← Chapters

ခင်များရဲ့ ကြွယ်ဝမှုကြောင့် သူ ခင်များကို သတ်ချင်တယ်

Vol. 33 Ch. 325

ခင်များရဲ့ ကြွယ်ဝမှုကြောင့် သူ ခင်များကို သတ်ချင်တယ်

Vol. 33 Ch. 325

ချန်ယွီ့ လိုက်စထွင်းထဲတွင် သန်းနှင့်ချီသည့် ကြည့်ရှုသူတို့ စုဝေးနေကြပြီး နယ်ပယ်မျိုးစုံ၊ အလွှာမျိုးစုံက လူတန်းစားပေါင်းစုံ ပါဝင်နေသည်။

ဘော့စ်မေ့က ချန်ယွီ့ မေးခွန်းများ၏ ဆိုလိုရင်းကို နားမလည်နိုင်သော်လည်း ဆေးပညာအကြောင်း လေ့လာဖူးကြသည့် ကြည့်ရှုသူ အများစုကတော့ အလျဉ်ဦးစွာ ရှင်းပြဖို့ လုပ်နေကြပြီ ဖြစ်၏။

အစပ်များ၊ အအေးစာများ၊ အဆီများသည့် အစားအသောက်များကို ရေရှည်စားသောက်မည်ဆိုပါက ခန္ဓာကိုယ်အတွက် ဝန်ထုပ်ဝန်ပိုး တစ်ရပ် ဖြစ်လာနိုင်ပြီး …

နောက်ပိုင်းတွင် ရောဂါဘယပေါင်းစုံ ဖြစ်ပွားလာစေလိမ့်မည်။

ဉာဏ်လျင်သည့် အချို့သော ဆေးကျောင်းသားများဆိုလျှင် ဘော့စ်မေ့၏ အူအတက်ရောင်ရမ်းသည့် ပြဿနာကို ပို၍ အသေးစိတ်ကျကျ ဆန်းစစ်လာကြတော့သည်။

လူသားတို့၏ အစာချေစနစ်ကို အတော်လေး ပျက်စီးထိခိုက်စေသည့် အစားအသောက်ပုံစံ သုံးမျိုးရှိ၏။

အအေးစာက အူအတက်ကို လှုံ့ဆော်ပေးပြီး ရေရှည်စားသောက်မည်ဆိုပါက အူအတက် ကျုံ့ခြင်းများ ဖြစ်လာနိုင်သည်။

အစပ်များသည့် အစားအစာက အစာချေစနစ်အတွင်းရှိ သွေးကြောများကို ကျယ်စေပြီး အူအတက်ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေနိုင်သည်။

ဆီရွှမ်းသည့် အစားအစာတို့ကိုလည်း အစာချေလမ်းကြောင်းစနစ်က စုပ်ယူဖို့ရာ မလွယ်ကူချေ။

အစာချေလမ်းကြောင်း ထိခိုက်နေစဉ်အတောအတွင်း အဆီများသည့် အစားအသောက်များကို ဆက်လက် စားသောက်နေခြင်းက အူအတက်ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

ချန်ယွီ့ မေးမြန်းသည့် မေးခွန်းများနှင့် ပေါင်းစပ်လိုက်တော့ အဖြေက သိသာသွားပြီ ဖြစ်၏။

သူမက ခင်ပွန်းသည်ကို ထိုသို့သော အစားအသောက်များ နှစ်ရှည်လများစွာ ချက်ပြုတ်ကျွေးမွေးနေခဲ့ရာ ဘော့စ်မေ့ အူအတက် ရောင်ရမ်းခြင်း မဖြစ်ပေါ်ခါမှပဲ ထူးဆန်းနေပေလိမ့်မည်။

နောက်ပြီး သူမက ပြည်သူ့ဆေးရုံကို မညွှန်းဘဲ ထိုအစား ခင်ပွန်းဖြစ်သူကို ခွဲစိတ်မှု ပြုလုပ်ရန်အတွက် ပုဂ္ဂလိက ဆေးရုံသို့ ညွှန်းဆိုခဲ့၏။

အပေါ်ယံကြည့်မည်ဆိုပါက ကြီးကြီးမားမား ပြဿနာ မရှိသော်လည်း အကယ်၍ ဂရုတစိုက်နှင့် တွေးတောကြည့်မည်ဆိုပါက ရိုးရိုးလေးနှင့် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

ပုဂ္ဂလိက ဆေးရုံနှင့် အစိုးရ ဆေးရုံနှစ်ခုကြား ကွာဟခြားက ပုဂ္ဂလိက ဆေးရုံများသည် ငွေတစ်မျက်နှာတည်းကိုသာ ကြည့်၏။

အစိုးရ ဆေးရုံများတွင် မေ့ဆေးပေး ခွဲစိတ်မှုအတွက် အသေးစိတ် လိုအပ်ချက်တို့ များစွာ ရှိလေသည်။ အကယ်၍ လူနာက မေ့ဆေးပေး ခွဲစိတ်ဖို့ အဆင့်ပြည့်မီခြင်း မရှိလျှင် ငွေဘယ်လောက်ပဲ ပေးလာခဲ့ပါစေ၊ လူနာကို မေ့ဆေးပေး ခွဲစိတ်ဖို့ရာ လုံးဝ ဖြစ်နိုင်မှာ မဟုတ်ချေ။

အကြောင်းအရင်းကတော့ သူတို့တွေ မစွန့်စားချင်သောကြောင့်ပင်။

သို့သော် ပုဂ္ဂလိက ဆေးရုံများတွင်တော့ ငွေရှိသရွေ့ ထူးဆန်းသည့် တောင်းဆိုမှုများကို ချောချောချူချူ သဘောတူနိုင်သည်။

မေ့ဆေးပေး ခွဲစိတ်ဖို့လောက်ကို မဆိုထားနှင့်။ ကိုယ့်ကို ပြုစုပေးဖို့ နာ့စ်အလှလေးများ ဆယ်ယောက်လောက် ခေါ်ထားချင်လျှင်ပင် ဆေးရုံက ခွင့်ပြုပေးမှာ ဖြစ်သည်။

ထိုအကြောင်းကြောင့်လည်း ဘော့စ်မေ့၏ ဇနီးသည်က သူ့ကို ပုဂ္ဂလိက ဆေးရုံသို့ ဆေးပြခိုင်းခြင်း ဖြစ်နိုင်လောက်သည်။

မေ့ဆေးပေး ခွဲစိတ်မှု မတိုင်ခင်မှာပဲ သူမက ခင်ပွန်းဖြစ်သူ ကြိုက်တတ်သည့် ဒူးရင်းသီးကို ရေခဲသေတ္တာထဲ ထည့်ထားပေး၏။

နောက်ဘာဆက်ဖြစ်လာမလဲဆိုတာကို မပြောလည်း လူတိုင်း နားလည်လေသည်။

သူမက ခင်ပွန်းသည်ကို အူအတက်ရောင်ရမ်းသည့် ဝေဒနာ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးခဲ့ပြီး မေ့ဆေးပေး ခွဲစိတ်ဖို့အတွက် ပုဂ္ဂလိက ဆေးရုံသို့လည်း အကြံပြုပေးခဲ့သည်။

ခွဲစိတ်မှု မပြုလုပ်မီ ခင်ပွန်းဖြစ်သူ မငြင်းဆန်နိုင်လောက်အောင် ကြိုက်နှစ်သက်သည့် ဒူးရင်းသီးဖြင့် မျှားပြီး မေ့ဆေးပေး ခွဲစိတ်ရာတွင် ပြင်းပြင်းထန်ထန် တားမြစ်ထားသည့် တားမြစ်ချက် တစ်ခုကို ချိုးဖောက်စေခဲ့လေသည်။

သေချာစဉ်းစားကြည့်လိုက်တော့ တကယ်ပဲ ကြောက်စရာ ကောင်းလွန်းလှ၏။

ဘယ်လိုတောင် စင်းလုံးချော ပြီးပြည့်စုံလိုက်တဲ့ လူသတ် အစီအစဉ်လဲ …

စကားပြောခန်းထဲရှိ ကွန်းမန့်များကို ကြည့်ရင်း ဘော့စ်မေ့မှာ လုံးလုံးလျားလျား အံ့အားသင့်နေမိတော့သည်။

သူ့မိန်းမ၏ ဟင်းလျာများက သူ့ကို အူအတက်ရောင်ရမ်းမှု ဖြစ်ပေါ်လာစေသည့် အဓိက အကြောင်းအရင်း ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။

ရလဒ်က ယုံကြည်နိုင်စရာ မကောင်းလှသလို ထင်ရက်နိုင်စရာလည်း မရှိပေ။

သူနှင့် ဇနီးသည်တို့က လက်ထပ်ထားသည်မှာ နှစ်အတော်ကြာပြီး နှစ်ယောက်ကလည်း အချင်းချင်း တစ်ယောက်ကိုယ်တစ်ယောက် ကြင်နာယုယကြ၏။ ရန်ဖြစ်သည်ဟူ၍ပင် မရှိခဲ့ချေ။

ထို့ပြင် ဇနီးဖြစ်သူ မိသားစု၏ ကြွယ်ဝမှုက သူ့ထက်ပင် အများအပြားသာနေသည်။

သူမက ဘာကြောင့် ယခုလို လုပ်ရပ်မျိုး လုပ်ရမည်နည်း။

တကယ်ပဲ တစ်ချို့ ကြည့်ရှုသူတွေ ပြောသလို …. သူ့မိန်းမက အပြင်မှာ တစ်ယောက်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီး သူ့အပေါ် ဖောက်ပြန်နေတာများလား …..

သူမက ခေတ်သစ် ပန်ကျင်းလျန် ဖြစ်နေပြီလား ….

“ မဟုတ်ဘူး … သူ ငါ့အပေါ် အဲ့လို လုပ်မှာ မဟုတ်ဘူး ….”

ဘော့စ်မေ့ သူ့ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။

“ မင်းငါ့ကို ဒါတွေ လာပြောပြနေရင်တောင် ငါ့မိန်းမ ငါ့ကို သတ်ဖို့ လုပ်မယ်ဆိုတာ ငါ မယုံကြည်ပေးနိုင်ဘူး ….”

“ မင်းပြောသွားတာတွေက အဆီများတဲ့ စားစရာတွေ ၊ အအေးစာတွေ ၊ စပ်တဲ့ အစားအစာတွေက အူအတက်ရောင်ရမ်းစေတယ်လို့ပဲ ပြောထားတာ …. ငါ့မိန်းမ ငါ့ကို အူအတက်ရောင်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ မဆိုလိုဘူး …..”

“ ဒီလောက် ရှုပ်ထွေးတဲ့ နည်းလမ်းတွေ သုံးပြီး ငါ့ကို သတ်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေး ……”

ထိုစကားမျိုးပြောလိုက်သော်လည်းပဲ ဘော့စ်မေ့၏ လေသံမှာ ယခင်ကကဲ့သို့ ခိုင်မာမြဲမြံနေခြင်း မရှိတော့ပေ။

အကယ်၍ တစ်ကြိမ်တစ်ခါ တိုက်ဆိုင်သွားသည်ကို တိုက်ဆိုင်မှုဟု ဆိုလျှင် နှစ်ကြိမ်နှစ်ခါ တိုက်ဆိုင်သွားသည်လည်းက တိုက်ဆိုင်မှုဟု ဆိုနိုင်သည်။

သို့သော် အကြိမ်ရေများစွာ တိုက်ဆိုင်လာခဲ့လျှင်တော့ …

ယင်းကို တိုက်ဆိုင်မှုဟု ဆိုနိုင်ပါဦးမည်လော။

[ သူ့မိန်းမက သူ့ကို ငရဲပြည် ပို့လုနီးပါး ဖြစ်သွားတာတောင် ကာပြီး ပြောနေပေးသေးတုန်းပဲ … ဒီဘဲကြီးကတော့ မျှော်လင့်ချက်မဲ့နေပြီ … ကယ်နိုင်မယ့် လမ်းမမြင်တော့ဘူး … ]

[ မင်းသာ လက်မထပ်ခဲ့ဘူးဆိုရင် ဒီလိုတွေ တစ်ခုမှ ဖြစ်လာခဲ့မှာ မဟုတ်ဘူးကွ … ]

[ ငါဘာလို့ thallium poisoning ကေ့စ်တစ်ခုကို သွားပြီး အမှတ်ရနေမိပါလိမ့် … ]

[ မဆိုင်ဘူးလေ … အဲ့တာက အိုင်ကျူမြင့်တဲ့ ရာဇဝတ်မှု ၊ သာမန်လူက တစ်စုံတစ်ယောက်ကို အဆိပ်ခတ်ဖို့ thallium သုံးတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ …. အဲ့ဥစ္စာက ဈေးကွက်ထဲမှာတောင် ရှာလို့မှ မရဘဲ … ]

[ ဒါကို အိုင်ကျူမြင့်တဲ့ ရာဇဝတ်မှုလို့ မခေါ်နိုင်သေးဘူးပေါ့ … ဘယ်လို သာမန်လူကများ အူအတက်ရောင်တဲ့ စားစရာတွေကို သေချာ အရသာရှိအောင် ချက်ကျွေးပြီး အနုစိတ်တဲ့ အကြံအစည်မျိုးကို ရေးဆွဲနိုင်မှာမို့လို့ …. ဟမ် ]

ဘော့စ်မေ့၏ ဇနီးသည်မှာ ရက်စက်ရုံမျှမက ဉာဏ်ထက်မြက်သည့် လူတစ်ဦးလည်း ဖြစ်သည်။

ခင်ပွန်းဖြစ်သူကို သတ်ဖို့အတွက် အူအတက်ရောင်ရမ်းစေမည့် ဟင်းလျာများကို နှစ်နဲ့ချီ၍ စွဲမြဲစွာ ချက်ပြုတ်ကျွေးမွေးခဲ့လေသည်။

ကြောက်ရွံ့တတ်သည့် ခင်ပွန်းဖြစ်သူ၏ အားနည်းချက်ကို အသုံးချ၍ လုံးဝ သတိလစ်သွားစေမည့် မေ့ဆေးပေး ခွဲစိတ်မှုကို ခွဲစိတ်လာစေရန် လမ်းကျောင်းပေးနိုင်ခဲ့သည်။

ခွဲစိတ်မှု မတိုင်မီတွင်လည်း ခင်ပွန်းဖြစ်သူ မငြင်းဆန်နိုင်သည့် ဒူးရင်းသီးကို ရေခဲသေတ္တာထဲ ထည့်ထားပေးခဲ့၏။

ခြေလှမ်းတိုင်းတွင် ရည်ရွယ်ချက်များ ပြည့်နှက်နေပြီး သေချာ တိတိကျကျ တွက်ချက်ထားခြင်းပင်။

ခွဲစိတ်မှုပြုလုပ်မည့်လူက ဒူးရင်းသီးစားထားသဖြင့် ခွဲစိတ်နေစဉ်အတောအတွင်း အစာပြန်တက်လာပြီး ဘော့စ်မေ့ကို ခွဲစိတ်စားပွဲပေါ်မှာတင် သေသွားစေဖို့ရာ အတော်လေး ရာခိုင်နှုန်းများ၏။

အကယ်၍ မသေခဲ့လျှင်လည်း သူမအတွက်က ICU တွင် နောက်ထပ် အခွင့်အရေး တစ်ခု ရှိနေပြန်သည်။

ရှားလော့ဟုမ်းကိုယ်တိုင် စုံစမ်းလျှင်ပင် ဤမျှ အနုစိတ်သည့် လူသတ်မှုကို တရားခံ ရှာတွေ့ဖို့ဆိုသည်မှာ လုံးဝ ဖြစ်နိုင်မှာ မဟုတ်ချေ။

ဘော့စ်မေ့ မည်သို့မျှ မတတ်နိုင်ဘဲ ကြက်သီးဖြန်းသွားခဲ့တော့၏။

ရိုးရိုးသားသား ဝန်ခံရမည်ဆိုပါက သူ့မိန်းမ သူ့ကို သတ်လိမ့်မည်ဟု လုံးဝ မယုံကြည်နိုင်ပေ။

ဇနီးဖြစ်သူက သူ့ကို သတ်ဖို့ရာအတွက် နှစ်ရှည်စီမံကိန်း ရေးဆွဲပြီး ကြိုးစားနေခဲ့သည်ကိုလည်း မယုံကြည်နိုင်ပေ။

သို့ပေမယ့် ….

လက်ရှိ ဖြစ်နေသည့် အရာများအားလုံးက သူ့အတွက် ပြန်ငြင်းရက်စရာ မရှိအောင် ဖြစ်နေလေတော့သည်။

“ ဒေါက်တာချန် … ဘာကြောင့် ဒီလိုတွေ ဖြစ်လာခဲ့ရတာလဲကွာ …”

ဘော့စ်မေ့၏ သွင်ပြင်မှာ အတော်လေး သနားဖွယ်ရာကောင်းနေသည်။

“ ငါ့မိန်းမက တကယ်ပဲ ငါ့အပေါ် ဖောက်ပြန်နေခဲ့တာလား …. သူ့အကြောင်းတွေ သိသွားတဲ့ တစ်နေ့ ငါသူနဲ့ ကွာရှင်းမှာကို စိတ်ပူနေလို့လား … အဲ့တာကြောင့် သူ ဒီလိုမျိုး လုပ်ခဲ့တာလား ….”

“ အရင်ဦးဆုံး ….” ချန်ယွီ့ ပြောလိုက်ပြီး “ ခင်များ ဇနီးက ခင်များအပေါ် မဖောက်ပြန်ခဲ့ဘူး …..”

“ ဒုတိယအနေနဲ့ … သူ ခင်များကို သတ်ဖို့ ကြိုးစားနေတာက ခင်များရဲ့ ကြွယ်ဝမှုကြောင့်ပဲ …."

“ ငါ့ရဲ့ ကြွယ်ဝမှုကြောင့် ဟုတ်လား ….”

ဘော့စ်မေ့ ကြက်သေသေသွားခဲ့သည်။

သူ့ဇနီးရဲ့ မိသားစုက သူ့ထက်တောင် ပိုချမ်းသာနေတယ်လေ …

ငွေက သူမ သူ့ကို သတ်ချင်နေရတဲ့ အကြောင်းအရင်း ဖြစ်နေမယ်ဆိုတာကိုတော့ သူ မယုံရေးချ မယုံတာ …

ဒါကြောင့်လည်း ကြည့်ရှုသူတွေ သုံးသပ်နေကြသလို ဇနီးသည်က ဖောက်ပြန်နေတာကြောင့် ဖြစ်မှာပါဆိုတဲ့ အယူအဆကိုတောင် ယုံကြည်ခဲ့သေးတယ် …

ဒါပေမယ့် …. ချန်ယွီ့ ပြောလိုက်တာက သူ့ကြွယ်ဝမှုကြောင့်တဲ့လား …

“ ခင်များကသာ ဇနီးဖြစ်သူရဲ့ မိသားစုက ခင်များထက် အများကြီး ပိုချမ်းသာတယ် ဆိုနေတာ …” ချန်ယွီ့ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး “ ဒါပေမယ့် ခင်များ မေ့နေတာ တစ်ခုရှိတယ် ….”

“ ခင်များ သူ့ကို လက်ထပ်ခဲ့တုန်းက သူ့မိသားစုရဲ့ ကြွယ်ဝမှုက ခင်များလောက်တောင် မရှိသေးတာကို ထည့်ပြောဦးလေ ….”

“ အဲ့လိုမျိုးသာ မဟုတ်ခဲ့ရင် ခင်များသူ့ကို လက်ထပ်နိုင်ခဲ့မှာလား ….”

“ အိုး ….”

ဘော့စ်မေ့ ချက်ချင်းပဲ ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့တော့သည်။

သူ မေ့လျော့နေတာ မဟုတ်ဘဲ ထုတ်ပြောရမှာ ရှက်ရွံ့သောကြောင့်ပင်။

သူ ပြောလိုက်သည်နှင့် သန်းနှင့်ချီသည့် ကြည့်ရှုသူများ၏ လှောင်ပြောင်ခြင်းကို ခံရနိုင်သည်။

အကြောင်းအရင်းကတော့ ကျင့်ဝတ်သိက္ခာ ရှိမနေသောကြောင့်ပင်။

အခြားသူအပေါ် အခွင့်ကောင်းယူသည်ဟုတောင် ဆိုနိုင်လေသည်။

ကြည့်ရှုသူများကတော့ အတင်းအဖျင်းအနံ့ကို ရသွားသည့် ဆာလောင်နေသည့် ဝံပုလွေများနှယ် သွားရည်တမြှားမြှားနှင့် ဖြစ်လာခဲ့ကြတော့သည်။

ဘော့စ်မေ့ကို အမှန်အတိုင်းပြောဖို့ ကွန်းမန့်များ ပေးပို့လာကြတော့၏။

အကယ်၍ သူ အသက်ရှင်ချင်သည်ဆိုပါက အမှန်အတိုင်း ပြောဖို့လိုသည်။

ဘော့စ်မေ့မှာ သွားကိုက်နေသည့် မျက်နှာအမူအရာနှင့် နှုတ်ခမ်းကိုကိုက်ထားရင်း ပြောသင့် မပြောသင့် တွေဝေနေမိ၏။

“ ဒီရဲ့လူနာ …. ပြောတာ မပြောတာက ခင်များရဲ့ သဘာဆန္ဒပါပဲ …” ချန်ယွီ့ ပြောလိုက်ပြီး “ ဆရာဝန် တစ်ယောက်အနေနဲ့ ကျုပ်ကတော့ ခင်များကို တွန်းအားပေးမှာ မဟုတ်ဘူး ….”

“ ဒါပေမယ့် ပြောပြရင်တော့ အခြေအနေကို ကူပြီး ဆန်းစစ်ပေးလို့ရတာပေါ့ ….”

“ အဲ့လိုဆို သူ ဘာကြောင့် ဒီလို လုပ်ခဲ့လဲဆိုတာ ခင်များလည်း တိုက်ရိုက်နားလည်သွားမယ် …..”

ချန်ယွီ့ ထိုစကားပြောလိုက်သည်နှင့် ဘော့စ်မေ့ချက်ချင်းပဲ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်သည်။ စဉ်းစားနေခြင်း မရှိတော့ဘဲ သူ ခွန်းတုံ့ပြန်လာခဲ့၏။ “ ငါပြောမယ် ဒေါက်တာချန် … ငါ အားလုံး ပြောပြမယ် …..”

“ မင်းမှန်တယ် … ငါ့မိန်းမ ငါနဲ့ လက်ထပ်ခဲ့တယ်ဆိုတာ ငွေကြောင့်ပဲ ….”

“ အဲ့တုန်းက ငါ ရူးမိုက်ပြီး မလုပ်သင့်တဲ့ အရာတစ်ခုကို ငါ့ဘဝမှာ ပြုလုပ်ခဲ့မိတယ် …”

All Chapters