မေ့ဆေးပေး ခွဲစိတ်မှု မတိုင်ခင် ခင်များ တစ်ခုခု စားခဲ့သေးတယ်မလား
Vol. 33 Ch. 323
ဘော့စ်မေ့ ချက်ချင်းပဲ အမှတ်ရသွားခဲ့၏။ မနေ့တုန်းက ဖြစ်ခဲ့သည့် ကိစ္စဖြစ်သဖြင့် အချိန်ကလည်း သိပ်မကြာသေးသည့်အပြင် ချန်ယွီ့၏ အရိပ်အမြွက်ပေးမှုဖြင့် မြန်မြန်ဆန်ဆန်ပဲ မှတ်မိသွားခဲ့လေသည်။
လွန်ခဲ့သော တစ်လခန့်က ဘော့စ်မေ့ သူ့အစာအိမ် နာကျင်လာသည်ဟု စတင် ခံစားလာခဲ့ရသည်။
သူ့မိန်းမ၏ အကြံပေးမှုအောက်မှာပဲ ဆေးရုံသို့သွား၍ တစ်ကိုယ်လုံးအနှံ့ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့လေသည်။
စစ်ဆေးမှု ရလဒ်တွင် သူ၏ အူနှင့် ပတ်သက်၍ ပြဿနာရှိနေကြောင်း ပြောပြလာသည်။ ယင်းက ပုံမှန် အူအတက် ရောင်ရမ်းခြင်း ပြဿနာပင်။
“ ငါကလည်း ဂရုမစိုက်တတ်တဲ့ လူစားမျိုးဆိုတော့ အဲ့တုန်းက ထွေထူးလုပ်ပြီး ခေါင်းထဲ ထည့်မနေခဲ့ဘူး ….”
“ တကယ်လို့ ငါ့မိန်းမကသာ တစ်ခုခု မှားနေတာကို ခံစားမိပြီး ဆေးရုံကို သွားစစ်ဆေးဖို့ မရမက ဆွဲခေါ်မသွားခဲ့ဘူးဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေက မတွေးဝံ့လောက်အောင်ကိုပဲ …”
“ ဒေါက်တာပြောတာ အူရောင်ရမ်းတာက သာမန်အခြေအနေဆိုပေမယ့် သေချာ မကုသရင် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့အထိ ဖြစ်လာနိုင်တယ် ….”
“ ပေါက်ပြဲသွားတာနဲ့ တကယ်ကို ဒုက္ခရောက်မှာ …..”
“ ဒေါက်တာက ငါ့ကို ထုံးဆေးနဲ့ ခွဲပေးမယ်ဆိုပေမယ့် ငါကြောက်တယ် ….”
“ ရက်နည်းနည်းလောက် စဉ်းစားပြီးတဲ့နောက်မှာ ဆရာဝန်ကို မေ့ဆေးနဲ့ ခွဲစိတ်ပေးဖို့ တောင်းဆိုခဲ့တယ် …”
“ မေ့ဆေးနဲ့ ခွဲစိတ်မယ်ဆိုတာကို အတည်ပြုပြီးတော့ ဆရာဝန်ကလည်း ငါ့ကို မခွဲစိတ်ခင် ခြောက်နာရီကနေ ရှစ်နာရီအတွင်း ဘာမှ မစားမသောက်ဖို့ ပြောတယ် ….”
အမှုက ရှင်းသွားခဲ့လေပြီ။
ရှေ့ဆက်လာမည့် မေးခွန်းကို ကြိုသိနေကြသည့် ကြည့်ရှုသူများက သူတို့၏ အဖြေများကို ကွန်းမန့်ရေးလာကြတော့၏။
အမှန်တော့ အူအတက် ခွဲစိတ်ရင်း သေသွားသည့် လူနာများ မရှိသည် မဟုတ်။ သို့ပေမယ့် ထိုသို့သော ဖြစ်နိုင်ချေက အင်မတန် နည်းပါးလှ၏။
မေ့ဆေးနှင့် ခွဲစိတ်မည်ဆိုသည့် စကားကို ကြားသိသည်နှင့် တစ်ပြိုင်နက် ကြည့်ရှုသူ တော်တော်များများက ဘော့စ်မေ့သည် ဆရာဝန်အကြံပေးသည့် စကားကို လုံးဝ မလိုက်နာခဲ့ကြောင်း ယုံကြည်သွားခဲ့ကြတော့သည်။
ခွဲစိတ်မှု မတိုင်မီ သူ ကျိန်းသေပေါက် တစ်ခုခုတော့ စားသောက်ခဲ့ရမည်။
တစ်ချို့သော ဆေးကျောင်းသားများနှင့် ဆရာဝန်များက အခြေအနေကို ရှင်းပြရန်အတွက် ကွန်းမန့်များ ပေးပို့လာခဲ့ကြသည်။
မေ့ဆေးခွဲစိတ်မှုမတိုင်မီ လူနာက ဆရာဝန် အကြံပေးသည့် စကားလုံးတိုင်းကို တင်းတင်းကြပ်ကြပ် လိုက်နာသင့်သည်။
မည်သည့်အရာကိုမျှမစားသင့်၊ ရေတစ်ပေါက်ပင် မသောက်သင့်ပေ။ မဟုတ်ပါက မိမိမှာ အသက်အန္တရာယ်ရှိလာနိုင်သည်။
အစာအိမ်ထဲတွင် စားကြွင်းစားကျန်ရှိနေသည့် အခြေအနေနှင့် ခွဲစိတ်မှု ပြုလုပ်ရမည်ဆိုပါက …. အစာပြန်တက်ပြီး အသက်ရှူလမ်းကြောင်းထဲ ဝင်သွားနိုင်သည့် အန္တရာယ် ရှိသည်။
မေ့ဆေးအာနိသင်အောက်မှာ လူတစ်ယောက်ဟာ ကိုယ့်ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ စားသောက်ထားသည့် အစားအသောက်များ ပြန်ဆန်တက်လာခဲ့လျှင် Aspiration Pneumonia ( အဆုတ်ထဲ အစာရည်၀င်ခြင်း) ဖြစ်နိုင်ပြီး၊ အန်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ ဖြစ်လာနိုင်သည်။
အဆိုးဆုံးအခြေအနေတွင်တော့ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သွားပြီး အသက်ဆုံးရှုံးသွားနိုင်သည်။
ချန်ယွီ့က သူ့အသက် ဆုံးရှုံးလုနီးပါး ဖြစ်သည်ဟု ပြောစဉ်တွင် ၎င်းပြဿနာဘက်ခြမ်းကို ညွှန်းဆိုနေခြင်း ဖြစ်ပေလိမ့်မည်။
“ မဟုတ်ဘူး မဟုတ်ဘူး …. ခွဲစိတ်မှုမလုပ်ခင် ငါဘာမှမစားမသောက်ခဲ့ဘူး …..”
“ ဆရာဝန် ပြောတဲ့ စကားကို မလိုက်နာရအောင် ငါက ရူးနေတဲ့ကောင်မို့လို့လား …..”
ဘော့စ်မေ့က ကွန်းမန့်များကို ဖတ်ရင်း ခေါင်းကို ထပ်ခါတလဲလဲ ယမ်းပြလိုက်သည်။
“ ဒီရဲ့လူနာ … “ ချန်ယွီ့က မဆီမဆိုင် ရုတ်တရက် မေးလိုက်၏။ “ ဒူးရင်းသီးက အရသာရှိရဲ့လား …..”
“ ရှိတာပေါ့ …..”
“ လောကကြီးထဲ သစ်သီးတွေထဲမှာ အရသာရှိဆုံး သစ်သီးက ဒူးရင်းသီးပဲ ……” ဘော့စ်မေ့ တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်၏။
“ တစ်ခါကဆို ဒူးရင်းသီး ဆယ်ပေါင်လောက်ကို တစ်ထိုင်တည်း ထိုင်စားဖူးတယ် …. ပြည့်အင့်တာ ၊ အန်ချင်တာမျိုး လုံးဝ မခံစားရဘူး ….”
“ စားရတာ ပျော်တာပဲ သိတယ် ….”
ပြောရင်းဖြင့် ဘော့စ်မေ့က သက်ပြင်းချလိုက်သည်။
“ ဒီလောက်စားကောင်းတဲ့ သစ်သီးတွေရဲ့ ဘုရင်လို့ ခေါ်ထိုက်တဲ့ ဒူးရင်းသီးကို ငါ့မိန်းမက ဘာလို့ မကြိုက်မှန်းကို နားမလည်နိုင်တာ ….”
“ အနံ့လေးတောင် မခံနိုင်ဘူး …..”
“ ငါ အိမ်ထောင်ကျပြီးတော့ အိမ်ပြင်မှာပဲ ဒူးရင်းသီး စားရဲတယ် … အိမ်ကို ဘယ်တော့မှ သယ်မလာရဲဘူး …..”
“ အပြင်မှာ စားပြီးတိုင်းလည်း ကိုယ်ပေါ်က အနံ့အသက်တွေပျောက်အောင် ရေချိုးပြီး သွားကိုလည်း အကြိမ်ကြိမ်တိုက်ရတယ် …..”
“ ငါ့ကိုယ်ပေါ်မှာ ဒူးရင်းသီးနှံ့တွေ မကျန်တော့ဘူးဆိုမှ မိန်းမက အိမ်ထဲ ပေးဝင်တာ …..”
ကြည့်ရှုသူများကတော့ သူဌေးမေ့ကို အဲ့လောက်ထိ မိန်းမရိုသေရကောင်းလားဟု ဆိုကာ ဝါးလုံးကွဲ ရယ်မောနေကြတော့သည်။
“ ဒီမနက်ခင်းတုန်းကရော ကောင်းကောင်း စားဖြစ်ခဲ့တယ်မလား ….” ချန်ယွီ့ ပြုံးလျက် မေးလိုက်သည်။
“ အားရတဲ့အထိပဲ ….”
ဘော့စ်မေ့က ရွှင်ပြစွာ ပြုံးလျက် စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်၏။
[ဒေါက်တာ : ခွဲစိတ်မှု မလုပ်ခင် ဘာမှ မစားရဘူးလို့ ပြောထားတာ ခင်များ ဘာမှ မစားခဲ့ဘူးမလား …
လူနာ : ကျွန်တော် ဘာမှ မစားခဲ့ပါဘူး … ဒါပေမယ့် အသီးလေးနည်းနည်းတော့ စားထားတယ် ရတယ်မလား …]
[ ငါ့အဖေလည်း ခေါင်းမာတဲ့ လူစားမျိုးပဲ … ဆရာဝန်က ခွဲစိတ်မှု မလုပ်ခင် သူ့ကို ဘာမှ မစားမသောက်နဲ့လို့ ပြောထားတာကို အရက်တစ်ကျိုက်သောက်ပြီး ခွဲစိတ်ခန်းဝင်သွားတာ တစ်ခါတည်း ICU တန်းရောက်သွားတယ်လေ … ]
[ မိသားစုချင်းတာ ကွဲရင်ကွဲမယ် … အသက်ကြီးတဲ့ ဖခင်တွေ ခေါင်းမာပုံချင်းကတော့ အတူတူချည်းပဲ …. ]
[ မင်းအဖေရဲ့ နားလည်မှုအသိက ငါ့ကို ကမ္ဘာအသစ်တစ်ခု ဖွင့်ပေးလိုက်တာပဲ …. ဘာအစားမှ စားလို့မရဘူးပဲပြောတာ … အရက်မသောက်ရဘူးလို့ မပြောဘူးလေ … ဟားဟား ]
[ ငါလည်း ခွဲစိတ်မှု မလုပ်ခင် အချိုရည်လေး တစ်ဘူးသောက်မိတာ ခွဲစိတ်မှုကို နောက်ရက်အနည်းငယ်ထိ ရွေ့ဆိုင်းလိုက်ရတယ် … နာကျင်လွန်းလို့ သေတော့လုမတတ်ပဲ … ]
[ ဆရာဝန်တွေ အများစုက လူနာတွေကို ဘာမှ မစား၊ မသောက်ရဘူးလို့ ပြောလိုက်တာနဲ့ သူတို့ လူနာတွေက သူတို့ပြောတာ နားလည်ကြမယ် ထင်နေကြတာ … တကယ်တော့ လူတော်တော်များများက နားမလည်ကြဘူး … မစားရဘူး ၊ မသောက်ရဘူးဆိုတိုင်း အရက်တွေ၊ သစ်သီးတွေကိုလည်း မရဘူးလို့ မဆိုလိုဘူးလေ … ]
အလားတူ ဖြစ်ရပ်မျိုး ကြုံဖူးကြသည့် ကြည့်ရှုသူ တော်တော်များများမှာ ဘော့စ်မေ့ နားလည်မှုလွဲသွားသည်ကို ချက်ချင်းပဲ နားလည်သဘောပေါက်သွားခဲ့ကြတော့သည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာတော့ ခွဲစိတ်မှု မတိုင်မီ ဒူးရင်းသီးစားသည်က သူ့အတွက်တော့ တားမြစ်ထားသည့် အရာတစ်ခု မဟုတ်သည့်ပုံပင်။
“ အာ ….”
ဘော့စ်မေ့မှာ ရှော့ခ်ရစွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီး “ ဆိုတော့ သစ်သီးတွေလည်း စားလို့မရဘူးပေါ့ …..”
“ ခင်များက ဘယ်လိုထင်နေလို့ ….”
ချန်ယွီ့ သူ့နဖူးကို လက်ဖြင့် ထောက်ထားရင်း ကူကယ်ရာမဲ့စွာ သက်ပြင်းချမိလိုက်သည်။
ဤသည်ကို မြင်တော့ ကြည့်ရှုသူများက ရယ်မောသွားကြတော့၏။
ဒေါက်တာချန်တောင် ကူကယ်ရာမဲ့တဲ့ အခြေအနေတွေ ကြုံတွေ့ရတုန်းပါလား …
တွက်ကြည့်ရင် အရင်တစ်ခေါက် အိုင်ဒေါဖြစ်ချင်တဲ့ သင်တန်းသားတစ်ယောက် လိုက်စထွင်းထဲ ဝင်တာနဲ့ သီချင်းဆို ကပြဖျော်ဖြေတာနဲ့ အခုလို ကူကယ်ရာမဲ့တဲ့ အမူအရာမျိုး ပြသတာ ချန်ယွီ့ရဲ့ ဒုတိယအကြိမ်ပဲ …
“ ဒေါက်တာချန် … မင်းအဲ့လိုတော့ မလုပ်နဲ့လေ … ဒေါက်တာပြောတဲ့ မစားရ၊ မသောက်ရဘူးဆိုတဲ့ထဲ အသီးတွေလည်း ပါတယ်ဆိုတာ ငါ တကယ် မသိလို့ပါ …”
“ ဒါမျိုး ထပ်မလုပ်တော့ဘူးလို့ ငါ ကတိပေးတယ် …..”
“ မင်းငါ့ကို စိတ်ဆိုးသွားတယ်မလား … ဒီလိုဆိုရင်ကော … နောက်ထပ် ကာနီဗယ် လက်ဆောင် ငါးခု ထပ်ပေးမယ်လေ ….”
ဘော့စ်မေ့က သူ့စကားသူတည်ပြီး ချန်ယွီ့ကို နောက်ထပ် ကာနီဗယ်လက်ဆောင်ငါးခု ချီးမြင့်လိုက်၏။
“ လူတိုင်းပဲ … ကျေးဇူးပြုပြီး ငါ့ကို မလှောင်ရယ်ကြပါနဲ့ … ငါက ပညာတတ်တာ မဟုတ်ဘူး ….”
“ နွမ်းပါးတဲ့ မိသားစုမှာ ပေါက်ဖွားလာပြီး အသက် ၁၇ နှစ်ရောက်တော့ ဆောက်လုပ်ရေးဆိုဒ်မှာ အုတ်ထမ်းနေရပြီ … “
“ လက်သမား သက်တမ်း နှစ် ၂၀ ကျော်တယ် … အရင်သုံးနှစ်လောက်တုန်းကမှ ငွေကြေးလွတ်လပ်မှုကို ရခဲ့တာ ….”
“ အရင်တုန်းက တစ်ခုခုစားချင်လိုက်တိုင်း ပိုက်ဆံ ကုန်မှာကြောက်လို့ မဝယ်ရက်ခဲ့တာတွေ အများကြီးပဲ … ဒူးရင်းသီးလည်း အဲ့ထဲက တစ်ခုပဲ ….”
“ အိမ်က ရေခဲသေတ္တာထဲမှာ ဒူးရင်းသီး အကြီးကြီး တစ်လုံးကို မြင်တော့ ကျန်တာဘာမှ မစဉ်းစားမိတော့ဘူး ….”
“ ငါ့မိန်းမလည်း အိမ်မှာ မရှိတော့ မြန်မြန်ပဲ လက်စဖျောက်ပစ်လိုက်တယ် ….”
“ ဒေါက်တာပြောတာ ငါ့ကို ဘာ စားစရာမှ စားလို့ မရဘူးဆိုပြီး ပြောခဲ့တာလေ … ဒူးရင်းသီးက သစ်သီးအမျိုးအစားထဲမှာဆိုတော့ ငါလည်း သေချာ မတွေးမိလိုက်ဘူး ….”
“ ခွဲစိတ်မှုမတိုင်ခင် ဒူးရင်းသီးစားတာက အသက်သေစေနိုင်မယ်ဆိုတာ မပြောပြရင် ဘယ်သူက သိနိုင်မှာလဲလို့ …..”
ဘော့စ်မေ့က ချမ်းသာသည့် မိသားစုမှ မဟုတ်ဘဲ လက်သမား ဘဝတွင် နှစ် ၂၀ ကျော် ကျင်လည်ခဲ့ရကြောင်း သိလိုက်ရတော့ ကြည့်ရှုသူတော်တော်များများမှာ ချဲ့ကားပြောဆိုနေသည်ဟု ထင်နေမိကြသည်။
လက်သမား နှစ် ၂၀ ကျော်ပြုလုပ်ပြီး မည်သူက ငွေကြေးလွတ်လပ်သည့် ဘဝကို ရရှိနိုင်မည်နည်း။
သူ ထင်နေတာ လက်သမားဆရာကြီးတွေ ဒီ လိုက်စထွင်းကို မကြည့်ဘူး ထင်နေတာလား မသိဘူး …
“ တောက် ….”
လိုက်စထွင်းကို ကြည့်ရှုနေသည့် ချန်ယွီ့ စိတ်ကျန်းမာရေးဆေးခန်း၏ ဝန်ထမ်းဖြစ်သူ မုန့်သဟိုင်မှာ ဘော့စ်မေ့၏ စကားကို ကြားတော့ အထင်တသေးနှင့် တောက်ခေါက်မိလိုက်၏။
ချန်ယွီ့နှင့် မတွေ့မီ အချိန်က ခမ်းနားလှသည့် လုပန်နည်းစနစ်၏ အမွေဆက်ခံသူ အမောင်သူ့မှာ ဆင်းရဲလွန်း၍ သွေးဖောက်ပြီး ရောင်းစားရမလို အခြေအနေထိ ဖြစ်ခဲ့ရသည်။
သို့တိုင် တစ်စုံတစ်ယောက်က လက်သမား နှစ် ၂၀ လုပ်ပြီးနောက် ငွေကြေးလွတ်လပ်သည့် ဘဝကို ရရှိခဲ့သည်တဲ့လော။
သရဲပင် သူ့စကားကို မယုံပေ။
“ ဒီလူနာက တကယ်ပဲ ငွေကြေးလွတ်လပ်မှုကို ရထားပြီးပြီ …” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ပြောဆိုလိုက်ပြီး “ သူ့ပိုင်ဆိုင်မှုက အကြမ်းဖျင်း သန်း ၁၀၀ ကျော်တယ် ….”
“ ဒါပေမယ့် အဲ့တာက သူ လုပ်တဲ့ အလုပ်နဲ့တော့ ဘာမှမဆိုင်ဘူး ….”
“ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက သူ့အိမ်က အစိုးရသိမ်းတာ ခံလိုက်ရတယ် … မြေလျော်ကြေးပါ ပေါင်းထည့်လိုက်တော့ စုစုပေါင်း ယွမ် သန်း ၁၂၀ လောက် ရသွားခဲ့တယ် …”
ကွန်းမန့်များ ဒလဟော ဝင်ရောက်လာခဲ့တော့၏။
လက်စသတ်တော့ အဲ့လို ငွေကြေးလွတ်လပ်မှုမျိုးကိုး ….
မရေမတွက်နိုင်သည့် သံပုရာသီးပုံစံ အီမိုဂျီများက ကွန်းမန့်စခရင်တစ်ခုလုံး ပြည့်နှက်သွားတော့သည်။
သူတို့တွေ မနာလိုလွန်းလို့ ချဉ်စုပ်နေကြလေပြီ။
“ ဒေါက်တာချန်ပြောတာမှန်တယ် …. ငါ့ရဲ့ ကြွယ်ဝမှုနဲ့ စည်းစိမ်ဥစ္စာတွေက တကယ်လည်း အိမ်ဖျက်စီးခံလိုက်ရတာကနေ ရလာခဲ့တာပဲ ….”
ဘော့စ်မေ့က ကိုယ့်ကိုယ်နှိမ်ချသည့် လေသံဖြင့် မသိမသာ ခပ်ပါးပါးလေး ကြွားဝါပြီး ထွက်သွားဖို့ ဟန်ပြင်လိုက်၏။
ခွဲစိတ်မှုကို မနက်ဖြန်သို့ ရွေ့ဆိုင်းထားသဖြင့် ယနေ့ည စောစော နားဖို့ လိုသည်။
သူ့အစာအိမ်ကိုလည်း ဗလာကျင်းထားပြီး … တစ်ခုခု ထပ်စားဖို့ရာလည်း စဉ်းပင် မစဉ်းစားဝံ့တော့ချေ။
“ ခင်များဇနီးက ခင်များကို ဘာကြောင့် သတ်ချင်နေလဲဆိုတာ မသိချင်ဘူးလား …. “
ဘုန်း ….