ဗီလိန်တွေရဲ့ ကစားပွဲ
Vol. 33 Ch. 328
“ အင်း …. ခင်များရဲ့ လျှို့ဝှက်ချက် ….”
ချန်ယွီ့က စခရင်ကို ကျီစယ်စွာ ကြည့်လိုက်၏။
ဘော့စ်မေ့ တစ်ဖန်ပြန်ပြီး စိတ်ခြောက်ခြားလာရပြန်သည်။
သူ စတင် ကြေက်ရွံ့လာခဲ့၏။
“ သေချာလေး စဉ်းစားကြည့် … မနှစ် နှစ်ကုန်ပိုင်းတုန်းက ခင်များ ဝါသနာ အသစ်တစ်ချို့ ရခဲ့တယ်မဟုတ်ဘူးလား ….”
“ မမှတ်ဘူးဆိုလည်း ကျုပ် ထောက်ပြပေးလို့ရတယ် … ဥပမာအနေနဲ့ နိုဝင်ဘာကနေ ဒီဇင်ဘာအတောအတွင်းပေါ့ ….”
သူ ဤစကား ပြောလိုက်သည်နှင့် ဘော့စ်မေ့၏ အမူအရာမှာ ချက်ချင်း လက်ငင်း ပြောင်းလဲသွားခဲ့တော့သည်။
ချန်ယွီ့၏ သတိပေးမှုကို မလိုအပ်ပါဘဲ သူ မှတ်မိထားပြီး ဖြစ်၏။
ဘော့စ်မေ့ မျက်နှာထက်ရှိ ပုံမှန်မဟုတ်သည့် အမူအရာကို မြင်တော့ ကြည့်ရှုသူများမှာ သူ တစ်ခုခုတော့ မဟုတ်တာ လုပ်ထားခဲ့ပြီ ဖြစ်ကြောင်းကို သေချာသွားခဲ့ကြတော့သည်။
[နိုဝင်ဘာကနေ ဒီဇင်ကာ … ဘော့စ်မေ့က ဘောလုံးကစားရတာ ကြိုက်တယ် … သေစမ်း … ဒီကောင် ဘောလုံး လောင်းကစားတွေ လုပ်နေတာပဲ ဖြစ်ရမယ် … ]
[ အား ချီးပဲ နောက်ထပ် လောင်းကစားခွေးတစ်ကောင်ပေါ့ … ]
[ ငါလည်း မနှစ်တုန်းက လောင်းကစားလုပ်ခဲ့သေးတယ် … မစ်တီးတစ်ခွက် ၊ ကော်ဖီတစ်ခွက် ၊ ဘီယာတစ်ဖာနဲ့ အနီရောင် ကျောက်ပုစွန်သုံး ပန်းကန်စာတောင် ရှုံးသွားသေးတယ် … ]
[ နိုင်ငံတော် အသင်းကို ရှုံးမယ့်နေရာမှာပဲ လောင်းရင်တော့ ကျိန်းသေပေါက် နိုင်တယ် ]
[ လောင်းကစားနဲ့ ဆေးသမား … လုံးဝသည်းခံလို့ မရတဲ့ လူစားမျိုးတွေပဲ … ]
[ မင်းရှုံးသွားရင် နောက်တစ်ပွဲကျ နိုင်နိုင်တယ် … နိုင်သွားမယ်ဆိုရင်တော့ နောက်တစ်ပွဲကျ ကျိန်းသေပေါက်ကို နိုင်နိုင်တယ် … ဒါ မင်းတို့ တွေးနေတဲ့ လောဂျစ်ပဲ မဟုတ်လား … ]
[ ဝါး … သန်းချီတန်တဲ့ အကြံဉာဏ်ပဲ ယောက်ဖရာ … ဒီလို အကြံဉာဏ်မျိုးရဖို့ ဘယ်လောက်တောင် ရင်းနှီးလိုက်ရလဲ … ]
ဘောလုံးပွဲကြည့်ရတာ နှစ်သက်သည့် ပရိသတ်တစ်ဦးက မနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ဖလားပွဲ ရှိကြောင်းကို အမှတ်ရသွားခဲ့သည်။
ဘော့စ်မေ့က ဘောလုံး နှစ်သက်သည်ဟု ပြောဆိုဖူးသည်ကို သူတို့တွေ မှတ်မိကြ၏။
သူက ချမ်းသာပြီး ဘောလုံးလည်း နှစ်သက်သည်။ ဆက်စပ်တွေးကြည့်လိုက်လျှင် ဘောလုံးလောင်းဖို့ အခွင့်အရေးက အတော်လေး များ၏။
“ ငါ … ငါ ….”
ဘော့စ်မေ့ စကားထစ်သွားခဲ့တော့၏။
“ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်များ စိုးရိမ်စရာ မလိုဘူး ….” ချန်ယွီ့ ဘော့စ်မေ့၏ စကားကို ကြားဖြတ်ပြောလိုက်ပြီး “ သက်ဆိုင်ရာ ဌာနက ခင်များရဲ့ ကိစ္စကို ကိုင်တွယ်ပေးလိမ့်မယ် …”
“ အခု ရှေ့က စကားဝိုင်းကို ပြန်ဆက်ကြတာပေါ့ ….”
“ ခင်များရဲ့ ဇနီးက ဘာကြောင့် ခင်များကို သတ်ချင်နေရလဲဆိုတာ နားလည်သွားပြီလား …..”
ဘော့စ်မေ့ သေချာဂရုတစိုက်နှင့် ဖြေဆိုလိုက်၏။ “ ငါ … ငါ လောင်းကစားလုပ်ပြီး မိသားစု စည်းစိမ်တွေ အကုန်ဆုံးသွားမှာကို ကြောက်လို့လား …..”
“ အဆုံးသတ်ကျ သူပါ လမ်းဘေးရောက်သွားမှာကြောင့်လား ….”
“ အမှန်ပဲ …..”
“ ခင်များက ကျေးလက်ဘက်မှာ မွေးဖွားကြီးပြင်းလာခဲ့တဲ့သူ ….” ချန်ယွီ့ ပြောလိုက်ပြီး “ ခင်များမှာ သတိထားတတ်တဲ့ အကျင့်စရိုက်ရှိတယ် …”
“ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက အိမ်အသိမ်းခံလိုက်ရပြီး လျော်ကြေးငွေတွေ အများကြီး ရလိုက်တယ် …. ခင်များက ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ခဲ့ပြီး မဆင်မခြင် လျှောက်မဖြုန်းခဲ့ဘူး … ဒါနဲ့တင် ခင်များက ခေါင်းအေးအေး ထားတတ်တဲ့လူဆိုတာ သက်သေပြဖို့ လုံလောက်တယ် ….”
“ ဒါပေမယ့် ဘဝဆိုတာ မေ့ဖို့လွယ်တယ်ဆိုတဲ့ စကားလည်း ရှိသေးတာပဲမလား ….”
“ ခင်များက ငွေရေးကြေးရေး စိတ်ပူစရာမလိုတော့ ဘဝကြီးက တည်ငြိမ်အေးချမ်းလာတယ် … ပြီးတော့ ခင်များမှာက အိမ်မှာလည်း လှပတဲ့ ဇနီးသည်တစ်ယောက် ရှိတယ် … ခင်များရဲ့ အရာရာကို သတိထားပြီး ခေါင်းအေးအေးနဲ့ စဉ်းစားတတ်တဲ့ စရိုက်ကလည်း စပြီး ပြောင်းလဲလာခဲ့တယ် ….”
“ ဒီရဲ့လူနာ … ကျုပ်ပြောတဲ့စကားကို ခင်များ ထောက်ခံတယ်မလား …..”
ဘော့စ်မေ့ လက်မြှောက်၍ နဖူးထက်ရှိ ချွေးစေးများအား သုတ်လိုက်၏။
“ သဘောတူပါတယ် …”
လက်ရှိ အချိန်၌ …. ဘော့စ်မေ့၏ ဦးခေါင်းတစ်ခုလုံး ရှုပ်ထွေး ပူထူနေလေပြီ။
ဇနီးဖြစ်သူ သူ့ကို သတ်ဖို့အတွက် ရှုပ်ထွေးသည့် အစီအစဉ်များ အကောင်အထည် ဖော်ခဲ့သည်ကိုပင် ရှော့ခ်ရလို့ မဆုံးခင်မှာပဲ ချန်ယွီ့က သူ၏ တရားမဝင် ဘောလုံး လောင်းကစားလုပ်မှုကို ဖော်ထုတ်လာခဲ့သည်။
မည်သူမဆို တစ်ပိုင်းသေအောင် ထိတ်လန့်မိကြမှာ အမှန်ပင်။
ချန်ယွီ့လိုက်စထွင်းကို ဤမျှ များပြားသည့် လူတို့ ကြည့်ရှုနေသည်ဖြစ်ရာ ယူနီဖောင်းနှင့် အရာရှိတစ်ချို့လည်း ဤအထဲ ပါဝင်နေမည်မှာ မလွဲမသွေပင်။
အကယ်၍ သူသာ ဝန်မခံဘူးဆိုပါက ပို၍ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလောက်၏။
ကြည့်ရှုသူများလည်း တိုင်ပင်ဆွေးနွေးမှုက ယခုလို အခြေအနေသို့ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားကြပါချေ။
ရိုးသားအပြစ်ကင်းစင်ပုံရသည့် သက်လတ်ပိုင်း ဦးလေးကြီးက တကယ်ပဲ တိတ်တိတ်ပုန်း လောင်းကစားစွဲလမ်းသူ တစ်ဦး ဖြစ်နေသည်တဲ့လော ။
ဘော့စ်မေ့၏ ဇနီးသည်က သူ့ကို သတ်ပစ်ချင်လာသည်မှာ မထူးဆန်းတော့ချေ။
လောင်းကစားကိစ္စ ပတ်သက်လာသည်နှင့် ၎င်း၏ ထိခိုက်ပျက်စီးမှုက သေးရာမှ တစ်ဖြည်းဖြည်းချင်း ကြီးထွားလာပြီး နောက်ဆုံး အကန့်အသတ်မဲ့သည့် အခြေအနေသို့ ကျရောက်သွားလိမ့်မည်။
သန်းဆယ်ဂဏန်းလောက်ကို မဆိုထားနှင့်၊ သန်းရာနှင့်ချီပင်လျှင် လောက်ငှတော့မှာ မဟုတ်ချေ။
“ ငါ ရှင်းပြမယ် … ငါ အားလုံး ရှင်းပြပါ့မယ် ….”
ဘော့စ်မေ့မှာ အကြောင်းအရင်းတစ်ချို့ကြောင့် စခရင်မှတစ်ဆင့် မရေမတွက်နိုင်သည့် မျက်လုံးများက စိုက်ကြည့်နေသည်ဟူသော ခံစားချက်မျိုး ခံစားလိုက်ရသည်။
သူ စဉ်းစားလေ ၊ ကြောက်လေ ဖြစ်လာပြီး အကုန်လုံးကို ဝန်ခံလိုက်တော့သည်။
မနှစ် နှစ်ကုန်တုန်းက ကမ္ဘာ့ဖလား စတင်ချိန်၌ သူ့မွေးရပ်မြေမှ ငယ်သူငယ်ချင်းတစ်ချို့က သူ့ထံသို့ ရောက်လာပြီး နိုက်ကလပ်သို့ သွားကာ ဘောလုံးပွဲ အတူကြည့်ဖို့ ဖိတ်ခေါ်ကြ၏။
သူတို့ချင်း မတွေ့ဖြစ်သည်မှာ နှစ်အတော်ကြာပြီ ဖြစ်ပြီး သူကလည်း ဘောလုံးနှစ်သက်သူ ဖြစ်သဖြင့် နှစ်ခါစဉ်းစားမနေဘဲ ချက်ချင်း လိုက်ပါသွားတော့သည်။
သို့သော် အဆိုပါ ခရီးတစ်ခေါက်က သူ့အတွက် ကမ္ဘာလောကအသစ်သို့ တံခါးတစ်ချပ် ဖွင့်ပေးလိုက်သည့်နှယ် ဖြစ်သွားစေလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ချေ။
သူ့လိုပဲ … အဆိုပါ ငယ်သူငယ်ချင်းများကလည်း အိမ်သိမ်းခံလိုက်ရပြီး လျော်ကြေးငွေ တနင့်တပိုး ရရှိထားသူများပင်။
ကြွယ်ဝချမ်းသာလာပြီးနောက်တွက် မနက်ဖြန်ဆိုတာ မရှိတော့သည့်တိုင်း သုံးဖြုန်းကြ၏။
နိုက်ကလပ်တွင် ဘောလုံးပွဲကြည့်ဖို့အတွက် စခရင် အကြီးကြီး တစ်ခု ရှိပြီး လူနည်းစုလောက်သာ သိသည့် နောက်ထပ် ဝန်ဆောင်မှု တစ်ခုလည်း ရှိသေး၏။
ယင်းကတော့ တရားမဝင် ဘောလုံးလောင်းကစားပင်။
လူအုပ်ကြီး၏ သိမ်းသွင်းမှုကို မတောင့်ခံနိုင်ဘဲ ယွမ်တစ်သိန်းထုတ်ပြီး လောင်းကြေးအသေးလေး ထပ်လိုက်မိသည်။
စစချင်းတုန်းကတော့ တစ်ခါတည်းပဲ။ နိုင်သည်ဖြစ်စေ၊ ရှုံးသည် ဖြစ်စေ၊ ဆက်မကစားတော့ ဟု စဉ်းစားထား၏။
သို့သော် ထိုအရာက ဤမျှ စွဲလမ်းစေလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။
ထိုညတွင် ပွဲစဉ်နှစ်ပွဲလုံးကို သူ မှန်မှန်ကန်ကန် လောင်းကြေးထပ်နိုင်ခဲ့လေသည်။
ယွမ်တစ်သိန်းက ချက်ချင်းပဲ နှစ်ဆ၊ သုံးဆ ဖြစ်သွားခဲ့၏။
“ နောက်ပိုင်းပွဲတွေမှာ တစ်ချို့ပွဲတွေနိုင်ပြီး တစ်ချို့ပွဲတွေ ရှုံးတယ် … ခြုံပြောရရင် အရှုံးအမြတ် မရှိသလောက်ပဲ ….”
“ ပြိုင်ပွဲတွေ အားလုံး ပြီးသွားတော့ တစ်ခါတစ်လေလောက်လေးပဲ လောင်းတော့တာ … လောင်းတဲ့ပမာဏကလည်း မများပါဘူး …”
“ အဲ့လောက်ထိပဲ ဒေါက်တာချန် ….” ဘော့စ်မေ့က သနားဖွယ်ရာ မျက်နှာအမူအရာနှင့် ပြောလိုက်ပြီး “ ငါ လောင်းကစား စလုပ်တတ်ပြီးကတည်းက အခုချိန်ထိ ယွမ်သန်းအနည်းငယ်လောက်လေးပဲ ရှုံးသေးတယ် ….”
ကြည့်ရှုနေကြသူများမှာ အံ့ဩကြီးစွာဖြင့် တောက်ခေါက်မိသွားခဲ့ကြ၏။
ယွမ်သန်းအနည်းငယ် ဟုတ်လား …
သာမန်လူတစ်ချို့ဆို သူတို့တစ်သက်လုံး ကုန်းရုန်းရှာရင်တောင် အဲ့လောက် ငွေအများကြီး ရနိုင်မှာ မဟုတ်ဘူး …
ဒါကို သူ့ပါးစပ်ထဲကနေ ‘ ယွမ်သန်းအနည်းငယ်တည်းပါ’ဆိုပြီး တကယ်ကြီး ထွက်လာတယ် …
တကယ်ကိုပဲ … လူတွေက ချမ်းသာလာလို့ကိုမရတာ …
မဟုတ်ရင် သူ ဘာတွေလျှောက်လုပ်မလဲ ဘယ်သူမှ မပြောနိုင်ဘူး …
“ ဒီခု ကျုပ်တို့ စကားပြောပြီးတာနဲ့ ကျုပ် ဖုန်းဆက်ပြီး ခင်များကို တိုင်မယ် … “ ချန်ယွီ့ စခရင်ထက်တွင် ပြေးလွှားနေသည့် ကွန်းမန့်များကို ကြည့်ရင်း ခပ်ဖျော့ဖျော့ပြုံးလျက် ပြောလိုက်ပြီး “ ကိုယ့်ဘာကိုယ် သွားဝန်ခံရင်တော့ ညှာတာခံရလိမ့်မယ် ….”
“ ခင်များရဲ့ အူအတက် ခွဲမယ့် ကိစ္စကတော့ … အာဏာပိုင်တွေက ခွဲစိတ်ဖို့အတွက် သင့်လျော်မယ့် ဆေးရုံကို ရွေးချယ်ပေးလိမ့်မယ် ….”
ဘော့စ်မေ့မှာ ဆက်တိုက် ခေါင်းညိတ်မေမိတော့၏။
ချန်ယွီ့နှင့် စကားပြောသည်နှင့် သူ့အပြစ်သူ ဝန်ခံပါမည်ဟု ကတိပေးနေသည်။
“ ဒေါက်တာချန် … ငါ့မိန်းမ … ၊ သူ …. ဒီကိစ္စကြောင့် အဖမ်းတော့ မခံရပါဘူးနော် ….”
ဘော့စ်မေ့မှာ ဇနီးဖြစ်သူကို အနည်းငယ် မခွဲနိုင်၊ မခွာရက် ဖြစ်နေသည်။
“ ကျုပ်ပြောသွားတာတွေက အနာဂတ်မှာ ဖြစ်လာနိုင်ချေတွေကို သုံးသပ်ပြသွားရုံပဲ ….”
“ ဖမ်းခံရမယ် ၊ မဖမ်းခံရဘူးဆိုတာကတော့ ကျုပ်လည်း သေချာ မပြောနိုင်ဘူး ….”
“ ဒီနေ့ လိုက်စထွင်းမှာ ဖြစ်သွားတဲ့ ကိစ္စတွေက မကြာခင် ခင်များတို့ ဒေသတစ်ဝိုက်မှာ ပျံ့နှံ့သွားလိမ့်မယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ခင်များရဲ့ ခမည်းခမက် မိသားစုကလည်း ပရမ်းပတာတွေ ဖြစ်ပြီး ခင်များရဲ့ ဇနီးကလည်း ပြဿနာ တစ်ချို့ တက်လိမ့်မယ် ….”
“ ဟင်း ….”
ဘော့စ်မေ့ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
ချန်ယွီ့ ဘာမျှ မပြောလျှင်ပင် ယခုလို အတင်းအဖျင်း ကိစ္စရပ်တစ်ခုက လူအများ အာရုံစိုက်ရာ ဖြစ်မလာဘူးဆိုပါမှ ထူးဆန်းနေပေလိမ့်ဦးမည်။
သူ့ဇနီးက သူ့ကို သေစေချင်သော်လည်းပဲ တိုက်ရိုက်ဆန်သည့် မည်သည့် သက်သေအထောက်အထားကိုမျှ ချန်ရစ်မထားချေ။
သူမက အူအတက် ရောင်ရမ်းစေမည့် ဟင်းလျာများကို ချက်ပြုတ်ပေးပြီး သူမ၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်သည်အထိ တစ်လှမ်းပြီး တစ်လှမ်း လျှောက်လှမ်းခဲ့၏။
ယင်းကို လူသတ်ရန် ကြံစည်လိုမှု သက်သေအထောက်အထားအဖြစ် အသုံးပြုလို့ မရနိုင်ပေ။
“ ဒီရဲ့လူနာ … ခင်များ ဘာမေးစရာ ကျန်သေးလဲ …..”
ချန်ယွီ့ ပြုံးလျက် ဆိုလိုက်သည်။
“ ငါ ….”
ဘော့စ်မေ့ နှုတ်ခမ်းလိုက်လိုက်၏။
သူ့ကြည့်ရသည်မှာ ဘာမေးစရာမျှ မရှိတော့သည့်ပုံပင်။
ဇနီးသည်က သူ့ကို သေစေချင်ပြီး ခမည်းခမက်ကလည်း လူကောင်းတစ်ယောက် မဟုတ်ပေ။
သူသည်လည်း တရားမဝင် လောင်းကစားသမား ဖြစ်လို့နေသည်။
ဤသည်ကို ဗီလိန်တို့၏ ကစားပွဲဟုပဲ ခေါ်မလား။
အကယ်၍ သူသာ သာမန်မိန်းကလေး တစ်ဦးကို လက်ထပ်ခဲ့မည်ဆိုလျှင်တော့ဖြင့် ယခုလို ကိစ္စရပ်မျိုးတွေ ဖြစ်လာခဲ့မှာ မဟုတ်ချေ။
တစ်ချိန်တည်းမှာပဲ ဘော့စ်မေ့ အခြားအရာတစ်ခုကို တွေးတောမိသွားခဲ့၏။
သူတို့လင်မယားနှစ်ယောက်၏ အိမ်ထောင်သက်တမ်းက သုံးနှစ်ကျော်လာပြီ ဖြစ်သော်လည်း ဇနီး ဖြစ်သူက ဘယ်တုန်းကမျှ ကိုယ်ဝန်မရခဲ့ချေ။
ဖြစ်နိုင်တာကတော့ …….
“ ဒေါက်တာချန် … မင်းက ငါ့ကို အာဏာပိုင်တွေနဲ့ ပြဿနာတက်စေခဲ့တယ်ဆိုပေမယ့် ငါ မင်းကို ကျေးဇူးတင်တယ် ….”
မထွက်ခွာမီ ဘော့စ်မေ့က တစ်ဖန်ထပ်ပြီး ကာနီဗယ် လက်ဆောင် အခု နှစ်ဆယ် ချီးမြင့်သွားသေးသည်။
ကိုယ့်အပြစ်ကိုယ်ဝန်ခံပြီး ထောင်ထဲသို့ ခေတ္တ သွားနေလိုက်သည်ကလည်း ကောင်း၏။
အနည်းဆုံးတော့ သူ ခေါင်းရှင်းနိုင်သည်။
အချိန်တစ်ခုလောက်အထိတော့ မည်သည့်အရာကိုမျှ စိတ်ပူစရာလိုမှာ မဟုတ်ချေ။