← Chapters

အခန်း (၁၀၅၃-၁၀၅၆)

Vol. 54 Ch. 1053-1056

အခန်း (၁၀၅၃-၁၀၅၆)

Vol. 54 Ch. 1053-1056

အခန်း ၁၀၅၃။ ညစ်ပတ်သောအရာများ

စန်းယောင်သည် ထိုနေရာတွင်သာ တောင့်‌တင်းစွာရပ်နေ၏။

၁၅မိနစ်နီးပါးကြာပြီးနောက် ရှဲ့ဖင်းကန်းသည် ခန္ဓာကိုယ်အား စစ်ဆေးပြီးသွား၍ သူ့အင်္ကျီပေါ်တွင် လက်သုတ်လိုက်သည်။ ထိုအခြင်းအရာကိုမြင်သောအခါ စန်းယောင်သည် ဆက်ပြီးသည်းမခံနိုင်တော့သဖြင့် အရှေ့သို့ ခပ်သုတ်သုတ်လျှောက်သွားလေသည်။ သူက ရှဲ့ဖင်းကန်းအား အစိမ်းရောင်လက်ကိုင်ပုဝါတစ်ထည်အား ကမ်းပေးလိုက်၏။

“ရှဲ့သခင်လေး ဒီဟာကိုယူလိုက်ပါ”

ရှဲ့ဖင်းကန်းက သူ့အားလှည့်ကြည့်လိုက်သည်။

ထို့နောက် လက်ကိုင်ပုဝါအား ကြည့်လိုက်ပြန်၏။

“မလိုဘူး အင်္ကျီနဲ့ပဲသုတ်လိုက်မယ်”

ရှဲ့ဖင်းကန်းသည် အင်မတန်တဲ့တိုးဆန်လေသည်။

လက်ကိုင်ပုဝါကိုကြည့်ပါဦး ။ ကျွတ်ကျွတ် ကျွတ် ၊ အမျိုးသမီးတစ်ယောက်သုံးထားတာနဲ့တောင်တူနေတယ်။ သန့်ရှင်းနေရုံတင်မဟုတ်ဘူး ပန်းပွင့်ပုံတွေပါ ထိုးထားသေးတယ်တဲ့လား?

ရှဲ့ဖင်းကန်းသည် တစ်ချက်ကြည့်ကြည့်ပြီးနောက် ဤအမျိုးသမီးအား ရေကန်ထဲပင်ပစ်ချချင်သွားသည်။ ကံကောင်းစွာဖြင့် အိမ်ရှေ့စံမင်းသားသည် ဤနေရာတွင်ရှိနေမှန်းသိ၍ သူ ထိုသို့လုပ်ရမည်ကို ရှက်နေခဲ့သည်။

“ဒီလက်ကိုင်ပဝါကို သုံးလိုက်ပါ”

စန်းယောင်က သွားများကိုကြိတ်လျက်ဆိုလေ၏။

မှုခင်းစီရင်းရေးဌာနမှ လူများစစ်ဆေးနေကြသော အလောင်းနှင့်ပတ်သက်ပြီးမူမမှန်တာမျိုးမရှိခဲ့ပေ။ အလောင်းသည် လူသားတစ်ယော်သာဖြစ်ပြီး အခုလေးတင်မှ သေသွားခြင်းဖြစ်သည်။ ၎င်းသည် အနံ့မထွက်သေးသလို မပုပ်သေးသဖြင့် ဘာမှမဖြစ်ပေ။

သို့သော် အလောင်းသည် ရေနစ်ထားခြင်းဖြစ်၍ ၎င်း၏ ပါးစပ်ထဲ၌ သဲများစွာရှိနေသည်။ ရှဲ့ဖင်းကန်းသည် ခဏကြာနှိုက်ထုတ်နေခဲ့၏။ သဲများအပြင် ထူးဆန်းသော ချွဲ သလိပ်တချို့ကိုပင် …ယူ

ထုတ်လိုက်သည်ကို မြင်လိုက်ရ၏။

သူဘယ်လိုလုပ်ပြီး…သူ့အဝတ်နဲ့ပဲသုတ်ပစ်နိုင်ရတာလဲ?

ရှဲ့ဖင်းကန်းသည် အမှန်တကယ်ကိုအော်ပစ်ချင်နေလေ၏။

“ငါမသုံးချင်ဘူး၊ မင်းအလုပ်မဟုတ်ဘူး…”

သို့သော်လည်း သူသည် အိမ်ရှေ့စံမင်းသား၏ ယောက်ဖတော်ဖြစ်နေသည်။ အိမ်ရှေ့စံမင်းသားအား အခြားသူများရှေ့၌ အရှက်မရစေချင်ပေ။ သို့ဖြစ်၍ သူသည် စိတ်ရှည်သည်းခံစွာဖြင့် လက်ကိုင်ပုဝါကိုယူလိုက်ပြီး “ကောင်းပြီ” ဟု ဆိုလိုက်ရသည်။

သူသည် လက်ကိုင်ပဝါအား တို့ကနန်းဆိတ်ကနန်းလုပ်၍ ကြည့်ကြည်ပြီးနောက် သူ့လက်များကို သုတ်ပစ်လိုက်သည်။ တစ်ခဏအတွင်းပင် မူလက မွှေးရနံ့သင်း၍ ကော့ပြန့်နေသော လက်ကိုင်ပဝါသည် ညစ်ပတ်သောအရာတစ်ခုအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားတော့သည်။

“ကျေးဇူးပဲ”

ရှဲ့ဖင်းကန်းသည် လက်သုတ်ပြီးနောက် ကျေးဇူးတင်ရန်လည်းမမေ့ခဲ့။ သူသည် စန်းယောင်၏လက်ထဲသို့ လက်ကိုင်ပဝါကိုထိုးထည့်ကာ “ညီလေး မင်းနာမည်ဘယ်လိုခေါ်လဲ။ မင်းကအရှင့်သားရဲ့ …ဆရာတူညီလေးလား”

ယနေ့ အရှင့်သားဘေးတွင်ရပ်နေနိုင်သူများမှာ ဂိုဏ်းတစ်ခုတည်းကသူများသာဖြစ်နိုင်ချေရှိသည်။

စန်းယောင်၏မျက်နှာမှာ ချက်ချင်းဖြူဖျော့ သွားသည်။

လက်ကိုင်ပုဝါသည် သူ့ရင်ဘတ်၌ ထိုအတိုင်းတွဲလောင်းကျနေ၏။ သူသည် ၎င်းအားတင်းကျပ်စွာဆုပ်ကိုင်ထား၏။ သူ့ရှေ့၌ မရေမတွက်နိုင်သော ဖုန်မှုန့်များ လှိမ့်နေပြီး ကသောင်းကနင်းဖြစ်နေခြင်းကိုခံစားနေရကာ ၎င်းက သူ့အား ကြက်သီးမွေးညှင်းများထစေလေသည်။

သို့သည့်တိုင် လောကကြီး၏ နိယာမများက သူ့အား လက်ကိုင်ပုဝါကိုလွှတ်ပစ်ခြင်းမှ တားဆီးထားသည်။

သည်းမခံနိုင်‌တော့သည့် ကျန်းကျင်လုကသာ လက်ကိုင်ပဝါကို လှမ်းယူလိုက်၏။ ထိုအခါမှသာ ပုံမှန်ပြန်၍ အသက်ရှုနိုင်တော့လေသည်။

စန်းယောင်သည် ယခုအခိုက်အတန့်၌ အမှန်တကယ်ကို မပြုံးနိုင်ခြင်းပင်။ သူသည် ရှဲ့ဖင်းကန်းအား သူ့ဘဝ၌ ကျော်ဖြတ်ရမည့် အခက်ခဲဆုံးတောင်တစ်တောင်အလား ကြည့်နေခဲ့သည်။ ထိုလူအား ဘယ်သောအခါမှထပ်မတွေ့ချင်တော့ပေ။

“အရှင့်သား သူက ရေနစ်သွားတာ။ ရေကန်က ဒီနေ့အေးတဲ့အပြင်ကို သူ့အဝတ်တွေက ထူပြီးလေးတော့ ချက်ချင်းပြန်မပေါ်လာနိုင်ခဲ့ဘူး”

ရှဲ့ဖင်းကန်းသည် မှုခင်းစီရင်ရေးဌာန၌ အလုပ်လုပ်နေသည်မှာကြာပြီဖြစ်၍ သေဆုံးရခြင်းအကြောင်းရင်းအား ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိသည်။

“သူ ဘာလို့ရေကန်ဘက်ကိုသွားခဲ့လဲဆိုတာနဲ့ ဘယ်လိုကျသွားလဲဆိုတာကိုပဲ မသိတာ။ ကံကောင်းလို့ ဒီနေ့လူအများကြီးရှိ‌တော့ သူ့ကိုမြင်လိုက်တဲ့သူတစ်ယောက်ယောက်တော့ရှိမှာပဲ”

“ဒီနေ့လူတွေအများကြီးရှိတယ်ဆိုပေမဲ့ လူတိုင်းရဲ့အကြည့်တွေက ဥယျာဥ်ဆီပဲရောက်နေကြတာ။ ဒီနေရာက…ထွေထွေထူးထူး မျက်စိပသာဒဖြစ်စရာလည်းမရှိဘူး”

ကျန်းကျင်လုက မနေနိုင်ဘဲ ဝင်‌ပြောလိုက်သည်။

ရှဲ့ဖင်းကန်းသည် သီးသန့်လေ့လာကြည့်ခဲ့ပြီး သူလည်း ထိုအတိုင်းတွေ့ရှိခဲ့ရ၏။

ဤနေရာသည် အင်မတန်တိတ်ဆိတ်နေကာ ရှုခင်းသည်လည်း အကောင်းဆုံးမဟုတ်ပေ။

သူသည် စာသင်သားတစ်ယောက်မဟုတ်သဖြင့် လူများစွာပြုံတိုးစေသည့် မည်သို့သော ထူးခြားသည့်အရာမျိုး ဥယျာဥ်ထဲ၌ ရှိခဲ့သည်ကိုသူမသိချေ။ သို့သော်လည်း အိမ်ရှေ့စံမင်းသားသည် ဤနေရာမှာရှိနေပြီဖြစ်၍ အခြားအရာများကို‌ ပြောနေရန်မလိုတော့ပေ။

“သူ့ရဲ့ အထောက်အထားကို စစ်ဆေးခိုင်းလိုက်မယ်”

ရှဲ့ဖင်းကန်းကဆိုသည်။

စင်စစ် စစ်ဆေးကြည့်ရန်မလိုပေ။

ထိုကဲ့သို့သော အဖြစ်အပျက်ကြီးဖြစ်ပြီးနောက် သေဆုံးသူအား သိနေသော လူတစ်ယောက်သည် လူအုပ်ထဲတွင်ရပ်နေကာ သူမသည် အင်မတန် အမြင်ကိုဖမ်းစားနိုင်စွမ်းရှိလှပေသည်။

သခင်မလေးတစ်ယောက်ပင်။

သခင်မလေးသည် အင်မတန်လှပပြီးချစ်စရာကောင်းသော်ငြား ယခုအချိန်၌ သူမ၏မျက်လုံးများသည်နီရဲဖောင်းမို့နေကာ သူမ၏ခန္ဓာကိုယ်သည်လည်း တုန်ယင်နေသည်။ သူမ လဲကျတော့မည့်အလား။ ရှဲ့ချောင်သည် သူမအား ယခင်က ပန်းချီဆွဲပေးဖူးကာ ပန်းချီဆွဲနေစဥ်က အနှီသခင်မလေးသည် ယခုလို ရင်နာစရာမြင်ကွင်းကြီးနှင့် ကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမှမတွေးဖူးခဲ့ပေ။

•••••••

အခန်း ၁၀၅၄။ သခင်မလေး

ရှဲ့ချောင်သည် ထိုသခင်မလေးအား ကရုဏာမသက်မိဘဲမနေနိုင်ဘဲ ညင်သာစွာသက်ပြင်းချလိုက်၏။

ထိုအချိန် သခင်မလေးသည်လည်း မေးခွန်းမေးမြန်ရန်းအတွက် အခေါ်ခံလိုက်ရသည်။

သက်ရောက်မှုများစွာမရှိလာစေရန်အတွက် ရှဲ့ဖင်းကန်းသည် ပွဲကြည့်သူများအား စိုက်ကြည့်ပြီး ဥယျာဉ်ဆီ နှင်ထုတ်လိုက်သည်။

စန်းယောင်သည်လည်း ရှဲ့ဖင်းကန်း၏ ခက်ထန်သောအကြည့်ဖြင့် မောင်းထုတ်ခံရလုနီးနီးပင်။

“နာမည်ကြီးတဲ့ ပထမသခင်လေးရှဲ့ဆိုတာ အမှန်ပဲ၊ သူက ကောလာဟလတွေထဲကထက်တောင် ပိုပြီးသတ္တိရှိသေးတယ်”

စန်းယောင်၏ လေသံမှာ ဒုက္ခရောက်နေသည့်အလား။ ထိုသို့ပြောပြီးနောက် သူသည်လည်း ဥယျာဉ်ဆီသွားရန်ရွေးချယ်ခဲ့ကာ ဆက်ပြီးမနေရဲတော့ပေ။

အနှီသခင်လေးသည် လူများအား ဝါးစားပစ်တော့မည်ပုံပေါက်၏။

အချိန်မရွေး ထိုးပစ်တော့မည်ဟု ခံစားနေရသည်။

သို့သော် သူထွက်မသွားခင် အိမ်ရှေ့စံမင်းသားနှင့် ဆရာတူအစ်မတို့ကိုလည်း မ‌မေ့ခဲ့။ သူတို့အား နက်ရှိုင်းစွာကြည့်၍

“အရှင့်သား ဆရာတူအစ်မတို့ ကျွန်တော်တို့တွေ ဟိုကနေပဲစောင့်ရအောင် … ဒီအမှုက ကျွန်တော်တို့ ကူညီပေးနိုင်တာလည်း မရှိဘူး…”

“ဆရာတူမောင်လေး အရင်သွားနှင့်လိုက်၊ အစ်မတို့ကို စိတ်မပူနဲ့”

ရှဲ့ချောင်သည် သူ့အား လက်ဝှေ့ပြပြီး မလှုပ်မယှက်နေနေလေ၏။

“ဆရာတူအစ်ကိုစန်း ကျွန်တော်လည်း ဒီမှာ‌နေခဲ့ပြီး ကြည့်ကြည့်ဦးမယ်”

ကျန်းကျင်လုကလည်း အလျင်အမြန်ပြောလိုက်၏။

စန်းယောင်သည် ယခုလို လူမဆန်သောမြင်ကွင်းအား အသားမကျသေး၊ အထူးသဖြင့် အိမ်ရှေ့စံ

မင်းသားအပြင် မှုခင်းစီရင်ရေးဌာနမှု လူများမှရှိနေလေ၏။ တာအိုပညာနှင့် စောင်းတီးပညာက်ို သင်ကြားပေးသော ဆရာတစ်ယောက်အနေဖြင့် သူသည် အသုံးမဝင်သည့်အတွက် အခြားတစ်နေရာတွင် စောင့်နေရန်အတွက်သာ ရွေးချယ်ခဲ့၏။

ထိုအချိန် ရှဲ့ဖင်းကန်းက သခင်မလေးအား စိုက်ကြည့်နေသည်။

“မင်း ဒီလူကိုမှတ်မိလား မင်းတို့အတူတူလာကြတာလား”

သူသည် ကြင်နာတတ်ရန်အကောင်းဆုံးကြိုးစားသော်လည်း နဂိုကတည်းက ကြမ်းကြုတ်ခက်ထန်သောစိတ်ရင်းအခံဖြင့်မွေးလာသူဖြစ်၏။ ထိုသို့သော စိတ်နေစရိုက်မျိုးသည် ပြောင်းလဲ၍မရနိုင်သလို လူများအား ခြောက်လှန့်မိနေဆဲပင်။ သခင်မလေးသည် သူ့စကားများအား ကြားရချိန်၌ သူမတစ်ကိုယ်လုံးပိုလို့ပင် တုန်လှုပ်သွားရကာ စိတ်လှုပ်ရှားလွန်ပြီး စကားပင်မပြောနိုင်သည်အထိပင်။

ရှဲ့ဖင်းကန်းတစ်ယောက် အလွန်ကူကယ်ရာမဲ့နေလေသည်။

အမျိုးသမီးများသည် တကယ်ဒုက္ခပေးလွန်း၏။ ကြွက်များထက်ပင် ကြောက်တတ်ကြသည်။ သူမနှင့်ရင်းနှီးသောသူက သေသွားပြီဖြစ်သော်ငြား သူမက စကားတစ်ခွန်းမှဖွင့်ဟမလာသေးချေ။ အချိန်ဖြုန်းရာကျပေ၏။

ရှဲ့ဖင်းကန်းက ထိုသို့တွေးနေသော်လည်း သူ့ဘေးရှိ ဖော်ရွေသော လက်အောက်ငယ်သားတစ်ယောက်က အရှေ့ထွက်လာပြီး ထပ်မေးလေသည်။

သူက တစ်ဖက်ကိုလှည့်‌နေခဲ့ပြီး အနှီသခင်မလေးအား သူ့မျက်နှာကို မမြင်စေခဲ့ပေ။

အမှန်ကိုပင် သခင်မလေး၏ စိတ်အခြေနေမှာ ပိုကောင်းလာလေသည်။

“ဖူဟန်ဝမ့်… အစ်ကိုဟန်ဝမ့် … သူ-သူက ဘေးအိမ်မှာနေတာ၊ လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက လူတစ်ယောက်လာပြီး ကျွန်မတို့အိမ်ကိုဖိတ်စာနှစ်စောင်လာပို့တယ်၊ အဲ့ဒါနဲ့ ကျွန်မလည်း အစ်ကိုဟန်ဝမ့် ကိုပေးလိုက်တယ်၊ ဒီနေ့ ဒီနေရာမှာ အရမ်းစည်တယ်လို့ကြားလို့ ကြည့်ဖို့ဆိုပြီးရောက်လာကြတာ… ခုနလေးတင် ဟိုးနားမှာ သီချင်းဆိုတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်ဆိုပြီးကြားလိုက်တယ်၊ ကျွန်မတို့တွေ အတူတူသွားမလို့ပဲ ဒါပေမယ့် အစ်ကိုဟန်ဝမ့် က သူ့အသိတစ်ယောက်နဲ့တွေ့စရာရှိသေးတယ်ဆိုတာနဲ့ ကျွန်မကိုအရင်သွားခိုင်းလိုက်တာ၊ ဒါပေမယ့် ကျွန်မစောင့်နေတာတောင် သူရောက်မလာခဲ့ဘူး…”

သခင်မလေးသည် စကားဆုံးသည်နှင့် ရှိုက်ကြီးတငင်ငိုကြွေးလေသည်။

“သူ ဘယ်သူနဲ့တွေ့ချင်လဲဆိုတာကိုရော သိလား”

ရှဲ့ဖင်းကန်း၏ လက်အောက်ငယ်သားက မေးလိုက်၏။

သခင်မလေးသည် ခေါင်းခါလျက် ရီဝေနေသော မျက်လုံးများဖြင့် ပြန်ဖြေသည်။

“ကျွန်မမသိဘူး… အစ်ကိုဟန်ဝမ့်က သူ့အတန်းဖော်လို့ပဲပြောသွားတာ…”

အတန်း‌ဖော်?

“လူလွှတ်ပြီးစုံစမ်းခိုင်းလိုက်၊ ဒီဉယျာဉ်ထဲမှာ သေဆုံးသူကို မြင်လိုက်တဲ့သူတိုင်း ဒီကိုခေါ်လာခဲ့၊ ပြီးရင် ကျောင်းအုပ်ဆီသွားပြီး အတန်းဖော်စာရင်းယူလာခဲ့”

ထို့အပြင် သူတို့သည် သခင်မလေးကိုလည်း စုံစမ်းစစ်ဆေးရဦးမည်။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်သည် အတူတူလာခဲ့ကြခြင်းဖြစ်ရာ သူမသည် လုံးဝအပြစ်ကင်းနေသည်တော့မဟုတ်ပေ။

ရှဲ့ဖင်းကန်းသည် သခင်မလေးအတွက် သနားညှာတာစိတ် တစ်စက်ကလေးမှမရှိ။ သူသည် လူတိုင်းအား သံသယရှိသူများသဖွယ် ကြည့်နေခဲ့သည်။ ကွာခြားချက်မရှိပေ။

အဌဂံဥယျာဉ်ထဲ၌ လူသတ်မှုဖြစ်သွား၍ ကိစ္စတော်တော်များများကို ရပ်တန့်ပစ်ရသည်။

ရှဲ့ချောင်နှင့် အခြားသူများသည် ခပ်လှမ်းလှမ်း၌ အနားယူနေကြ၏ ။ လေးနာရီကြာပြီးနောက် တစ်စုံတစ်ယောက် ရောက်လာလေသည်။

ဖူဟန်ဝမ့်သည် ကောင်းမွန်သည့်မိသားစုမှလာသူဖြစ်၏။ သူသည် သာမန်လူချမ်းသာမိသားစုမှဖြစ်ကာ ဘေးအိမ်မှ သခင်မလေးသည် ဖန်ကျောင်းဟုခေါ်သူဖြစ်သည်။ မိသားစုနှစ်ခုသည် အဆင့်အတန်းအတူတူပင်ဖြစ်ကာ သူတို့နှစ်ယောက်သည် ငယ်ကျွမ်းဆွေများဖြစ်ကြလေသည်။

နှစ်ဦးသားသည် လက်ထပ်ရန်အတွက်ပင် ရည်ရွယ်ထားကြ၏။

ယခုတွင်မူ ဖူဟန်ဝမ့်သည် သေသွားသဖြင့် သူတို့၏မိဘများရောက်လာပြီး ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေကြလေသည်။

ထိုအချိန် ရှဲ့ချောင်သည် ဖူဟန်ဝမ့်၏ ဝိဉာဉ်အား ရှာတွေ့သွားသည်။

သူ့မိဘများရောက်လာချိန်တွင် သူသည် ရေကန်ထဲမှ ပေါ်ထွက်လာခဲ့၏..

••••••

အခန်း ၁၀၅၅။ တရားခံ

ရှဲ့ချောင်သည် ဖူဟန်ဝမ့်၏ဝိဥာဥ်ကို ကြည့်လိုက်၏။ ဖူဟန်ဝမ့်၏ မျက်နှာအမူအရာသည် အနည်းငယ်ထုံထုံထိုင်းထိုင်းဖြစ်နေကာ အခုလေးတင်မှ သေသွားသော မကောင်းဆိုးဝါးဝိဥာဥ်နှင့် မတူပေ။

သေပြီးခါစ သာမန်လူတစ်ယောက်အနေဖြင့် သူတို့ချစ်ရသူများကို တွေ့သည့်အခါ လက်ခံနိုင်ကြလိမ့်မည်မဟုတ်။ ငိုခြင်း၊ ဆန္ဒမရှိခြင်းသို့မဟုတ် ဒေါသထွက်ခြင်းတို့ဖြစ်တတ်ကာ သူတို့၏ ပုံပြင်များကို ပြောပြတတ်ကြသည်။ သူတို့ကိုယ်သူတို့ ဒဏ်ခတ်ရန်အတွက် သူတို့ချစ်ရသူများ ကြားစေရန်အတွက် ကြိုးစားတတ်ကြ၏။

သို့သော် ဖူဟန်ဝမ့်ကမူ ထိုသို့မဟုတ်ပေ။

သူသည် ရုပ်ထုတစ်ရုပ်အလား မည်သည့်တုံ့ပြန်ချက်မျိုးမှမရှိ။

သူ့မိဘများ၏ မျက်လုံးများကိုကြည့်လိုက်ချိန် ချီတုံချတုံဖြစ်နေရသည့် မျက်ရည်တချို့ရှိနေသော်လည်း သူ၏ ဖြူဖျော့နေသော ပါးစပ်က တင်းတင်းစေ့ထားဆဲ။ စကားတစ်ခွန်းမှ မဆိုခဲ့ပေ။

အင်မတန် ထူးဆန်းပေသည်။

ယခုအခါ ရှဲ့ချောင်သည် လူသတ်မှုအား ကြုံလိုက်ရပြီဖြစ်၍ မမြင်ချင်ဟန်ဆောင်လို့မကောင်းလှချေ။ သူမသည် မကောင်းဆိုးဝါးဝိဥာဥ်များအား မြင်နိုင်နေ၍ မေးမြန်းမှသာ သဘာဝကျပေမည်။

ရှဲ့ချောင်သည် ရှဲ့ဖင်းကန်းဆီလက်လှမ်း၍ “ကြေးဒင်္ဂါးပြားရှိလား”

ရှဲ့ဖင်းကန်းသည် နားမလည်နိုင်ခဲ့။ သူက ကိုယ်ကိုစမ်းကြည့်ပြီး ကြေးဒင်္ဂါးပြားတချို့ ယူထုတ်လိုက်၏။ “ဒီမှာ”

မကောင်းဆိုးဝါးသည် ရေမျက်နှာပြင်ပေါ်တွင်ပေါ်နေကာ အလောင်းမှ မလှမ်းမကမ်းအကွာအ‌ဝေးတွင်ရှိနေဆဲပင်။ ရှဲ့ချောင်၏ အပြုအမူများမှာ သိသိသာသာမျက်စိဖမ်းစားနေခြင်းမျိုးမဖြစ်ခဲ့၊ အထူးသဖြင့် ဖူဟန်ဝမ့်မိဘများအတွက်ဆိုလျှင်။ ယခုအခိုက်အတန့်၍ သူတို့အားလုံးဝမ်းနည်းပူ‌ဆွေးမှုတွင်သာ နစ်မြုပ်နေကြသည်။ အနားဝန်းကျင်ရှိအရာအားလုံးက သူတို့အတွက် အရေးမကြီး

တော့ချေ။

ရှဲ့ချောင်နှင့် မကောင်းဆိုးဝါးဝိဥာဥ်တို့သည် တစ်ယောက်နှင့်တစ်ယောက်မျက်နှာချင်းဆိုင်နေကြသည်။

ဖူဟန်ဝမ့်သည် ကြည့်ရဆိုးသူတစ်ယောက်မဟုတ်။ သူသည် ၁၇နှစ်၊ ၁၈နှစ်အရွယ်ဖြစ်ကာ အင်မတန်ကြည့်ကောင်းသူပင်။ သူသည် ခံ့ညားသူလည်းဖြစ်၏။ ယခုအခါ သူသည် မကောင်းဆိုးဝါးဝိဥာဥ်အဖြစ်သို့ပြောင်းလဲသွားသော်လည်း အေးစိမ့်သည့်လေအေးတို့ထပ်ဆောင်းရှိနေသည်။ သူ့တစ်ကိုယ်လုံးက ခပ်ဖျော့ဖျော့ အအေးငွေ့များကို ထုတ်လွှတ်နေလေရာ မျက်ခုံးပေါ်၌ နှင်းချပ်ပွင့်တို့ရှိနေပြီး အကျည်းတန်မနေချေ။

“မင်းမှာ မကျေမနပ်ချက်တွေရှိနေတယ်. ဖြေရှင်းချင်လား”

ရှဲ့ချောင်က နူးညံ့စွာမေးလိုက်၏။

မကျေမနပ်ချက်များစွာရှိနေသော်လည်း ထိန်းချုပ်ထားနိုင်နေဆဲပင်။ လက်စားချေမည့်ရည်ရွယ်ချက်မရှိပုံရသည်။

မကောင်းဆိုးဝါးဝိဥာဥ်က သူမအားဖြည်းဖြည်းချင်းကြည့်လာသည်။

“ငါက တာအိုဆရာမတစ်ယောက်” ရှဲ့ချောင်က ဖြည်းဖြည်းအေးအေးနှင့် စိတ်ရှည်ရှည်ပြောပြ၏။ “မင်းရဲ့မိသားစုကို ပြောပြစရာတစ်ခုခုရှိတယ်ဆိုရင် ငါက မင်းအတွက် စကားပါးပေးလို့ရတယ်၊ ပြီး‌တော့ အဲ့ဒီသခင်မလေးက…”

ရှဲ့ချောင်၏ စကားမဆုံးခင် မကောင်းဆိုးဝါးဝိဥာဥ်၌ နာကြည်းချက်များပိုရှိလာကြောင်း သူမ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

သို့သော်လည်း သူ၏မျက်နှာအမူအရာက မသိမသာနာကျင်နေပုံရသည်။

သူသည် ရုတ်တရက်ဆိုသလို ရေခဲကန်ထဲသို့ ပြန်ခုန်ချသွားလေသည်။

ရှဲ့ချောင်သည် ခဏတာနှုတ်ဆိတ်သွားရကာ အနည်းငယ် မသင်္ကာဖြစ်မိသွားသည်။

ဤကဲ့သို့မဖြစ်သင့်… ၎င်းအပြင် အခုလေးတင် ဖန်းသခင်မလေးသည် သူနှင့်ချစ်ကြိုက်နေခဲ့သူဖြစ်၏။ သူ့ဘဝက သနားစရာကောင်းစွာ သေသွားခဲ့သည်ဆိုလျှင်တောင် သူမက ဖန်းသခင်မလေးအကြောင်းပြောပြသောအချိန်တွင် ယခုကဲ့သို့ မျက်နှာထားမျိုး မပြသင့်ပေ။

ရှဲ့ချောင်၏ နှလုံးသားထဲ အေးစက်သွားသည်။

သူမ ထိုသခင်မလေးကို လှည့်ကြည့်လိုက်၏။

သခင်မလေး၏ မျက်လုံးများမှာ နီရဲနေပြီး သူမသည် အင်မတန်ဝမ်းနည်းနေရှာသည်။ သူမ မိဘများရောက်လာချိန်တွင် သူမသည် အသက်ရှုရပ်မတတ်ငိုကြွေးခဲ့၏။ ထိုသို့သော ပုံပန်းသွင်ပြင်မျိုးအား ဘယ်သူကမှ သံသယဖြစ်မည်မဟုတ်သော်လည်း မကောင်းဆိုးဝါးဝိဥာဥ်၏ အကြည့်အရ…. ဤလူသတ်မှုသည် သူမနှင့်သက်ဆိုင်နေသည်များလား?

မဖြစ်နိုင်ဘူးလား။

ရှဲ့ချောင် အနည်းငယ်ထိတ်လန့်သွားရသည်။

သူမ ထိုပန်းချီကားကိုဆွဲခဲ့စဥ်က ဤလူနှစ်ယောက်အား စေ့စေ့စပ်စပ်ကြည့်ခဲ့ဖူးသည်။ သူတို့နှစ်ယောက်သည် အလှမ်းဝေးနေကြသော်လည်း ထိုနွေးထွေးလှပသည့်မြင်ကွင်းက သူမအား ရှင်းရှင်းလင်းလင်းခံစားရစေသည်။

ဖူဟန်ဝမ့်၏ ဝိဥာဥ် ရေထဲသို့ဆင်းသွားပြီးမကြာ နောက်ထပ်မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်သည် ရေအောက်ကနေ လေးဖက်ထောက်ပြီးတက်လာလေသည်။

ဖူဟန်ဝမ့်သည် ရေကန်ဘေးတွင်သာရှိနေပြီး ရေထဲမှထွက်မသွားသေး။ သို့သော် ဤမကောင်းဆိုးဝါးဝိဥာဥ်ကမူမတူပေ။ သူသည် ရေထဲမှ စိတ်လှုပ်ရှားစွာဖြင့်ထွက်လာကာ ကုန်းပေါ်သို့ တစ်လှမ်းချင်းစီ

တက်လာလေသည်။

သူသည် စိုရွှဲနေကာ အနည်းငယ် ပေါ်လောပေါ်နေ၏။ သူ၏ မျက်လုံးများက နက်တစ်လှည့်ပြာတစ်လှည့်ဖြစ်နေသည်။ သူသည် ဖူဟန်ဝမ့်ကဲ့သို့ ကြည့်မကောင်းပေ။

“နင်က ဒီရေကန်ထဲက ရေဝိဥာဥ်လား”

ရှဲ့ချောင်မေးလိုက်သည်။

ရေဝိဥာဥ်သည် ခဏတာမှင်တက်သွားကာ သူမဘက်သို့ပြန်လှည့်ကြည့်လျက်

“ငါ့ကိုစကားပြောနေတာလား”

••••••

အခန်း ၁၀၅၆။ လူသတ်သမား

လူစားထိုးရှာရန်လိုသည့် ရေဝိဥာဥ်တစ်မျိုးရှိသည်။ လူစားထိုးမရှိပါက သူတို့သည် ရေအောက်ကြမ်းပြင်တွင်သာ ပိတ်မိနေမည်ဖြစ်ကာ ကုန်းပေါ်သို့တက်လာနိုင်လိမ့်မည်မဟုတ်။ ဤတစ်ကောင်သည် ထိုသို့ဖြစ်လောက်သည်။

ရေဝိဥာဥ်သည် သူမ၏ အဝတ်အစားများနှင့် သူမဆီမှထွက်ပေါ်နေသော အရှိန်အဝါများကြောင့် ၎င်း၏နှလုံးသား တင်းကျပ်သွားရကာ စိတ်မလှုပ်မရှားမိဘဲ မနေနိုင်ခဲ့ချေ။

“မဟုတ်ဘူး! လူတစ်ယောက်ကို အစားထိုးအနေနဲ့သုံးတာ မကောင်းမှန်းငါသိတယ်! ငါလည်းအရမ်းသနားစရာကောင်းတဲ့သူပါ။ ငါခြေချက်ပျက်ပြီး ရေကန်ထဲပြုတ်ကျသွားရတာ။ နှစ်တွေအများကြီးကြာတာတောင်ငါ့မှာ လွတ်မြောက်မယ့်နည်းမရှိသေးဘူး။ ကောင်းကင်ဘုံက ငါ့ကိုကရုဏာသက်သွားလို့နေမှာပေါ့။ ဒီလိုနေရာကြီးမှာ လူတစ်ယောက်ကိုသတ်ပစ်တတ်တဲ့သူရှိလာတယ်လေ။ အဲ့ဒါကြောင့်မလို့ငါကံကောင်းသွားတာ!” မကောင်းဆိုးဝါးဝိဥာဥ်က ထိုသို့ပြောရင်းနှင့် သူ၏လက်မျာကိုပွတ်နေ၏။ သူသည် ကြောက်လည်းကြောက် ပျော်လည်းပျော်နေသည်။

“နင်က အခုမှကုန်းပေါ်တက်လာတာဆိုတော့၊ အစီအစဥ်တွေဘာတွေရှိလား”

ရှဲ့ချောင်သည် သူ့အားထိုသို့မြင်ရသည့်အခါ သူမ၏လေသံက ပိုပြီးညင်သာသွားသည်။

သူမရှေ့ရှိမကောင်းဆိုးဝါးဝိဥာဥ်သည် ခဏတာစဥ်းစားကြည့်ပြီးနောက် “ငါလည်းမသိဘူး။ လူတစ်ယောက်က ငါ့ရဲ့အစားထိုးခံဖြစ်လာတာ။ ငါ ခုနစ်ရက်လောက်နေရင် ပြန်ဝင်စားလို့ရလောက်တယ်။ အရင်ဆုံး ငါ့မိသားစုဆီသွားလည်မယ်။ ပြီးတာနဲ့ ထွက်သွားမှာ”

ရှဲ့ချောင်သည် သူ၏ အခြေနေအား သေသေချာချာကြည့်လိုက်သည်။

သူ၏အစားထိုးအား ရှာပြီးသွားသည့်နောက် သူ၌ရစ်တွယ်နေသော မကျေမနပ်မှုများ မရှိတော့ပေ။ ပြန်ဝင်စားရန်အတွက် ဖြစ်နိုင်ပေသည်။

ရှဲ့ချောင်သည် ရင်ဘတ်ထဲမှ အဆောင်စာရွက်တစ်ရွက်ယူထုတ်ပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ကပ်ပေးလိုက်သည်။

“ဒီအဆောင်စာရွက်က ဝိဥာဥ်ကို အားပြည့်စေတယ်။ နင့်ရဲ့ဝိဥာဥ်ကို ဒီခုရက်အတွင်းမှာ မတော်တဆဒဏ်ရာရတာတွေကနေ ကာကွယ်ပေးလိမ့်မယ်”

မကောင်းဆိုးဝါးဝိဥာဥ်သည် ထိုသို့ကြားသောအခါ အင်မတန်ပျော်ရွှင်သွားသည်။

“ကျေးဇူးတင်ပါတယ် ဆရာမ!”

“နောက်ထပ်မေးစရာတစ်ခုရှိသေးတယ်”

ရှဲ့‌ချောင်သည် ပို၍ပင်ယဥ်ကျေးနေသည်။

“နင့်ရဲ့ အစားထိုးဘယ်လိုသေသွားတာလဲ သိလား”

“ကျုပ်သိတယ်”

ရေဝိဥာဥ်က ချက်ချင်းဆိုသလို ခေါင်းညိတ်လေသည်။

“သူက တွန်းချခံရပြီး ရေနစ်သွားတာ! အဲ့လူကိုလည်း မြင်လိုက်တယ်။ သူက ဟိုဥယျာဥ်ထဲက ယောကျာ်းတစ်ယောက်ပဲ တော်တော်ငယ်တယ်။ အဲ့တုန်းက သူတို့နှစ်ယောက်က ရေကန်ဘေးမှာရပ်ပြီးကားပြောနေကြတာ။ ကျုပ် ရှင်းရှင်းလင်းလင်းကြီး ကြားလိုက်တယ်”

“သူတို့ဘာတွေပြောခဲ့လဲ ပြောပြလို့ရလား”

ရှဲ့ချောင်မေးလိုက်ပြန်သည်။

“ဒါပေါ့” မကောင်းဆိုးဝါးက ချက်ချင်းခေါင်းညိတ်သည်။

“ကျုပ် သူကိုဒုက္ခပေးခဲ့တဲ့ အမျိုးသားကိုသဘောမကျဘူး။ သူ့ကို စောစောကတည်းက ဖမ်းလိုက်ရမှာ”

“ကျုပ်က ပွဲကြည့်ဖို့ဆိုပြီး‌ရေအောက်ထဲမှာမြုပ်နေတာ။ နောက်တော့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အရမ်းလိုက်ဖက်ညီနေတဲ့ ပန်းချီကားတစ်ချပ်ရှိတယ်ဆိုပြီး အဲဒီလူတွေပြောနေကြတာကြားလို့ ကျုပ်လည်းရေကူးပြီးသွားကြည့်ခဲ့တယ်၊ ကျုပ်ရောက်တော့ ကောင်လေးနဲ့ကောင်မလေးက ထွက်သွားတော့မယ့်အချိန် ဒါပေမဲ့ ကောင်မလေးက အရင်ထွက်သွားနှင့်ပြီး ကောင်လေးက သူ အသိတစ်ယောက်နဲ့တွေ့မယ်ဆိုပြီးနေခဲ့ရော”

“ကောင်မလေးထွက်သွားတော့ လူတစ်ယောက်ရောက်ချလာတယ်။ အစကတော့ သူတို့နှစ်ယောက်က အေးအေးဆေးဆေးစကားပြောနေတာပဲ။ နောက်တော့ ပြောရင်းပြောရင်းနဲ့ အမျိုးသားက နားဝင်မချိုတဲ့စကားတချို့ပြောလာတယ်…’

မကောင်းဆိုးဝါးဝိဥာဥ်သည် အနည်းငယ်ရှက်ရွံ့နေပုံရကာ ပြောပြရန်အခက်တွေ့နေသည်။

သို့သော်လည်း မြေကြီးပေါ်ရှိ အလောင်းအားကြည့်ပြီးနောက် တစ်ဖက်လူသည် သူ၏အစားထိုးဖြစ်သည့်အပြင် သူ၏ ကျေးဇူးရှင်ဟု ယူဆ၍ရသည့်အတွက် မဖုံးကွယ်ထားနိုင်တော့ဘဲ အမှန်အတိုင်းပြောပြလိုက်သည်။

“ကျုပ်သိသလောက်ကတော့ အမျိုးသားက သခင်မလေးရဲ့ဝမ်းကွဲဆိုပြီးပြာတယ်။ သူက သခင်မလေးနဲ့ဘယ်လောက်ရင်းနှီးနေတယ်ဆိုတဲ့အကြောင်း မိသားစုနှစ်ခုက သူတို့ငယ်ငယ်ကတည်းက ဘယ်လောက်တောင် နီးစပ်ချင်ခဲ့ကြတယ်ဆိုတဲ့အကြောင်းတွေပြောတယ်။ အဲ့စကားတွေကြားပြီးတော့ ကျုပ်ရဲ့အစားထိုးရဲ့ စိတ်အခြေနေက ဆိုးလာပါလေရော

“နောက်တော့ ကျုပ်ရဲ့အစားထိုးက အာရုံမစိုက်နေတဲ့အချိန် တွန်းချခံလိုက်ရတယ်။ သူက ရုန်းကန်နေသေးပေမယ့် အဲဒီဝမ်းကွဲဆိုတဲ့သူက သူနဲ့သခင်မလေးက မေတ္တာသက်ဝင်နေပြီတဲ့။ သခင်မလေးက သူ့ကို ဒီနေ့ခေါ်ထုတ်ရတယ်ဆိုတာကလည်း သူနဲ့ သံယောဇဥ်ကြိုးတွေကိုဖြတ်ပစ်ချင်လို့တဲ့လေ။ ဒါပေမဲ့ သူရဲ့သနားစရာကောင်းတဲ့ပုံကို မြင်ပြီး ဘာမှမပြောနိုင်ခဲ့ဘူး။ ဝမ်းကွဲက ဆံထိုးတစ်ချောင်းကိုတောင်ထုတ်ပြီး ရက်စက်တဲ့မျက်နှာထားနဲ့ သူ့လိုလူမျိုးက သေသင့်တဲ့သူ တခြားသူတွေကိုပါ ဘာလို့သူနဲ့အတူဆွဲချနေမှာလဲဆိုပြီးတော့လည်း ပြောတယ်။ သူသာ သနားစရာကောင်းမနေရင် သူ့ဝမ်းကွဲက သူလို့လူမျိုးက ဘာဖြစ်နေနေ လှည့်ကြည့်မှာမဟုတ်ဘူးဆိုပြီး…”

“သူ့လိုလူ။ ဘာကိုပြောတာလဲ။ ဖူဟန်ဝမ့်မှာ ချို့ယွင်းချက်တွေရှိနေလို့လား”

ရှဲ့ချောင်သည်လည်း အစောပိုင်းက သတိမပြုမိခဲ့ပေ။

“ကြည့်ရတာ သူ့လက်က ကောင်းတဲ့ပုံမပေါ်ဘူး။ သူ ရုန်းကန်နေတုန်း အပေါ်တက်လာမလို့လုပ်ပေမဲ့ ကျုပ်မြင်ရသလောက် သူ့လက်မှာ အင်အားတစ်စက်မှရှိမနေဘူး။ အကြာကြီလှမ်းဆွဲနေတာတောင် ဘာကိုမှမဆွဲနိုင်ဘူး။ အဲလူ့ရဲ့စကားတွေကိုကြားသွားတာရယ် ဆံထိုးကိုလည်းမြင်တာရယ်နဲ့ ရုန်းနေတာရပ်ပြီး ဒီအတိုင်းပဲ မြုပ်သွားခဲ့တာ’

••••••

All Chapters