← Chapters

အခန်း (၁၀၆၁-၁၀၆၄)

Vol. 55 Ch. 1061-1064

အခန်း (၁၀၆၁-၁၀၆၄)

Vol. 55 Ch. 1061-1064

အခန်း ၁၀၆၁။ သေကွဲကွဲ

ဤအခိုက်အတန့်၌ ဖန်‌ကျောင်းသည် အနှီတာအိုဆရာမအား တကယ်ကိုမုန်းတီးနေမိသည်။

သူမ၏အစ်ကိုဟန်ဝမ့်မှာ ထိုနေရာတွင်လဲလျောင်းနေဆဲဖြစ်ကာ သူ့ခန္ဓာကိုယ်ပင်မအေးသေး။ သူမသည် သူနှင့်အတူ သွားလိုက်ချင်သော်လည်း ဆရာမက ထိုသို့သောအေးစက်သည့်စကားများကို ပြောနေကာ သူမနှင့် အစ်ကိုဟန်ဝမ့်ကို စော်ကားနေလေသည်!

သူမသည် ရှဲ့ချောင်အား ရန်သူတစ်ယောက်အလား စိုက်ကြည့်နေ၏။

ဤနေရာတွင် သွားရှုပ်ရန်မသင့်သော အထက်တန်းလွှာများရှိနေကြောင်း သခင်မဖန်က သိနေခြင်းကြောင့်သာ သူမသမီးအား အစွယ်ဖြဲပြပြီး လက်သည်းမဝှေ့ယမ်းမိစေရန် တားထားရသည်။ သူမက အလျင်စလိုဆိုလိုက်၏။

“ဟန်ဝမ့်က လူတစ်ယောက်ဆီကနေ အရိုက်ခံထားရတာ။ ဘာလို့လဲဆိုတာတော့ ကျွန်မမသိဘူးဒါပေမဲ့ သူရဲ့လက်ထိခိုက်သွားတယ်၊ အဲဒီနောက်ပိုင်း သူ့လက်က မသန်မစွမ်းဖြစ်သွားပြီး အားတစ်စက်မှထုတ်မရတော့တာပဲ”

ရှဲ့ချောင်သည် ဖန်ကျောင်း၏ တုံ့ပြန်မှုများကြောင့် တုန်လှုပ်သွားခြင်းမရှိ၊ အေးစက်စွာဆက်ပြောလေသည်။

“ဒါဆို နင်ကသူ့ရဲ့သုံးစားမရတဲ့လက်ကို သဘောမကျတာလား သူက နာမည်ရဖို့အတွက် စာမေးပွဲမဖြေနိုင်လောက်ဘူးထင်ပြီး နင့်ကိုအရှက်ရစေမယ် လူတွေက ဝိုင်းရယ်ကြမယ်လို့ထင်နေတာလား။ ဒါပေမဲ့နင်တို့နှစ်ယောက်က အိမ်နီးချင်းတွေဖြစ်နေတော့ စေ့စပ်ပွဲကို တန်းပြီးဖျက်ပစ်လိုက်လို့ကလည်းမရပြန်ဘူး။ အဲဒါကြောင့်မလို့ ဒီနေ့သူ့ကိုဖိတ်လိုက်တာ။ ကြည့်လိုက်ရင်တော့ ပျော်ရွှင်နေကြတဲ့ပုံပေါ်ပေမဲ့ တကယ်တမ်းက သူနဲ့သံယောဇဥ်ဖြတ်ပစ်ချင်နေတာမလား”

ထိုစကားကိုကြားလိုက်ရပြီးနောက် ဖန်ကျောင်းပြိုလဲသွားသည်။

"မဟုတ်ဘူး။ ကျွန်မမဟုတ်ဘူး"

“သခင်မလေး ငါ့ကိုအမှန်အတိုင်းပြော၊ ကြည့်ပါဦး သူ့ခမျာသေသွားပြီ သခင်မလေး တခြားတစ်ယောက်နဲ့လက်ထပ်လည်း ဘယ်သူကမှဆန့်ကျင်ကြမှာမဟုတ်ဘူး၊ စိတ်မအေးဘူးလား’

ရှဲ့ချောင်သည် သူမအားစက်ဆုပ်မိသည်။

သူမက ထိုသို့မေးလိုက်သည်နှင့် ဖန်ကျောင်းသည် သူမပေါ်သို့ခုန်အုပ်ပြီး စုတ်ဖြဲပစ်ချင်သွား၏။

ယန်ခယ့်ပေါင်၏ မျက်နှာသည် ဖြူဖျော့နေကာ သူသည်လည်း ထိုစကားလုံးများကြောင့် တုန်လှုပ်နေမိသည်။

“ဆရာမ ကျွန်မသမီးလေးက ဆရာမပြောသလိုလူမျိုးမဟုတ်ရပါဘူး! သူက နေ့တိုင်း ဟန်ဝမ့်အကြောင်းပဲပြောနေတာ။ ဟန်ဝမ့်က လက်ထိခိုက်ထားလို့ သမီးလေးက သူ့အတွက်အရမ်းစိတ်မကောင်းဖြစ်နေရတာ။ လက်ထပ်ပြီးရင် ကောင်းကောင်းဂရုစိုက်ပေးနိုင်အောင်ဆိုပြီး သမားတော်ဆီသွားပြီး နှိပ်နည်းတောင်သင်ခဲ့သေးတယ်၊ သမီးလေးက ငယ်ငယ်ကတည်းလိမ္မာတဲ့သူ။ သူစိတ်ထဲရည်ရွယ်ထားပြီးသား အရာနဲ့လူကို ဘယ်တော့မှပြောင်းမှာမဟုတ်ဘူး…” သခင်မဖန်က ဝမ်းနည်းကြေကွဲစွာငိုလေသည်။

"ဟုတ်ပါတယ်၊ ကျုပ်တို့လည်း မိန်းကလေးကျောင်း အရွယ်ရောက်လာတာကို ကြည့်ခဲ့ရတဲ့သူတွေ။ ကလေးနှစ်ယောက်က တကယ်ရင်းနှီးကြတာ။ အဲဒီလိုမဖြစ်နိုင်ဘူး…"

ဖူမိသားစုဝင်များကလည်းပြောလေသည်။

ရှဲ့ချောင်သည် ဖူဟန်ဝမ့်၏ တည်နေရာကိုကြည့်လိုက်သည်။

“ကြားလိုက်လား”

ရှဲ့ချောင်၏ စကားများက ပေါ့ပါးနေသည်။

ဖန်နှင့်ဖူမိသားစုတို့၏ အမြင်အရ ဆရာမသည် မည်သူနှင့်စကားပြောနေမှန်းမသိရသော်လည်း ရုတ်ချည်းဆိုသလို ကြက်သီးမွေးညင်းများထသွားရသည်။

“ကျွန်တော်သူ့ကို ယုံပါတယ်..”ဖူဟန်ဝမ့်က ဆိုသည်။

“ကျွန်တော်က ဒီအတိုင်း…”

သူ၏လက်ကြောင့် မိန်းကလေးကျောင်းအား ကောင်းမွန်းသည့်အနာဂတ်မပေးနိုင်မည်ကို မူလက စိုးရိမ်နေခဲ့ကာ ယန်ခယ့်ပေါင်၏ စကားများကိုကြားရချိန်တွင် သူ့စိတ်ထဲမသက်မသာဖြစ်သွားမိသည်။ ထို့အပြင် သူ့၌ ရုန်းကန်ရန်အတွက် အင်အားတကယ်မရှိခဲ့၍…လက်လျှော့ခဲ့ရခြင်းပင်။

ယခု မကောင်းဆိုးဝါးဝိဥာဥ်ဖြစ်လာချိန်တွင် သူ့လက်တစ်ခုတည်းကသာ ဆိုးရွားနေသည်မဟုတ်ကြောင်း သဘောပေါက်သွားသည်။

သူ၏ ကိုယ်ပိုင်ဘဝကိုပင် ကယ်တင်နိုင်ခြင်းမရှိခဲ့ပေ။

သူသာ ယန်ခယ့်ပေါင်ကို ယုံကြည်ခဲ့လျှင် သူ၌ရစ်တွယ်နေသော သံယောဇဥ်များရှိလိမ့်မည်မဟုတ်။ မိန်းကလေးကျောင်းအတွက် စိတ်မကောင်းဖြစ်လိမ့်မည်မဟုတ်သလို သို့နှင့်..သူ..လက်လွှတ်နိုင်မည်…

“ကျွန်တော်ကသာ သူ့ကိုစိတ်ပျက်စေခဲ့တဲ့သူပါ…”

ဖူဟန်ဝမ့်သည် ဖန်ကျောင်းကိုကြည့်ကာ သူ့မျက်လုံးများကလည်းနီရဲနေ၏။

“ကျွန်တော်တို့တွေက သေကွဲကွဲသွားရပြီဆိုတော့ သူ့ရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံးကို ဘယ်လိုလုပ်ပြီးနာကျင်ရင်းနေသွားရ‌အောင်လုပ်ရက်မှာလဲ။ ဆရာမ သူ့ကိုပြောပေးပါ ဒီကိစ္စက သူ့နဲ့ဘာမှမဆိုင်ဘူး။ အနာဂတ်မှာ သင့်တော်တဲ့ခင်ပွန်းတစ်ယောက်ရှာပြီး ကောင်းမွန်တဲ့ဘဝမှာနေသွားပါလို့…’

“ဒီတော့ မင်းက မင်းကိုသတ်ခဲ့တဲ့လူကို လွှတ်ပေးပြီး မင်းရဲ့မိဘတွေကို ဝမ်းနည်းကြေကွဲစေချင်တာလား”

ရှဲ့ချောင်က သရော်လိုက်သည်။

ရှဲ့ချောင်၏ စကားများသည် သိသာလှ၏။

ရှိနေသည့်လူတိုင်း ကြားနိုင်ပေသည်။

“ဆ-ဆရာမ!ဘယ်သူနဲ့စကားပြောနေတာလဲ၊ ကျွန်မသားလေးလား၊ သူလား” သခင်မဖူသည် အပြေးသွားကာ ဒူးထောက်လိုက်၏။

“ကျွန်မတောင်းဆိုပါတယ် ဆရာမ! ကျွန်မရဲ့သားလေးကို ကယ်ပေးပါနော်!”

ရှဲ့ချောင်သည် ခြေနှစ်လှမ်း ခပ်မြန်မြန်ဆုတ်လိုက်၏။

“ဒီအညတရဆရာက သေပြီးသားသူတွေကို ပြန်ရှင်အောင်လုပ်နိုင်တဲ့အရည်အချင်းမရှိဘူး၊ ..ကျွန်မက…တခြားသူတွေ မမြင်နိုင်တဲ့အရာကို မြင်ရရုံပဲ၊ သူ့ကို တစ်ခုခုပြောစရာရှိတယ်ဆိုရင် ဒီအညတရဆရာမက တစ်ဆင့်ပြောပေးနိုင်တယ်”

•••••••

အခန်း ၁၀၆၂။ ဒုက္ခိတ

သခင်မဖူသည် ရုတ်တရက်ခေါင်းမော့လာကာ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်၏။ သူမ အနည်းငယ်ကြောင်တောင်တောင်ဖြစ်နေမိသည်။

“ကျွန်မသားလေးဘယ်မှာလဲ!သားလေး! ဘယ်မှာလဲ၊ အမေဒီမှာလေ၊ အမေ့ကိုပြော။ သားကို ဘယ်သူလုပ်တာလဲ! သားကို ဘယ်သူလုပ်ခဲ့တာလဲ!” အမျိုးသမီးက ရှိုက်ကြီးတငင်ငိုကြွေးနေလေသည်။

ဖူဟန်ဝမ့်သည် နောက်ဆုံးတွင် ဆက်၍သည်းမခံနိုင်တော့ပေ။

“ဆရာမ.. ကျွန်တော့်..အတွက် ဆုံးဖြတ်ပေးပါ။ ကျွန်တော့်ကိုသတ်ခဲ့တာ ယန်ခယ့်ပေါင်ပါ”

“ငါသိပြီးသား၊ ခက်တာက သူက အရေထူတဲ့သူဆိုတော့ သူလုပ်တာကို ဝန်မခံဘူး။ မင်းကသိပ်ပြီးဂရုမစိုက်တော့ကျ သူ့ကိုဖမ်းဖို့ လွယ်မှာမဟုတ်ဘူး” ရှဲ့ချောင်က ဆိုသည်။

“ဆရာမကျွန်တော့်ကို အကြံပေးပါဦး!” ဖူဟန်ဝမ့်သည်လည်း ငိုလေ၏။

ရှဲ့ချောင်သည် သက်ပြင်းချကာ သူမအိတ်ထဲမှ ပုလင်းငယ်တစ်လုံးယူထုတ်လိုက်သည်။ သူမက ယန်ခယ့်ပေါင်အား ချုပ်ထားခိုင်း၏။ သူမသည် ယန်ခယ့်ပေါင်၏ မျက်ခွံပေါ်သို့ အစက်တစ်စက်ချလိုက်သည်။ ထို့နောက် မန္တန်တစ်ခုရွတ်ကာ မန္တန်ရေပြုလုပ်၍ ၎င်းအားပတ်ဖြန်းလိုက်သည်။

ယန်ခယ့်ပေါင်သည် သူ မလုပ်ခဲ့ကြောင်းသာ အော်ဟစ်နေဆဲ။

သို့သော်လည်း တစ်ခဏအကြာတွင် သူမြင်နေရသည့်, ကြည့်နေခဲ့သည့်အရာအားလုံးပြောင်းလဲသွားလေသည်။

သူ အနားဝန်းကျင်ရှိ မြင်ကွင်းက အနည်းငယ်မှုန်မှိုင်းနေ၏။ လေထဲတွင် လွင့်မျောနေသော အရာတချို့လည်း ရှိသည်…

သူ၏မျက်နှာမှာ ချက်ချင်းဆိုသလို ဖြူဖျော့သွားလေသည်။

“မ-မကောင်းဆိုးဝါးဝိဥာဥ်တွေ…”

ရှဲ့ချောင်သည် မန္တန်တစ်ခုရွတ်၍ ဖူဟန်ဝမ့်အား ရေကန်ထဲမှ ဆွဲထုတ်လိုက်၏။

“မင်းမှာ တစ်ခုခုပြောစရာရှိတယ်ဆိုရင် မင်းကိုယ်တိုင် သူ့ကိုပြောလို့ရတယ်။ သူလုပ်ခဲ့တာကို ရိုးရိုးသားသားဝန်ခံလာအောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ”

ရှဲ့ချောင်စကားဆုံးသည်နှင့် ဖူဟန်ဝမ့်ပျံသန်းလာ၏။

သူသည် ယန်ခယ့်ပေါင်ရှိရာသို့ တန်းတန်းမတ်မတ်တိုးဝင်လာရာ ယန်ခယ့်ပေါင်မှာထိတ်လန့်သွားရသည်။ သို့သော် သူ၏အခြေနေကို ပြန်တွေးကြည့်မိသည့်အခါ ရှိရှိသမျှ အင်အားဖြင့်ခုခံခဲ့၏။ သူသည် စကားတစ်ခွန်းမှမဆို။ သူ၏ မျက်နှာက ဖြူဖျော့ပြီး ခြေထောက်များက တုန်ယင်နေသည်။

သူ့အတွက် ပထမဆုံးအကြိမ်လူတစ်ယောက်ကို သတ်ဖူးခြင်းဖြစ်လေရာ ထိတ်ထိတ်ပျာပျာမဖြစ်ဘဲ နေနိုင်မည်လော။

ယခုအချိန်တွင် သူသတ်ခဲ့သောလူသည် သူ့ရှေ့တည့်တည့်တွင်ရှိနေပြီး ကြမ်းကြုတ်ရက်စက်ပုံပေါ်လို့နေ၏။

“အစ်ကိုယန်..ကျွန်တော်ဒါကို လက်မခံနိုင်ဘူး! အစ်ကို့ကို အရမ်းယုံကြည်ထားခဲ့တဲ့ဟာကို ဘာလို့ကျွန်တော့်ကို သတ်ခဲ့ရတာလဲ?!”

သူက ပြောနေရင်းဖြင့် ယန်ခယ့်‌ပေါင်၏ လည်ပင်းကို လှမ်းဆွဲလေသည်။

ရှဲ့ချောင်မှာ အနည်းငယ်ကူကယ်ရာမဲ့သလို ဖြစ်သွားရသည်။ ဤမကောင်းဆိုးဝါးဝိဥာဥ်များနှင့် လူများကိုရစ်နွယ်သည့်ပုံက အင်မတန်ဆင်တူလွန်းသည်။ ရန်သူအား လည်ပင်းညှစ်တတ်ကြ၏။

မည်သို့ပင်ဖြစ်စေ သူတို့သည် မကောင်းဆိုးဝါးဝိဥာဥ်များဖြစ်၏။ လေအေးတစ်ချက် တိုက်ပစ်လို့ရတာပဲ မဟုတ်လား။

သို့သော် သူ၏အပြုအမူများက အလွန်ကြောက်စရာကောင်းသည်။ အနည်းဆုံးတော့ မကောင်းဆိုးဝါးဝိဥာဥ်များအား ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သော ယန်ခယ့်ပေါင်အတွက် ဆက်ပြီးသည်းခံရန်မဖြစ်နိုင်တော့ချေ။ သူ၏ခြေထောက်တို့ပျော့ခွေသွားရကာ မြေကြီးပေါ်သို့ ချက်ချင်းဒူ‌းထောက်ကျသွားလေသည်။

အခြားသူများမှာမူ နားမလည်နိုင်ကြပေ။

“မင်းတစ်ယောက်ကို အပြစ်တင်ချင်တယ်ဆို မင်းကိုယ်မင်းအပြစ်တင်!” ယန်ခယ့်ပေါင်က ရုတ်တရက်အော်လေသည်။

ရှဲ့ချောင်ကြားသောအခါ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်၏။

နွားမျက်ရည်သည်…

အလကားရှိနေခြင်းမဟုတ်၊

ကျန်းကျင်လုသည် ထိုမြင်ကွင်းအားမြင်သောအခါ ရှဲ့ချောင်လက်ထဲရှိ ပုလင်းအား ခပ်ရေးရေးစိုက်ကြည့်လိုက်၏။ သူ ထိုပုလင်းအားဆက်ခနဲဆွဲယူကာ သူ့မျက်လုံးထဲခပ်ပြီး ကြည့်ချင်နေလေသည်…

ဘယ်လိုအရာများက ယန်ခယ့်ပေါင်၏ အမူအရာကို ရုတ်ချည်းပြောင်းလဲသွားအောင် လုပ်နိုင်ရတာလဲ?!

“မင်းအဖေကြောင့် ငါ့အဖေသေရတာ!”

“မင်းက ငါ့ဝမ်းကွဲကို ခိုးလို့! ဒါတွေအားလုံးက မင်းအပြစ်တွေ!”

ယန်ခယ့်ပေါင်သည် တုန်ယင်နေ၏ ယခုအချိန်၌ သူကံဆိုးမိုးမှောင်ကျပြီမှန်းသိသည်။ ဖူဟန်ဝမ့်သည် သူ့အရှေ့၌ ရပ်နေကြောင်းမြင်ရချိန်တွင် သူငိုလိုက်ရယ်လိုက်ဖြစ်နေကာ အနည်းငယ်ရူးကြောင်ကြောင်ဖြစ်နေခဲ့၏။

“ငါ့အဖေနဲ့ မင်းအဖေနဲ့က အတူတူထွက်သွားခဲ့ကြတာ။ သူတို့မထွက်သွားခင် မင်းအဖေက ငါ့အဖေ့ကို သေချာစောင့်ရှောက်ပါမယ့်လို့ သူကိုယ်တိုင်ကတိပေးသွားတယ်။ ငါ့ကိုစိတ်ချပါတဲ့ ဒါပေမဲ့ နောက်ဆုံးကျတော့ ငါ့အဖေက မြစ်အောက်ထဲမြုပ်သွားရပြီး မင်းအဖေကတော့ ငွေတွေရလိုက်တယ်လေ!”

“ငါ့အဖေရဲ့ စီးပွားရေးပျက်သွားတော့ ဖောက်သည်တွေအကုန်လုံးက မင်းတို့မိသားစုဆီရောက်သွားရော။ ငါတို့မိသားစုကျတော့ရော ။ ငါ့မှာအကြွေးတွေထဲနစ်နေလို့ ငါ့အိမ်နဲ့ မြေကိုတောင် ရောင်းခဲ့ရတာကွ!”

“ငါ့ဝမ်းကွဲငယ်ငယ်တုန်းက ငါက သူ့တို့အိမ်မှာဧည့်သည်ဖြစ်နေတဲ့အချိန်။ ဒေါ်လေးက ငါသာအရွယ်ရောက်လို့ သ့ကိုသဘောကျတယ်ဆို သူနဲ့ပိုပြီးနီးစပ်နိုင်တယ်ဆိုပြီး‌ ပြောခဲ့တယ်! ဒါပေမဲ့ နောက်တော့ မင်းတို့မိသားစုပြောင်းလာရော အဲဒီအချိန်ကစပြီး ငါ့ဝမ်းကွဲက မင်းရဲ့လူဖြစ်သွားတော့တာပဲ…”

“ဒေါ်လေးက ငါ့ရဲ့အရည်အချင်းတွေကိုချီးကျုးနေခဲ့ရဲ့သားနဲ့ မျက်စိတစ်မှိတ်အတွင်းမှာ မင်းက ပိုကောင်းတဲ့ကျောင်းတော်ဆီ ဝင်ခွင့်ရသွားတယ်လေ! မင်းက ငါ့ထက်သာသွားတယ် ဒီတော့…”

“မင်းရဲ့လက်ကို မသန်မစွမ်းဖြစ်အောင်လို့ ငါလူတစ်ယောက်ကိုခိုင်းခဲ့တာ။ မင်းနောက်ဆုတ်သွားဖို့ ငါမျှော်လင့်ခဲ့တာ!”

ရုတ်တရက်ဆိုသလို သူ၏ မျက်နှာသည် မှောင်မိုက်သွားလေသည်။

“မင်းလို ဒုက္ခိတတစ်ယောက်က ငါနဲ့ မယှဥ်နိုင်တော့ဘူးလို့ ထင်ခဲ့တယ်”

•••••

အခန်း ၁၀၆၃။ အခုယုံပြီလား

ယန်ခယ့်ပေါင်၏ စကားဆုံးသည်နှင့် ဖူမိသားစုမိဘများမှာ ထိတ်လန့်သွားကြရသည်။ သူပြောမည့်စကားကို နားထောင်ချင်သေးခြင်းကြောင့်သာမဟုတ်လျှင် အခုချက်ချင်း သူ့ဆီပြေးသွားပြီး အပိုင်းပိုင်းခုတ်ဖြတ်ပြီးနေလောက်လေပြီ!

“ဒါပေမယ့် ဝမ်းကွဲကမင်းကို အရမ်းချစ်မယ်လို့မထင်ထားခဲ့ဘူး။ ငါသူ့ကိုဘယ်လောက်ဖျောင်းဖျဖို့ ကြိုးစားကြိုးစား သူက မင်းမှမင်းဖြစ်နေတာ!”

“ဖန်မိသားစုက အဌဂံဥယျာဥ်ကနေ ဒီစာကိုရခဲ့တယ်…သူတို့က ငါ့ကိုကျမစဥ်းစားဘဲနဲ့ မင်းဆီကို ပေးပစ်ခဲ့တယ်လေ…”ဤအခိုက်အတန့်၌ ယန်ခယ့်ပေါင်သည်လည်း စိတ်ပျက်မှု မလိုလားမှုတို့ဖြင့် ပြည့်နေခဲ့သည်။

သူ့၌ သူ့အဒေါ်၊ ဦးလေးနှင့် ဝမ်းကွဲ၏ မိသားစုသာ ရှိတော့သည်။

သူသည်လည်း စာသင်သားတစ်ယောက်ဖြစ်ကာ အဌဂံဥယျာဥ်သို့ သွားရောက်လည်ပတ်ချင်ခဲ့သည်။ သို့သော် သူတို့က ဖူဟန်ဝမ့်ကိုပေးပြီး ဝမ်းကွဲနှင့် အတူတူသွားကြလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ချေ။ သူကမူ…ယနေ့၌ သူသည် အရှက်မဲ့စွာဖြင့် လူကုံထံသခင်‌လေးတစ်ယောက်နောက်ကနေ လိုက်လာခဲ့၏။ စကားကောင်းမျိုးစုံကို ပြောပြီးသောအခါမှသာ ဝင်လာနိုင်ခဲ့သည်။

နောက်ဆုံး၌ ထိုင်ခုံနေရာရပြီး နာမည်ကြီး ဆရာကြီးလီကို တွေ့လိုက်ရချိန်…

ထိုပန်းချီကားကိုပါ…

မြင်လိုက်ရလေသည်။

“မင်းတို့နှစ်ယောက်ကသာ.. ကိုယ့်နေရာကိုယ်မသိတာ၊ လက်တောင်မထပ်ရသေးဘဲနဲ့ အရမ်းတွေတပူးပူးတတွဲတွဲနေနေကြပြီ! မင်းကသာ သေသင့်တဲ့သူ! မင်းက ငါ့ဝမ်းကွဲကို ဖြားယောင်းခဲ့တာ!” ယန်ခယ့်‌ပေါင်သည် တည်ကြည်သောဟန်ပန်ဖြင့် အော်ပြောလေသည်။

ထိုပန်းချီကားထဲ၌ ရွှေရောင်စုံတွဲတစ်တွဲရှိကာ သူတို့သည် နတ်ဖတ်သည့်စုံတွဲဟု လူတိုင်းကပြောနေကြ၏!

သူ ဆက်ပြီး သည်းမခံနိုင်တော့ပေ။

ရှဲ့ချောင်သည် ထိုသို့သောစကားများကို ကြားရလိမ့်မည်ဟု မမျှောင်လင့်ထားခဲ့။

ယန်ခယ့်ပေါင်ရဲ့လူသတ်ချင်စိတ်ကို ဆွ‌ပေးလိုက်တာက သူမရဲ့ပန်းချီကားဖြစ်နေခဲ့တာလား

“ယန်ခယ့်ပေါင်!” သခင်ကြီးဖူ၏ မျက်လုံးများမှာ နီရဲနေကာ ဆူပူကြိမ်မောင်းလေသည်။

“မင်းရဲ့အဖေက…မြစ်ထဲကျပြီး သေသွားခဲ့တယ်ဆိုပေမဲ့…. သူနဲ့တန်လို့၊ ငါသူ့ကို ထိခိုက်အောင်မလုပ်ခဲ့ဘူး!”

ယန်ခယ့်ပေါင်သည် သူ့အား ဒေါသတကြီးကြည့်လိုက်၏။

“မင်းအဖေက အငယ်အနှောင်းတစ်ယောက်ယူထားတယ်၊ ပြီးတော့ အဲဒီအမျိုးသမီးက လှလည်းလှတယ်။ နယ်ခံလူမိုက်တစ်ယောက်က သူ့ကိုသဘောကျသွားမယ်လို့ငါလည်းမထင်ထားဘူးလေ၊ သူက အဲဒီမိန်းကလေးကိုခေါ်သွားတာကြောင့်မလို့ လူတွေက သူ့ကိုပစ်မှတ်ထားခဲ့ကြတာ သူမသေမချင်း ရပ်မှာမဟုတ်ဘူး! ဒါပေမဲ့ မင်းလိုမိဘမဲ့တစ်ယောက်နဲ့ မင်းရဲ့မုဆိုးမအမေသာ ဒီလိုသတင်းကို ကြားရင် စိတ်မကောင်းဖြစ်မှာစိုးလို့ ငါက အမှန်တရားကို ဖုံးကွယ်ထားခဲ့ရတာကွ!”

လူတစ်ယောက်သည် ပိုက်ဆံပေးနိုင်သ၍ စီးပွားရေးကို ချောချောမွေ့မွေ့လုပ်နိုင်ပေသည်။

မတော်တဆဖြစ်ရခြင်းအကြောင်းက သူက အခြားသူကို အရင်ဆုံးဆန့်ကျင်မိ၍ပင်၊

ယန်ခယ့်ပေါင် မှင်တက်သွားရသည်။

လူလိမ်…မဖြစ်နိုင်ဘူး!

ယန်ခယ့်ပေါင်သည် ဤအဖြစ်အပျက်ကြောင့်နှင့် သူ့မိသားစုအား အချိန်အကြာကြီးမုန်းတီးနေခဲ့လိမ့်မည်ဟု သခင်ကြီးဖူလည်း မမျှော်လင့်ထားခဲ့ချေ။ နားလည်မှုလွဲခြင်းလေးတစ်ခုကြောင့် နစ်ပေါင်းများစွာ မကျေမနပ်ချက်တို့စုစည်းလာရပြီး သူ့သားရဲ့အသက်ကိုပင် ဆုံးရှုံးရ၏။

တစ်ဖက်တွင်လည်း သခင်မဖန်ကငိုကြွေးနေလျက်။

“မင်းကို ငါ့သမီးနဲ့လက်ထပ်ပေးမလို့ပါပဲ ဒါပေမဲ့ မင်းအမေကဆန္ဒမရှိဘူးလေ! မင်းတို့နှစ်ယောက်ငယ်ငယ်တုန်းက ငါ့မှာဒီလိုရည်ရွယ်ချက်ရှိမှန်းသိသွားပြီး ငါ့သမီးအပေါ် ကြမ်းတမ်းလာတယ်။ ငါ့

သမီးကရိုးအလွန်းတယ်လို့ထင်ပြီး သူ့ကိုမင်းနဲ့မထိုက်တန်ဘူးလို့ ထင်ခဲ့တာ! ဒီတော့ ငါမင်းရဲ့အဖေနဲ့ဆွေးနွေးခဲ့ရတယ်လေ”

“မင်က ဘာမှလည်းမသိဘူး အဖြေရှာဖို့လည်းမကြိုးစားဘူး၊ ဟန်ဝမ့်ရဲ့အသက်ကို သေစေခဲ့သလို မင်းဝမ်းကွဲရဲ့ဘဝကိုလည်းဖျက်ဆီးခဲ့တယ်!” သခင်မဖန်သည် သူမ၏တူဖြစ်သူအား တကယ်ကို စိတ်ပျက်နာကြည်းမိသည်။

ယန်ခယ့်ပေါင်သည် ပြောစရာစကားပျောက်ဆုံးနေ၏။

“မဖြစ်နိုင်ဘူး၊ ကျွန်တော်ကိုလိမ်နေတာ!” သူသည် အရူးတစ်ယောက်လိုပင်။

“ကျွန်တော့်ကိုလိမ်နေတာ ဟုတ်တယ်မလား။ ကျွန်တော့်အဖေက အငယ်အနှောင်းထားမှာမဟုတ်ဘူး။ ကျွန်တော်က ဝမ်းကွဲကိုသဘောကျမှန်း အမေသိတယ် မင်္ဂလာပွဲကိုငြင်းမှာမဟုတ်ဘူး! ခင်ဗျားကျွန်တော့်ကိုလိမ်နေတာ!”

“ဟန်ဝမ့်က သေသွားပြီ ငါတို့က ဘာကိစ္စမင်းကိုလိမ်ရမှာလဲ” သခင်မဖန်သည် ဒေါသထွက်လွန်းသဖြင့် သူ့ဆီပြေးသွားပြီးပါးရိုက်ပစ်လိုက်သည်။

“ငါသာလိမ်တယ်ဆို ငါနဲ့မင်းရဲ့ဝမ်းကွဲ အလောင်းတောင်မစုံဘဲ သေပါစေ! အခု ယုံပြီလား?!’

ယန်ခယ့်ပေါင်သည် နှစ်ကြိမ်တုန်လှုပ်သွားရသည်။

သူသည် မြေကြီးပေါ်တွင်ဒူးထောက်လျက် သူ၏ခေါင်းကိုကိုင်ကာ ခါးသီးစွာငိုကြွေးနေ၏။

ဖူဟန်ဝမ့်သည် မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်ဖြစ်လာသော်လည်း သူသည် မည်သူ့ကိုမှ အန္တရာယ်မပေးဖူးပေ။ ယန်ခယ့်ပေါင်အား ယခုလိုအခြေနေမျိုးနှင့် မြင်လိုက်ရသောအခါ နောက်တစ်ခါထပ်ပြီး မတိုက်ခိုက်တော့။

“ဆရာမ..ကျွန်မတိုသားလေးကိုတွေ့ချင်တယ်…”

ဖူမိဘများက အသနားခံလာကြသည်။

ရှဲ့ချောင်ခေါင်းခါလိုက်၏

“ရှင်တို့ရဲ့ခန္ဓာကိုယ်က အခုချိန်မှာအဲဒီလိုလုပ်ဖို့ မသင့်တော်ဘူး”

နွားမျက်ရည်အသုံးပြုခြင်းက ဂယက်ထစေမည်ပင်။

••••••

အခန်း ၁၀၆၄။ ထပ်မရှိတော့

သူမသည် တစ်ခါက မိဘနှစ်ပါးအတွက် နွားမျက်ရည်ကို အသုံးပြုခဲ့ဖူးသော်လည်း သူတို့နှစ်ဦးစလုံးသည် ကျန်းမာရေးကောင်းကြကာ သူတို့၏သမီးသေသွားသည်မှာလည်း ကြာနေပြီဖြစ်၏။ သူတို့သည် အခက်ခဲဆုံးအချီန်များကို တောင့်ခံနိုင်ခဲ့ကြသဖြင့် ဝိဥာဥ်များသည်တည်ငြိမ်နေလေရာ မည်သည့်မတော်တဆမှုမျိုးမှ မရှိခဲ့ပေ။

သို့သော် ဖူမိဘများကမူ ယခုအချိန်တွင် အလွန်ပူဆွေးဝမ်းနည်းနေကြ၏။ နွားမျက်ရည်ကိုသာ အသုံးပြုလိုက်ပါက ဒုက္ခခံစားနိုင်ရချေရှိသည်…

ထို့အပြင်…

ဖူဟန်ဝမ့်သည် မကောင်းဆိုးဝါးဝိဥာဥ်အများစုထက် ကြည့်ကောင်းသည်ဆိုသော်ငြား အသက်ရှင်စဥ်ကနှင့် ယှဥ်လျှင်မူ ကွာခြားနေပေသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အေးစက်ပြီးသနားစရာကောင်း၏။ သူ့မိဘများအတွက် ၎င်းကို ပိုပြီးကျော်လွှားနိုင်ကြလိမ့်မည်မဟုတ်ပေ။

“ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဆိုတာ ကံတရားက ဆုံးဖြတ်ပေးထားတာ၊ ရှင်တို့ရဲ့ ဆုံးရှုံးမှုအတွက် ကျွန်မစိတ်မကောင်းပါဘူး”

ရှဲ့ချောင်က သက်ပြင်းချရင်း ဆိုလေသည်။

ထိုသို့ပြောပြီးနောက် ရှဲ့ချောင်သည် ဖန်ကျောင်းကိုကြည့်၍ အားနာသည့်အနေဖြင့်

“ငါခုနက မသင့်တော်တဲ့စကားကို မပြောချင်ဘဲပြောမိသွားတယ်…တကယ်တောင်းပန်ပါတယ်”

ဖန်ကျောင်းသည် ငိုကြွေးကာ ခေါင်းခါလေသည်။

“အဲဒီပန်းချီကားက…”ရှဲ့ချောင်ခမျာ ကျောက်တုံးတစ်တုံးကို မျိုချနေရသည့်အလား နင်နေ၏။ “ဒီအညတရဆရာက…အဲဒီအချိန်တုန်းက မင်းတို့နှစ်ယောက်ကို လှပတဲ့မြင်ကွင်းမှာ အတူတူတွေ့လိုက်ရလို့ ခွင့်ပြုချက်မတောင်းဘဲ ပန်းချီဆွဲလိုက်မိတယ်၊ အဲဒါက ယန်ခယ့်ပေါင်ကို ရန်စမိလိမ့်မယ်လို့ မထင်ထားဘူး….”

ရှဲ့ချောင်မှာ အပြစ်ရှိစိတ်ခံစားနေရ၏?

သူမသည် ဖူမိဘများထံသို့ လက်ဆုပ်ထပ်၍ ရှက်ရွံ့စွာဖြင့် ဦးညွှတ်လိုက်လေသည်။

ဖူမိဘများသည် တစ်ဖန်ပြန်ငိုကြကာ သခင်ကြီးဖူက သူမအား ထစေလိုက်၏။

“ဆရာမ ဒါက တိုက်ဆိုင်သွားတာပါ၊ ဒီကလေးရဲ့….နှလုံးသားထဲမှာ နာကြည်းချက်တွေရှိနေပြီးသား၊ ဒီနေ့ ဒီလိုမကောင်းတဲ့ကိစ္စကို မလုပ်ခဲ့ဘူးဆိုရင်တောင်..တစ်ချိန်ချိန်မှာ သူရှောင်နိုင်မှာမဟုတ်ဘူး…”

ဖူမေမေကလည်း ငိုလျက်ဖြင့် ခေါင်းညိတ်သည်။

သူတို့သည် မသိနားမလည်သူများမဟုတ်။

သူတို့၏သားသည် မိန်းကလေးကျောင်းနှင့် ဆက်ဆံရေးကောင်းမွန်ကာ မကြာခဏဆိုသလို အတူတူရှိတတ်ကြသည်။ နောင်တစ်ချိန်တွင် လက်ထပ်ရန်ရည်ရွယ်ထားကြသူများပင်။

ယန်ခယ့်ပေါင်သည် မိသားစုနှစ်ခုလုံးနှင့် ကောင်းမွန်သောဆက်ဆံရေးရှိကာ အနာဂတ်မှာ ရွှေ့ပြောင်းလာရမည်ဖြစ်သည်။ သူ၌ သတ်ချင်သည့်ရည်ရွယ်ချက်ရှိနေပါက ယခုအချိန်တွင် ဖုံးကွယ်ထားနိုင်သော်ငြား တစ်သက်လုံးဖုံးကွယ်ထားနိုင်မည်မဟုတ်ချေ။

“အခု ကိစ္စတွေက ဒီလိုဖြစ်လာရပြီဆိုတော့ ဒီအညတရဆရာရဲ့အမှားကို ပြန်ဆပ်ဖို့အတွက် တခြားနည်းသုံးပြီးပဲ ကြိုးစားကြည့်ရတော့မယ်… သခင်လေးဖူက ဒီရေကန်ထဲမှာ ပိတ်မိနေတာဆိုတော့ ဒီအညတရဆရာက သူ့ဝိဥာဥ်ကို အားဖြည့်လို့ရအောင် ခေါ်ထုတ်သွားပြီး သူ့အတွက် နံ့သာတိုင်များများထွန်းပေးမယ်၊ သူ့ရဲ့နောက်ဘဝမှာ ကံကောင်းဖို့မျှော်လင့်ပါတယ်…”

ဤနည်းက တစ်ခုတည်းသောနည်းလမ်းပင်။

ဖူမိဘများသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ကြရုံသာတတ်နိုင်၏။

“သူ့ရဲ့ဝိဥာဥ်ကိုအားဖြည့်နေတဲ့အချိန် ရှင်တို့လည်း ကိုယ့်ကိုကိုယ်သန်မာလာအောင်လုပ်ထားသင့်တယ်၊ အချိန်ကာလတစ်ခုရောက်လို့ ရှင်တို့သူ့ကိုတွေ့ချင်သေးတယ်ဆို ရတယ်၊ ဒါပေမယ့်… ရှင်တို့တွေ ယန်ခယ့်ပေါင်ရဲ့လက်ရှိပုံစံကိုမြင်ကြမှာပါ၊ ဒီမျက်လုံးတွေက မမြင်သင့်တဲ့အရာကို မြင်လိုက်မိရင် ရှင်တို့တွေ တန်ရာတန်ကြေးတစ်ခုတော့ အနည်းနဲ့အများပေးဆပ်ရလိမ့်မယ်”

ရှဲ့ချောင်သည် လေးနက်စွာဖြင့်ရှင်းပြခဲ့သည်။

ထိုစကားကြောင့် ဖူမိသားစု၏မိဘများနှင့် အခြားသူများက အလျင်အမြန်ခေါင်းညိတ်လိုက်ကြသည်။

“ကောင်းပြီ! ကျုပ်တို့ရဲ့ခန္ဓာကိုယ်ကို ကျိန်းသေပေါက် ဂရုစိုက်မယ်၊ ကျုပ်တို့သားလေးကိုတွေ့နိုင်လို့ကတော့…ဘာမဆိုလုပ်နိုင်တယ်”

ရှဲ့ချောင်ခေါင်းညိတ်လိုက်၏။

“ပြီးတော့ သခင်မလေးဖန် နင်လည်းလုပ်လို့ရတယ်”

လူသုံးယောက်က အကုန်ပင်… နွားမျက်ရည်လည်းထပ်မရှိတော့ပေ။

သူမတွက်ကြည့်ရသလောက်ဆိုလျှင်…

၎င်းက အောက်ခြေနားရောက်နေလေပြီ.

လက်ရှိကိစ္စများဖြေရှင်းပြီးပါက နွားမျက်ရည်ထပ်ပြီးရရှာလိမ့်မည်။

ဘဝကြီးက ဘာလို့များ ပင်ပန်းရတာလဲ?

ရှဲ့ချောင်သက်ပြင်းချလိုက်သည်။ ဤအချိန်တွင် ယန်ခယ့်ပေါင်သည် သူ၏ဆံပင်များအား ဆွဲနေသည်မှာ အရူးတစ်ယောက်လိုပင်။ သို့သော် သူ၏ ပုံပန်းသဏ္ဌာန်က သနားစရာကောင်းနေရုံဖြင့် လက်ရှိအခြေနေကို မပြောင်းလဲနိုင်၊ ရှဲ့ဖင်းကန်းသည် သူ့အား ဆွဲထုတ်သွားခိုင်းလိုက်၏။

ရှဲ့ဖင်းကန်းသည် ထိုနေရာရှိ လူပေါင်းစုံကိုလည်း‌ မောင်းထုတ်ခဲ့သည်။

ထိုအခါမှသာ ရှဲ့ချောင်က ဝိဥာဥ်စုရန် စတင်လေသည်။

ကျောက်ရွှမ်ကျင်းသည် အနည်းငယ် စိတ်လွင့်နေကာ စိတ်အခြေနေကောင်းပုံမပေါ်နေသဖြင့် လူများအား ထိတ်ထိတ်ပျာပျာဖြစ်စေလေသည်။

ယနေ့တွင် သူသည် ရှဲ့ချောင်အား အပြင်ထွက်ပြီးအပန်းဖြေနိုင်ရန်အတွက် ရည်ရွယ်ထားခဲ့ခြင်းဖြစ်၏။ သူသည် သူမအား အဌဂံဥယျာဥ်ရှိ ရှုခင်းများကို ကြည့်ရန်ခေါ်သွားချင်ခဲ့ခြင်းဖြစ်ကာ သူမ၏ခန္ဓာကိုယ်နှင့်စိတ်ကို အားပြည့်စေရန် က‌ဗျာနှင့် သီချင်းတချို့ နားထောင်စေချင်ခဲ့၏။ ထပ်ပြီးပျက်စီးသွားရပြန်လေပြီ။

ဝိဥာဥ်စုရန်အတွက် သူမ၏စွမ်းအင်များကိုသုံးနေသည်ကိုသာ ကြည့်နေနိုင်တော့သည်။

•••••

All Chapters