အခန်း ၄၅၁
Vol. 46 Ch. 451
အခန်း (၄၅၁) - အိမ်ရှင်ဖြစ်သွားသော ဧည့်သည်
ဒန်ရှားတောင်အတွင်း၌ လူသုံးဦး ယှဉ်တွဲ လျှောက်လှမ်းနေကြသည်။
ဦးဆောင်နေသူမှာ အိမ်ရှင်ဖြစ်သူ လော့ချန် မဟုတ်ဘဲ ထန်ထိုက်ကျင်း ဖြစ်သည်။ သူမသည် အလယ်တွင် ရပ်နေရင်း လော့ထျန်းအဖွဲ့၏ ယနေ့ ပြင်ဆင်မွမ်းမံမှုများကို အကဲခတ်နေခဲ့သည်။
"စည်ကားတာကတော့ စည်ကားပါရဲ့.... ဒါပေမဲ့ တချို့နေရာတွေမှာ အရမ်း ချဲ့ကားလွန်းပြီး၊ တချို့နေရာတွေမှာလည်း ထုံးတမ်းစဉ်လာတွေကို သွေဖယ်နေတာမျိုး ရှိနေတယ်"
ဤသည်မှာ ရွှေအမြုတေဂိုဏ်းကြီးတစ်ခု၏ တပည့်ရင်းထံမှ ထွက်ပေါ်လာသော မှတ်ချက်စကား ဖြစ်သည်။
လော့ချန် သက်ပြင်းတစ်ချက် ချရင်း မတတ်သာသလို ပြောလိုက်သည်။
"ကျွန်တော်တို့အဖွဲ့ရဲ့ အခြေခံအုတ်မြစ်က သိပ်မနက်ရှိုင်းတော့.... ဒီလို အခမ်းအနား ထုံးတမ်းပိုင်းမှာ မပြည့်စုံတာလေးတွေ ရှိနေတာပါ"
ထန်ထိုက်ကျင်း ခေါင်းညိတ်ပြလိုက်သည်။
"ဒါလည်း ကိစ္စမရှိပါဘူး.... မင်းရဲ့ ရည်ရွယ်ချက်ကလည်း ဒီအခြေတည် ဂုဏ်ပြုပွဲသက်သက်တင်မှ မဟုတ်တာပဲ"
လော့ချန် အနည်းငယ် ပြုံးလိုက်သည်။ နှစ်ဦးစလုံး၏ စိတ်ထဲတွင် အတွေးကိုယ်စီ ရှိနေကြမှန်း သိသာလှသည်။ ဘေးနားရှိ ထောင်ရိရှန်းကမူ တစ်ချိန်လုံး စကားမဆိုခဲ့ချေ။ သူ့အဆင့်အတန်းမှာ မြင့်မားပြီး ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ထောင်ဝမ်ကို ကိုယ်စားပြုလာသည် ဆိုသော်လည်း ထောင်ဝမ်ထက် လုံးဝ မနိမ့်ကျသော ထန်ထိုက်ကျင်း ရှိနေသဖြင့် သူ ဝင်ရောက် စကားပြောရန် နေရာမရှိချေ။ သို့သော် ထိုနှစ်ဦး၏ ဆန်းကြယ်လှသော စကားလုံးများအပေါ်တွင်မူ သူ အနည်းငယ် ဝေခွဲမရ ဖြစ်နေမိသည်။
သူတို့သုံးဦး ခန်းမဆောင်အပြင်ဘက်ရှိ ရင်ပြင်သို့ ရောက်ရှိလာခဲ့ကြသည်။
ကျိုးစုန်း၊ ချန်ရှို့လီတို့ လူစုမှာ စောစောကတည်းက ထွက်၍ ကြိုဆိုရန် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ ထိုလူများကို ကြည့်ရင်း ထန်ထိုက်ကျင်း မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး လော့ချန်ကို စူးစိုက်၍ တစ်ချက် ကြည့်လိုက်ကာ သူမ၏ သိုလှောင်အိတ်အတွင်းမှ အရာသုံးခုကို ထုတ်ယူလိုက်သည်။
"လက်ဆောင်အသေးစားလေးပါ.... အားမနာပါနဲ့"
ထိုအရာသုံးခုကို ကြည့်ရင်း လော့ချန် မျက်ခုံးပင့်သွားရသည်။
"ဒါက...."
ထန်ထိုက်ကျင်း ပြုံးလိုက်ပြီး မျိုးနွယ်စုနှင့် ဂိုဏ်းအသီးသီးမှ ကိုယ်စားလှယ် အမြောက်အမြား၏ ရှေ့မှောက်တွင် ကြည်လင်ပြတ်သားလှသော အသံဖြင့် ပြောလိုက်သည်။
"အခြေတည်ဆေးလုံး တစ်လုံး.... လော့ထျန်းအဖွဲ့မှာ နောက်ထပ် ပါရမီရှင်တွေ ထွက်ပေါ်လာပါစေလို့ ဆုတောင်းပါတယ်...."
"ရေခဲနတ်ဘုရားကျောက်စိမ်း တစ်တုံး.... လော့ထျန်းစီမံခန့်ခွဲရေးမှူး စီမာဟွေ့နန်ရဲ့ ကျင့်ကြံခြင်း ခရီးလမ်း တိုးတက်ပါစေလို့ ဆုတောင်းပါတယ်...."
"တစ်ကြိမ်သုံး ကျောက်စိမ်းပြား တစ်ခု.... အပေါ်မှာ ရေခဲခံတပ်ရဲ့ ရွှေအမြုတေဖွဲ့စည်းနည်းကို မှတ်တမ်းတင်ထားပါတယ်…. မီးနတ်ဘုရားလော့ချန် အနာဂတ်မှာ ရွှေအမြုတေအဆင့်ကို ချောချောမွေ့မွေ့ တက်လှမ်းပါစေလို့ ဆုတောင်းပါတယ်"
‘ဒါ.... ဒါက လက်ဆောင်အသေးစားလေးတဲ့လား....’
ထန်ထိုက်ကျင်း၏ စကားသံ ဆုံးသွားသည့် ခဏ၌ ရင်ပြင်ပေါ်ရှိ အခြေတည် ကျင့်ကြံသူ အားလုံးမှာ အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်သွားကြတော့သည်။ သူတို့၏ အကြည့်များမှာ လေဟာနယ်ကိုပင် အရည်ပျော်ကျသွားစေနိုင်လောက်အောင် တောက်ပစွာ လင်းလက်နေသော ထိုကျောက်စိမ်းပြားပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုအရာမှာ ရွှေအမြုတေဖွဲ့စည်းနည်း မဟုတ်လော။
‘ဒီလော့ချန်မှာ ဘယ်လိုမျိုး အရည်အချင်းတွေ ရှိနေလို့ ရေခဲခံတပ်ရဲ့ အချစ်တော်ဖြစ်နေရတာလဲ.... သူတို့ဂိုဏ်းရဲ့ အမွေအနှစ် ရွှေအမြုတေဖွဲ့စည်းနည်းကိုတောင် လက်ဆောင်ပေးတယ်တဲ့လား’
အပြင်လူများကို မဆိုထားနှင့်၊ ကာယကံရှင် လော့ချန်ကိုယ်တိုင်ပင်လျှင် ယခုအချိန်တွင် ခေါင်းထဲ၌ မိုက်ခနဲ ဖြစ်သွားကာ အလွန်အမင်း တုန်လှုပ်သွားရသည်။ ယခင်က သူသည် ထန်ထိုက်ကျင်းထံမှ ရွှေအမြုတေဖွဲ့စည်းနည်း လျို့ဝှက်ကျမ်းကို တောင်းဆိုဖူးသည်။ သို့သော် ထိုအချိန်က ချက်ချင်း အငြင်းခံခဲ့ရသည်။ ညှိနှိုင်းရန်ပင် အခွင့်အရေး မရှိခဲ့ချေ။ သို့သော် ယခုအချိန်တွင်မူ....။
‘ဒီရေခဲအစ်မကြီး.... ဘာဖြစ်လို့ ဒီလောက် လက်စကြီးရတာလဲ’
လော့ချန် တံတွေးတစ်ချက် မျိုချလိုက်မိသည်။ တည်ငြိမ်လှသော ထန်ထိုက်ကျင်း၏ ဘေးတိုက်မျက်နှာကို ကြည့်ရင်း သူ မမေးဘဲ မနေနိုင်တော့ချေ။
"မိတ်ဆွေထန်ထိုက်.... ဒါက...."
"ဘာလဲ.... မကြိုက်လို့လား"
"မဟုတ်ပါဘူး"
လော့ချန် လျင်မြန်စွာ ခေါင်းယမ်းလိုက်သည်။ မိမိကို ဝါးစားမတတ် ကြည့်နေကြသည့် အကြည့်များအောက်တွင် လည်ချောင်းများ ခြောက်ကပ်စွာဖြင့် ပြောဆိုလိုက်သည်။
"ဒါက.... အရမ်း အရမ်း တန်ဖိုးကြီးလွန်းနေလို့ပါ"
ထန်ထိုက်ကျင်းက ပြုံးစိစိဖြင့် လော့ချန်ကို တစ်ချက် ကြည့်လိုက်သည်။
‘ကောင်စုတ်လေး.... စတောင်းတုန်းကတော့ ဒါတွေ မစဉ်းစားခဲ့ဘူး.... အခု လူအများကြီးရဲ့ ရှေ့မှာ ပေးတဲ့အခါကျ မယူရဲဘူးပေါ့လေ’
သူ အကျပ်ရိုက်နေသည့် အသွင်ကို မြင်တွေ့ရသဖြင့် ထန်ထိုက်ကျင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဒီ ရွှေအမြုတေဖွဲ့စည်းနည်းက ငါတို့ ရေခဲခံတပ်အတွက်တော့ ဘာမှ မဟုတ်ပါဘူး၊ လော့ထျန်းအဖွဲ့အနေနဲ့ အနာဂတ်မှာ ငါ့ရဲ့ ချန်ချင်အနွယ်နဲ့ အမြဲတမ်း မိတ်ဆွေကောင်းအဖြစ် ရှိနေရင် ရပါပြီ"
ပြောပြီးနောက် သူမသည် လော့ချန်၏ တုံ့ပြန်မှုကို မစောင့်ဆိုင်းတော့ဘဲ ဝတ်ရုံစကို ဝှေ့ယမ်းကာ ခန်းမဆောင်ကြီးအတွင်းသို့ တက်ကြွစွာ လှမ်းဝင်သွားခဲ့တော့သည်။ အခြေတည် ကျင့်ကြံသူ အမြောက်အမြားမှာလည်း အလိုလို သူမ နောက်မှ လိုက်ပါသွားကြသည်။ ဤမြင်ကွင်းမှာ ဧည့်သည်မှ အိမ်ရှင်ဝင်လုပ်သည်နှင့်ပင် တူနေသည်။
လော့ချန်၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားရသည်။ လက်ထဲတွင် ကိုင်ဆောင်ထားသော ရေခဲဖြင့် ထုဆစ်ထားသကဲ့သို့ ရှိနေသည့် ကျောက်စိမ်းပြားမှာ အလွန်ပင် လေးလံလွန်းနေသကဲ့သို့ ခံစားရသည်။ သူ တုန်လှုပ်မှုများအတွင်းမှ ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်ပြီး တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
‘ဧည့်သည်က အိမ်ရှင်လုပ်သွားတယ်ပေါ့…. ‘
မိမိက တစ်ဖက်လူ၏ စွမ်းအားကို ငှားရမ်းအသုံးပြုချင်ခဲ့သလို တစ်ဖက်လူကလည်း စွမ်းအားများကို ငှားရမ်းပေးရန် သဘောတူခဲ့သည်။ သို့သော် ငှားရမ်းပေးလိုက်သော စွမ်းအားက ကြီးမားလွန်းလှသဖြင့် လော့ထျန်းအဖွဲ့တွင် ရှိရင်းစွဲ ရှိနေသော စွမ်းအားများကို ဖိနှိပ်ထားပြီးသား ဖြစ်သွားခဲ့လေပြီ။ ယခုအချိန်တွင် လူအားလုံး၏ ရှေ့မှောက်၌ လူတိုင်းက လော့ထျန်းအဖွဲ့ကို ရေခဲခံတပ်၏ တရားဝင် လက်အောက်ခံအဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်လိုက်ကြပြီ ဖြစ်လိမ့်မည်။ တရားဝင် လက်အောက်ခံ မဟုတ်ပါက မည်သူက အဖိုးတန်လှသော ဂိုဏ်းအမွေအနှစ်ကို အပြင်လူအား လက်ဆောင်ပေးပါ့မည်နည်း။
‘ငါ ခံလိုက်ရပြီပဲ…. ငါ.... ဒီဂိုဏ်းကြီးတွေရဲ့ ထိပ်တန်းလူတွေကို အထင်သေးမိခဲ့တာပဲ’
သူ၏ မျက်နှာတွင် ပျော်ရွှင်မှုနှင့် စိုးရိမ်မှုများ ရောပြွမ်းနေသည့် အချိန်တွင် ဘေးနားရှိ ထောင်ရိရှန်းကလည်း ဂုဏ်ပြုလက်ဆောင်ကို ပေးလာခဲ့သည်။
"မိတ်ဆွေလော့.... ကျုပ် အလျင်စလို လာခဲ့ရတာဆိုတော့ လက်ဆောင်အသေးစားပဲ ယူလာနိုင်တယ်.... စိတ်မရှိပါနဲ့"
လော့ချန် လက်ဆောင်ကို လှမ်းယူလိုက်သည်။ ဆေးလုံးအချို့နှင့် ဆေးဖက်ဝင် အပင်အချို့ ဖြစ်သည်။ အားလုံးမှာ အခြေတည်အဆင့် အမျိုးသမီး ကျင့်ကြံသူများအတွက် အလွန် အကျိုးရှိလှသော အရာများ ဖြစ်ကြသည်။ သူ့အတွက် မဟုတ်သည်မှာ အသေအချာပင်။
"မိတ်ဆွေထောင်.... အားနာစရာကြီးဗျာ"
လော့ချန် ထောင်ရိရှန်းကို ခေါ်ဆောင်ကာ ခန်းမဆောင်ကြီးအတွင်းသို့ လျှောက်လှမ်းသွားခဲ့သည်။ ထောင်ရိရှန်းက စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။
"ကျောက်စိမ်းအိုးဓားဂိုဏ်း ခုနစ်ဂိုဏ်းထဲမှာ.... ရေခဲခံတပ်က လက်အောက်ခံ အနည်းဆုံးပဲ…. လော့ထျန်းအဖွဲ့က ဒီလောက်အထိ ရေခဲခံတပ်ရဲ့ အလေးထားတာကို ခံရလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး.... အတိတ်တုန်းက ကျုပ်ရဲ့ အမြင်က မမှားခဲ့ဘူးပဲ.... မိတ်ဆွေလော့က သာမန်လူတစ်ယောက် မဟုတ်ဘူး၊ ဒီကျင့်ကြံသူတွေ စုဝေးနေတဲ့ ထျန်းလန်နတ်ဘုရားမြို့တော်မှာတောင် ကိုယ်ပိုင်လမ်းကြောင်းတစ်ခု ဖောက်လုပ်နိုင်ခဲ့တယ်"
"အချင်းချင်း မြှောက်လွန်းနေပါပြီ မိတ်ဆွေထောင်ရာ…."
လော့ချန် စိတ်မပါ လက်မပါဖြင့် ပြန်လည် ဖြေကြားလိုက်သည်။ ထောင်ရိရှန်းက သူ၏ မျက်နှာပေါ်ရှိ စိတ်ပျံ့လွင့်နေသော အရိပ်အယောင်ကို ဖမ်းမိလိုက်ပြီး ပညာရှိစွာပင် နှုတ်ဆိတ်နေလိုက်တော့သည်။
နှစ်ဦးသား ခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
အစေခံမိန်းကလေးများ၏ စီစဉ်မှုအောက်ဝယ် အခြေတည် ကျင့်ကြံသူ အမြောက်အမြား နေရာယူထားကြပြီ ဖြစ်သည်။ နေရာထိုင်ခင်းများမှာ သိသာထင်ရှားစွာပင် သေသေချာချာ ပြင်ဆင်ထားခြင်း ဖြစ်သည်။
ခန်းမဆောင်၏ ထိပ်ဆုံးတွင် နေရာနှစ်ခုကို ဖယ်ထားခဲ့သည်။ တစ်နေရာတွင် လော့ချန် နေရာယူထားပြီးဖြစ်ကာ ကျန်တစ်နေရာမှာမူ အလွတ်ဖြစ်နေပြီး မည်သူ့အတွက် ရည်ရွယ်ထားသည်ကို လူတိုင်း သဘောပေါက်ကြပေသည်။ အလားတူ မြင့်မားလှသော စင်မြင့်ပေါ်တွင် ထန်ထိုက်ကျင်းနှင့် ထောင်ရိရှန်းတို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ထိုသူတို့က ရွှေအမြုတေဂိုဏ်းကြီးများကို ကိုယ်စားပြုကြခြင်း ဖြစ်သည်။ ရွှေအမြုတေအဆင့် ဂိုဏ်းကြီးများကို ကိုယ်စားပြုသော ထိုပုဂ္ဂိုလ်နှစ်ဦး၏ တည်ရှိမှုကပင် ဤအခမ်းအနား၏ နောက်ကွယ်ရှိ ကျောထောက်နောက်ခံ စွမ်းအားကို တိတ်ဆိတ်စွာ ကြေညာနေသကဲ့သို့ ရှိပေသည်။
သူတို့၏ အောက်တွင်မူ ခန်းမဆောင်ကြီးကို နှစ်ဖက်ခွဲထားပြီး စားပွဲများကို တစ်တန်းချင်း စီထားကာ အခြေတည် ကျင့်ကြံသူ အသီးသီးက တင်ပျဉ်ခွေ ထိုင်နေကြသည်။ စားပွဲများအပေါ်တွင်မူ သစ်သီးဝလံများ၊ စားသောက်ဖွယ်ရာများ၊ အရသာရှိလှသော အရက်၊ လက်ဖက်ရည်များ စုံလင်စွာ တည်ခင်းထားပြီး ဖြစ်သည်။
စွမ်းအား ပိုမို သန်မာလှသော အဖွဲ့အစည်းများမှာ ပိုမို၍ ရှေ့ကျသော နေရာတွင် ထိုင်ရသည်။ ဥပမာအားဖြင့် ကျိုးစုန်း၊ လော့ဖုန်းတို့ နှစ်ဦးမှာ အလွန် ရှေ့ကျသော နေရာတွင် ထိုင်နေကြသည်။ သူတို့၏ နောက်ခံများကား ကြီးမားလွန်းရုံတင်မကဘဲ သူတို့ကိုယ်တိုင်လည်း အခြေတည်နှောင်းပိုင်းအဆင့်တွင် ရှိနေကြသည်။ သူတို့ နောက်တွင်မူ ချန်ရှို့လီ၊ ကျိုးချင်း၊ ချောင်ရှီယွဲ့တို့ ရှိနေကြသည်။ အခြားသော အခြေတည် ကျင့်ကြံသူများမှာမူ နောက်ဘက်တွင် အသီးသီး နေရာယူထားကြသည်။
လော့ထျန်းအဖွဲ့၏ အခြေတည် ကျင့်ကြံသူများမှာမူ ခန်းမဆောင်၏ ရှေ့ဘက်ရှိ အိမ်ရှင်၏ ပင်မထိုင်ခုံမှနေ၍ ထောင့်ဖြတ်ဆင်းသွားသော စားပွဲများတွင် အသီးသီး နေရာယူထားကြသည်။ ဤနေရာ ခွဲဝေမှုအရဆိုလျှင် လော့ထျန်းအဖွဲ့အနေဖြင့် ရောက်ရှိလာသော ဧည့်သည်တော်များ၏ အရေးပါမှုကို အလွန် ရှင်းလင်းစွာ သိရှိထားမှန်း သိသာလှသည်။
လူတိုင်းကို အနည်းငယ် အံ့ဩသွားစေသည့် အရာမှာမူ အခြေတည် ကျင့်ကြံသူများ၏ စားပွဲများကြားတွင် ချီသန့်စင်အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး ပါဝင်နေခြင်း ဖြစ်သည်။ သို့သော် တစ်ဖက်လူ၏ အဆင့်အတန်းကို သိရှိပြီးနောက်တွင်မူ မည်သူကမျှ ကန့်ကွက်စကား ဆိုရန် မရဲကြတော့ချေ။ ထိုလူမှာ လီယင်ကျန်း ဖြစ်ပြီး ချင်းဟွာမြစ် လီမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည်။ ယခင်က အခြေတည် အလယ်ပိုင်း ကျင့်ကြံသူ ရှိနေခဲ့ဖူးသော သန်မာလှသော မျိုးနွယ်စု ဖြစ်သည်။ ယခုအချိန်တွင် ဆုတ်ယုတ်သွားခဲ့ပြီ ဆိုသော်လည်း လော့ထျန်းအဖွဲ့နှင့် ခိုင်မာလှသော မဟာမိတ် ဆက်ဆံရေး ရှိနေဆဲ ဖြစ်သည်။
ထို့အပြင် လော့ထျန်းအဖွဲ့က သူ့အား အစွန်ဆုံး နေရာတွင်သာ စီစဉ်ပေးထားခဲ့သဖြင့် အခြေတည် ကျင့်ကြံသူများအနေဖြင့် စော်ကားခံရသည်ဟုလည်း မခံစားရချေ။ ဆန့်ကျင်ဘက်အနေဖြင့် လော့ထျန်းအဖွဲ့က လီမျိုးနွယ်စုအပေါ် ထားရှိသော အလေးထားမှုကြောင့် လူတိုင်း၏ စိတ်ထဲတွင် လော့ချန်အပေါ် လေးစားမှုများ ပိုမို တိုးပွားလာခဲ့ရသည်။ မိတ်ဆွေဟောင်း ကွယ်လွန်သွားခဲ့သော်လည်း သူ၏ နောက်မျိုးဆက်အပေါ်ကို ဤမျှလောက်အထိ လုပ်ဆောင်ပေးနိုင်ခြင်းမှာ အလွန် ရှားပါးလှသော အရာတစ်ခု ဖြစ်သည်။
ဤအခြေတည် ကျင့်ကြံသူများအပြင် အခြားသော ချီသန့်စင်အဆင့် ကျင့်ကြံသူများမှာမူ လော့ထျန်းအဖွဲ့မှ လူများ ဖြစ်စေ၊ အဖွဲ့အစည်းကြီးများမှ ခေါ်ဆောင်လာခဲ့သော နောက်မျိုးဆက်များ ဖြစ်စေ အားလုံးကို ခန်းမဆောင်ကြီး၏ ပိုမို အစွန်ကျသော နေရာများတွင် စီစဉ်ပေးထားသည်။ ဤသို့ဖြင့် အထက်မှ အောက်သို့ ငုံ့ကြည့်လိုက်လျှင် စည်းစနစ်ကျနလှသဖြင့် မည်သည့် အပြစ်အနာအဆာမျှ ရှာမတွေ့နိုင်ချေ။
"မင်္ဂလာအချိန် ရောက်ပြီ မီးနတ်ဘုရားလော့.... ဒီနေ့ရဲ့ အဓိက ဇာတ်လိုက်ကို ဖိတ်ခေါ်လိုက်တော့လေ"
စကားပြောဆိုလိုက်သူမှာ ကျိုးစုန်း ဖြစ်သည်။
လော့ချန်သည် စိတ်ထဲတွင် အခြားသော အတွေးများ ရှိနေသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင်မူ သဘာဝကျစွာပင် ပေါ့ဆမည် မဟုတ်ချေ။ သူ ပြုံးရင်း ပြောလိုက်သည်။
"မိတ်ဆွေက စနောက်နေပြန်ပြီ.... ဒါက သာမန် ကျင့်ကြံခြင်း အတွေ့အကြုံတွေကို မျှဝေတဲ့ ဆွေးနွေးပွဲတစ်ခုပါ၊ မင်္ဂလာအချိန်အခါ လိုအပ်တဲ့ အခမ်းအနားမျိုး မဟုတ်ပါဘူး၊ ဟွေ့နန် အခု ချက်ချင်း ရောက်လာတော့မှာပါ"
စကားသံ မဆုံးသေးမီမှာပင် ခန်းမဆောင်အပြင်ဘက်မှ အဆင်တန်ဆာမြည်သံများ တချွင်ချွင် ထွက်ပေါ်လာခဲ့သည်။ လူအားလုံး ထိုအသံရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။
သွယ်လျလှပသော အမျိုးသမီးတစ်ဦးသည် အလောတကြီး မရှိသော ခြေလှမ်းတို့ဖြင့် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူမ၏ လှုပ်ရှားမှုများသည် ရေပြင်ပေါ်တွင် မျောပါနေသည့် ကြာပွင့်များပမာ ပေါ့ပါးလှသည်။ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး ခြေလှမ်းတိုင်းနှင့်အတူ ယိမ်းနွဲ့နေသည့် သိမ်မွေ့သော ပန်းဖွားများပါသည့် ဖီးနစ်သရဖူကို ဆောင်းထားသဖြင့် ခန်းမဆောင်တစ်ခုလုံးမှာ သူမ၏ တိတ်ဆိတ်သော တောက်ပမှုတို့ဖြင့် ဖုံးလွှမ်းသွားတော့သည်။
သူမ၏ အသားအရေမှာ နှင်းပွင့်များနှယ် ဖြူစင်ပြီး မျက်နှာသွင်ပြင်မှာ လှပကျော့ရှင်းကာ တည်ငြိမ်လှသော အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေ၏။ သို့သော် သူမ၏ အလှတရားတစ်ခုတည်းကသာလျှင် အာရုံစိုက်မှုအားလုံးကို ဆွဲဆောင်နေခြင်း မဟုတ်ပေ။ အကြည့်တိုင်းကို ဖမ်းစားထားနိုင်သည်မှာ သူမ၏ ဟန်ပန်အမူအရာနှင့် တည်ငြိမ်နက်ရှိုင်းသည့် အရှိန်အဝါတို့ပင် ဖြစ်သည်။ ကြည်လင်တောက်ပသော သူမ၏ မျက်ဝန်းအစုံမှာ အင်အားကြီးမားလှသော ကျင့်ကြံသူအမြောက်အမြား၏ အကြည့်များကြားတွင်ပင် တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်နေခဲ့လေသည်။
ယောကျ်ားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့သည် သူမ အနောက်မှ ကပ်လျက် လိုက်ပါလာပြီး တစ်ဦးက ယပ်တောင်ကို ကိုင်ဆောင်ထားကာ အခြားတစ်ဦးက ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး သူတို့၏ မျက်နှာအမူအရာများသည်လည််း လေးနက်တည်ကြည်နေကြသည်။
အမျိုးသမီး ခန်းမဆောင်အတွင်းသို့ ပိုမို ဝင်ရောက်လာသည်နှင့်အမျှ သူမ၏ တည်ရှိမှုက လေထုကိုပင် တောက်ပသွားစေသကဲ့သို့ ရှိပေသည်။ အတည်ငြိမ်ဆုံးသော ဧည့်သည်တော်များပင်လျှင် သူတို့၏ မျက်လုံးများအတွင်းမှ အားကျလေးစားမှုများကို မဖုံးကွယ်နိုင်ကြတော့ချေ။
‘ဘယ်လောက်တောင် အရှိန်အဝါကြီးတဲ့ အမျိုးသမီးလဲ’
ယခင်ကတည်းက လော့ထျန်းအဖွဲ့ စီမံခန့်ခွဲရေးမှူးမှာ ချီသန့်စင်အဆင့်သာ ရှိသေးသော်လည်း အလွန် ထက်မြက်ကြောင်း ကြားဖူးခဲ့ကြသည်။ အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ကြီးမားလှသော လော့ထျန်းအဖွဲ့ကြီးကို စည်းစနစ်ကျနစွာ စီမံခန့်ခွဲနိုင်ခဲ့သည်။ အထက်မှ အောက်အထိ သူမကို မလေးစားသူ မရှိချေ။ ယခုကြည့်ရသည်မှာမူ အခြေတည်အဆင့်သို့ တက်လှမ်းပြီးနောက်တွင် အရှိန်အဝါမှာ ပိုမို ကြီးမားသွားခဲ့ပြီး လောကီလူသားများနှင့် လုံးဝ မတူညီတော့ချေ။ မီးနတ်ဘုရား လော့ချန်အနေဖြင့် အဘယ်အရပ်မှ ဤမျှလောက်အထိ ထူးချွန်လှသော ပါရမီရှင် အမျိုးသမီးကို ရှာဖွေပြီး စိတ်ကြိုက် ခိုင်းစေနေနိုင်ခဲ့မှန်း သူတို့ မစဉ်းစားတတ်တော့ချေ။
"လူတိုင်းကို အကြာကြီး စောင့်ဆိုင်းစေခဲ့မိပါပြီ.... ကျွန်မ စီမာဟွေ့နန်က မိတ်ဆွေအားလုံးကို နှုတ်ဆက်ပါတယ်"
စီမာဟွေ့နန်၏ အသံသည် နူးညံ့သော်လည်း တည်ငြိမ်နေပြီး ခန်းမဆောင်တစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်။ သူမ စကားပြောဆိုရင်း လှပကျော့ရှင်းစွာဖြင့် အရိုအသေပေးလိုက်သည်။
ထို့နောက် လော့ချန်၏ အကြည့်များအောက်တွင် လေထဲတွင် လွင့်မျောနေသော မိုးမခပန်းလေးပမာ ပင်မထိုင်ခုံဆီသို့ ကျော့ရှင်းစွာ လျှောက်လှမ်းလိုက်သည်။
"မဆိုးဘူး.... တကယ့်ကို ခိုင်မာလှတဲ့ အခြေခံပဲ.... ချီစွမ်းအားကလည်း တော်တော် သန့်စင်တယ်"
သာမန်ဟု ထင်ရသော ဤမှတ်ချက်စကားမှာ ရေခဲခံတပ်၏ တပည့်ရင်း ထန်ထိုက်ကျင်းထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အခြားသူများ၏ နားထဲသို့ ရောက်ရှိသွားသော အခါတွင်မူ ဤအရာမှာ အလွန် မြင့်မားလှသော ချီးကျူးမှု ဖြစ်သွားခဲ့ရတော့သည်။ အချိန်တစ်ခုအတွင်း ခန်းမဆောင်အတွင်းရှိ အခြေတည်အဆင့် ကျင့်ကြံသူများမှာ တစ်ဦးပြီးတစ်ဦး စီမာဟွေ့နန်ကို ချီးကျူးစကားများ ပြောဆိုလာကြသည်။
စီမာဟွေ့နန် အနည်းငယ် ပြုံးလိုက်ပြီး လော့ချန်ကို ကြည့်လိုက်သည်။
"စကြစို့"
လော့ချန် တည်ငြိမ်စွာ ပြောလိုက်သည်။
စီမာဟွေ့နန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး မည်သည့် ကြောက်ရွံ့မှုမျှ မရှိဘဲ အခြေတည်အဆင့် တက်လှမ်းခြင်း အတွေ့အကြုံများကို စတင် မျှဝေပေးတော့သည်။ ထိုအချိန်၌ ခန်းမဆောင်အတွင်းရှိ ချီသန့်စင် အဆင့် ကျင့်ကြံသူ အားလုံးမှာ နားကို သေသေချာချာ စွင့်ထားကြပြီး အလွန်ပင် အာရုံစိုက်ကာ နားထောင်နေကြတော့သည်။ စကားလုံးတစ်လုံး လွတ်သွားမည်ကို စိုးရိမ်နေကြသည့် အလားပင်။
အသစ်တက်လှမ်းထားသော ကျင့်ကြံသူတစ်ဦး၏ အတွေ့အကြုံများမှာ ချီသန့်စင် အဆင့် ကျင့်ကြံသူများအတွက်မူ သေချာပေါက် အလွန် အဖိုးတန်လှသော အသိပညာများ ဖြစ်ကြသည်။ တစ်ကိုယ်တော်ကျင့်ကြံသူ အမြောက်အမြားမှာ တစ်သက်တာတွင် တစ်ကြိမ်မျှပင် ကြုံတွေ့ခွင့် ရရှိလိမ့်မည် မဟုတ်ချေ။ ဤကဲ့သို့သော မျိုးနွယ်စုနှင့် ဂိုဏ်းများမှ တပည့်များသာလျှင် လူကြီးများ၏ ခေါ်ဆောင်မှုအောက်တွင် လာရောက် နားထောင်ခွင့် ရရှိကြခြင်း ဖြစ်သည်။ လော့ထျန်းအဖွဲ့မှ ချီသန့်စင်အဆင့် ကျင့်ကြံသူများမှာမူ ကံကောင်းလှသည်။ တိုတောင်းလှသော ဆယ်နှစ်ကျော် ကာလအတွင်းမှာပင် လေးငါးကြိမ်ခန့် ဆက်တိုက် နားထောင်ခွင့် ရရှိခဲ့ကြပြီ ဖြစ်သည်။ အကယ်၍ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ပါက အခြေတည်အဆင့် တက်လှမ်းရန် ကြိုးပမ်းသည့် အခါတွင် ဤအတွေ့အကြုံ အသိပညာများကို သေသေချာချာ အသုံးချနိုင်မည် ဆိုပါက အခြေတည်အဆင့်အား အောင်မြင်ရန် အခွင့်အလမ်းမှာလည်း များစွာ ပိုမို တိုးပွားလာပေလိမ့်မည်။
ဤကဲ့သို့သော အကြောင်းရင်းများကြောင့် ဖြစ်လိမ့်မည်။ အမြဲလိုလို အဖွဲ့အစည်းတစ်ခု စတင်မြင့်တက်လာပြီးနောက် ပါရမီရှင်များမှာလည်း တဖွဲဖွဲ ဆက်တိုက် ထွက်ပေါ်လာလေ့ ရှိသည်။ သူတို့ ယခင်က ရှိနေခဲ့ဖူးသော နေရာမှာ ဆင်းရဲလှသော နေရာလေး ဖြစ်နေခဲ့ပြီး သူတို့ကိုယ်တိုင်၏ ပါရမီမှာ လုံးဝ ထူးချွန်လွန်းလှသည် မဟုတ်လျှင်ပင် အရည်အချင်းရှိသော ခေါင်းဆောင်၏ ဦးဆောင်မှုအောက်တွင် ထင်ပေါ်ကျော်ကြားလာရန် အခွင့်အရေး ရှိနေဆဲပင် ဖြစ်သည်။ သူတို့သည် တိုက်ပွဲများမှတစ်ဆင့် အင်အားကြီးမားလာကြပြီး ထို့နောက်တွင် ပိုမို သန်မာလာကြသည်။ သတိမထားမိဘဲနှင့်ပင် လူများကို ထင်ယောင်ထင်မှား ဖြစ်စေသည်မှာ အဘယ်ကြောင့် ဤမျှလောက်များပြားလှသော ပါရမီရှင်များ ထွက်ပေါ်လာလေသနည်း ဟူ၍ ဖြစ်သည်။ အမှန်စင်စစ် ထိုနေရာ၏ မြေမျက်နှာသွင်ပြင် ကောင်းမွန်သောကြောင့် မဟုတ်ချေ။ သင့်တော်သော အချိန်၌ သင့်တော်သော သူရဲကောင်းတစ်ဦး ထွက်ပေါ်လာခဲ့သဖြင့် ပုံမှန်မဟုတ်သော အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ လော့ချန်မှာမူ ဤကဲ့သို့သော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ တာဟဲဈေးမြို့တော်မှ ကျင့်ကြံသူ အမြောက်အမြားမှာ သူ၏ ဘေးပတ်ဝန်းကျင်တွင် ဝန်းရံထားကြပြီး သူ့အား သစ္စာခံထားကြသလို သူတို့ကိုယ်တိုင်လည်း အကျိုးအမြတ် များစွာ ရရှိခဲ့ကြသည်။
အခန်းတွင်းရှိ အခြေတည်အဆင့် ကျင့်ကြံသူများအတွက်မူ ဤသို့သော ဖြစ်ရပ်များမှာ ထူးခြားလှသည် မဟုတ်ချေ။ ဂိုဏ်းဂုဏ်ပြုပွဲတစ်ခုတွင် အရေးအပါဆုံးအရာမှာ အဖြစ်အပျက်များ မည်သို့ရှိသည်ဟူသည်ထက် မည်သူတို့ တက်ရောက်လာခဲ့သည်၊ ဤနေရာမှ ပြန်သွားသည့်အခါ မည်သည့်အရာများကို ရယူသွားနိုင်ခဲ့သည်ဟူသော အချက်ကသာလျှင် အဓိက ဖြစ်ပေသည်။
ထို့ကြောင့် စီမာဟွေ့နန် စကားပြောဆိုနေသည့် အချိန်တွင် အခြေတည် ကျင့်ကြံသူ အများစုမှာ စိတ်မပါ လက်မပါ ဖြစ်နေကြပြီး ချီသန့်စင် အဆင့် ကျင့်ကြံသူများသာ အာရုံစိုက်နားထောင်နေကြသည်။ သေသေချာချာ တွက်ချက်ကြည့်မည် ဆိုပါက ဤအရာမှာ လော့ချန် အခြေတည် ဂုဏ်ပြုပွဲ ကျင်းပခဲ့ပြီးနောက်တွင် လော့ထျန်းအဖွဲ့အနေဖြင့် ဒုတိယအကြိမ်မြောက် တရားဝင် ပေါ်တင် ကျင်းပသော ဂုဏ်ပြုပွဲ ဖြစ်သည်။ ယခင်က တွမ်ဖုန်း၊ ဝမ်ယွမ်တို့ တက်လှမ်းစဉ်တုန်းကမူ အဖွဲ့အတွင်း၌သာ ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ လော့ချန်၏ ဂုဏ်ပြုပွဲကဲ့သို့ စီမာဟွေ့နန်၏ စွမ်းဆောင်ရည်ကို စမ်းသပ်လိုသည့် အကြောင်းပြချက်ဖြင့် လာရောက် စော်ကားမော်ကား ပြုမူသူမျိုး လုံးဝ မရှိခဲ့ချေ။
မီးနတ်ဘုရား၏ ကျော်စောလှသော အရှိန်အဝါကြောင့် ဖြစ်စေ၊ ရွှေအမြုတေဂိုဏ်းကြီး နှစ်ခုမှ တရားဝင်တပည့်များ၏ မျက်နှာကြောင့် ဖြစ်စေ အခမ်းအနားသည် စည်းစနစ်ကျနစွာဖြင့် ဆက်လက် ကျင်းပသွားခဲ့သည်။ နောက်ဆုံး အဆုံးသတ်ပိုင်းအထိ ရောက်ရှိလာခဲ့တော့သည်။
မကြာခင် နေဝင်စပြုလာခဲ့သည်။ ရောင်ခြည်များမှာ ဒန်ရှားတောင်ပေါ်သို့ ကျရောက်နေသဖြင့် အလွန်ပင် ခမ်းနားထည်ဝါလှသည်။ အခမ်းအနား ပြီးဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် အခြေတည် ကျင့်ကြံသူအချို့သည် မိမိတို့၏ တပည့်များကို ခေါ်ဆောင်ကာ နှုတ်ဆက်၍ ထွက်ခွာသွားကြသည်။ ထိုထဲတွင် ဂိုဏ်းကြီးနှစ်ခုမှ တရားဝင်တပည့်များ ဖြစ်ကြသည့် ထန်ထိုက်ကျင်း၊ ထောင်ရိရှန်းတို့လည်း ပါဝင်သည်။
သို့သော် ပိုမိုများပြားလှသော လူများမှာမူ ကျန်ရှိနေခဲ့ကြပြီး မျှော်လင့်ချက် ပြည့်နှက်နေသော မျက်လုံးများဖြင့် စီမာဟွေ့နန်ကို စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံး စီးပွားရေးကိစ္စဆွေးနွေးရန် ကျန်ရစ်ခဲ့ကြခြင်းဖြစ်သည်။
ထန်ထိုက်ကျင်းကို လိုက်ပို့ပြီးနောက်တွင် စီမာဟွေ့နန်နှင့် လော့ချန်တို့သည် သက်တံ့တံတားအနီးတွင် ယှဉ်တွဲ ရပ်နေခဲ့ကြသည်။ သူမသည် ခန်းမဆောင်ကြီးအတွင်း ကျန်ရှိနေခဲ့ကြသည့် အခြေတည် ကျင့်ကြံသူ အမြောက်အမြားကို လှည့်ကြည့်လိုက်သည်။ ယခင်က ရှိခဲ့သော စိတ်လှုပ်ရှားမှုများမှာ ယခုအချိန်တွင် တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်မ သွားလိုက်ဦးမယ်နော်"
"သွားပါ"
လော့ချန် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။
"မစိုးရိမ်ဘဲနဲ့ ဆွေးနွေးပါ.... ဘယ်လောက် ဆွေးနွေးနိုင်မလဲ ဆိုတာကို ကြည့်ရတာပေါ့"
စီမာဟွေ့နန် ဖျော့တော့စွာ ပြုံးပြလိုက်ပြီး ခန်းမဆောင်ကြီးအတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။ သူမ ထွက်ခွာသွားပြီးနောက် လော့ချန်သည် ထန်ထိုက်ကျင်း ထွက်ခွာသွားသော အလင်းတန်းကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဦးနှောက်ထဲတွင်မူ အခမ်းအနား မစတင်မီက မြင်ကွင်းမှာ ရံဖန်ရံခါ ပြန်လည် ထင်ဟပ်နေဆဲ ဖြစ်သည်။
ဤလမ်းခရီးတစ်လျှောက် သူ ခက်ခဲစွာ လျှောက်လှမ်းခဲ့ရသော်လည်း တစ်ကြိမ် လှုပ်ရှားလိုက်တိုင်း သေချာပေါက် အကျိုးအမြတ် ရရှိခဲ့သည်။ အပြင်လူများ အမြင်တွင်မူ အလွန် အဆင်ပြေချောမွေ့နေခဲ့သည်ဟု ဆိုနိုင်သည်။ သူကိုယ်တိုင်လည်း အားနည်းသူက အားသန်သူကို အနိုင်ယူသည့် နည်းလမ်းများကို အသုံးချကာ၊ သန်မာသူ အမြောက်အမြားကြားတွင် သွားလာလှုပ်ရှားရင်း စွမ်းအားများကို ငှားရမ်းကာ မိမိ၏ ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ဆောင်လေ့ ရှိသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ အမြင်လွဲမှားသွားခဲ့ရသည်။ ရွှေအမြုတေဂိုဏ်းကြီးများ၏ စွမ်းအားကို အဘယ်မှာ လွယ်ကူစွာ ငှားရမ်းနိုင်ပါ့မည်နည်း။ တစ်ဖက်လူအနေဖြင့် လက်သည်းခွံလောက်ရှိသော အရာလေးတစ်ခုကိုသာ မသိမသာ ထုတ်ပေးလိုက်ခြင်းဖြစ်သော်လည်း သူ မခံနိုင်လောက်သော လေးလံလှသော ဝန်ထုပ်ဝန်ပိုး ဖြစ်သွားခဲ့လေပြီ။ ယနေ့ ထန်ထိုက်ကျင်း၏ လုပ်ရပ်မှာ လော့ထျန်းအဖွဲ့အပေါ် ရေခဲခံတပ် ချန်ချင်အနွယ်၏ တံဆိပ်ကို လုံးဝ ခတ်နှိပ်လိုက်ခြင်း ဖြစ်သည်။ အနာဂတ်တွင် သူ ပိုမို ကြီးမားလှသော အခက်အခဲများနှင့် ကြုံတွေ့ရပါက ယခင်ကကဲ့သို့ ဘက်ပေါင်းစုံတွင် အဆင်ပြေအောင် လုပ်ဆောင်နိုင်တော့မည် မဟုတ်ချေ။
"တစ်ခါတစ်လေမှာ.... ငှားရမ်းလာတဲ့ စွမ်းအားဆိုတာ ကိုယ်ပိုင် စွမ်းအားမှ မဟုတ်တာ…. ဒီ အားကိုးရာမဲ့ခံစားချက်က လူကို အသက်ရှူရတာတောင် ခက်ခဲစေသလိုပဲ"
သူ စိတ်မကောင်း ဖြစ်နေစဉ် ကောင်းကင်ယံမှ အလင်းတန်းတစ်ခု လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ယခုအချိန်တွင် သက်တံ့တံတားကို သိမ်းဆည်းထားပြီး ဖြစ်သော်လည်း လော့ချန်ကိုယ်တိုင် ထွက်၍ ကြိုဆိုလိုက်သည်။
အလင်းတန်း ပျောက်ကွယ်သွားပြီးနောက် ချူခွေး ထွက်ပေါ်လာခဲ့သည်။
"တောင်းပန်တယ်ကွာ.... တံခါးပိတ် ကျင့်ကြံတာကနေ ထွက်တာ နည်းနည်း နောက်ကျသွားလို့ မင်းတို့ လော့ထျန်းအဖွဲ့ရဲ့ အခြေတည် ဂုဏ်ပြုပွဲကို လွတ်သွားတယ်"
လော့ချန် ခေါင်းယမ်းလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ရောက်လာတာပဲ.... နောက်မကျသေးပါဘူး၊ အနည်းဆုံးတော့ ငါ အရက်ကောင်းတစ်ခွက် မင်းအတွက် ချန်ထားပါသေးတယ်"
ချူခွေး တဟီးဟီး ရယ်မောလိုက်သည်။ လော့ချန်၏ ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားမှုအောက်တွင် သူ ပထမဆုံးအကြိမ်အဖြစ် ဒန်ရှားတောင်ရှိရာ နေရာသို့ ခြေချလိုက်ခြင်း ဖြစ်သည်။ လမ်းလျှောက်ရင်း၊ စကားပြောရင်း ချူခွေးသည် ဒန်ရှားတောင်ရှိ လူများနှင့် ပတ်ဝန်းကျင်ကို အကဲခတ်နေခဲ့သည်။ ရံဖန်ရံခါတွင် လော့ချန်၏ စီမံခန့်ခွဲမှု ကောင်းမွန်ပုံကို ချီးကျူးစကား ဆိုတတ်သေးသည်။
ဤအရာနှင့် ပတ်သက်ပြီး လော့ချန်လည်း မိမိ၏ ဂုဏ်ပုဒ်အဖြစ် မယူဘဲ အားလုံး စီမာဟွေ့နန်၏ စွမ်းဆောင်ရည်ကြောင့် ဖြစ်ကြောင်း ပြောလိုက်သည်။ စကား၏ အဓိပ္ပာယ်မှာမူ ‘ချူခွေး မင်း ခဏနေရင် လက်ဆောင်ပေးတဲ့အခါ လက်စသေးလို့ မရဘူး’ ဟူ၍ ဖြစ်သည်။ ချူခွေးလည်း ရယ်အားထက် ငိုအားသန်သွားရသည်။ သို့သော် လော့ထျန်းအဖွဲ့သို့ ယနေ့ ရောက်ရှိလာကြသည့် လူကြီးမင်း အမြောက်အမြားအကြောင်းကို သိရှိရပြီးနောက်တွင်မူ စိတ်ထဲတွင် မည်သည့် နောင်တမျှ မရှိတော့ချေ။
လော့ထျန်းအဖွဲ့ ပိုမို သန်မာလေလေ အနာဂတ်တွင် ရန်စမိမည့် ရန်သူများမှာလည်း ပိုမို သန်မာလာနိုင်လေလေ ဖြစ်သည်။ ရွှေအမြုတေအဆင့်ရှိသော တည်ရှိမှုများနှင့် မပတ်သက်သရွေ့ သူ ချူခွေးအနေဖြင့် စွမ်းဆောင်နိုင်မည့် နေရာများ များစွာ ရှိနေသေးသည်။ ယခင်က ထိုင်ပိုင်အရက်တစ်ခွက်ဖြင့် ဝိညာဉ်ကျောက်တုံးတစ်သိန်းရှိသော လှုပ်ရှားခကို လဲလှယ်ခဲ့ဖူးသည်။ ဤတစ်ကြိမ်တွင် သွေးအနည်းငယ် ထွက်အောင် လုပ်ဆောင်လိုက်မည် ဆိုပါက နောက်တစ်ကြိမ်တွင် ဖြစ်နိုင်သည်မှာ ငါးသိန်း၊ ဆယ်သိန်း ဖြစ်လာနိုင်သည် မဟုတ်ပါလော။
"ဒါနဲ့ ပြောရဦးမယ်.... ဘာဖြစ်လို့ နဂါးတောင်ရိုး ကျန်းမျိုးနွယ်စုက လူတွေအကြောင်း မကြားရတာလဲ.... သူတို့ လူမလွှတ်ကြဘူးလား"
နဂါးတောင်ရိုး ကျန်းမျိုးနွယ်စုနာမည်ကို ကြားလိုက်ရသောအခါ လော့ချန် အေးစက်စွာ ရယ်မောလိုက်သည်။ ယခင်ကမူ အားလုံး နားလည်မှုရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော်လည်း တိတ်တဆိတ် ပြိုင်ဆိုင်နေကြဆဲ ဖြစ်သည်။ ဤတစ်ကြိမ်တွင် လော့ထျန်းအဖွဲ့မှ အကျိုးအမြတ် အမြောက်အမြား ရရှိခဲ့ပြီး လုံးဝ အဆင့်သစ်တစ်ခုသို့ တက်လှမ်းနေပြီ ဖြစ်သည်။ အနာဂတ်၏ ဆေးလုံးစီးပွားရေးမှာ သေချာပေါက် ရှေ့သို့ တိုးတက်လာပေလိမ့်မည်။ ထိုအောင်မြင်မှုကပင် ကျန်းမျိုးနွယ်စု၏ နေရာကို ခြိမ်းခြောက်နေခဲ့ပြီး ထိုကဲ့သို့သော အခြေအနေမျိုးအောက်တွင် သူတို့ အဘယ်မှာ စေတနာကောင်း ပြသနိုင်မည်နည်း။ သူ လူလွှတ်၍ ပို့ဆောင်ခဲ့သော ဖိတ်စာမှာမူ မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ချေ။ မရေမတွက်နိုင်သော အခြားသူများ လာရောက်ဂုဏ်ပြုပြုကြသည့် ဤနေ့တွင် ကျန်းမျိုးနွယ်စုမှ တစ်ဦးတစ်ယောက်မျှ ပေါ်မလာခဲ့ပေ။ ကျန်းမျိုးနွယ်စုအနေဖြင့် သူတို့၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ အသိပေးလိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ထို့အပြင် ဤတစ်ကြိမ်တွင် ရောက်ရှိလာသူများမှာ အလွန် များပြားလှသော်လည်း လော့ချန် စိတ်ကူးထားခဲ့သလောက် များပြားခြင်းမရှိချေ။ သူ ဖိတ်ကြားခဲ့သော အဖွဲ့အစည်းအချို့မှာလည်း ရောက်ရှိမလာခဲ့ကြချေ။
လော့ချန် အေးစက်စွာ ပြုံးလိုက်ရင်း
"လာသင့်တဲ့သူတွေ.... အားလုံး ရောက်လာကြပါတယ်….. ရောက်မလာတဲ့သူတွေကိုတော့.... ငါ ကိုယ်တိုင် သူတို့အိမ်တံခါးဝအထိ သွားလည်လိုက်ပါ့မယ်"
စကားလုံးများအတွင်းရှိ အေးစက်မှုမှာ လူကို တုန်လှုပ်ခြောက်ခြားစေသည်။ ချူခွေး၏ မျက်လုံးများမှာမူ ချက်ချင်းပင် တောက်ပသွားရသည်။
"ငါ့ကို မမေ့နဲ့နော်.... ချက်ချင်းသာခေါ်လိုက်၊ ငါက ဘယ်သူလဲ.... ထျန်းလန်နတ်ဘုရားမြို့တော်ရဲ့ အရေးပေါ်ကယ်ဆယ်ရေးသမားကြီးလေ.... ဘယ်တော့မှ တွန့်ဆုတ်နေမယ့်ကောင် မဟုတ်ဘူး"
လော့ချန် မျက်စောင်းတစ်ချက် ထိုးလိုက်မိသည်။
"သွားကြစို့.... အထဲမှာ အရက်တစ်ခွက် သောက်ရင်း ငါတို့ လော့ထျန်းအဖွဲ့ရဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေနဲ့ မင်းကို မိတ်ဆက်ပေးပါရစေဦး.... နောက်ပိုင်း မင်း လူမှားပြီး ငါ့လူတွေကို တိုက်ခိုက်မိတာမျိုး မဖြစ်အောင်လို့ပေါ့"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ