← Chapters

ပရဟိတ အကူအညီ

Vol. 33 Ch. 321

ပရဟိတ အကူအညီ

Vol. 33 Ch. 321

ဤတစ်ကြိမ်တွင်တော့ ချန်ယွီ့ သူတို့ကို ဒွိဟဖြစ်အောင် မထားတော့ချေ။

အဆိုပါ အဘိုးကြီး၊ အဘွားကြီး နှစ်ဦးက အဘယ်ကြောင့် ထိုနေရာက ထွက်သွားဖို့ ငြင်းဆန်နေရလဲဆိုသည့် အကြောင်းအရင်းကို တိုက်ရိုက် မီးမောင်းထိုးပြလိုက်၏။

လွန်ခဲ့သော တစ်နှစ်ခန့်။

သားဖြစ်သူ ထွက်သွားခဲ့ပြီးနောက် လက်ထဲရှိသည့် ယွမ်နှစ်သန်းလုံးကလည်း သုံးဖြုန်းလို့ ကုန်သွားခဲ့လေပြီ။

တစ်နေ့ ၊ ပုဂ္ဂိလိက ပရဟိတ အဖွဲ့အစည်း တစ်ခုက သူတို့နှစ်ဦးကို လာရောက်တွေ့ဆုံခဲ့သည်။

တစ်ဖက်လူ ပြောသည်မှာတော့ နွမ်းပါးမှု ထောက်ပံ့ရေး အစီရင်ခံစာကြောင့် လာရောက်တွေ့ဆုံရခြင်းဖြစ်သည်ဟု ဆိုသည်။ သို့ပေမယ့် သူတို့နှစ်ဦးကတော့ ထိုသို့သော ဖောင်မျိုးကို ဘယ်တုန်းကမျှ မတင်ခဲ့မိကြောင်း ကိုယ့်ကိုယ်ကို နားလည်ကြသည်။

စစချင်းတုန်းကတော့ ဝန်ထမ်းဖြစ်သူကို မောင်းထုတ်ဖို့ စီစဉ်ထားခဲ့ကြသည်။ သို့ပေမယ့် နွမ်းပါးသည့် အိမ်ထောင်စုဖြစ်ကြောင်း မှတ်ပုံတင်လိုက်သည်နှင့် တစ်လလျှင် ထောက်ပံ့ကြေးငွေ ယွမ် ၆,၀၀၀ ရမည်ဆိုသည့် အကြောင်းကို သိရှိလိုက်ရ၏။

လောဘကြီးသည့် စုံတွဲက ချက်ချင်းဆိုသလို မကောင်းသည့် အတွေးများ ဝင်ရောက်လာခဲ့တော့သည်။

သူတို့၏ ဘဝကို မည်မျှ ခက်ခက်ခဲခဲ ပင်ပန်းဆင်းရဲစွာ ရှင်သန်နေရကြောင်း ၊ မွေးထားသည့် တစ်ဦးတည်းသော သားဖြစ်သူမှာလည်း မည်မျှ မသိတတ်သူ တစ်ဦးဖြစ်ကြောင်း ရင်ဘက်စည်တီး၍ ငိုကြွေးပြကြတော့၏။

အနှီ ထောက်ပံ့ကြေးငွေကို ရရှိဖို့အတွက် ၎င်းတို့နှစ်ဦးက လက်ထဲ ကျန်ရစ်သည့် ငွေနည်းနည်းလေးကို အသုံးပြုကာ ဆေးစာ အတုများလည်း ဝယ်ယူခဲ့ကြသေးသည်။

ယင်းက သူတို့နှစ်ဦးသည် လူကြီးရောဂါ အမျိုးမျိုးကို ခံစားနေရကြောင်း သက်သေပြပြီးသား ဖြစ်စေသည်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက်တွင် နှစ်ဦးမှာ အဖွဲ့အစည်း၏ ဆင်းရဲနွမ်းပါးသည့် သက်ကြီးအိမ်ထောင်စု အဖြစ် အောင်အောင်မြင်မြင်နှင့် မှတ်ပုံတင်သွားနိုင်ခဲ့လေသည်။

သို့သော်လည်းပဲ နွမ်းပါးမှု ထောက်ပံ့ကြေးငွေအတွက် ကန့်သတ်ထားသည့် အခြေအနေတစ်ချို့တော့ ရှိ၏။

နွမ်းပါးမှု‌ ထောက်ပံ့ကြေးဆိုသည်မျာ ဒေသထဲရှိ နွမ်းပါးပြီး အဆင်မပြေဖြစ်သည့် အိမ်ထောင်စုများအတွက်သာ အထူးတလှယ် ခွင့်ပြုထားခြင်းပင်။

သူတို့နှစ်ဦးက နေရာက ထွက်ခွာသွားသည်နှင့် ထောက်ပံ့ကြေးငွေကလည်း အလိုအလျောက် ဖျက်သိမ်းသွားမှာ ဖြစ်၏။

အကယ်၍ အချိန်အတိုင်းအတာ တစ်ခုလောက် ထွက်ခွာသွားဖို့ လိုအပ်သည်ဆိုပါက ထောက်ပံ့ရေးစာရွက်စာတမ်းများကို တင်ပြပေးဖို့ဆိုသည်။

အချုပ်အားဖြင့်ဆိုရသော် ၊ ထိုဖြစ်စဉ်က အင်မတန် အလုပ်များပြီး ရှုပ်ထွေးလှ၏။

ကြည့်ရှုသူများအားလုံး ဒေါသထွက်သွားခဲ့ကြသည်။

အဆိုပါ ပုဂ္ဂလိက အဖွဲ့အစည်းက အမှားအယွင်းတစ်ခုကို ပြုလုပ်ခဲ့မိလေပြီ။

သူတို့က အနှီ ကောက်ကျစ်သည့် လူအိုစုံတွဲကို နွမ်းပါးသည့် မိသားစုအဖြစ် အထင်လွဲခဲ့ကြခြင်းပင်။

ကာယကံရှင် ဖြစ်သည့် သူတို့နှစ်ယောက်ကတော့ နွမ်းပါးသူများအတွက် ရည်ရွယ်ထားသည့် ရန်ပုံငွေကို အပြစ်ရှိစိတ်လေးပင် မဖြစ်မိဘဲ ပြည်သူ့ဘဏ္ဍာငွေများကို အလွယ်သုံးစား ပြုလုပ်နေကြ၏။

ဤသို့သော လူများကို ‘လူ’ဟူ၍ပင် မခေါ်ဝေါ်သင့်တော့ပေ။

“ အားလုံးပဲ … ကျေးဇူးပြုပြီး စကားပြောဖို့ အလျင်မလိုကြပါနဲ့ဦး ….” ချန်ယွီ့ ပြုံးလျက် ညင်သာစွာ ဆိုလိုက်ပြီး “ မင်းတို့တွေ ထူးဆန်းတယ်လို့ မထင်မိဘူးလား …..”

“ တကယ်လို့ တစ်ယောက်ယောက်ကသာ ဆင်းရဲနွမ်းပါးမှု ထောက်ပံ့ကြေးဖောင်တင်ခဲ့ပြီး အချိန်အတော်ကြာတဲ့အထိ ဘာသတင်းမှ မကြားမရဘဲ စောင့်ဆိုင်းနေရမယ်ဆိုရင် အကျိုးအကြောင်း တစ်ခုခုတော့ မေးမြန်းလာမှာပဲ မဟုတ်လား …..”

ဤသည်ကိုကြားတော့ ကွန်းမန့်များ ဆက်တိုက်ပေးပို့နေကြသည့် ကြည့်ရှုသူများမှာ ကြက်သေသေသွားခဲ့ကြတော့သည်။

ဟုတ်တယ်လေ …

တကယ်လို့ ပရဟိတ အဖွဲ့အစည်းက အမှားလုပ်မိတယ်ဆိုရင်တောင် လျှောက်လွှာတင်ခဲ့တဲ့ အဲ့ဒီ မိသားစုကတော့ စစ်ဆေးဖို့ သိသင့်တယ်မဟုတ်ဘူးလား …

အဲ့တာဆို ကျိန်းသေပေါက် ဝန်ထမ်းတွေကို သူတို့တွေ လျှောက်လွှာတင်ခဲ့ပေမယ့် သူတို့အိမ်ကို ဘယ်သူမှ မရောက်လာတဲ့အကြောင်း မေးမြန်းကြမှာပဲလေ ….

“ သူတို့တွေ ၂ နှစ်ကျော်တောင် နွမ်းပါးမှု‌ ထောက်ပံ့ကြေးငွေ ရနေတာက ထူးဆန်းတယ်လို့ မထင်ဘူးလား ….”

ချန်ယွီ့က စခရင်နောက်ကွယ်ရှိ လူအိုစုံတွဲကို ကြည့်လိုက်သည်။

သူတို့နှစ်ဦးကတော့ လုံးဝ ထူးဆန်းသည်ဟု ခံစားရသည့်ပုံ မပေါ်ချေ။

နှစ်ဦးလုံးက လစဉ်လတိုင်း ယွမ် ၆ ထောင်ကို ပျော်ပျော်ရွှင်ရွှင်နှင့် သုံးဖြုန်းခဲ့ကြရာ သူတို့သုံးနေသည့် ငွေနှင့် စပ်လျဉ်း၍ ပြဿနာရှိမရှိ၊ အဘယ်ကြောင့် ခေါင်းရှုပ်ခံပြီး စဉ်းစားနေရမည်နည်း။

“ ဘာမှားနေလို့ …” ချန်ယွီ့၏ မေးခွန်းကို ကြားတော့ အဘိုးကြီးက ထူးဆန်းသည့် မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်၏။ “ ပိုက်ဆံက ဘာပြဿနာ ရှိနေလို့လဲ ….”

“ ဒါပေါ့ … ပြဿနာ ရှိနေတာပေါ့ …..”

“ ခင်များက ကိုယ့်သားကို လုံးဝ ဂရုမစိုက်ခဲ့ဘူးလေ ….” ချန်ယွီ့ အေးစက်စွာ ပြုံးလျက် “ သူ့ရဲ့ အရိုးတွေ ၊ ချဉ်စီတွေပါမကျန် စုပ်ထုတ်ဖို့အတွက် ခင်များ အရာအားလုံး လုပ်ခဲ့တယ် …..”

“ ဒါပေမယ့် ခင်များရဲ့ သားဖြစ်သူကတော့ လွန်ကျူးအောင် မလုပ်ခဲ့ဘူး ….”

“ အဲ့ဒီ ယွမ် ၆,၀၀၀ ဆိုတာ ပရဟိတ အဖွဲ့အစည်းက ပေးတဲ့ ထောက်ပံ့ကြေးငွေ မဟုတ်ဘူး … ခင်များတို့သား သူ့သူငယ်ချင်းကနေ တစ်ဆင့် လတိုင်းပုံမှန် ပေးနေတဲ့ အသုံးစားရိတ်တွေ ….”

ဤသည်ကိုကြားတော့ ကြည့်ရှုသူများမှာ ရှော့ခ်ရသွားခဲ့ကြတော့၏။

“ တောက် … အဲ့ဒီ ခွေးသူတောင်းစား … မိဘကို ကျေးဇူးကန်းတဲ့ သားမိုက် ….”

အမှန်တရားကိုလည်း သိသွားရော ၊ လင်မယားနှစ်ယောက်လုံးက ရှက်ရွံ့မသွားသည့်အပြင် ဒေါသတကြီးနှင့် ကျိန်ဆဲနေကြတော့သည်။

ကိုယ့်သားကိုယ် ‘မျိုးမစစ်’ ဖြစ်ရကောင်းလားဟု ဆဲဆိုနေကြတော့၏။

သူတို့ကို လစဉ်လတိုင်း ယွမ် ၆,၀၀၀ ပေးနိုင်နေသည်ဆိုတော့ သားဖြစ်သူက ကောင်းစားနေသည့် ဘဝတွင် နေထိုင်နေသည်မှာ ကျိန်းသေသည်။

သူကတော့ မိဘများကို မွေးရပ်မြေတွင် ချန်ထားခဲ့ပြီး ဘာကိုမျှ ဂရုမစိုက်ဘဲ ထွက်သွားခဲ့၏။

အကြွေးတွေပိ၍ ထွက်ပြေးသွားဟန်ဆောင်ပြီး အလုပ်သမား သရုပ်ဆောင်တစ်သိုက်ကိုလည်း ငှား၍ ငွေချေး လူမိုက်များအဖြစ် ဟန်ဆောင်ကာ သူတို့ကို နေ့တိုင်းနေ့ ခြောက်လန့်စေခဲ့သည်။

တွေးကြည့်ရုံမျှနှင့်ပင် အစိမ်းလိုက် ဝါးစားပစ်ချင်သည်အထိ ဒေါသထွက်ဖို့ကောင်း၏။

“ ဒီလို မသိတတ်တဲ့ သားမျိုး မွေးလာမယ်မှန်း သိရင် ဒင်းကို အစကတည်းက မမွေးခဲ့ဘူး … “ အဘိုးကြီးက ဒေါသတကြီးနှင့် တံတွေးထွေးလိုက်၏။

“ အဘိုးကြီး … ဒေါသထွက်ဖို့ မလောနဲ့ဦး ….”

အမယ်အိုကြီးက ခင်ပွန်းဖြစ်သူကို အကြည့်တစ်ချက် ပေးလိုက်ပြီး လေသံတိုးတိုးဖြင့် တစ်စုံတစ်ရာကို ပြောဆိုလိုက်သည်။

“ အင်း …” အဘိုးကြီးက ခေါင်းညိတ်လိုက်ပြီး စိတ်မရှည်သည့် လေသံဖြင့် “ ချန်ယွီ့ …. မင်း ငါတို့ကို မကောင်းပြောခဲ့တာတွေကို ခွင့်လွှတ်တယ် ….”

“ ဒါပေမယ့် အဲ့ မသိတတ်တဲ့သားမိုက် ဘယ်နေရာမှာ ရှိနေလဲဆိုတာတော့ ငါတို့ကို ချက်ချင်း ပြောပြရမယ် …”

လင်မယားနှစ်ယောက်လုံးက အကင်းပါးသည့် လူစားမျိုးများ ဖြစ်ကြ၏။

ချန်ယွီ့ ပြောပြမှုမှတစ်ဆင့် သူတို့သားက အခြားမြို့တစ်မြို့သို့ ထွက်ပြေးသွားပြီး တိုးတက် ကြီးပွားနေလောက်သည်။

တစ်လ ယွမ် ၆,၀၀၀ ၊ တစ်နှစ်ဆိုလျှင် ၇၂,၀၀၀ ။

၂ နှစ်ဆက်တိုက် ထောက်ပံ့ကြေးစားရိတ် ပေးခဲ့သည်က သူတို့သားသည် အလုပ်တစ်ခု ရှာတွေ့ရုံမျှမက ယခင်ကထက်ပင် ပိုပြိး ကောင်းစားနေခြင်း ဖြစ်နိုင်သည်။

သူတို့သားက ကောင်းကောင်းမွန်မွန် အသက်ရှင်နေသဖြင့် ယခင်က သားဖြစ်သူအတွက် အာမခံများ ဝယ်ယူခဲ့သည်ကလည်း အချည်းနှီး ဖြစ်သွားခဲ့လေပြီ။

သားဖြစ်သူကို ပြန်ရှာပြီး ဒရာမာ ဆက်ခင်းပြရမည်။

ဒင်း မျိုးမစစ်လေး၏ အားနည်းချက်ကို ကျစ်နေအောင် ဆုပ်ကိုင်ထားမှသာ သူတို့ကို ပိုက်ဆံမပေးဘဲ နေဝံ့မှာ မဟုတ်တော့ချေ။

ချန်ယွီ့က လိပ်စာမပြောပြမှာကို ကြောက်ရွံ့သည့်အတွက် အဘွားကြီးက ဆက်ပြီး ခြိမ်းခြောက်လာသည်။

“ ချန်ယွီ့ … ဒီမှာ လူတွေအများကြီး စောင့်ကြည့်နေတာနော် … မင်း လိမ်ရင် သူများတွေ ဝေဖန်ကြမှာကို ကြပ်ကြပ်သတိထား …”

“ ဟားဟား ….”

“ ဆရာဝန် တစ်ယောက်အနေနဲ့ ….” ချန်ယွီ့ ပြုံးလျက် “ လူနာတစ်ယောက်ကို ညာလို့ ဘယ်ဖြစ်မှာ ….”

“ ခင်များတို့ရဲ့သားက လက်ရှိ တောင်ပိုင်းမှာ ရှိတယ် ….”

“ တောင်ပိုင်း ဘယ်နေရာမှာလဲ …..”

အဘိုးကြီးက အလျင်စလိုနှင့် လိပ်စာတိတိကျကျကို မေးမြန်းလိုက်သည်။

“ ကျုပ်က ဒီတိုင်း သာမန် စိတ်ကျန်းမာရေး ဆရာဝန်ပါ …. သီးသန့် စုံထောက်လည်း မဟုတ်သလို ဒိဗ္ဗစက္ခုရထားတဲ့လူလည်း မဟုတ်ဘူး …”

“ ခင်များ အဲ့လို မေးလာတာကျ … နည်းနည်း ခက်ခဲသွားပြီ ….”

ချန်ယွီ့ ထိုင်နေသည့် ကိုယ်ဟန်ကို ပြောင်းလဲလိုက်ပြီး နှစ်ဦးကို ကျီစယ်စွာ ကြည့်လိုက်၏။

“ မင်းညာနေတာ …. အဲ့မျိုးမစစ် ဘယ်မှာနေလဲ မင်း သိတယ် …”

သားဖြစ်သူကို ဆက်လက် ဂုတ်သွေးစုပ်နိုင်ရေးအတွက် စုံတွဲ၏ အမူအရာမှာ ပို၍ပို၍ ရုန့်ရင်းကြမ်းတမ်းလာပြီး ချန်ယွီ့ကို အရှင်လတ်လတ် ဝါးမျိုချင်နေသည့်ပုံစံများ ဖြစ်လာခဲ့ကြသည်။

“ ကျုပ် ပြောပြီးပြီလေ ….” ချန်ယွီ့ သာမန်လျှံကာလေသံဖြင့် “ ကျုပ်က ဒီတိုင်း သာမန် စိတ်ကျန်းမာရေးဆရာဝန် တစ်ဦးပဲ … အရာရာသိမြင်နေတဲ့ နတ်ဘုရားမဟုတ်ဘူး ….”

“ ဟမ့် ….”

ချန်ယွီ့ မပြောလိုသည်ကို မြင်တော့ အဘိုးကြီးက အေးစက်စွာ နှာမှုတ်လိုက်၏။ “ မင်းကိုယ်မင်း သိပ်ဟုတ်လှပြီ ထင်မနေနဲ့ … မင်း မပြောဘူးဆိုရင်တောင် ငါတို့နည်း ငါတို့ဟန်နဲ့ ရှာလို့ရတယ် …..”

“ ငါတို့ အာဏာပိုင်တွေဆီသွားပြီး တိုင်ချက်သွားဖွင့်မယ် ….”

“ သူတို့ ငါတို့သားကို ကူပြီး မရှာပေးဘူးဆိုတာ ငါ မယုံဘူး ……”

“ ဒါဆိုလည်း …. ကျေးဇူးပြုပြီး ….” ချန်ယွီ့ လက်တစ်ဖက်ကို ဆန့်တန်း၍ လိုက်ပို့သည့် လက်ဟန်အမူအရာကို ပြုလုပ်လိုက်သည်။

နှစ်ယောက်မှာ ဒေါသထွက်လွန်း၍ နှစ်ပြားမတန်အောင် ကျိန်ဆဲသွားခဲ့ကြပြီ ခေါ်ဆိုမှုကို အဆုံးသတ်လိုက်ကြသည်။

ကြည့်ရှုသူများထံမှ ကွန်းမန့်များက ၎င်းတို့ ထွက်သွားပြီးနောက်တွင် အများအပြား ရောက်ရှိလာသည်။

[ဒေါက်တာချန် …. သူတို့ တကယ်ပဲ ရဲတွေကို အကူအညီ သွားတောင်းကြတော့မှာလား ]

[ သူတို့သာ ပြန်ရှာတွေ့သွားခဲ့ရင် သားဖြစ်သူက အရင်အတိုင်း ငရဲလို ဘဝမျိုးကို ပြန်ရောက်သွားတော့မှာ မဟုတ်လား ]

[ အပေါ်ကညီကို … မင်းမေးတဲ့ မေးခွန်းလေသံဟန်ပန်ကို နားထောင်ကြည့်တာနဲ့ ဒေါက်တာချန်ရဲ့ ပရိသတ်ဖြစ်တာ မကြာသေးတဲ့လူဆိုတာ ပြောလို့ရတယ် … ဒေါက်တာချန်က လူဆိုးတွေကို ကူညီပေးရိုး ထုံးစံ ရှိလို့လားကွ … ]

[ အမှန်ပဲ …. ဒါပေမယ့် အဲ့ လင်မယားနှစ်ယောက်ရဲ့ သရုပ်ဆောင် အရည်အချင်းတွေက တကယ့်ကို အံ့မခန်းတွေ …. ရဲတွေပါ လှည့်ဖျားခံလိုက်ရရင် ဘယ်လိုလုပ်မှာ … ]

ထိုနှစ်ယောက်က ငယ်ငယ်တုန်းကတည်းကစပြီး မကောင်းမှုမျိုးစုံကို ပြုလုပ်ခဲ့ကြသူများ ဖြစ်သည်။

လူမိုက်များ ငှား၍ပင် နွမ်းပါးသည့် ကျောင်းသားမိဘများကို ခြိမ်းခြောက်ခဲ့ကြသေး၏။

ယင်းတစ်ချက်တည်းကပင် ၎င်းတို့ကို အချုပ်ထဲ ရက်သတ္တပတ် အနည်းငယ်စာလောက် အိပ်ခန်းထားဖို့ လုံလောက်လေသည်။

“ သူတို့တွေ အာဏာပိုင်တွေနားသွားပြီး အကူအညီ တောင်းကြမှာ မှန်တယ် ….” ချန်ယွီ့က ကွန်းမန့်များကို ကြည့်၍ ပြောလိုက်ပြီး “ ဒါပေမယ့် အာဏာပိုင်တွေဘက်က အကူအညီ ပေးမှာတော့ မဟုတ်ဘူး ….”

“ ဒီနေ့ လိုက်စထွင်း ဖြစ်ရပ်က သိပ်မကြာခင်မှာပဲ သူတို့ ဧရိယာတစ်ဝိုက်ကို ပျံ့နှံ့သွားလိမ့်မယ် …..”

“ လူတိုင်းကလည်း သူတို့ ဘယ်လိုလုပ်ရပ်တွေ လုပ်ခဲ့ကြတယ်ဆိုတာ သိသွားကြလိမ့်မယ် …..”

“ တကယ်လို့ နှစ်ယောက်ရဲ့ အသက်ကသာ ၇၀ ကျော် မနေဘူးဆိုရင် ရဲစခန်းထဲ ဝင်ပြီးတာနဲ့ ပြန်ထွက်နိုင်မှာတောင် မဟုတ်လောက်ဘူး …..”

“ အဲ့လိုဆိုရင်တောင် အဲ့လင်မယားနှစ်ယောက်မှာ ကောင်းတဲ့ အဆုံးသတ်တော့ ရှိမှာမဟုတ်ဘူး ….”

“ ဒီ လိုက်စထွင်း ကြည့်ပြီးတာနဲ့ သူတို့သားဖြစ်သူက သူတို့ရဲ့ လစဉ် အသုံးစားရိတ်ကို ဖြတ်တောက်လိုက်လိမ့်မယ် …”

“ နောက်ပြီးတော့ ……… “

စကားကို ခေတ္တရပ်နားပြီးနောက် ချန်ယွီ့ ပြောလိုက်သည်။ “ ဂရုစိုက်ပေးတတ်ကြတဲ့ အင်တာနက် သုံးစွဲသူ တော်တော်များများကလည်း သူတို့ လက်ရှိ နေနေတဲ့ နေရာကို ရောက်လာကြလိမ့်မယ် …”

All Chapters