တစ်ယောက်က ကျန်တစ်ယောက်ထက်ပို၍ ကောက်ကျစ်နေခြင်း
Vol. 33 Ch. 327
[ ကြွယ်ဝမှုတွေ များပြားခြင်းက မနာလိုခြင်းကို ဆွဲဆောင်တယ်ဆိုတာ အမှန်ပါလား ]
[ ဒါကြီးကတော့ သောက်ရမ်း ရက်စက်လွန်းပါတယ် … ]
[ ဒီဘဲကြီးက ကံကောင်းတယ်ဆိုပေမယ့် သူ့မှာ ငွေတွေကို စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည်မရှိဘူး … ]
[တကယ်လို့ မင်းရဲ့ ငွေတွေက ခက်ခက်ခဲခဲ ရှာဖွေထားရတာတွေ မဟုတ်ဘူးဆိုရင် လူတွေက မင်းပိုက်ဆံတွေကို အလွယ်လေး လိမ်သွားကြလိမ့်မယ် … ]
[ သူ့ဇနီးက မွေးစားသမီးဆိုရင်တောင် အမွေဆက်ခံပိုင်ခွင့်တော့ ရှိသေးတုန်းပဲ မဟုတ်လား… ]
[ ငါတော့ နောက်ထပ် အတင်းအဖျင်း အကြီးစားတစ်ခု ရှိနေဦးမယ်လို့ အာရုံရနေတယ် ]
ကြည့်ရှုသူများက ‘ သူသေကိုသေရမည်’ဆိုသည့် စကားအဓိပ္ပာယ်ကို နားမလည်ကြချေ။
ဘော့စ်မေ့က သူ့လက်ထဲရှိသည့် ငွေအသပြာနှင့် ဇနီးဖြစ်သူ၏ မွေးစားမိဘများနှင့် ညှိနှိုင်းခဲ့သည်က အမှန်တကယ်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းလွန်းလှသည်။
သူ့ခမည်းခမက်များက သိပ်မကြာခင်မှာပဲ သူတို့သမီးကို လက်ထပ်ပေးဖို့ သဘောတူလာသည်မှာ မထူးဆန်းတော့ချေ။
တကယ်တမ်းကျတော့ သူမက မွေးစားသမီး ဖြစ်နေလေသည်။
သို့ပေမယ့်လည်း …
သူမ၏ မွေးစားမိဘများက သူတို့သမီးကို မနှစ်သက်ကြဘူးဆိုမှတော့ တကယ်လို့ သူ့ဇနီးက ငွေအတွက် လူသတ်ချင်တယ်ဆိုရင် သူမရဲ့ မွေးစားမိဘတွေဆီကိုပဲ သွားသင့်တယ်မဟုတ်ဘူးလား …
ခင်ပွန်းသည်နဲ့ ဘာဆိုင်လို့ …
ဘော့စ်မေ့မှာ အကျည်းတန်သည့် မျက်နှာအမူအရာနှင့် ဖြစ်နေတော့သည်။ ယခုတော့ သူ့တွင် အခြားရွေးချယ်စရာမရှိပါဘဲ ယုံကြည်ဖို့သာ ကျန်သည်။
သားမက်တစ်ယောက် အနေဖြင့် ၊ ဘော့စ်မေ့သည် သူ့ဇနီးနှင့် ယောက္ခမများ၏ ဆက်ဆံရေးကို အနည်းအကျဉ်းတော့ နားလည်သဘောပေါက်ထားသည်။
မိသားစုက သင့်မြတ်လှသည် မဟုတ်ပေ။
အပေါ်ယံတွင် ရယ်ရယ်မောမောနှင့် စကားပြောဆိုနေကြပြီး သင့်မြတ်နေဟန်ပေါ်သော်လည်း နောက်ကွယ်တွင်တော့ ရှင်းပြရ မရိုးရှင်းသည့် အကြောင်းအရင်းမျိုးစုံ ရှိနေသည်။
သူကတော့ သူ့ ယောက္ခမများက သမီးထက် သားကို ပိုဦးစားပေးသည့် မိသားစု ဖြစ်သောကြောင့် သမီးဖြစ်သူနှင့် ထိုမျှ မရင်းနှီးဘဲ ဖြစ်နေသည်ဟု တွေးထင်ခဲ့၏။
သူ့ဇနီးသည်က ၎င်းတို့၏ သမီးအရင်း မဟုတ်ဘဲ ဖြစ်နေလိမ့်မည်လို့တော့ ဘယ်တုန်းအခါမျှ မစဉ်းစားခဲ့ဖူးပါချေ။
“ ဒေါက်တာချန် … မနှစ် နှစ်ကုန်ပိုင်းတုန်းက ဘာတွေ ဖြစ်ပျက်ခဲ့လို့ ….”
“ ဘာကြောင့် ငါ့ဇနီးက ငါ့ကို အဲ့လောက်ထိ သတ်ချင်ရတာလဲ …..”
ဘော့စ်မေ့ အဆိုပါ မေးခွန်း မေးမြန်းလာသည်ကို ကြားတော့ ကြည့်ရှုသူများမှာ ချက်ချင်းပဲ ကွန်းမန့်များ ရေးသားပေးပို့နေကြသည်ကို ရပ်တန့်လိုက်ကြပြီး စခရင်မျက်နှာပြင်ကို မျက်တောင်မခတ်တမ်း အာရုံစိုက်နေကြတော့၏။
“ မနှစ် နှစ်ကုန်ပိုင်းမှာ ခင်များရဲ့ ဇနီးက လျှို့ဝှက်ချက်တစ်ခုကို သိသွားခဲ့တယ် ….”
“ သူ့ရဲ့ မွေးစားအဖေက ငွေတွေကို တိတ်တိတ်လေး လွှဲပြောင်းပြီး မနက်ဖြန်မှာ ခင်များကို ခွဲစိတ်မှုလုပ်ပေးမယ့် ဆေးရုံကို ဝယ်ယူခဲ့တယ် ….”
“ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းဖို့ ပြင်ဆင်နေတဲ့အပြင် သူ့ရဲ့ မွေးစားအဖေက သူမကို တရားဥပဒေအရ အာမခံအဖြစ် ထားဖို့ စီစဉ်နေပြီး အကြွေးတွေ အကုန်လုံးကို ခေါင်းခံခိုင်းဖို့ စီစဉ်နေတယ် ….”
ချန်ယွီ့က ဘော့စ်မေ့ဇနီးသည် မိသားစု၏ အတွင်းတိုက်ပွဲများအကြောင်းကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့၏။
ဘော့စ်မေ့၏ ယောက္ခမနှင့် ခမည်းခမက်တို့က အိမ်ထောင်သက်တမ်း နှစ်ပေါင်းမနည်းတော့သော်လည်း သားသမီး မထွန်းကားနိုင်ဘဲ ဖြစ်နေခဲ့သည်။
စစ်ဆေးကြည့်ပြီးသည့်နောက် ခန္ဓာကိုယ်ကျန်းမာရေးနှင့် ပတ်သက်၍လည်း နှစ်ဦးလုံးတွင် ပြဿနာ ရှိမနေချေ။
ဆေးဝါးအကူအညီကို မရရှိနိုင်တော့ သူတို့တွေ ဂမ္ဘီရဆန်သည့် ပညာရပ်ဘက်ခြမ်းသို့ လှည့်သွားခဲ့ကြတော့သည်။
“ ခင်များတို့ ဧရိယာမှာ ကျေးလက်ဒဏ္ဍာရီ တစ်ပုဒ်ရှိတယ် .. တကယ်လို့ စုံတွဲက ကျန်းမာလျက်သားနဲ့ ကလေး မမွေးနိုင်ဘူးဆိုရင် သူတို့ရဲ့ ပျော်ရွှင်မှုတွေကို တိုးပွားလာစေဖို့အတွက် ကလေးတစ်ယောက်ကို မွေးစားလို့ရတယ် ….”
ထိုစကားပြောပြီးနောက် ချန်ယွီ့က ဘော့စ်မေ့ကို စူးစိုက်ကြည့်လိုက်ပြီး “ ကျုပ်ပြောတာ မှန်တယ်မလား …..”
“ တကယ်လည်း ငါတို့ဘက်မှာ အဲ့လို ဒဏ္ဍာရီမျိုး ရှိတယ် …. လူတော်တော်များများက သူတို့ကလေးတွေကို အဲ့ဒီနည်းနဲ့ ကိုယ်ဝန်ရသွားခဲ့ကြတာပဲ ….”
ဘော့စ်မေ့ မသိစိတ်အလျက် ခေါင်းညိတ်လိုက်၏။
သူက ကျေးလက်ဘက်မှ လာပြီး ဤသို့သော ဒဏ္ဍာရီမျိုးကို ကြားဖူးရုံမျှမက ဤနည်းလမ်းကို အသုံးပြုပြီးနောက် လူတို့ ကိုယ်ဝန်ရသွားသည်ကိုပင် မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့သည်။
“ ခင်များရဲ့ ခမည်းခမက် မိသားစုကလည်း ကျေးလက်ဘက်ကပဲ … သူတို့လည်း အဲ့ဒီ ဒဏ္ဍာရီအဆိုကို သံသယမရှိဘဲ အကြွင်းမဲ့ ယုံတယ် ….”
“ သူတို့ရဲ့ ဇာတာကို ဖတ်ပေးမယ့်သူ ငှားရမ်းပြီးတော့ လက်ရှိ ခင်များရဲ့ ဇနီးကို မွေးစားလိုက်ကြတယ် ….”
“ ကံဆိုးချင်တော့လည်း အယူသည်းမှုဆိုတာ အယူသည်းမှုပါပဲ …. သူတို့တွေ ခင်များဇနီးကို ပြုစုပျိုးထောင်လာခဲ့တာ နှစ်တွေ ဒီလောက်ကြာလာတောင် ခင်များရဲ့ ယောက္ခမမှာတော့ ကိုယ်ဝန် မရနိုင်သေးဘူး ….”
“ တစ်ခြားသူသာ ဒီနည်းလမ်းသုံးပြီး ကိုယ်ဝန်ရချင်ရမယ် …. ဒါပေမယ့် သူကတော့ မရနိုင်ခဲ့ဘူး …” ချန်ယွီ့ နှာခေါင်းရှုံ့လိုက်ပြီး “ ဒီလိုနဲ့ ခင်များရဲ့ ယောက္ခမက သူ့ဒေါသတွေကို ခင်များဇနီးအပေါ် ပုံချလာတယ် ….”
“ သူနဲ့ ဆန့်ကျင်ဘက် ခင်များရဲ့ ခမည်းခမက်ကတော့ တကယ့် အစစ်အမှန် လက်တွေ့ကို လျင်လျင်မြန်မြန်ပဲ သတိထားမိသွားခဲ့တယ် ….”
“ ကျေးလက် ဒဏ္ဍာရီ အဆိုတွေဆိုတာ အသုံးမဝင်တဲ့ အရာတွေမှန်း သူ သိလိုက်ရပြီ … ဒီလိုနဲ့ မယားငယ် စထားတော့တာပဲ ….”
“ သိပ်မကြာခင်မှာပဲ မယားငယ်က ကိုယ်ဝန်ရသွားပြီး သူ့အတွက် သားလေးတစ်ယောက် မွေးပေးခဲ့တယ် ….”
“ ခင်များရဲ့ ယောက္ခမက ဩဇာညောင်းတဲ့ မိန်းမတစ်ယောက် … ယောက်ျားလုပ်သူက အပြင်မှာ မယားငယ်ထားပြီး အဲ့မယားငယ်က ကလေးတစ်ယောက် မွေးထားပေးတာကို သိတာနဲ့ ကျိန်းသေပေါက် ဆူဆူညံညံတွေ လုပ်မှာပဲ ….”
“ သူတို့ချင်း ကွာရှင်းကြရင်တောင် အနည်းဆုံး ပိုင်ဆိုင်မှု တစ်ဝက်ကိုတော့ အရယူသွားမှာ ကျိန်းသေတယ် ….”
“ သေချာလေး စဉ်းစားဆုံးဖြတ်ပြီးတော့ ခင်များရဲ့ ခမည်းခမက်က ကလေးကို အပြင်မှာပဲ ပျိုးထောင်ဖို့ ဆုံးဖြတ်လိုက်တော့တယ် ….”
ဘော့စ်မေ့မှာ ဆွံ့အနေမိတော့၏။
သူ့ ခမည်းခမက်က အဲ့လို မကောင်းတဲ့ လူစားမျိုးလား …
အိမ်ကွင်းမှာ ဂိုးရအောင် ကန်ရမယ့် အစား အဝေးကွင်းမှာ ဂိုးတွေ အပိုင်သွင်းနေတယ် …
“ ဒေါက်တာချန် … ငါ့ဇနီးက ငါ့ကို သတ်ဖို့ အစီအစဉ်တွေ တစ်ခုပြီး တစ်ခု ဆွဲခဲ့ပုံ ထောက်ရင် သူ ငယ်ငယ်လေးတုန်းကတည်းက ဉာဏ်တော်တော် ကောင်းခဲ့တယ်မလား ….”
“ ဟားဟား …”
ချန်ယွီ့ ခပ်သာသာ ရယ်မောလိုက်ပြီး “ ခင်များ ဘာမေးချင်နေလဲ ကျုပ်သိတယ် ….”
“ အသက် ဆယ်နှစ် အရွယ်ရောက်တော့ ခင်များ ဇနီးက သူ့တန်ဖိုးသူ နားလည်နေပြီ ….”
“ မွေးစားမိဘတွေ သူမကို မွေးစားတယ်ဆိုတာ မိသားစု တစ်ခု ပေးချင်လို့ မဟုတ်ဘူး … ကိုယ်ဝန်ဆောင်နိုင်မယ့် အဆောင်တစ်ခု အနေနဲ့ အသုံးချခဲ့တာ ….”
“ မွေးစားမိခင်က ကလေး မမွေးနိုင်တာ သူ့ကြောင့်လို့ အပြစ်တင်တယ် … ခဏခဏရိုက်တယ် … ဆဲတယ် ….”
“ အဲ့တာတွေကလည်း သူ့ရင်ထဲမှာ ရန်ငြှိုးနဲ့ အာဃာတမျိုးစေ့ကို စိုက်ပျိုးပေးလိုက်သလို ဖြစ်သွားစေခဲ့တာပဲ ….”
“ ဒီစုံတွဲအပေါ် လက်စားချေဖို့ စိတ်ပိုင်းဖြတ်သွားစေတာကတော့ ခင်များနဲ့ လက်ထပ်ပေးလိုက်တဲ့ကိစ္စကြောင့်ပဲ ….”
“ မွေးစားမိဘတွေက သူမကို သမီးတစ်ယောက်လို မဆက်ဆံရုံတင် မကဘူး ၊ လူလို့တောင် သဘောမထားကြတော့ဘူး ….”
“ သမီးဖြစ်သူနဲ့ လက်ထပ်ပေးတာနဲ့ ပိုက်ဆံချေးပေးမယ်ဆိုတာ သိတော့ တစ်စက္ကန့်တောင် မတွေဝေဘဲ သဘောတူလိုက်ကြတယ် … “
“ ကုန်ပစ္စည်းတစ်ခုကို ထုတ်ရောင်းသလိုမျိုး ခင်များ လက်ထဲ ချက်ချင်း ထည့်ပေးလိုက်ကြတယ် ….”
“ ဒါကြောင့် … မွေးစားမိဘတွေကို မုန်းတီးရုံတင်မကဘူး … ခင်များကိုလည်း မုန်းတယ် ….”
ဘော့စ်မေ့မှာ တုန်ယင်သွားခဲ့ပြီး ထိုင်ခုံပေါ်မှ ပြုတ်ကျသွားခဲ့တော့၏။
“ သူ .. သူ ငါနဲ့ လက်ထပ်လိုက်တဲ့ နေ့ကစပြီး ငါ့ကို သတ်ဖို့ စိတ်ကူးထားပြီးပြီပေါ့ ဟုတ်လား ….”
ခေါင်းညိတ်လျက် … ချန်ယွီ့ ကြိတ်ပြီး သက်ပြင်းချလိုက်သည်။
ဘော့စ်မေ့၏ ဇနီးသည်မှာ ငယ်စဉ် ကလေးဘဝတုန်းက မိဘရင်းများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။
မွေးစားခံရပြီး နောက်မှာလည်း မမျှတမှုနှင့် အနိုင်ကျင့်မှုမျိုးစုံကို ခံစားခဲ့ရသည်။
အရွယ်ရောက်လာသည်နှင့်အမျှ သူမ၏ ကိုယ်ကျင့်စရိုက်မှာ ပို၍ပို၍ အစွန်းရောက်လာခဲ့ပြီး တစ်ချိန်တည်းမှာပဲ မည်သို့ သည်းခံရမည်ကို နားလည်သဘောပေါက်လာခဲ့သည်။
“ မနှစ် နှစ်ကုန်ပိုင်းမှာ သူမရဲ့ မွေးစားအဖေက ကုမ္ပဏီရဲ့ ငွေတွေအားလုံးကို သူ့သားအရင်းဆီ လွှဲပေးပြီး သူမအပေါ် အပြစ်ပုံချတော့မယ်ဆိုတာ သိလိုက်ရတယ် ….”
“ တကယ်လို့ သူမကိုယ်သူမ ကာကွယ်ပြီး လက်စားချေဖို့ဆိုရင် ခင်များ သေမှပဲ ရမှာ ….”
“ သူမ စုံစမ်းကြည့်လိုက်တော့ မွေးစားအဖေက ယွမ်သန်း ၃၀၀ နဲ့ အဲ့ဒီ ဆေးရုံကို ဘယ်သူမှ မသိဘဲ တိတ်တိတ်လေး ဝယ်ယူထားလိုက်တယ် …” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ တကယ်လို့ ခင်များသာ အဲ့ဆေးရုံမှာ သေသွားခဲ့ရင် သူမက ခင်များရဲ့ ကြွယ်ဝမှုတွေ အားလုံးနဲ့ ရှယ်ယာတွေကို ဆက်ခံနိုင်ရုံတင် မကဘူး ၊ အများရဲ့ အာရုံစိုက်မှုကိုပါ ရရှိနိုင်မယ် …..”
“ ဒီတိုင်း သာမန် အူအတက်ခွဲစိတ်ရုံလောက်လေးကို ခွဲစိတ်စားပွဲပေါ်မှာ သေသွားခဲ့တယ်ဆိုတော့ သတင်းမီဒီယာတွေက ဒီအကြောင်း တင်ပြနိုင်ဖို့အတွက်ကို တိုက်ခိုက်နေကြမှာ …”
“ အဲ့ခါကျရင် ကျန်းမာရေး ဌာနနဲ့ တစ်ခြား စုံစမ်းရေး အသင်းတွေက တစ်နည်းနည်းနဲ့ ရောက်လာကြလိမ့်မယ် ….”
“ အချိန်ကျရင် ခင်များရဲ့ ဇနီးက အမည်မဖော်ဘဲ ခင်များရဲ့ ခမည်းခမက်က အဲ့ဆေးရုံရဲ့ အဓိက ရှယ်ယာရှင်ပါဆိုတဲ့အကြောင်း ထုတ်ဖော် ပြောပြလိမ့်မယ် …..”
“ ခမည်းခမက်ရဲ့ ပိုင်ဆိုင်မှုတွေ တိတ်တိတ်လေး လွှဲပြောင်းနေတဲ့ ကိစ္စလည်း ဖော်ထုတ်ခံလိုက်ရလိမ့်မယ် ….”
“ ခင်များသေပြီးသွားတဲ့နောက်မှာတော့ ခင်များရဲ့ ရှယ်ယာတွေက ဇနီးဖြစ်သူဆီ အလိုအလျောက် လွှဲပြောင်းခံလိုက်ရလိမ့်မယ် ….”
“ သူမက ရှယ်ယာရှင်တစ်ယောက်အနေနဲ့ ရှယ်ယာရှင်များ အစည်းအဝေးကို တောင်းဆိုပြီး ခင်များရဲ့ ခမည်းခမက်ကို ကန်ထုတ်လိမ့်မယ် ….”
“ ဖက်ခ် … ရက်စက်လိုက်တာ ….”
ဘော့စ်မေ့မှာ ပင့်သပ်ရှိုက်မိသွားခဲ့သည်။
၎င်းနောက် ချက်ချင်းပဲ ချန်ယွီ့ ပြောသည့် စကားလုံးထဲ ဟာကွက်တစ်ခုကို ဘော့စ်မေ့ သတိပြုမိသွားခဲ့၏။
“ ဒါနဲ့ ဒေါက်တာချန် … မင်းပြောတာ ငါ့မိန်းက သူ့မွေးစားအဖေ ပိုင်ဆိုင်မှုတွေ တိတ်တိတ်လေး လွှဲပြောင်းနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သက်သေအထောက်အထား ရှိထားပြီလို့ ပြောခဲ့တယ်နော် ….”
“ သူ ဘာလို့ တိုက်ရိုက်မထုတ်ဖော်ခဲ့တာ ….”
“ ငါ သူ့ကို ဒီလောက်ထိ ချစ်မြတ်နိုးတာ တကယ်လို့ သူသာ အမှန်အတိုင်း ပြောပြမယ်ဆိုရင် သူ့ကို ပံ့ပိုးပေးပြီး ငါ့ခမည်းခမက်ကို ကုမ္ပဏီကနေ ကန်ထုတ်ပစ်လိုက်မှာပေါ့ ….”
“ ဘာလို့ဆို ခင်များလည်း အဆုံးသတ်တော့မှာမလို့ပဲ ….”
ချန်ယွီ့ ညင်သာသော အပြုံးမျိုးဖြင့် ခွန်းတုံ့ပြန်လိုက်ပြီး “ မနှစ် နှစ်ကုန်ပိုင်းမှာ သူက လျှို့ဝှက်ချက် နှစ်ခုကို ရှာတွေ့ခဲ့တယ် ….”
“ သူ့မွေးစားအဖေ ပိုင်ဆိုင်မှုတွေ တိတ်တိတ်လေး လွှဲပြောင်းနေတာအပြင် ခင်များရဲ့ လျှို့ဝှက်ချက်ကိုရောပဲ ….”
“ ငါ့ရဲ့ လျှို့ဝှက်ချက် …..”
ထိုစကားကြားတော့ ဘော့စ်မေ့ ကြက်သေသေသွားတော့သည်။