အခန်း (၁၀၆၉-၁၀၇၂)
Vol. 55 Ch. 1069-1072
အခန်း ၁၀၆၉။အကြွေး
တစ်ချိန်တုန်းက ရှဲ့ချောင်သည်လည်း မော့လင်းကျစ်အား ထိုသို့လှည့်စားခဲ့ဖူးသည်။
မော့လင်းကျစ်သည် စိတ်မြန်လက်မြန်ရှိကာ အလျင်စလိုပြောတတ်သည့်သူတစ်ယောက်ဖြစ်၏။ သို့သော်လည်း သူငယ်စဥ်က သူနှင့်စာရင်းရှင်းချင်သူများ မကြာခဏဆိုသလို ရှိတတ်သည်။ အကြောင်းက သူ၏ပါးစပ်ဟလိုက်သည်နှင့် တစ်စုံတစ်ဦးအားအပြစ်လုပ်မိခြင်းကြောင့်ပင်။
အဆိုးဆုံးအချိန်မှာ မော့လင်းကျစ်တစ်ယောက် မျက်နှာတစ်ခုလုံးဖူးယောင်လာသည့်အထိ ရိုက်နှက်ခံခဲ့ရစဥ်ကဖြစ်သည်။
ထိုအချိန်ကစပြီး သူမစကားကို ဖြည်းဖြည်းချင်းပြောရမည်ကိုသိသွားခဲ့၏ အထူးသဖြင့် ကံကြမ္မာဟောပေးနေသည့်အချိန်တွင်ပင်၊ တစ်ဖက်လူ၏ စိတ်နေစရိုက်ကိုလည်း ကြည့်ရန်လို၏။ ဖောက်သည်က စိတ်လက်မာန်ပါပြုမူတတ်ပြီး ဒေါသကြီးသူတစ်ယောက်ဖြစ်နေပါက ကြီးစွာသောဆုံးရှုံးမှုကို မခံစားရစေရန် လိမ္မာပါးနပ်မှုရှိသည်က အကောင်းဆုံးဖြစ်သည်။
သူမ၏ညီမသည်ကား စိတ်မရှည်တတ်သူတစ်ယောက်မဟုတ်သော်လည်း တစ်ချက်ကြည့်ရုံနှင့် နားလည်လွယ်သော ရိုးရှင်းသူဖြစ်သည်။
ကြည်လင်နေသောစမ်းချောင်းပမာ ဖြူစင်သော်လည်း အနိုင်ကျင့်ရလွယ်၏။
“နင်က အခုဆို အသက်ဆယ့်လေးနှစ်တောင်ရှိနေပြီ အိမ်ထောင်ပြုဖို့အတွေးမရှိဘူးလား”
ရှဲ့ချောင်က မြေကြီးတူးရင်းဖြင့် စကားစလိုက်၏။
သူမ၏ ညီမသည် ငယ်လွန်းသေးသဖြင့် ချက်ချင်းလက်ထပ်ရန်မဖြစ်နိုင်ပေ။ သို့သော် ဤနောက်ပိုင်း၌ အမျိုးသမီးတစ်ဦးသည် အသက်၁၉နှစ်ပြည့်ပါက အသက်ကြီးသည့်အမျိုးသမီးတစ်ဦးဟု သတ်မှတ်ခြင်းခံရ၏။ ရှဲ့မိသားစုတွင် သခင်မတစ်ယောက်မှမရှိ၍ သူမမှမမေးလျှင် မည်သူကမေးမည်နည်း။ဒေါ်လေးလင်းလား။ အလှမ်းဝေးလွန်းပေသည်။
ရှဲ့ရှီသည် အိမ်ထောင်ပြုရမည့်အကြောင်းကြားချိန်၌ မျက်နှာနီသွားခြင်းမျိုးမရှိသဖြင့် ရှဲ့ချောင်အင်မတန် အံသြသွားရသည်။
“ညီမလေးက နာခံတတ်တဲသူမျိုးကိုလိုချင်တယ်။ ငွေအများကြီးရှိပြီးတော့ ကြည့်ကောင်းတဲ့သူ၊မခက်ထန်တဲ့သူမျိုး” ရှဲ့ရှီ၏ တောင်းဆိုးချက်က အလွန်ရှင်းလင်းလှသည်။
သူမက ထိုအကြောင်းမျိုးကိုပြောရသည်အား ရှက်နေလိမ့်မည်ဟု ရှဲ့ချောင်ထင်ခဲ့သည်။
“မခက်ထန်သည့်သူ…”ရှဲ့ချောင်သည် သူမ၏နှုတ်ခမ်းအားအသံမြည်အောင်စုတ်ချက်သပ်၍ စဥ်းစားကြည့်နေ၏။ သူမအနား၌ ထိုသို့သောသူမျိုးမရှိကြောင်း သဘောပေါက်သွားသည်။
ဆရာတူမောင်လေးကျန်းလား၊ မဖြစ်နိုင်, သူက အလွန်ဆင်းရဲသည်။ ငွေစ ငါးသောင်းကိုပင် တတ်နိုင်သူမဟုတ်…
စတုတ္ထမြောက်ဆရာတူမောင်လေးသည်လည်း အိမ်ထောင်မပြုရသေး။ ယခုအချိန်ထ သူကဘယ်လိုပုံမျိုးဖြစ်လဲ သူမ မသိခြင်းပင်။
ထို့အပြင် ဆရာတူမောင်ငါးယောက်ထဲ၌ စတုတ္ထမြောက်ဆရာတူမောင်လေးသည် အရည်အချင်းအနည်းဆုံးသူဟု သူမဆရာဆီကနေကြားထားသည်။ သူ့အား တပည့်အဖြစ်လက်ခံခဲ့ရခြင်းအကြောင်းမှာ စတုတ္တမြောက်ဆရာတူမောင်လေးသည် အရှက်မဲ့လွန်းကာ စိတ်ပျက်စရာကောင်းလွန်းခြင်းကြောင့်ပင်။သို့နှင့် ကူကယ်ရာမဲ့စွာဖြင့်ပင် ခေါင်းညိတ်လိုက်ရခြင်းကြောင့် သူသည်… အင်မတန် အကြံအစည်များလောက်သည်ပေ။
တခြားဘယ်သူရှိသေးသနည်း
ဆရာကြီးလီ၏ မြေး လီချင်းယွီသည်လည်း အတော်လေး ပါရမီရှိသည့်လူငယ်တစ်ယောက်ပင်။
သူသည် ဝင်ပူးခြင်းခံခဲ့ရသော်လည်း သူ၏စရိုက်သည် သိပ်ပြီးမဆိုးလှ…
ကျို့ဝေ့ကျုံးလည်းရှိနေသည်မဟုတ်လော၊ သူ၏ အနာဂတ်သည်မဆိုးလောက်သော်လည်း သူက နည်းနည်းအသက်ကြီးလွန်းနေသည်…
ရှဲ့ချောင်သည် သူမစိတ်ထဲ၌ ထင်မြင်ချက်ကောင်းရှိသည့်ယောကျာ်အားလုံးကို တွေးကြည့်ပြီးသွားလေပြီ။ သူမ စိတ်ကျေနပ်လောက်သည့်သူတချို့ရှိနေသော်လည်း အပြည့်စုံဆုံးလူတစ်ယောက်ကို ရွေးရန်အတွက်မူအခက်တွေ့လှ၏၊ ချို့ယွင်းချက်ရှိနေသည်ဟု ထင်မြင်မိသည်။
သူမ၏ ညီမသည် တကယ်ကိုချောလှသောမိန်းကလေးတစ်ဦးဖြစ်၏။
ထိုအခိုက်အတန့်တွင် စန်းယောင်သာ သူမ၏အတွေးများကိုသိပါက သူ၏မျက်လုံးများကို ထပ်၍ သန့်ရှင်းကြည့်လောက်ပေသည်။
အမှန်ကိုပင် လူများသည် သူတို့၏လူများကိုသာ အမြဲတမ်းအမွှမ်းတင်တတ်ကြသည်။ အခြားသူများသာ သိလျှင် မျက်လုံးအိမ်တစ်ခုလုံးကျွတ်ကျလောက်မည်ပေ။
ရှဲ့ရှီ၏ ပုံပန်းသွင်ပြင်သည် အထင်ကြီးလောက်စရာလှသည်ဟုတော့ သတ်မှတ်၍မရ။ အလွန်ဆုံးမှ သူမသည် မိသားစုသေးသေးလေးတစ်ခုမှ မိန်းမလှလေးဖြစ်နေရုံပင်။ သူမ၏ ရုပ်ရည်သွင်ပြင်သည် နူးညံ့သော်လည်း သူမ၏ အကြီးမားဆုံးအားသာချက်က ချစ်စရာကောင်းပြီး အပြစ်ကင်းစင်ခြင်းပင်။
“မမကြီး ညီမလေးတို့တွေ ရတနာသေတ္တာကိုတကယ်ရှာနိုင်ပါ့မလား”
ရှဲ့ရှီသည် လက်များထုံကျင်လာသည်ထိ တူးနေရသော်လည်း ရတနာသေတ္တာ၏ အရိပ်အယောင်မျိုးမတွေ့ရသေးပေ။
“ဒါပေါ့!” ရှဲ့ချောင်က အခိုင်အမာခေါင်းညိတ်သည်။
ဆရာကြီးပိုင်လိသည် သူမကိုလိမ်မည်မဟုတ်။ ဤအရာသည် ဆုလာဘ်တစ်ခုဖြစ်ပြီး တာအိုဆရာတစ်ယောက်အတွက် ဆုလာဘ်ဖြစ်သည်။
သူမကို ဘယ်သူကများလိမ်ရဲမည်နည်း။
“မမကြီးဖွက်ထားတာလား၊ ဘာလို့ ဒီလိုနေရာမျိုးမှာ ဖွက်ထားရတာလဲ…”
သူမ၏ အသံသည်မကျေမနပ်ချက်တို့ဖြင့် ပြည့်နေကာ သနားစရာကောင်းလှ၏။
“တစ်ခြားတစ်ယောက်ဝှက်ခဲ့တာ”
ရှဲ့ချောင်သည် ရှင်းပြ၍မရသဖြင့် “ရှဲ့ဖင်းဟွိုက်ကို လာပြီးတူးခိုင်းမလို့ပဲ။ အစ်မတို့တွေ မြင်းလှည်းထဲမှာထိုင်ပြီးစောင့်ကြည့်နေလို့ရတယ်။ အဲဒီကောင်စုတ်လေးက မလာလောက်ဘူးလို့ ဘယ်သူသိမှာလဲ!”
ရှဲ့ရှီသည် သတိထားကာ အခြားသူတစ်ယောက်ကို မည်သို့ဝေဖန်ရမှန်းမသိသော်လည်း ရှဲ့ချောင်နောက်ကနေ လိုက်မပြောဘဲမနေနိုင်ခဲ့။
“ညီမလေးတို့ပြန်ရောက်ရင်ဒုတိယအစ်ကိုဆီကနေ ပြန်ပေးဖို့တောင်းလိုက်မယ်”
“အဲဒီကောင်စုတ်လေးက နင့်ဆီမှာအကြွေးတင်ထားတာလား”
ရှဲချောင် အံံသြသွားသည်။
“အများကြီးလား”
ရှဲ့ရှီသည် တူးနေရာမှရပ်ကာ လေးနက်တည်ကြည်စွာဖြင့်
“ဒုတိယအစ်ကိုက ညီမလေးကို စုစုပေါင်းငွေစ၇၉စ အကြွေးတင်နေတယ်။ ပြီးတော့ အစ်ကိုကြီးက ငွေစတစ်ရာအကြွေးတင်ထားတယ်။ အဖေက ငွေစ တစ်ရာ့ငါးဆယ်”
•••••
အခန်း ၁၀၇၀။ အရမ်းချမ်းသာတာပဲ
ရှဲ့ရှီသည် ရှဲ့ချောင်သူမအားမယုံမည်ကိုကြောက်နေခဲ့၏။ ထိုသို့ပြောပြီးနောက် သူမသည်စာရွက်တစ်ထပ်ကြီးအား ထုတ်ကာ ရှဲ့ချောင်အားကမ်းပေးလျက်
“ဒါက သူတို့ရဲ့အကြွေးစာရွက်တွေ”
ရှဲ့ရှီကလေးလေးနက်နက်ပြောလိုက်သည်။
ရှဲ့ချောင်မှာ ထိတ်လန့်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
“ဒီဟာတွေကို သယ်ပြီးသွားနေတာလား”
“သူတို့က အကျိုးသင့်အကြောင်းသင့်ရှိတဲ့သူတွေမဟုတ်ဘူး၊ ညီမလေးသာ ဒါတွေကိုသယ်မသွားရင် ခိုးပစ်လိမ့်မယ်”
ရှဲ့ရှီသည် အတည်ပေါက်ဖြင့်သုံးသပ်ပြသည်။
“အင်း ဟုတ်ပါတယ်လေ”
သူမ၏အဖေနှင့်အစ်ကိုတို့သည် ဆိုးသွမ်းကြကြောင်းကိုမူ ရှဲ့ချောင်ဝန်ခံရလိမ့်မည်။
“အခန်းထဲက ပစ္စည်းတွေကိုရော၊ မလုကြဘူးလား”
“လက်ဝတ်ရတနာတွေ အင်္ကျီတွေကိုတော့မခိုးဘူး၊ ပိုက်ဆံနဲ့ စာချုပ်တွေပဲခိုးတာ၊ သူတို့က ငွေစာရင်းကိုလည်းမထိဘူး, ညီမသီးသန့်ဝှက်ထားတာတွေကိုပဲ လာလာထိနေကြတာ၊
အဲဒါကြောင့် တခြားပစ္စည်းတွေကိုလည်း ဖွက်ထားလိုက်တယ်လေ”
ရှဲ့ရှီ၏ မျက်နှာသေးသေးလေးက ဂုဏ်ယူနေဟန်ပင်။
“ဒါဆို… ဘယ်မှာ...”
သူမ ထိုပစ္စည်းများအား ဘယ်နေရာတွင်ဝှက်ထားသနည်း။
မေ့သွားပြန်ပြီလား?
ရှဲ့ချောင်၏ စကားမဆုံးသေးသော်လည်း ရှဲ့ရှီသူမကို တကယ်နားလည်သည်။ သူမက တောက်ပစွာပြုံးလျက်
“မမကြီးရဲ့ခြံဝန်းထဲမှာ ဖွက်ထားတာ!”
ရှဲ့ချောင်၏ နှုတ်ခမ်းတို့စုဝိုင်းသွားသည်။
သူမ.. တကယ်မသိခဲ့ဘူး!
ပြန်ရောက်တဲ့အခါကျ ရှာကြည့်ရင်.. ငွေလေးဘာလေးရလောက်မလား။
သို့သော် ရှဲ့ရှီ၏ယုံကြည်စိတ်ချသောာအကြည့်ကြောင့် ရှဲ့ချောင်ခမျာ ငိုရမလားရယ်ရမလားပင် မသိတော့ပေ။
ထားပါတော့၊ သူမအတွက် နေရာကောင်းတစ်ခုရှာတွေ့ရန် မလွယ်ကူလှ။ သူမဖွက်ထားသည်ကပိုကောင်း၏၊ ထိုအခါမှသာ နောင်တစ်ချိန်တွင် တခြားသူ၏ပိုက်ဆံအိတ်ထဲ၌ ငွေကိုဖွယ်ထားရန်မလိုမှာပေ။
သူမတို့နှစ်ယောက် စကားပြောနေစဉ် ရှဲ့ရှီ၏တူရွင်းပြားသည် မာသောအရာဝတ္ထုတစ်ခုကို ရုတ်တရက် ထိမိသွားရာ သူမ ထခုန်မိလုနီးနီးပင်ဖြစ်သွားသည်။ သို့သော် သူမ၏ခြေထောက်များက ကျင်နေသဖြင့် နေရာတွင်ပင်လဲကျသွားလေသည်။
ရှဲ့ချောင် ရွှင်ပျသွား၏
“နောက်ဆုံးတော့ ရှာတွေ့ပြီ၊ထပ်ပြီးကြိုးစားရအောင်”
ရှဲ့ရှီသည် အရာဝတ္ထုအားစိုက်ကြည့်လိုက်၏။
သူမ၏လှုပ်ရှားမှုများက ယခင်ကထက်ပိုပြီး ပေါ့ပါးသွက်လက်လာကာ မြေကြီးအား အကြိမ်ရေအနည်းငယ်ဆက်တူးကြည့်ခဲ့သည်။
သိူ့သော် ကျင်းက ကြီးသထက်ပိုကြီးလာသည်။
နောက်ဆုံး၌၎င်းသည် ငါးပေမှခြောက်ပေခန့်ထိရှည်သော သေတ္တာကြီးတစ်လုံးဖြစ်နေလေသည်!
အလေးချိန်က ပို၍ပင် ထိတ်လန့်စရာကောင်း၏။
သူတို့နှစ်ယောက်၏ အင်အားသေးသေးလေးဖြင့် မတင်ရန်မဖြစ်နိုင်ခဲ့ပေ။
သူတို့သည် ရတနာသေတ္တာအား အင်တင်တင်ဖြင့်သာ ဖွင့်ကြည့်လိုက်ရ၏။
သို့သော်ငြား ရတနာသေတ္တာအား ဖွင့်လိုက်ချိန်တွင် ရှဲ့ချောင်နှင့် ရှဲ့ရှီတို့နှစ်ဦးလုံး အံ့အားသင့်သွား
ကြရသည်။
ကျိပိုင်လိပြောခဲ့သော ရတနာသေတ္တာသည် ပုံမှန်အရွယ်အစားလောက်သာဖြစ်မည်ဟု ရှဲ့ချောင်ထင်ခဲ့၏။ အတွင်း၌ ငွေစတစ်ထောင်လောက်သာ ရှိမည်ဟု။
သို့သည့်တိုင် လက်တွေ့မှာထိုသို့မဟုတ်ခဲ့ပေ။
သူတို့အရှေ့တွင်ရှိနေသည်က ငွေတုံးများမဟုတ်ဘဲ ရွှေချောင်းများဖြစ်နေလေ၏!
ရွှေအပြည့်ပါသော ရတနာသေတ္တာတစ်လုံး!
ထို့အပြင် ပုံမှန်ရတနာသေတ္တာအရွယ်အစားထက်ပင် ပိုကြီးသည်!
အကဲခတ်ကြည့်ရမည်ဆိုလျှင် ဤသေတ္တာထဲ၌ ငွေချောင်း ၁၅၀၀ လောက်ရှိနေမည်လား?!
ရှဲ့ရှီမှာ အကြည့်မလွှဲဘဲစိုက်ကြည့်နေ၏။
“မ-မကြီး… ရွှေတုံးတွေအများကြီးပဲ!”
ရှဲ့ချောင်သည် နှာခေါင်းအားကုတ်ရင်း သူမနှလုံးသားထဲမှ ထိတ်လန့်မှုကိုဖုံးကွယ်ထား၏။
“အင်း.. ရတနာသေတ္တာလေးတစ်ခုပဲကို…”
“မမကြီးက အရမ်းချမ်းသာတာပဲ!”
ရှဲ့ရှီသည် သူမ၏စကားကိုကြားပြီးနောက် လေးစားအားကျမှုဖြင့် ဆိုလေသည်။
ရှဲ့ချောင်မှာ သီးလုနီးနီးပင်။
သူမသည် ယခင်ကငွေအမြောက်အမြားကို မြင်ခဲ့ဖူးသည်။ မင်းသားနှစ်ပါးနှင့် နန်းတွင်းဆရာတို့သည် သူမအား ငွေအမြောက်အမြားပေးသည်ဆိုသော်ငြား ငွေစက္ကူစာရွက်များသာဖြစ်သည်။ ငွေတုံးသာဆိုပါက သယ်သွားရန်အတွက် လေးလောက်ပေသည်။
သို့ဖြစ်ရာ သူမအတွက် ဤမျှများပြားလွန်းသည့်ငွေများကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်နေ၏။
တောက်ပနေသော ရွေများ…”သယ်လို့လည်းမရဘူး…” ရှဲ့ရှီတစ်ယောက် ငိုတော့မည်ပုံပင်။
ရွှေများစွာမြင်နေရရက်နဲ့ မသယ်နိုင်ခြင်းက သူမအား အင်မတန်ဝမ်းနည်းစေသည်။
“မြင်းလှည်းထဲကို နည်းနည်းချင်းစီရွှေ့ကြတာပေါ့”
အချိန်ကုန်၍ပင်ပန်းသည့်အလုပ်ဖြစ်သော်လည်း ကံကောင်းစွာဖြင့် ရွှေ့ရမည့်အရာက တခြားအရာမဟုတ်ဘဲ ရွှေချောင်းများဖြစ်နေရာ ဤအလုပ်က မပင်ပန်းပေ!
ရှဲ့ရှီသည် မာန်ပါပါဖြင့် ခေါင်းညိတ်လေသည်။
ရှဲ့ချောင်သည် သူမအားအလောတကြီးလုပ်ခိုင်းရန်မလို။
သူမသည် ရွှေချောင်းများအား တစ်ချောင်းချင်းစီစသယ်ကာ သူမ၏ခြေတံတိုတိုလေးများဖြင့် ပြေးလေသည်။
မြင်းလှည်းမောင်းသမားမှာ ထိုမြင်ကွင်းကြောင့်ဆွံ့အသွားရသည်။
သူလည်း ကူညီရန်အတွက်လာခဲ့လေသည်။
မြင်းလှည်းမောင်းသမားသည် ရှဲ့ချောင်နောက်သို့လိုက်ခဲ့သည်မှာ အချိန်ကြာနေလေပြီ။ သူသည် အလွန်သစ္စာရှိသောသူတစ်ယောက်ဖြစ်၏
သူသည် အသက်ကြီးပြီဖြစ်ကာ ယခုအခါ မိန်းကလေးနှစ်ယောက် အတူတူလုပ်နေကြသည်ကိုမြင်ရသည့်အခါ ကူညီရန်မသင့်တော်ပေ။
သို့သော် ပစ္စည်းရွေ့ခြင်းတာဝန်ကိုမူလုပ်ပေးနိုင်ဆဲပေ။
ဤအခိုက်အတန့်၌ ရှဲ့ချောင်သည် အနှီပုဂ္ဂိုလ်၏ လောဘအားစိတ်ပူနေရနိမလိုပေ။ မြင်သည့်သူတိုင်း ဝေစုတစ်ခုရမည်ဖြစ်၏။ သူသည် ရွှေချောင်းများအား ကူရွှေ့ပေးခဲ့သည်။ ပြန်ရောက်သည့်အခါ လုပ်အားခပေးရမည်ပေ။
•••••
အခန်း ၁၀၇၁။ ဖော်ထုတ်မိ
ရွှေချောင်းများစွာအား ရွှေ့ရန်အတွက် အချိန်တော်တော်ကုန်သွားသည်။
ပြန်ကြတော့မည့်အချိန်၌ ရှဲ့ချောင်က ကျင်းကိုကြည့်ကာ ခဏစဉ်းစားနေသည်။
ထို့နောက် သူမသည်အားထည့်၍ ကျန်နေသောသေတ္တာအလွတ်အား ဆွဲတင်လိုက်၏။နောက်တစ်ကြိမ်ပြန်ကြည့်သောအခါ အောက်ခြေ၌ နောက်ထပ်သေတ္တာတစ်လုံးရှိနေလေသည်….
ဤပွပေါက်က အတော်လေးကြီးလှပေသည်။
ရှဲ့ရှီသည် သူမ၏အလုပ်ပြီးသွားပြီဟု ထင်ခဲ့သော် လည်း နောက်ထပ်သေတ္တာတစ်လုံးရှိနေဦးမည်ဟု မထင်ခဲ့။ ဤအခိုက်အတန့်၌ သူမသည် ကြောက်လွန်းသဖြင့် တုပ်တုပ်မျှမလှုပ်ရဲခဲ့ချေ။
“မမကြီး.. ငွေကများလွန်းနေပြီ ညီမလေးမယူရဲဘူး…”
အောက်မှာရှိတဲ့ သေတ္တာကလည်း ရွှေတွေဆို ဘယ်လိုလုပ်မလဲ။
မြင်းလှည်းကျိုးသွားရင် ဘယ်လိုလုပ်မလဲ။
“ဘာတွေ ထိတ်ထိတ်ပျာပျာဖြစ်နေတာလဲ၊ သေတ္တာအကျိုးအပဲ့လေးတစ်လုံးပဲကို…” ရှဲ့ချောင်သည်အံကြိတ်ကာ ခန့်မှန်းရခက်သောမျက်နှာထားဖြင့် ပြောလေသည်။
“တူးမယ်!”
ရှဲ့ချောင်သည် ရှဲ့ရှီ၏ကျောထောက်နောက်ခံဖြစ်သည်။
သူမ၏ မမကြီးသည်ပင် ပျာပျာသလဲမဖြစ်သွားလျှင် သူမလည်း စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံမှုကို ထိန်းချုပ်နိုင်သည်။
ဒုတိယမြောက်သေတ္တာနားရှိ မြေကြီးများအား ရှင်းလင်းဖယ်ရှားရမည်ဖြစ်ကာ ၎င်းသည် အပမ်းမကြီးလှ။ ဤတစ်ကြိမ် ဖွင့်ကြည့်လိုက်ချိန်၌ ရွှေများမဟုတ်သော်လည်း… တန်ဖိုးကြီးပစ္စည်းတချို့ ဖြစ်နေလေသည်။
ပုလဲများ၊ မဟူရာကျောက်များ၊ ကျောက်စိမ်းဆွဲပြားများ၊ ကျောက်မျက်ရတနာများနှင့် အခြားရွှေထည်ပစ္စည်းများစွာပင်။ သိမ်မွေ့ပြီးလက်ရာမြောက်သော အမျိုးအစားများစွာစုံလင်လှသည်။
ပထမသေတ္တာကဲ့သို့ မလေးသော်လည်း ၎င်းသည် ပေါ့နေခြင်းမဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် အောက်ခြေ၌ အခြားသေတ္တာများမရှိတော့ချေ။
ပစ္စည်းကောင်းသေတ္တာနှစ်လုံးလုံးအား ထည့်ပြီးချိန်တွင် ညမိုးချုပ်နေလေပြီ။
မြင်းလှည်းပေါ်၌ လေးလံသည့်ပစ္စည်းများစွာရှိနေ၏။ မြင်းလှည်း၏ ကိုယ်ထည်နှင့် ကြိုးများပြတ်သွားမည်စိုး၍ ရှဲ့ချောင်နှင့် ရှဲ့ရှီတို့သည် မြင်းလှည်းပေါ်မှဆင်းကာ လမ်းလျှောက်ကြသည်။
မြို့ထဲသို့ တစ်လှမ်းချင်းစီလျှောက်ခဲ့ကြ၏။
ရှဲ့ရှီ၏ လက်များမှာ တုန်ယင်နေဆဲ။
သူမ၏ စိတ်သည် မလုံမလဲဖြစ်နေပြီး ဘယ်ပြန်ညာပြန်ကြည့်ကြည့်နေ၏။
“မမကြီး .. ဒီလောက်ပစ္စည်းတွေအများကြီးကို ဘယ်သူမြှုပ်ခဲ့တာလဲ.., ညီမလေးတို့တူးလိုက်ရင် တစ်ယောက်ယောက်က လာရှာမှာလား၊ သူတို့တွေ ညီမလေးတို့ကို ရှာတွေ့သွားရင် ဘယ်လိုလုပ်မလဲ ပြန်ပေးရမှာလား…”
ရှဲ့ရှီ၏ စိတ်ထဲ၌ မသက်မသာဖြစ်နေလေသည်။
ထို့အပြင် ၎င်းသည် ပွပေါက်တစ်ခုဖြစ်နေ၍ ရှဲ့ရှီအတွက် အထိတ်တလန့်ဖြစ်နေသည်က ပုံမှန်ပင်။
သူမသည် ဤအကြောင်းကိုဆက်တွေးနေလျှင် သူမ၏စရိုက်လက္ခဏာကိုပျက်စီးစေမည်စိုး၍ ရှဲ့ချောင်က စိတ်ရှည်ရှည်နှင့် ရှင်းပြလေသည်
“ဒါက ငါ့ရဲ့ဆုကြေး၊ အရင်တုန်းက လူတစ်ယောက်အတွက် အလုပ်လုပ်ပေးခဲ့ပြီးတော့ လူတွေရဲ့အသက်တွေအများကြီးကိုကယ်ပေးခဲ့ဖူးတယ်၊ ငါ့ကို ဆုချဖို့အတွက်ဆိုပြီး တစ်ဖက်လူက ဒီနေရာကိုညွှန်ပြပေးခဲ့တာ၊ ဘာမှစိတ်မပူနဲ့ ငွေတွေက ပိုင်ရှင်မရှိဘူး ယူသာယူလိုက်”
ဤငွေများအား မြှုပ်နှံထားသည်မှာ ကြာမြင့်နေလေပြီ။ ရှဲ့ချောင်သည်လည်း ရေတွက်ကြည့်ပြီးဖြစ်
ကာ အဆင်ပြေသည်။
ရှဲ့ရှီသည် သူမ၏မမကြီး ရှဲ့ချောင်ကိုယုံကြည်ဆဲ။
အစ်မဖြစ်သူ၏ စကားကိုကြားပြီးနောက် ဂရုတစိုက်ခေါင်းညိတ်လိုက်သည်။
“မမကြီး ဒီတလော အိမ်မှာမနေတာက ၊ တစ်ယောက်ယောက်အတွက် အလုပ်လုပ်ပေးနေလို့လား၊ ဒါပေမဲ့ မမကြီးရဲ့ကျန်းမာရေးက မကောင်းဘူးလေ၊ မမကြီးက လျှောက်သွားနေလို့မရဘူးဆိုပြီး အဖေက အစ်ကိုကြီးကိုပြောဖူးတယ် ကျန်းမာရေးကို ဂရုစိုက်မှပေါ့”
သူမကိုယ်သူမ မတော်တဆဖော်မိသွားသည်။
ရှဲ့ရှီသည် သူမအားအလွန်စိတ်ပူနေ၏။
သူမကို ကြည့်နေသည့်အကြည့်က အင်မတန်အပြစ်ကင်းလွန်းသဖြင့် လူအများအတွက် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
“အစ်ကိုကြီးကို ဒီအကြောင်းမပြောနဲ့၊ မဟုတ်ရင် ငွေတွေကိုသူယူသွားလိမ့်မယ်”
ရှဲ့ချောင်က ညွန်ကြားလိုက်၏။
ယခုအခါ သူမ၏ကျန်းမာရေးမှာ ပိုကောင်းလာပြီဖြစ်ရာ သူမသည် မော့ချူရှန်းဖြစ်ကြောင်း အစ်ကိုကြီးကိုပြောပြလိုက်လည်း ပြဿနာမရှိ။
သူမ၏အစ်ကိုကြီးသည် မည်မျှကြမ်းကြုတ်နေပါစေ သူမအဆင်ပြေရန်အတွက် သူမျှော်လင့်နေဆဲပင်။ယခုအခါ မကောင်းဆိုးဝါးဝိဉာဉ်များကို ဖမ်းဆီးခြင်းက သူမ၏ ခန္ဓာကိုယ်အားကုသနိုင်ကြောင်းသက်သေပြပြီးဖြစ်၍ ကျိန်းသေပေါက် ကန့်ကွက်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ပိုကြီးသည့်ပြဿနာမှာ…
သူမသည် အစ်ကိုကြီးအား အချိန်အကြာကြီးလိမ်ထားမိ၏။ ထိုမျှမက သူမသည် မော့ချူရှန်းဖြစ်နေချိန်တွင် အစ်ကိုကြီးက အထူးတလည်ယဉ်ကျေးရိုသေလေသည်။ သူမသာ တမင်သက်သက်
လိမ်ထားခြင်းမှန်းသိသွားလျှင် သူမ၏ခေါင်းအားဖြတ်ပစ်လိမ့်မည်မဟုတ်လော။
ရှဲ့ချောင် အနည်းငယ်ကြောက်မိသွားသည်။
မော့ချူရှန်းအား သူမအစ်ကိုကြီးမသိလျှင်တောင် ကောင်းဦးမည်။
“မမကြီးရဲ့ ခန္ဓာကိုယ်က တကယ်ရောအဆင်ပြေရဲ့လား”
ရှဲ့ရှီမှာဇွဲကောင်းနေဆဲ။
“ဒါပေါ့ ကြည့်ပါလား၊ ငါဒီနေ့ နင်နဲ့အပြင်ထွက်တယ် ၊ ကျင်းတူပြီး ရွှေချောင်းတွေတူးတယ်၊ လမ်းလည်းအဝေးကြီးလျှောက်သေး၊ အဆင်ပြေနေတုန်းပဲလေ၊ အရမ်းကျန်းမာနေတဲ့ပုံပေါ်တယ်ဟုတ်”
ရှဲ့ချောင်သည် တကယ်တမ်း၌ အနည်းငယ်ပင်ပန်းနေပြီဖြစ်သော်လည်း သူမကိုယ်သူမသက်သေပြနိုင်ရန် ကျောကိုမတ်ထားလေသည်။
••••••
အခန်း ၁၀၇၂။ ရှင့်အလုပ်မဟုတ်ဘူး
ရှဲ့ရှီသည် အယုံအကြည်မရှိသော်လည်း မမကြီး၏ အခြေနေမှာ အမှန်တကယ်ကောင်းမွန်နေသည်ဟု တွေးမိကာ အဆင်ပြေလောက်ပေသည်။
သူမ၏ အစ်ကိုကြီးနှင့်ယှဉ်လျှင် ရှဲ့ရှီသည် အစ်မဖြစ်သူကို ပို၍ယုံကြည်သဖြင့် လိမ်လိမ်မာမာနှင့် မမကြီး၏ သတင်းများအား မဖြန့်ရန်ဆုံးဖြတ်လိုက်သည်။
ညနေစောင်း၌ နှစ်ယောက်သား မြို့ထဲသို့ပြန်ရောက်လာကြ၏။
မြို့ထဲသို့ မြင်းလှည်းဖြင့်ဝင်မလာဘဲ လမ်းလျှောက်ဝင်လာခြင်းက အနည်းငယ်ထူးဆန်းနေသည်။
သို့သော် သူတို့သည်မိသားစုကြီးတစ်ခုမှ သခင်မလေးများမှန်း သိသာလှ၏။ မြို့တော်တံခါးရှိအစောင့်များအနေဖြင့် သူတို့အားစုံစမ်းစစ်မေးရန်မသင့်တော်ပေ။ မေးခွန်းနည်းနည်းလောက်သာ မေးမြန်းခဲ့၏။
သို့တိုင် မြို့ထဲသို့ခြေလှမ်းအနည်းငယ်လျှောက်ဝင်လာပြီးနောက် လူတစ်ဦးဆီမှ တားခြင်းကိုခံလိုက်ရသည်။
“သခင်မလေးရှဲ့”
မုန့်ကျိဖန်သည် အနာဂတ်ကြင်ယာတော်မင်းသမီးလောင်းအား ဤနေရာတွင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ရှဲ့ချောင်၌ မှတ်ဉာဏ်ကောင်းရှိ၏။ အနှီလူသည် တော်ဝင်ကြင်ယာတော်မုန့် ၏တူမှန်းသတိရသွားသည်။ တော်ဝင်ကျောင်းတော်တွင်ပြဿနာများစွာရှာခဲ့သူဆိုလည်းမမှား။ ဘာမှသုံးစားစရာမရှိသည့်သူပင်။
“ဘာကိစ္စရှိလို့ပါလဲ၊ သခင်လေးမုန့်”
ရှဲ့ချောင်က တဲ့တိုးဆန်ဆန်မေးလိုက်၏။ သူမ၏ မျက်နှာထက်၌ မည်သည့်အပိုအမူအရာမှ ရှိမနေချေ။
မုန့်ကျိဖန်၏ နှလုံးသားတုန်လှုပ်သွားရသည်။
ဘာဖြစ်တာလဲ။
သူသည် ဤသခင်မလေးအား မတွေ့ရသည်မှာကြာနေလေပြီ။ ယခုကဲ့သို့ တွေ့လိုက်ရသောအခါ တိုက်ဆိုင်သည်ဟုထင်မှတ်ပြီး နှုတ်ဆက်စကားဆိုရန်ရောက်လာရခြင်းဖြစ်၏။ ရှဲ့ချောင် ပြန်ပြုံးပြလောက်မည်ဟု ထင်ခဲ့သော်လည်း အေးစက်လွန်းနေသည်မှာ သူ့ဘက်က အကြွေးတင်နေမိသည်အလား။
“ကိစ္စမရှိရင် ရှဲ့သခင်မလေးနဲ့ စကားပြောလို့မရတော့ဘူးလား”
မုန့်ကျိဖန်သည် ရှဲ့ချောင်အား ဂရုတစိုက်ကြည့်၍ ဆိုလိုက်၏။
အချိန်များစွာကြာပြီးနောက် ရှဲ့ချောင်သည်ပို၍ပင်လှလာသည်။
သူတွေ့ဖူးသမျှထဲ၌ ရှဲ့ချောင်သည် အလှဆုံးသခင်မလေးတစ်ယောက်ဖြစ်ကြောင်း ဝန်ခံရလိမ့်မည်။
ထို့အပြင် သူမသည် အင်မတန်အရည်အချင်းရှိ၏။
ကံဆိုးစွာဖြင့် ထိုကဲ့သို့သောလူအား အိမ်ရှေ့စံမင်းသားယူသွားခဲ့လေပြီ။
“မရ.. လောက်ဘူး”
ရှဲ့ချောင်သည် မုန့်ကျိဖန်အပေါ်၌ ထင်မြင်ချက်ကောင်းမရှိပေ။
ဤလူသည် ချမ်းချမ်းသာသာဖြင့်မွေးလာကာ မျိုးရိုးမြင့်၏။ သူသည် အနည်းငယ်ကျီစယ်တတ်ကာ သူမနှင့်ပုံစံတူသည့်သူမျိုးမဟုတ်ပေ။
သူမ လေးစားအားကျရသည့်လူများမှာ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ တည်တည်ငြိမ်ငြိမ်နှင့် ရင့်ကျက်မှုရှိရမည်။ သူမအစ်ကိုကြီးကဲ့သို့လူမျိုး၊ ခက်ထန်ပြီး ကျိုးကြောင့်မသင့်သူတစ်ယောက်ဖြစ်နေလျှင်ပင် အရေးကြီးကိစ္စများကြုံလာသည့်အခါ ယောင်ချာချာမပြုမူကြပေ။
မုန့်ကျိဖန်ကမူ အရေးကြီးကိစ္စများကြုံလာသည့်အခါ ယောင်ချာချာလုပ်တတ်သည့်သူမျိုးဖြစ်၏။
စတုတ္ထမြောက်မင်းသားသည် မည်သည့်ရည်မှန်းချက်မှမရှိကြောင်း သိသာလှသည်။ တော်ဝင်ကိုယ်လုပ်တော်မုန့်သည်လည်း ရက်ရောသူတစ်ယောက်ဖြစ်၏။ သို့သော် မုန့်မိသားစုကမူ အထက်စီး
ဆန်၏။ မုန့်ကျိဖန်သည် အိမ်ရှေ့စံမင်းသားအား တွေ့ချိန်တွင်ပင် ရိုသေလေးစားခြင်းမရှိပေ။
သူမသည် စည်းဘောင်အပြင်သို့ဖောက်ထွက်မစဉ်းစားတတ်သူ၊ သူတို့စိတ်ဝင်စားသောအရာကိုသာ ဂရုစိုက်တတ်သူများကို သဘောမကျပေ။
မုန့်ကျိဖန်မှာ ရှဲ့ချောင်၏စကားများကို ကြားလိုက်ရသောအခါ မာနထိခိုက်သွားရသည်။
လွန်ခဲ့သောလပိုင်းလောက်က သူသည် ရှဲ့မိသားစု၏အချက်အလက်များကို မေးမြန်းစုံစမ်းခဲ့၏။
ရှဲ့သခင်မလေးသည် ကျန်းမာရေးပြန်ညံ့နေမှန်း သိထားသည်။ သူမသည် ပြန်လည်အားဖြည့်ရန်အတွက် အိမ်ကြီးတစ်အိမ်သို့သွားနေနေကာ ဘယ်သောအခါမှ ပေါ်လာခြင်းမရှိခဲ့ပေ။
သူစိတ်မပူမိဘဲ မနေနိုင်ချေ။
ဤသခင်မလေးသာ သေသွားလျှင် နှမြောစရာကောင်းသည်ဟု ထင်နေမိ၏။
ယနေ့ သူမအားခပ်လှမ်းလှမ်းမှမြင်လိုက်ရချိန်တွင် ပျော်သွားပြီး ချက်ချင်းလျှောက်လာခဲ့သည်။
သို့သော် သူသည် အေးတိအေးစက် ဆက်ဆံခံလိုက်ရကာ သူမဘက်က တစ်စက်ကလေးမှ ယဉ်ကျေးခြင်းမရှိခဲ့ပေ…
သူ့စိတ်မကြည်တော့သဖြင့် မသိစိတ်ကနေလွှတ်ခနဲပြောမိသွား၏။
“ရှဲ့သခင်မလေး ဘာလို့မြို့ထဲကို မြင်းလှည်းစီးပြီးဝင်မလာရတာလဲ၊ မြင်းလှည်းထဲမှာ တစ်ခုခုရှက်စရာကောင်းတာမျိုး ဖွက်ထားလို့လား”
ထို့သို့ပြောပြီးနောက် သူအနည်းငယ်နောင်တရသွားသည်။
သို့သော် နောက်ကျသွားလေပြီ။ သူ၏ သိက္ခာကြောင့်စကားကိုပြန်ရုတ်၍လည်းမဖြစ်။ ထို့ကြောင့် သူ၏ဘဝင်မြင့်နေသည့်ပုံစံကို
ဆက်ထိန်းထားပြီး သူမအားအေးတိအေးစက်ကြည့်လိုက်သည်။
ရှဲ့ချောင် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး
“ရှင့်အလုပ်မဟုတ်ဘူး”
“ဘာလို့မဟုတ်ရမှာလဲ”
မုန့်ကျိဖန်၏ အသံမှာအနည်းငယ်စိုးရိမ်ကြောင့်ကြဖြစ်နေဟန်ပင်။
“ဒါမှမဟုတ် ရှဲ့သခင်မလေးက မြို့ပြင်မှာတစ်ယောက်ယောက်ဆီကနေ အကျပ်ကိုင်တာခံရပြီး ဒီလှည်းထဲမှာ လူယုတ်မာတစ်ယောက်ယောက်ထိုင်နေတာများလား၊ ဒီမြင်းက အားသွန်ခွန်စိုက်
နဲ့လျှောက်နေတယ်ထင်တာပဲ၊ အထဲမှာ အလွတ်တော့မဖြစ်နိုင်ဘူး”
သူက ထိုသို့ပြောပြီးနောက် မြို့တံခါးရှိအစောင့်များကိုကြည့်ကာ
“မင်းတို့အကုန်သုံးစားမရကြဘူးလား၊ ဒီလိုဟာမျိုးသံသယဝင်စရာရှိတယ်ဆိုရင် ရှာကြည့်ရမှာပေါ့၊ သူခိုးတစ်ယောက် မြို့ထဲကိုခိုးဝင်လာပြီး လူတွေကိုထိခိုက်အောင်လုပ်လို့ကတော့ မင်းတို့တွေ ဒီကိစ္စအတွက် ဘယ်လိုတာဝန်ယူမလဲကြည့်ဦးမယ်!”
ရှဲ့ရှီသည် မုန့်ကျိဖန်အား သူမ၏ရွှေချောင်းများကို ခိုးသွားသူတစ်ယောက်ပမာ စူးစိုက်ကြည့်နေလေသည်။
•••••