လက်သမားအိုကြီးနဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတို့ရဲ့ထူးဆန်းတဲ့ အိမ်ထောင်ရေး
Vol. 33 Ch. 326
အစိုးရ၏ အိမ်သိမ်းခြင်းကို ခံလိုက်ရသည့် အခြားသော သာမန်လူများနှင့် မတူညီပါဘဲ သူသည် ဘဝတစ်ဝက်စာလောက်ကို ဆင်းဆင်းရဲရဲနှင့် ဖြတ်သန်းခဲ့ရသည်။ ထို့ကြောင့် များပြားလှသည့် ငွေပမာဏကြောင့် သူ စုံလုံး ကန်းမသွားခဲ့ချေ။
သေးငယ်သည့် ရေစီးကြောင်းလေးများ စုပေါင်းခါမှ မြစ်ကြီးတစ်စင်း ဖြစ်လာသည်ဟူသော သဘာတရားကို ကောင်းစွာ နားလည်လေသည်။
ယွမ် သန်း ၁၂၀ ဆိုသည်က အတော်လေး များပြားလှသည့် ငွေပမာဏ တစ်ခုဟု သတ်မှတ်နိုင်သော်လည်း အကယ်၍ သူသာ အချည်းနှီး ထိုင်၍ သုံးဖြုန်းနေမည်ဆိုပါက နှစ်အနည်းငယ် အတွင်းမှာပဲ သူ့ နဂို အခြေအနေသို့ ပြန်လည် ရောက်ရှိသွားနိုင်သည်။
အကယ်၍ သူသာ ဆက်ပြီး ချမ်းသာခင်သည်ဆိုပါက ရင်းနှီးမြုပ်နှံမှု ပြုဖို့ လိုအပ်၏။
သူ့ငွေကို ပို၍ပို၍ ပေါများလာအောင် လုပ်ဖို့လိုအပ်ပြီး သို့မှလည်း သူ့နောင်မျိုးဆက်တို့က ဆင်းဆင်းရဲရဲ မနေရတော့မှာ ဖြစ်သည်။
ဤသို့သော စိတ်အကြံအစည်ဖြင့် ဘော့စ်မေ့က သူတို့ကိုယ်သူတို့ အကြံပြုကြသည့် မရေမတွက်နိုင်သည့် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီများထဲ အရည်အချင်းပြည့်မီသည့် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတစ်ခုကို ရွေးချယ်လိုက်သည်။
တစ်ဖက်သူက သူ့အတွက် ရင်းနှီးမြုပ်နှံနိုင်မည့် ပရောဂျက်များကို ရွေးချယ်ပေး၏။
သိပ်မကြာခင်မှာပဲ ပရောဂျက်က ရောက်ရှိလို့လာသည်။
ဒေသခံ ကုမ္ပဏီတစ်ခုက ငွေစီးဆင်းမှု ပြတ်တောက်မှုနှင့် ကြုံတွေ့နေရပြီး ပရောဂျက်ကို ဆက်လက် လည်ပတ်နိုင်စေရေးအတွက် အရေးတကြီး ငွေလိုအပ်နေသည်။
ကုမ္ပဏီက ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို ယွမ်သန်း လေးဆယ်နှင့် အလဲအလှယ် လုပ်ဖို့ ဆန္ဒရှိ၏။
ဘော့စ်မေ့ သက်ပြင်းချပြီး ပြောလိုက်သည်။
“ အဲ့တုန်းက ငါ့မိန်းမရဲ့ မိသားစုရဲ့ ကုမ္ပဏီအခြေအနေက တော်တော်လေးကို ဆိုးရွားနေတယ် ….”
“ ဒေသထဲ ဘယ်သူကမှလည်း သူတို့ကို နာလံပြန်ထူနိုင်မယ် မထင်တော့ ဘယ်သူမှ ငွေမချေးပေးကြဘူး ….”
“ ငါလည်း အဲ့တုန်းက ထွေထူးလုပ်ပြီး မစဉ်းစားမိဘူး … ယွမ်သန်းလေးဆယ်ကို တစ်ခါတည်း ထုတ်ပေးရမှာက များလွန်းတယ်လို့ပဲ တွေးမိတယ် ….”
“ ငါ့ပိုက်ဆံတွေ ဆုံးရှုံးသွားခဲ့ရင် ဒုက္ခရောက်သွားမှာလေ …. “
“ အင်း … အခု ငါ့မိန်းမကို မမြင်တွေ့ခင် အချိန်ထိပေါ့ …..”
“ ငါ့မိန်းမက သူ့မိသားစု ကုမ္ပဏီကို ကိုယ်စားပြုပြီး ငါနဲ့ ပိုက်ဆံကိစ္စ လာဆွေးနွေးတယ် ….”
“ ငါလည်း သူ ဆွဲဆောင်တာ ခံလိုက်ရတယ် … သူလေးက သိပ်လှနေတာကိုး … ငါ့ဘဝတစ်လျှောက် မြင်တွေ့ဖူးသမျှထဲ အလှဆုံး မိန်းကလေးလို့ ပြောလို့ရတယ် …..”
ထိုစဉ်အချိန်က မြင်ကွင်းများကို ပြန်လည်မြင်ယောင်ရင်း ဘော့စ်မေ့၏ မျက်နှာထက်တွင် အူကြောင်ကြောင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
အသက် နှစ်ဆယ်ကျော်အရွယ်မျှသာ ရှိသေးသည့် သူ့ဇနီးက တုနှိုင်းမမှီလောက်အောင်ကို လှပနေခဲ့သည်။
သူ့ဇနီးကို မြင်မြင်ချင်းမှာပဲ သူ ချစ်ကျွမ်းဝင်မိသွားခဲ့၏။
အတိတ်တစ်ချိန်တုန်းကဆိုလျှင်တော့ သူ ထိုအတွေးမျိုး ဘယ်တော့မှ စဉ်းစားဝံ့မှာ မဟုတ်သော်လည်းပဲ …
ယခုမူကား အခြေအနေတို့က မတူညီတော့ချေ။
သူ့မိန်းမ၏ မိသားစုက ဒေဝါလီခံရမည့် အန္တရာယ်နှင့် ကြုံတွေ့နေရပြီး ငွေအများအပြား လိုအပ်နေသည်။
ဘော့စ်မေ့ ချက်ချင်းပဲ အကြံတစ်ခု ရသွားခဲ့သည်။
ဇနီးဖြစ်သူ မိန်းကလေးက မက်မောလောက်စရာ အကျိုးအမြတ်များစွာကို တစ်ခုပြီးတစ်ခု ကမ်းလှမ်းနေခဲ့သော်လည်း ဘော့စ်မေ့က အမှုမထားသည့် အမူအရာမျိုးသာ ချိတ်ဆွဲထားခဲ့သည်။
သူမကို လိုက်ပို့ပေးပြီးနောက် ချက်ချင်းပဲ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ၏ တာဝန်ရှိသူကို ရှာဖွေခဲ့၏။
သူ့ဆိုလိုရင်းကို မသိမသာ သွယ်ဝိုက်ပြီး ဖော်ပြခဲ့လေသည်။
သူ့ဇနီးသည် မိသားစု၏ ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံပေး၍ရသည်။ သို့သော် အခြေအနေတစ်ရပ်တော့ ရှိ၏။ ယင်းကတော့ သူတို့ သမီးကို သူနှင့် လက်ထပ်ပေးရမည်။
သိပ်မကြာခင်မှာပဲ တစ်ဖက်သူက သူ့ထံသို့ မက်ဆေ့ချ်တစ်ခု ပို့လာခဲ့၏။
အဆင်ပြေပြီ။
တစ်ဖက်က ဤမျှ လျင်မြန်စွာ သဘောတူလာလိမ့်မည်ဟု ဘော့စ်မေ့ထင်မှတ်မထားခဲ့ချေ။ ချက်ချင်းပဲ ပိုက်ဆံ ထည့်လိုက်၏။
ဤသို့ဖြင့် နှစ်ယောက်မှာ မင်္ဂလာခန်းမကြီးထဲ အတူ လမ်းလျှောက်ဝင်လာခဲ့ကြတော့သည်။
ဘော့စ်မေ့၏ အမြင်တွင် ယွမ် သန်း ၄၀က များပြားသော်လည်း အထက်တန်းကျစွာ မွေးဖွားလာသည့် နတ်သမီးလေးလိုလှသည့် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်နိုင်သည်က လုံးဝကို တန်သည်။
အရာအားလုံး ဆုံးရှုံးသွားခဲ့လျှင်ပင် သူ့တွင် ယွမ် သန်း ရှစ်ဆယ် ကျန်နေသေးသည် မဟုတ်ပါလား။
သန်း ၁၂၀ ဆိုသည်မှာလည်း ကောင်းကင်က ပြုတ်ကျလာသည့် ပိုင်မုန့်ကြီး ဖြစ်၏။
ကံကောင်းမှုက တစ်စိတ်တစ်ပိုင်း ဆိုသော်ငြားလည်း ယင်းကလည်း ကံကြမ္မာပင်။
နှစ်ဦးလက်ထပ်ပြီး မကြာခင်မှာပဲ ပရောဂျက်က သူ့ပိုက်ဆံအကူအညီဖြင့် ပြန်လည် နာလံထူလာနိုင်ခဲ့သည်။
အရွယ်အစားက တစ်ဖြည်းဖြည်းကြီးထွားလာခဲ့ပြီး ယခုလို ဈေးကွက်တန်ဖိုး တစ်ဘီလီယမ် ကျော်သွားခဲ့ပြီ ဖြစ်၏။
“ နည်းနည်း စက်ဆုပ်ဖို့ကောင်းမှန်း ငါ သိတယ် …” ဘော့စ်မေ့က ကိုးရို့ကားယားနိုင်စွာ ဆိုလိုက်ပြီး “ ဒါကြောင့်မို့ ငါတို့ လက်ထပ်ပြီးတော့ ငါ့မိန်းမ ဘာပဲ လိုချင်လိုချင် သူ စိတ်ကျေနပ်အောင် ငါအကောင်းဆုံး ကြိုးပမ်းပေးတယ် ….”
“ ဧကန္တ ……”
ဘော့စ်မေ့၏ နှလုံးခုန်သံတို့ ရုတ်ချည်း မြန်ဆန်လာခဲ့၏။
မဟုတ်မှလွဲရော သူ့မိန်းမရဲ့ မိသားစုက အဲ့တုန်းက ကိစ္စကို အငြှိုးတေးထားပြီး သူ့ကို သတ်ချင်နေတာများလား …
သေချာစဉ်းစားကြည့်လိုက်တော့လည်း ယင်းက မဖြစ်နိုင်တာ မဟုတ်ပေ။
“ ဟင်း ….”
ဘော့စ်မေ့ သူ့နဖူးသူ နာကျင်နေသည့် အမူအရာဖြင့် ဖတ်ခနဲ ရိုက်ရင်း သက်ပြင်းချလိုက်သည်။
“ ငါ အဲ့တုန်းက တော်တော် လွန်ကြူးတဲ့ တောင်းဆိုမှုမျိုး ပြုခဲ့မိတာပဲ … ငါ့မိန်းမနဲ့ သူ့မိဘတွေက စကားအရသာ သဘောတူတယ်ဆိုပေမယ့် သူတို့ ရင်ထဲမှာတော့ အတော်လေး မုန်းတီးနေကြလောက်တယ် …”
“ သူ့အဖေက ကုမ္ပဏီတစ်ခုရဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး …. ငါကတော့ ဒီတိုင်း အိမ်သိမ်းခံလိုက်ရတာကြောင့် ချမ်းသာလာတဲ့ ဆောက်လုပ်ရေး ဆိုက်က သာမန် လက်သမား တစ်ယောက်ပဲ …”
“ သူတို့ မိသားစုက ပရောဂျက်ကို ပြန်လည်ပတ်ဖို့ ပိုက်ဆံလိုအပ်နေတာကို အခွင့်ကောင်းယူပြီး သူတို့သမီးနဲ့ လက်ထပ်ပေးဖို့ တောင်းဆိုခဲ့မိတယ် ….”
“ ကျိန်းသေပေါက် ငါ့အပေါ် မုန်းတီးနေကြမှာပဲ ….”
ကြည့်ရှုသူများလည်း ဤသို့ ဖြစ်လောက်မည်ဟု ခံစားလိုက်ကြရသည်။
အကယ်၍ ဘော့စ်မေ့၏ ဇနီးသည်နေရာတွင် သူတို့ဆိုပါကလည်း ဒေါသထွက်မိမည်မှာ သဘာဝပင်။
သူ လုပ်ခဲ့သည်က အင်မတန် ရွံဖို့ကောင်းလှ၏။
အကယ်၍ သူတို့သမီးကို လက်မထပ်ပေးဘူးဆိုပါက ရင်းနှီးမြုပ်နှံမှုလည်း ရရှိမှာ မဟုတ်ချေ။
မိသားစု၏ ပိုင်ဆိုင်ကြွယ်ဝမှုတို့ တိုးပွားလာသည်နှင့် ယင်းက သူတို့ ရင်ဘက်ထဲတွင် ထာဝစဉ် နာကျည်းမုန်းတီးနေမည့် အရာတစ်ခု ဖြစ်လာသည်။
သူတို့၏ အဖိုးတန်လှသည့် သမီးလေး ။
အသက် နှစ်ဆယ်ကျော်မျှသာ ရှိသေးသည့် သမီးလေးကို အသက်လေးဆယ်နီးပါး ရှိနေသည့် လက်သမားတစ်ဦးနှင့် ပေးစားလိုက်ရ၏။
ဘယ်မိဘများက ဤအချင်းအရာကို ဒေါသမထွက်ဘဲ နေနိုင်လိမ့်မည်နည်း။
“ သူတို့တွေ အဲ့လောက်ထိ အလွယ်တကူ သဘောတူလာခဲ့ကြတာ မဆန်းတော့ပါဘူး … အစကတည်းကရင် ငါ့ကို ဒီလိုဖြစ်အောင် လုပ်ဖို့ ကြံစည်ထားကြတာ ဖြစ်လောက်တယ် ….”
“ သူတို့က ငါ့ပိုက်ဆံကို အရင်ယူထားပြီး နောက်တော့မှ ငါ့မိန်းမကို ဖြည်းဖြည်းချင်း ညှင်းသတ်ခိုင်းမယ် ….”
ဘော့စ်မေ့က ချန်ယွီ့ကို ကြည့်လိုက်၏။
“ အခြေအနေက ဒီလိုပဲမလား ဒေါက်တာချန် ….”
“ မဟုတ်ဘူး ….” ချန်ယွီ့က ချက်ချင်းပဲ ဆန့်ကျင်ဘက် အဖြေတစ်ခုကို ပေးလိုက်၏။
“ ဟင် မဟုတ်ဘူးလား ….”
“ ဒါဆို ဘာကြောင့်လဲ ….” ဘော့စ်မေ့ အံ့အားသင့်စွာ မေးမြန်းလိုက်၏။
ချန်ယွီ့ ခါးသက်စွာပြုံးရင်း ခေါင်းကို အသာ ခါယမ်းလိုက်သည်။
“ ကျုပ် အစောကြီးကတည်းက ပြောခဲ့ပြီးပြီလေ … ခင်များဇနီး ခင်များကို သတ်ချင်တယ်ဆိုတာ တစ်ခြားကြောင့် မဟုတ်ဘူး … ငွေကြောင့်ပဲ … “
“ ဒါကြီးက ယုတ္တိမှ မရှိတာ ….”
ဘော့စ်မေ့ သူ့နားထင်ကို ခပ်နာနာ ဖိနှိပ်ထားရင်း “ ငါ သူနဲ့ လက်ထပ်တုန်းက သူ့မိသားစုက ငါ့လောက် ပိုက်ဆံမရှိဘူးဆိုပေမယ့် အခု လက်ထပ်ပြီးတဲ့နောက်မှာ သူတို့ပိုင်တဲ့ ကြွယ်ဝမှုက ငါ့ထက်တောင် အများကြီး သာနေပြီ ….”
“ ငါ့လက်ထဲက ငွေကို မျက်စောင်းထိုးစရာအကြောင်းမှ မရှိတော့တာ …..”
“ ဒါတွေအကုန်လုံးက ခင်များဘာခင်များ ပြောနေတာတွေလေ ….” ချန်ယွီ့ ပြောလိုက်ပြီး “ ပိုက်ဆံ ပိုရှိတယ်ဆိုတာက ခင်များ ဇနီးရဲ့ မိသားစု … ခင်များရဲ့ ဇနီး မဟုတ်ဘူး …..”
“ အဲ့တာ ကွာခြားလို့လား …..”
ဘော့စ်မေ့မှာ ချန်ယွီ့ စကားလုံး လုံးဝ နားမလည်နိုင်ဖြစ်နေသည်။
“ ဒါပေါ့ … လုံးဝ ကွာတာပေါ့ …..”
“ ခင်မျာကို သတ်ချင်တာကလည်း ခင်များရဲ့ ဇနီး …..” ချန်ယွီ့ ပြောလိုက်ပြီး “ ခင်များရဲ့ ကြွယ်ဝမှုတွေကို သိမ်းပိုက်ချင်တာကလည်း ခင်များရဲ့ ဇနီး …..”
“ သူ့မိသားစုနဲ့ ဘာမှမဆိုင်ဘူး ….”
“ ဟင် … နေဦး ခဏလေး …”
ဘော့စ်မေ့ ခေတ္တ အတွေးနက်သွားခဲ့ပြီး “ ဒါဆို ငါ့ယောက္ခမနဲ့ ခမည်းခမက်က ငါ့ကို မသေစေချင်ကြဘူးပေါ့ … သူတို့သမီးက ငါ့ကို သတ်ချင်နေတဲ့ ရည်ရွယ်ချက်ရှိမှန်းတောင် မသိကြဘူးပေါ့ … ပြီးတော့ သူတို့က ငါ့ငွေတွေကိုလည်း မလိုချင်ဘူးပေါ့ ….. အဲ့လိုလား ….”
ချန်ယွီ့ ခေါင်းညိတ်လိုက်တာကို မြင်တော့ ဘော့စ်မေ့ ထပ်ပေါင်းပြောလာခဲ့သည်။ “ ဒါဆို ယုတ္တိမှ မရှိတာ ….”
“ သူက မိသားစုထဲမှာ တစ်ဦးတည်းသော သမီးလေ .. သူ့မိဘတွေ သေရင် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးက သူ့အပိုင် ဖြစ်လာမှာကိုပဲ ငါ့ပိုက်ဆံက ဘာလို့ လိုချင်နေရမှာ …..”
ဘော့စ်မေ့သာလျှင် ဇဝေဇဝါ ဖြစ်နေသည်မဟုတ်ဘဲ ကြည့်ရှုသူများဆိုလျှင် ပို၍ပင် နားမလည်နိုင် ဖြစ်နေမိကြ၏။
တကယ်သာဆို သူမရဲ့ မိသားစုက ယွမ် တစ်ဘီလီယမ်ကျော် ချမ်းသာပြီး တစ်ခြား အမွေဆက်ခံသူတွေလည်း မရှိဘူးဆိုရင် သူမမိဘတွေ ကွယ်လွန်သွားတာနဲ့ အဲ့ဒီ အမွေတွေ အကုန်လုံးက သူမလက်ထဲ ရောက်လာခဲ့မှာပဲ မဟုတ်ဘူးလား …
“ အရင်ဦးဆုံး …” ချန်ယွီ့ ရှုပ်ထွေးနေသည့် ခံစားချက်များနှင့် စကားချီ၍ “ ခင်များရဲ့ ဇနီးက သူ့မိဘတွေရဲ့ သမီးအရင်း မဟုတ်ဘူး … သူတို့အတွက်က အသုံးချခံ ကိရိယာ သပ်သပ်တည်း ….”
“ နောက်တစ်ချက် အနေနဲ့ … ခင်များဇနီး ငွေအတွက် ခင်များကို သတ်မယ်ဆိုတာကလည်း သူ့ အစီအစဉ်ရဲ့ ကနေဦး ခြေလှမ်းပဲ ရှိသေးတယ် ….”
“ အစီအစဉ်ရဲ့ ဒုတိယ ခြေလှမ်းက လက်စားချေဖို့ပဲ …..”
“ တတိယအနေနဲ့ ….” ချန်ယွီ့ ကြက်သေသေနေသည့် ဘော့စ်မေ့ကို ကြည့်လိုက်ပြီး “ ခင်များဇနီးက ခင်များကို ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေ ချက်ကျွေးပြီး ခန္ဓာကိုယ်ကို ပျက်စီးစေချင်တယ် ….”
“ ခင်များရဲ့ ခန္ဓာကိုယ် ပျက်စီးသွားတဲ့အခါကျရင် ခင်များလည်း ကိုယ့်ဘာကိုယ် ဂရုစိုက်နိုင်တော့မှာ မဟုတ်ဘူး …. သူလည်း ဟိုလိုကိစ္စတွေကို လုပ်ပေးစရာ မလိုတော့ဘူး ….”
“ နောက်ပြီး ခင်များရဲ့ ဇနီးသည်တစ်ယောက်အနေနဲ့ ခင်များရဲ့ ကြွယ်ဝမှုတွေကို ထိန်းချုပ်ပိုင်ခွင့်ရှိတယ် …..”
“ ပြီးတော့ …. မနှစ် နှစ်ကုန်ပိုင်းလောက်မှာ သူ့စိတ်ကို ပြောင်းလဲသွားစေမယ့် ကိစ္စနှစ်ခုလည်း ဖြစ်ပျက်ခဲ့သေးတယ် ….”
“ ခင်များ သေကို သေရမယ် … ပြီးတော့ မြန်နိုင်သမျှ မြန်မြန် သေရမယ် …”