← Chapters

ငွေအတွက်နဲ့ လူသတ်တယ်ဆိုတာ မဖြစ်နိုင်ဘူး

Vol. 33 Ch. 324

ငွေအတွက်နဲ့ လူသတ်တယ်ဆိုတာ မဖြစ်နိုင်ဘူး

Vol. 33 Ch. 324

ကျောက်တုံးကြီး တစ်တုံးကို ရေကန်ထဲ ပစ်ချလိုက်သည့်နှယ် လှိုင်းကြပ်ခွပ်များစွာ ဖြစ်ပေါ်လာပြီး စကားပြောခန်းသည်လည်း ရုတ်ချည်း တိတ်ဆိတ်သွားခဲ့တော့သည်။

“ ဒေါက် … ဒေါက်တာချန် … မင်း ဘာပြောလိုက်တယ် ….”

ဘော့စ်မေ့ သူ့ကိုယ်သူ နားကြားမှားသည်ဟု ထင်ယောင်ထင်မှား ဖြစ်သွားခဲ့၏။

“ ကျုပ်ပြောတာ …. ခင်များရဲ့ ဇနီးက ဘာကြောင့် ခင်များကို သတ်ချင်နေလဲဆိုတာ မသိချင်ဘူးလားလို့ ……”

ချန်ယွီ့ နောက်တစ်ကြိမ် ပြန်ပြောလိုက်၏။

“ မဟုတ်ဘူး မဟုတ်ဘူး … ဒါ လုံးဝ မဖြစ်နိုင်ဘူး … ငါ့မိန်းမက ဘာကိစ္စ ငါ့ကို သတ်ချင်ရမှာလဲ …..”

“ ဒေါက်တာချန် … မင်း အဲ့လိုတွေ ကျီစယ်တာ မရယ်ရဘူးနော် …. “

ဘော့စ်မေ့က မကျေမနပ်ဖြစ်နေသည့် စိတ်များကို ထိန်းပြီး ပြောလိုက်သည်။

ကြည့်ရှုသူများလည်း အံ့အားသင့်နေမိကြ၏။

သူတို့တွေ အခုလေးတင်ပဲ ငွေကြေးလွတ်လပ်တဲ့ ကိစ္စအကြောင်းတွေ ဆွေးနွေးနေကြတာလေ …

ဘော့စ်မေ့ လိုင်းဆင်းခါနီးမှာ ချန်ယွီ့နှုတ်ကနေ အခုလို ရှော့ခ်ရဖို့ကောင်းတဲ့ သတင်းတစ်ပုဒ်ကို ထုတ်ပြောလာလိမ့်မယ်လို့ ဘယ်သူက ထင်မှတ်ထားကြမှာ ….

[ ငါ သဘောပေါက်သွားပြီ ]

[ လှည့်စားနေတာတွေ တော်လိုက်တော့ …. ငွေအတွက် လူသတ်တဲ့ ကိစ္စပဲမဟုတ်လား … ]

[ ကြည့်ရတာ ငွေအများကြီး ရှိတယ်ဆိုတာကလည်း ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူးပဲ … ]

[ မဟုတ်ဘူးလား … မဟုတ်ဘူးဆို မင်းမှာ ပိုနေတဲ့ ပိုက်ဆံ ငါ့ကို ပေးစမ်း … ]

[ မဟုတ်ဘူး … ငါ့ကိုပေး ]

[ အိမ်း … လက်ထပ်ရမှာတောင် ကြောက်လာပြီကွာ … လူပျိုကြီးလုပ်တာပဲ ကောင်းပါတယ် ]

ဉာဏ်လျင်ကြသည့် ကြည့်ရှုသူများက ချက်ချင်းစသလို အလုပ်စခန်း ဝင်ကြတော့သည်။

ချန်ယွီ့ လိုက်စထွင်းကို ကြိမ်ဖန်များစွာ ကြည့်ရှုပြီးနောက် လူတို့ ငွေအတွက် လူသတ်သည့် အမှုတစ်ချို့ကို မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။

ဘော့စ်မေ့မှာ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က လက်သမားဆရာ တစ်ယောက်သာ ဖြစ်ခဲ့ပြီး သူ့အိမ်ကို အစိုးရက သိမ်းလိုက်သောကြောင့်သာ ရုတ်ချည်း ချမ်းသာလာ၍ ငွေကြေးလွတ်လပ်သည့် ဘဝကို ပိုင်ဆိုင်နိုင်ခဲ့သည်။

သူ့လက်ထဲ ထိုမျှ ငွေအမြောက်အများ ပိုင်ဆိုင်နေရာ အခြားသူများအတွက် မျက်စိကျစရာ အသားတုံးကြီး ဖြစ်နေမည်မှာ ကျိန်းသေပေါက်ပင်။

ဆရာဝန်၏ ဘာမျှ မစားရ၊ မသောက်ရ ဟူသည့် ညွှန်ကြားချက်ကိုပင် သစ်သီးများ စား၍တော့ ရပါသည်ဟူသည့် သူ့ဦးနှောက်ကို ကြည့်မည်ဆိုပါက ဉာဏ်လည်း သိပ်ကောင်းမည့်ပုံ မပေါ်ချေ။

ဦးနှောက်မပါသည့် အရူးတစ်ယောက် ဖြစ်ဖို့ များ၏။

ထိုကဲ့သို့သော လူစားမျိုးကို လှည့်စားဖို့ဆိုသည်မှာ ထင်သလောက် ခက်ခဲသည့် ကိစ္စ မဟုတ်ပေ။

ထို့ပြင် ရှေးဟောင်းပစ္စည်း ဆိုင်ပိုင်ရှင် ဖြစ်နေပါလျက်နှင့် အတုအစစ်ကို မခွဲခြားနိုင်ဘဲ လိုက်စထွင်းသို့ ရောက်လာ၍ ဝယ်ထားသည့် ပစ္စည်း၏ စစ်မှန်မှုကို‌ မေးမြန်းနေသည်။

မိန်းမဖြစ်သူက ငွေအတွက်နှင့် သူ့ကို သတ်လိုက်လျှင်ပင် ယောက်ျားလုပ်သူက ဘာမျှ မသိလိုက်ဘဲ ငရဲရောက်သွားလိမ့်မည်။

ပန်ကျင်းလျန်နဲ့ ဝူတာ့လျန်ရဲ့ ခေတ်သစ်ဗားရှင်းပေါ့။

ဒါပေမယ့် ဒီဗားရှင်းမှာက ဝူတာ့လျန်ရဲ့ အိတ်ထောင်ထဲမှာ ပိုက်ဆံ နည်းနည်း ပိုပေါတယ်။

“ မင်းတို့ကောင်တွေ ပေါက်တတ်ကရပြောပြီး ငါ့ဇနီးကို မစော်ကားကြနဲ့ ….”

“ သူက မင်းတို့တွေ ထင်နေသလို မဟုတ်ဘူး … ငွေအတွက်ကြောင့်နဲ့ လူသတ်မယ့် လူစားမျိုး မဟုတ်ဘူး …”

“ သူ့မိသားစုက ငါ့ထက်တောင် ချမ်းသာသေးတယ် … သူ့ကို လက်ထပ်ခွင့်ရတယ်ဆိုတာ ငါ့အတွက် ကံကောင်းမှုပဲ …..”

ဘော့စ်မေ့မှာ အကြီးအကျယ် ဒေါသထွက်နေတော့သည်။

ဒီနေ့ခေတ် လူငယ်တွေက ဘာလို့ အဲ့လောက်တောင် သိမ်းသွင်းဖို့ လွယ်ကူနေရတာလဲ …

အခြေအနေကိုလည်း သေသေချာချာ မသိဘဲနဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပေါက်ကရ ဇာတ်လမ်းတွေနဲ့ နှိုင်းပြီး လျှောက်ထင်နေကြတယ် …

အမှန်တကယ်လည်း သူ့မိန်းမ၏ မိသားစု လုံးဝ သာမန် မဟုတ်ပေ။ ၎င်းတို့၏ ကြွယ်ဝမှုက သူ့ထက်ပင် များစွာ ပိုသည်။

ငွေအတွက် လူသတ်ဖို့ဆိုလျှင် ကာယကံရှင်က ငွေလိုနေဖို့လိုသည်။

သူ့မိန်းမက သူ့ထက်ပင် ပိုက်ဆံရှိနေရာ ငွေအတွက်ကြောင့်နှင့် သူ့ကို သတ်ဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

ကြည့်ရှုသူများလည်း သေချာ စဉ်းစားကြည့်လိုက်တော့ ဘော့စ်မေ့ပြောသည်က ယုတ္တိရှိသည်ဟု ခံစားလိုက်ရ၏။

အကယ်၍ အမျိုးသမီး ဖြစ်သူက အမျိုးသားဖြစ်သူထက် ပို၍ ချမ်းသာနေမည်ဆိုလျှင် အဘယ်ကြောင့် ငွေအတွက်နှင့် လူသတ်သစရာ လိုအပ်တော့မည်နည်း။

သို့ပေမယ့်လည်း … ချန်ယွီ့က သူတို့ကို လိမ်ညာမှာ မဟုတ်ကြောင်း ယုံကြည်သည်။

ဧကန္တ သူ ဖောက်ပြန်နေတာကြောင့်များလား …

ကြည့်ရှုသူများအားလုံး ချက်ချင်းပဲ မျက်လုံးအရောင် လက်ကုန်ကြသည်။

“ ဒေါက်တာချန် … မင်း စကားကို ရှင်းအောင်ပြော …. ငါ့မိန်းမက ဘာလို့ ငါ့ကို သတ်ရမှာ ….”

“ မင်း ဒီနေ့ ရှင်းအောင် မပြောရင် ငါ မသွားဘူး ….”

“ အခုလိုက်စထွင်းကို ကြည့်နေကြတဲ့လူတွေက အများကြီးပဲ …. ကောလဟာလတွေက ခဏလေးနဲ့တင် တောမီးလောင်သလို ပျံ့ကုန်လိမ့်မယ် ….”

“ ငါ့မိန်းမနဲ့ သူ့မိသားစုက ငါတို့ ဒေသတစ်ဝိုက်မှာ နာမည်ကြီးတဲ့လူတွေ ….”

“ ဒီကိစ္စကြောင့် သူတို့ငါ့ကို မုန်းသွားလိမ့်မယ် … ငါ့မိန်းမလည်း ငါနဲ့ ကွာရှင်းသွားလိမ့်မယ် …”

“ နောက်ပြီး … ငါတို့နှစ်ယောက် လက်ထပ်ထားတာ သုံးနှစ်ကျော်ပြီ … တကယ်လို့ သူသာ လုပ်ချင်တယ်ဆိုရင် အစောကြီးကတည်းက လုပ်ပြီးရောပေါ့ … ဘာကိစ္စ ဒီနေ့ဒီအချိန်ထိ စောင့်နေလိမ့်မှာ ….”

ဘော့စ်မေ့၏ စကားလေသံက အတော်လေးကို မကျေမချမ်း ဖြစ်နေပုံပေါ်သည်။

သူ့ ဘဝသက်တမ်း တစ်ဝက်လောက်က ဆင်းရဲနွမ်းပါးခဲ့ပြီး နောက်ဆုံးတွင်မှ အိမ်ဖျက်စီးခံရမှုဖြင့် ချမ်းသာလာခဲ့သည်။ ချောမောလှပသည့် ဇနီးငယ်လေးကိုလည်း လက်ထပ်ယူနိုင်ခဲ့၏။

ထိုသို့ ဖြစ်ဖို့က သူ့အတွက် လွယ်ကူခဲ့သည်ထင်သလော။

ယခု ချန်ယွီ့နှုတ်က သာမန်လျှံကာ ပေါက်ကရ စကားနှစ်ခွန်းကို ထုတ်ပြောလာခဲ့ပြီး … ကိစ္စမရှိဟန် ထင်ရသော်လည်း စိတ်ကူးမယဉ်နိုင်လောက်သည့် အကျိုးဆက်တို့ ဖြစ်ပေါ်လာနိုင်သည်။

“ ဒီရဲ့လူနာ … ခင်များ ဘယ်လို ခံစားနေရလဲဆိုတာ ကျုပ်နားလည်တယ် … ဒါပေမယ့် အမှန်တရားက အမှန်တရားပဲ …..”

“ ခင်များက မဖြစ်နိုင်ဘူး ထင်တာနဲ့ပဲ မတည်ရှိတော့တာ မဟုတ်ဘူး …..”

“ တကယ်လို့ ခင်များက ကျုပ်ကို မယုံဘူးဆိုရင် … ကျုပ် မေးခွန်းနည်းနည်းမေးမယ် … “

“ အဲ့မေးခွန်းတွေ ဖြေပြီးတော့မှ ကျုပ်တို့ရဲ့ စကားဝိုင်းကို ဆက်ကြတာပေါ့ … ဘယ်လိုထင်လဲ …”

ချန်ယွီ့ ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်ပြီး မေးတစ်ဖက် ထောက်လျက် ဘော့စ်မေ့ကို တည်တည်ငြိမ်ငြိမ်နှင့် ခွန်းတုံ့ပြန်လိုက်သည်။

“ ကောင်းပြီလေ ….”

“ ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့မိန်းမ ငါ့ကို ထိခိုက်အောင် လုပ်စရာ အကြောင်းမရှိဘူး …..”

ဘော့စ်မေ့မှာ ဒေါသထွက်လွန်း၍ စဉ်းစားခြင်းပင်မရှိ။ ချက်ချင်း သဘောတူလိုက်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့ ဒီကိစ္စကို ရှင်းအောင်လုပ်မှ ရမည်။

ညသန်းခေါင်အချိန်ထိရောက်သွားပါစေ၊ သူ အဆုံးထိတိုင် စာရင်းရှင်းသွားမည်။

ဇနီးဖြစ်သူ မတရားခံရစေမည့်အစား မနက်ဖြန် ပြုလုပ်မည့် ခွဲစိတ်မှုကိုလည်း ရွေ့ဆိုင်းလိုက်ပေမည်။

“ ပထမမေးခွန်း ….” ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလျက် “ အူအတက် ခွဲစိတ်ဖို့အတွက် ပြည်သူ့ဆေးရုံအစား ဘာလို့ ပုဂ္ဂလိက ဆေးရုံကို ရွေးချယ်ခဲ့လဲ….”

“ ပုဂ္ဂလိက ဆေးရုံဆိုပေမယ့် သူက နာမည်ကြီး ဆေးရုံပဲ … အဲ့က ဒေါက်တာအများစုကလည်း နိုင်ငံထဲ အဓိက ဆေးရုံကြီးတွေဆီကနေ ငှားထားတာ ….”

“ အခြေအနေတွေက ပြည်သူ့ဆေးရုံတွေထက်ကို အဘက်ဘက်ကနေ သာတယ် …”

ဘော့စ်မေ့ ခွန်းတုံ့ပြန်လိုက်သည်။

“ ခင်များကို ဒါတွေ ဘယ်သူပြောတာ ….”

“ ငါ့မိန်းမ ….”

ဤစကားကြားတော့ ချန်ယွီ့ ခေါင်းညိတ်လိုက်သည်. “ ခင်များ အစောတုန်းက ပြောခဲ့တာ ဒီမနက် အိမ်က ရေခဲသေတ္တာထဲမှာ ဒူးရင်းသီး အကြီးကြီး တစ်လုံး တွေ့ခဲ့တယ်လို့ ပြောတယ်နော် … ဒူးရင်းသီးကို ဘယ်သူ ဝယ်ခဲ့တာလဲ ….” ချန်ယွီ့ မေးလိုက်သည်။

“ ငါ့မိန်းမပဲ နေမှာပေါ့ …. ဒူးရင်းသီးက ရေခဲသေတ္တာထဲကို သူ့ခြေထောက်သူ ပေါက်ပြီး ရောက်လာဖို့မှ မဖြစ်နိုင်တာ ….”

ဘော့စ်မေ့မှာ ပြောရင်းဖြင့် ကြက်သေသေသွားခဲ့၏။

သူ့ဇနီးက ဒူးရင်းသီး အမုန်းဆုံးပင်။ အဘယ်ကြောင့် ဒူးရင်းသီးကို ဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရမည်နည်း။

မဟုတ်မှလွဲရော သူ့ကို လက်ဆောင်ပေးချင်လို့များလား …

“ အရင် ၂ နှစ်ထဲမှာ ခင်များမိန်းမရဲ့ ဟင်းချက် လက်ရာက ပိုပိုပြီးတော့ စားကောင်းလာတယ်မလား ….”

“ အမှန်ပဲ … ငါ ကြားမိတာတော့ သူ အိမ်ထောင်မကျခင် တစ်ခါမှ မီးဖိုချောင် မဝင်ခဲ့ဖူးဘူးဆိုပဲ … ဘာလို့ မေးတာ ….”

“ ဟင်းချက်တာနဲ့ ငါ့မိန်းမ ငါ့ကို သတ်ချင်နေတဲ့ ကိစ္စနဲ့ ဘာဆိုင်လို့ ….” ဘော့စ်မေ့က စိတ်မရှည်စွာ မေးမြန်းလိုက်၏။ “ ဒီလိုတွေ လျှောက်မေးနေတာ လူတိုင်းရဲ့ အချိန်ကို ဖြုန်းတီးနေတာပဲ မဟုတ်လား ….”

“ မဟုတ်ဘူး ….” သူ့ခေါင်းကို ခါယမ်းလျက် ချန်ယွီ့ ပြောလိုက်ပြီး “ အဖြေသိဖို့ဆိုရင် တစ်ချို့အရာလေးတွေ တစ်ခုစ၊ နှစ်ခုစကို ချိတ်ဆက်ကြည့်ဖို့ လိုတယ် ….”

“ မကြာခင် ဒီမေးခွန်းတွေက ဘာကို ဆိုလိုချင်လဲဆိုတာ ခင်များ သဘောပေါက်လာပါလိမ့်မယ် …..”

“ ကျုပ် ခင်များကို နောက်မေးခွန်းတစ်ခု ထပ်မေးမယ် … ခင်များ မိန်းမရဲ့ အကောင်းဆုံး ဟင်းလျာက ဘာလဲ ….”

“ ပိုပြီး တိတိကျကျလေးပြော ….”ချန်ယွီ့ ထပ်ပေါင်းပြောလိုက်သည်။ “ ခင်များ အတော်လေး စိတ်မရှည် ဖြစ်နေပြီဆိုတာ ကျုပ် နားလည်တယ် … ဒီ မေးခွန်းတွေကို အသေးစိတ်ကျကျ ဖြေပြီးသွားရင် ခင်များ အကြောင်းအရာအသစ်တွေကို သိလာလိမ့်မယ် ….”

ဘော့စ်မေ့မှာ အုံ့မှိုင်းနေသည့် မျက်နှာအမူအရာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။

“ စီချွမ် ဟင်းပွဲ၊ ပင်လယ်စာမျိုးစုံ၊ ဂျပန်ဟင်းလျာ မျိုးစုံ ၊ အနောက်တိုင်း ဟင်းလျာ မျိုးစုံ …..”

“ ဒီလောက်ဆို ငါ အသေးစိတ်ကျကျ ဖြေခဲ့တယ်လို့ ပြောလို့ရတယ်မလား ဒေါက်တာချန် …..”

“ တကယ်လို့ မင်း ဘာမှ ရှာမတွေ့ခဲ့ဘူးဆိုရင်တော့ မင်းငါ့ကို ဖြေရှင်းချက်ပေးပြီး တောင်းပန်ရမယ် ….”

“ ခင်များ အသေးစိတ်ကျကျ မဖြေရသေးဘူးလေ ….” ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး “ ကျုပ်ပဲ ခင်များ ကိုယ်စား ဖြေပေးလိုက်မယ် … ခင်များ မိန်းမက ခင်များအတွက် စီချွမ်ဟင်းလျာတွေ ခဏခဏ ချက်ပေးလေ့ရှိတယ်မလား … ဒါပေမယ့် အတော်လေး စပ်တဲ့ ဟင်းပွဲတွေလေ ….”

“ ဂျပန်ဟင်းလျာတွေကျတော့ သူ ချက်တာတွေက အအေးစာတွေ …..”

“ ပင်လယ်စာတွေဆို ကဏန်း ၊ ကမာနဲ့ ပုစွန်တွေကို အဓိကထား ချက်တယ် … အနောက်တိုင်း ဟင်းလျာတွေကျတော့ ကြော်လှော်တဲ့ ဟင်းလျာတွေ ….”

“ အတိုချုပ်ပြီး ပြောရရင် သူ တော်တဲ့ ဟင်းလျာတွေက အစပ်များတဲ့ ၊ ဆီရွှဲတဲ့ ၊ အဆီပေါတဲ့ ဟင်းလျာတွေ …..”

ဘော့စ်မေ့မှာ ရှုပ်ထွေးသွားခဲ့တော့၏။

“ အဲ့တာ ဘာပြဿနာ ရှိလို့ ….”

ချန်ယွီ့ သူ့ကို စိုက်ကြည့်လိုက်ပြီး

“ ပြဿနာမရှိဘူး ထင်လို့လား ….”

ဆေးပညာ အကြောင်း တီးမိခေါက်မိရှိသည့် ကြည့်ရှုသူများကတော့ ထိုအချိန်အခိုက်အတန့်မှာပဲ ဖြစ်နိုင်ချေ တစ်ခုကို တွေးတောမိသွားခဲ့ကြတော့သည်။

All Chapters