← Chapters

အခန်း ၄၅၃

Vol. 46 Ch. 453

အခန်း ၄၅၃

Vol. 46 Ch. 453

အခန်း (၄၅၃) - ကျွန်မက အရင်ရောက်လာခဲ့တာပါ

လော့ထျန်းအဖွဲ့၏ အနက်ရှိုင်းဆုံးနေရာတွင် ညဉ့်မိုးများ ရွာသွန်းနေခဲ့သည်။

မိုးသည် တဖွဲဖွဲ ရွာသွန်းနေခဲ့ပြီး နေ့ဘက်က ဆူညံမှုများကို အကုန်အစင် ဆေးကြောပေးလိုက်သကဲ့သို့ပင် ရှိနေလေ၏။

မွေ့ရာပေါ်တွင် လှိမ့်လှည့်ပြီး အတူတကွ ပျော်ရွှင်မှုကို ခံစားပြီးသည့်နောက် လော့ချန် ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း အပေါ်ရှိ ထုဆစ်ထားသော အမိုးကို ကြည့်နေခဲ့မိသည်။ အမိုးကို ဖောက်ထွက်ပြီး အပြင်ရှိ မှောင်မိုက်လှသော ညကောင်းကင်ယံကို သူ ကြည့်နေခဲ့သည်။ သူ၏ မျက်ဝန်းထောင့်မှ ကြည့်လိုက်ရာ အမျိုးသမီးသည် ခွန်အားများ ကုန်ဆုံးသွားသကဲ့သို့ သူ၏ ရင်ခွင်ထဲဝယ် အားနည်းစွာ မှီတွဲနေခဲ့သည်။ မှိန်ပြပြအလင်းရောင်အောက်၌ သူမ၏ နက်မှောင်လှသော ဆံနွယ်ရှည်များနှင့် နှင်းကဲ့သို့ ဖြူဖွေးလှသော ပခုံးသားများကသာ ထူးခြားစွာ တောက်ပနေခဲ့သည်။

အချို့သော အကြောင်းအရာများမှာ အလွန် ရုတ်တရက် ရောက်ရှိလာတတ်ပြီး အခြေအနေအရ သဘာဝကျစွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ နောက်ကွယ်ရှိ အကြောင်းအရင်းကိုမူ ပြောဆိုရန် မလိုသလို၊ အသေးစိတ် ရှင်းလင်းရန်လည်း မလိုအပ်ချေ။

"ရှင် ဒီနေ့.... သိပ်ပြီး မပျော်ရွှင်ဘူး ထင်တယ်"

နားထဲတွင် မိုးကြိုးကဲ့သို့ ပြင်းထန်စွာ ခုန်နေသော နှလုံးခုန်သံကို နားထောင်ရင်း စီမာဟွေ့နန်က မေးမြန်းလိုက်သည်။

"အင်း"

ညင်သာလှသော အင်း ဟူသည့် အသံက အလွန်အမင်း ပျော်ရွှင်ပြီးသည့်တိုင်အောင် စိတ်ထဲတွင် စိုးရိမ်မှုများ ကျန်ရှိနေသေးကြောင်း ဖော်ပြနေခဲ့သည်။

"ကျွန်မကို ပြောပြလို့ ရမလား"

အတိတ်ကာလကဆိုလျှင် လော့ချန် ထိုမေးခွန်းကို နှစ်ခါပြန်မစဉ်းစားဘဲ ပယ်ချပစ်လိုက်မည် ဖြစ်သည်။ ဤကဲ့သို့သော အကြောင်းအရာမျိုးကို သူသည် စိတ်ထဲတွင်သာ တွက်ချက်လေ့ရှိပြီး အပြင်လူကို ပြောပြလေ့မရှိချေ။ သို့သော် ယခုအချိန်တွင်မူ တစ်ဖက်လူသည် အပြင်လူ မဟုတ်တော့ချေ။

သူ ဖုံးကွယ်ထားခြင်း မရှိဘဲ နေ့ဘက်က ထန်ထိုက်ကျင်း၏ အာဏာပြသခဲ့သည့် အခြေအနေကို အစအဆုံး အကုန်အစင် ပြောပြလိုက်သည်။ တိတ်ဆိတ်လှသော အခန်းအတွင်း၌ အမျိုးသား၏ လေးနက်လှသော စကားသံများသာ ဖြည်းညှင်းစွာ ထွက်ပေါ်နေခဲ့သည်။ ထိုစကားများထဲတွင် သူနှင့် ရေခဲခံတပ်၏ ကျောက်စိမ်းနှင်းစက်ဆေးလုံး စီးပွားရေးအကြောင်းနှင့် ရေခဲခံတပ်အတွင်းရှိ ပြောင်းလဲနေသော အာဏာစက်အခြေအနေများလည်း ပါဝင်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက်တွင်မူ စီမာဟွေ့နန်သည် လော့ချန်၏ ရင်ခွင်ထဲမှ ကိုယ်ကို အနည်းငယ် မတ်လိုက်သည်။

"ဒီကိစ္စမှာ.... အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာပဲ"

"ကျွန်မ အမြင်အရဆိုရင်တော့.... အဖွဲ့ချုပ်ခေါင်းဆောင် ရှင့်အတွက် အဆိုးထက် အကောင်းက ပိုများပါတယ်ရှင်"

နီမြန်းနေသော မျက်နှာလေးကို ကြည့်ရင်း လော့ချန် အိပ်စက်သည့် ပုံစံကို အနည်းငယ် ပြင်ဆင်လိုက်ပြီး လက်တစ်ဖက်ကို ခေါင်းအောက်တွင် ခုလိုက်သည်။

"အသေးစိတ် ပြောပါဦး"

လော့ချန်သည် မိမိကိုယ်ကို အထင်ကြီးတတ်သူ မဟုတ်ချေ။ အခြားလူ၏ အကြံပြုချက်များကို သူ နားထောင်နိုင်စွမ်း ရှိသည်။ စီမာဟွေ့နန်လည်း တွန့်ဆုတ်ခြင်း မရှိဘဲ ညနေပိုင်းက သူမ စီးပွားရေးအကြောင်း ဆွေးနွေးခဲ့သည့် အခြေအနေများကို တစ်ခုပြီးတစ်ခု ရှင်းလင်းပြောဆိုလိုက်တော့သည်။ မည်သည့်အဖွဲ့နှင့် သဘောတူညီချက် ရရှိခဲ့သည်၊ မည်သည့်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆုံးဖြတ်ခဲ့သည်၊ ထိုအထဲ၌ မည်မျှလောက် ကုန်ကျခဲ့ပြီး မည်မျှလောက် အကျိုးအမြတ် ရရှိခဲ့သည်၊ နောက်ဆုံးတွင်မူ သူမ ဤသို့ သုံးသပ်လိုက်သည်။

"တကယ်လို့ အကြီးအကဲထန်ထိုက်ကျင်း ကိုယ်တိုင် ရောက်မလာခဲ့ရင် ရွှေအမြုတေဖွဲ့စည်းနည်းနဲ့ ရှင့်အပေါ် ထားရှိတဲ့ တန်ဖိုးထားမှုကို မပြသခဲ့ရင် ကျွန်မရဲ့ စွမ်းရည်တစ်ခုတည်းနဲ့ ဒီလောက် အကျိုးအမြတ်အားလုံးကို ရဖို့ လုံးဝ မဖြစ်နိုင်ပါဘူး၊ အဲ့လူတွေကလည်း ဒီလောက်အထိ အလျှော့ပေးမှာ မဟုတ်ပါဘူး"

လော့ချန် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။

"ဒါတွေက ရေတိုအကျိုးအမြတ်တွေ သက်သက်ပါ.... ထန်ထိုက်ကျင်း ပေါ်မလာခဲ့ရင်တောင် ငါ့ကို အလေးထားကြောင်းပြဖို့ အဲဒီသဘောတူညီချက်တွေက ဖြစ်လာမှာပဲ"

ဤသည်မှာ လော့ချန် သူ့ကိုယ်သူ အထင်ကြီးနေခြင်း မဟုတ်ချေ။ ဤအရာအားလုံးမှာ မူလကတည်းက သူ၏ တွက်ချက်မှုအတွင်း ရှိနေခဲ့ခြင်း ဖြစ်သည်။ စီမာဟွေ့နန်အတွက် အခမ်းအနား ကျင်းပရန် ပြင်ဆင်နေကတည်းက သူ ဤအရာအားလုံးကို စဉ်းစားမိခဲ့ပြီး ဖြစ်သည်။ လော့ထျန်းအဖွဲ့သည် ရုတ်တရက် ရောက်ရှိလာသော အရင်းအမြစ် အမြောက်အမြားကို လျင်မြန်စွာ အသုံးချနိုင်ရန် နည်းလမ်းတစ်ခု လိုအပ်နေပြီး ဤပွဲက အကောင်းဆုံးသော အခွင့်အရေးကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဖြည်းဖြည်းချင်း လုပ်ဆောင်မည် ဆိုပါက အနည်းဆုံး ဆယ်စုနှစ်များစွာ ကြာမြင့်မှသာ အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။

ဆယ်စုနှစ်များစွာဆိုသည်မှာ အလွန် ကြာလွန်းလှသည်။ အထူးသဖြင့် ကျောက်စိမ်းအိုးနယ်မြေ၏ လက်ရှိအခြေအနေအရ ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးနှစ်ခုက မည်သည့်အချိန်တွင် ထတိုက်ကာ စစ်ပွဲကြီးဖြစ်လာမည်ကို မည်သူမျှ မသိရှိနိုင်သည့် အခြေအနေမျိုးတွင် ဖြစ်၏။ ထို့ကြောင့် သူ ဤကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထန်ထိုက်ကျင်း ဝင်ရောက်စွက်ဖက်သည်ဖြစ်စေ၊ မစွက်ဖက်သည်ဖြစ်စေ၊ အမြတ်အနည်းငယ် လျော့သွားလျှင်ပင် သူ ဤအဆင့်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။

"ရေတို အကျိုးအမြတ်တွေလား"

စီမာဟွေ့နန်သည် ရှုပ်ပွနေသော ဆံနွယ်များကို သေသေချာချာ သပ်လိုက်ရင်း ညင်သာစွာ ပြုံးလိုက်သည်။

"ကျွန်မကတော့ အဲ့လို မမြင်ပါဘူးရှင်"

လော့ချန်၏ စိုက်ကြည့်မှုအောက်တွင် သူမ အလောမကြီးဘဲ ဆက်ပြောလိုက်သည်။

"ထျန်းလန်နတ်ဘုရားမြို့တော်ဆိုတာ.... ဂိုဏ်းကြီး ခုနစ်ခုက အတူတူ တည်ဆောက်ထားတာ ဖြစ်လို့ အဲ့ထဲမှာ ပါဝင်ပတ်သက်နေတဲ့ အကျိုးအမြတ်တွေက တော်တော် ကြီးမားလှသလို.... တော်တော်လည်း ရှုပ်ထွေးပါတယ်၊ သာမန်လူတွေ စိတ်ကူးလို့ မရနိုင်ပါဘူး"

"ထျန်းလန်နတ်ဘုရားမြို့တော်မှာ ရှင်သန်ချင်တယ် ဆိုရင်.... ကျွန်မတို့မှာ အမှီအခို မရှိလို့ မရပါဘူး.... အမှန်တော့ မကြာသေးခင်က ကျွန်မ အဖွဲ့အစည်းအသီးသီးရဲ့ သတင်းအချက်အလက်တွေကို ဖတ်လိုက်တဲ့ အခါမှာ ဆက်ဆံရေး ပဋိပက္ခတွေကို သတိပြုမိခဲ့တယ်.... အင်အားကြီးတဲ့ အဖွဲ့အစည်း ဖြစ်လေလေ သူတို့ရဲ့ နောက်ကွယ်မှာ ဂိုဏ်းကြီးတွေရဲ့ အရိပ်အယောင် ရှိနေလေလေပါပဲ.... မဟုတ်ရင်.... ပိုပြီး စီးပွားရေး ကောင်းလေလေ၊ မနာလိုတဲ့လူတွေ ပိုများလာလေလေ ဖြစ်မှာ ဖြစ်ပြီး.... အနှေးနဲ့အမြန်ဆိုသလို သေဆုံးပျက်စီးရမယ့် ဝမ်းနည်းစရာ အဆုံးသတ်နဲ့ ကြုံတွေ့ရမှာပါ"

‘ပိုပြီး စီးပွားရေး ကောင်းလေလေ.... မနာလိုတဲ့လူတွေ ပိုများလာလေလေ ဖြစ်မှာလား…. သေဆုံးပျက်စီးရမှာလား’

စကားလုံးတစ်ခုချင်းစီသည် တည်ငြိမ်သော်လည်း လော့ချန်၏ နားထဲသို့ ပြင်းထန်စွာ တိုးဝင်လာခဲ့သည်။ သူ ချက်ချင်းပင် သတိပြုမိသွားခဲ့ရသည်။ သူသည် လွန်ခဲ့သော အချိန်ကာလအတွင်း၌ နေရာအနှံ့ တိုက်ခိုက်ပြီး အမြဲတမ်း အောင်နိုင်ခဲ့သဖြင့် အနည်းငယ် စိတ်ကြီးဝင်နေခဲ့မိသည်လော။ တစ်ကိုယ်တော် ကျင့်ကြံသူ အင်အားစုလေးက မည်မျှအထိ အစွမ်းထက်နိုင်ပါ့မည်လော။

လွန်ခဲ့သော နှစ်ပေါင်း ရာကျော်က ဒန်ရှားမင်မျိုးနွယ်စုနှင့် လွန်ခဲ့သော ဆယ်နှစ်ခန့်က လျန်ယွမ်ကုန်သွယ်ရေးမဟာမိတ် တို့လည်း လုံလောက်စွာ သန်မာခဲ့ကြသည် မဟုတ်လော။ တစ်ဖက်က အစီအရင်ပညာရပ်တွင် အတုမဲ့ ဖြစ်ပြီး မိမိထက် အဆပေါင်းများစွာ များပြားလှသော ရန်သူများ၏ ဝိုင်းရံတိုက်ခိုက်မှုကိုပင် တစ်နှစ်ပတ်လုံး ခုခံနိုင်ခဲ့သည်။ အခြားတစ်ဖက်ကမူ အခြေတည် ကျင့်ကြံသူ ဆယ်ဂဏန်းကျော် ရှိနေခဲ့ပြီး အခြေတည်နှောင်းပိုင်း ကျင့်ကြံသူကြီး သုံးဦး ရှိနေခဲ့သလို၊ လျှို့ဝှက်ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးတစ်ဦးပင် ရှိနေခဲ့သေးသည်။ သို့တိုင် သူတို့နှစ်ဖွဲ့စလုံး ဖျက်ဆီးခံခဲ့ရပြီး သူတို့၏ ကံကြမ္မာများသည် သမိုင်းစာမျက်နှာများအဖြစ်သာ ကျန်ရစ်ခဲ့ရသည်။

စီမာဟွေ့နန်က အလျင်စလိုမရှိသော လေသံဖြင့် ဆက်ပြောသည်။

"ထျန်းလန်နတ်ဘုရားမြို့တော်ထဲက အဖွဲ့အစည်း တော်တော်များများဟာ အနည်းနဲ့အများတော့ ဂိုဏ်းကြီးတွေနဲ့ ဆက်စပ်နေကြတာပါပဲ.... ဒါပေမဲ့ အဲ့ဆက်ဆံရေးတွေက အရေးကြီးတဲ့ အချိန်မျိုးမှာ အသုံးမဝင်လှပါဘူး.... ပြောရရင် သာမန်အရောင်းအဝယ်တွေမှာ အထူးအခွင့်အရေးလောက်ပဲ ပေးနိုင်တာပါ.... ချင်းဟွာမြစ်က လီမျိုးနွယ်စုကိုပဲ ကြည့်လိုက်ဦးလေ.... သူတို့ကလည်း ဆေးလုံးစိမ်းချိုင့်ဝှမ်းနဲ့ ဆက်နွယ်မှု ရှိနေတာပဲ မဟုတ်လား.... ဒါပေမဲ့ အဲ့မျိုးနွယ်စု သေရေးရှင်ရေး အခြေအနေမျိုးနဲ့ ကြုံတော့ ဆေးလုံးစိမ်းချိုင့်ဝှမ်းက ဝင်ပါခဲ့လို့လား.... ဟင့်အင်း.... ယဉ်ကျေးမှုအရတောင် စာမပြန်ခဲ့ကြပါဘူး.... ဒါပေမဲ့ ထျန်းလန်နတ်ဘုရားမြို့တော်မှာ မလဲပြိုဘဲ ရပ်တည်နိုင်ကြတဲ့ အဖွဲ့အစည်းကြီးတွေမှာ တူညီတဲ့ အချက်တစ်ချက်ရှိတယ်....”

“အဲ့ဒါကတော့ ရွှေအမြုတေအဆင့် ဂိုဏ်းကြီးတွေနဲ့ ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေး ရှိနေတာပဲ.... မက်မွန်တောင်က ဘုရင်မပန်းဂိုဏ်းက မက်မွန်ဘိုးဘိုး လက်အောက်မှာ ရှိနေပြီး လော့ရှားဈေးမြို့တော်ကလည်း အိုင်လောင်တောင်ရဲ့ အကာအကွယ်ကို ရရှိထားတယ်၊ ထိုက်ပိုင်ဈေးမြို့တော်က တူမျိုးနွယ်စုဆိုလည်း မျိုးနွယ်စုထဲမှာ တန်ဖိုးအရှိဆုံး ဖြစ်တဲ့ ထိုင်ပိုင်အရက်ကို ကျောက်စိမ်းအိုးဓားဂိုဏ်းကို သီးသန့် ပို့ပေးနေတာ.... နောက်ပြီး ထျန်းယီဈေးမြို့တော်လည်း အဲ့အတိုင်းပါပဲ....ဒီလို အခြေအနေမျိုးစုံ ရှိနေတာမို့.... အမှီအခို မရှိဘူးလို့ ထင်ရတဲ့ သံဓားဂိုဏ်းတောင်မှ အမှန်တော့ နဂါးတောင်ရိုးကျန်းမျိုးနွယ်စုလိုပဲ မီးလျှံမဟာမိတ်ရဲ့ သစ္စာရှိလှတဲ့ လက်အောက်ခံ ဖြစ်နေတာပါ"

လော့ချန်၏ မျက်နှာထား ပြောင်းလဲသွားရသည်။ နောက်ဆုံးတွင် သူ အလုံးစုံ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ ယခင် လော့ထျန်းအဖွဲ့ အန္တရာယ်နှင့် ကြုံတွေ့ရစဉ်က ရေခဲခံတပ်သည်လည်း ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ လီမျိုးနွယ်စုကို ဆက်ဆံခဲ့သလိုပင် မသိကျိုးကျွံ ပြုခဲ့သည်။ ထိုအချိန်က သူသည် ရေခဲခံတပ်က မိမိကိုသာ တန်ဖိုးထားပြီး လော့ထျန်းအဖွဲ့လေးကို အထင်မကြီးဟု ထင်မှတ်ခဲ့သည်။ အနာဂတ်တွင်လည်း ဤကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း သူသည် တန်ယွမ်ဂိုဏ်း၊ ရှန်ကုန်းဂိုဏ်း စသည့် အဖွဲ့အစည်းများ၏ အရင်းအမြစ်များကို စုပ်ယူပြီးနောက်တွင် လော့ထျန်းအဖွဲ့၏ စွမ်းဆောင်ရည်မှာ သာမန် အခြေတည် အဖွဲ့အစည်းမျှသာ မဟုတ်တော့သည်ကို မေ့လျော့နေခဲ့သည်။ အနာဂတ်တွင် သေချာပေါက် သံဓားဂိုဏ်း၊ ထျန်းယီစျေးမြို့တော်စသည့် အခြေတည်နှောင်းပိုင်း အဖွဲ့အစည်းကြီးများကို ကျော်တက်နိုင်မည့် တည်ရှိမှု ဖြစ်လာပေလိမ့်မည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ရေခဲခံတပ်ဘက်မှလည်း လူအ မဟုတ်ကြချေ။ အကယ်၍ လော့ချန်သာ သူတို့နေရာတွင် ရှိနေမည် ဆိုပါကလည်း ဤအတိုင်းပင် လုပ်ဆောင်မည် ဖြစ်သည်။ နာမည်ခံ လက်အောက်ခံမှ စစ်မှန်သော တရားဝင် လက်အောက်ခံအဖြစ်သို့ ပြောင်းလဲပစ်မည် ဖြစ်သည်။

မနေ့က ထန်ထိုက်ကျင်း ပြောဆိုခဲ့သော စကားများမှာ ရုတ်တရက် ရှင်းလင်းသွားခဲ့ရသည်။

[ဒီ ရွှေအမြုတေဖွဲ့စည်းနည်းက ငါတို့ ရေခဲခံတပ်အတွက်တော့ ဘာမှ မဟုတ်ပါဘူး၊ လော့ထျန်းအဖွဲ့အနေနဲ့ အနာဂတ်မှာ ငါ့ရဲ့ ချန်ချင်အနွယ်နဲ့ အမြဲတမ်း မိတ်ဆွေကောင်းအဖြစ် ရှိနေရင် ရပါပြီ]

ဂိုဏ်းအမွေအနှစ်ကို လော့ချန်အား ပေးခဲ့ခြင်း ဖြစ်သည်။ သူမ လိုချင်သောအရာမှာ လော့ထျန်းအဖွဲ့ကို ချန်ချင်အနွယ်နှင့် ပူးပေါင်းပေးရန် ဖြစ်သည်။ ရည်ရွယ်ချက်ကား ဤထက် ပို၍ ရှင်းလင်းနိုင်စရာ မရှိတော့ပေ။

ထန်ထိုက်ကျင်း၏ စကားတင်မကသေးချေ။ ထောင်ရိရှန်း၏ စကားတစ်ခွန်းကလည်း ယခုအချိန်တွင် လော့ချန်၏ စိတ်ထဲ၌ မိုးကြိုးကဲ့သို့ ပြင်းထန်စွာ မြည်ဟည်းလာခဲ့ပြန်သည်။

[ကျောက်စိမ်းအိုးဓားဂိုဏ်း ခုနစ်ဂိုဏ်းထဲမှာ.... ရေခဲခံတပ်က လက်အောက်ခံ အနည်းဆုံးပဲ…. လော့ထျန်းအဖွဲ့က ဒီလောက်အထိ ရေခဲခံတပ်ရဲ့ အလေးထားတာကို ခံရလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး....]

စကား၏ အဓိကအချက်မှာ ယခုထိ လော့ထျန်းအဖွဲ့ ဖြစ်နေဆဲ ဖြစ်သည်။

လော့ချန် နောက်ဆုံးတွင် နားလည်သွားခဲ့ရပြီ ဖြစ်သည်။ ယခုအချိန်တွင် ရေခဲခံတပ်သည် လော့ချန်တစ်ယောက်တည်းကိုသာ တန်ဖိုးထားခြင်း မဟုတ်တော့ဘဲ လော့ချန် ကိုယ်တိုင် တည်ဆောက်ခဲ့သော လော့ထျန်းအဖွဲ့ကိုလည်း စတင်၍ တန်ဖိုးထားလာခဲ့ပြီ ဖြစ်သည်။

"ငါက ကစားပွဲထဲကို အရမ်း နစ်မြုပ်နေခဲ့တော့ ပတ်ဝန်းကျင်က အပြောင်းအလဲတွေကို သတိမထားမိခဲ့ဘူး" လော့ချန် တိုးတိုးလေး ရေရွတ်လိုက်သည်။

စီမာဟွေ့နန် သေသေချာချာ မကြားရသဖြင့် လက်ညှိုးဖြင့် လော့ချန်၏ သန်မာလှသော ရင်ဘတ်ကို တို့လိုက်သည်။

"ရေခဲခံတပ်ရဲ့ တန်ဖိုးထားမှုက.... ရေတိုမှာတော့ ကျွန်မတို့ကို အကျိုးအမြတ် အများကြီး ရစေပါတယ်.... ရေရှည်အနေနဲ့ ကြည့်ရင်လည်း အကျိုးကျေးဇူး အရမ်း များပါတယ်.... အနည်းဆုံးတော့ ထျန်းလန်နတ်ဘုရားမြို့တော်မှာ လော့ထျန်းအဖွဲ့ကို ဘယ်သူမှ တိုက်ခိုက်ရဲမှာ မဟုတ်ပါဘူး.... တကယ်လို့ တစ်နေ့နေ့မှာ ထျန်းလန်နတ်ဘုရားမြို့တော်ကို အုပ်ချုပ်တဲ့ ဂိုဏ်းက တခြားဂိုဏ်း ဖြစ်သွားရင်တောင်မှ အရင်လိုမျိုး ကျွန်မတို့ လော့ထျန်းအဖွဲ့ကို လာစိန်ခေါ်ရဲတဲ့ အခြေအနေမျိုး ရှိလာမှာ မဟုတ်တော့ပါဘူး.... ဒါပေမဲ့ အဖွဲ့ချုပ်ခေါင်းဆောင် ရှင့်မှာ ကြီးမားလှတဲ့ ရည်မှန်းချက်တွေ ရှိနေတာ ဖြစ်လို့ ဒီလို တခြားလူရဲ့ အောက်မှာ နေရတဲ့ အခြေအနေကို နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်မိနိုင်တာပေါ့.... ဒါပေမဲ့ လူဆိုတာ အခြေအနေအရ နောက်ဆုတ်သင့်သလို၊ ရှေ့တိုးနိုင်စွမ်းလည်း ရှိရမယ် မဟုတ်လား၊ ယောက်ျားကောင်းတစ်ယောက်ရဲ့ ပုံစံကို မပျောက်ပျက်စေဘဲနဲ့ပေါ့.... ကိုယ့်လက်ထဲမှာ ရှိပြီးသားအရာ.... အဲဒါကမှ ကိုယ်အားကိုးလို့ရတဲ့အရာပါ"

သူမ၏ စကားလုံးများသည် ရှင်းလင်းပြတ်သားပြီး ထက်မြက်လှကာ ပြဿနာ၏ အဓိကအချက်ကို တိုက်ရိုက် မီးမောင်းထိုးပြနိုင်ခဲ့သည်။ လော့ချန်၏ မျက်ခုံးကြားရှိ စိုးရိမ်မှုများမှာ အကုန်အစင် ပျောက်ကွယ်သွားခဲ့ရပြီး နှုတ်ခမ်းထောင့်တွင် မသိမသာဖြင့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် သဘာဝကျစွာပင် အခြေအနေအရ နောက်ဆုတ်နိုင်သလို၊ ရှေ့တိုးနိုင်စွမ်းလည်း ရှိသည်။ ပိုမို နောက်ဆုတ်လေလေ ရှေ့တိုးသင့်သည့် အချိန်တွင် သဘာဝကျစွာပင် အားမာန်အပြည့် ဖြစ်နေပေလိမ့်မည်။

"ဟွေ့နန်.... မင်းရဲ့ စကားတစ်ခွန်းကို နားထောင်ရတာ ဆယ်နှစ်လောက် စာဖတ်လိုက်ရသလိုပဲ"

စီမာဟွေ့နန် ပြုံးလိုက်မိသည်။

“အဟမ်း…. ဒါနဲ့ ရှင်က မီးနတ်ဘုရား ဆိုရင်.... ကျွန်မက ဘာလဲရှင်"

"ဒါကတော့ သေချာပေါက်.... ငါ့ရဲ့ ကျိုးဝမ်ကျွင်း (ထက်မြက်ပြီး အချစ်ကြီးသူ) ပေါ့"

စီမာဟွေ့နန် အံ့ဩသွားရသည်။ ဥခွံခွာထားသော ကြက်ဥကဲ့သို့ ဖြူဖွေးနူးညံ့လှသော မျက်နှာလေးပေါ်တွင် သံသယများ ပြည့်နှက်သွားခဲ့ရပြီး ကျိုးဝမ်ကျွင်းဆိုသူမှာ မည်သူမှန်း စဉ်းစားနေရှာသည်။ သို့သော် လော့ချန်ကမူ နောက်ထပ် စကားမဆိုတော့ဘဲ ကိုယ်တိုင် အပေါ်သို့ တက်လှမ်းလိုက်တော့သည်။

ယနေ့ညတွင်မူ သူသည် အခြားလူ၏ အောက်တွင် နေမည့်သူ မဟုတ်ချေ။

....

နံနက် (၃) နာရီမှ (၅) နာရီဝန်းကျင် အချိန်တွင်....။

လော့ချန်တစ်ယောက် ပိုးသားပစ္စည်းလေးတစ်ခုကို ဆော့ကစားနေခဲ့မိသည်။ ၎င်းမှာ အမျိုးသမီးရင်စည်း ဖြစ်သည်။ အပေါ်တွင် ကြာပန်းနှင့် ငါးကြင်းပုံကို ထိုးထားပြီး စိမ်းလန်းလှသော ကြာရွက်အောက်တွင် ဖြူဖွေးလှသော ငါးကြင်းလေးတစ်ကောင် မသိမသာ ထွက်ပေါ်နေခဲ့သည်။

"ဒီထူးခြားလှတဲ့ ပစ္စည်းကို.... မင်း အခုထိ သုံးနေဦးမယ်လို့ မထင်ထားမိဘူး"

ဤထူးခြားလှသော မှော်လက်နက်မှာ တာဟဲဈေးမြို့တော်၏ နဂါးရတနာမှောင်ခိုဈေးမှ ထွက်ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အလွန် ထူးခြားလှသော တိုက်စစ် အမျိုးအစား မှော်လက်နက် ဖြစ်ပြီး ကျင့်ကြံသူက ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားရင်း၊ ချီစွမ်းအားဖြင့် အမြဲ မွေးမြူထားရခြင်း ဖြစ်သည်။ အရေးကြီးသော အချိန်မျိုးတွင် ထိပ်တန်းအဆင့် မှော်လက်နက်၏ ပြင်းထန်လှသော တိုက်ခိုက်မှုတစ်ခုကိုပင် ထုတ်ဖော်ပေးနိုင်သည်။

ပိုးသားတွင် ကပ်ငြိနေသော ဖျော့တော့သည့် ရနံ့လေးကို ခံစားမိပြီး ၎င်းအတွင်းတွင် စီးဆင်းနေသော အစွမ်းထက်သည့် ချီစွမ်းအားများကို အာရုံခံမိလိုက်သောအခါ စီမာဟွေ့နန် ၎င်းကို ပြီးပြည့်စုံစွာ သန့်စင်ထားပြီးဖြစ်ကြောင်း လော့ချန် ချက်ချင်း သိလိုက်သည်။ အတွေးတစ်ချက်ဖြင့်ပင် သူမသည် ယခုအခါ ပြင်းထန်သော တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်နေပြီ ဖြစ်သည်။

"အင်း…."

စီမာဟွေ့နန်က သူ၏ အခြားလက်မောင်းတစ်ဖက်ပေါ် မှီထားရင်း ညင်သာစွာ ဆိုသည်။ တစ်စုံတစ်ခုကို သတိရသွားပုံရသဖြင့် သူမ မျက်လုံး ဖွင့်လိုက်ပြီး လော့ချန်ကို စိုက်ကြည့်လိုက်သည်။

"အဲ့တုန်းက နဂါးရတနာမှောင်ခိုဈေးကွက်ရဲ့ လေလံပွဲ အပြီး.... ကျွန်မတို့ကို ကယ်တင်ခဲ့တာ ရှင်ပဲ မဟုတ်လား"

မေးခွန်းပုံစံ ဖြစ်သော်လည်း အမူအရာမှာမူ သေချာပေါက် အတည်ပြုပြီးသား ဖြစ်နေခဲ့သည်။ လော့ချန် ညင်သာစွာ ပြုံးလိုက်မိပြီး သူမ၏ နဖူးပြင်ကို နမ်းလိုက်သည်။

"မင်း ရိပ်မိပြီးသား မဟုတ်လား"

စီမာဟွေ့နန် သူ၏ ရင်ခွင်ထဲသို့ ပို၍ တိုးဝင်လိုက်ပြီး တိုးညင်းစွာ ဆိုသည်။

"ရိပ်မိပြီးသား ဆိုပေမယ့်.... ရှင်ကိုယ်တိုင် ဝန်ခံတာကို ကြားရတော့ ကျွန်မရဲ့ စိတ်ထဲမှာ ပိုပြီး အေးချမ်းသွားရတာပေါ့"

မှန်ပေသည်။ စီမာမောင်နှမ သုံးဦးကို သိမ်းသွင်းကတည်းက လော့ချန် သူ၏ နည်းလမ်းများကို ဖုံးကွယ်ထားခြင်း မရှိခဲ့ချေ။ အတိတ်က အစီအရင်ကို ဖျက်ဆီးခဲ့သော ကျောက်စိမ်းအနှစ် အကြွင်းအကျန် အစေ့များ ဖြစ်စေ၊ လုယူခဲ့သော အပြာရောင်ကတိုးမြွေနဂါးအလံ ဖြစ်စေ၊ အားလုံးက အသက်ကယ်သူမှာ မည်သူဖြစ်ကြောင်း သက်သေပြနေခဲ့ပြီး ဖြစ်သည်။

"ဒါဆိုရင်.... မင်း မနေ့ညက ငါ့ကို မြှူဆွယ်ခဲ့တာက.... အဲ့ဒါ မင်းရဲ့ အသက်ကယ် ကျေးဇူးကို ပြန်ဆပ်တဲ့နည်းလမ်းလား"

စီမာဟွေ့နန် ခေါင်းမော့လိုက်ပြီး မျက်လုံးတစ်ချက် မှိတ်ပြလိုက်သည်။

"အသက်ကယ် ကျေးဇူးကိုတော့.... ခန္ဓာကိုယ်နဲ့ပဲ ပြန်ဆပ်ရမှာပေါ့ရှင်"

လော့ချန် ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။

"ငါ ရုပ်ဆိုးမနေတာ ကံကောင်းသွားတယ်.... မဟုတ်ရင်တော့ ကျေးဇူးဆပ်ဖို့ ဘာမှမရှိလို့ ကျွန်မ နောက်ဘဝကျမှပဲ ကျေးဇူးဆပ်ပါ့မယ်လို့ ပြောမှာ သေချာတယ်"

စီမာဟွေ့နန် မရယ်ဘဲ မနေနိုင် ဖြစ်သွားခဲ့ရသည်။ သူမသည် ရုပ်ရည်ကိုသာ ကြည့်တတ်သော အပေါ်ယံလူစားမျိုး မဟုတ်ချေ။ သို့သော် သူမ၏ ရယ်မောသံ လေထုထဲသို့ ပျံ့နှံ့သွားချိန်မှာပင် ခန္ဓာကိုယ်တစ်နေရာအား တင်းကြပ်စွာ ဆုပ်ကိုင်ခံလိုက်ရသည်ကို သူမ သတိပြုမိသွားသည်။

"အဖွဲ့ချုပ်ခေါင်းဆောင်...."

"အဲဒီလေလံပွဲတုန်းက .... ရှင့်ကို ကြည့်ရတာ သာမန်လို့ပဲ ထင်ခဲ့တာ၊ ဒီလောက်တောင် ဖုံးကွယ်ထားနိုင်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"

"အဲ့အချိန်တုန်းက နေရာအနှံ့ သွားလာနေရတာ ဆိုတော့.... သေချာပေါက် ဖုံးကွယ်ထားရတာပေါ့.... မိိုးလင်းတော့မယ်.... ငါတို့...."

....

ညဉ့်မိုး ရွာသွန်းပြီးနောက်တွင်မူ ကောင်းကင်ယံမှာ ကြည်လင်လာတော့သည်။

အလင်းတန်းတစ်ခုသည် ဓားကို စီးနင်းရင်း ဒန်ရှားတောင်မှ ပျံသန်းထွက်ခွာသွားခဲ့သည်။ အကဲဖြတ်နိုင်စွမ်း အနည်းငယ်ရှိသူ မည်သူမဆို အစွမ်းထက်လှသော ချီစွမ်းအင်များကို ခံစားမိနိုင်ပေသည်။ ၎င်းသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ရိပ်မိနိုင်ကြသည်။

သို့သော် ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ ဒန်ရှားတောင်အတွက်မူ ဆန်းကြယ်လှသော အရာ မဟုတ်တော့ချေ။

မနေ့က ထိုအခြေတည် ဂုဏ်ပြုအခမ်းအနား၊ ကျင့်ကြံသူ သောင်းကျော် လာရောက်သည်ဟု မပြောနိုင်သော်လည်း အလင်းတန်း အမြောက်အမြား ရှိနေခဲ့ပြီး အခြေတည် ကျင့်ကြံသူကြီးများ ဆက်တိုက် ရောက်ရှိလာခဲ့ကြသည်။ ယခုအချိန်တွင် လော့ထျန်းအဖွဲ့သည် အတိတ်ကကဲ့သို့ အဖွဲ့အစည်း သေးသေးလေး မဟုတ်တော့ပေ။

တစ်ကိုယ်တော် ကျင့်ကြံသူ အမြောက်အမြား၏ အမြင်အရ လော့ထျန်းအဖွဲ့သည် ရွှေအမြုတေ ဂိုဏ်းကြီးများ၏ အောက်တွင် နာမည်ရနေခဲ့ပြီ ဖြစ်သော ဒုတိယတန်းစား အဖွဲ့အစည်း ဖြစ်နေခဲ့လေပြီ။ သူတို့ လိုအပ်နေသည့် တစ်ခုတည်းသောအရာမှာ သူတို့ကို ကြီးကြပ်ပေးမည့် အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ အကယ်၍ အခြေတည် နှောင်းပိုင်းအဆင့်ကျင့်ကြံသူကြီးတစ်ဦး အခြေစိုက်ထားမည် ဆိုပါက ဒုတိယတန်းစားအတွင်း၌ ထိပ်ဆုံးတွင် ရပ်တည်နိုင်ပေလိမ့်မည်။ အကယ်၍ ကံကောင်းထောက်မစွာဖြင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးတစ်ဦး ရှိပါက ဂိုဏ်းကြီးများ၏ အောက်တွင် ထိပ်တန်း အဖွဲ့အစည်းကြီး ဖြစ်လာပေလိမ့်မည်။

သေချာသည်မှာ ထိုအနာဂတ်က မသေချာသေးပေ။ အရာအားလုံးက လော့ထျန်းအဖွဲ့သည် သူတို့၏ ရည်မှန်းချက်များကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိအပေါ်တွင်သာ မူတည်နေသည်။ လက်ရှိအချိန်တွင်မူ သူတို့သည် တတိယတန်းစား အင်အားစုတစ်ခုမှ လွတ်မြောက်ခါစ ဒုတိယတန်းစား အင်အားစုတစ်ခုမျှသာ ရှိသေးသည်။

ဒန်ရှားတောင်အတွင်း၌ ကျင့်ကြံသူ အမြောက်အမြားကလည်း ထိုအလင်းတန်း ထွက်ခွာသွားသည်ကို သတိပြုမိကြသည်။ အကဲခတ်ကောင်းသူများကမူ ထိုသူမှာ သူတို့ လေးစားလှသော အဖွဲ့ချုပ်ခေါင်းဆောင် ဖြစ်ကြောင်းကို ချက်ချင်း ရိပ်မိလိုက်သည်။

ကူချိုင်ယီသည် မိုးလင်းစအချိန်တွင် အိပ်ရာမှ ထလိုက်သည်နှင့် အကြောင်းကြားစာကို ရရှိခဲ့ပြီး ဖြစ်သည်။ ဟွေ့ရှင်းခန်းမဆောင်သို့ သွားရောက်ပြီး အစည်းအဝေး လုပ်ရမည် ဖြစ်သည်။ သူမ သိသလောက် မနေ့က အခမ်းအနားတွင် အဖွဲ့ချုပ်ခေါင်းဆောင်နှင့် စီမံခန့်ခွဲရေးမှူးတို့ စီးပွားရေးကိစ္စ အမြောက်အမြားကို ဆွေးနွေးခဲ့ကြသည်။ ထိုလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ရန်အတွက်မူ ရွှေနန်းဆောင်သခင်ဖြစ်သော သူမ သေချာပေါက် ပါဝင်ရမည် ဖြစ်သည်။

ကူချိုင်ယီ ရောက်ရှိသွားသော အချိန်တွင် လူ မစုံသေးချေ။ သူမ မုရုံချင်းလျန်နှင့် အတူတူ အစည်းအဝေး အကြောင်းအရာများကို ပြောဆိုလိုက်ကြသည်။

မုရုံချင်းလျန်က စိုးရိမ်စွာဖြင့် ဆိုသည်။

"အံ့ဖွယ်တစ်သောင်းဆေးလုံးကို အနာဂတ်မှာ မက်မွန်တောင်ကိုပဲ သီးသန့် ပံ့ပိုးပေးရမှာလား.... ဒါဆိုရင် ငါတို့မှာ ကုန်ပစ္စည်း အမျိုးအစား တစ်ခု လျော့နည်းသွားမှာ မဟုတ်ဘူးလား.... ဒါက သိပ်ပြီး အဆင်မပြေလှဘူး ထင်တယ်"

"ကိစ္စမရှိပါဘူး.... ထိုက်ရှန်းဈေးမြို့တော် ခန်းမျိုးနွယ်စုရဲ့ ရွှေကျောက်စိမ်းရည် ရှိနေတာ ဖြစ်လို့ ကုန်ပစ္စည်း အမျိုးအစား သိပ်မစုံတာမျိုး မရှိပါဘူး.... ဒါတင်မကသေးဘူး.... ကြားရတာတော့ စီမံခန့်ခွဲရေးမှူးက မက်မွန်တောင်ရဲ့ နတ်ဘုရားမက်မွန်သီးတွေနဲ့ အနာဂတ်မှာ မင်ရည်ပိုးစာပင်နဲ့ မင်ရည်ပိုးစာသီးတွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့ ကြားတယ်၊ ပြီးတော့ ဆေးဖော်နန်းဆောင်က အသစ်ထုတ်လုပ်လိုက်တဲ့ ယန်ဝမ်ဆေးလုံးလည်း ရှိသေးတာ ဖြစ်လို့.... ညီမတို့ ရောင်းချစရာတွေ မစုံမှာ မဟုတ်ပါဘူး"

ထိုစကားများကြောင့် စိတ်သက်သာရာရသွားသဖြင့် မုရုံချင်းလျန်က သက်ပြင်းချလိုက်သည်။

"ချိုင်ယီ.... မင်းက ဒါတွေအားလုံးကို သေချာသိနေတာပဲ"

"ဒါက ညီမရဲ့ တာဝန်ထဲမှာ ပါနေတာကိုး"

ကူချိုင်ယီ ညင်သာစွာ ပြုံးလိုက်မိသည်။ သူမသည် ဤကိစ္စရပ်များတွင် ကျွမ်းကျင်ပြီးသားဖြစ်ကာ စကားလုံးအနည်းငယ်ဖြင့်ပင် ရှင်းပြနိုင်စွမ်း ရှိပေသည်။

နှစ်ဦးသား စကားဆက်ပြောနေကြသည့် အချိန်အတွင်း၌ အားလုံး၏ အသံများမှာ တဖြည်းဖြည်း တိုးညင်းသွားခဲ့ရသည်။ အကြောင်းမှာ ခန်းမဆောင်ကြီး၏ နောက်ဘက်မှ ပြတ်သားလှသော ခြေသံများ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။ ခဏအကြာတွင် တောက်ပလှသော စီမာဟွေ့နန်သည် လူအားလုံး၏ အရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

သူမ လူအားလုံးကို တစ်ချက် ကြည့်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။

"အားလုံးပဲ ထိုင်ကြပါ.... ဒီနေ့ ဆွေးနွေးစရာတွေ တော်တော်လေး များတာမို့ ထိုင်ပြီးတော့ပဲ ပြောကြတာပေါ့။"

ပြောပြီးနောက် သူမ ချက်ချင်း ထိုင်လိုက်တော့သည်။ အခြားလူများလည်း အထူးတလည် ဟန်ဆောင်မနေကြချေ။ အားလုံးက အတူတကွ ရုန်းကန်လာခဲ့ကြသူများ ဖြစ်သဖြင့် အချို့သော အချိန်များတွင် ဤမျှလောက်အထိ ထုံးတမ်းများကို ဂရုစိုက်မနေကြချေ။

သို့သော်လည်း ကူချိုင်ယီ ထိုင်လိုက်ခါစတွင် ဘေးနားရှိ မုရုံချင်းလျန်၏ အာမေဋိတ်သံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

"ဟင်...."

ကူချိုင်ယီ ခေါင်းကို လှည့်လိုက်သည်။

"ဘာဖြစ်လို့လဲရှင်...."

"ဘာမှ မဟုတ်ပါဘူး...."

ဘာမှ မဟုတ်ပါဘူးဟု ဆိုသော်လည်း မုရုံချင်းလျန်သည် စီမာဟွေ့နန်ကို ထူးဆန်းလှသော မျက်နှာပေးဖြင့် စိုက်ကြည့်နေခဲ့သဖြင့် ကူချိုင်ယီ အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့သည်။ သူမ အနည်းငယ် အာရုံစိုက်ကြည့်လိုက်သောအခါ သူမလည်း ထူးခြားမှုတစ်ခုကို စတင်သတိပြုမိလာခဲ့သည်။

‘ဒီလို အသွင်အပြင်....’

‘အတိတ်တုန်းက ထျန်းရှန်းမျှော်စင်မှာ.... အပျိုစင်ဘဝကနေ အိမ်ထောင်သည် ဖြစ်ခါစ အမျိုးသမီးတွေရဲ့ ပုံစံမျိုးပဲ’

ကူချိုင်ယီ၏ နီမြန်းလှသော နှုတ်ခမ်းလေး အနည်းငယ် ဟသွားခဲ့ရသည်။ ထိုအရာက ဘာကိုဆိုလိုကြောင်းကို သူမ သဘာဝကျကျပင် နားလည်လိုက်သည်။ သို့သော်လည်း စီမာဟွေ့နန်သည် လော့ထျန်းအဖွဲ့၏ စီမံခန့်ခွဲရေးမှူး ဖြစ်ပြီး လက်တွဲဖော် မရှိသေးသည့် အခြေအနေမျိုးတွင် အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်ရလေသနည်း။ ရုတ်တရက် သူမ ယနေ့နံနက်အစောကြီး ထွက်ခွာသွားခဲ့သော ထိုဓားအလင်းတန်းကို သတိရသွားခဲ့မိသည်။ သူမ မနေ့ညက ခန်းမဆောင်အပြင်ဘက်တွင် အရှိန်အဝါ အပြည့်ဖြင့် လော့ထျန်းခန်းမဆောင်ကြီးအတွင်းသို့ လျှောက်လှမ်းသွားခဲ့သော လှပလှသည့် ပုံရိပ်ကိုလည်း သတိရသွားခဲ့မိသည်။

ခါးသီးမှုတစ်ခု သူမ၏ နှုတ်ခမ်းထောင့်တွင် ထွက်ပေါ်လာခဲ့ရသည်။

‘ကျွန်မက အရင်ရောက်လာခဲ့တာပါ....’

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters