အခန်း (၁၀၄၉-၁၀၅၂)
Vol. 54 Ch. 1049-1052
အခန်း ၁၀၄၉ နောင်တစ်ချိန်တွင် ရှဲ့ဖင်းကန်း ဖြစ်လာမည့်သူ
ယခုအချိန်တွင် ထိုနှစ်ဦးမှာ ယခင်လို မာန်မာနများ မရှိတော့ပေ။
သူတို့၏နောက်တွင်ရှိသော ပွဲကြည့်နေသူ အနည်းငယ်မှာ သူတို့၏မျက်နှာအား ဖုံးကွယ်ထားရန်သာ ဆန္ဒပြင်းပြနေကြ၏။
“ဆရာမ၊ ဆရာမကို ကျွန်တော်တို့ မမှတ်မိတာ ကျွန်တော်တို့ရဲ့ အမှားပါ။ ကျွန်တော်တို့ မှားခဲ့တာတွေကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ကျောင်းသားတွေအပေါ် အငြိုးအတေး မထားပါနဲ့” တင်းမောက်သည် ချက်ချင်းပင် ဝန်ချတောင်းပန်လိုက်သည်။ သူ သတိပြန်ဝင်လာပြီးနောက် ခေါင်းငုံ့ကာ ရှဲ့ချောင်အား အရိုအသေပေးလိုက်၏။
အကယ်၍ သူသာ အခုခေါင်းငုံ့လိုက်လျှင် သူ့ကိုယ်သူ ကယ်တင်နိုင်သေးသည်။ ဆက်၍ မာန်မာနကြီးနေပါက အခြေအနေဆိုးရွား လာလိမ့်မည်ဖြစ်သည်။
ရှဲ့ချောင်၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ မရှိပေ။ သူမက သူ့ကို ပုံမှန်အတိုင်းပင် ကြည့်ကာ ပြောလိုက်၏။ “ရှဲ့အာက ဆရာကြီးလီရဲ့ မြေးတပည့်ပါ။ မြေးတပည့်ဖြစ်လို့ သူ့ကို မင်းတို့နဲ့ မိတ်ဆက်ပေးတာ ပိုကောင်းတယ်။ အခုကျတော့ ဘာလို့ တိတ်ဆိတ်နေတာလဲ”
“ကျွန်တော် မဝံ့ရဲပါဘူး…” တင်းမောက်မှာ ချက်ချင်းပင် ချွေးစေးများ ပျံလာ၏။
“ဒါက အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကိုကျ ကြောက်နေတာလား။ မှန်ပါတယ်၊ လူတိုင်းမှာ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိတယ်။ မင်းလို ထူးခြားတဲ့သူမျိုးကလည်း ဒီလောကမှာ ရှားတယ်။ ရှားပါးတဲ့ ဘဝမျိုးမှာ နေထိုင်ရတာလည်း မဆိုးပါဘူး” ရှဲ့ချောင်သည် ပြုံးပြုံးလေး ပြောလိုက်၏။
ဤစကားများသည် တင်းမောက်ကို ချက်ချင်းပင် ဒေါသထွက်စေခဲ့၏။
ဤတာအိုဆရာမ၏… အပြောအဆိုများသည် ဆိုးဝါးလှ၏ ။
သူ၏မျက်လုံးများ နီရဲနေပြီး ဒေါသထွက်နေပုံ ပေါ်၏။ တစ်ဖက်တွင် ရှဲ့ချောင်၏ အပြုံးမှာ ပို၍ပင် နူးညံ့သိမ်မွေ့နေသည်။ သူမသည် လမ်းလျှောက်ရန် မူလက ရည်ရွယ်ခဲ့သော်လည်း ယခုအခိုက်အတန့်တွင် ကျောက်သားထိုင်ခုံတစ်ခုအနီးတွင် ထိုင်ချလိုက်ကာ ရှဲ့ဖင်းဟွိုက်အား ရှေ့သို့ လာရန် လက်ဟန်ပြလိုက်၏။ ၎င်းသည် သူ၏ ဗဟုသုတကို စစ်ဆေးရန်ပင် ဖြစ်၏။
ရှဲ့ဖင်းဟွိုက်မှာ အလွန် စိတ်လှုပ်ရှားနေ၏။
ယခင်က သူသည်ဆရာတင်ခြင်းသည် အဆင်ပြေမည်မဟုတ်ဟူ၍ ခံစားခဲ့ရ၏။ ထိန်းချုပ်ခံရသည်သာမက အခြားသူများ၏ ရန်စခြင်းကိုလည်း ခံခဲ့ရသည်။ အကြောင်းအရာအချို့ကြောင့် အခြားသူများ၏ မုန်းတီးခြင်းကို ခံရသည်။ သူသည် ပြဿနာများဖြင့် ပြည့်နှက်နေခဲ့၏။
သို့သော် ယခုအခါတွင် သူ၏ဆရာတူအဒေါ်မှ ပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားလေးတစ်ခွန်းသည် တင်းမောက်အား ဒေါသထွက်စေပြီး သူ၏ဒေါသကို ဖိနှိပ်ထားရသည်ကို မြင်သောအခါ သူသည် သူမကို ပို၍ပင် လေးစားမိတော့သည်။
“ဆရာတူအဒေါ်၊ သူ ဘယ်လောက် ဒေါသထွက်နေလဲ ကြည့်ပါဦး။ကျွန်တော်တို့ သူ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးကို ဖမ်းဆုပ်ထားသင့်တယ်။ သူ့ကို ဒူးထောက်ခိုင်းပြီး မှားတယ်လို့ ဝန်ခံခိုင်းရမယ် မဟုတ်လား” ရှဲ့ဖင်းဟွိုက်၏ မျက်လုံးများတွင် အရောင်များလက်နေ၏။
“သူ မှားကြောင်း ဝန်ခံရင် မင်းစိတ်ချမ်းသာမှာလား” ရှဲ့ချောင်သည် မနေနိုင်ဘဲ ပြုံးလိုက်၏။
“ဟုတ်တာပေါ့၊ သူ့ကို ဒူးထောက်ခိုင်းပြီး သူမှားတယ်လို့ ပြောခိုင်းရမယ်။ နောင်တစ်ချိန်မှာ သူ ကျွန်တော့်ကို မြင်ရင် လှည့်ထွက်သွားမှာဖြစ်ပြီး ကျွန်တော့်ကို ထပ်ပြီး ရန်စရဲတော့မှာမဟုတ်ဘူး” ရှဲ့ဖင်းဟွိုက်သည် ချက်ချင်းဆိုသလို ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်၏၊ ထိုနေ့ရောက်လာပုံကို သူစိတ်ကူးယဉ်နေပုံရ၏။ ရှဲ့ချောင်သည် ထိုစကားကို ကြားသောအခါ သူမမှာ အတော်လေး ကူကယ်ရာမဲ့ဖြစ်သွားခဲ့၏။ “ဒါဆို မင်းက နောင်တစ်ချိန်မှာ အစ်ကိုကြီးလို ဖြစ်လာဖို့ သင်ယူချင်တာပေါ့”
“မဟုတ်ပါဘူး၊ကျွန်တော်က ကျွန်တော့်ဘဝနဲ့ကျွန်တော် နေမှာပါ။ ဘယ်သူက သူ့လို ဖြစ်ချင်မှာလဲ” ရှဲ့ဖင်းဟွိုက်သည် စိတ်ဆိုးစွာ ပြောလိုက်၏။
ဤလောကတွင် သူ အမုန်းဆုံးလူသည် ရှဲ့ဖင်းကန်းပင်ဖြစ်၏။
ရှဲ့ချောင်သည် သဲ့သဲ့လေး ရယ်လိုက်သည်။ “မင်းရဲ့ အစ်ကိုကြီးလည်း အဲလိုပဲ။ သူ ဒေါသထွက်တဲ့အခါ သူ မုန်းတဲ့သူကို ရိုက်ချင်တယ်။ သူ ဒေါသထွက်ပြီဆို ပြေးပြီး လူကို ရိုက်တော့တာပဲ။ ဒီလိုအခြေအနေမျိုးမှာ သူက တင်းမောက်ကို မြေကြီးထဲရောက်အောင် ထိုးကြိတ်ပြီးမှ စိတ်လျှော့လောက်တယ်။ သူ့ရဲ့လက်တွေသေလုမတတ်နာကျင်ပြီး မောပန်းသွားမှပဲ သူကျေနပ်လိမ့်မယ်။မင်းလည်း အဲလိုပဲဆိုရင် မင်းရဲ့အစ်ကိုကြီးနဲ့ အတူတူပဲ မဟုတ်ဘူးလား”
ရှဲ့ဖင်းဟွိုက် ခဏတာ တိတ်ဆိတ်သွား၏။
ခဏတာ စဉ်းစားပြီးနောက် အမှန်ပင် ထိုသို့ဖြစ်နေကြောင်း သူ သဘောပေါက်သွား၏။
တစ်နည်းအားဖြင့် သူသည် အနာဂတ်တွင် ရှဲ့ဖင်းကန်းကဲ့သို့ ဖြစ်လာလိမ့်မည်လော။
သူသည် သူ့အား အလွန် မုန်းတီး၏။ “တစ်ခါတစ်ရံ ပျော်ရွှင်ဖို့အတွက်နဲ့ အကြမ်းဖက်မှုကို သုံးဖို့ မလိုပါဘူး” ရှဲ့ချောင်သည် သူ့ကို ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်၏။ “မင်းမြင်တယ်မလား၊ဟောဒီက နွမ်းပါးတဲ့ဆရာမက အခု ဒီမှာ ထိုင်နေတာကို။ အဲဒီမောက်မာတဲ့သူတွေက ခုနက ထွက်သွားချင်ပေမယ့် ချက်ချင်း ထွက်သွားလို့ မရခဲ့ဘူး။ ကျန်နေခဲ့တဲ့သူတွေကတော့ ဒီနွမ်းပါးတဲ့ ဆရာမရဲ့ သဘောအတိုင်း လုပ်ပေးရတယ်။ သူတို့က အသံကျယ်ကျယ်လည်းမပြောရဲဘူး၊ မကျေနပ်တာကိုလဲ မဖော်ပြရဲဘူး။ ငါ့ရဲ့ ဝေဖန်ချက်က သူတို့ကို နှစ်အနည်းငယ်ကြာအောင် လှောင်ပြောင်ခံရစေလိမ့်မယ်။ ဒါက အရိုက်ခံရတာထက် အများကြီး ပိုနာကျင်တယ်” ရှဲ့ချောင်သည် ထပ်ပြောလိုက်၏။
အကယ်၍ သူမသည် အခြားသူကို ဒူးထောက်စေပြီး သူ၏အမှားကို ဝန်ခံခိုင်းမည်ဆိုပါက သူမသည် အကြီးတစ်ဦးအနေဖြင့် အလွန်သေးဖွဲသော အရာကို ဂရုစိုက်ပြီး ငယ်ရွယ်သူများကို အရှက်ခွဲခြင်းသာ ဖြစ်ပေလိမ့်မည်။
ရှဲ့ဖင်းဟွိုက် ခဏတာ စဉ်းစားပြီးနောက် ဝန်ခံလိုက်၏။
“အရင်က အဲဒီမကောင်းတဲ့အဘွားကြီး ကျွန်တော့်ကို နှင်ထုတ်ခဲ့သလိုမျိုးပေါ့။ သူမရဲ့ စကားတစ်ခွန်းတည်းနဲ့ ကျွန်တော့်ကို နှစ်ပေါင်းများစွာ လှောင်ပြောင်စရာ ဖြစ်သွားစေခဲ့တာ” ရှဲ့ဖင်းဟွိုက်က ပြောလိုက်၏ ။
ထိုကိစ္စကို သူသည် မကျေမနပ် ဖြစ်စေဆဲပင်ဖြစ်၏။
“သဘာဝကျပါတယ်။ ဥပမာ၊ အစ်ကိုကြီး… မင်းရဲ့ အစ်ကိုကြီးက တစ်ခါက တော်ဝင်ကျောင်းတော်ရဲ့ ဆရာကို ရိုက်နှက်ခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက သူ ကျေနပ်ခဲ့ပေမယ့် အဲဒီဆရာက အရိုက်ခံလိုက်ရတော့ အဲ့ဒါက ဆရာ့ရဲ့အမှားကြောင့်ဖြစ်ရတာဆိုရင်တောင် နောက်ပိုင်းမှာ ဆရာကပဲ နစ်နာသူ ဖြစ်သွားတယ်။ ခံရတဲ့သူကတော့ မင်းရဲ့ အစ်ကိုကြီးပဲ” ရှဲ့ချောင်သည် ထပ်ပြောလိုက်၏။
••••
အခန်း ၁၀၅၀ ပရိယာယ်ဆင်သော အကြောင်းပြချက်
ရှဲ့ဖင်းကန်း မြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိချိန်တွင် မနှစ်မြို့ဖွယ်ရာ စကားများ ကြားခဲ့ရသဖြင့် ထိုသူကို ရိုက်နှက်ခဲ့သည်။ ထိုကိစ္စကြောင့် သူသည် တော်ဝင်ကျောင်းတော်သို့ “ငွေရှာ” ရန် မသွားနိုင်ခဲ့ပေ။ ၎င်းမှာ အဓိကမဟုတ်ပေ။ အရေးအကြီးဆုံးမှာ ထိုအချိန်မှစ၍ သူ၏ ကြမ်းတမ်းမှုများကြောင့် ပညာရှင်များသည် သူ့အား ရွံရှာမုန်းတီးခဲ့၏။
ပို၍ အလေးအနက်ထား ပြောရလျှင် နန်းတွင်းရုံးတော်၌ပင် ထိုမင်းမှုထမ်းအရာရှိများသည် ဤကိစ္စကြောင့် ဘက်လိုက်မှုများ ရှိခဲ့ကြသည်။
“ဒီလိုပြောရင်တော့ သဘာဝကျပါတယ်” ရှဲ့ဖင်းဟွိုက်သည် ခေါင်းညိတ်လိုက်၏။ “အရင်တုန်းက ကျွန်တော် လူအနည်းငယ်နဲ့ ဆောင်ကြာမြိုင်ကို သွားခဲ့တာ သေချာပါတယ်။ ဒါပေမယ့် အဲဒီလူတွေက ကျွန်တော့်အပေါ် ကောင်းဟန်ဆောင်ပြီး ကျွန်တော့်နောက်ကွယ်မှာတော့ ပြစ်တန်ဆာမကြီးကို ကျွန်တော့်ကို အရှက်ခွဲဖို့အတွက် စေခိုင်းခဲ့တယ်။ကျွန်တော်က လူရယ်စရာ ဖြစ်သွားခဲ့ရပေါ့…”
နောက်ပိုင်းတွင် သူသည် ထိုလူများနှင့်လည်း အကြိမ်အနည်းငယ် ရန်ဖြစ်ခဲ့ပြီး တစ်ချို့အခါများတွင် သူတို့၏မိဘများအား မျက်ရည်ကျအောင် လုပ်ခဲ့သဖြင့် လက်စားချေသည်ဟုလည်း မှတ်ယူနိုင်သည်။ သို့သော်… သူတို့ကို ရိုက်နှက်မှသာလျှင် သူ ကျေနပ်ပေမည်။
ထို့နောက် သူတို့သည် သနားချင်စရာ ကောင်းအောင်ဟန်ဆောင်၍ လူတိုင်းက သူ့အား လူဆိုးလူမိုက်ဟူ၍ ခေါ်ကြ၏။ “ဆရာတူအဒေါ်၊ ကျွန်တော် အစ်ကိုကြီးနဲ့ မတူအောင် ဘယ်လိုနေရမလဲ” ရှဲ့ဖင်းဟွိုက်သည် ယဉ်ကျေးစွာ ထိုင်လိုက်ပြီး ခေါင်းကိုဆန့်ထုတ်ကာ မေးလိုက်၏။
“မင်းရဲ့ ခံစားချက်တွေကို မဖော်ပြပါနဲ့၊ မင်းရဲ့ လိုအင်ဆန္ဒတွေကို ထိန်းချုပ်ပါ၊ ပရိယာယ်ရှိရှိနဲ့ လူတွေကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုပါ။ အချိန်ကြာကြာ ဆက်လုပ်သွားရင်တော့ သေချာပေါက် အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်” ရှဲ့ချောင်သည် ပြောလိုက်၏။
သူသည် နားမလည်ခဲ့ပေ။
ပျော်ရွှင်မှုသည် ပျော်ရွှင်မှု၊ ဒေါသသည် ဒေါသပင်ဖြစ်၏။ သူသည် ထိုအရာကိုပင် ဖော်ပြ၍ မရနိုင်ပေလော။ “မင်းရဲ့ ဆရာက မင်းကို ပိုသဘောကျတယ်လို့ ထင်လား၊ ဒါမှမဟုတ် ချူကျန်းကို ပိုသဘောကျတယ်လို့ ထင်လား” ရှဲ့ချောင်သည် မေးလိုက်၏။
“ဟုတ်ပါတယ်၊ ချူကျန်းကို ပိုသဘောကျတာပေါ့။ အဲဒီကလေးက အရမ်းကို ရိုကျိုးတယ်။ ကျွန်တော့်ဆရာကို တွေ့ပြီးနောက်မှာတောင် သူက ပြုံးနေတုန်းပဲ။ တစ်ခါတစ်ရံ ကျွန်တော့်ဆရာက သူ့ကို အပြစ်ပေးတဲ့အခါ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ကို သဘောတူပြီး ဆန္ဒရှိရှိကို ဒူးထောက်တယ်” ရှဲ့ဖင်းဟွိုက်သက်ပြင်းချလိုက်။
သူကတော့ မတူပေ။ သူ၏ဆရာသည် သူ့အား အပြစ်ပေးသောအခါ သူ မပျော်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် နောက်တစ်ခါ ထပ်မံကြိုးစားရမယ်ကို တွက်ဆထားသောကြောင့်
ပင်ဖြစ်၏။
“ဒါပေမယ့် ချူကျန်းက အပြစ်ပေးခံရတာကို ကြိုက်တယ်လို့ မင်းထင်လား” ရှဲ့ချောင်သည် မျက်ခုံးပင့်ကာ မေးလိုက်၏။
“ဘယ်ကြိုက်ပါ့မလဲ” ရှဲ့ဖင်းဟွိုက်သည် မဆိုင်းမတွ ပြောလိုက်သည်။
“ဒါပဲလေ။ သူ မကြိုက်ပေမယ့် သူက ယဉ်ကျေးမှုကို ပြတယ်။ ဒါက သူ့ရဲ့စွမ်းဆောင်ရည်ပဲ။ မင်းသာ သူ့ထက် မင်းရဲ့ စိတ်ခံစားချက်တွေကို ပိုကောင်းအောင် ထိန်းချုပ်နိုင်မယ်ဆိုရင် မင်းရဲ့အရည်အချင်းက သူ့လောက် မကောင်းရင်တောင် မင်းရဲ့ဆရာက မင်းကို သေချာပေါက်ပိုပြီး သဘောကျလာပါလိမ့်မယ်” ရှဲ့ချောင်သည် သူမ၏ ပရိယာယ်ရှိသော အကြောင်းပြချက်သည် မဆိုးသည်ဟု ခံစားရ၏။
သူမသည် သူမ၏ မိုက်မဲသောမောင်လေးအား လှည့်စားတတ်သူတစ်ဦးဖြစ်အောင် သင်ကြားပေးခဲ့သည်။
ချူကျန်းသည် ရည်မှန်းချက်ကြီးသူ ဖြစ်သော်လည်း သူသည် အမှန်တကယ်ပင် ဆင်ခြင်တုံတရားရှိသော ပညာရှင်တစ်ဦးဖြစ်သည်။ သူသည် ရှောင်းယွိရုန်၏ ချီးမြှင့်မြှောက်စားချင်ကို ခံယူနိုင်သည်မှာ သည်းခံနိုင်စွမ်းရှိ၍မဟုတ်ဘဲ သူသည် ကွန်ဖြူးရှပ်နှင့် မင်ကျစ်၏ လမ်းစဉ်ကို သင်ယူခဲ့ပြီး သူ၏နှလုံးသားတွင် ဘိုးဘွားမိဘများကို ရိုသေကိုင်းရှိုင်းမှု ရှိနေခြင်းပင်ဖြစ်သည်။
သို့သော် သူမသည် ရှဲ့ဖင်းဟွိုက်အား ဤစည်းမျဉ်းများအကြောင်း မည်မျှပင် ပြောပြစေကာမူ သူသည် ၎င်းတို့ကို တစ်ခါမျှ အာရုံမစိုက်ခဲ့ပေ။
သူမသည် သူ့ကို သင်ကြား၍မရပေ။ သူသည် ယခုအခါ များစွာ ပိုမို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း သာမန်လူတစ်ဦးထက် ဆင်ခြင်တုံတရား နည်းနေဆဲပင်ဖြစ်သည်။
သူမ ပြောသည်များကို အနည်းငယ် နားလည်၍ သူသည် လှည့်စားရလွယ်ကူသော လူဆိုးလူမိုက်တစ်ဦးဖြစ်ကြောင်း အခြားသူများ မထင်မိအောင် လုပ်နိုင်လျှင် လုံလောက်ပြီဖြစ်၏။
“ဒါဆို ဆရာတူအဒေါ်ကလည်း ခုနက ဒေါသထွက်နေတာပေါ့။ ဆရာတူအဒေါ်က ဒေါသမထွက်သလိုပဲ ဟန်ဆောင်နေခဲ့တာပေါ့။ သူတို့ကလည်း မရိပ်မိကြပါဘူး။ ဒါကိုပဲ သူတို့က ဆရာတူအဒေါ်ကို ကြောက်နေကြတာလား” ရှဲ့ဖင်းဟွိုက်သည် မေးလိုက်၏။
ရှဲ့ချောင်သည် ခေါင်းညိတ်ကာ တုန့်ပြန်လိုက်၏။
အမှန်တွင် သူမသည် လုံးဝ ဒေါသမထွက်ခဲ့ပေ။
သူမသည် ကျန်းမာရေး မကောင်းသောကြောင့် ဒေါသမထွက်ခဲ့ခြင်း ဖြစ်သည်။ သူမသည် သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ရန် သင်ယူခဲ့ပြီး ထိုမျှသေးငယ်သော ကိစ္စဖြင့် စိတ်
ကသိကအောက်မဖြစ်တော့ပေ။
“ဒါဆို ရှေ့လျှောက် ကျွန်တော် ဆရာတူအဒေါ်ဆီကနေ သင်ယူတော့မယ်”ရှဲ့ဖင်းဟွိုက်သည် သူ၏ရှေ့မှ ဆရာတူအဒေါ်သည် သူ၏ဆရာထက် အများကြီး ပိုတော်သည်ကို ခံစားရ၏။ “ဆရာတူအဒေါ် က အတော်ဆုံးပဲ။ ကျွန်တော့်ကိုလည်း ဆူဆူပူပူ မလုပ်ဘူး။စကားပြောတာလည်း ညင်သာတော့ ကျွန်တော်လည်း သက်တောင့်သက်သာ ရှိတယ်”
“ရှောင်းယွိရုန်က မင်းအတွက် အဲ့လောက်ထိ စိတ်အနှောင့်အယှက် ဖြစ်စေတာလား” ရှဲ့ချောင်သည်လည်း အကြံအိုက်နေခဲ့၏။
သူမ၏ မိုက်မဲသောမောင်လေးသည် သူ၏ဆရာကို မလေးမစားလုပ်ခြင်း၏ အကျိုးဆက်ကို မသိခဲ့ပေ။
ရှောင်းယွိရုန်သည် သူ့အား အကြိမ်များစွာ သည်းခံခဲ့သောကြောင့်ပင် သူသည် ဆက်လက်သင်ယူခွင့် ရခဲ့ခြင်းဖြစ်သည်။ အခြားဆရာများ ဖြစ်ပါက သူ့အား ကျောင်းတော်မှ ထုတ်ပယ်ခံရမည်မှာ အချိန်ကာလကြာမြင့်နေလောက်ပြီ ဖြစ်၏။
“ဆရာက ကျွန်တော့်ကို ဆုံးမရတာကို အရမ်း သဘောကျတာ။ သူ့စကားတွေက အရမ်းနက်နဲလွန်းလို့ ကျွန်တော် နားမလည်နိုင်ဘူး။ သူ့ကို မေးရင်တော့ အဲဒီစကားစုတွေကို မှတ်မိအောင် စာအုပ်တွေ ကူးခိုင်းလိမ့်မယ်။ သူ့ကို မမေးရင်တော့ နောက်တစ်ခါ ပိုပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်…” ရှဲ့ဖင်းဟွိုက်သည်လည်း ၎င်းမှာ သူအတွက် ခက်ခဲသည်ကို ခံစားရ၏။
••••••
အခန်း ၁၀၅၁။ ဘဝတွင်အောင်နိုင်သူ
ယခုအချိန်၌ ရှဲ့ဖင်းဟွိုက်မှာ သနားစရာကောင်းနေပေ၏။
သူသည့ သူ့ဆရာကို မုန်း၍မဟုတ်။
သူ့အတွက် မည်သည်ကကောင်းသည်ကို သိ၏။
ရှောင်းယွိရုန်သည် သူ့အား သူ၏အဖေအရင်းထက်ပင် ပို၍ဂရုစိုက်ပေးသည်။ သူ့အား စာအုပ်များကူရေးစေခြင်းဖြင့် အပြစ်ပေးသလို စာလေ့လာမှုအကြောင်းလည်း မေးတတ်သည်။
သူသည် ဤတစ်လောအတွင်း အမှန်အကန်တိုးတက်လာခဲ့ကာ ချီးကျူးမှုလည်း များစွာရရှိခဲ့သည်။ သို့သော် အခြားသူများနှင့် ယှဉ်လိုက်လျှင်မူ သူသည် လုံလောက်အောင် မတော်သေး။ သူ့ဆရာအား အမြဲတမ်း သက်ပြင်းချရစေသည်။
ဆရာ့၏ ဒေါသထွက်နေသော သက်ပြင်းချသံကို ကြားရတိုင်း သူမသက်မသာဖြစ်ရသည်။ သူသည် တုံးအသူတစ်ယောက်၊ ဆရာကဲ့သို့မဟုတ်ကြောင်းသာ အမြဲတမ်းခံစားရ၏။
သူမ၏ မိုက်မဲသောမောင်လးသည် ရှောင်းယွိရုန်၏ စကားများကို နားလည်နိုင်သော အရည်အချင်းမရှိ။
ထိုအရာကိုတော့…ရှဲ့ချောင်လည်း သူ့ကိုတကယ်မကူညီပေးနိုင်ပေ။
“မင်း နောက်ထပ်နှစ်နှစ်လောက် စာအုပ်ကူးရေးပြီးသွားတဲ့အခါကျ နားလည်သွားလိမ့်မယ်၊ အသိပညာဗဟုသုတကိုရှာတဲ့လမ်းက အစပိုင်းမှာ အမြဲတမ်းခက်ခဲတတ်တာပဲ”
ရှဲ့ချောင် လိမ်ပြောလိုက်၏။
အမှန်မှာမူ… အမြဲတမ်းခက်ခဲမည်ပင်။
ရှောင်းယွိရုန်ကဲ့သို့ တင်းကျပ်ပြီး တောင်းဆိုချက်များသော ဆရာမျိုးနှင့်ဆို သူ့ဘဝ၌ အမူအကျင့်အသစ်များဖြင့် ပိုပြီးကောင်းမွန်စွာ ပြုမူလာနိုင်စရာ အကြောင်းမရှိပေ။
သို့သော် သူမ၏ မိုက်မဲသည့်မောင်ငယ်ကတော့ ထိုသို့သောဘဝကောင်းရှိနေလေသည်!
သူ ဓားပြတစ်ယောက်ဖြစ်သည့်အချိန်က အသက်ငယ်သေးပြီးမိသားစုသည် လူရိုင်းများကို နှိမ်နှင်းသည့်အရေးဖြင့် အလုပ်ရှုပ်နေခဲ့၏။ သူ့အား မည်သူကမှ ဂရုမစိုက်ပေးနိုင်ကြ။ သူသည်တောင်တန်းများနှင့် မြစ်ချောင်းများဆီ လွတ်လွတ်လပ်လပ်သွားလာနိုင်၏။ အင်မတန် အပူပင်ကင်းခဲ့ရသည်။ အရွယ်ရောက်လာသောအခါ ဖခင်ဖြစ်သူသည် အရာရှိတစ်ယောက်ဖြစ်လာ၍ သူသည် သခင်လေးတစ်ယောက်ဖြစ်လာပြန်သည်။ သူသည် သခင်မလုထံမှ ချစ်မြတ်နိုးခံခဲ့ရ၏။ သခင်မလုထွက်သွားပြီးနောက် အဒေါ်လင်းက သူ့အား ချစ်ပေးပြန်သည်။ လမ်းမှန်လျှောက်တော့မည့်အချိန်တွင်လည်း ဆရာကောင်းတစ်ယောက်ရှိေနပြန်လေ၏…
ထိုသို့ဆိုလျှင် သူသည် ဘဝ၏ အစစ်အမှန်အောင်နိုင်သူတစ်ယောက်ဟုဆိုရမည်ပေ။
နှိုင်းယှဥ်ကြည့်ပါက သူမနှင့် အစ်ကိုကြီးတို့တွင် ပင်ပန်းခက်ခဲသည့်အချိန်များရှိနေလေသည်။
ရှဲ့ချောင် သူ့အား မနာလို့သည့်အကြည့်ဖြင့် ကြည့်လိုက်၏။ တင်းမောက်၊ ကျို့စစ်ကျင်းနှင့်အခြားသူများက သူတို့အား လူများစိုက်ကြည့်ခြင်းကို ရပ်တန့်သွားဖို့စောင့်နေကြသည်။ ထို့နောက် သူတို့ကိုယ်သူ သတ္တိမွေးပြီး ရှဲ့ချောင်ဆီသွားလိုက်ကြ၏။
သူမသည် ထိုနေရာတွင်သာ ငြိမ်ငြိမ်လေးထိုင်နေသည်။
သူမအကြောင်းသိချင်နေကြသည့်လူများစွာရှိနေကြသော်လည်း အများစုက သူတို့၏အမူအကျင့်ကိုသိထားပြီးသားဖြစ်၍ သူမအား နှောင့်ယှက်လိမ့်မည်မဟုတ်။
ရှဲ့ချောင်သည် ရှဲ့ဖင်းဟွိုက်အား စမ်းသပ်နေခြင်းပင်။ သူ၏ လက်ရှိတိုးတက်မှုနဲ့ပတ်သက်၍ အသိတရားတစ်ခုရခဲ့သည်။
သူသည် ဝီရိယမရှိ၍ မဟုတ်ဘဲ သူ့စိတ်က တက်ကြွနေခြင်းဖြစ်၍သာ။ ရှောင်းယွိရုန်သာ သူ့ကိုတွန်းအားပေးလျှင် သူ၏ တိုးတက်မှုက အင်မတန်ကြီးမားလောက်သည်။ ထိပ်တန်းစာသင်သားတစ်ယောက်ဖြစ်နေပြီးသော ချူကျန်းနှင့် ယှဥ်၍မရသည့်တိုင်။
ရှဲ့ဖင်းဟွိုက်သည် အစနောက်ကျခဲ့သဖြင့်ကျခဲ့သဖြင့် သူနှင့်ယှဥ်နေရန်မလိုပေ။
သူမ၏ အမြင်တွင်မူ နောက်နှစ်အတွင်း သူ စာမေးပွဲဖြေဆိုနိုင်လောက်သည်။
သူ၏ကြီးမားသောတိုးတက်မှုကို မြင်ရ၍ ရှဲ့ချောင်သူ့အပေါ်ပို၍သာ ညင်သာသွားသည်။
နှစ်နာရီနီးပါးကြာမြင့်သွားပြီးနောက် မလှမ်းမကမ်းမှလူများ တီးတိုးပြောဆိုကြသည်ကို သူမ တွေ့လိုက်ရသည်။
သူတို့ ပြောနေသည့်အကြောင်းရာကိုမူ မသိခဲ့ချေ။
ရှဲ့ချောင်ပတ်ကြည့်လိုက်ရာ တစ်နေရာဆီလွင့်မျောသွားနေကြသော စာသင်သားမကောင်းဆိုးဝါးဝိဥာဥ်တချို့ကိုမြင်လိုက်၏။ သူတို့သည် အချင်းချင်းတွတ်ထိုးပြောဆိုနေကြသည်။ သူတို့၏ ပြောဆိုပုံအရ.. တစ်ယောက်ယောက်သေသွားသည်များလား။
“ဆရာဒေါ်လေး ဘာဖြစ်လို့လဲ၊ ထပ်စစ်ဦးလေ။ ဒီလိုရိုးရိုးရှင်းရှင်းမေးခွန်းလေးတွေဆို ကျွန်တော်ဖြေနိုင်သေးတယ်!”
သူသည် ထိုစာများအား အကြိမ်တစ်ရာမက ကူးယူခဲ့ရသည်။
မသိဘဲနေမှာတဲ့လား?
ရှဲ့ချောင် မတ်တပ်ထရပ်လိုက်၏၊
“တစ်ယောက်ယောက် သေသွားတယ် သွားကြည့်ကြစို့”
“တစ်ယောက်ယောက်က သတ်လိုက်လို့လား”
ရှဲ့ဖင်းဟွိုက်သည် ချက်ချင်းဆိုသလို အားအင်အပြည့်ဖြစ်သွား၏။ သူ့အိတ်ထဲမှ ဓားတစ်ချောင်းကိုပင် ယူထုတ်လိုက်သေးသည်။
“ဆရာဒေါ်လေး စိတ်မပူပါနဲ့။ ကျွန်တော်က အရမ်းတော်တာ! လူသတ်သမားသာ ကျွန်တော်တို့ဆီလာလို့ကတော့ ဒီသခင်လေးက သူ့ကိုတစ်ချက်တည်းနဲ့ရှင်းပေးမယ်”
ရှဲ့ချောင် သူ့အား မျက်လုံးလှိမ့်ပြလေသည်။
“မင်းရဲ့ခံစားချက်တွေကိုမပြစမ်းနဲ့”
ရှဲ့ဖင်းဟွိုက်သည် ထိုစကားကြောင့် ကသိကအောက်ဖြစ်စွာဖြင့်ပြုံးလိုက်၏။ ထို့နောက် ဘယ်ပြန်ညာပြန်ကြည့်ကာ ခေါင်းကုတ်လေသည်။ သူ့ဓားအား ခိုးကြောင်ခိုးဝှက်ဖြင့် ပြန်သိမ်းကာ ရုပ်တည်ဖြင့်နေနေ၏။ သို့သော် သူ့ရဲ့အကြည့်များက အနည်းငယ်မရေမရာဖြစ်နေဆဲ။ သူ ကျီစယ်လိုစိတ်ရှိနေသေးမှန်းသိသာပေသည်။
သူ၏ မျက်နှာအမူအရာအား ထိန်းထားနိုင်သည်နှင့်တင်ကောင်းနေလေပြီ။ အချိန်ယူလို့ရပေသည်။
••••••
အခန်း ၁၀၅၂။ ရုပ်ဆိုး၍ ဝက်ဝံနှင့်တူသော အမျိုးသား
ရှဲ့ချောင်သည် မတော်တဆဖြစ်သည့်နေရာသို့ မကောင်းဆိုးဝါးဝိဉာဉ်များ၏ နောက်ကနေလိုက်သွား၏။
လမ်းလျှောက်ရင်းဖြင့် ကြမ္မာဥယျာဉ်နှင့် သိပ်မဝေးသော ကန်စောင်းဆီ ရောက်လာကြသည်။
ဤနေရာ… ရှဲ့ချောင်သည် ဤနေရာနှင့် အလွန်ရင်းနှီးနေသည်။ သူမသည် သခင်မလေးတစ်ယောက်အတွက် ပလွေမှုတ် ပေးနေသော အမျိုးသားတစ်ဦး၏ ပုံစံအား ဆွဲထားခဲ့သည်။
သူမ ချဉ်းကပ်လာသည်နှင့် ရှဲ့ဖင်းကန်းကို တွေ့လိုက်ရ၏။
ရှဲ့ဖင်းကန်းအပြင် အိမ်ရှေ့စံမင်းသား၊ စန်းယောင်နှင့် ကျန်းကျင်လုတို့အားလုံးပါ ထိုနေရာတွင် ရှိနေကြသည်။
“ဆရာတူအစ်ကိုရှောင်းက ဆရာ့ကိုအနားယူဖို့ ပြန်ပို့လိုက်ပြီ”
သူမ၏ စူးစမ်းနေသောအကြည့်အား မြင်၍ ကျောက်ရွှမ်ကျင်းကရှင်းပြသည်။
ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။ ဆရာသည် အသက်ကြီးနေပြီဖြစ်သလို သူ၏ခွန်အားသည်လည်း ယခင်ကလောက် မကောင်းတော့ပေ။ ယနေ့၌ အေးစိမ့်နေပြီး နှင်းကျတော့မည့်ပုံပင်။ အမှန်တကယ်ကို သူကြာကြာမနေနိုင်လောက်။
“မှုခင်းစီရင်ရေးဌာနကသူတွေက ဘာလို့ဒီရောက်နေကြတာလဲ”
ရှဲ့ချောင်မှာ ပဟေဠိဖြစ်လို့နေသည်။
“ဒီနေ့ အဌဂံဥယျာဉ်က တော်တော်ကြီးလူပြည့်နေတာ၊ အုပ်ချုပ်ရေးရုံးက အထဲမှာရှိတဲ့ကျောင်းသားတွေရဲ့ လုံခြုံရေးအတွက် တာဝန်ရှိတယ်လေ၊ ဒါပေမယ့် သူတို့မှာက လူအင်အားမလုံလောက်တော့ မှုခင်းစီရင်ရေးဌာနကနေ လူတချို့ငှားတယ်၊ ကျွန်တော်လည်း ဒီရောက်နေတာဆိုတော့ ဒီအမှုက မှုခင်းစီရင်ရေးဌာနနဲ့သက်ဆိုင်တာ ဖြစ်သွားရော”
ကျောက်ရွှမ်ကျင်းသည် သူ၏ခေါင်းကိုငုံ့ကာ စိတ်ရှည်ရှည်နှင့် ရှင်းပြလေသည်။ နောက်ဆုံးတော့ ရှဲ့ချောင်သဘောပေါက်သွားလေပြီ။
ရှဲ့ဖင်းကန်းသည် အလောင်းအား ကြည့်နေ၏။
ရှဲ့ချောင် ကြည့်ကြည့်လိုက်ရာ သေသွားသောလူသည် ပလွေများကိုမှုတ်ခဲ့သော လူငယ်ဖြစ်နေကြောင်း သိလိုက်ရသည်။ ပန်းချီကားထဲတွင် ဤလူငယ်သည် တက်ကြွမှုအပြည့်ရှိကာ ငယ်ရွယ်လှပသည်။ မျက်စိတစ်မှိတ်စာအတွင်း၌ မြေကြီးပေါ်လှဲနေရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
သူမ သေချာရှာကြည့်ခဲ့သော်လည်း သူ၏ဝိဉာဉ်ကိုရှာမတွေ့ခဲ့။
သူ အောက်ဘုံကို တန်းပြီးဆင်းသွားတာများလား?
သို့သော်ငြား ပုံမှန်အားဖြင့် ရုတ်တရက်သေဆုံးသွားသောသူတစ်ယောက်သည် သက်ရှိလောက၌ နေနေဦးမည်ပင်…
“သူက… အရှင့်သားရဲ့ ယောက်ဖတော်မလား”
စန်းယောင်သည် သူမြင်လိုက်ရသည့်အရာကြောင့် အကြီးအကျယ်ထိတ်လန့်သွားသည်။
သူသည် မြေကြီးပေါ်ရှိအလောင်းအား ဂရုမပြုဘဲမနေနိုင်သလို ရှဲ့ဖင်းကန်းကိုပါ မနေနိုင်ဘဲကြည့်လိုက်၏။ သူ့ကိုပိုပြီးကြည့်လေလေ စိတ်ထဲ၌ ပိုပြီးကြောက်လန့်လာလေပင်။ သူ၏ မျက်နှာထားက ထိတ်လန့်တုန်လှုပ်နေသည်။
ဒီလူက အရမ်းရုပ်ဆိုးတာပဲ!
သူ၏ မျက်နှာအစိတ်အပိုင်းများက အကျည်းတန်နေသည်မဟုတ်ဘဲ သူ့၏ စိတ်နေစိတ်ထားကိုက ဆိုးနေခြင်းပင်။
သူသည် ဝက်ဝံတစ်ကောင်ကဲ့သို့ သန်မာကာ အခြားသူများထက် ခေါင်းတစ်လုံးစာပိုရှည်သည်။ သူ၏ ပုံပန်းသွင်ပြင်ကို ကြည့်ချင်လျှင် သူ့ခမျာ လည်ပင်းကိုမော့နေရ၏။ တကယ်ပင်ပန်းလှပေသည်။
သူ၏အရပ်ကပင် အင်မတန် လူအာရုံစိုက်စရာဖြစ်နေလေပြီ။ သို့သော် သူ၏ ပုံပန်းသဏ္ဍာန်ကိုမူ အာရုံမစိုက်ဖြစ်ခဲ့ပေ။ သူ့မျက်နှာတစ်ဝက်နီးပါးလောက်က မုတ်ဆိတ်မွေးများဖြင့် ဖုံးနေ၏။ သူ့အမြင်တွင်တော့ လူငယ်တစ်ယောက်နှင့်တူနေသည်။ သို့တိုင် ထိုမုတ်ဆိတ်များနှင့် ကြုံတွေ့ရသောအခါ မသိသည့်သူဆိုလျှင် အသက်သုံးဆယ်လေးဆယ်အရွယ် လူရိုင်းတစ်ယောက်ဟုပင် ထင်သွားနိုင်သည်။
သူ၏ အသားရေက ကြမ်းတမ်းပြီး မျက်လုံးများသည် ရန်လိုနေကာ အသံသည် ကြမ်းတမ်း၍ အဝတ်အစားများကလည်း အကြမ်းထည်ဖြစ်ကာ ရှက်စရာကောင်းလှပေသည်!
သူသည် အနက်ရောင်နှင့် ခဲရောင်ကိုဝတ်ဆင်ထားကာ သူ၏ ဖိနပ်များက ညစ်ပတ်သောရွှံ့များဖြင့် စွန်းထင်းနေသည်။ ခါးတွင်ဓားရှည်တစ်လက်နှင့် ကိုယ်ပေါ်တွင် ဓားတိုတစ်လက်ရှိကာ ခေါင်းတွင်ထိုးထားသောအရာသည်ပင် ထက်သောလက်နက်တစ်ခုဟုထင်ရလေသည်။
စန်းယောင်သည် ခြေတစ်လှမ်းနောက်မဆုတ်ဘဲ မနေနိုင်တော့ကာ သူ့လက်များသည်လည်း ရုတ်တရက် မသက်မသာခံစားလာရသည်။သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါတစ်ထည် ယူထုတ်လိုက်လေ၏..
“ဆရာတူအစ်ကိုစန်း အဆင်ပြေရဲ့လား”
ကျန်းကျင်လုသည် စန်းယောင်အား ကရုဏာသက်စွာဖြင့် မေးလာသည်။
စန်းယောင်၏ နှုတ်ခမ်းထောင့်စွန်းတို့လှုပ်သွားသည်
“သူ့ခြေထောက်ပေါ်က ရွံ့တွေက.. တကယ်မျက်စိစပါးမွေးစူးစရာပဲ”
“ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ၊ ဆရာတူအစ်ကိုစန်း ဒါကိုသည်းခံနိုင်ဖို့ အကောင်းဆုံးကြိုးစားသင့်တယ်၊ ပထမသခင်လေးရှဲ့က အမှုနဲ့ပတ်သက်ပြီးလုပ်နေတာဆိုတော့…”
ကျန်းကျင်လုသည်လည်း သူ့ဆရာတူအစ်ကို၏ စရိုက်ကိုသိသည်..
သူသည် ညစ်ပတ်သောအရာများအား မကြည့်နိုင်သူဖြစ်ပြီး စိတ်ထဲမှ မသက်မသာခံစားလာရလိမ့်မည်!
နေရာတိုင်း၌ လူများရှိနေခြင်းကြောင့်သာမဟုတ်လျှင် သူ့ခေါင်းကိုငုံ့ပြီး ရှဲ့ဖင်းကန်း၏ ဖိနပ်အား သုတ်ပေးပြီးနေလောက်လေပြီ။
စန်းယောင်သည် အမြဲတမ်းတော့ ထိုသို့မဟုတ်ပေ။
သူနှင့်ရင်းနှီးသောသူများ မဆင်မခြင်နေနေကြခြင်းအား မြင်ရသည်ကိုသာ သဘောမကျတတ်ခြင်းမျိုးပေ။
ထူးဆန်းသည်က လယ်သမားများသာ ထိုသို့ဖြစ်နေလျှင် သူက သည်းခံနိုင်ရုံတင်မကဘဲ သူတို့နှင့်ပါ အလုပ်အတူတူလုပ်ပေးဦးမည်။
သို့သော် ယခုလိုအခြေနေမျိုးတွင်မူ သူအလုပ်လုပ်ရန်လိုသည့်အခါ ညစ်ပတ်နေခြင်းကိုမကြိုက်ပေ။ ထို့အပြင် ကျန်းကျင်လု၏ အမြင်တွင်တော့ စန်းယောင်သည်းမခံနိုင်သည်က ဖိနပ်များမဟုတ်ဘဲ ရှဲ့ဖင်းကန်းသာပင်။
သူ၏ ဝက်ဝံတစ်ကောင်ကဲ့သို့သော စိတ်နေစိတ်ထားက ဆရာတူအစ်ကိုစန်း၏ အလှအပဆန်ဆန်အကဲဖြတ်မှုအား ရန်စနေပေသည်။
••••••