အခန်း ၄၅၂
Vol. 46 Ch. 452
အခန်း (၄၅၂) - သူရဲကောင်းတို့၏ သင်္ချိုင်း
"အစ်ကိုလော့ဖုန်း.... ဒါကတော့ ကျွန်မတို့ လော့ထျန်းအဖွဲ့ရဲ့ လက်နက်နန်းဆောင်ပါ"
စီမာဟွေ့နန်က နွေးထွေးပျူငှာစွာ မိတ်ဆတ်ပေးလိုက်သည်။
"အထဲမှာ လက်နက်သွန်းလုပ်တဲ့ အလုပ်သင် ရာကျော် ရှိနေပြီး.... ထူးချွန်လှတဲ့ လက်နက်သွန်းလုပ်ရေး ဆရာကြီး တွမ်ဖုန်းကိုယ်တိုင် ကြီးကြပ်နေတာပါ.... သူ့ရဲ့ မျိုးနွယ်စု အစဉ်အလာက အတော် ထူးခြားပြီး ပျံလွှားမြို့တော်ကနေ ဆင်းသက်လာတာပါ.... အခုလောလောဆယ် အဆင့်လတ် ဓားပျံတွေကို တည်တည်ငြိမ်ငြိမ် သွန်းလုပ်နိုင်နေပါပြီ.... အဆင့်မြင့် မှော်လက်နက်တွေကိုလည်း ရံဖန်ရံခါ ထုတ်လုပ်နိုင်ပါသေးတယ်.... အခုဆိုရင် ကျွန်မတို့က ရှန်ကုန်းဂိုဏ်းရဲ့ လှေပျံ သွန်းလုပ်နည်းကိုပါ ရထားပြီဆိုတော့ အနာဂတ်မှာ ပိုပြီး တိုးတက်ဖို့ပဲ ရှိပါတော့တယ်၊ အစ်ကိုလော့ဖုန်း ပြောခဲ့တဲ့ သတ္တုရိုင်း တချို့အတွက်ကတော့ အနာဂတ်မှာ လိုအပ်ချက် အတော် မြင့်မားလာမှာ ဖြစ်လို့ စျေးနှုန်းပိုင်းကိုတော့ သေသေချာချာ ဆွေးနွေးလို့ ရပါတယ်"
"အစ်ကိုချန်.... ရှင်တို့ နတ်ဘုရားဝတ်ရုံမျှော်စင်ရဲ့ ဝတ်ရုံဖန်တီးနည်းကတော့ ထျန်းလန်နတ်ဘုရားမြို့တော်မှာ ပြိုင်စံရှားပါပဲ.... ဒါပေမဲ့ အစ်ကိုတို့ လိုအပ်နေတဲ့ ကျောက်စိမ်းပိုးချည်မျှင်၊ ပယင်းပိုးချည်မျှင်တွေကတော့ ဂိုဏ်းကြီးတွေရဲ့ ထုတ်လုပ်မှုကြောင့် အကန့်အသတ်ရှိနေတယ်မလားရှင်.... ကျွန်မတို့ လော့ထျန်းအဖွဲ့ရဲ့ သားရဲနန်းဆောင်က ဒီဝိညာဉ်သားရဲအမျိုးအစားတွေကို အရေအတွက် အများကြီး မွေးမြူဖို့ ပြင်ဆင်နေတာဆိုတော့.... နောက်ပိုင်း ထွက်ရှိလာမယ့် ပမာဏက သေချာပေါက် နည်းမှာ မဟုတ်ပါဘူး.... အစ်ကိုတို့အဖွဲ့ကို အကန့်အသတ်မရှိ ပံ့ပိုးပေးနိုင်မှာပါ.... ပမာဏကို လုံးဝ စိုးရိမ်စရာ မလိုပါဘူး.... ကျွန်မတို့က အရင် ကန်းမျိုးနွယ်စုရဲ့ မြေကွက်ကို ငှားရမ်းထားပြီးပါပြီ၊ အဲ့ဒီမြေနေရာကို ဝိညာဉ်သားရဲတွေ မွေးမြူဖို့အတွက်ပဲ သီးသန့် သုံးသွားမှာပါ.... ကျွန်မတို့ မြစိမ်းရွှေပိုးကောင်တွေကိုတောင်မှ မွေးမြူနိုင်ကောင်းမွေးမြူနိုင်ပါလိမ့်မယ်၊ အစ်ကိုတို့အနေနဲ့ ကျွန်မတို့နဲ့ လက်တွဲလို့ အရှုံးမရှိပါဘူးနော်”
"အစ်မချောင်…. အံ့ဖွယ်တစ်သောင်းဆေးလုံးနဲ့ ပတ်သက်ပြီး ကျွန်မတို့ ဆေးဖော်နန်းဆောင်ရဲ့ ထုတ်လုပ်မှုက တကယ့်ကို မမြင့်မားလှပါဘူး.... တကယ်လို့ မက်မွန်တောင် တစ်ခုတည်းကိုပဲ အကုန် ပေးရမယ်ဆိုရင် ကျွန်မတို့ ဒန်ရှားမေနန်းဆောင်မှာ ရောင်းချနေတဲ့ ဆေးလုံးအမျိုးအစားတွေ နည်းပါးလွန်းသွားမှာ ဖြစ်လို့ အဲ့ဒါက သိပ်တော့ တွက်ခြေမကိုက်လှပါဘူး.... ဒါပေမဲ့ ကျွန်မတို့ အဖွဲ့ချုပ်ခေါင်းဆောင်က အကြီးအကဲရွှမ်ယွီကို အမြဲတမ်း လေးစားနေခဲ့တာ ဖြစ်လို့ သူကလည်း မက်မွန်တောင်နဲ့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ စိတ် ရှိနေပါတယ်.... ဒီလို လုပ်ကြတာပေါ့.... တကယ်လို့ အစ်မချောင်တို့ မက်မွန်တောင်က ထွက်ရှိတဲ့ နတ်ဘုရားမက်မွန်သီး တချို့ကို ကျွန်မတို့ဆီ ခွဲတမ်းချပေးမယ်ဆိုရင် ဒီကိစ္စကို ကျွန်မ ကိုယ်တိုင် ဆုံးဖြတ်ပြီး အနာဂတ်မှာ မက်မွန်တောင် တစ်ခုတည်းနဲ့ပဲ သီးသန့် ပူးပေါင်းဆောင်ရွက်ပါ့မယ်.... အစ်မချောင်ရဲ့ သဘောကရော ဘယ်လိုလဲရှင်"
"ချန်လျိုတောင်ကြားဘက်ကတော့.... မြေမျက်နှာသွင်ပြင် ပတ်ဝန်းကျင်က အတော် အေးလွန်းလှတာ ဖြစ်လို့ ကျင့်ကြံသူတွေရဲ့ ဒန်ထျန်းကို နွေးထွေးစေဖို့အတွက် ယန်ဝမ်ဆေးလုံးတွေ အတော် လိုအပ်တာပေါ့.... ဒီနေ့ အစ်ကိုတို့က ကျွန်မကို လာဂုဏ်ပြုပေးတာဆိုတော့ အစ်ကိုတို့ရဲ့ မျက်နှာကို ထောက်ထားပြီး ကျွန်မ ဒီတောင်းဆိုမှုကို သဘောတူနိုင်ပါတယ်၊ အနာဂတ်မှာ လော့ထျန်းဆေးဖော်နန်းဆောင်က ထွက်ရှိတဲ့ ယန်ဝမ်ဆေးလုံး သုံးပုံတစ်ပုံကို ချန်လျို ချန်မျိုးနွယ်စု တစ်ခုတည်းကိုပဲ ထောက်ပံ့ပေးပါမယ်၊ ဒါပေမဲ့ အစ်ကိုတို့ဘက်ကလည်း ယင်စိမ့်စမ်းရေတချို့ ခွဲတမ်းချပေးရပါမယ်.... အစ်ကို သိတဲ့အတိုင်း မင်ရည်ပိုးစာပင် စိုက်ပျိုးတဲ့ နေရာမှာ ယင်စိမ့်စမ်းရေတွေက မရှိမဖြစ်ပဲလေရှင်....”
"ယွီကျန်းကျောင်းတော်ရဲ့ ဈေးနှုန်းလား”
ချန်းသုန်းလျိုက မေးလိုက်သည်။
"မဟုတ်တာ.... မဟုတ်တာ.... အဲ့ဈေးကို ကျွန်မတို့ မတတ်နိုင်ပါဘူးရှင်.... ကျွန်မတို့ လော့ထျန်းအဖွဲ့က အဲဒီဈေးရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကိုပဲ တတ်နိုင်ပါတယ်.... သဘောတူလား၊ မတူလား ဆိုတာကတော့ အစ်ကိုချန်ရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်ရှင်”
စီမာဟွေ့နန်၏ တစ်ခါတစ်ရံတွင် သံတမန်ဆန်ဆန်၊ တစ်ခါတစ်ရံတွင် ပြတ်သားစွာနှင့် တစ်ခါတစ်ရံတွင် အတင်းအကြပ် ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် စီးပွားရေး သဘောတူညီချက်တစ်ခုပြီးတစ်ခု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
ညဉ့်နက်ပိုင်းရောက်သည့်အခါ လော့ထျန်းအဖွဲ့တွင် ကျန်ရှိနေခဲ့ကြသည့် အခြေတည် ကျင့်ကြံသူ အမြောက်အမြားမှာ တဖြည်းဖြည်းနှင့် နှုတ်ဆတ်ထွက်ခွာသွားကြပြီဖြစ်သည်။
ချောင်ရှီယွဲ့ကို လိုက်ပို့ပြီးနောက် စီမာဟွေ့နန် သက်ပြင်းအရှည်ကြီးတစ်ချက်ကို မသိမသာ ချလိုက်မိသည်။ ဘေးနားရှိ မင်လုံယွီသည် အစီအရင်ကို သိမ်းဆည်းလိုက်ပြီး ယနေ့ ဆုံးရှုံးသွားခဲ့ရသည့် အဆင့်လတ် ဝိညာဉ်ကျောက်တုံးများအတွက် နှမြောတသဖြစ်နေခဲ့သည်။ မိုးတိမ်သက်တံ့တံတားကို ထိန်းသိမ်းထားရန်အတွက် ဤတိုတောင်းလှသော တစ်ရက်အတွင်းမှာပင် အဆင့်လတ် ဝိညာဉ်ကျောက်တုံး ရာကျော် ကုန်ဆုံးသွားခဲ့ရသည်။ ဤပမာဏမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော် မဟုတ်ပါလော။
မင်လုံယွီ၏ နှမြောတသဖြစ်နေသည့် အမူအရာကို ကြည့်ရင်း စီမာဟွေ့နန် ပြုံးကာ ခေါင်းယမ်းလိုက်မိသည်။
"အကြီးအကဲမင်.... နှမြောနေစရာ မလိုပါဘူး၊ ဒီနေ့ ဆုံးရှုံးသွားတဲ့ အရာတွေကို နောက်နောင် အဆပေါင်း ရာကျော်၊ ထောင်ကျော် ပြန်ရလာမှာပါ"
မင်လုံယွီ ညှစ်ထုတ်ကာ ပြုံးလိုက်ရသည်။ တဖြည်းဖြည်းနှင့် ခြောက်ကပ်သွားခဲ့ရသည့် ဒန်ရှားတောင်ကို ကြည့်ရင်း သူ၏ အမူအရာမှာ အနည်းငယ် ဝေခွဲမရ ဖြစ်နေမိသည်။
"ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို.... ကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ် ဆိုပေမယ့် ကျွန်တော်တော့ အခုထိ အိပ်မက်မက်နေသလို ခံစားနေရဆဲပဲဗျာ.... လွန်ခဲ့တဲ့ နှစ်ပေါင်း ရာကျော်တုန်းက ဒန်ရှားမင်မျိုးနွယ်စု အထွန်းတောက်ဆုံး အချိန်မှာတောင် ဒီနေ့ရဲ့ ဆယ်ပုံတစ်ပုံကိုတောင် မမီနိုင်ခဲ့ပါဘူး"
စီမာဟွေ့နန်လည်း စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။
"ဒါကတော့ အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ထက်မြက်တဲ့ နည်းလမ်းတွေကြောင့်ပါပဲ.... ဒီနေ့ ရောက်လာတဲ့ ဧည့်သည်တွေအားလုံးက လော့ထျန်းအဖွဲ့ရဲ့ မဟာမိတ်တွေ မဟုတ်ကြပေမယ့် ဘက်ပေါင်းစုံက စွမ်းအားတွေကို ငှားအသုံးပြုပြီးနောက်မှာတော့ နောက်ဆုံးမှာ သဟဇာတဖြစ်တဲ့ အခြေအနေတစ်ခုကို ဖန်တီးနိုင်ခဲ့တာပါ"
မင်လုံယွီလည်း ထိုနည်းတူ ခံစားရသည်။ သူနှင့် တွမ်ဖုန်းသည် ညနေခင်းက စီမာဟွေ့နန်နှင့်အတူတူ ထိုအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ သာမန်လူများအနေဖြင့် ဆွေးနွေးရန် ခက်ခဲလှသည်ဟု ထင်မှတ်ထားကြသော စီးပွားရေးများမှာ ယနေ့တွင်မူ နတ်ဘုရားများ ကူညီနေသကဲ့သို့ပင် စကားအနည်းငယ် ပြောဆိုရုံမျှဖြင့် သဘောတူညီချက်များကို ရရှိနိုင်ခဲ့သည်။
သို့သော် သူတို့ နားလည်ကြသည်။ မည်သည့် နတ်ဘုရားမျှ ကူညီနေခြင်း မဟုတ်ချေ။ ဤသည်မှာ အဖွဲ့ချုပ်ခေါင်းဆောင် လော့ချန် တစ်ရက်ပြီးတစ်ရက် စနစ်တကျ တည်ဆောက်ထားခဲ့သော စေ့စပ်သေချာသည့် အစီအစဉ်များကြောင့်သာ ဖြစ်ပြီး၊ ၎င်းသည် လော့ထျန်းအဖွဲ့ကို ရှေ့သို့ တွန်းပို့ပေးသည့် ကြီးမားလှသော အဟုန်တစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူတို့ ဤအခြေအနေမျိုးကို ပြန်လည်ဖန်တီးရန် ကြိုးစားလျှင်ပင် အရာရာက ဤမျှလောက်အထိ ချောမွေ့စွာ ပြီးမြောက်နိုင်တော့မည် မဟုတ်ချေ။
နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နားလည်မှုရှိစွာဖြင့် နှုတ်ဆက်၍ လမ်းခွဲလိုက်ကြသည်။
စီမာဟွေ့နန် သူမ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရင်း အစေခံမိန်းကလေးကို ဆင့်ခေါ်လိုက်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင် ဘယ်မှာလဲ"
"အခုထိ.... အရက်သောက်နေတုန်းပါပဲ"
"ချူခွေးနဲ့ အတူတူ သောက်နေတာလား"
"ဟုတ်ပါတယ်.... နန်းဆောင်သခင်ဝမ်ယွမ်လည်း ရှိနေပါတယ်.... အစောပိုင်းက ဝိညာဉ်သားရဲနန်းဆောင်က နန်းဆောင်သခင်ရွှီလည်း ခဏ ဝင်သောက်ခဲ့ပါသေးတယ်၊ ညဉ့်နက်လာတော့ အရင် ပြန်သွားနှင့်ပါပြီ"
စီမာဟွေ့နန် ခေါင်းညိတ်ပြလိုက်ကာ အစေခံမိန်းကလေးကို ပြန်လွှတ်လိုက်ပြီး လော့ထျန်းခန်းမဆောင်ရှိရာသို့ ဦးတည်လိုက်သည်။
လော့ထျန်းအဖွဲ့၏ နန်းဆောင်ကိုးခုသည် သီးခြားနန်းဆောင်များအဖြစ် တည်ရှိနေကြသည်။ သို့သော် လော့ထျန်းခန်းမဆောင်နှင့် ဟွေ့ရှင်းခန်းမဆောင်မှာမူ သီးသန့်ဖြစ်သော ခန်းမဆောင်ကြီး နှစ်ခု ဖြစ်ပြီး လော့ချန်နှင့် စီမာဟွေ့နန်တို့ အလုပ်လုပ်ရန်အတွက်သာ အသုံးပြုခြင်း ဖြစ်သည်။
လော့ထျန်းခန်းမဆောင် အပြင်သို့ ရောက်လာသောအခါ စီမာဟွေ့နန် သူမ၏ ခြေလှမ်းများကို နှေးကွေးလိုက်သည်။
"ချိုင်ယီလား…."
ကူချိုင်ယီ လှည့်ကြည့်လိုက်ရာ မျက်နှာပေါ်တွင် အံ့ဩမှုများ ရှိနေခဲ့သည်။
"စီမံခန့်ခွဲရေးမှူး.... အလုပ်တွေ ပြီးသွားပြီလား"
စီမာဟွေ့နန် ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။ ထိုမျှလောက်များပြားလှသော လူများနှင့် စီးပွားရေးအကြောင်း ပြောဆိုပြီးနောက် ပင်ပန်းနွမ်းနယ်နေသင့်သော သူမသည် ယခုထိတိုင် မျက်နှာပေါ်တွင် အပြုံးများဖြင့် တောက်ပနေဆဲ ဖြစ်သည်။ သူမ ခန္ဓာကိုယ်တစ်ခုလုံးတွင် သုံး၍ မကုန်နိုင်သော စွမ်းအင်များ ရှိနေသကဲ့သို့ပင်။ အာဏာနှင့် လုပ်ပိုင်ခွင့်သည် အကောင်းဆုံးသော စိတ်ကြွဆေးဖြစ်သည်ဟူသော ရှေးစကားမှာ အမျိုးသားများအတွက်သာမက အမျိုးသမီးများအတွက်လည်း မှန်ကန်ကြောင်း သက်သေပြနေခဲ့သည်။
သူမ ဝိညာဉ်အာရုံကို အပြင်ဘက်သို့ ဖြန့်ကြက်လိုက်ပြီး ခန်းမဆောင်ကြီးအတွင်းရှိ အခြေအနေကို စစ်ဆေးလိုက်သည်။
"အခုထိ.... သောက်နေတုန်းပဲလား"
စီမာဟွေ့နန် တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ကူချိုင်ယီကို ကြည့်လိုက်သည်။
"ညဉ့်နက်ပြီး နှင်းတွေ ထူထပ်နေပြီဆိုတော့.... ချိုင်ယီ အရင် ပြန်ပြီး နားလိုက်တော့လေ"
"ဒါပေမဲ့...."
ကူချိုင်ယီ အတွင်းထဲသို့ လှည့်ကြည့်လိုက်သည်။
"ကိစ္စမရှိပါဘူး.... သူတို့ သောက်တာ တော်တော်လေး ကြာနေပြီမလား…. တကယ်လို့ လိုအပ်တာ ရှိရင်လည်း ငါ တခြားလူကို ခိုင်းလိုက်ပါမယ်"
စီမာဟွေ့နန် ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ပြီး လော့ထျန်းခန်းမဆောင်ကြီးအတွင်းသို့ ချက်ချင်းပင် လှမ်းဝင်သွားခဲ့တော့သည်။
ကူချိုင်ယီသည် ခန်းမဆောင်အပြင်တွင် ရပ်နေရင်း ထိုလှပစွာ ဝတ်ဆင်ထားပြီး ယုံကြည်မှုအပြည့်ရှိသော ပုံရိပ်ကို ငေးကြည့်နေမိသည်။ သူမ၏ စိတ်ထဲတွင် မသိမသာဖြင့် ပြင်းထန်လှသော ဖိအားများကို ခံစားလိုက်ရသည်။ ဤနေရာတွင် အခြေတည်အဆင့် ကျင့်ကြံသူများ စုဝေးနေကြသော်လည်း သူမကမူ ခန်းမဆောင်အပြင်တွင်သာ စောင့်ဆိုင်းနေရသည်။ စီမာဟွေ့နန်မှာမူ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သည်။
ရံဖန်ရံခါတွင် ဆက်ဆံရေးတစ်ခုတည်းဖြင့် အရာအားလုံးကို မပြေလည်စေနိုင်ချေ။ အဆင့်အတန်း ကွာခြားချက်က လူတစ်ယောက်ကို မသိစိတ်အရ နောက်ဆုတ်သွားစေတတ်သည်။
....
"ဟွေ့နန် ရောက်လာပြီပဲ.... လာ.... လာ.... ချူခွေး မင်း မြန်မြန် လက်ဆောင်ကို ထုတ်ပေးလိုက်တော့...."
လော့ချန်၏ မျက်လုံးများမှာ ရီဝေနေခဲ့ပြီး ရှားရှားပါးပါးပင် အနည်းငယ် မူးဝေနေခဲ့သည်။ နေ့ဘက် အခမ်းအနားကတည်းက ဝိညာဉ်အရက် အမြောက်အမြား သောက်ခဲ့ရပြီး အရက်ရှိန်ကို ချေဖျက်ရန် အချိန်မရခဲ့ချေ။ ညနေပိုင်း ရောက်သော အခါတွင်မူ ချူခွေးက လော့ထျန်းအဖွဲ့၏ ဝိညာဉ်အရက်က အဆင်မပြေဟု ဆိုကာ ချန်မျိုးနွယ်စုမှ ထိုင်ပိုင်အရက် နှစ်ပုလင်းကို ယူလာခဲ့ပြန်သည်။ ထိုဝိညာဉ်အရက်များနှင့် ရောနှောသောက်လိုက်သောအခါတွင်မူ သူတို့ အမှန်တကယ်ပင် အကြီးအကျယ် မူးဝေသွားခဲ့တော့သည်။
ဤနေရာတွင် ဝမ်ယွမ်တစ်ဦးတည်းသာ အခြေအနေ အကောင်းဆုံး ရှိနေခဲ့သည်။
စီမာဟွေ့နန်ကို မြင်လိုက်သည်နှင့် ချူခွေး တဟားဟား ရယ်မောလိုက်သည်။
"ငါ ပြောပြီးသားပဲ.... လူကို မြင်ရမှ ပေးမယ်ဆိုတာကို.... မင်းပဲ အလျင်စလို ဖြစ်နေတာ"
"ထားလိုက်ပါတော့.... ကဲ.... ငါ့ရဲ့ လက်ဆောင်ကို ပြပေးရတာပေါ့၊ တန်ဖိုးရှိရဲ့လား ဆိုတာကို ကြည့်လိုက်ဦး"
စကားသံ မဆုံးသေးမီမှာပင် သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ နဂါးမျက်လုံးလောက် ရှိသော ဖြူဖွေးလှသော ဖယောင်းလုံးလေးတစ်ခု သူ၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ဒါက ဘာလဲဟင်...."
စီမာဟွေ့နန် အနည်းငယ် ဝမ်းသာအားရဖြင့် စားပွဲနားသို့ လျှောက်လှမ်းလာခဲ့ပြီး လော့ချန်၏ ဘေးနားတွင် ထိုင်လိုက်ကာ လှပလှသော မျက်လုံးအစုံဖြင့် ထိုဖယောင်းလုံးလေးကို အံ့ဩတကြီး ကြည့်လိုက်သည်။
လော့ချန်နှင့် ဝမ်ယွမ်တို့လည်း အံ့ဩစွာဖြင့် လှည့်ကြည့်လိုက်ကြသည်။
သူတို့သုံးဦး၏ အံ့ဩနေသော အမူအရာကို ကြည့်ရင်း ချူခွေး တဟားဟား ရယ်မောလိုက်မိသည်။
"ဒါကို မင်းတို့ မသိကြဘူး မဟုတ်လား…. ဒါက.... ပထမအဆင့် ဆန်းကြယ်လှတဲ့ ပိုးကောင် ဖြစ်တဲ့ လင်ရှီးပိုးကောင်ပဲ"
"ပိုးကောင်"
သုံးဦးစလုံး အံ့ဩသွားရသည်။
"မှန်တာပေါ့"
သူတို့သုံးဦး၏ ကျေးတောသားကဲ့သို့ အမူအရာကို ကြည့်ရင်း ချူခွေး ပိုမို၍ ဂုဏ်ယူသွားခဲ့ရသည်။
"ပိုးကောင်တွေက.... တောင်ပိုင်းနယ်စပ်မှာ ရေပန်းအစားဆုံးပဲ.... ဒီပိုးကောင်ကတော့ အတိတ်တုန်းက ငါ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးကို သတ်ပြီးတဲ့နောက် သူ့သိုလှောင်အိတ်ထဲကနေ ရခဲ့တာ"
လော့ချန် စုပ်တစ်ချက် သပ်လိုက်သည်။
"ဘာဖြစ်ဖြစ် ပထမအဆင့် ပိုးကောင်ပဲ မဟုတ်လား.... ဟွေ့နန်အတွက် ဘာအသုံးဝင်မှာမို့လဲ"
"မဟုတ်ဘူး...."
ချူခွေး လက်ကို ဆက်တိုက် ဝှေ့ယမ်းလိုက်ပြီး လက်ထဲရှိ ဖယောင်းလုံးလေးကို ညွှန်ပြကာ ပြောလိုက်သည်။
"ဒီပိုးကောင်က တိုက်စစ်၊ ခံစစ်ပိုင်းမှာ မစွမ်းဆောင်နိုင်ဘူး ဆိုပေမယ့်.... သူရဲ့ အာနိသင်ကတော့ အတော် ဆန်းကြယ်တာကွ.... လင်ရှီးပိုးကောင်ဆိုတာ ရှေးခေတ်က ကံကြမ္မာတူပိုးကောင်ရဲ့ မျိုးကွဲတစ်ခုပဲ"
သူတို့သုံးဦး ယခုထိ နားမလည်သေးသည်ကို မြင်တွေ့ရသဖြင့် ချူခွေး သက်ပြင်းတစ်ချက် ချလိုက်မိပြီး ထိုကံကြမ္မာတူပိုးကောင်၏ ဆန်းကြယ်လှသော စွမ်းအားကို ရှင်းပြလိုက်သည်။
ထိုပိုးကောင်မှာ ပဉ္စမအဆင့် ပိုးကောင် ဖြစ်သည်။ အစုံလိုက် မွေးဖွားလာတတ်ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကြီးများနှင့် ၎င်းတို့အောက်ရှိ ကျင့်ကြံသူ အားလုံး အသုံးပြုနိုင်ကြသည်။ တစ်ကြိမ် ထည့်သွင်းပြီးသည်နှင့် ထိုသူနှစ်ဦးသည် အသက်နှင့် သေခြင်းတရားဖြင့် ချည်နှောင်ခံလိုက်ရပြီ ဖြစ်သည်။ တစ်ဦး သေဆုံးပါက အခြားတစ်ဦးလည်း ပျက်ဆီးရမည် ဖြစ်သည်။ နာမည်အတိုင်းပင် ၎င်းသည် ဘဝနှစ်ခုကို တစ်ခုတည်းအဖြစ် ချည်နှောင်ပေးသော အရာ ဖြစ်ပေသည်။
ထိုမျှသာမကသေးပေ။ ကျင့်ကြံခြင်းအဆင့် နိမ့်သောသူသည် အဆင့်မြင့်မားလှသော တစ်ဖက်လူ၏ ကျင့်ကြံခြင်း စွမ်းဆောင်ရည်ကို မသိမသာဖြင့် ခံစားခွင့် ရရှိနိုင်သေးသည်။ အကယ်၍ အနည်းငယ်မျှ ခွဲဝေရရှိလျှင်ပင် တိုးတက်မှုကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည်။ အမှန်ပင် ထူးခြားလှသော နတ်ဘုရားပိုးကောင် ဖြစ်၏။
လော့ချန် နားထောင်ရင်း စိတ်ဝင်စားသွားခဲ့ရပြီး အကယ်၍ ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကြီးတစ်ဦးတို့က ဤပိုးကောင်ကို အတူတကွ အသုံးပြုကြမည် ဆိုပါက ချီသန့်စင်သမား၏ ကျင့်ကြံခြင်း အရှိန်က မိုးထိုးသွားမည် မဟုတ်လောဟု မေးမြန်းလိုက်သည်။
ပြန်လည် ရရှိလာသော အဖြေမှာမူ မျက်စောင်းတစ်ချက်သာ ဖြစ်၏။
"ဘယ် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကြီးကမှ ချီသန့်စင်အဆင့် ကျင့်ကြံသူလေးနဲ့ ဒီပိုးကောင်ကို အတူတူ သုံးမှာမဟုတ်ဘူး.... မဟုတ်ရင် သူပါ ချီသန့်စင်အဆင့် ကျင့်ကြံသူလေးလိုပဲ အားနည်းသွားမှာလေ.... တောင်းပန်ပါတယ်.... မင်း စဉ်းစားပြီးမှ ပြောပါကွာ...."
ချူခွေး၏ စကားကြောင့် လော့ချန် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ သူ စကားလမ်းကြောင်းကို လင်ရှီးပိုးကောင်ဘက်သို့ အလျင်အမြန် ပြောင်းလိုက်သည်။
"ဒါဆိုရင် ဒီမျိုးစိတ်ကွဲလေးကလည်း.... အလားတူ အကျိုးသက်ရောက်မှု ရှိတာလား"
"မရှိပါဘူး.... ကံကြမ္မာတူပိုးကောင်ရဲ့ အာနိသင်က နတ်ဘုရားဆန်လှသလို၊ အန္တရာယ်ရှိတဲ့ အပြစ်အနာအဆာတွေလည်း ရှိနေတာကိုး"
ချူခွေးက စကားကို အားရပါးရ ပြောဆိုရင်း ဖယောင်းလုံးလေး၏ ဖယောင်းအလွှာကို ညင်သာစွာ ခွာလိုက်ရာ အမွှေးအမျှင်လောက်သာ ရှိသော ဖြူဖွေးလှသော ပိုးကောင်လေး နှစ်ကောင် ထွက်ပေါ်လာခဲ့သည်။
"လင်ရှီးပိုးကောင်ရဲ့ အာနိသင်ကတော့.... ကျင့်ကြံသူ နှစ်ဦးကြားထဲမှာ စိတ်ချင်း ဆက်သွယ်ပေးနိုင်တဲ့ အာနိသင် ရှိတာပါ.... တစ်ယောက်နဲ့တစ်ယောက်ရဲ့ တည်နေရာကို ညွှန်ပြပေးနိုင်သလို.... တစ်ဖက်လူရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကိုတောင် ခံစားသိရှိနိုင်တယ်....”
"အော်.... နောက်ထပ် တစ်ချက်လည်း ရှိသေးတယ်၊ ဒီပိုးကောင်က ကြီးထွားနိုင်တဲ့ စွမ်းရည် ရှိတယ်၊ တကယ်လို့ သွေးစွမ်းအားတွေနဲ့ သူ့ကို တတိယအဆင့်အထိ မွေးမြူနိုင်မယ်ဆိုရင် တစ်ယောက် သေဆုံးသွားပြီးတဲ့နောက် သူ့ရဲ့ ကျင့်ကြံခြင်း စွမ်းအား အများစုကို တခြားတစ်ယောက်က တိုက်ရိုက် စုပ်ယူပိုင်ဆိုင်နိုင်မှာ.... ဒါကြောင့် လင်ရှီးပိုးကောင်ကို တောင်ပိုင်းနယ်စပ်မှာတော့ မိစ္ဆာနှလုံးသားပိုးကောင်လို့လည်း ခေါ်ကြသေးတယ်"
မိစ္ဆာနှလုံးသားပိုးကောင်ဟူသော ဤနာမည်ကို ပြောဆိုလိုက်သော အခါတွင် ချူခွေး၏ မျက်နှာမှာ ရှားရှားပါးပါးပင် လေးနက်သွားခဲ့ရသည်။ ဆိုလိုသည်မှာ တတိယအဆင့်အထိ မွေးမြူရန် အလွန် ခက်ခဲလွန်းလှသည်။ မဟုတ်ပါက ဤပိုးကောင်သည် ကျင့်ကြံခြင်း လောကအတွင်း၌ ပျံ့နှံ့နေခဲ့သည်မှာ ကြာလှပြီ ဖြစ်လိမ့်မည်။ ဤပိုးကောင်ကို ထည့်သွင်းလိုက်ပြီးနောက် လုံလောက်သော အဆင့်အထိ မွေးမြူကာ နောက်ဆုံးတွင် ပိုးကောင်ရှိနေသူကို သတ်ဖြတ်လိုက်ရုံမျှဖြင့် ပိုးကောင်ကို ထည့်သွင်းထားသော တစ်ဖက်ကမူ အခြားတစ်ဦး၏ ကျင့်ကြံခြင်း စွမ်းအား အများစုကို ချက်ချင်း ရရှိနိုင်မည် ဖြစ်သည်။ အထူးသဖြင့် အဆင့်တက်လှမ်းရန် ကြိုးပမ်းသည့်အခါ ပေါက်ကွဲထွက်လာမည့် စွမ်းအားများ လိုအပ်သည့် အချိန်မျိုးတွင် ဖြစ်သည်။ ဤသည်မှာ အမှန်ပင် မိစ္ဆာလမ်းစဉ်၏ စံနမူနာတစ်ခုပင်။
ချူခွေး ခေါင်းကို ယမ်းလိုက်ရင်း ချီစွမ်းအားဖြင့် ဖယောင်းအလွှာကို ပြန်လည် ပိတ်ဆို့လိုက်ပြီး စီမာဟွေ့နန်၏ လက်ထဲသို့ ကမ်းပေးလိုက်သည်။
"ဒီပိုးကောင်က အခုထိ ငယ်သေးတယ်.... ပထမအဆင့်နဲ့ ဒုတိယအဆင့်မှာရှိတဲ့ အာနိသင်တွေတင်ပဲ ငါတို့ အသုံးပြုဖို့အတွက် လုံလောက်နေပါပြီ.... အရေးကြီးတဲ့ အချိန်မျိုးမှာ ဝှက်ဖဲတစ်ခုအဖြစ် အသုံးပြုလို့ ရနိုင်တာပေါ့"
စီမာဟွေ့နန် ဝေခွဲမရစွာဖြင့် လော့ချန်ကို ကြည့်လိုက်မိသည်။ လော့ချန် ခေါင်းညိတ်ပြသည်ကို မြင်လိုက်သဖြင့် သူမ ထိုအရာကို လက်ခံသိမ်းဆည်းလိုက်တော့သည်။
ဂုဏ်ပြုလက်ဆောင်ကို ပေးအပ်ပြီးပြီ ဖြစ်သလို လော့ထျန်းအဖွဲ့၏ အခြေတည် ကျင့်ကြံသူများကိုလည်း သူ အားလုံး သိရှိသွားခဲ့ပြီ ဖြစ်ကာ အရက်ကိုလည်း အားရပါးရ သောက်ခဲ့ပြီး ဖြစ်သည်။ ချူခွေး နောက်ထပ် အကြာကြီး မနေတော့ဘဲ ချက်ချင်းပင် နှုတ်ဆက်၍ ထွက်ခွာသွားခဲ့တော့သည်။
ကျန်ရှိနေခဲ့သူ သုံးဦးသာ ရှိတော့သည်။
ဝမ်ယွမ်က သူ၏ သိုလှောင်အိတ်အတွင်းမှ ပစ္စည်းတစ်ခုကို ပြတ်သားစွာ ထုတ်ယူလိုက်ပြီး စီမာဟွေ့နန်ကို ဂုဏ်ပြုလက်ဆောင်အဖြစ် ကမ်းပေးလိုက်သည်။ ထိုအရာမှာ သူ တန်ယွမ်ဂိုဏ်းသို့ စစ်ကူ ရောက်ရှိလာခဲ့သော အခြေတည် ကျင့်ကြံသူ ရှန်းကုန်းရိထံမှ လုယူခဲ့သော ကောင်းကင်ပိုက်ကွန်ရတနာဖြစ်သည်။
ဤအရာတွင် ရန်သူကို ချည်နှောင်နိုင်သော အာနိသင် ရှိသည်။ ထို့အပြင် အလွန် ဆန်းကြယ်လှသည်။ ဆိုလိုသည်မှာ ဝမ်ယွမ်သည် ချီစွမ်းအားအပေါ်ကို အလွန်အကျွံ အားကိုးခြင်း မရှိသောကြောင့်သာ ဖြစ်ပြီး မဟုတ်ပါက ရှန်ကုန်းရိ၏ လက်ထဲတွင် ကျရှုံးခဲ့နိုင်ချေရှိသည်။
လက်ဆောင်ပေးပြီးနောက် ဝမ်ယွမ်လည်း ဆက်မနေတော့ချေ။
လော့ထျန်းခန်းမဆောင်ကြီးအတွင်း၌ ယခုအချိန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသာ ကျန်ရှိတော့သည်။
လက်ထဲရှိ အရာနှစ်ခုကို ဆော့ကစားရင်း စီမာဟွေ့နန်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးများ ထွက်ပေါ်နေခဲ့သည်။
လော့ချန် စားပွဲကို မှီထားရင်း ပြုံးကာ ပြောလိုက်သည်။
"မင်း ပျော်နေတာ ကြည့်ပါဦး.... ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုနဲ့ ပထမအဆင့် ပိုးကောင်လေး တစ်ကောင်လောက်ကို"
စီမာဟွေ့နန် နှာခေါင်းတစ်ချက် ရှုံ့ကာ ပြောလိုက်သည်။
"ဒါတင်ပဲ ဘယ်ကမလဲရှင်.... ဒီနေ့ ကျွန်မ လက်ဆောင်တွေ အများကြီး ရခဲ့တာ.... စီးပွားရေး သဘောတူညီချက်တွေကို ထည့်မတွက်ရင်တောင် လက်ဆောင်တွေတင်ပဲ အခမ်းအနား ကျင်းပတဲ့ ကုန်ကျစရိတ်တွေကို အပြည့်အဝ ကာမိနေပါပြီ.... ကျွန်မ ရှင့်ကို တွက်ပြရမလား....”
“ရွှီချန်တောင်က ဝေပုဖန်က အစောဆုံး ရောက်လာခဲ့ပြီး နှစ်ပေါင်း ထောင်ချီသက်တမ်းရှိတဲ့ လူဝံဂမုန်း တစ်ပင်ကို ပေးသွားတယ်ရှင်၊ အမြစ်သောင်းကျော် ရှိနေပြီး အရှည်ဆုံး အမြစ်ကတင် တစ်ကိုက်ခွဲကျော်လောက်အထိ ရှည်တယ်.... ဒီတစ်ပင်တည်းတင်ပဲ စျေးနှုန်းက ဝိညာဉ်ကျောက်တုံး ခုနစ်ထောင်၊ ရှစ်ထောင်လောက်အထိ ရောင်းလို့ ရနိုင်တယ်"
"ဒါတင်မကသေးဘူးရှင့်.... သံဓားဂိုဏ်း ဂိုဏ်းချုပ်ကျိုးစုန်းက သံမဏိတစ်တုံးကို ပေးသွားတယ်၊ တွမ်ဖုန်း ပြောတာကတော့ အဲ့ဒါက တတိယအဆင့် သတ္တုရိုင်း ဖြစ်ပြီး မှော်ရတနာတွေကို သွန်းလုပ်တဲ့ နေရာမှာ အသုံးပြုနိုင်တဲ့ အဖိုးတန် အရာတစ်ခုတဲ့.... တန်ဖိုး ဖြတ်မရဘူးပြောတယ်...."
"မက်မွန်တောင်က ချောင်ရှီယွဲ့ လက်ဆောင်ပေးတဲ့ တိမ်မျှင်ဝတ်ရုံကလည်း.... အမျိုးသမီး ကျင့်ကြံသူတွေအတွက် အရမ်းသင့်တော်ပါတယ်….. တန်ဖိုးအရှိဆုံးကတော့ အကြီးအကဲထန်ထိုက် ပေးသွားတဲ့ အရာတွေပဲ၊ အဲ့လက်ဆောင် သုံးခု ထွက်လာတာနဲ့ လူတိုင်း လန့်သွားကြတာ....”
“ဒါနဲ့ ဒီနေ့ စီးပွားရေးအကြောင်း ပြောဆိုတုန်းက.... တော်တော်များများက အဲ့ဒီရွှေအမြုတေဖွဲ့စည်းနည်းကို ဖတ်ချင်ကြောင်း မသိမသာ ထုတ်ပြောခဲ့သေးတယ်.... ဒါပေမဲ့ ကျွန်မ ပြောလိုက်တာကတော့ ဒါက တစ်ကြိမ်သုံး ဖြစ်ပြီး အဖွဲ့ချုပ်ခေါင်းဆောင်ကို သီးသန့် ပေးအပ်တာ ဖြစ်လို့ ကျွန်မအနေနဲ့ မဆုံးဖြတ်ရဲပါဘူးလို့ ပြောလိုက်မှ သူတို့လက်လျှော့သွားကြတာ.... အမှန်တကယ်တော့ တခြားလက်ဆောင်တွေကလည်း တကယ်ကို အဖိုးတန်လှပါတယ်.... ဥပမာ...."
ဖြစ်နိုင်သည်မှာ ယနေ့ ပွဲမှာ ကြီးမားလွန်းလှသဖြင့် ရောက်ရှိလာသူများမှာ အလွန် များပြားလှသည်။ စီမာဟွေ့နန်သည် ထိုမြင့်မြတ်လှသော ကျင့်ကြံသူကြီး၏ ပုံစံကို အကြာကြီး ဟန်ဆောင်ထားခဲ့ရခြင်း ဖြစ်သည်။ ယခုအချိန်တွင် အပြင်လူ မရှိတော့သဖြင့် သူမတွင် ဖိအားများ လုံးဝမရှိတော့ချေ။ သူမ လက်ဆောင်တစ်ခုချင်းစီအကြောင်းကို စိတ်လှုပ်ရှားစွာဖြင့် ဆက်တိုက် ပြောပြနေခဲ့သည်။
သူမကို ကြည့်ရင်း လော့ချန်သည် မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ မင်္ဂလာဦးညတွင် လင်မယားနှစ်ယောက် မအိပ်နိုင်ဘဲ မင်္ဂလာလက်ဖွဲ့ငွေများကို စိတ်လှုပ်ရှားစွာ ထိုင်ရေတွက်နေကြသည့်အလား ခံစားလိုက်ရသည်။
‘ဒီအိမ်က ငွေဘယ်လောက် လက်ဖွဲ့လဲ’
‘ဟိုအိမ်က ဘယ်လောက် ပေးလဲ’
‘နောက်ပိုင်း သူတို့အလှည့်ကျ ဘယ်လောက်ပြန်လက်ဖွဲ့ရမလဲ’
လော့ချန်၏ စိတ်ထဲတွင် သူမ၏ တဒေါင်ဒေါင်နှင့် တွက်ချက်သံများ ပဲ့တင်နေခဲ့သည်။
သူ ခေါင်းကို တစ်ချက် ခါယမ်းလိုက်မိသည်။ ဆန်းကြယ်လှသော ခံစားချက်တစ်ခုပင်။
လော့ချန် ထိုင်ပိုင်အရက်ကို တစ်ငုံသောက်လိုက်သည်။ ပူပြင်းလှသော အရည်များက လည်ချောင်းထဲသို့ စီးဝင်သွားပြီး သူ၏ ချီပင်လယ်တစ်ခွင် နွေးထွေးစွာ ပျံ့နှံ့သွားတော့သည်။
သူ၏ ခွက် လွတ်သွားသည်ကို မြင်ရသဖြင့် စီမာဟွေ့နန် ရေတွက်နေရာမှ ရပ်တန့်လိုက်ပြီး အရက်တစ်ခွက် ပြန်ဖြည့်ပေးလိုက်သည်။ သူမ ရှေ့သို့ ကိုင်းညွတ်လိုက်စဉ် သူမ၏ လည်ပင်းဟိုက်ဝတ်ရုံကြားမှ ဖြူဖွေးဝင်းပနေသော အလှတရားက ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
လော့ချန် အကြည့်များကို လွှဲပစ်လိုက်သည်။
စီမာဟွေ့နန် ခေါင်းမော့လာခဲ့ပြီး
"ဒီလောက်များပြားလှတဲ့ လက်ဆောင်တွေကို.... ကျွန်မ တစ်ယောက်တည်းလည်း သုံးလို့ မကုန်ပါဘူး.... အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်မ ရှင့်ကို...."
"မလိုပါဘူး.... ဒါက မင်းကို ပေးတာဖြစ်လို့ မင်းပဲ သိမ်းထားလိုက်ပါ"
လော့ချန် ခေါင်းယမ်းလိုက်သည်။
“စီမံခန့်ခွဲရေးမှူးတစ်ယောက်အနေနဲ့ အမြဲတမ်း အာဏာပဲ ပြနေလို့ မရဘူးလေ.... ဒါတွေကို သိမ်းထားပြီး ရံဖန်ရံခါမှာ ထူးချွန်တဲ့ လက်အောက်ငယ်သားတွေနဲ့ တွေ့ရင် မင်းမှာ သူတို့ကို ဆုချဖို့အတွက် ထုတ်ပေးနိုင်တဲ့ အရာတွေ ရှိနေပြီပေါ့"
ကရုဏာနှင့် အာဏာစက်ကို ယှဉ်တွဲ အသုံးပြုမှသာ ရေရှည် တည်တံ့နိုင်မည် ဖြစ်သည်။ ယခင်က စီမာဟွေ့နန်၏ အဆင့်မှာ မလုံလောက်သောကြောင့် ပြင်းထန်လှသော အာဏာကိုသာ အသုံးပြုနိုင်ခဲ့သည်။ ယခုအချိန်တွင်မူ မတူညီတော့ချေ။ သူမ၌ ကိုယ်ပိုင်ရပ်တည်နိုင်သော စွမ်းအား ရှိလာပြီဖြစ်သောကြောင့် သဘာဝကျစွာပင် တင်းကြပ်မှုနှင့် နူးညံ့မှုကို ယှဉ်တွဲ အသုံးပြုခြင်းက ပို၍ ကောင်းမွန်ပေသည်။
စီမာဟွေ့နန် ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သို့သော် ထိုမျှလောက်များပြားလှသော လက်ဆောင်များ၏ တန်ဖိုးမှာ ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်အထိ ရှိနိုင်မှန်း စဉ်းစားမိတိုင်း သူမ စိတ်မသက်မသာဖြစ်နေမိသည်။
"ဒါပေမဲ့...."
သူမ ထပ်မံ ငြင်းပယ်ချင်နေသည်ကို မြင်တွေ့ရသဖြင့် လော့ချန် လျင်မြန်စွာဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ဒီလောက်များလှတဲ့ လက်ဆောင်တွေထဲမှာ.... မင်း အကြိုက်ဆုံးက ဘယ်တစ်ခုလဲ"
ဤမေးခွန်းကို ရင်ဆိုင်ရသောအခါတွင်မူ အမျိုးသမီးသည် မည်သည့် တွေဝေမှုမျှ မရှိခဲ့ချေ။ နှုတ်မှ အလိုလိုပင် ပြန်ဖြေလိုက်မိသည်။
"ဒါလေးပါ"
သူမသည် ကိုယ်ပေါ်ရှိ နှင်းကဲ့သို့ ဖြူဖွေးပြီး သူမ၏ ခန္ဓာကိုယ်အချိုးအစားနှင့် လိုက်ဖက်ညီနေသော ဝတ်ရုံကို ညွှန်ပြလိုက်သည်။ လော့ချန် လှည့်ကြည့်လိုက်မိပြီး အချိန်တစ်ခုအတွင်း စကားမဆိုနိုင် ဖြစ်သွားခဲ့ရသည်။ ဤအရာမှာ သူ ပေးထားသော ဂုဏ်ပြုလက်ဆောင် ဖြစ်သည်။ သူ စကားမဆိုသလို စီမာဟွေ့နန်လည်း မည်သည့် အကြောင်းကြောင့်မှန်း မသိရဘဲ စကားမဆိုတော့ချေ။
ခန်းမဆောင်အတွင်းရှိ လေထုမှာ တဖြည်းဖြည်းနှင့် ဆန်းကြယ်လှသော အခြေအနေသို့ ပြောင်းလဲလာခဲ့ရသည်။ အမျိုးသား၏ အရက်ရှိန်နှင့် အမျိုးသမီး၏ မွှေးပျံ့လှသော ရနံ့များက ဖြည်းညှင်းစွာ ပျံ့နှံ့နေခဲ့ပြီး နှစ်ဦးစလုံးကို တဖြည်းဖြည်း လွှမ်းမိုးလာခဲ့သည်။
နှစ်ပေါင်းများစွာ နတ်ဘုရားမိစ္ဆာဖြိုခွင်းခြင်းကို ကျင့်ကြံနေခဲ့သော လော့ချန်၏ သမာဓိအားမှာ အလွန်ပင် ခိုင်မာလှသည်။ ပြောင်းလဲသွားသော လေထုကို သူ ရိပ်မိသွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် ခန္ဓာကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး ထရပ်ရန် ပြင်လိုက်သည်။
"ညဉ့်နက်နေပြီဆိုတော့.... ငါ...."
သူ ထရပ်လိုက်သည်ကို မြင်တွေ့ရသည့်ခဏ၌ စီမာဟွေ့နန် မသိစိတ်အရ သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့တော့သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်.... မသွားပါနဲ့ဦး"
သူမ၏ တိုးညင်းလှသော ထိုအသံသည် မွှေးရနံ့များနှင့်အတူ သူ့ထံ တိုးဝင်လာခဲ့သည်။ လော့ချန် နှုတ်ခမ်းကို ဟလိုက်မိပြီး လက်နှစ်ဖက်လုံးမှာ လေထဲတွင် တန့်နေခဲ့ကာ နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"မင်း.... မူးနေပြီ"
အမျိုးသမီး သူ၏ ရင်ခွင်အတွင်းမှ ခေါင်းမော့လာခဲ့ရာ တောက်ပလှသော မျက်လုံးများမှာ ကြယ်စင်များကဲ့သို့ လင်းလက်နေခဲ့သည်။
"ဒါပေမဲ့.... ကျွန်မ အရက်မသောက်ထားဘူးလေ"
အမှန်ပင်။ အရက်သောက်သူမှာ လော့ချန် ဖြစ်ပြီး သူမ မဟုတ်ချေ။ သို့သော် သူမလည်း အမှန်တကယ်ပင် မူးဝေနေခဲ့ရသည်။ အရက်ကြောင့်တော့ မဟုတ်ချေ။ ယခင်က ပင်ပန်းကြီးစွာ ရုန်းကန်ခဲ့ရပြီး မနက်ဖြန်အထိ အသက်ရှင်နိုင်ပါ့မလား မသိရသော တစ်ကိုယ်တော်ကျင့်ကြံသူလေး ဘဝမှ ယနေ့ ဤမျှခမ်းနားလှသော အခမ်းအနားတစ်ခုကို ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်။ သက်တံ့တံတားဖြင့် ရွှေဧည့်သည့်များကို ကြိုဆိုခဲ့ပြီး အရပ်မျက်နှာအသီးသီးမှ ကျင့်ကြံသူများက သူမကို ကောင်းချီးပေးရန် ရောက်ရှိလာခဲ့ကြသည်။ ဤအရာအားလုံးမှာ အရှေ့တွင်ရှိနေသော ဤအမျိုးသားက သူမကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ထိုမျှမကသေးဘဲ သူမ၏ အသက်ကပင် ထိုအမျိုးသားပေးထားသော အသက်မဟုတ်လော။
"အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်မ ဒီနေ့ တကယ့်ကို ပျော်ရွှင်ရပါတယ်…. ဒီနေ့ကို ပိုပြီးတော့ ပျော်စရာကောင်းတဲ့ အရာတစ်ခုနဲ့ အဆုံးသတ်ချင်တယ်ရှင်"
သူမ၏ ဖြူဖွေးလှသော ပါးပြင်ပေါ်တွင် တဖြည်းဖြည်းနှင့် နီမြန်းလှသော အရောင်များ သန်းလာခဲ့သည်။ အခမ်းအနားအတွက် သေသေချာချာ ပြင်ဆင်ခြယ်သထားခဲ့သော မျက်နှာလေးမှာ ယခုအချိန်တွင်မူ ပိုမို ကြည်လင်လှပနေလေသည်။
“ဂလု....”
တံတွေးမျိုချသံ ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။
မူလက ကျင့်စဉ်ကို လှုံ့ဆော်ပြီး အရက်ရှိန်ကို ချေဖျက်ရန်ပြင်နေသော လော့ချန်သည် ဤခဏ၌မူ လွှတ်ထားရန် ရွေးချယ်လိုက်တော့သည်။ သူသည်လည်း ယနေ့တွင်မူ သိပ် မပျော်ရွှင်ရချေ။
နောက်ထပ် မည်သည့် တွေဝေမှုမျှ မရှိတော့ချေ။ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ထိုအလှနတ်သမီးလေးကို ပွေ့ဖက်ရင်း လော့ချန် နမ်းရှိုက်လိုက်တော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ