အခန်း (၁၀၄၅-၁၀၄၈)
Vol. 54 Ch. 1045-1048
အခန်း ၁၀၄၅ ကျေးဇူးမသိတတ်သော
ကျောက်ရွှမ်ကျင်းကပင်လျှင် ရှဲ့ချောင်အား ကံကောင်းသည်ဟူ၍ ထင်လိုက်၏ ။
သူတို့၏ ဆရာသည် ဤမျှ ထင်ရှားသော အရိပ်အမြွက်အား ပေးခဲ့သော်လည်း ဆရာတူမောင်လေးတို့သည် သဘောမပေါက်ကြသေးပေ။
ရှဲ့ချောင်သည် လူအများအပြားနှင့် မဆုံရသည်မှာ ကံကောင်းပေ၏။ ထို့ကြောင့် သူမကို သတိမထားမိရန် လွယ်ကူပေသည်။
သူမသည် ကျောင်းတော်တွင် ခဏတာ နေခဲ့ရသော်လည်း အချိန်ကာလကြာမြင့်ပြီဖြစ်သဖြင့် ရှောင်းယွိရုန်ပင် သူမကို ချက်ချင်း သတိမထားမိတော့ပေ။ ထို့သို့မဟုတ်လျှင် သူတို့နှစ်ဦးစလုံး ကျန်းမာရေးမကောင်းသူများဖြစ်ကြောင်းနှင့် ရှဲ့ဖင်းဟွိုက် ပြောခဲ့သည်များကို ပြန်တွေးကြည့်ပါက…
သူသည် အမှန်တရားကို သဘောပေါက်ခဲ့သင့်သည်။ ကံမကောင်းစွာဖြင့် ရှဲ့ချောင်သည် နောက်ထပ် အခက်အခဲတစ်ခုမှ ထပ်မံလွတ်မြောက်သွားပြန်၏။ ယခုအခါ အစ်မကြီးသည် ဆရာကြီးယွင်ဝေ့ဖြစ်ကြောင်း သိရသောအခါ သူတို့ အလွန်စိတ်လှုပ်ရှားနေကြပြီ ဖြစ်၏။ သူမ၏ သရုပ်အမှန် ကို သိရှိပါက မျက်နှာပူသွားကြကာ ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်သောအခြေအနေပင်ရှိ၏ ။
ဤအချိန်တွင် စန်းယောင်နှင့် ကျန်းကျင်လုတို့သည် သူတို့၏ ဆရာတူအစ်မ အကြီးဆုံးကို လုံးဝလက်ခံယုံကြည်သွားကြသည်။
သူတို့ ဆရာ၏ ချီးကျူးစကားများကို ကြားသောအခါ သူမသည် အလွန်ပင်အရည်အချင်းရှိသည်ဟူ၍ ထင်ခဲ့ကြ၏။ သို့သော် သူတို့တွေ့သောအခါ သူမသည် ဣန္ဒြေကြီးပြီး စကားသိပ်မပြောပေ။ သူမ၏ အရည်အချင်းအတိမ်အနက်အား မမြင်နိုင်ကြပေ။ သူတို့၏ ဆရာသည် သူမအား ပိုမိုချစ်ခင်ပြီး သူမ၏ အရည်အချင်းအား အနည်းငယ် ချဲ့ကားထားသည်ဟူ၍သာ ခံစားကြရ၏ ။
သို့သော် ယခုတွင်…
ကျန်းကျင်လုပင်လျှင် သူ၏ ဆရာတူအစ်မ အကြီးဆုံးအပေါ် မကောင်းမြင်ခဲ့သည်များကို ကျေးဇူးမသိတတ်သည်ဟူ၍ပင် ခံစားခဲ့ရ၏….
သူတို့ ပန်းချီကားကို ကြည့်ရှုပြီးနောက် သူတို့၏ ဆရာတူအစ်မ အကြီးဆုံးကို လူကိုယ်တိုင် ရှိခိုးကန်တော့လိုသောအခါ သူမသည် ထွက်ခွာသွားပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရ၏ ။
သူတို့သုံးဦးစလုံး အနည်းငယ် မျက်နှာပူသွားကြသည်။
သူတို့သည် ပန်းချီကားကို ကြည့်ရှုရင်း အာရုံစိုက်လွန်းသွား၍ ယွင်ဝေ့သည် သူတို့ဘေးတွင် ရှိနေသည်ကိုပင် မေ့သွားကြသည်။
"ဆရာတူအစ်မ အကြီးဆုံး ဘယ်ရောက်သွားပြီလဲ..." ရှောင်းယွိရုန်၏ နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်လာလေ၏ ။
သူသည်... ဤမျှ အရည်အချင်းပြည့်ဝသော ဆရာတူအစ်မ အကြီးဆုံးကို အမှန်ပင်လက်လွှတ်မခံနိုင်ပေ။
သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်လေး တစ်ချက် လက်သွား၏ ။
"မင်း ပန်းချီကားကို ကြည့်တဲ့ပုံက တံတွေးတွေကျပြီး မျက်တောင်မခတ်တမ်း ဖြစ်နေတော့ အရုပ်ဆိုးလွန်းတယ်။ အဲဒါက ကြောက်စရာကောင်းလွန်းလို့ သူမ မနေနိုင်တော့ဘဲ ထွက်ပြေးသွားတာ ဖြစ်လိမ့်မယ်" ကျောက်ရွှမ်ကျင်းသည် ဖြည်းညှင်းစွာ ပြောလိုက်၏ ။
ရှောင်းယွိရုန်သည် သူ၏ မေးစေ့ကို မသိစိတ်ဖြင့် ပွတ်သပ်ရင်း အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
ပန်းချီကားကို အရင်ကြည့်မိ၍ သူ၏ ဆရာတူအစ်မ အကြီးဆုံးကို မည်သည့်စကားမျှ မပြောမိလိုက်သည်မှာ နှမြောစရာပင်ဖြစ်၏ ။
စန်းယောင်သည် သူ၏ အိတ်ကပ်ထဲမှ ကြေးမှုံမှန်သေးသေးလေးကို ထုတ်ယူကာ သူ၏ မျက်နှာကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏ ။
သူသည် ထိုမျှ အရုပ်ဆိုးသော အမူအရာကို မည်သည့်အခါမှ ပြမည်မဟုတ်ပေ…
"ဆရာတူအစ်မ အကြီးဆုံးက ပန်းချီဆွဲတာ ဒီလောက်တော်လိမ့်မယ်လို့ မထင်ထားဘူး။ ရှုခင်းပန်းချီက တကယ်ကိုပဲ လက်ရာမြောက်တယ်။ အိမ်ပြန်ရောက်ရင် အဲ့ဒီ့အကြောင်းကိုသေချာစဉ်းစားဖြစ်လိမ့်မယ် ထင်တယ်။ ပန်းချီပေါ်မှာ ရေးထိုးဖို့လည်း ကဗျာတစ်ပုဒ် ရေးစပ်ရမယ်..."
သူ စကားမဆုံးမီ ကျောက်ရွှမ်ကျင်းသည် မေးလိုက်၏ "ဆရာတူအစ်မ အကြီးဆုံးက အဲဒါကို သဘောတူခဲ့ရဲ့လား"
ရှောင်းယွိရုန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။
သူမ သဘောမတူပေ။
"သူမ သဘောတူတဲ့အထိ စောင့်ကြတာပေါ့။ သူမ ပန်းချီကားကို ရောင်းဖို့ ရည်ရွယ်ထားတာလည်း ဖြစ်နိုင်ပါတယ်" ကျောက်ရွှမ်ကျင်းသည် ထပ်ပြောလိုက်၏ ။
ငွေပိုပေးသူပေါ် မူတည်ပေမည်။ ရှောင်းယွိရုန် သက်ပြင်းချလိုက်၏။ သူသည် ဆရာတူအစ်မနှင့်အတူ ပန်းချီဆွဲနိုင်ရန် အမှန်ပင်မျှော်လင့်ခဲ့သည်။ ပန်းချီမဟုတ်လျှင်ပင် တခြားသောအရာတွေ လုပ်
နိုင်ရင်ကိုဖြင့် အဆင်ပြေပေသည်။ စောင်းတီးခြင်း၊ ပုလွေမှုတ်ခြင်း၊ တောင်တက်ခြင်း၊ ချောင်းတစ်လျှောက် လမ်းလျှောက်ခြင်းတို့ပင်ဖြစ်၏။ သူသည် ဆရာတူအစ်မအတွက် မြင်းကြိုးဆွဲပေးရုံဆိုလျှင်ပင် အဆင်ပြေ၏... သူ၏ မျက်နှာ အနည်းငယ်နီရဲသွား၏။ ဤအချိန်တွင် ရှဲ့ချောင်သည် ရှဲ့ဖင်းဟွိုက်နှင့်အတူ အခြားနေရာသို့ လျှောက်သွားနေစဉ် သခင်မလေးကျို့နှင့် မတော်တဆ တွေ့ဆုံခဲ့၏။ အမှန်တွင် သခင်မလေးကျို့တစ်ဦးတည်းမဟုတ်ဘဲ ကျောင်းတော်သုံးခုမှ အခြားသူများလည်း ရှိကြပေသည်။ သူတို့သည် ဤနေရာတွင် ကဗျာရွတ်ဆိုပွဲ ကျင်းပနေပုံရသည်။ အတော်လေး စည်ကားနေ၏။
ရှဲ့ချောင်သည် တော်ဝင်ကျောင်းတော်မှ လူအတော်များများကို သိ၏။ သို့သော် အများစုမှာ အမျိုးသမီးများဖြစ်ကြသည်။ ထိုအမျိုးသမီးများသည် သူမနှင့် အသက်အရွယ်တူများဖြစ်ကြ၏။ သူတို့လည်း လက်ထပ်ရန် ပြင်ဆင်နေကြလေသည်။ သူမ ကျောင်းတော်မှ လအနည်းငယ်ကြာ ထွက်ခွာသွားခဲ့ပြီးနောက် သူတို့အများစု၏ အိမ်ထောင်ရေးကိစ္စများကို ဆုံးဖြတ်ပြီးသား ဖြစ်နေပြီဖြစ်၏ ။
သူမ မုန့်ကျားပေါင်မှ ပြန်လာပြီးနောက် စာများစွာ လက်ခံရရှိခဲ့သည်။ ကျောင်းတော်မှ သူမ၏ သူငယ်ချင်းကောင်းများအားလုံး အိမ်တွင် လက်ထပ်ရန် စောင့်ဆိုင်းနေကြပြီး ကျောင်းတော်သို့ မသွားတော့ကြောင်းလည်း သိရှိခဲ့ရ၏ ။
ဥပမာအားဖြင့် ဖန်းမုရွှယ်သည် ချမ်းသာသော မိသားစုမှ ဒုတိယသားနှင့် လက်ထပ်ရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ဒုတိယသား ဖြစ်သော်လည်း သူ၏ အရည်အချင်းမှာ မဆိုးဘဲ တောက်ပသော အနာဂတ်လည်းရှိ၏ ။
ချင်လျို့ကမူ သူမသည် စစ်သူကြီးတစ်ဦး၏ မိသားစုဝင်နှင့် လက်ထပ်ရန် ဆုံးဖြတ်ခဲ့ပြီး ဂုဏ်အရှိန်အဝါကြီးမားသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်ကြောင်း ပြောခဲ့သည်။
သူမ ကျန်းမာရေး ပိုကောင်းလာသောအခါ ပြန်လည်ဆုံဆည်းရန် အစောပိုင်းတွင် ကတိပြုခဲ့ကြသော်လည်း သူမ ပြန်လာပြီးနောက် အလုပ်များနေသဖြင့် တွေ့ဆုံရန် အခွင့်အရေး မရသေးပေ။
••••••
အခန်း ၁၀၄၆ သူပြောတာ မှန်တယ်
လူငယ်များ ကဗျာရွတ်ဆိုပွဲကျင်းပသည့်နေရာသည် သူမ ကဲ့သို့သော တာအိုဆရာမတစ်ဦးအတွက် လုံးဝမသင့်တော်ပေ။
အထဲတွင် ရင်းနှီးသူအတော်များများ မရှိသောကြောင့် ရှဲ့ချောင်သည် လှည့်ပတ်၍ ပြန်ရန်ပြင်ဆင်ခဲ့သည်။ သို့သော် သူမ မထွက်ခွာမီ ရှဲ့ဖင်းဟွိုက်အား တစ်စုံတစ်ဦးက တားဆီးခဲ့၏။ ရှဲ့ဖင်းဟွိုက်သည် သူ့ကိုယ်သူ အပြစ်ကင်းကြောင်း ခံစားရ၏။
သူသည် သူ၏ ဆရာတူအဒေါ်အား ကာကွယ်ရန်သာ လိုက်ပါလာခဲ့ခြင်းဖြစ်၏။ “ဝါရင့်ဆရာကြီးလီ ရောက်နေတယ်လို့ ကြားတယ်။ ဒုတိယသခင်လေးရှဲ့က ဝါရင့်ဆရာကြီးနဲ့အတူ ရှိနေတာလား။ ကျွန်တော်တို့ကို ဒုတိယမင်းသားနဲ့ မိတ်ဆက်ပေးဖို့ အခွင့်အရေးရများရနိုင်မလား” လာရောက်သူသည် ပြောကြားခဲ့သည်။ ရှဲ့ချောင် နားလည်သွားခဲ့၏။
ယနေ့ ကဗျာရွတ်ဆိုပွဲသည် သူ၏ ဆရာကြီးကြောင့် နောက်ဆုံးအချိန်မှ စီစဉ်ခဲ့ရခြင်း ဖြစ်နိုင်၏ ။
“ဆရာကြီးက အဲဒီ့ပြိုကျနေတဲ့ နန်းဆောင်မှာ ရှိပါတယ်။ သူ့ကိုတွေ့ချင်ရင် ဒီတိုင်းလျှောက်သွားလို့ ရပါတယ်။ ဒါပေမဲ့ လူတော့အတော်များတယ်” ရှဲ့ဖင်းဟွိုက်သည်လည်း အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံနိုင်ရန် ကြိုးစားခဲ့သည်။
ယခင်ကတိုင်းဆိုလျှင် သူသည် ဒေါသထွက်နေလောက်ပြီဖြစ်၏။ သို့သော် သူကိုယ်တိုင် ပြဿနာရှာလိုက်သည်ကို သူ၏ အစ်မကြီး သိရှိပါက ဒေါသထွက်မည်ကို ထည့်သွင်းစဉ်းစားမိ၏ ။
ထို့ကြောင့် သူ၏ စိတ်ကို ထိန်းချုပ်ခဲ့၏ ။ သူသည် ငယ်ရွယ်သော်လည်း အရပ်အလွန်ရှည်သည်။ သူ၏ မျက်နှာသည် ကလေးရုပ်မပျောက်သေးပေ။ သူသည် အနေအေးနေပါက အလွယ်တကူအနိုင်ကျင့်ရခံရမည့် ပုံစံမျိုးပင်ဖြစ်၏ ။
“လူတွေအရမ်းများလို့ ငါတို့ကို အဲ့နေရာကိုခေါ်သွား ပေးစေချင်တာ။ တခြားလူတွေအကြောင်း မပြောဘဲနေကြရအောင်။ သူတို့က ငါတို့ ကျောင်းတော်က မဟုတ်ဘူးလေ။ ဒါပေမဲ့ ငါတို့ တစ်ချို့တစ်လေကတော့...” ထိုသူသည် ပြုံးလိုက်ပြီး ပြောလေ၏“ငါ့တို့အားလုံးက ကျောင်းနေဖက်တွေပဲ။ ဒုတိယသခင်လေးက ငါတို့ကို အထင်သေးပြီး ဝါရင့်ဆရာကြီးလီနဲ့ တွေ့ဖို့တောင် အရည်အချင်းမရှိဘူးလို့ ထင်မှာ မဟုတ်ဘူးလား”
ရှဲ့ဖင်းဟွိုက်သည် မျက်မှောင်ကြုတ်လိုက်၏။ “မင်းသိလျက်နဲ့ ဘာလို့မေးနေတာလဲ”
“ဘာ” ထိုသူသည် ကြောင်သွားခဲ့သည်။
“မင်းမှာ အရည်အချင်းမရှိဘူးဆိုတာ သိလျက်နဲ့ ဘာလို့ ဒါကိုပြောနေတာလဲ” ရှဲ့ဖင်းဟွိုက်သည် အနည်းငယ် စိတ်မရှည်တော့ဘဲ ပြောခဲ့၏။ “ဝါရင့်ဆရာကြီးကို တွေ့ချင်တဲ့လူတွေမှ အများကြီးပဲ။ ငါတောင် ဆရာကြီးရဲ့မြေးတပည့်ဖြစ်နေပေမဲ့ ဒီနေ့မှ တစ်ကြိမ်ပဲ တွေ့ရသေးတယ်။ မင်းတို့ သူ့ကိုမ
တွေ့ရတာ ပုံမှန်ပဲ မဟုတ်ဘူးလား။ မင်းက ငါ့ကို မိတ်ဆက်ခိုင်းတယ်။ သူကလည်း ငါ့ကို မိတ်ဆက်ခိုင်းတယ်။ လူတိုင်း ငါ့ဆီလာကြတယ်။ ငါ ဘာလုပ်ရမလဲ။ ဘယ်သူ့ကို ရွေးရမလဲ”
“ငါ မင်းကိုရွေးရင် တခြားလူတွေက ပျော်မှမဟုတ်ဘူး။ ငါ တခြားလူကိုရွေးရင် ငါက မင်းကို မျက်နှာသာမပေးဘူးလို့ ထင်လိမ့်မယ်။ ငါက ပိုက်ဆံယူလို့ မရဘူး မဟုတ်လား။ ဘယ်သူက ငါ့ကို ပိုက်ဆံပိုပေးနိုင်မလဲ၊ငါ သူတို့ကို ဝါရင့်အကြီးအကဲဆီ ခေါ်သွားပေးရမလား။”
“ငါ အဲဒါမျိုး လုပ်မှာမဟုတ်ဘူး” ရှဲ့ဖင်းဟွိုက်သည် ထိုသူသည် သူ့အား ဒုက္ခပေးရန်ကြိုးစားနေသည်ဟူ၍ ခံစားခဲ့ရ၏။
သူ့အား ကျိုင်းကောင်ပေးခဲ့သည့်သူကဲ့သို့ပင် သူသည်လည်း ပါဝင်ပတ်သက်မိကာ ရိုက်နှက်ခံရဖွယ်ရှိ၏။
ရှဲ့ချောင်သည် ရှဲ့ဖင်းဟွိုက်၏ စကားများကို ကြားသောအခါ အလွန်ကျေနပ်သွားခဲ့သည်။
သူ၏ စကားများသည် လူများကို စိတ်ဆိုးစေနိုင်သော်လည်း သူပြောခဲ့သည်မှာ မှန်ကန်နေ၏။
သူမသည် အလွန်ပင်ကျေနပ်ပီတိ ဖြစ်သွားခဲ့၏။
ထိုသခင်လေးသည် ရှဲ့ဖင်းဟွိုက်၏ စကားများကြောင့် ဒေါသထွက်လွန်း၍ ရယ်မောမိသွားပေသည်။ သူသည် ရှဲ့ဖင်းဟွိုက်က သူ့အား လုံးဝပင်မျက်နှာမထောက်ဘဲ ထိုသို့ကြမ်းတမ်းသော စကားများ ပြောကြားလိမ့်မည်ကို မထင်ထားခဲ့ပေ။ လူအများရှေ့တွင် သူ၏ မျက်နှာသည်လည်း အနည်းငယ် နီရဲနေခဲ့ပြီး သူသည် ဤသို့ပြောခဲ့၏ “ဒုတိယသခင်လေး၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ကျွန်တော်တို့ စကားတွေဖောင်ဖွဲ့ခဲ့ကြသေးတယ်မဟုတ်လား...”
ထိုစဉ်က မြင်းစီးသင်ခန်းစာနှင့် အတန်းအနည်းငယ်အား ရောနှောသင်ကြားခဲ့ကြသည်။
လူအနည်းငယ် စုဝေးကာ မြို့တော်၏ နံပါတ်တစ် ပြည့်တန်ဆာအကြောင်းအား ပြောဆိုနေကြ၏။ သူသည် ရှဲ့ဖင်းဟွိုက်နှင့် ပိုမိုနီးစပ်သောကြောင့် သူတို့နှစ်ဦး စကားပိုပြောဖြစ်ခဲ့၏။
“ငါ သိသားပဲ။ အဲဒီတုန်းက မင်း အဲဒီပြည့်တန်ဆာရဲ့ ခန္ဓာကိုယ်ကို ဆေးဝါးနဲ့ အားဖြည့်ဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ငါတောင် စိတ်ဝင်စားလို့ မေးခွန်းအနည်းငယ်တောင် ပိုမေးခဲ့သေးတယ်”ရှဲ့ဖင်းဟွိုက်သည် ခေါင်းညိတ်၍ သူ့အား သိကြောင်း ဝန်ခံခဲ့၏။ “ဒါပေမဲ့ ပြည့်တန်ဆာက ပြည့်တန်ဆာ၊ ဆရာကြီးက ဆရာကြီးပါပဲ။ ငါ ဘယ်သူ့ကိုမှ ခေါ်သွားလို့ မရဘူး။ တစ်ယောက်ယောက်က င့ါခြေထောက်တွေကို ရိုက်ချိုးလိမ့်မယ်”
သူ၏ အတွေးအမြင်များသည် အတော်လေးရှင်းလင်းပြတ်သားနေ၏။ တစ်စုံတစ်ဦးအား ခေါ်သွားပါက သူ၏ ဆရာကြီးအား စိတ်ဆိုးစေမည်ဖြစ်ပြီး ဆရာရှောင်းသည် သူ၏ လက်ဖဝါးကို ရိုက်လိမ့်မည်ဖြစ်သည်။ ယခုအခါ၌ အိမ်ရှေ့စံမင်းသားသည် သူ၏ ဆရာတူဦးလေးဖြစ်၏။ နောင်တစ်ချိန်တွင် အရှင့်သားမှ ဤကိစ္စကို သူ၏အစ်မကြီးအား ပြောကြားပါက သူမသည် စိတ်ပျက်ကာ ငိုကြွေး
သောကြောင့် သူမ၏ ကျန်းမာရေးကို ထိခိုက်စေမည်မှာ သေချာ၏။
အရေးအကြီးဆုံးမှာ သူ၏ ဘေးတွင် ဆရာမမော့ချူးရှန်း ရပ်နေခြင်းပင်ဖြစ်သည်။ သူမသည်လည်း ရှဲ့ဖင်းကန်းကို သွားရောက်တိုင်ကြားမည့်သူတစ်ဦးဖြစ်၏။ ထိုသခင်လေး၏ နာမည်မှာ တင်းမောက်ဖြစ်၏ ။ ထိုအချိန်က သူသည် အလွန်ရှက်ရွံ့နေခဲ့၏။
“အဲ့ဒီ့တာအိုဆရာမ” ကျို့စစ်ကျင်း ရုတ်တရက် ထရပ်ကာ ပြုံးလျက် ပြောလိုက်၏။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မရဲ့ဝမ်းကွဲညီမက ရှင့်ကို လမ်းပေါ်ကနေ ကယ်တင် ပေးခဲ့တာလေ။ ရှင် မှတ်မိသေးတယ် မဟုတ်လား”
••••••
အခန်း ၁၀၄၇ အများ၏အာရုံကို ဖမ်းစားခြင်း
ရှဲ့ချောင်သည် ခေါင်းညိတ်လိုက်၏။ "ငါမှတ်မိပြီ။ ဒါတွေအားလုံး ဆရာယွီရဲ့ကျေးဇူးကြောင့်ပါ။ မဟုတ်ရင် ငါရဲ့အရိုးအဆစ်တွေ ကျိုးကုန်မှာ။"
"ဆရာမနဲ့ ဒုတိယသခင်လေးရှဲ့တို့က အရမ်းရင်းနှီးပြီး ဆက်ဆံရေးကောင်းပုံရတယ်နော်။ ဆရာမကို တစ်ခွန်းလောက် ကူပြောပေးပြီး ကျွန်မတို့ကို ဝါရင့်ဆရာကြီးနဲ့ တွေ့ခွင့်ပေးနိုင်မလား" ကျို့စစ်ကျင်းသည် အစ်အောက်မေးမြန်းနေလေ၏ ။
အနည်းဆုံးတော့ ၎င်းအား အသက်ကယ်ပေးသည့် ကျေးဇူး၏ တစ်ဝက်ပင်ဖြစ်သည်ဟူ၍ သတ်မှတ်နိုင်ပေ၏ ။
သတိလစ်သွားသည်မှာ ပြင်းထန်သည့် ကိစ္စ ဖြစ်နိုင်ပေသည်။
"အင်း..." ရှဲ့ချောင်သည် ပြုံးလိုက်၏။ "ငါသိသလောက်တော့ ဝါရင့်ဆရာကြီးနဲ့တွေ့ဖို့ မခက်ပါဘူး။"
ဤစကားကိုကြားစဉ် လူတိုင်း ချက်ချင်းပင်နားစွင့်လိုက်ကြ၏။
ရှဲ့ချောင်သည် ဆက်ပြော၏။ "ဆရာကြီး မြို့တော်ကို ပြန်ရောက်ပြီးနောက်ပိုင်း ပညာရှင်များစွာက သူ့ကိုတွေ့ချင်နေတယ်ဆိုတာ သိပါတယ်။ ဒါကြောင့် သူက ကျောင်းတော်သုံးခုက ဆရာအားလုံးကို သူတို့ရဲ့အသိပညာဗဟုသုတကို စစ်ဆေးဖို့ ပြောခဲ့တယ်။ သူတို့ရဲ့အသိပညာဗဟုသုတက ထူးချွန်ပြီး အဆင့်မြင့်မယ်ဆိုရင် သူကိုယ်တိုင် လမ်းညွှန်ပေးပြီး ဂရုစိုက်ပေးနိုင်တယ်။"
အောင်မြင်ကျော်ကြားမှုသည် ကောင်းမွန်သော်လည်း တစ်ခါတရံတွင်လည်း မကောင်းသည့်အချက်များလည်းပါဝင်နေပြန်သည်။
ဆရာကြီးပြန်ရောက်ပြီးနောက် အိမ်မှထွက်ရန်ပင် မလွယ်ကူဘဲ လူများသည် အမြဲပိတ်ဆို့နေတတ်၏ ။
လွန်ခဲ့သော နှစ်အနည်းငယ်က ဝါရင့်ဆရာကြီးသည် ဝေါယာဉ်နှင့်အပြင်ထွက်သောအခါ လမ်းတွင် ဇာတ်လမ်းပေါင်းမျိုးစုံနှင့် ကြုံခဲ့ရကြောင်း ပြောကြသည်။ အများစုသည် ဝါရင့်ဆရာကြီး၏အာရုံအား ဖမ်းစားချင်သော ပညာရှင်တွေဖြစ်ပြီး အထူးသဖြင့် လူများကိုခေါ်ယူကာ ဝမ်းနည်းစရာကောင်းသောမြင်ကွင်းတွေကို ဖန်တီးခဲ့ကြ၏။ တစ်ချို့သည် စာပေလေ့လာနေသောကြောင့် မိသားစုမှ နှင်ထုတ်ခံရခြင်း၊ တစ်ချို့သည် စာပေလေ့လာလွန်း၍ ဇနီးသည်အား ဂရုမစိုက်မိတော့ဘဲ ဇနီးသည်မှ တခြားယောက်ျားနဲ့ ထွက်ပြေးသွားခြင်းတို့ ဖြစ်ပေ၏…
ထိုအချိန်က သူမ၏ဆရာသည် လွန်စွာပူဆွေး ညည်းတွားခဲ့ရ၏။ ဤကမ္ဘာကြီးတွင် ထူးဆန်းသော မကောင်းဆိုးဝါးအမျိုးမျိုး အမှန်ပင်ရှိလိမ့်မည်ကို သူ မထင်ထားခဲ့ပေ။
ထိုအချိန်မှစ၍ သူမ၏ဆရာသည် သူသည် မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ကာ ကမ္ဘာအနှံ့
ခရီးသွားလာရသည်ကို သဘောကျခဲ့သည်။
ထို့ကြောင့် ရှဲ့ချောင်သည် ဤလူများအား နှိမ်ချစွာဆက်ဆံလိုခြင်းမဟုတ်ပေ။ သူမ၏ဆရာမှ စည်းမျဉ်းစည်းကမ်းများကို ချမှတ်ထားပြီးသားကြောင့်ပင်ဖြစ်သည်။
"သူနဲ့တွေ့ချင်ရင် တခြားသူတွေထက် အရင်ရောက်ရမယ်၊ ဒါမှမဟုတ် တရားဝင်ယှဉ်ပြိုင်ပြီး အခွင့်အရေးကို အရယူရမယ်။ လုံလုံလောက်လောက်ကြိုးစားမယ်ဆိုရင် သူ့ရဲ့တပည့်ဖြစ်လာဖို့ဆိုတာ မခက်ပါဘူး" ရှဲ့ချောင် ပြော၏။
သူမ၏သဘောထားသည် အလွန်နူးညံ့သိမ်မွေ့ပေသည်။
တင်းမောက်သည် စိတ်ပျက်စွာဖြင့် နှုတ်ခမ်းမဲ့လိုက်၏။
ဤသို့ တုံးအသော တာအိုဆရာမသည် မည်သည်ကရောက်လာ၍ မလိုအပ်သောစကားများကို လာပြောနေပါသနည်း။
ဆရာကြီးနှင့်တွေ့သောအခါ စည်းမျဉ်းများရှိသည်ကို မည်သူက မသိဘဲ ရှိမည်နည်း။
သိုသော် သူတို့သည် ကျောင်းတော်၏လိုအပ်ချက်များအား မပြည့်မီ၍ ဒုတိယသခင်လေးရှဲ့ကို အကူအညီတောင်းနေသည် မဟုတ်ပေလော။
ဒုတိယသခင်လေးရှဲ့သည် သူ၏မြေးတပည့်ပင်ဖြစ်၏။ ဤအရာသည် တခြားသောနည်းလမ်းများထက် ပိုမိုနီးစပ်သောဖြတ်လမ်းပင် မဟုတ်ပေလော။
"ခုနက ဆရာမပြောတာက သခင်မလေးကျို့ရဲ့ဝမ်းကွဲညီမက ဆရာမရဲ့အသက်ကို ကယ်ခဲ့တာမဟုတ်လား၊ ဒါပေမဲ့ အခုလိုသေးသေးလေးကိစ္စတောင် ကူညီဖို့ ဆန္ဒမရှိဘူးတဲ့လား။ ဟူး၊ လူကျင့်ဝတ်တွေက တစ်နေ့တစ်ခြား ပြောင်းလဲပျက်စီးနေတာပဲ။ အသက်ကယ်ပေးတဲ့ကျေးဇူးကို ရန်လိုမှုနဲ့ပြန်ဆပ်နေတာပေါ့လေ" တင်းမောက်သည် မည်သည်ကိုမျှ ဂရုမစိုက်ဘဲ အော်ပြောလိုက်၏။ "ကျွန်တော်တို့အားလုံး သင်ယူဖို့ စိတ်ဆန္ဒရှိပါတယ်။ ဝါရင့်ဆရာကြီးနဲ့တွေ့ရင် ကျွန်တော်တို့ သေချာပေါက် ကြိုးစားပါ့မယ်၊ မျက်နှာပျက်စရာ မရှိစေရဘူး၊ ဒါပေမဲ့ ဒုတိယသခင်လေးကတော့ အခုထိ သတိထားနေတုန်းပဲ။ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်က ဝါရင့်ဆရာကြီး ဒါမှမဟုတ် ဆရာရှောင်းရဲ့မျက်နှာသာပေးမှုကို ရသွားပြီး ဆရာမရဲ့နေရာကိုလုယူသွားမှာကို စိုးရိမ်နေတာလား"
ရှဲ့ချောင်သည် တခြားသူတွေကို ကြည့်လိုက်၏။
သူတို့ထဲမှ အချို့သည် တင်းမောက်ရဲ့စကားများက အနည်းငယ်လွန်သွားသောကြောင့် မျက်မှောင်ကြုတ်ကာ ဘေးသို့ ဆုတ်သွားကြပြီဖြစ်၏ ။
သို့သော်လည်း လူအနည်းငယ်တော့ ကျန်နေသေး၏။ သူတို့သည် ပြပွဲကြည့်ခြင်းကို ဂရုမစိုက်ကြ
ပေ၊ တင်းမောက်၏လွှမ်းမိုးမှုအား အသုံးချကာ အကျိုးအမြတ်အချို့ ရယူလိုချင်နေကြ၏။
သူတို့သည် ယင်းကို ရိုးရိုးတွေ့ဆုံမှုလေးတစ်ခုဟူ၍ မထင်ကြပေ။ အရေးမပါသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်... သူတို့သေချာလုပ်နိုင်လျှင် သူတို့၏ဘဝများ ပြောင်းလဲသွားနိုင်၏။ သူမဆရာ၏ ဂုဏ်ပုဒ်သည် အရေးကြီးပေ၏၊ သူသည် အိမ်ရှေ့စံမင်းသား၏ ဆရာပင်ဖြစ်၏။ သူ၏ ဆုံးဖြတ်ချက်ကိုခံယူရုံဖြင့်၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ သူတို့သည် မျက်နှာပြောင်တိုက်ကာ လီရှီးယန်၏လမ်းညွှန်မှု ရခဲ့ကြောင်း တခြားသူတွေကို ပြောပြနိုင်၏။ အမှန်တရားကို မသိတဲ့သူများသည် သူတို့ကို အထင်ကြီးကြပေးလိမ့်မည်။
ထို့အပြင် သူတို့အားလုံးသည် ငယ်သေး၏။ ကံကောင်းစွာဖြင့် သူတို့သည် ဆရာဆီမှ ရွေးချယ်ခံရလျှင် တပည့်အဖြစ်ဖြစ်စေ၊ မြေးတပည့်အဖြစ်ဖြစ်စေ လက်ခံရလျှင် သူတို့၏အနာဂတ်သည် ပြောစရာပင်မလိုတော့ပေ။
ကျန်းကျင်လုသည် တပည့်ဖြစ်လာပြီးနောက်ပိုင်းတွင် နိမ့်ကျသောကျောင်းသားဘဝမှ အရည်အချင်းရှိသောလူငယ်တစ်ယောက် ဖြစ်လာပြီး အလွန်လူကြိုက်များခဲ့သည်။
ဤသူခိုးဓားမြရဲ့သားဖြစ်သော ရှဲ့ဖင်းဟွိုက်သည် သူ့ရဲ့မြေးတပည့်ဖြစ်လာတဲ့နောက်ပိုင်းတွင် အကြိမ်များစွာ အရှက်ရခဲ့သော်လည်း လူအများစုက သူသည် ကလေးစိတ်အနည်းငယ် မကုန်သေးသောသူတစ်ယောက်ဟူ၍ ထင်နေကြတုန်းပင်၊ သို့သော် သူတို့သည် နှစ်အနည်းငယ်ကြာပြီးနောက်ပိုင်းတွင် သူသည် ကျိန်းသေပေါက်ပင် တောက်ပသောအနာဂတ်ရှိလာမည်ဖြစ်ပြီး ဆိုးရွားလိမ့်မည်မဟုတ်ကြောင်း ယုံကြည်ကြဆဲဖြစ်၏ ။
ရှဲ့မိသားစုတစ်စုလုံးသည် လီရှီးယန်ကြောင့်ပင် ရွှေချထားသကဲ့သို့ တောက်ပြောင်လင်းလက်နေကြသည်။ သူတို့သည် သာမန် သိုင်းပညာရှင်မိသားစု မဟုတ်တော့ချေ။
•••••••
အခန်း ၁၀၄၈ - တာအိုဆရာမတစ်ဦးမှ ကြီးကျယ်မြတ်မြတ်သောပညာရှိအား ဆရာတင်ခြင်း
ရှဲ့ချောင်၏ ဆရာသည် သူမအား သဘောကျတန်ဖိုးထားပေ၏။ နေ့စဉ် သူမ မည်သည်ကိုပင်လုပ်လုပ် သူမဆရာ၏မျက်လုံးထဲတွင် ကောင်းမွန်နေပြီး သူသည် မျက်စိမှိတ် ခွင့်လွှတ်ပေးခဲ့၏။
သူမသည်သာ လူများအား သိုက်သိုက်မြိုက်မြိုက်ဖြင့် ခေါ်ဆောင်လာခဲ့ပါက ဆရာသည် လုံးဝဒေါသထွက်မည်မဟုတ်ပေ။
သို့သော် သူမသည် ဆရာ၏မေတ္တာကို အလွဲသုံးစားမလုပ်လိုခဲ့ပေ။
ထို့အပြင် ယခုအချိန်၌ ထိုလူများမှ… တချို့သည် မရင်းနှီးသလို တချို့သည်လည်း သူမအတွက် လုံးဝစိမ်းနေသည့်သူများ ဖြစ်ကြ၏။
“မင်းပြောတာက ငါက ကျေးဇူးတရားကို ရန်နဲ့တုန့်ပြန်တယ်လို့ ပြောတာလား” ရှဲ့ချောင်သည် ပြုံးလိုက်၏။ “သခင်မလေးကျို့ကို မေးပါရစေ၊မင်းက ငါ့အသက်ကို ကယ်ခဲ့တာလား” ကျို့စစ်ကျင်း၏ မျက်နှာသည် နီရဲသွားပြီး ခေါင်းခါပြခဲ့၏။
“မင်းက မဟုတ်မှတော့ ကရုဏာထားဖို့ဆိုတာ ဘယ်လိုလုပ်ရှိနိုင်တော့မှာတုန်း” ရှဲ့ချောင်သည် တည့်မတ်စွာ ရပ်လိုက်၏။ သူမ၏ဟန်ပန်သည် ဂုဏ်ကျက်သရေရှိ၍ သဘောထားကြီးသောပုံပေါ်၏ ။ သူမသည် တင်းမောက်အား ညင်သာစွာ ပြောလိုက်၏၊ “လူငယ်လေး၊ မင်းရဲ့ စကားအသုံးအနှုန်းတွေက ကောင်းသားပဲ။အချိန်ရလျှင် ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးပို့ပေးပါလား”
“ဆရာမ ကျွန်တော့်ကို လှောင်ပြောင်နေတာလား” တင်းမောက်သည် မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ဦးကို ရိုက်နှက်တော့မလို ဖြစ်နေခဲ့၏။
ရှဲ့ဖင်းဟွိုက်သည် ရှဲ့ချောင်အား သူ၏နောက်ဘက်ဆီ ဆွဲခေါ်လိုက်ပြီး သူမ၏ရှေ့တွင် ကွယ်ရပ်လိုက်၏။ “မင်း ဘာတွေလုပ်နေတာလဲ”
“ဒုတိယသခင်လေးရှဲ့၊ဒါက မင်းနဲ့မဆိုင်ပါဘူး” တင်းမောက်သည် ရှဲ့ဖင်းဟွိုက်အား သဘောမကျသော်လည်း ရိုးရိုးသားသားပြောရလျှင် သူ့ကို သွားမထိရဲပေ။ “ဒုတိယသခင်လေးရှဲ့က ကျွန်တော်တို့ကို ခေါ်မသွားနိုင်ဘူးဆိုရင်လည်း ကျွန်တော်တို့ အတင်းအကျပ် မတိုက်တွန်းပါဘူး။ ဒီနေရာမှာ အဖျော်ယမကာတွေနဲ့ မုန့်တွေ ရှိတယ်၊ ဒါ့ကြောင့် ဒုတိယသခင်လေးရှဲ့ကို ဖိတ်ကြားပြီး ရင်ထဲကစကားတွေ ပြောချင်လို့ပါ။ ကျွန်တော်တို့အားလုံး သူငယ်ချင်းတွေ ဖြစ်နိုင်ပေမဲ့လည်း ဒီမုန်းစရာကောင်းတဲ့ တာအိုဆရာမကတော့…”
“သူမက တကယ်က်ုပဲ စိတ်ပျက်ဖို့ ကောင်းတယ်။ ဒီအဌဂံခြံဝန်းက စာပေသင်ကြားဆွေးနွေးရာ နေရာဖြစ်တယ်။ဒီလိုမျိုး တာအိုဆရာမလိုမျိုး လူတွေကို လိမ်လည်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ သူ့ကို အပြင်ထုတ်ပစ်ဖို့ တစ်စုံတစ်ယောက်ကို ခိုင်းသင့်တယ် မဟုတ်လား” တင်းမောက်သည် ပြောဆိုလိုက်၏။
“ဘာတွေ လျှောက်ပြောနေတာလဲ။ ငါတောင်ဝင်လာလို့ ရသေးတာပဲ၊ ငါရဲ့ဆရာတူအဒေါ်ကို ဘာလို့ အပြင်ထုတ်ပစ်ရမှာလဲ” ရှဲ့ဖင်းဟွိုက်သည် ချက်ချင်း ဒေါသထွက်သွားခဲ့၏။ “သူမက တာအိုဆရာမပဲ။ သူ့ကို ထုတ်ပစ်တော့ကော ဘာဖြစ်မှာမလို့လဲ” တင်းမောက်သည် အော်လိုက်၏။ သို့သော် စကားဆုံးသည်နှင့် ရှဲ့ဖင်းဟွိုက်သည် မည်သည်ကိုပြောသွားကြောင်း သူ သဘောပေါက်သွားခဲ့၏။
ထိုအချိန်တွင် ရှဲ့ချောင်နောက်သို့ တိတ်တဆိတ် နောက်ယောင်ခံကာ လိုက်လာကြသူများလည်းရှိ၏ ။ တင်းမောက်၏စကားကို ကြားရသောအခါ သူတို့သည်လည်း အံ့အားသင့်ကာ အလျင်အမြန် ရှေ့တိုးလာခဲ့ကြ၏။
“မင်းတို့ ဘာတွေ အငြင်းပွားနေကြတာလဲ။ ဤသည်မှာ ဝါရင့်ဆရာကြီးလီ၏ အကြီးဆုံးတပည့် ဖြစ်သူ ဆရာမမော့ပင် ဖြစ်၏။ မင်းတို့အားလုံးက ဒီလို အသက်အရွယ်ငယ်ငယ်လေးနဲ့ အကြီးအကဲတွေကို မလေးမစား လုပ်ရဲကြတယ်ပေါ့။ ပြီးတော့ မင်းတို့က အော်ရဲတဲ့ သတ္တိတောင်ရှိနေတယ်ပေါ့”
“တာအိုဆရာမများက ဘာတွေများ ဖြစ်နေလို့လဲ။ ဆရာမမော့က တာအိုဆရာမ ဖြစ်ပေမဲ့လည်း သူမက တကယ်ကိုတော်တဲ့ အနုပညာသည်တစ်ယောက်ပဲ။ မင်းတို့အားလုံး သူ့ကို မှီနိုင်မှာမဟုတ်ဘူး”
ဆရာကြီးယွင်ဝေ့၏ နာမည်အား အပြင်မှလူများသည် မကြားလိုက်ကြပေ။
သူမ၏ ပန်းချီကားသည် ဆရာယွင်ဝေ့၏ ရေးဆွဲဟန်တို့နှင့် အနည်းငယ် ဆင်တူနေသည်ကို အခြားသူများသည်လည်း တွေ့ရှိခဲ့ကြသော်လည်း ပန်းချီကားအား အချိန်အကြာကြီး မကြည့်ရှုခဲ့ကြပေ။ သေချာလေ့လာရန် အချိန်မရခဲ့ကြပေ။ သူတို့၏ စိတ်ထဲတွင် သံသယအနည်းငယ်သာ ရှိခဲ့ပြီး အလေးအနက် မထားခဲ့ကြပေ။
ထိုအချိန်တွင် တင်းမောက်သည် တုန်လှုပ်နေခဲ့၏။ ကျို့စစ်ကျင်းသည် ရှဲ့ချောင်အား မယုံကြည်နိုင်စွာ ကြည့်လိုက်၏။ “ရှ-ရှင်က ဆရာကြီးလီရဲ့ တပည့်လား”
ယွီရှန်းသည်ဆရာကြီးလီ၏ တပည့်အား မည်သို့ပင် သိခဲ့ပါသနည်း။
ဤသို့သော အဆင့်အတန်းမျိုးဖြင့်ဆိုလျှင်…
ယွီရှန်းသည် ဤဆရာမ၏ အကူအညီကို ရယူ၍ ဆရာမနှင့် အိမ်ရှေ့စံမင်းသား၏ ဆက်ဆံရေးကို အခွင့်ကောင်းယူခဲ့မည်ဆိုလျှင် အဆိုပါ စေ့စပ်ပွဲသည် ကြီးကြီးမားမားသက်ရောက်မှု ရှိနိုင်မည်မဟုတ်ပေ။
သုန့်အန်းမှ လူများသည် မည်သို့ပင် ဆိုးသွမ်းသည်ဖြစ်စေ၊ မည်သူကများ အိမ်ရှေ့စံမင်းသားအား ရန်လုပ်ရဲမည်နည်း။
ကျို့စစ်ကျင်း၏ မျက်နှာသည် ဖြူဖျော့သွားကာ သူမ ဒုက္ခရောက်နေသည်ကို ခံစားလိုက်ရ၏။
ဤကာလအတော်အတွင်းတွင် သူမသည် ယွီရှန်းအား လုံးဝပင် စိတ်နာသွားအောင် ပြုမူခဲ့မိ၏။
ဆိုးဝါးသော စကားများ အများအပြား ပြောဆိုခဲ့ပြီး မောက်မာသော အပြုအမူများလည်း များစွာ ပြသခဲ့၏။ သူမသည် ယွီရှန်းအား စိတ်ဆိုး၍ ရှဲ့အိမ်တော်ဆီသို့ ပြန်သွားသည်အထိပင် ပြုမူခဲ့မိ၏။
သို့သော် ဤအရာအားလုံးသည် ယွီရှန်းအား ဆင်းရဲသောဆွေမျိုးတစ်ဦးဟူ၍ သူမ ထင်ခဲ့မိသောကြောင့် ဖြစ်၏။
သူမ၏မိဘများသည် မရှိတော့ပေ၊ နောက်ခံအင်အားလည်း မရှိပေ။ သူမသည် သခင်မလေးအဖြစ် ဟန်ပန်များလုပ်နေသည်မှာ အမှန်ပင် စိတ်ပျက်ဖွယ် ကောင်းလှ၏။ ထို့ကြောင့် သူမသည် ယွီရှန်းအား မနှစ်သက်ခဲ့ခြင်း ဖြစ်၏။
သို့သော် သူမသည် ဤအရေးကြီးသော ပုဂ္ဂိုလ်များကို သိခဲ့မည်ဆိုပါက…
ကျို့စစ်ကျင်းသည် ငိုတော့မလို ဖြစ်နေခဲ့၏။ တင်းမောက်သည်လည်း ယခုအချိန်တွင် အခြေအနေသိပ်မကောင်းလှပေ။ သူသည် ပြောစရာစကားလုံးပင် ပျောက်သွား၏။ ခဏအကြာတွင် မျက်နှာနီရဲစွာဖြင့် ပြောလိုက်၏၊
“ကျ-ကျွန်တော် မသိခဲ့ပါဘူး…”
ဤလောကတွင် တာအိုဆရာမတစ်ဦးသည် ကြီးကျယ်မြင့်မြတ်သောပညာရှိအား သူမ၏ဆရာအဖြစ် တင်မြှောက်သည်မှာ ဖြစ်နိုင်မည်လော။
•••••