အခန်း ၁၄၅
Vol. 13 Ch. 145
အခန်း၁၄၅ - မင်းကို ငါ ကျေးဇူးဆပ်မယ်
ဂေါ်ရီလာဇွန်ဘီ ထုတ်လွှတ်လိုက်သော အော်ဟစ်သံသည် ပြင်းထန်ရုံတင်မကဘဲ အလွန်ကျယ်ပြန့်သော ဧရိယာကိုလည်း ဖုံးလွှမ်းသွားခဲ့၏။
အဆောက်အအုံအတွင်းရှိလူများမှာ ဤအော်ဟစ်သံကြောင့် တိုက်ရိုက် သေဆုံးသွားခြင်း ရှိမရှိကို ဝမ်ထောင် မသိရပေ... သို့သော် ၎င်းသည် အားလုံးကိုတညီတည်းတိုက်ခိုက်လိုက်ခြငိးဖြစ်သည်။ ဂေါ်ရီလာဇွန်ဘီ၏ ပတ်ပတ်လည်ရှိ အခြားဇွန်ဘီများအားလုံး မှာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြပြီး အများအပြားမှာမူ ချက်ချင်းသေဆုံးသွားခဲ့ကြရ၏။
ဘက်စုံသုံးအဆောက်အအုံအတွင်းရှိ မည်သူမျှ အပြင်ဘက်ရှိ ဇွန်ဘီများကို ထပ်မံမတိုက်ခိုက်ကြတော့သလို မည်သည့်ဇွန်ဘီကမျှလည်း ဘက်စုံသုံးအဆောက်အအုံကို မတိုက်ခိုက်နိုင်ကြတော့ပါ။ မြင်ကွင်းသည် ရုတ်တရက် ခံစားရခက်သော တိတ်ဆိတ်မှုတစ်ခုအတွင်းသို့ ကျရောက်သွားခဲ့သည်။
ပြင်းထန်စွာ အော်ဟစ်ပြီးနောက် ဂေါ်ရီလာဇွန်ဘီသည် သူ၏ဒေါသများကို ဖွင့်ထုတ်လိုက်ပုံရ၏။ ၎င်းသည် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ကွင်းပြင်ထဲတွင် တစ်ဦးတည်းသာ မတ်တပ်ရပ်ကျန်ရစ်တော့သော ဝမ်ထောင်ထံသို့ တဖြည်းဖြည်း လှမ်းလျှောက်လာခဲ့သည်။
ဝမ်ထောင်သည် ဝေကျန့်ကော်တို့ သုံးဦး၏ ဘေးနားသို့ ရောက်နေလေပြီ။
"အဟွတ်... အဟွတ်..."
ထိုသုံးဦးမှာ သတိရနေဆဲ ဖြစ်သော်လည်း သူတို့၏ နားနှင့် နှာခေါင်းများမှာ အသံလှိုင်းများကြောင့် သွေးများ စီးကျနေခဲ့သည်။ သူတို့အားလုံး မူးဝေနေခဲ့ပြီး မလှုပ်ရှားနိုင်ကြချေ။ ဝမ်ထောင်ကို မြင်သောအခါ တစ်ခုခုပြောရန် ပါးစပ်ကို ဖွင့်လိုက်သည့်အခါ ချောင်းဆိုးသံမှတစ်ပါး ဘာမျှ မပြောနိုင်ကြချေ။
ဝမ်ထောင်တွင်လည်း စကားပြောရန် အချိန်မရှိပါ။ သူသည် ဆေးသေတ္တာတစ်လုံးကို အမြန်ထုတ်ယူကာ ၎င်းတို့သုံးဦးကို အကျဉ်းချုံး၍ ကုသပေးလိုက်၏။
ထို့နောက် သူသည် အချိန်မဆိုင်းဘဲ ဟန်ရွှေကို ကျောပိုးလိုက်ပြီး ဝေကျန့်ကော်နှင့် ရှန့်ဟုန်ပင်းတို့ကို သူ၏လက်မောင်းများအောက်တွင် ညှပ်ကာ အဝေးသို့ တည့်တည့် ပြေးတော့သည်။
ဂေါ်ရီလာဇွန်ဘီသည် အခြားဇွန်ဘီ အများအပြားကို အော်ဟစ်နှိမ်နင်းလိုက်သဖြင့် ဝမ်ထောင်သည် ချောမွေ့စွာ ပြေးထွက်နိုင်ခဲ့၏။
ဝမ်ထောင် ထွက်ပြေးသွားသည်ကို မြင်တွေ့ရသောအခါ ဂေါ်ရီလာဇွန်ဘီသည် ချက်ချင်းပင် ခြေလေးဖက်စလုံးကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ ဇွန်ဘီအလောင်းများကို နင်းခြေလျက် သူ၏နောက်သို့ လိုက်တော့သည်။
လူသုံးဦးကို သယ်ဆောင်ထားရခြင်းက ဝမ်ထောင်၏ အရှိန်ကို ထိခိုက်စေ၏။ ဂေါ်ရီလာဇွန်ဘီက မိမိကို မှီတော့မည်ကို မြင်လိုက်ရပြီး အရှေ့ဘက်တွင် ကွင်းပြင်ကျယ်ရှိနေသည်ကို သတိပြုမိသဖြင့် သူသည် ဝတ်စုံ၏အရှိန်ပြင်းဝင်တိုက်စွမ်းရည်ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။
သူ၏အရှိန်ပြင်းဝင်တိုက်စွမ်းရည်မှာ ပြန်သုံးရန်ကြာချိန် တစ်နာရီ ရှိသဖြင့် အရေးကြီးသော အခိုက်အတန့်များတွင်သာ အသုံးပြုနိုင်သည်။
ဝှီး——
ဝမ်ထောင်သည် ထိုသုံးဦးကို သယ်ဆောင်ကာ မီတာ သုံးဆယ်ကျော်မျှ ချက်ချင်း ရွေ့လျားသွားခဲ့ပြီး ၎င်းတို့နှင့် ဂေါ်ရီလာဇွန်ဘီကြားရှိ ကွာဟချက်ကို ချက်ချင်းပင် ကျယ်သွားစေခဲ့၏။
"သတိရကြဦး"
ဝမ်ထောင်သည် ပြေးလွှားရင်း သူသယ်ဆောင်လာသော လူသုံးဦးကို အော်လိုက်သည်။
သူတို့သုံးဦးမှာ ပြင်းထန်သော ပြင်ပဒဏ်ရာများ မတွေ့ရသော်လည်း ဂေါ်ရီလာဇွန်ဘီ၏ အော်ဟစ်သံသည် တစ်ဦးချင်းစီထံမှ သွေးပမာဏ နှစ်ထောင်ကျော်ကို လျော့နည်းစေခဲ့၏။ ၎င်းတို့၏ အတွင်းဒဏ်ရာများမှာ ပြင်းထန်လှပုံရသည်။
ဝမ်ထောင်သည် အတန်ကြာအောင် ဆက်လက်ပြေးလွှားခဲ့သည်။ ဂေါ်ရီလာဇွန်ဘီ ထပ်မံမှီတော့မည့် အချိန်မှာပင် ရှန့်ဟုန်ပင်းသည် ပထမဆုံး သတိပြန်လည်လာခဲ့၏။
"ငါ့ကို... ငါ့ကို ချပေးပါ..."
စကားတစ်ခွန်းမျှ မဆိုဘဲ ဝမ်ထောင်သည် ရှန့်ဟုန်ပင်းကို အောက်သို့ ချပေးလိုက်သည်။
"မင်း အရှိန်ပြင်းဝင်တိုက်ချက်ကို သုံးနိုင်လား"
"သုံးနိုင်တယ်"
ရှန့်ဟုန်ပင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ဝမ်ထောင်ကို ဖမ်းဆွဲလိုက်၏။
ဝှီး——
အုပ်စုသည် မီတာ သုံးဆယ်ကျော်မျှကို ရောက်သွားခဲ့ကြသည်။
"ဖူး——"
ရှန့်ဟုန်ပင်းသည် လတ်ဆတ်သော သွေးတစ်လုပ်ကို ထွေးထုတ်လိုက်၏။
"ဒါက တကယ် ဆိုးဝါးတာပဲ၊ နားနားမှာ ဗုံးတစ်လုံး ပေါက်ကွဲသွားသလိုပဲ..."
ထိုအချိန်တွင် ဝေကျန့်ကော်နှင့် ဟန်ရွှေတို့သည်လည်း နိုးထလာခဲ့ကြပြီ ဖြစ်သည်။
ထိုအခါမှ ဝမ်ထောင်လည်း သကပြင်းချနိုင်သွားလေ၏ ။သူက ချက်ချင်းပင် ပြောလိုက်သည်။
"မြန်မြန်လေး... ငါတို့ စီစဉ်ထားတဲ့ နေရာကို ပြေးကြစို့"
ဝမ်ထောင်၏ ယခင်အစီအစဉ်မှာ ဂေါ်ရီလာဇွန်ဘီကို ရွှံ့ညွန်အတွင်းသို့ ဆွဲဆောင်ရန် ဖြစ်သည်။
လုပ်ငန်းစဉ်အတွင်း မတော်တဆမှုများစွာ ဖြစ်ပွားခဲ့သော်လည်း ရလဒ်မှာမူ တူညီပေလိမ့်မည်။
"အေး"
သူတို့အုပ်စုသည် သွားကို တင်းတင်းကြိတ်ကာ လူတိုင်း အားအင်ပြည့်ဆေးရည် တစ်ပုလင်းစီကို သောက်သုံးလိုက်ကြသည်။ ထို့နောက် တစ်လှည့်စီဖြင့် အရှိန်ပြင်းဝင်တိုက်စွမ်းရည်ကို အသုံးပြုလိုက်ကြ၏။
အားအင်ပြည့်ဆေးရည်သည် လူတစ်ဦး၏ စိတ်ဓာတ်နှင့် ခန္ဓာကိုယ်ခွန်အားကို ချက်ချင်း အပြည့်အဝ ပြန်လည်ကောင်းမွန်စေနိုင်ပြီး ဆိုးကျိုးအနေဖြင့် တစ်ရက်မျှ အားနည်းခြင်းကို ဖြစ်ပေါ်စေသည်။ သို့သော် ဤကဲ့သို့သော အချိန်မျိုးတွင် ၎င်းတို့သည် ဂေါ်ရီလာဇွန်ဘီကို မနှိမ်နင်းနိုင်ပါက မနက်ဖြန်၏ နေရောင်ခြည်ကိုပင် မြင်တွေ့ရတော့မည်မဟုတ်ရာ မနက်ဖြန်မှာအားနည်းခြင်းကို ဂရုမစိုက်နိုင်ကြတော့ချေ။
နောက်ဆုံးတွင် အရှိန်ပြင်းဝင်တိုက်ချက်ကို သုံးကြိမ်တိုင်တိုင် အသုံးပြုပြီးနောက် သဘောတူထားသော နေရာသို့ ရောက်ရှိလာခဲ့ကြသည်။
ယခုနေရာမှာ အတွင်းပိုင်းတွင် ကြီးမားသော လူလုပ်အိုင်တစ်ခု ရှိသည့် ပန်းခြံတစ်ခု ဖြစ်၏။
သို့သော် ယခုအခါ လူလုပ်အိုင်အတွင်းရှိ ရေများ ကွယ်ပျောက်သွားခဲ့ပြီဖြစ်ရာ နောက်ကျိလှသော ရွှံ့များဖြင့် အစားထိုးခြင်း ခံထားရသည်။
မိမိတို့၏ စွမ်းအင်များ ကုန်ခမ်းလုနီးပါး ဖြစ်နေကြသော ရွှံ့ညွန်စွမ်းရည်ရှင် အနည်းငယ်တို့သည် ရွှံ့များထဲတွင် ရပ်နေကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်များမှ ရွှံ့စေးများ စဉ်ဆက်မပြတ် စိမ့်ထွက်နေခဲ့သည်။ ၎င်းတို့၏ ဘေးတွင် လေးလံသော သံချပ်ကာများကို ဝတ်ဆင်ထားသည့် ဖတ်တီးနှစ်ယောက် ရှိနေပြီး ဇွန်ဘီများ၏ တိုက်ခိုက်မှုများကို ပိတ်ဆို့ကူညီပေးနေကြသည်။
ရေရှိသော နေရာများတွင် ရွှံ့ညွန်စွမ်းရည်သည် သိသာထင်ရှားစွာ ပိုမိုအားကောင်းလာပေလိမ့်မည်။ စိတ်ချရစေရန်အတွက် ဝမ်ထောင်သည် သူတို့ကို ယခုရေကန်နေရာတွင် လုပ်ဆောင်ရန် မှာကြားခဲ့၏။
ယခု ကြည့်ရသည်မှာ အကျိုးသက်ရောက်မှုသည် အတော်အတန် ကောင်းမွန်လှသည်။ သို့သော် ဤအရာက ဂေါ်ရီလာဇွန်ဘီကို ပိတ်မိနိုင်မလားဆိုသည်ကိုတော့ မသိရသေးပါ။
ဝုန်း..
ဒုန်း ဒုန်း
ဂေါ်ရီလာဇွန်ဘီကလည်း ဆက်တိုက် လိုက်လာပြီး မြေကြီးများပင် အနည်းငယ် တုန်ယင်နေခဲ့သည်။
ဝမ်ထောင်သည် ဝေကျန့်ကော်တို့ သုံးဦးကို ပြောလိုက်၏။
"မင်းတို့ အရင် ပုန်းနေကြ၊ သူရဲ့ ပစ်မှတ်က ငါပဲ"
"ကောင်းပြီ"
သူတို့သုံးဦးသည် တွန့်ဆုတ်ခြင်းမရှိဘဲ ပန်းခြံအတွင်းရှိ ပန်းခင်းအချို့၏ နောက်တွင် ချက်ချင်း ပုန်းလိုက်ကြသည်။
"မင်းတို့လည်း ပုန်းနေကြ"
ဝမ်ထောင်သည် ဖတ်တီးညီအစ်ကိုနှစ်ယောက်ကို လှမ်းအော်လိုက်ပြီးနောက် တုန်ခါလှိုင်းများစွာကို ပစ်လွှတ်ကာ ပတ်ဝန်းကျင်ရှိ ဇွန်ဘီအားလုံးကို ရှင်းလင်းလိုက်၏။
"ဟုတ်ကဲ့"
မကြာမီမှာပင် ထိုနေရာ၌ ဝမ်ထောင်နှင့် ရွှံ့ညွန်စွမ်းရည်ရှင် အနည်းငယ်သာ ကျန်ရစ်တော့သည်။
"ငါ့ကို ရွှံ့ညွန်ရဲ့ အလယ်ဗဟိုကို ခေါ်သွားပေး"
"ကောင်းပြီ"
ယေဘုယျအားဖြင့် ရွှံ့ညွန်စွမ်းရည်ရှင်များ၏ ခန္ဓာကိုယ်မှ ရွှံ့များ စိမ့်ထွက်နေသရွေ့ ၎င်းတို့သည် ရွှံ့ညွန်၏ ပိတ်မိခြင်းကို ခံရမည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ အလိုရှိသလို လွတ်လပ်စွာ သွားလာနိုင်ခြင်း မရှိသော်လည်း အနည်းဆုံးတော့ လှုပ်ရှားသွားလာနိုင်ကြ၏။
မကြာမီ ထိုရွှံ့ညွန်စွမ်းရည်ရှင်များသည် ဝမ်ထောင်ကို ရွှံ့ညွန်၏ အလယ်ဗဟိုတည့်တည့်သို့ ဆွဲခေါ်သွားခဲ့ကြသည်။
ထိုအခိုက်မှာပင် ဂေါ်ရီလာဇွန်ဘီကလည်း ရောက်လာခဲ့လေပြီ။
"ဂယား——"
ရွှံ့ညွန်၏ အလယ်တွင် ဝမ်ထောင် ရှိနေသည်ကို မြင်တွေ့ရသောအခါ ၎င်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လမ်းကိုပင် ကြည့်ရှုခြင်းမရှိဘဲ သူ၏ထံသို့ တည့်တည့် လျှောက်လာသည်။
ဗွက်——
ဂေါ်ရီလာဇွန်ဘီသည် ရွှံ့ညွန်အတွင်းသို့ လှမ်းဝင်လိုက်ရာ ၎င်း၏ခန္ဓာကိုယ်မှာ ယိမ်းထိုးသွားခဲ့သော်လည်း အခြားခြေတစ်ဖက်ကိုလည်း အလျင်အမြန် လှမ်းချလိုက်ပြီး ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းလိုက်၏။
"အရမ်းကောင်းတယ်..."
ဝမ်ထောင်သည် ဤအရာအားလုံးကို စောင့်ကြည့်နေခဲ့သည်။ သူသည် လှုပ်ရှားမှု မပြုလုပ်ဘဲ ဂေါ်ရီလာဇွန်ဘီ ချဉ်းကပ်လာမည့် အချိန်ကို ဆက်လက်စောင့်ဆိုင်းနေခဲ့၏။
ဂေါ်ရီလာဇွန်ဘီ နောက်ထပ် အသံလှိုင်းတိုက်ခိုက်မှု မပြုလုပ်နိုင်စေရန်အတွက် သူသည် ရွှံ့ညွန်စွမ်းရည်ရှင်များကို နားပိတ်ထားကြရန် ပြောကြားလိုက်သည်။
ရွှံ့ညွန်စွမ်းရည်ရှင်များအတွက် နားပိတ်ထားခြင်းမှာ ကြီးမားသော ပြဿနာမဟုတ်ပေ၊ အကြောင်းမူကား ၎င်းတို့၏ နားများထဲမှလည်း ရွှံ့များ စဉ်ဆက်မပြတ် စိမ့်ထွက်နေခဲ့သောကြောင့် ဖြစ်၏။
"ဂါး..."
ဂေါ်ရီလာဇွန်ဘီသည် ရွှံ့ညွန်အတွင်း၌ ဝမ်ထောင်ထံသို့ တဖြည်းဖြည်း လှမ်းလျှောက်လာခဲ့သည်။ သို့သော် ၎င်း၏အရှိန်မှာ ပို၍ပို၍ နှေးကွေးလာနေခဲ့ပြီး ရွှံ့ညွန်အတွင်းရှိ ခုခံမှုမှာ ပိုမိုအားကောင်းလာနေခဲ့သည်မှာ ထင်ရှား၏။
၎င်းသည် ဝမ်ထောင်နှင့် မီတာ တစ်ဆယ်ခန့်သာ ကွာဝေးတော့သည့် အချိန်တွင် ဆက်လက်မလှုပ်ရှားနိုင်တော့ချေ။
"ဟူး—"
ဤအရာကို မြင်လိုက်ရသောအခါ ဝမ်ထောင်မှာ သက်ပြင်းချနိုင်တော့သည်။
ဂေါ်ရီလာဇွန်ဘီ ပိတ်မိသွားပြီ။
"အားလုံး ထွက်လာကြ၊ သတ်...."
ဝမ်ထောင်သည် ဟိန်းဟောက်လိုက်ပြီးနောက် ဂေါ်ရီလာဇွန်ဘီထံသို့ တုန်ခါလှိုင်းတစ်ခု ပစ်ပေါက်လိုက်၏။
ဝုန်း——
ဂေါ်ရီလာဇွန်ဘီသည် သူ၏လက်မောင်းများကို အသုံးပြုကာ ဝမ်ထောင်၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်ရာ ဝမ်ထောင်၏ ဤရိုက်ချက်သည် မည်သည့်ထိခိုက်မှုမျှ မဖြစ်စေခဲ့ပေ။
ထိုအခိုက်တွင် ဝေကျန့်ကော်တို့ သုံးဦး၏ တိုက်ခိုက်မှုများကလည်း ကျရောက်လာခဲ့သည်။
တုန်ခါလှိုင်းနှစ်ခုနှင့် ဒူးလေးမြှားတံတစ်ခုသည် ဘေးဘက်မှနေ၍ ဂေါ်ရီလာဇွန်ဘီ၏ ဦးခေါင်းဆီသို့ တည့်တည့် ပျံသန်းသွားခဲ့၏။
【-၅၆】
【-၆၈】
【-၃၂၄】
【၅၀၁၃/၁၀၀၀၀】
တုန်ခါလှိုင်းများမှ ထိခိုက်မှုမှာ သာမန်မျှသာ ဖြစ်သော်လည်း ဒူးလေးမြှားတံ၏ တည်နေရာမှာမူ ပါးနပ်လှပြီး ဂေါ်ရီလာဇွန်ဘီ၏ နားအတွင်းသို့ တည့်တည့် စိုက်ဝင်သွားခဲ့ခြင်း ဖြစ်သည်။
"သူ့မှာ သွေးပမာဏ တစ်ဝက်ပဲ ကျန်တော့တယ်"
ဝမ်ထောင် စိတ်လှုပ်ရှားသွားခဲ့သည်။ လက်ရှိအခြေအနေအပေါ် အခြေခံ၍ သူတို့သည် ၎င်းကို အသေတိုက်နိုင်ချေ ရှိလာ၏။
သို့သော် ဝမ်ထောင်သည် သူ၏သတိကို လျှော့ချမထားခဲ့ပေ။ ဂေါ်ရီလာဇွန်ဘီတွင် ကိုယ်တိုင်ကုသစွမ်းရည် ရှိနေသည်။ သူသည် ၎င်းကို အနီးကပ် စောင့်ကြည့်ရမည်ဖြစ်ပြီး ၎င်း ကိုယ်တိုင်ကုသခြင်းကို အသုံးပြုသည်နှင့်တစ်ပြိုင်နက် နှောင့်ယှက်ရမည် ။
သူ၏ဖောက်ခွဲဇွန်ဘီဗုံးများမှာလည်း အဆင်သင့် ဖြစ်နေခဲ့ပြီဖြစ်ရာ မည်သည့်အချိန်တွင်မဆို ပစ်ပေါက်ရန် ပြင်ဆင်ထားသည်။
သို့သော် ဝမ်ထောင်ကို အံ့အားသင့်စေသည်မှာ ဂေါ်ရီလာဇွန်ဘီသည် သူ၏ကိုယ်တိုင်ကုသစွမ်းရည်ကို အသုံးမပြုခဲ့ခြင်း ဖြစ်၏။ အစားထိုးအနေဖြင့် ၎င်းသည် အသံလှိုင်းတိုက်ခိုက်မှု အချို့ကို ထပ်မံပြုလုပ်ခဲ့သော်လည်း ဤတိုက်ခိုက်မှုများ၏ စွမ်းအားမှာ များစွာ သေးငယ်လှသည်။ ရွှံ့ညွန်စွမ်းရည်ရှင်များနှင့် ဖတ်တီးညီအစ်ကိုနှစ်ယောက်မှလွဲ၍ ဝမ်ထောင်နှင့် အခြားသူများသည် ထပ်မံ၍ မိန်းမောသွားခြင်း မရှိခဲ့ကြချေ။
"စွမ်းအင် ကုန်သွားတာလား"
ဝမ်ထောင်သည် ရုတ်တရက် မျက်ခုံးပင့်လိုက်မိသည်။
ယေဘုယျအားဖြင့် ပြောရလျှင် စွမ်းရည် ပိုမိုအားကောင်းလေလေ စွမ်းအင် ပိုမိုကုန်ခမ်းလေလေ ဖြစ်၏။
ဂေါ်ရီလာဇွန်ဘီ၏ ပြင်းထန်လှသော၊ အသံလှိုင်းတိုက်ခိုက်မှုသည် စွမ်းအင် အများအပြား ကုန်ခမ်းစေခဲ့ပုံရသည်။ ၎င်း၏အခြားတိုက်ခိုက်မှုများနှင့် ပေါင်းစပ်လိုက်ပါက ၎င်း၏စွမ်းအင်မှာ အမှန်တကယ်ပင် ကုန်ခမ်းလုနီးပါး ဖြစ်နေနိုင်ချေ ရှိ၏။
ဂေါ်ရီလာဇွန်ဘီ စွမ်းအင်ကုန်နေလျှင်ပင် ဝမ်ထောင်အနေဖြင့် ပေါ့ဆ၍မရပေ။ သူသည် တန်ပြန်တိုက်ခိုက်မှုတစ်ခုကို ကာကွယ်ရမည် ဖြစ်သည်။
"တိုက် ."
"သတ်.."
မိနစ်အနည်းငယ်မျှ တိုက်ခိုက်ပြီးနောက် ဂေါ်ရီလာဇွန်ဘီ၏ သွေးပမာဏသည် သုံးထောင်ကျော်အထိ လျော့နည်းသွားခဲ့၏။
၎င်းသည် လမ်းဆုံးသို့ ရောက်ရှိနေလေပြီ။
သို့သော် လက်ရှိ၌ ဇွန်ဘီတင်ရမကဘဲ ဝမ်ထောင်နှင့် အခြားသူများသည်လည်း ရုန်းကန်နေကြရသည်။ သူတို့သည်လည်း စွမ်းအင် ကုန်ခမ်းလုနီးပါး ဖြစ်နေကြလေပြီ။
အစောပိုင်းက ဇွန်ဘီအများအပြားကို သတ်ဖြတ်ခဲ့ရပြီးနောက် ဂေါ်ရီလာဇွန်ဘီနှင့် ဆက်လက်တိုက်ခိုက်ရသဖြင့် စွမ်းအင် ကုန်ခမ်းမှုမှာ အလွန်မြင့်မားလှသည်။ ယခုအခါ သူတို့အနက် အချို့သည် အနည်းငယ် မူးဝေနောက်ကျိမှုကို ခံစားနေကြရ၏။
ဂေါ်ရီလာဇွန်ဘီသည် ဝေကျန့်ကော်နှင့် ရှန့်ဟုန်ပင်းတို့၏ တုန်ခါလှိုင်းများကို ပိတ်ဆို့ရန် သူ၏လက်မောင်းများကို မြှောက်လိုက်သည့် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဝမ်ထောင်သည် နောက်ထပ်တုန်ခါလှိုင်းတစ်ခုကို ပစ်လွှတ်လိုက်သည်။
ဝုန်း——
【-၄၅၆】
【၂၇၅၉/၁၀၀၀၀】
ဂေါ်ရီလာဇွန်ဘီ၏ သွေးပမာဏသည် သုံးထောင်အောက်သို့ တိုက်ရိုက် လျော့နည်းသွားခဲ့၏။
သို့သော် ဝမ်ထောင် အောင်ပွဲခံရန်ပင် အချိန်မရသေးမီမှာပင် သူသည် ကြီးမားလှသော အန္တရာယ်ခံစားမှုကို ရုတ်တရက် ခံစားလိုက်ရသည်။
"မကောင်းတော့ဘူး... ဆုတ်"
ဝမ်ထောင်သည် ကြေးအရေပြားသံမဏိအရိုး စွမ်းရည်ကို ချက်ချင်းအသက်သွင်းရင်း တအားအော်ဟစ်လိုက်၏။ သူသည် မိမိ၏မသိစိတ်ကို အပြည့်အဝ ယုံကြည်သည်။
သူ့ကို ဆွဲခေါ်ထားသော ရွှံ့ညွန်စွမ်းရည်ရှင်များသည်လည်း သူနှင့်အတူ ချက်ချင်း ဆုတ်ခွာကြတော့သည်။
ဝေကျန့်ကော်နှင့် အခြားသူများသည် အကြောင်းရင်းကို နားမလည်ကြသော်လည်း ဝမ်ထောင်၏ အမိန့်ကို လိုက်နာကာ အမြန်ဆုံးဆုတ်ခွာကြ၏။
ထို့နောက် သူတို့သည် ဂေါ်ရီလာဇွန်ဘီ၏ ကြွက်သားများ စတင်ဖောင်းပွလာပြီး ၎င်း၏ခန္ဓာကိုယ်အရွယ်အစား တဖြည်းဖြည်း ကြီးမားလာကာ ၎င်း၏ပုပ်ပွနေသော အရေပြားများ ဆုတ်ဖြဲခံရလျက် ၎င်း၏အောက်ခြေရှိ ရွှံ့များ စတင်ဆူပွက်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။
"ဝုန်း——"
ခဏအကြာတွင် ခန္ဓာကိုယ်တစ်ခုလုံး၌ ကြွက်သားများ ထွက်ပြူနေသော ပိုမိုကြီးမားပြီး ရုပ်ဆိုးလှသော ဂေါ်ရီလာဇွန်ဘီတစ်ကောင်သည် လူတိုင်း၏မျက်စိရှေ့တွင် ပေါ်ထွက်လာ၏။
"မအေ.....အဲဒါ ဘာကြီးလဲ"
ထိုအရာကို မြင်လိုက်ရသောအခါ ရှန့်ဟုန်ပင်းသည် ဒေါသထွက်လွန်း၍ ဆဲပင်
ဆဲလိုက်မိသည်။
ဂေါ်ရီလာဇွန်ဘီသည် မူလက ခြောက်မီတာခန့် မြင့်မားပြီး နှစ်ထပ်တိုက်အဆောက်အအုံ အရွယ်အစားနှင့် ညီမျှသည်။ ၎င်း၏ထုထည်ကြီးမားသော ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်ပါက ၎င်း၏တည်ရှိမှုမှာ အလွန်ပင် ဖိအားပေးနိုင်၏။
သို့သော် ယခုအခါ ဂေါ်ရီလာဇွန်ဘီသည် ဆယ်မီတာနီးပါးအထိ မြင့်မားလာခဲ့ပြီ ဖြစ်သည်။ ၎င်းသည် သုံးထပ် အဆောက်အအုံအရွယ်အစား ရှိ၏။
၎င်း၏ခန္ဓာကိုယ်သည်လည်း ပိုမိုကြီးမားလာခဲ့သလို ပုပ်ပွနေသော အရေပြားများ ကွယ်ပျောက်သွားခဲ့ပြီး နက်မှောင်နီရဲသော ကြွက်သားတစ်ရှူးများသာ ကျန်ရစ်တော့သည်။
ဤအရာသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။
"ဒါမျိုးကြီးက ဒုတိယအဆင့်တဲ့လား။ ငါတို့ ဘယ်လို တိုက်ရမှာလဲ"
ဂေါ်ရီလာဇွန်ဘီ၏ သွေးပမာဏမှာ 【၁၀၀၀၀/၁၀၀၀၀】ဟု အပြည့်အဝ ပြန်ပြည့်သွားသည်ကို မြင်လိုက်ရသောအခါ ဝမ်ထောင်သည် ဆွံ့အသွားခဲ့ရသည်။
ကြီးမားလာသော ဂေါ်ရီလာဇွန်ဘီသည် ရွှံ့ညွန်ကို လုံးဝလျစ်လျူရှုလိုက်ပြီး ဝမ်ထောင်ထံသို့ ဆက်လျှောက်လာ၏။
"မင်းတို့ ဆုတ်ကြတော့"
ဝမ်ထောင်သည် သူ၏အောက်ခြေရှိ ရွှံ့ညွန်စွမ်းရည်ရှင်များကို လှမ်းအော်လိုက်ပြီးနောက် ကမ်းခြေပေါ်သို့ ခုန်တက်လိုက်သည်။
ရွှံ့ညွန်၏ အနက်မှာ ကန့်သတ်ချက်ရှိသဖြင့် ဤမျှအထိ အရွယ်အစား ကြီးမားလာသော ဂေါ်ရီလာဇွန်ဘီအပေါ်တွင် ထိရောက်မှု မရှိတော့ချေ။
ဝမ်ထောင်သည် ရွှံ့ညွန်စွမ်းရည်ရှင်များ အပြန်အလှန်တိုက်ခိုက်မှုအတွင်း ပိတ်မိမသွားစေချင်ပါ။ သူက ပြေးလွှားရင်း သူ၏ဝေါ်ကီတော်ကီအတွင်းသို့ ပြောကြားလိုက်၏။
"ဂေါ်ရီလာဇွန်ဘီရဲ့ သွေးတွေ အပြည့်ပြန်ဖြစ်သွားပြီ။ ငါတို့ မနိုင်ဘူး... အရင်ပြေးကြစို့။ နောက်မှ နည်းလမ်းတစ်ခုခု ရှာကြတာပေါ့"
လူတိုင်းသည် အနည်းငယ် ဆွံ့အသွားခဲ့ကြသည်။
သူတို့သည် ဂေါ်ရီလာဇွန်ဘီမှာ အသက်စွမ်းအားကုန်ခမ်းလုနီးပါး ဖြစ်နေသည်ကို သတိထားမိနေခဲ့ကြရာမှ ၎င်းသည် မည်ကဲ့သို့ ရုတ်တရက် အပြည့်အဝ ပြန်ပြည့်သွားရသနည်း။
ထိုအုပ်စုသည် မကျေမနပ် ဖြစ်သွားကြသော်လည်း ယခုအချိန်တွင် ဆုတ်ခွာရမည်ကို သိ၏။
သို့သော်... သူတို့ ထွက်ပြေးရန်မှာ အနည်းငယ် နောက်ကျသွားခဲ့ပုံရသည်။
ဂေါ်ရီလာဇွန်ဘီသည် သူ၏ပါးစပ်ကို အကျယ်ကြီးဖွင့်လိုက်ပြီး နောက်ထပ်ဒေါသတကြီး အော်ဟစ်သံတစ်ခုကို ထုတ်ဖော်လိုက်ပြန်၏။
"ဂါး------—"
ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ဆူညံသံကြီးတစ်ခုသည် လူတိုင်း၏နားထဲတွင် တိုက်ရိုက် မြည်ဟည်းသွားခဲ့သည်။ နားကို ပိတ်ထားခြင်းကလည်း အကူအညီ မဖြစ်ခဲ့ချေ။
ထိုအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံးသည် အသံအားလုံး ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။
ဝမ်ထောင်သည် ထိုနေရာ၌ပင် ဒူးထောက်လျက် သွားကို တင်းတင်းကြိတ်ကာ သူ၏ဆံပင်များကို ဆုပ်ကိုင်ထားမိသည်။ သူသည် မိမိ၏ဦးခေါင်းမှာ ပြင်းထန်စွာပေါက်ကွဲတော့မလို ခံစားလိုက်ရ၏။
ဝိုးတဝါးအမြင်ဖြင့် ဝမ်ထောင်သည် ဂေါ်ရီလာဇွန်ဘီက မိမိထံသို့ တဖြည်းဖြည်း လှမ်းလျှောက်လာသည်ကို မြင်တွေ့လိုက်ရပြီး ၎င်း၏ကြီးမားလှသော လက်သီးမှာ သူ၏ဦးခေါင်းအထက်တွင် ရောက်ရှိလာနေခဲ့ပြီ ဖြစ်သည်။
သို့သော် ဝမ်ထောင်မှာ ဤအခိုက်အတန့်တွင် ဘာမျှ မလုပ်ဆောင်နိုင်ပါ။. ရုတ်တရက် သူသည် မိမိ၏ဝမ်းဗိုက်ကို တစ်စုံတစ်ခုနှင့် တိုက်မိသွားသလို ခံစားလိုက်ရပြီး ပန်းခင်းတစ်ခုအတွင်းသို့ လွင့်စင်သွားခဲ့ရသည်။
ဝုန်း——
ဂေါ်ရီလာဇွန်ဘီသည် သူ၏လက်သီးကို ချလိုက်သော်လည်း ၎င်းသည် ဟင်းလင်းပြင်ကိုသာ ရိုက်ခတ်သွားခဲ့၏။
"အား—"
ဝမ်ထောင်သည် မြေပြင်မှ ထရန် ရုန်းကန်လိုက်ရပြီး သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် အတင်းအကျပ် လုပ်ဆောင်လိုက်ရသည်။ သူသည် ကိုယ်တိုင်ကုသခြင်းကို အလျင်အမြန် အသက်သွင်းလိုက်စဉ်မှာပင် သူ၏မျက်ဝန်းများမှ အစိမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်လိုက်၏။
"ဘာဖြစ်သွားတာလဲ ... ငါ့ကို တစ်ယောက်ယောက်က ကယ်တင်လိုက်တာလား..."
ဝမ်ထောင်သည် မူးဝေနေသော ဦးခေါင်းကို ပွတ်သပ်လိုက်သော်လည်း သူ၏ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိချေ။
သို့သော် သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည့်အခါ ရွှံ့ညွန်စွမ်းရည်ရှင်များ၏ ဦးခေါင်းများအားလုံး ပေါက်ကွဲနေခဲ့ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များမှာ ရွှံ့များထဲတွင် မတ်တပ်ရပ်လျက် ရှိနေဆဲ ဖြစ်သည်ကို မြင်လိုက်ရ၏။ မလှမ်းမကမ်းတွင်မူ ဒုတိယမြောက် ခံစစ်အကောင်းဆုံး ဖြစ်ကြသော ဖတ်တီးညီအစ်ကိုနှစ်ယောက်သည်လည်း ၎င်းတို့၏ ဦးခေါင်းများ ပေါက်ထွက်နေခဲ့ကြပြီး ၎င်းတို့၏ ဝဖြိုးသော ခန္ဓာကိုယ်များမှာ လမ်းဘေးပန်းခင်းအတွင်း၌ လဲကျနေခဲ့ကြသည်။
"တောက်"
ဝမ်ထောင်မှာ ဒေါသနှင့်အတူ အံကြိတ်လိုက်သည်။ သူသည် ဂေါ်ရီလာဇွန်ဘီ၏ တိုက်ခိုက်မှုကို မည်သို့ ရှောင်တိမ်းနိုင်ခဲ့သည်ကို တွေးတောနေရန် အချိန်မရှိပါ။ ဝေကျန့်ကော်နှင့် အခြားနှစ်ဦးကို အလျင်အမြန် ရှာဖွေလိုက်သော်လည်း သူ၏တည်နေရာမှ ၎င်းတို့ မည်သည့်နေရာတွင် ရှိနေသည်ကို လုံးဝ မမြင်ရချေ။
ဝမ်ထောင်သည် ဝေါ်ကီတော်ကီအတွင်းသို့ ထပ်မံ၍ လှမ်းအော်လိုက်ပြန်၏။
"မင်းတို့ အသက်ရှင်သေးရဲ့လား။ တစ်ခုခု ပြောကြဦး"
မည်သူမျှ ပြန်မဖြေချေ။
ဒုန်း...
ဒုန်း—
ထိုအခိုက် ဝမ်ထောင်သည် မြေပြင် အနည်းငယ် တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။
သူသည် ခေါင်းကို အလျင်အမြန် လှည့်ကြည့်လိုက်ရာ ရွှံ့များ ပေကျံနေသော ကြီးမားလှသော အရိပ်တစ်ခု မိမိထံသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၏။
"ဂလု ဂလု"
ဝမ်ထောင်သည် အားအင်ပြည့်ဆေးရည် တစ်ပုလင်းကို တဟုန်ထိုး မော့သောက်လိုက်ပြီး ဆေးသေတ္တာများစွာကိုလည်း မညှာမတာအသုံးပြုလိုက်သည်။ သူသည် လျှပ်စီးမိသလို ခံစားလိုက်ရသလို ဖြစ်ပြီး သူ၏စွမ်းအင်နှင့် စိတ်ဓာတ်များကို ပြန်လည်ရရှိခဲ့သော်လည်း သူ၏သွေးပမာဏမှာမူ အပြည့် မဖြစ်သေးချေ။
ထို့နောက် သူသည် အားနည်းဆေးရည်တစ်ပုလင်းကို ထုတ်ပြီး ၎င်းကို ဂေါ်ရီလာဇွန်ဘီ၏ မျက်နှာဆီသို့ တည့်တည့် ပစ်ထည့်လိုက်၏။
ခွပ်—
အားနည်းဆေးရည်ပုလင်းသည် ကြေမွသွားခဲ့ပြီး ဂေါ်ရီလာဇွန်ဘီကလည်း ရှောင်တိမ်းရန်ပင် မကြိုးစားခဲ့ချေ။
ဝမ်ထောင်သည် ၎င်း၏သွေးဘားတန်းအောက်တွင် ၂၀ ရာခိုင်နှုန်း အားနည်းချက်ပြအချက်အလက် ပေါ်လာသည်ကို မြင်လိုက်ရပြီး ဂေါ်ရီလာဇွန်ဘီ၏ ခြေလှမ်းများမှာ အနည်းငယ် တုန့်ဆိုင်းသွားခဲ့သည်။
သို့သော် ယခုအရာကြီးသည် ပိုမိုအားကောင်းလှသော၊ သွေးအပြည့်ရှိသော ဂေါ်ရီလာဇွန်ဘီ ဖြစ်သည်။ ၂၀ ရာခိုင်နှုန်း အားနည်းချက် ရှိနေလျှင်ပင် သူသည် ၎င်းကို မနိုင်နိုင်သေးချေ။
ဝမ်ထောင်သည် ဆုတ်ခွာလိုသော်လည်း ဝေကျန့်ကော်နှင့် အခြားသူများ သေဆုံးသွားခြင်း ရှိမရှိကို သိရှိနိုင်ရန်အတွက် ဂေါ်ရီလာဇွန်ဘီကို ကျော်ဖြတ်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေရတော့သည်။
သူတို့ မသေဆုံးသေးပါက သူသည် သူတို့ကို ပါ ကယ်တင်နိုင်မလားဆိုသည်ကို ကြိုးစားရမည်ဖြစ်၏။
ဝှစ်——
ဝမ်ထောင်သည် တုန်ခါလှိုင်းတစ်ခုကို ဂေါ်ရီလာဇွန်ဘီ၏ ဦးခေါင်းဆီသို့ တည့်တည့် ပစ်မှတ်ထားလိုက်၏။
ဖတ်...
【-၅၃၂】
【၉၅၆၈/၁၀၀၀၀】
"ဟင်"
ဝမ်ထောင်သည် သူ၏တိုက်ခိုက်မှုမှာ ယခင်ကထက် များစွာ ပိုမိုမြင့်မားနေသည်ကို မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိခဲ့သည်။
မဟုတ်ဘူး. ။
သူ၏တိုက်ခိုက်မှုက တိုးတက်လာခြင်း မဟုတ်ဘဲ ရန်သူ၏ခံစစ် အနည်းငယ် လျော့နည်းသွားခြင်း ဖြစ်၏။
သို့သော်... ၎င်းသည် အသုံးမဝင်ပေ။
၎င်း၏ခံစစ် လျော့နည်းသွားလျှင်ပင် ဝမ်ထောင်သည် အနိုင်မရနိုင်သေးချေ။
"ဂါး——"
ဂေါ်ရီလာဇွန်ဘီသည် တိုက်ခိုက်ခြင်း ခံရပြီးနောက် အော်ဟစ်လိုက်ပြီး သူတွေ့တွေ့သမျှသော သစ်ပင်များ၊ ကျောက်တုံးများနှင့် အလားတူအရာများကို ကောက်ယူကာ ဝမ်ထောင်၏ ဦးခေါင်းဆီသို့ ပစ်ပေါက်တော့သည်။ ၎င်းသည် သူ၏လမ်းကြောင်းကိုပင် ကြိုတင်ခန့်မှန်းကာ သူ၏အရှေ့ဘက်သို့ ပစ်ပေါက်ခဲ့ခြင်း ဖြစ်၏။
ဝမ်ထောင်၏ အရှိန်ပြင်းဝင်တိုက်စွမ်းရည်မှာ ပြန်သုံးရန်ကြာချိန် ဖြစ်နေဆဲ ဖြစ်သဖြင့် အသုံးမပြုနိုင်ရာ သူသည် ဘယ်ညာ ရှောင်တိမ်းရန်သာ တတ်နိုင်တော့သည်။
ခဏအကြာတွင် သူသည် တိုက်ခိုက်မှုအများစုကို ရှောင်တိမ်းနိုင်ခဲ့ပြီး ဒဏ်ရာမရရှိခဲ့သော်လည်း ဂေါ်ရီလာဇွန်ဘီမှာမူ အကွာအဝေးကို ပိတ်ဆို့ထားခဲ့ပြီ ဖြစ်၏။
"ငါ မလွတ်နိုင်တော့ဘူး..."
ဝမ်ထောင်သည် သက်ပြင်းချလိုက်မိသည်။
သူသည် ဂေါ်ရီလာဇွန်ဘီနှင့် အသက်လုတိုက်ပွဲ မဆင်နွှဲလိုပေ၊ အကြောင်းမူကား သူကသာ သေဆုံးရမည့်သူ ဖြစ်လာနိုင်ချေ ရှိသောကြောင့် ဖြစ်၏။ သို့သော် ယခုအခါ အခြားရွေးချယ်စရာ မရှိတော့ချေ။
ဝမ်ထောင်သည် အံတင်းတင်းကြိတ်လိုက်၏။ ထို့နောက် သူသည် ခံစစ်ဆေးရည်၊ အပြေးမြန်ဆေးရည်၊ ခွန်အားဆေးရည်နှင့် အမြင်အာရုံဆေးရည်တို့ကို သူ၏လက်မောင်းအတွင်းသို့ တစ်ပြိုင်နက်တည်း ချက်ချင်း ထိုးသွင်းလိုက်သည်။
ဤဆေးရည်များ၏ အစွမ်းပြချိန်မှာ အလွန်တိုတောင်းလှသော်လည်း ပြန်လည်အသုံးပြုရန်ကြာချိန်မှာမူ အလွန်ရှည်လျားလှ၏။ ဝမ်ထောင်သည် ၎င်းတို့ကို ယခင်က မသုံးစွဲခဲ့သော်လည်း ယခုအခါ သူ၌ ရွေးချယ်စရာ မရှိတော့ချေ။
ချက်ချင်းပင် ဝမ်ထောင်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် စွမ်းအားများ ပြည့်လျှံလာသည်ကို ခံစားလိုက်ရသည်၊ ၎င်းသည် သူ တစ်ခါမျှ မခံစားဖူးသော စွမ်းအားအဆင့်မျိုး ဖြစ်၏။
သို့သော် ဤဆေးရည်များ၏ ကြာချိန်မှာ တစ်မိနစ်ခန့်သာ ရှိသဖြင့် ဤအရာသည် ခဏမျှသာ ဖြစ်သည်ကို သူ မမေ့ပါ။
"ကျား—"
ဝမ်ထောင်သည် အသက်ကို ပြင်းပြင်းရှူကာ မာန်သွင်းလိုက်၏။ သူသည် ဂေါ်ရီလာဇွန်ဘီကို မနှိမ်နင်းနိုင်သည်ကို သိသော်လည်း ကြိုးစားကြည့်ရမည်ဖြစ်ပြီး နောက်မှ ထွက်ပြေရန် အခွင့်အရေးကို ရှာဖွေရမည် ဖြစ်သည်။
ဝမ်ထောင်သည် သူ၏နောက်ခြေကို အားကုန်ကန်ကာ ဂေါ်ရီလာဇွန်ဘီထံသို့ ဟူးခနဲပြေးဝင်သွားခဲ့ပြီး ခွဲစိတ်ပေါက်ဓား ခြောက်လက်သည် သူ၏လက်ထဲတွင် ပေါ်လာခဲ့၏။
ဝှစ်——ဝှစ်
ဝှစ်...
ပေါက်ဓားများသည် ဂေါ်ရီလာဇွန်ဘီ၏ မျက်နှာဆီသို့ တည့်တည့် ပျံသန်းသွားခဲ့သည်။
ဇွပ်—
လေးလက်မှာ ပိတ်ဆို့ခြင်း ခံလိုက်ရသော်လည်း ပေါက်ဓားနှစ်လက်မှာမူ ဂေါ်ရီလာဇွန်ဘီ၏ ပါးစပ်စွန်းများအတွင်းသို့ အောင်မြင်စွာ စိုက်ဝင်သွားခဲ့သည်။
【-၂၃၁】
【-၂၄၅】
【၉၀၉၂/၁၀၀၀၀】
ထိုဓားနှစ်လက်သည် သွေးပမာဏ ငါးရာကျော်ကို လျော့နည်းစေခဲ့သည်။ ယခင်နှင့် နှိုင်းယှဉ်လျှင် ဤထိခိုက်မှုမှာ မနည်းလှပေ။ ဂေါ်ရီလာဇွန်ဘီ၏ သွေးပမာဏမှာ ၉၀ ရာခိုင်နှုန်းသို့ လျော့နည်းသွားခဲ့ပြီ ဖြစ်၏။
ထို့နောက် ဝမ်ထောင်သည် သူ၏ပုဆိန်ကို ချက်ချင်းကောက်ယူကာ ဂေါ်ရီလာဇွန်ဘီထံသို့ တုန်ခါလှိုင်းတစ်ခု ပစ်လွှတ်လိုက်သည်။
ဝုန်း...
【-၆၂၂】
【၈၄၇၀၀/၁၀၀၀၀】
ဤတစ်ကြိမ်တွင်လည်း ဂေါ်ရီလာဇွန်ဘီသည် မရှောင်တိမ်းခဲ့ချေ။ ရှောင်မည့်အစား ၎င်းသည် ပုဆိန်များထိမှန်မှုကို ခံယူရင်း ဝမ်ထောင်ထံသို့ လက်သီးတစ်ချက် တည့်တည့် ထိုးနှက်လိုက်၏။
ဂေါ်ရီလာဇွန်ဘီ၏ အရှိန်မှာ ယခင်ကထက် များစွာ ပိုမိုမြန်ဆန်လှသည်။ ဝမ်ထောင်တွင် ရှောင်တိမ်းရန် အချိန်မရှိသဖြင့် သူ၏လက်မောင်းများကို ယှက်ကာ ထိုရိုက်ချက်ကို အောင့်ခံလိုက်ရတော့သည်။
သူ၏အဆင့် ၂ ကြေးအရေပြားသံမဏိအရိုး စွမ်းရည်နှင့် ခံစစ်ဆေးရည်တို့ ပေါင်းစပ်လိုက်ပါက အဆင်ပြေသင့်သည်—
ဝုန်း။
【-၂၁၂၅】
【၁၀၇၄/၄၉၉၉】
ဝမ်ထောင်သည် ဆယ်မီတာကျော်လောက်အထိ ဆကိတိုက် လွင့်စင်သွားခဲ့၏။
"ဖူး—"
သူသည် လေထဲတွင် သွေးတစ်လုပ်ကို ထွေးထုတ်လိုက်ရပြီးနောက် ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
"ဒါက... ဘာကြီးလဲ"
ဝမ်ထောင်သည် မယုံကြည်နိုင်ခဲ့ပါ။၊ လက်ရှိဂေါ်ရီလာဇွန်ဘီ၏ တိုက်ခိုက်မှုစွမ်းအားမှာ အလွန်ပင် ပြင်းထန်လှပေသည်။
"ငါ တကယ်ပဲ သေတော့မှာလား..."
ဝမ်ထောင်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရ၏။
ဒုန်း—ဒုန်း—
ဂေါ်ရီလာဇွန်ဘီသည် တုန့်ဆိုင်းမနေခဲ့ပါ ။ ၄င်းက ဝမ်ထောင်ထံသို့ တဖြည်းဖြည်း လှမ်းလာခဲ့သည်။ ယခုအခြေအနေသို့ ပြောင်းလဲသွားပြီးနောက် ၎င်းသည် များစွာ ပိုမိုတည်ငြိမ်နေပုံရပြီး မလောသော ခြေလှမ်းများဖြင့် လျှောက်လာနေခဲ့သော်လည်း ဤအရာသည် ဖိအားပေးမှုကို ပိုမိုပြင်းထန်စေခဲ့၏။
ထိုစဉ်မှာပင် ပိန်ပါးသော ခန္ဓာကိုယ်တစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာပြီး ဂေါ်ရီလာဇွန်ဘီထံသို့ တိုက်ရိုက် ပြေးဝင်ဆောင့်လိုက်သည်။
ထိုခန္ဓာကိုယ်မှာ အားနည်းပုံရသော်လည်း ၎င်းသည် ဂေါ်ရီလာဇွန်ဘီကို အမှန်တကယ်ပင် လွင့်စင်သွားစေခဲ့၏။
ဝုန်း...
နှစ်ဦးစလုံး မြေပြင်ပေါ်သို့ တစ်ပြိုင်နက်တည်း လဲကျသွားခဲ့ကြသည်။
ပိန်ပါးသော ထိုခန္ဓာကိုယ်သည် လဲကျနေရာမှ ထကာ န ဝမ်ထောင်ကို အေးစက်သော အကြည့်တစ်ချက် လှည့်ကြည့်လိုက်၏။
ဝမ်ထောင်သည် သူ့ကို မြင်လိုက်ရသောအခါ အလွန်ထိတ်လန့်သွားတော့သည်။
"ဝူဖေး"
ဂေါ်ရီလာဇွန်ဘီကို လဲကျသွားအောင် ပြုလုပ်ခဲ့သူမှာ အခြားသူမဟုတ်ဘဲ လွန်ခဲ့သော အချိန်အတန်ကြာက သူ စခန်းအပြင်ဘက်တွင် တွေ့ဆုံခဲ့ဖူးသော ဝူဖေး ဖြစ်နေ၏။
သို့သော် ဝူဖေး၏ လက်ရှိအခြေအနေမှာ ၎င်းတို့ နောက်ဆုံးတွေ့ဆုံခဲ့စဉ်ကနှင့် ကွဲပြားလှသည်။
သူ၏သွေးဘားတန်းမှာ လက်ရှိအချိန်အထိ လင်းလက်နေဆဲ ဖြစ်သော်လည်း သူ၏သွေးပမာဏမှာ 【၄၇၅၆/၄၉၉၉】 သို့ ရောက်ရှိနေခဲ့လေပြီ ။ ထို့ထက်ပို၍ အရေးကြီးသည်မှာ သူ၏ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများမှာ 【၁၀၀%】 အထိ မြင့်မားနေခဲ့ခြင်း ဖြစ်သည်။
၁၀၀% အညစ်အကြေးတွေ ရှိနေတာကို သူက ဇွန်ဘီမဖြစ်သေးဘူးလား။
ဝမ်ထောင် ထိတ်လန့်ကာ ရှုပ်ထွေးနေဆဲမှာပင် ဝူဖေး၏ လည်ပင်း၊ မျက်နှာနှင့် သူ၏မျက်လုံးများအတွင်း၌ပင် နက်မှောင်သော သွေးပြန်ကြော အများအပြား စတင်ပေါ်ထွက်လာခဲ့၏။ သူ၏သူငယ်အိမ်များသည်လည်း တဖြည်းဖြည်း ဖြူဖျော့လာခဲ့ကြသည်။
"သူ ဇွန်ဘီအဖြစ် ပြောင်းတော့မယ်"
ဝမ်ထောင်သည် ခေတ္တမှ ငေးကြောင်သွားခဲ့ရသည်။ သူသည် မိမိအနေဖြင့် အပိုအကူအညီတစ်ခု ရရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း အခြားရန်သူတစ်ဦးကိုပါ ထပ်မံ ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော် နောက်ဆက်တွဲမှာ ဝမ်ထောင်၏ မျှော်လင့်ချက်များကို လုံးဝ ကျော်လွန်သွားခဲ့သည်။
တောင့်တင်းနေသော မျက်နှာရှိသည့် ဝူဖေးသည် ရုတ်တရက် သူ၏ပါးစပ်စွန်းများကို ကွေးလိုက်ပြီး အလွန်ခက်ခဲစွာဖြင့် စကားပြောဆိုလိုက်၏။
"ငါ... ပြော... ခဲ့... တယ်... ငါ... မင်း... ကို... ကျေးဇူး... ဆပ်... မယ်"
စကားပြောပြီးနောက် ဝူဖေးသည် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ခြေကိုတအားကန်ကာ ပြန်လည်ရုန်းထလာသော ဂေါ်ရီလာဇွန်ဘီထံသို့ ပြေးဝင်သွားခဲ့တော့သည်။
သူလှည့်လိုက်စဉ်အတွင်း သူ၏သွေးပမာဏမှာ ၄၉၉၉ မှ ၅၀၀၀ သို့ ပြောင်းလဲသွားခဲ့၏။
အဆင့် ၂... ဇွန်ဘီတစ်ကောင်။
ဝူဖေး၏ သွေးပမာဏသာ ပြောင်းလဲသွားခဲ့ခြင်း မဟုတ်ဘဲ သူ၏ဝမ်းဗိုက်မှာ ရုတ်တရက် ချိုင့်ဝင်သွားခဲ့ပြီး သွေးစွန်းနေသော နံရိုးများသည် သူ၏အရေပြားကို ထိုးဖောက်လျက် အပြင်သို့ ထွက်လာခဲ့ကြသည်။ ဤနံရိုးများသည် အပြင်ဘက်သို့ အလျင်အမြန် ကွေးသွားခဲ့ကြပြီး စူးရှသော သွားများဖြင့် ပြည့်နှက်နေသည့် ကြီးမားလှသော ပါးစပ်ကြီးတစ်ခုနှင့် တူလှ၏။
ဝူဖေးသည် ဂေါ်ရီလာဇွန်ဘီ၏ ဦးခေါင်းပေါ်သို့ ချက်ချင်း ပြေးတက်လိုက်ပြီး ၎င်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ ထိုစူးရှသော နံရိုးများသည် ဂေါ်ရီလာဇွန်ဘီ၏ မျက်နှာအတွင်းသို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့သည်။
ဇွပ်။
【-၅၀၀၀】
【၃၄၁၀/၁၀၀၀၀】
ဝူဖေး၏ တစ်ကြိမ်တည်းသော လှုပ်ရှားမှုသည် ဂေါ်ရီလာဇွန်ဘီထံမှ သွေးပမာဏ ငါးထောင်ကို ချက်ချင်း လျော့နည်းစေခဲ့၏။
ဂေါ်ရီလာဇွန်ဘီသည် မြေပြင်ပေါ်သို့ ထပ်မံလဲကျသွားခဲ့ရပြီး ၎င်း၏ခန္ဓာကိုယ်မှာ တောင့်တင်းစွာ ယိမ်းထိုးနေခဲ့သော်လည်း ၎င်းမှာ သိပ်မလှုပ်ရှားနိုင်တော့ချေ။
"ဒါက အခွင့်အရေးပဲ"
ဝမ်ထောင်သည် သွားကို တင်းတင်းကြိတ်ကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုများကို အောင့်အည်းရင်း ဂေါ်ရီလာဇွန်ဘီ၏ ဘေးနားသို့ ပြေးသွားကာ ၎င်း၏ဦးခေါင်းဆီသို့ သူ၏ပုဆိန်ကို ရူးသွပ်စွာ စတင်ခုတ်တော့သည်။
【-၆၇၄】
【-၇၄၂】
【-၈၂၃】
【-၁၁၇၁】
【၀/၁၀၀၀၀】
ဇွပ်။
ဂေါ်ရီလာဇွန်ဘီ၏ ဦးခေါင်းသည် နောက်ဆုံး၌ ပေါက်ထွက်သွားခဲ့တော့သည်။
"ဂါး...ဂရား..."
ဂေါ်ရီလာဇွန်ဘီ သေဆုံးသွားပြီးနောက် ဝမ်ထောင် သက်ပြင်းပင် မချနိုင်သေးမီမှာပင် ဝူဖေးသည် ဂေါ်ရီလာဇွန်ဘီ၏ ဦးခေါင်းကို ချက်ချင်း လွှတ်လိုက်ပြီး သူ၏ထံသို့ တည့်တည့် ပြေးဝင်လာသည်ကို သူ မြင်လိုက်ရ၏။ သူ၏ဝမ်းဗိုက်ပေါ်ရှိ စူးရှသော နံရိုးများသည် ပါးစပ်ကြီးတစ်ခုလို ဟပြဲကာ လှုပ်ရှားနေဆဲ ဖြစ်ပြီး ဝမ်ထောင်ကို တစ်ခုလုံး ဝါးမြိုလိုဟန် တူလှသည်။
ဝမ်ထောင်သည် ထိတ်လန့်သွားခဲ့ရပြီး မသိစိတ်ဖြင့် သူ၏ပုဆိန်ကို ဝူဖေးထံသို့ လွှဲယမ်းလိုက်မိ၏။
ဇွပ်—
【-၁】
【၀/၅၀၀၀】
ဝူဖေး၏ သွေးဘားတန်းမှာ သုညသို့ ရောက်ရှိသွားခဲ့တော့သည်...။
...............
ရွှေကျဲတောင်တွင်ဖြစ်သည်။
တောက်ပသော အရောင်အသွေးများကို ဝတ်ဆင်ထားကြပြီး အစိမ်းရောင်ဓာတ်ငွေ့များကို ထုတ်လွှတ်နေကြသော ဇွန်ဘီအုပ်စုတစ်စုမှာ အနည်းငယ် ရူးသွပ်စွာ လှုပ်ရှားနေကြသည်။
ဤဇွန်ဘီအုပ်စု၏ အလယ်ဗဟိုတွင် ခေါင်းစွပ်ကို ဝတ်ဆင်ထားသည့် ပိန်ပါးသော ခန္ဓာကိုယ်တစ်ခုသည် ဦးခေါင်းကို ဆက်ခနဲ လှည့်ကြည့်လိုက်ရာ သွေးကဲ့သို့ နီရဲသော မျက်ဝန်းတစ်စုံမှာ စူးခနဲ ဝင်းလက်သွားတော့သည်။
-----------