← Chapters

သူ့ရဲ့ ကယ်တင်ရှင်

Vol. 33 Ch. 322

သူ့ရဲ့ ကယ်တင်ရှင်

Vol. 33 Ch. 322

ဤစကားကြားတော့ ကြည့်ရှုသူများ ဝါးလုံးကွဲ ရယ်မောသွားကြတော့သည်။

သူတို့တွေက ချန်ယွီ့ ပြောချင်တဲ့ ဂရုစိုက်ပေးတတ်တဲ့ အင်တာနက် သုံးစွဲသူတွေပဲ မဟုတ်ဘူးလား ….

ဘယ်လို ဂရုစိုက်ပေးရမလဲ ဆိုရင်တော့ ….

ကြက်ဥပုပ်နဲ့ဆိုရင်ကော အဆင်ပြေမလား ….

ပြတင်းပေါက်တွေကို မှန်အသစ် လဲဖို့ ကူညီပေးလိုက်တာကလည်း ဂရုစိုက်ပေးခြင်း တစ်မျိုးပဲလေ … ဟုတ်တယ်နော် …

“ လူတိုင်းက သူတို့နှစ်ယောက်ရဲ့ သားဖြစ်သူ ဘယ်မှာ ရှိနေလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အတော်လေး စိုးရိမ်ပူပန်နေကြမယ်ဆိုတာ ငါ နားလည်တယ် … လူတိုင်းကို ရှင်းရှင်းလင်းလင်း ပြောထားချင်တာက … အခု သူတို့သား အဆင်ပြေပြေရှိနေတယ် … အဲ့လင်မယားနှစ်ယောက် သူ့ကို တစ်သက်လုံးရှာရင်တောင် တွေ့မှာ မဟုတ်ဘူး ….”

လူအိုစုံတွဲ၏ သားဖြစ်သူ အခြေအနေနှင့် ပတ်သက်၍ ရှင်းပြပေးပြီးနောက် ချန်ယွီ့က နောက်လူနာတစ်ဦးကို ဖိတ်မန္တက ပြုလိုက်၏။

စခရင်၏ ညာဘက်ထောင့်စွန်းတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

နောက်ခံမြင်ကွင်းက ရှေးဟောင်းပစ္စည်းများ သိုလှောင်ရာ အခန်းတစ်ခန်းတွင် ရှိနေကြောင်းကို ညွှန်ပြနေလျက် ရှိသည်။

အသက်လေးဆယ် အရွယ်ရှိမည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ထိုင်ခုံပေါ် ထိုင်နေပြီး ၎င်းနံဘေးတွင်တော့ တမူထူးခြားစွာ ထုဆစ်ဖန်တီးထားသည့် သစ်သားစားပွဲတစ်လုံး ရှိနေသည်။

အနှီ စားပွဲပေါ်တွင် ကြွေထည်ပန်းအိုး တစ်လုံးကို တင်ထားသည်။

နောက်ကျောဘက်ရှိ စင်ထက်တွင်လည်း ကြွေထည်စဉ့်အိုးများ၊ ကျောက်စိမ်းအလှတန်ဆာပစ္စည်းများကို သူ့အကန့်နှင့်သူ သေချာ သပ်သပ်ရပ်ရပ် စီထား၏။

သက်လတ်ပိုင်း အမျိုးသား၏ အွန်လိုင်းနာမည်က ‘ဘော့စ်မေ့’ ဖြစ်ပြီး ရက်ရက်ရောရောပဲ ကာနီဗယ် လက်ဆောင် ဆယ်ခုကို မုန့်ဖိုးပေးလာခဲ့၏။

“ လက်ဆောင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် သူဌေးမေ့ ….”

“ ကျုပ် ဘာများ ကူညီပေးရမလဲ ….” ချန်ယွီ့ ညင်သာနူးညံ့စွာ ပြုံးလျက် မေးလိုက်သည်။

“ ဒေါက်တာချန် … ငါ အခု သိပ်ပျော်နေတယ်ကွာ …..”

“ ငါ အစောပိုင်းလေးတင်ပဲ ရှေးဟောင်းပစ္စည်းတစ်ခု ရထားတယ် … ဒီရဲ့ ကာနီဗယ်လက်ဆောင် ဆယ်ခုဆိုတာ မင်းအပေါ် ငါ့ရဲ့ လေးစားရိုသေမှုကို ပြလိုက်တာပဲ … ကျေးဇူးပြုပြီး ဒီရဲ့ ကြွေပန်းအိုးက ‘ရူယောင်ပန်းအိုး’လားဆိုတာ တစ်ချက် ကြည့်ပေးစမ်းပါ ….”

ဘော့စ်မေ့က ရွှင်လန်းတက်ကြွနေသည့် လေသံဖြင့် ပြောဆိုလိုက်သည်။

[ ညီကိုတို့ …. တစ်ယောက်လောက် ငါ့ကို ရှင်းပြကြစမ်းပါ … ဒါက စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးခန်းလား … ဒါမှမဟုတ် သုတစုံလင် ရသအစီအစဉ်လား … ]

[ ငါတော့ စိုးရိမ်စိတ်ဖိစီးမှု လျှော့ချပေးတဲ့ အခန်းလို့ ပြောရင် ပိုမှန်မယ်လို့ ထင်တယ် …]

[ ဂုဏ်ပြုပါတယ် ဒေါက်တာချန် ဟားဟား …. ဒေါက်တာချန်တို့ကတော့ စီးပွားရေး ထပ်သောင်းကြမ်းပြန်တော့မယ်ဟေ့ …. ]

[ ဟားဟား … ဟုတ်တယ် ဟုတ်တယ် …. စိတ်ကျန်းမာရေး ချို့တဲ့တဲ့ လူနာတွေကို ကုသပေးတာကနေ အွန်လိုင်း လူသတ်မှု ဖြေရှင်းရေး ၊ မိသားစု အငြင်းပွား ပြဿနာ ရင်ကြားစေ့ပေးရေး ၊ ကလေးပျောက် ရှာဖွေပေးရေး၊ အခုဆို ရှေးဟောင်းပစ္စည်း ဟုတ်မဟုတ် ဆိုတဲ့ ရာဖြတ်အထိတောင် ရောက်လာနေပြီ … ]

[ ပြောခါမှ ရူယောင်ပန်းအိုးဆိုတာ တကယ်ရဖို့ မလိုတဲ့ ပစ္စည်းပဲ …. ]

[ ဒီဘဲကြီးရဲ့ နောက်ခံမြင်ကွင်းကို ကြည့်ရတာတော့ ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ ဆိုင်ရှင် ဖြစ်ပုံမရဘူး … စုဆောင်းတဲ့သူ တစ်ဦး ဖြစ်ဖို့ များတယ် … ]

[ တကယ်လို့ သူ့လက်ထဲက ရူယောင်ပန်းအိုးသာ အစစ်ဆိုရင် ငါ ကင်းမြီးကောက်ထောင်ပြီး ခေါင်းလျှော်ပြမယ်ကွာ … ]

သူ့ကိုယ်သူ ရှေးဟောင်းပစ္စည်း မြတ်နိုးသူဟု ခေါင်းစဉ်တပ်ထားသည့် ကြည့်ရှုသူ တစ်ဦးက အဆိုပါ ရူယောင် ပန်းအိုးသည် ကျိန်းသေပေါက် အတုဖြစ်ကြောင်း အတပ်သေချာစွာ ဆိုလိုက်၏။

သူပြောသည်ကလည်း မှားတော့ မမှားပေ။ မျိုးဆက်တွေ တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့်ကမ်း ထိန်းသိမ်းလာကြသည့် ရူယောင်ပန်းအိုးများက အလုံး ၁၀၀ ပင် မကျန်တော့ချေ။

ရှစ်ဆယ်ရာခိုင်နှုန်းကျော်လောက်ကို ပြည်တွင်းရှိ ပြတိုက်အသီးသီးတွင် အဖိုးတန် အမွေအနှစ်များအဖြစ် စုဆောင်းသိမ်းဆည်းထား၏။

ဈေးကွက်ထဲတွင် ရူယောင်ပန်းအိုးဟု အမည်တွင်နေသည့် ပန်းအိုးတော်တော်များများ ရှိနေနိုင်သော်လည်းပဲ ၎င်းတို့အားလုံးက အတုဖြစ်ဖို့ များသည်။

အများစုက ချင်မင်းဆက် ပန်းအိုးများကို တုပထားကြတာ ဖြစ်၏။

ရူယောင်ပန်းအိုး အစစ်တစ်လုံးကို ရနိုင်ချေက ပထမဆုလဒ် ထီဆုကြီး ပေါ်ဖို့ထက်ပင် ဖြစ်နိုင်ချေရာနှုန်းက အင်မတန် နည်းနေသည်။

ဘော့စ်မေ့က ခပ်ဖျော့ဖျော့ ပြုံးလျက် “ ဒီရဲ့ ကြည့်ရှုသူ ပြောတာ မမှားဘူး ….. ရူယောင်ပန်းအိုး အစစ်တွေက ဘယ်လောက်မှ မကျန်တော့ဘူး …. အစစ်တစ်လုံး ရနိုင်ချေက အင်မတန် နည်းတယ် ….”

“ တကယ်တမ်းက ငါလည်း ဒီတိုင်း ကံစမ်းကြည့်လိုက်ရုံပါပဲ … ယွမ်သုံးသောင်း သုံးပြီး သူများဆီက ပြန်ဝယ်ထားတာလေ ….”

“ ဟူယွီ ပလတ်ဖောင်းမှာ ရှေးဟောင်းပစ္စည်း ကျွမ်းကျင်သူတစ်ချို့ကို ဒီပန်းအိုး အကဲဖြတ်ပေးဖို့ ကြေညာတော့မလို့ပဲ ….”

“ တစ်ချိန်တည်းမှာ ဒေါက်တာချန်လည်း လိုက်စထွင်းလွှင့်လာမယ်လို့ ဘယ်ထင်ထားမှာ …. ဒေါက်တာချန်နဲ့ အခုလို စကားပြောခွင့် ရဖို့ဆို ပိုလို့တောင် မထင်ထားသေး ……”

“ ငါလည်း ဒေါက်တာချန်ရဲ့ ပရိသတ်တစ်ဦးပဲ …. ဒေါက်တာချန်ရဲ့ အရည်အချင်းတွေက အဲ့ဒီ ရှေးဟောင်းပစ္စည်းရာဖြတ်တွေထက် အများကြီး ကျွမ်းကျင်မယ်ဆိုတာ ယုံကြည်တယ် …..”

ဘော့စ်မေ့က ရူယောင်ပန်းအိုး၏ ဇစ်မြစ်အကြောင်း ရှင်းပြရင်း ချန်ယွီ့ကိုလည်း ဆက်တိုက် ချီးမွမ်းသွားခဲ့သည်။

ထိုသို့ ပြောဆိုပြီးနောက် ဘော့စ်မေ့က ပြုံးလိုက်ပြီး “ ဒေါက်တာချန် … စည်းမျဉ်းတွေကို ငါ နားလည်တယ် …. ချက်ချင်းပဲ ယွမ်တစ်သောင်းလွှဲလိုက်မယ်…..”

“ ဒီ ရူယောင်ပန်းအိုးက အတုလား အစစ်လား တစ်ချက် ကြည့်ပေးစမ်းပါ ….”

“ တကယ်လို့ အတု ဖြစ်နေရင် ခဏနေကျရင် ရောင်းတဲ့လူဆီ သွားပြန်ပေးလိုက်တော့မယ် …..”

“ ရူယောင်ပန်းအိုးက အတုပဲ ….” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ဖြေဆိုလိုက်ပြီး “ ဒါပေမယ့် ခင်များအတွက်ကတော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပဲ ….”

“ ငါ့အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု ဟုတ်လား ….”

ဘော့စ်မေ့မှာ ဇဝေဇဝါ ဖြစ်သွားခဲ့တော့သည်။

ယွမ်သုံးသောင်းက သူ့အတွက် မပြောပလောက်သည့် ငွေပမာဏလေး ဖြစ်၏။

ပစ္စည်းက အတုဖြစ်နိုင်ကြောင်းကို စိတ်ပိုင်းဆိုင်ရာအရ အကောင်းဆုံး ပြင်ဆင်ထားပြီးလေပြီ။ သို့သော်လည်းပဲ ချန်ယွီ့က ရူယောင်ပန်းအိုး၏ စစ်မှန်မှုအကြောင်း ပြောဆိုပြီးနောက် ယခုလို စကားမျိုး ပြောလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

“ အမှန်ပဲ …. ခင်များအတွက် အဓိပ္ပာယ်တွေ အများကြီးရှိတယ် …..”

“ အဲ့တာရဲ့ အရေးပါမှုကို သိသွားတာနဲ့ …..” ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလျက် “ ဘယ်သူတွေ ပိုက်ဆံ ဘယ်လောက်ပဲ ကမ်းလှမ်းပါစေ ၊ ခင်များ ရောင်းတော့မှာ မဟုတ်ဘူး ….”

“ အို … ဒါက ငါ့အတွက် ဘယ်လိုတွေများ အရေးပါနေလို့ …..”

ဘော့စ်မေ့က ပျော်ပျော်ရွှင်ရွှင်ပဲ ချန်ယွီ့ထံသို့ ယွမ်တစ်သောင်းလွှဲပေးလိုက်သည်။

“ သူက ခင်များရဲ့ ကယ်တင်ရှင်ပဲ ….၊ အဓိပ္ပာယ်ရှိတယ်လို့ မထင်ဘူးလား …..”

ချန်ယွီ့ စကားလုံးများက မင်သက်ဖွယ်ရာ ကောင်းလွန်းလှသည်။

“ ဘယ်လို …၊ ကယ်တင်ရှင် ဟုတ်လား …..”

ဘော့စ်မေ့မှာ ထိုင်နေရာမှ ရုတ်ချည်း ထရပ်မိသွားခဲ့၏။

လာနောက်နေတာလား ….

တုပထားတဲ့ ပစ္စည်းတစ်ခုက သူ့အတွက် ဘယ်လိုလုပ်ပြီး ကယ်တင်ရှင် ဖြစ်နိုင်မှာလဲ ….

“ အမှန်ဆို ခင်များ ဒီညနေမှာ ဆေးရုံသွားပြီး ခွဲစိတ်မှု လုပ်ဖို့ ရှိတယ်မလား ….” ချန်ယွီ့ ပြောလိုက်ပြီး “ ဒါပေမယ့် နောက်ဆုံး မိနစ်လေးမှာ တစ်စုံတစ်ယောက်က ခင်များရဲ့ဆိုင်ကို ရောက်လာပြီး ရူယောင်ပန်းအိုးလို့‌ ခေါ်တဲ့ ကြွေပန်းအိုး တစ်လုံးကို လာရောင်းတယ် ….”

“ ရူယောင်ပန်းအိုးအကြောင်း ခင်များ အများကြီး ကြားဖူးတယ် … ဒီလိုနဲ့ ခွဲစိတ်ဖို့ ကိစ္စကို မနက်ဖြန်အထိ ရွေ့ဆိုင်းလိုက်တယ် …..”

“ နောက်ဆုံး မိနစ်မှာ ခင်များရဲ့ အစီအစဉ်တွေကို ပြောင်းလဲပြီး ပစ္စည်းလက်ခံဖို့ ခင်များရဲ့ ဆိုင်ကို အပြေးလွှားသွားခဲ့တယ် …..”

“ အင်း … အဲ့လိုဖြစ်ခဲ့တာပဲ ….”

ဘော့စ်မေ့က ချန်ယွီ့စကားကို အသိအမှတ်ပြုစွာနှင့် ခေါင်းညိတ်လိုက်သည်။

တကယ်လည်း ဒီညနေခင်းတုန်းက ခွဲစိတ်မှုလုပ်ဖို့ ရှိခဲ့တာ ဖြစ်၏။

ရူယောင်ပန်းအိုး ထွက်ပေါ်လာခဲ့မှုကြောင့် နောက်ဆုံးမိနစ် အပိုင်းအခြားလေးမှာပဲ သူ့အစီအစဉ်များ ပြောင်းလဲသွားခဲ့ရလေသည်။

ချန်ယွီ့စကားကို ဖြေဆိုပြီးနောက် ဘော့စ်မေ့ ရင်တစ်ချက် ထိတ်သွားခဲ့တော့၏။

တကယ်လို့ ရူယောင်ပန်းအိုးက အစစ်ဟုတ်မဟုတ် သိချင်စိတ်ပြင်းပြတဲ့ သူ့ရဲ့စူးစမ်းချင်စိတ်ကြောင့်သာ မဟုတ်ရင် ဘော့စ်မေ့က ဆေးရုံကို တန်းတန်းမတ်မတ်သွားပြီး ခွဲစိတ်မှု ပြုလုပ်ခဲ့လောက်တယ် …

တကယ်လို့ ခွဲစိတ်နေတဲ့အချိန် ဆေးမတော်တဆမှု ဖြစ်သွားခဲ့မယ်ဆိုရင် အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အခြေအနေပဲ မဟုတ်လား ….

ဘော့စ်မေ့ ရှော့ခ်ရနေစဉ်မှာပဲ ကြည့်ရှုသူများကတော့ သူတို့အချင်းချင်း ဆွေးနွေးနေကြတော့၏။

သူတို့လည်း ဘော့စ်မေ့နည်းတူ စဉ်းစားနေမိကြပြီး ခွဲစိတ်နေစဉ်အတောအတွင်း အသက်အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရဖို့ များသည်။

ခွဲစိတ်မှု ပြုနေစဉ်အတွင်း ဆေးမတော်တဆမှု ဖြစ်တာပဲ ဖြစ်ဖြစ်၊ မဟုတ်လည်း အခြေအနေတွေ ပြင်းထန်လာတာပဲဖြစ်ဖြစ် ၊ ထိုသို့ ဖြစ်လာခဲ့မည်ဆိုပါက ခွဲစိတ်မှုမှာ အောင်မြင်မှာ မဟုတ်တော့ချေ။

“ သောက်ခွေးပဲ အဲ့ဒီ နိုင်ငံတကာ အထွေထွေဆေးရုံ …..”

“ အူအတက် ခွဲစိတ်တာလေးတောင် ဘယ်လိုလုပ်ပြီး ဆေးမတော်ဆမှု ဖြစ်နိုင်ရတာလဲ ….”

ဘော့စ်မေ့က ဒေါသထွက်ထွက်နှင့် စားပွဲကို ဗြောင်းခနဲ ရိုက်ချလိုက်သည်။

သူ လုပ်မည့် ခွဲစိတ်မှုက အရိုးရှင်းဆုံးဖြစ်သည့် အူအတက် ခွဲစိတ်မှုလေးပင်။ ဘာမျှ ခက်ခဲသည့် ခွဲစိတ်မှုလည်း မဟုတ်ပေ။

‘ အဲ့လိုခွဲစိတ်မှုလေးကိုတောင် ဆေးမတော်တဆမှု ဖြစ်နေမယ်ဆိုရင် ကျွမ်းကျင်သူတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတကာ အထွေထွေ ဆေးရုံကြီးဆိုပြီး ဘယ်ပါးစပ်နဲ့ ပြောဝံ့နေကြတာ …’

‘ ဒင်းတို့ရဲ့ အရည်အချင်းက ကောင်တီက ဆရာဝန်လေးတွေလောက်တောင် အရည်အချင်း ရှိကြမှာ မဟုတ်လောက်ဘူး …’

ကံကောင်းစွာဖြင့် ခွဲစိတ်မှုကို ရူယောင်ပန်းအိုးကြောင့် ရွေ့ဆိုင်းလိုက်၍ပင်။

ဤသို့စဉ်းစားကြည့်လိုက်မည်ဆိုပါက ရူယောင်ပန်းအိုးအတုက တကယ်လည်း သူ၏ အသက်သခင် ကျေးဇူးရှင် ဖြစ်လာလေသည်။

“ ဒီရဲ့လူနာ …. ကျေးဇူးပြုပြီး အရင်ဆုံး စိတ်ငြိမ်ငြိမ်ထားပါ ….”

“ ခင်များ ကြုံတွေ့ရတော့မယ့် အသက်အန္တရာယ်ရှိတဲ့ အခြေအနေက ခွဲစိတ်မှုနဲ့ ဘာမှ မဆိုင်ဘူး ….”

“ အဓိက အကြောင်းအရင်းက ခင်များပဲ ...”

ချန်ယွီ့ လက်မောင်းပိုက်လျက် မေးမြန်းလိုက်၏။ “ ခွဲစိတ်မှု မလုပ်ခင် ခင်များ မလုပ်သင့်တာ တစ်ခုခုကို လုပ်ခဲ့တယ်မဟုတ်လား ….”

“ မဟုတ်ဘူး … ငါ ဘာမှ မလုပ်ခဲ့ဘူး ….”

ဘော့စ်မေ့ တွေးတောကြည့်လိုက်ပြီး သူ့ဘက်ခြမ်းက ဘာပြဿနာမှ မရှိဟု ခံစားလိုက်ရ၏။ မနေနိုင်ဘဲ နှုတ်က လွှတ်ခနဲ ထုတ်မေးမိသွားခဲ့လေသည်။ “ နိုင်ငံတကာ အထွေထွေဆေးရုံနဲ့ ဒီညနေ အူအတက် ခွဲစိတ်မှု လုပ်မယ်ဆိုပြီး ချိန်းထားခဲ့တာ ….”

“ မနေ့တုန်းက စောစောအိပ်ပြီး မနက်ရောက်တော့လည်း စောစောထတယ် …”

“ ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း တစ်သွေမတိမ်း လိုက်နာခဲ့တာပဲ ….”

“ အိုးဟုတ်သား … ငါ့မှာ အရက်သောက်တဲ့ အလေ့အကျင့်တောင် မရှိဘူး ….”

“ ဘောလုံး ကစားရတာ နှစ်သက်တယ် … ကျန်းမာရေးလိုက်စားရတာ နှစ်သက်တဲ့လူစားမျိုးပဲ ….”

ဘောလုံးကန်ရတာ နှစ်သက်သည့် ဘော့စ်မေ့က ခွဲစိတ်မှုအပေါ် သက်ရောက်နိုင်စွမ်းရှိသည့် အရာအားလုံးကို အသက်တစ်ရှိုက်စာအတွင်း ပြောပြသွားခဲ့သည်။

“ ခင်များ ပြောသွားတာ များလွန်းနေပြီ ….” ဘော့စ်မေ့ စကားဆုံးသည်ကို စောင့်ဆိုင်းပြီးနောက် ချန်ယွီ့ ပြောလိုက်၏။ “ ဒါပေမယ့် အရေးကြီးဆုံး အချက်တစ်ချက်ကိုတော့ ခင်များ ကျန်နေသေးတယ် ….”

“ သေချာပြန်စဉ်းစားကြည့် … ဆရာဝန် မနေ့တုန်းက ခင်များကို ဘာတွေ ပြောခဲ့လဲ … ခင်များကရော ဆရာဝန်ကို ဘာတွေ ပြောခဲ့လဲ ….”

“ ဒါမှမဟုတ် … ခင်များ ဘယ်လို တောင်းဆိုမှုမျိုးတွေ ပြုလုပ်ခဲ့လဲ ….”

All Chapters