပေးစွမ်းနိုင်မလားဟု တွေးမိသော်လည်း သေချာစဉ်းစားကြည့်ကာ ထိုအတွေးကို ဖျက်လိုက်သည်။(အကြံဆိုးကြီးနဲ့ ဒီကောင်)

မရီးအား လက်ရှိအတိုင်း ထားရှိခြင်း

ပိုကောင်းဆလ၏။

"ဒါဆို မရီးလည်း ပစ်ခတ်ကျွမ်းကျင်မှု အမြုတေကို အရင် ပေါင်းစပ်လိုက်ပါ၊ တိုက်ခိုက်ရေးနည်းလမ်း ပိုများတာက အမြဲတမ်း ကောင်းပါတယ်"

"ကောင်းပြီလေ"

ဟန်ရွှေအတွက်မူ သူမ၏ အာရုံခံစွမ်းရည်မှလွဲ၍ အခြားစွမ်းရည်အားလုံးမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သို့သော် သူမသည် အာရုံခံဇွန်ဘီများကို ရှာမတွေ့ခဲ့သဖြင့် ၎င်းကို တိုးမြှင့်ရန် နည်းလမ်းမရှိပေ။ ဝမ်ထောင်ကဲ့သို့ပင် သူမ၏ ခွန်အားသည်လည်း လောလောဆယ်တွင် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

နောက်တစ်နေ့တွင်။

ကော်မတီသည် စခန်း၌ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး စွမ်းရည်ရှင် နောက်ထပ်တစ်သုတ်ကို လေ့ကျင့်ပေးတော့မည် ဖြစ်ကြောင်း ဖော်ပြထား၏။

လုံခြုံရေးတပ်ဖွဲ့ကို ဖယ်ထုတ်လျှင် ပထမသုတ် စွမ်းရည်ရှင်တွင် လူ ၆ ဦးသာ ရှိခဲ့သည်။ စခန်း၌ လူ ၇၀၀ ရှိနေသည်ကို ထည့်သွင်းစဉ်းစားပါက ဤအရေအတွက်မှာ အလွန် နည်းပါးနေသေး၏။

ထို့ကြောင့် လူများစွာသည် ဤဒုတိယအကြိမ် အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။ သူတို့သည် အချိန်အတော်ကြာ စောင့်ဆိုင်းရမည်ဟု ထင်မှတ်ခဲ့ကြ၏။

သို့သော် သူတို့ အံ့အားသင့်သွားရသည်မှာ ပထမသုတ် အမြုတေများ ဖြန့်ဝေပြီး ရက်အနည်းငယ်အကြာတွင် ကော်မတီသည် စွမ်းရည်ရှင် ဒုတိယအသုတ်ကို လေ့ကျင့်ပေးရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ဤသတင်းသည် အသက်ရှင်ကျန်ရစ်သူများကို အလွန် စိတ်လှုပ်ရှားသွားစေ၏။

ယခုအခါ စခန်းတွင် လူ ၇၀၀ ကျော် ရှိနေပြီး ၎င်းတို့အနက် ၃၀၀ မှာ အမဲလိုက်သမားများ ဖြစ်ကြသည်။

မူလက အမဲလိုက်သမား ဤမျှမများပြားသော်လည်း စခန်းသို့ မကြာသေးမီက ဝင်ရောက်လာသူ အများအပြားသည် အမဲလိုက်သမားအဖြစ် စာရင်းသွင်းခဲ့ကြခြင်းနှင့် စွမ်းရည်ရှင် ဖြစ်လာနိုင်မည့် ဆွဲဆောင်မှုတို့ ပေါင်းစပ်သွားသဖြင့် အမဲလိုက်သမား အရေအတွက်မှာ သိသိသာသာ မြင့်တက်လာခဲ့ခြင်း ဖြစ်၏။ ဘာပဲဖြစ်ဖြစ် စွမ်းရည်ရှင်များကို အမဲလိုက်သမားများထဲမှ ရွေးချယ်ခြင်း ဖြစ်သည်ကို လူတိုင်း သိကြသည်။

၎င်းသည် ကော်မတီ မြင်တွေ့လိုသော အရာပင် ဖြစ်၏။ အမဲလိုက်သမား ပိုမိုများပြားလေလေ၊ စခန်းတွင် ရင်းမြစ်များ ပိုမိုများပြားလေလေ ဖြစ်သည်။

ထို့ကြောင့် ကော်မတီ လေ့ကျင့်ပေးရန် စီစဉ်ထားသော ဒုတိယသုတ် စွမ်းရည်ရှင် အရေအတွက်မှာ ၆ ဦးတည်း မဟုတ်တော့ဘဲ ၅၀ အထိ ဖြစ်လာခဲ့၏။

ဝမ်ထောင်၏ထံတွင် ယခုအခါ အမြုတေများစွာ ရှိနေသဖြင့် စွမ်းရည်ရှင် ၅၀ အား လေ့ကျင့်ပေးရန် လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။

သေချာသည်မှာ ဝမ်ထောင်သည် သူတို့ကို စွမ်းရည်ရှင်များ ဖြစ်လာအောင်သာ လုပ်ဆောင်ပေးခြင်း ဖြစ်ပြီး သူတို့၏ နောက်ဆက်တွဲ စွမ်းရည်အဆင့် တိုးတက်မှုအတွက်မူ သူ ပါဝင်ပတ်သက်မည် မဟုတ်ပေ။ သူတို့သည် အထူးဇွန်ဘီများကို အမဲလိုက်ရန် မိမိကိုယ်ကိုယ်သာ အားကိုးရမည် ဖြစ်၏။

မကြာမီ စွမ်းရည်ရှင် ရွေးချယ်ပွဲအတွက် စာရင်းပေးသွင်းခြင်း စတင်ခဲ့သည်။

ဤအကြိမ်တွင် ရန်ကျဲက အစကတည်းက အလောင်းလျာများကို အမည်စာရင်း သတ်မှတ်ပေးခြင်းမျိုး မဟုတ်ဘဲ မည်သူမဆို စာရင်းပေးသွင်းနိုင်၏။

စာရင်းပေးသွင်းပြီးနောက် သူတို့သည် မိမိတို့၏ ခွန်အားကို ပြသကာ ကော်မတီ၏ အကြောင်းကြားစာကို စောင့်ဆိုင်းရန်သာ လိုအပ်သည်။

သူတို့ စာရင်းပေးသွင်းသရွေ့ အခွင့်အရေး ရှိသည်။ သို့သော် နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်မှာ ကော်မတီထံတွင်သာ ရှိ၏။

လူအများအပြား စာရင်းပေးသွင်းခဲ့ကြသည်။ စခန်းတွင် အမဲလိုက်သမား ၃၀၀ ခန့်သာ ရှိသော်လည်း လူ ၄၀၀ ကျော် စာရင်းပေးသွင်းခဲ့သဖြင့် သာမန်အသက်ရှင်ကျန်ရစ်သူအချို့လည်း လျှောက်ထားခဲ့ကြသည်ဟု ဆိုလိုခြင်းပင်။

ထိုသာမန်အသက်ရှင်ကျန်ရစ်သူများအား ရွေးချယ်ခံရမည် မဟုတ်သည်မှာ သေချာသော်လည်း သူတို့ စာရင်းပေးသွင်းခြင်းမှာ ကောင်းမွန်သောအချက် ဖြစ်၏။ သူတို့သည် နောက်ပိုင်းတွင် အမဲလိုက်သမားအဖြစ် စာရင်းသွင်းလာကြနိုင်၏။

တစ်ရက်အကြာတွင် ဒုတိယသုတ် စွမ်းရည်ရှင်များ စာရင်းကို နောက်ဆုံး အတည်ပြုနိုင်ခဲ့သည်။

ဝမ်ထောင်သည် အမြုတေ ၅၀ ကို သူတို့ထံ ကိုယ်တိုင်ကိုယ်ကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး စခန်းတိုးတက်မှုအတွက် ပါဝင်ကူညီရမည့် ကြီးလေးသော တာဝန်မှာ ယခုအခါ သူတို့၏ လက်ထဲတွင် ရှိနေပြီ ဖြစ်သဖြင့် ကြိုးစားကြရန် တိုက်တွန်းခဲ့၏။

ယခုအကြိမ်တွင် ထုတ်ယူလိုက်သော အမြုတေ အရေအတွက် များပြားသောကြောင့် အမျိုးအစားစုံလင်မှုလည်း ပိုမိုများပြားခဲ့သည်။ ၎င်းတွင် ရွှံ့နွံစိမ့်ခြင်း၊ ချောင်းဆိုးစေသောမီးခိုး၊ ပြန်လည်ဆန်းသစ်ခြင်း... အစားကြူးခြင်း အမြုတေများပင် ပါဝင်၏။

ဝမ်ထောင်သည် ရွှံ့နွံစိမ့်ခြင်း သို့မဟုတ် အစားကြူးခြင်းကဲ့သို့သော အသုံးမဝင်ဟု ထင်ရသည့် အမြုတေအချို့မှာ အမှန်တကယ်ပင် အသုံးမဝင်ခြင်း ဟုတ်၊ မဟုတ်ကို အမြဲတမ်း သိချင်နေခဲ့သည်။

ထို့ကြောင့် ၎င်းသည် စမ်းသပ်ချက်တစ်ခုလည်း ဖြစ်ပြီး ဤလူများကို ပေါင်းစပ်စေကာ ဤအမြုတေများမှာ အမှန်တကယ် အသုံးဝင်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ခြင်း ဖြစ်၏။

သေချာသည်မှာ ဤအမြုတေများအားလုံးကို ဝမ်ထောင်က ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်သဖြင့် ဘေးထွက်ဆိုးကျိုးများ မရှိတော့ပေ။

တစ်ညအကြာတွင် လူတိုင်းသည် မိမိတို့၏ ပေါင်းစပ်ခြင်းကို အပြီးသတ်နိုင်ခဲ့ကြ၏။

ဝမ်ထောင်သည် သူတို့၏ စွမ်းရည်များကို စစ်ဆေးရန် သူတို့ကို တစုတဝေးတည်း ခေါ်ယူလိုက်သည်။

အံ့ဩစရာကောင်းသည်မှာ ဝမ်ထောင်သည် အမှန်တကယ်ပင် ထူးခြားမှုအချို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။

ဥပမာအားဖြင့် ရွှံ့နွံစိမ့်ခြင်း အမြုတေသည် ၎င်း၏ ဖော်ပြချက်အရ အလွန် အသုံးဝင်ပုံ မရပေ။ သို့သော် ၎င်း၏ စစ်မှန်သော အကျိုးသက်ရောက်မှုမှာ အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်လှသည်။

ရွှံ့နွံစိမ့်ခြင်း၏ အာနိသင်မှာ "စွမ်းအင်ကို အသုံးပြု၍ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရွှံ့နွံတစ်ခုကို ဖန်တီးခြင်း" ဖြစ်၏။

ရွှံ့နွံစိမ့်ခြင်း အမြုတေတစ်ခုကိုသာ ပေါင်းစပ်ထားသော စွမ်းရည်ရှင်တစ်ဦးသည် မိမိကိုယ်ကိုယ် ဗဟိုပြု၍ အချင်း ဆယ်မီတာရှိသော ရွှံ့နွံတစ်ခုကို ဖန်တီးနိုင်မည် ဖြစ်သည်။

လူဖြစ်စေ၊ ဇွန်ဘီဖြစ်စေ ရွှံ့နွံအတွင်း၌ သူတို့၏ အရှိန်မှာ သိသိသာသာ လျော့နည်းသွားမည် ဖြစ်၏။ အထူးသဖြင့် ဇွန်ဘီများအတွက်ဆိုလျှင် သူတို့သည် ရွှံ့နွံထဲသို့ အလွယ်တကူ နစ်ဝင်သွားနိုင်ပြီး ရွှေ့လျားနိုင်ခြင်း မရှိတော့ပေ။

ဤမျှသာဆိုလျှင် ဝမ်ထောင်ကို စိတ်ကျေနပ်စေရန် လုံလောက်မည် မဟုတ်ပေ။ သူ့ကို အမှန်တကယ် စိတ်ကျေနပ်စေသောအချက်မှာ ဤရွှံ့နွံ၏ အာနိသင်ကို ထပ်ဆင့်ပေါင်းစပ်နိုင်ခြင်း ဖြစ်၏။

သူသည် ရွှံ့နွံစိမ့်ခြင်းစွမ်းရည်ကို တတ်မြောက်ထားသော ရွှံ့နွံစွမ်းရည်ရှင် ငါးဦးကို အတူတကွ မတ်တပ်ရပ်ခိုင်းပြီး သူတို့၏ စွမ်းရည်များကို ထုတ်လွှတ်ခိုင်းလိုက်ရာ ထွက်ပေါ်လာသော ရွှံ့နွံအိုင်မှာ ယခင်ထက် ငါးဆ ပိုမိုကြီးမားသွားသည်။

ထို့အပြင် ဤရွှံ့နွံမှာ အမြဲတမ်း တည်ရှိနေခြင်း ဖြစ်၏။ ၎င်း၏အတွင်းရှိ အစိုဓာတ် မခမ်းခြောက်သရွေ့နှင့် မြေကြီးကို တူးဆွမပစ်သရွေ့ ထိုရွှံ့နွံသည် အကန့်အသတ်မရှိ တည်ရှိနေနိုင်မည် ဖြစ်သည်။

ဝမ်ထောင်သည် ၎င်းသည် အလွန် အစွမ်းထက်သော အုပ်စုလိုက်ထိန်းချုပ်စွမ်းရည်တစ်ခု ဖြစ်သည်ဟု ချက်ချင်း ခံစားလိုက်ရ၏။

သူသည် ရွှံ့နွံစွမ်းရည်ရှင်များ အစုအဖွဲ့တစ်ခုကို စုစည်းကာ ကြီးမားသော ရွှံ့နွံတစ်ခု ဖန်တီးရန် သူတို့၏ စွမ်းရည်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်ခိုင်းပြီး ဇွန်ဘီများကို ထိုနေရာသို့ မျှားခေါ်မည် ။ ဇွန်ဘီများ ဝင်ရောက်လာသည်နှင့် သူတို့သည် ရွှေ့လျားနိုင်တော့မည် မဟုတ်ဘဲ သူတို့၏ စိတ်ကြိုက် သတ်ဖြတ်ခြင်းကို ခံရမည် ဖြစ်၏။

၎င်းက အကျိအချွဲအန်ခြင်း၏ ရေရှည်တည်တံ့သော ပုံစံတစ်ခုကဲ့သို့ ပင်။

ဝမ်ထောင်သည် ၎င်းကို စမ်းသပ်ကြည့်ရန် ထိုက်တန်သည်ဟု ခံစားလိုက်ရသည်။

သို့သော် အားနည်းချက် ရှိ၊ မရှိဆိုလျှင် သဘာဝအတိုင်း ရှိနေပါသည်ဆိုရမည်။

၎င်းမှာ တစ်ချက်တည်းဖြင့် ထွေးထုတ်နိုင်သော အကျိအချွဲအန်ခြင်းနှင့် မတူဘဲ ဤရွှံ့နွံမှာ ဖြည်းည်းချင်း ထုတ်လွှတ်ရန် လိုအပ်ခြင်း ဖြစ်ရာ ချက်ချင်းတိုက်ခိုက်မှုအတွက် မည်သို့မျှ အဆင်ပြေမည် မဟုတ်ပေ၊ ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။

နောက်ထပ်တစ်ချက်မှာ ဤရွှံ့နွံစွမ်းရည်ကို ထုတ်လွှတ်လိုက်သောအခါ အနည်းငယ် ရွံစရာကောင်းလှသည်၊ ခန္ဓာကိုယ်၏ အပေါက်များနှင့် ချွေးပေါက်များမှ ရွှံ့နွံများ စီးဆင်းလာခြင်း ဖြစ်၏။ ဤရွှံ့နွံစွမ်းရည်ရှင်များ၏ ပြောကြားချက်အရ သူတို့ကိုယ်တိုင်မူ မသက်မသာ ခံစားရခြင်းမရှိဘဲ ရွှံ့နွံများ စီးထွက်လာသောအခါ စိတ်ဖိစီးမှုပင် လျော့ပါးသွားသလို ခံစားရသည်ဟု ဆိုကြသည်။

သို့သော် ဝမ်ထောင်ကမူ ကြည့်ရသည်မှာ အတော်လေး အဆင်မပြေလှပေ။ ရွှံ့နွံစိမ့်ခြင်းအပြင် အစားကြူးခြင်း စွမ်းရည်မှာလည်း အတော်လေး ကောင်းမွန်လှ၏။

ဤစွမ်းရည်၏ အာနိသင်မှာ "ပိုစားပြီး ပိုဝလာလေလေ၊ ခံစစ်စွမ်းအား ပိုမိုမြင့်မားလာလေလေ" ဖြစ်သည်။

ဝမ်ထောင်သည် ဤအမြုတေကို ပေါင်းစပ်ရန် လူဝနှစ်ဦးကို အထူး ရှာဖွေခဲ့သည်။ ကမ္ဘာပျက်ကပ်အတွင်း လူဝများမှာ အလွန် ရှားပါးလှရာ ဤနှစ်ဦးမှာ စခန်းတစ်ခုလုံးတွင် ကိုယ်အလေးချိန် အများဆုံး ဖြစ်ကြ၏။

သူတို့သည် ယခုအချိန်တွင် "ပိုစားရန်" အခြေအနေကို မဖြည့်ဆည်းနိုင်ကြသေးသော်လည်း "ပိုဝလာရန်" အပိုင်းကိုမူ သီသီလေး ဖြည့်ဆည်းနိုင်ကြသည်။

သူတို့နှစ်ဦး ဤစွမ်းရည်ကို ပေါင်းစပ်ပြီးနောက် သူတို့၏ ခံစစ်စွမ်းအားမှာ ချက်ချင်းပင် သိသိသာသာ မြင့်တက်လာခဲ့၏။ ဝမ်ထောင်သည် သူတို့ကို ပေါင်းစပ်ခြင်း မပြုမီနှင့် ပြုပြီးနောက် နှစ်ကြိမ်စလုံး စမ်းသပ်ခဲ့သည်။

ဝမ်ထောင်သည် ဤအစားကြူးခြင်း အမြုတေမှာ ကြေးနီအရေပြားနှင့် သံအရိုး၏ အားနည်းသော ပုံစံတစ်ခုကဲ့သို့ ဖြစ်သည်ဟု ခံစားရသည်။ ၎င်း၏ ခံစစ်စွမ်းအားမှာ ​​ေ

ကြေူအရေပြားသံအရိုးကဲ့သို့ မသန်မာသော်လည်း ၎င်းသည် ပင်ကိုစွမ်းရည် ဖြစ်သဖြင့် စွမ်းအင် ကုန်ဆုံးရန် မလိုအပ်ပေ။

ပိုမိုအရေးကြီးသောအချက်မှာ ​ကြေးအရေပြား သံအရိုး၏ အမြင့်ဆုံးအဆင့်မှာ ပုံသေဖြစ်ပြီး အမြုတေများ ထပ်မံပေါင်းစပ်ခြင်းဖြင့်သာ မြှင့်တင်နိုင်ခြင်း ဖြစ်၏။

သို့သော် အစားကြူးခြင်း၏ အကန့်အသတ်မှာ ပိုမိုမြင့်မားလှသည်၊ ခန္ဓာကိုယ် အရွယ်အစားကို တိုးမြှင့်ခြင်း၊ အစားအစာ ပိုမိုစားသုံးခြင်းနှင့် အမြုတေများ ပိုမိုပေါင်းစပ်ခြင်းတို့ဖြင့် ခံစစ်စွမ်းအားကို မြှင့်တင်နိုင်သောကြောင့် ဖြစ်သည်။

ဤလူဝနှစ်ဦးအား တစ်ကိုယ်လုံးကာ ကာကွယ်ရေးဝတ်စုံ၊ ဒိုင်းလွှားများ စသည်တို့ တပ်ဆင်ပေးခြင်းဖြင့် သူတို့ကို ရှေ့တန်းမှ အသားဒိုင်းများအဖြစ် လျှောက်လှမ်းစေနိုင်မည် ဖြစ်၏။ သူတို့သည် ခွန်အားကြီးအမြုတေနှင့် ပြန်လည်ဆန်းသစ်ခြင်း အမြုတေတို့ကိုပါ ပေါင်းစပ်နိုင်ပါက အာနိသင်မှာ ပိုမိုကောင်းမွန်လာမည်မှာ သေချာသည်။

ဝမ်ထောင်သည် ဤသို့တွေးတောမိကာ ချက်ချင်းပင် လက်တွေ့လုပ်ဆောင်လိုက်၏။

သူသည် ထိုလူဝနှစ်ဦးအား စခန်း၏ အဓိက လေ့ကျင့်ရေးပစ်မှတ်များအဖြစ် ချက်ချင်း မြှင့်တင်ပေးခဲ့သည်။

ဝမ်ထောင်သည် သူတို့၏ သွေးဘားတန်းများကို မြှင့်တင်ပေးရန်အတွက် သူတို့ကို ခေါ်ဆောင်၍ အထူးဇွန်ဘီများကို အမဲလိုက်ခဲ့၏။ ၎င်းသည် လူအနည်းငယ်သာ ခံစားခွင့်ရရှိသော အခွင့်အရေး ဖြစ်သည်။

သို့သော် ဝမ်ထောင်တစ်ဦးတည်းသာ

အခြားလူများကို ခေါ်ဆောင်၍ သွေးဘားတန်း မြှင့်တင်ပေးနေခြင်း မဟုတ်ပေ၊ ဝေကျန့်ကော်နှင့် အခြားသူများသည်လည်း စွမ်းရည်ရှင်အချို့ကို အသီးသီး ခေါ်ဆောင်ကာ အထူးဇွန်ဘီများကို အမဲလိုက်နေကြသည်။

ဘာပဲဖြစ်ဖြစ် သူတို့၏ ခွန်အားမှာလည်း အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် လောလောဆယ်တွင် မြှင့်တင်နိုင်ခြင်း မရှိတော့ပေ။ စခန်းရှိ အခြားစွမ်းရည်ရှင်များကို ကူညီပေးခြင်းက ပိုမိုကောင်းမွန်ပြီး စခန်း၏ ဘက်စုံခွန်အားကို တိုးတက်လာစေမည် ဖြစ်၏။

ဝမ်ထောင်ကဲ့သို့သော ကော်မတီဝင်များ၏ အားစိုက်ထုတ်မှုကြောင့် ရက်အနည်းငယ်အကြာတွင် ရွှေကျဲစခန်း၏ ဘက်စုံခွန်အားမှာ သိသိသာသာ မြင့်တက်လာခဲ့သည်—

အမဲလိုက်သမား အားလုံးတွင် သွေးပမာဏ ၁၀၀၀ ကျော် ရှိနေပြီး၊ စွမ်းရည်ရှင်အချို့တွင် ၂၀၀၀ ကျော် ရှိနေကာ၊ အချို့မှာမူ ၃၀၀၀ ကျော်အထိပင် ရောက်ရှိနေပြီ ဖြစ်၏။

ဝမ်ထောင်ကဲ့သို့သော ကော်မတီဝင်များအတွက်မူ သူတို့အားလုံးတွင် သဘာဝအတိုင်း သွေးပမာဏ ၄၀၀၀ ကျော် ရှိနေကြသည်။

ရွှေကျဲစခန်း၏ လက်ရှိ ဘက်စုံခွန်အားနှင့်ဆိုလျှင် ဂေါ်ရီလာဇွန်ဘီကို ကြံ့ကြံ့ခံနိုင်မလားဆိုသည်မှာ ပြောရန်ခက်သော်လည်း ယခင်က ခေါင်းစွပ်ဇွန်ဘီနှင့် ရင်ဆိုင်ခဲ့ရစဉ်ကကဲ့သို့ သနားစရာအခြေအနေမျိုးသို့မူ ရောက်ရှိတော့မည် မဟုတ်သည်မှာ သေချာသည်။

ဝမ်ထောင်သည် ယခုအခါ ထိုမျက်လုံးစိမ်းဇွန်ဘီ၏ စစ်မှန်သော ခွန်အားကို သွားရောက်တိုင်းတာရန် ဆေးရုံသို့ ဦးတည်ရမည့် အချိန်ရောက်ပြီဟု ခံစားလိုက်ရတော့သည်။

ငါပြန်လာပြီ..။

------

All Chapters